သွေးမပူ သေးဘူး။
Vol. 7 Ch. 95
ဝမ်မိသားစုဘက်ခြမ်း၌ တိတ်ဆိတ်ငြိမ်သက်သွား ခဲ့ကြ၏။ ရွှင်မြူးနေသော ဝမ်ဖိန်း၏ မျက်နှာသည်ပင် ပျက်ယွင်းသွားလေပြီ။
တိမ်လွှာရေခဲပြင်လှံကို ဆုပ်ကိုင်ထားသော သူ့လက်များမှာ တုန်ရီလာသည်။ သူက ရန်တင်းရီ၏မျက်နှာပေါ်ရှိ မျက်နှာဖုံးအား အကြောက်တရားဖြင့် ငေးကြည့်နေမိသည်။
သွေးတိမ်ဂိုဏ်း။
အပြာရောင်နေမင်းနိုင်ငံသည် မဟာချင်အင်ပါယာ၏ အာဏာစက်နှင့် ဝေးကွာလွန်းလှသဖြင့်၊ ဖရိုဖရဲဖြစ်တည်နေသော ကျေးလက်ဒေသတစ်ခုသာ ဖြစ်ပေသည်။ နိုင်ငံအနှံ့တွင် အကျိုးစီးပွားများအတွက် တိုက်ပွဲများ မကြာခဏဖြစ်ပေါ်နေကာ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများအား အမြဲတမ်းကြားသိနေရသည်မှာ အဆန်းမဟုတ်တော့ပေ။ ရှုပ်ထွေးလွန်းသော ဤဒေသတွင် သန်မာသူများသည်သာ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ပေမည် ။
ရာစုနှစ်များတစ်လျှောက် အပြာရောင်နေမင်းနိုင်ငံတွင် အင်အားကြီးသုံးရပ်သည်သာ ခိုင်မြဲစွာရပ်တည်နိုင်ခဲ့သည်။ ထို့အင်အားကြီးသုံးရပ်မှာ ဂိုဏ်းသုံးဂိုဏ်းဖြစ်ပြီး၊ အာဏာရှင်ဂိုဏ်းငယ်သုံးဂိုဏ်းဟုပင် ထင်ရှားလှပေ၏။ ၎င်းဂိုဏ်းငယ်သုံးဂိုဏ်း၏အမည်မှာ- ရွှေမီးတောက်ဂိုဏ်း၊ သွေးတိမ်ဂိုဏ်းနဲ့ သက်တန့်ရောင်နန်းဆောင်ဂိုဏ်း တို့ဖြစ်ကြပြီး၊ ထိုဂိုဏ်းသုံးဂိုဏ်းထဲတွင် သွေးတိမ်ဂိုဏ်းသည် ကြောက်စရာအကောင်းဆုံးပင် ဖြစ်သည်။
၎င်းတို့သည် အစွမ်းထက်ရုံသာမက ရက်စက်ကြမ်းကြုတ်သူများလည်း ဖြစ်ပေ၏၊ အပြာရောင်နေမင်းနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ၏ (၉၀)ရာခိုင်နှုန်း နီးပါးတွင်၊ သွေးတိမ်ဂိုဏ်းမှ ပါဝင် ပါတ်သတ်ထား လေသည်။
ထိုသို့သောဘီလူးများထဲမှ ဘီလူးတစ်ကောင်သည် ဝမ်ဖိန်းရှေ့၌ ရပ်နေခဲ့ပြီး၊ ၎င်းသည် သွေးတိမ်ဂိုဏ်း၏ အမာခံ တပည့်တစ်ဦး ဖြစ်ကြောင်းလည်း၊ သိသာနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သွေးတိမ်ဂိုဏ်း၏ ထိပ်တန်းတပည့် (၁၀၀)အဆင့် ဝင်သူများသာ၊ ထိုကဲ့သို့သော ကြက်သွေးရောင် မျက်နှာဖုံးမျိုးကို တပ်ဆင်ရန် အရည်အချင်း ပြည့်မီသောကြောင့် ဖြစ်သည်။
ထို့အပြင် ၎င်းမျက်နှာဖုံးသည် ခေါင်းကိုကာကွယ်ရန်အတွက် ရည်ရွယ်ထုတ်ထားသော၊ အလယ်အလတ်တော်ဝင်လက်နက် ဖြစ်ပေ၏။ ကျင့်ကြံသူများအတွက်၊ ဦးခေါင်းသည် ရင်ဘတ်မှလွဲ၍ ခန္ဓာကိုယ်၏ အရေးကြီးဆုံး အစိတ်အပိုင်းဖြစ်သည်။ ထို့ကြောင့်ပင်၊ ဦးခေါင်းခွံအတွက် အကာအရံအဖြစ် လုပ်ဆောင်ပေးထားသော၊ သွေးတိမ်မျက်နှာဖုံးသည် သွေးတိမ်ဂိုဏ်းဝင်များအား၊ တိုက်ပွဲ၌များစွာ အားသာချက်ရရှိ စေသည်။
ထိုလူငယ်က ဝမ်ဖိန်းအားကြည့်ကာ ပြုံးပြလိုက်ပြီး၊
" မင်းက ငါ့ကို ရုပ်ဆိုးတယ်လို့ ထင်နေတာမလား၊ အခု ဘယ်လိုနေလဲ ....မင်းအမြင်ကို သိလို့ရမလား...."
'' အဲဒါအတွက် တောင်းပန်ပါတယ်၊ မင်းက သွေးတိမ်ဂိုဏ်းရဲ့ တပည့်ဖြစ်မှန်း ငါမသိလိုက်ဘူး၊ ''
ဝမ်ဖိန်းက တံတွေးမျိုချလိုက်ပြီး၊ ထိတ်လန့်တကြား တောင်းပန်လိုက်သည်။
"ဟားဟားဟား......စိတ်မပူပါနဲ့ အဆင်ပြေပါတယ်...''
ထိုအဖြေကြောင့် ရန်တင်းယီမှာ ကျေနပ်စွာ ရယ်မောလိုက်သည်။
မဟာမိတ်မိသားစုဝင်များထဲရှိ ကောင်းယွမ်သည် ဝမ်ကျီယဲကို ကြည့်လိုက်ပြီး၊
'' ဝမ်ကျီယဲ.... နေမကောင်းဖူးလား၊ မင်းမျက်နှာ မည်းမှောင်နေသလိုပဲ...ဟားဟားဟား ''
" မင်းက မီးနဲ့ကစားနေတာပဲ...."
ဝမ်ကျီယဲက အံကြိတ်လျက်ပြန်ဖြေလိုက်သည်။ ကