ဒီယုံကြည်မှုက ဘယ်ကလာတာလဲ။
Vol. 7 Ch. 93
“ မိုးကြိုးခန္ဓာ ကျင့်ကြံခြင်း နည်းစနစ်ရဲ့ပထမ အဆင့်ကို အောင်မြင်ဖို့ ဆိုရင်၊ ခန္ဓာကိုယ်ကို မီးစွမ်းအင်နဲ့ သန့်စင်ဖို့ လိုအပ်တယ်၊ ... ”
“ ... ဒါကြောင့် ဝမ်အကြီးအကဲများကတောင် လေ့ကျင့်ရန် ကြိုးစားခဲ့ပေမယ့် နာကျင်မှုကို မည်သူမျှ မခံနိုင်ခဲ့ဖူး၊ ဘယ်လောက်ထိ နာကျင် ရသလဲ ဆိုရင် တချို့က ကိုယ့်ကိုယ်ကိုယ် သတ်သေ လုနီးပါး ရူးသွပ် သွားကုန်တယ်။ ”
ဝမ်ဖိန်း၏ စကားများကြောင့် ဖိန်းဝူဟန်ကို ထိတ်လန့်သွားစေခဲ့သည်။
ဤအဆင့်မြင့် ရှန်ရှင်းနည်းစနစ်များကို ကျင့်ကြံရန် အတွက်၊ လိုအပ်ချက် များသည် မထင်မှတ် လောက်အောင်ပင် ရက်စက် ကြမ်းကြုတ် လှပေသည်။ ထိုရှင်းပြချက် များကြောင့် လင်းယွန်က အောင့်သက်သက် ပြုံးလိုက်ပြီး၊
'' .... ဆိုတော့ အဆင့်မြင့် ရှန်ရှင်း သိုင်းနည်း စနစ်ကို ပေးအပ်ဖို့၊ ကတိပေး ခဲ့တဲ့ တစ်ခု တည်းသော အကြောင်း ပြချက်က၊ ငါ ဒါကို သင်ယူ နိုင်မှာ မဟုတ်ဖူး ဆိုတာ သေချာ နေလို့ မလား ......"
"အဲဒီလို ... မယူဆစေချင်ဖူး ..."
ဝမ်ဖိန်းက သူ၏စကားများအတွင်းမှ အမှားကိုသတိပြုမိသွားပြီး၊ ရှက်ရွံ့ဟန်ဖြင့် ငြင်းဆိုလိုက်သည်။ ထိုအခြေအနေအား ထိန်းသိမ်းရန် ဖိန်းဝူဟန်က လင်းယွန်ပုခုံးကို ပုတ်လျက်မှ၊ အားနာသော အပြုံးဖြင့်၊
'' လင်းယွန်၊ ငါ့ဝမ်းကွဲအစ်ကိုက အဲဒီလို ပြောတာမဟုတ်ဘူးလို့ ငါယုံကြည်တယ်၊ သူ့က စူးစမ်းချင်စိတ်ကြောင့် စကားပြော လောသွား တာပါ၊ တကယ်တော့ ဒီလို.... ရက်စက်တဲ့ လိုအပ်ချက် တွေနဲ့ ဖြည့်ကျင့် ရတဲ့၊ နည်းစနစ် တစ်ခုကို မင်းဘယ်လို ကျင့်ကြံနိုင်ခဲ့တာလဲ ဆိုတာ ငါ့လည်း သိချင်မိတယ်....''
'' ဟုတ်တယ်၊ ငါလည်း အဲဒါကို အရမ်းသိချင်တယ်၊ မင်းက ရှင်းပြလို့ရမလား... ''
ဖိန်းဝူဟန်၏ စကားသည် ဝမ်ဖိန်းအား မျက်ဝန်း၌ အရောင်များတောက်ပလာ စေသည်။ အကယ်၍သာ လင်းယွန်ထံမှ လမ်းညွှန်မှုများရခဲ့ပါက၊ ဤနည်းစနစ်ကို လေ့ကျင့်နိုင်ပေမည်။ သို့သော် လင်းယွန်က လက်ဖဝါးနှစ်ဖက်ကို ဖြန့်ပြလိုက်ပြီး၊
'' လျှို့ဝှက်ချက် မရှိပါဘူး၊ ငါက မကြာသေးမီကပဲ၊ မီးစွမ်းအင်ကို စုပ်ယူသန့်စင် ထားဖူး လို့ပါ..... ''
'' ......လျှို့ဝှက်ချက်မရှိဖူးလား ''
ဝမ်ဖိန်းက စိတ်ပျက်လက်ပျက်ဖြင့် လိုက်ပါရေရွတ်လိုက်သည်။ သူက လင်းယွန်ထံမှ သည်းလွန်စ တစ်စုံတစ်ရာကို မျှော်လင့်ထားခဲ့ ပုံရသော်လည်း၊ ၎င်းလင်းယွန်က ထိုအရာအား ထုတ်ဖော် ပြောပြရန် ဆန္ဒရှိပုံမရချေ။
အမှန်မှာ လင်းယွန်ပြောခဲ့သလိုပင် မည်သည့် လျှို့ဝှက်ချက်မှ ရှိမနေပဲ၊ ၎င်းအား လေ့ကျင့်ရန် ပြင်းထန်သောခံနိုင်ရည်ရှိမှုသာ လိုပေသည်။ သို့သော်လည်း ဝမ်ဖိန်းက ထိုအရာအား နားလည်ဟန်မရှိကာ၊ သူ့အမြင်၌ လင်းယွန်ထံတွင် သူနားမလည်နိုင်သော တစ်စုံတစ်ရာ ရှိနေသည်ဟု ယူဆလိုက်သည်။
'' ဒါဆိုလည်း ထားလိုက်ရအောင်၊ ငါတို့သွားရမယ့်အချိန်ရောက်ပြီ၊ ဒီနေ့က ဝိညာဉ်ရေကန်အတွက် တိုက်ပွဲဝင်ရမယ့်နေ့ပဲ၊ ဘာပဲဖြစ်ဖြစ် ဝမ်မိသားစုရဲ့ ဝှက်ဖဲအဖြစ် မင်းလို နတ်ဆိုးတစ်ကောင်ကို ပိုင်ဆိုင်ထား ပြီးနောက်၊ ဒီနေ့တော့ ဝိညာဉ်ရေကန်က ငါတို့ အပိုင်ပဲ ဖြစ်ရမယ် ''
လင်းယွန်သည် မီးလျှံနတ်ဆိုးခန္ဓာကိုယ်ကို အမှန်တကယ် ဖန်ဆင်းနိုင်ခဲ့ခြင်းကြောင့်၊ မငြင်းနိုင်လောက်အောင်ပင် တုန်လှုပ် အံ့အားသင့်ခဲ့ရသော်လည်း၊ ထိုအရာသည် ဝမ်ဖိန်အား ပို၍ ယုံကြည်မှု ရှိလာစေ၏။
'' ခဏစောင့်ပါ၊ ငါ့ပစ္စည်းတွေ ထုပ်ပိုးပါရစေ၊ ''
လင်းယွန်က သူ့အဝတ်အစားများကို၊ လဲလှယ်ဝတ်ဆင်လိုက်ပြီး ဓားသေတ္တာအား ထမ်းပိုးလိုက်၏။
ခဏအကြာတွင် သူတို့သုံးယောက်သည် ဝမ်မိသားစု၏ ဘိုးဘေး အဆောင် ထံသို့ ဦးတည် သွားကြသည်။ ဘိုးဘေး အဆောင် တံခါး ပိတ်လျက် ဝမ်မိသားစု အကြီးအကဲ များသည် ဘိုးဘေးများ ထံမှ ကောင်းချီး မင်္ဂလာ အတွက် ဆုတောင်း နေကြ၏။
"ဒါဆို မင်းက လင်းယွန်ပဲပေါ့.... ''
ရုတ်တရက် လူငယ်တစ်ဦးသည် ဘိုးဘေးအဆောင်ထံသို့ ဦတည် လျှောက်လှမ်း လာသော လင်းယွန် ရှေ့၌ ဟန့်တား ထွက်ပေါ်လာ လေသည်။
သူ၏မျက်လုံးများတွင် စူရှသော ဓား အရှိန်အဝါ အချို့ ရစ်သိုင်းလျက်၊ လင်းယွန်ကို စိုက်ကြည့် လှောင်ပြောင် လိုက်သည်။
ထိုသူ၏ ကျင့်ကြံမှုသည် ရှန်ရှင်းနယ်မြေ၏ ဒုတိယမြောက်အဆင့်တွင် ရှိပြီး၊ အရှိန် အဝါမှာ ဝမ်ဖိန်းထက် ပိုမို သန့်စင် ပေသည်။
" ဒါက ဝမ်ဖေးယီပဲ၊ ဝမ်တျန်း ရဲ့သား၊ သူက ဝမ်မိသားစုရဲ့ ထိပ်တန်းမျိုးဆက်တွေထဲက တစ်ဦးအပါအဝင်ပဲ..... သူက ဒီနေ့တိုက်ပွဲမှာ ငါတို့ရဲ့တတိယမြောက် ပြိုင်ပွဲဝင်၊ ''
ဆိုလိုသည်မှာ သူသည် ဝမ်ဖိန်း၏ ဝမ်းကွဲအစ်ကို ဖြစ်လေသည်။
"လွန်ခဲ့တဲ့ ငါးရက်လောက်က ငါ့အဖေ့ကိုအလစ်အငိုက်တိုက်ခိုက်ခဲ့တာ မင်းလား......"
လင်းယွန်က ဝမ်ဖေးယီ၏ မေးခွန်း များကို ခွန့်တုန့် ပြန်ခြင်း မရှိပဲ၊ စူးစိုက်စွာ ကြည့်နေ လိုက်၏။ ဝမ်ဖိန်းက ဝမ်ဖေးယီ၏ လေသံနဲ့ ပတ်သက်ပြီး တစ်ခုခုလွဲနေသည်ကို သတိပြု မိပြီး၊
" ဝမ်ဖေး၊ မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ၊ ကိုယ့်ကိုယ်ကို ထိန်းချုပ်ပါ၊ ဝိညာဉ်ရေကန်အတွက် တိုက်ပွဲက ဒီနေ့ပဲမဟုတ်လား..... ''
ဝမ်ဖေးယီက ဝမ်ဖိန်းစကားကို လျစ်လျူရှုလိုက်ကာလင်းယွန်အားပြုံးပြလိုက်ပြီး၊
" ဘာလို့ ငါ့နဲ့ မကစားရတာလဲ၊ ဒီပြိုင်ပွဲ မစတင်မီ အချိန် အနည်းငယ် ရှိပါသေးတယ်၊ သွေးပူလေး နည်းနည်းလောက် နွေးရအောင် ......''
'' ဒါပေါ့ မင်းပြောတာ မှန်တယ်၊ စိတ်ဝင် စားစရာ 'ကစား'ပွဲလေး တစ်ပွဲ လုပ်ကြည့် ရအောင်၊ ရှုံးတဲ့ သူက အလယ် အလတ် တန်းစား ဝိညာဉ် ကျောက်တုံး (၁,၀၀၀)ပေးချေ ရမယ်၊ ဘယ်လိုလဲ ......''
- ဟု လင်းယွန်က ယုံကြည်မှု အပြည့်ရှိသော အပြုံးဖြင့် ပြောကြား လိုက်သည်။
ဖခင် ကိုပင် ရိုက်နှက်ထားပြီး၊ သားဖြစ်သူအား မည်သည့် အတွက်ကြောင့် ကြောက်ရွံ့နေရ မည်နည်း။
" အလယ်အလတ် ဝိညာဉ်ကျောက်တုံး (၁၀၀၀) ''
ဝမ်ဖေးယီ၏ မျက်နှာမှာ မည်းမှောင်သွား၏။ ၎င်းသည် သူ၏ သုံးလ လစာနှင့် ညီမျှပေသည်။
" ကောင်းပြီ၊ ငါတို့ 'ကစား' ကြတာပေါ့ စည်းမျဉ်း တွေက ရိုးရှင်းပါတယ်၊ သိုင်းကွက် တစ်ကွက် ထဲနဲ့ အနိုင်အရှုံး သတ်မှတ်မယ်၊ ဒါပေမယ့် သိုင်းဝိညာဉ်၊ သိုင်းနည်းစနစ်နဲ့ လက်နက်တွေ မပါပဲ ခွန်အား သက်သက်နဲ့ ယှဉ်ပြိုင် ရမယ် ''
ဝမ်ဖေးယီ၏ မျက်လုံးများသည် အေးစက်စွာ တောက်ပလာသည်။ နိုင်သူ ဘုရင် ... ရှုံးသူ သူခိုးပင်။
" ဝမ်ဖေးယီ၊ မင်းရဲ့ကျင့်ကြံမှုအဆင့်က ပိုမြင့်တာတောင်မှ၊ သိုင်းနည်းစနစ်ကို အသုံး မပြုရ ဖူးလို့ သတ်မှတ်ရဲ တယ်လား.....''
ဝမ်ဖေးယီသည် ပေါ့ပျက်ပျက်ဟန် ရှိသော်လည်း၊ ဤနေ့အတွက် ပြင်ဆင် ထားခဲ့ပုံ ရသည်။
လင်းယွန်ထံတွင် အဆင့်မြင့် သိုင်းနည်းစနစ်ကို ပိုင်ဆိုင်ထားကြောင်း၊ သူက ကနဦးထဲကပင် သိရှိထား၏။ ထို့ကြောင့်ပင် ဝမ်ဖေးယီက မျက်ခုံးများကို ပင့်လိုက်ကာ၊
'' ဘာလို့လဲ၊ ကြောက်လို့လား၊ ဒါဆိုလည်း မင်းငါ့ကို အလယ်အလတ်ဝိညာဉ်ကျောက်တုံး (၁၀၀၀) ပေးလိုက်ရုံပဲ မလား...ဟားဟားဟား ''
" ငါက ငြင်းနေလို့လား..."
လင်းယွန်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်၏။ ဝမ်ဖေးယီ သည်လည်း လင်းယွန်မှ သဘော တူကြောင်း၊ ကြားလိုက်ရ သည်နှင့်၊ သူ၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုဖြင့် တုန်ခါ သွားသည်။
၎င်းသည် လွယ်ကူသော အောင်ပွဲတစ်ခု ဖြစ်လာတော့ ပေမည် မဟုတ်ပါလော။
"ငါ မင်းကို အခွင့်ရေးယူနေတယ်လို့ ဆင်ချေမပေးရအောင်.... မင်းအရင်စပါ ''
ဝမ်ဖေးယီက ခြေလှမ်းပေါင်းများစွာ နောက်ပြန်ဆုတ်ကာ ပြုံးပြလိုက်သည်။ သူ၏ ကျင့်ကြံမှုမှာ ဒုတိယအဆင့် အထွတ် အထိပ်သို့ ရောက်ရှိနေပြီး၊ ပထမအဆင့် သိုင်းသမား တစ်ယောက်၏ ခွန်အား သက်သက်ကို လွယ်လင့်တကူ အနိုင်ယူ နိုင်ပေမည်။
" သေချာပြီလား....."
လင်းယွန်က ပြုံးလိုက်၏။
" ဒါပေါ့ ဝမ်မိသားစုဝင် တစ်ယောက် အနေနဲ့ ဧည့်သည်ကို ယဉ်ကျေး ရမယ် မလား ... ဟား ဟား ဟား၊ "
ဝမ်ဖေးယီက ဝင့်ကြွားစွာရယ်မော နေသည်ကို လျစ်လျူရှုထားပြီး၊ လင်းယွန်က သူ့လက်များကို ဝှေ့ယမ်းလိုက်ကာ၊ ဓားသေတ္တာအား မြေပြင်ပေါ် သို့ ဒေါင်လိုက် ထောင်ထား လိုက်၏။
''................ ''
နောက်တစ်စက္ကန့်အတွင်းတွင် ကျယ်လောင်သောအသံနှစ်သံ ဖြစ်ပေါ်လာပြီး၊ ပထမအသံမှာ လင်းယွန်၏ လက်သီးထံမှ လေခွင်းသံဖြစ်ကာ၊ ဒုတိယအသံသည် မြေပြင်ပေါ် ကျလာသော ဓားသေတ္တာ၏ အရှိန်ကြောင့် ထွက်ပေါ်သည့် အသံ ဖြစ်ပေသည်။
ဝမ်ဖေးယီသည် သူ၏ ဝိညာဉ်စွမ်းအင်များကို မစုဆောင်းနိုင်မီတွင်၊ လင်းယွန်ထံမှ တိုက်ခိုက်မှုကို ခံလိုက်ရပြီးဖြစ်သည်။
သူ၏ တုန်လှုပ်နေသောမျက်လုံးများနှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွားကာ၊ နာကျင်မှုကြောင့် ခန္ဓာကိုယ်သည် ထိန်းမနိုင်သိမ်းမရ ယိမ်းထိုး သွားလေပြီ။
( ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဒီခွေးကောင်က သူရဲ့ ဝိညာဉ်စွမ်းအင်တွေကို စုဆောင်းဖို့၊ အချိန်မလိုအပ်ဖူးလား....)
ဝမ်ဖေးယီ၏အသံသည် လည်ချောင်းဝ၌ တစ်ဆို့ ပျောက်ကွယ်သွားကာ အထိတ်တလန့် ဟန်ဖြင့်၊ မော့ကြည့်လာသည်။
ဝမ်ဖိန်းနှင့် ဖိန်းဝူဟန်တို့သည်လည်း ထိုမြင်ကွင်းကြောင့် တစ်ယောက်ကို တစ်ယောက် ပြန်လှည့်ကြည့်လိုက်မိ၏။
သူတို့နှစ်ဦးက လင်းယွန်မှာ မီးလျှံနတ်ဆိုး ခန္ဓာကိုယ်အား၊ ဖွဲ့တည် ထားနိုင် သည်ကို သိရှိထား၏။
သို့သော် ၎င်းမှာ ဤမျှ အစွမ်းထက် လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ကံဆိုးစွာဖြင့် ဝမ်ဖေးယီသည် သေမင်းကို ဦးစွာတိုက်ခိုက်ရန် တောင်းဆိုခဲ့မိလေပြီ။
'' ဒီလောက်ဆို လုံလောက်ပြီ မလား၊ အလယ်အလတ် ဝိညာဉ်ကျောက်တုံး (1,000)ကို၊ အခုငါ့ကို ပေးပါ....."
လင်းယွန်က ဓားသေတ္တာကို ကောက်ကိုင်လိုက်ပြီး၊ အနိုင်လောင်းကြေးကို တောင်းယူလိုက်၏။
"ငါ့မှာမရှိဘူး"
ဝမ်ဖေးယီက ခေါင်းငုံ့လျက် ပြန်ဖြေလာသည်။ သူက အရင်းအမြစ်များစွာကို လစဉ်ရရှိခဲ့သော်လည်း၊ ၎င်းတို့အား တစ်ကြိမ်တစ်ခါမျှပင် မသိမ်းဆည်းခဲ့ဖူးပေ။
'' ............. ''
ရုတ်တရက် ပတ်ဝန်းကျင်သည် တိတ်ဆိတ်သွားပြီးနောက်၊ ဘိုးဘေးဆောင်၏ တံခါးများ ပွင့်လာကာ၊ လူတစ်စု လှမ်းထွက်လာလေသည်။
ထိုလူတစ်စုသည် ဝမ်မိသားစု၏ အကြီးအကဲများဖြစ်ပြီး၊ သူတို့မျက်ဝန်းများတွင် အံသြမှုဖြင့် ပြည့်လျှံနေကာ၊ မြေပြင်ပေါ်တွင် လဲကျလျက်၊ နာကျင်စွာ ညည်းတွားနေသော ဝမ်ဖေးယီကို ငေးကြည့်လိုက်မိသည်။
"ငါ့သားကို ဘယ်သူရိုက်ရဲတာလဲ ....."
ထိုမြင်ကွင်းသည် ဝမ်တျန်း၏ ရင်၌ဒေါသကို ထိန်းမနိုင်သိမ်းမရ ပေါက်ကွဲထွက်လာ စေသည်။
" ရပ်..စမ်း၊ ပြဿနာကို အရင်မေးရမယ်၊ ဖိန်းအာဒီမှာ ဘာဖြစ်နေတာလဲ"
ဝမ်ကျီယဲက သူ့ညီကို ဟန့်တားလိုက်ပြီး၊ ဝမ်ဖိန်းအား မေးမြန်းလိုက်သည်။ ထိုလေသံမှာ တည်ငြိမ်နေခဲ့သော်လည်း၊ သူ့မျက်နှာ၌ ဝမ်တျန်းကဲ့သို့ ဒေါသ အရိပ်အယောင်များ စွန်းထင်းနေခဲ့သည်။
မကြာခင်၊ ပြင်ပရန်သူကို ယှဉ်ပြိုင်ရမည် ဖြစ်ကာ၊ ယခုအချိန်၌ပင် အချင်းချင်း တိုက်ခိုက်ဒဏ်ရာရနေ ကြလေပြီ။
" ဒါက၊ ဝမ်ဖေးက လင်းယွန်ကိုအရင်စိန်ခေါ်တာပါ၊...........''
ဝမ်ဖိန်းက အဖြစ်အပျက်တစ်ခုလုံးကို စိတ်လှုပ်ရှားစွာဖြင့် ရှင်းပြလိုက်သည်။ ထိုသို့ ရှင်းပြ နေချိန်တွင် သူ့ရင်ထဲ၌ ရွှင်မြူး ကျေနပ် မိသည်။
၎င်းဝမ်ဖေးသည် သူ၏ ပြိုင်ဘက် တစ်ဦး ဖြစ်ပြီး၊ ဤသို့ အရှုံးကို မြင်ရ ခြင်းသည် များစွာ ကျေနပ် အားရမိစေသည်။
"ဒါအမှန်ပဲလား....."
ဝမ်တျန်းက ဝမ်ဖိန်း၏ရှင်းပြပြီးသည်နှင့်၊ သူ့သားကို ကြည့်လိုက်ကာ အတည်ပြု မေးမြန်းလိုက်၏။
'' ဟုတ်ကဲ့ အဖေ၊..... ဒါပေမယ့် သူက ကျွန်တော့်ကို အလစ်အငိုက်ဝင်တိုက်ခဲ့တာပါ၊ ထပ်သွားရအောင် ဒီတစ်ခါတော့ မရှုံးစေရပါဖူး..... ''
" တော်လောက်ပြီ......"
ဝမ်တျန်းက မျက်နှာ တစ်ပြင်လုံး ရဲတွတ် လာပြီး၊ ထိုကိစ္စကို အသိအမှတ် ပြုသည်ကို မြင်ပြီးနောက် ဟန့်တားလိုက်သည်။
တစ်ချိန်တည်းမှာပင် အဖေနှင့်သား နှစ်ယောက်စလုံးသည် လူငယ်တစ်ဦ ထံ၌ ရှုံးနိမ့်သွားခဲ့ သည်ကြောင့် များစွာ မျက်နှာ ပျက် ရပေ တော့မည်။
'' ဆုံးရှုံးသွားတဲ့ လောင်းကြေးကို စိုက်ပေးထားမယ်၊ ဝိညာဉ်ရေကန်အတွက် တိုက်ပွဲက မကြာခင် စတင်တော့မှာတောင်၊ မင်းရဲ့သားက အရှုပ်တွေလုပ်နေတုန်းပါလား...... ဟမ်၊ ဝမ်ဖေးယီကို တစ်လတိတိ အရင်းအမြစ် ဖြတ်တောက်လိုက်ပါ...... ''
ဝမ်ကျီယဲ၏ ဒဏ်တပ်မှုနှင့်အတူ ပြစ်တင်ရှုတ်ချခြင်းကို ရင်ဆိုင်ရပြီး၊ ဝမ်တျန်းသည် ၎င်းအား နှုတ်ဆိတ်နေရုံသာ တတ်နိုင်ပေသည်။
" သွားကြရအောင်။"
ဝမ်မိသားစုအကြီးအကဲများနှင့်အတူ မြင်းများကိုစီးနင်းအတူသွားရန်၊ လင်းယွန်သည် နဂါးသွေးမြင်းကို စီးနင်းလျက်၊ နဂါးလေး၏ အရှိန်ကို ကန့်သတ်လိုက်ရ၏။
အဋ္ဌမအဆင့် ဝိညာဉ်ရေကန်သည် မြို့အပြင်ဘက်ရှိဖုန်ဆိုးမြေပေါ်တွင် တည်ရှိသည်။ ထိုဝိညာဉ်ရေကန်ကို မမွေးဖွားခင်သည်အထိ၊ ဤဖုန်ဆိုးမြေကို မည်သူမျှ ဂရုမစိုက်ခဲ့ပေ။
နှစ်နာရီအကြာတွင် ကျဉ်းမြောင်းကြမ်းတမ်းလှသော မြေပြင်အခက်အခဲကြောင့်၊ သူတို့၏ အရှိန်အဟုန်သည် ပိုမို နှေးကွေး လာပြီး၊ တောအုပ်အတွင်းသို့ ချည်းနင်း ဝင်ရောက်လာမိ လေပြီ။
'' ဒီတောင်ဟာ တောရိုင်း တိရစ္ဆာန် တွေက လွဲလို့ ဘာမျှ မရှိတဲ့ ခရမ်းရောင်မီးလျှံမြို့ရဲ့ လွင်တည်းခေါင် နယ်မြေ တစ်ခုပဲ၊ ဒီနေရာကို ဝမ်မိသားစုရဲ့ ကျေးကျွန်၊ မုဆိုးဟောင်း တစ်ယောက်က မတော်တဆ ရှာဖွေတွေ့ရှိခဲ့တာပဲ.... ''
ဝမ်ဖိန်းက ၎င်းတောအုပ်အတွင်းသို့ ချဉ်းကပ်လာစဉ် ရှင်းပြခဲ့သည်။ လင်းယွန်းက ပတ်ဝန်းကျင်အား ဝေ့ကြည့်အကဲခတ်လျက်၊
" ဝမ်မိသားစုကို ကောင်းကင်ဘုံက ကောင်းချီးပေးပုံပဲ... "
-ဟု ဆိုကာ ခေါင်းညိတ်ပြပြီး၊ ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
'' .....လင်းယွန်၊ မင်းကငါတို့ရဲ့ ဝှက်ဖဲတစ်ချပ်ပဲ၊ ဒါပေမယ့် ဒါက သေ-ရှင်ပွဲတစ်ပွဲဆိုတာ သတိရပါ၊ သေခြင်းနဲ့ ရှင်ခြင်းက လက်တစ်ကမ်းမှာပဲ၊ အတိအကျတော့ ဘာမှပြောလို့မရပါဘူး။ ''
သူအဖွဲ့ နီးလာသည်နှင့်အမျှ ပတ်ဝန်းကျင် လေထုသည် အေးစက် တင်းမာ လာသည်။ ရှေ့တွင် ပြင်းထန်သော သေခြင်းနှင့် ရှင်ခြင်း တိုက်ပွဲ များက စောင့်ကြို ရောက်ရှိ နေ၏။
ထိုတိုက်ပွဲ များတွင် တစ်ဦး တစ်ယောက် တိုင်းသည် မသေမချင်း သို့မဟုတ်၊ ရှုံးနိမ့်ကြောင်း ဝန်ခံသည် အထိ ဆက်လက် တိုက်ပွဲဝင် သွားရမည် ဖြစ်၏။
တောအုပ်တစ်နေရာ၌ အရောင်သုံးရောင်ကွဲလွဲစွာဝတ်ဆင်ထားသော မိသားစုသုံးစုရပ်လျက် ရှိနေကြ၏။
ထိုနေရာရှိ လူတိုင်းက၊ သတ်ဖြတ်ခြင်း အရှိန်အဝါကို ရည်ရွယ်ချက်ရှိရှိ ထုတ်ဖော် ထားလေသည်။
" ဝမ်ကျီယဲ .....နောက်ဆုံးတော့ မင်းရောက်လာပြီပဲ....''
ရုတ်တရက် အေးစက်စက်အသံတစ်သံ ထွက်ပေါ်လာကာ၊ လူလတ်ပိုင်းအရွယ် လူသုံးယောက်မှာ ရှေ့ထွက် လျှောက်လှမ်း လာလေသည်။
ထိုသုံးယောက်အလယ်မှ ရပ်နေသူသည် ရက်စက်သော အရှိန်အဝါများ ပြည့်နှက်နေပြီး၊ ၎င်း၏ သွင်ပြင်သည် မိသားစုတစ်စု၏ ခေါင်းဆောင် ဆိုသည်ထက်၊ သားသတ်သမား တစ်ယောက် နှင့်ပိုတူ၏။
သူ့ထံမှ သွေးဆာနေသော ခံစားချက်ကို ရရှိစေမည့် အရှိန်အဝါများကို စိမ့်ထွက် နေချေသည်။ သူ့ကိုကြည့်ရုံဖြင့် အကြောက်တရားအား ပိုမို သိမြင်ခံစားလာ နိုင်သည်။
'' သူက မိသားစုသုံးစုရဲ့ ခေါင်းဆောင်၊ ကောင်းယွမ်ပဲ၊ ကျင့်ကြံခြင်း လောကမှာ လက်မရွံ့ သားသတ်သမား တစ်ယောက်အဖြစ် လူသိ များတယ်၊ ခရမ်းရောင်မီးလျှံမြို့မှာ ငါ့အဖေကို လက်ရည်တူ တိုက်ခိုက်နိုင်တဲ့ တစ်ဦးတည်းသော သူပဲ၊ ''
ဝမ်ဖိန်းက လင်းယွန်၏ အနားသို့ တိုးကပ်ကာ တိုးတိုးလေး ရှင်းပြလာ၏။
တစ်ချိန်တည်းမှာပင် ဝမ်မိသားစု လူအုပ်ကြီးသည် မြင်းပေါ်မှ ဆင်းသက် လိုက်ကြပြီး၊ ဝမ်ကျီယဲမှာ ကောင်းယွမ်အား မော့ကြည့်လျက်၊
" စောစောရောက်တာနဲ့ပဲ၊ ဒီဝိညာဉ်ရေကန်က မင်းရဲ့ ဝိညာဉ်ရေကန်လို့ မဆိုလိုပါဘူး"
-ဟု ခွန့်တုန့်ပြန်လိုက်၏။
'' ဟားဟားဟား သေချာလို့လား၊ မင်းရဲ့ဝမ်မိသားစုက ခရမ်းရောင်မီးလျှံမြို့ကို နှစ်ပေါင်းများစွာ လွှမ်းမိုးထားခဲ့ပေမယ့်၊ ဒီနေ့တော့ မင်းရဲ့ ပထမဆုံး ရှုံးရမယ့် အချိန်ပဲ ''
ကောင်းယွမ်သည် ယုံကြည်ချက်ရှိရှိ ပြုံးပြလာသည်ကြောင့်၊ ဝမ်ကျီယဲသည် သံသယအပြည့်ဖြင့် မျက်မှောင်ကြုတ် သွားမိလေသည်။
ထိုသို့သော ယုံကြည်ချက်မျိုးအား၊ ဤကောင်းယွမ်သည် မည်သည့်အရာပေါ်၌ အခြေခံကာ၊ ဖြစ်ပေါ်လာခဲ့ပေ သနည်း။
***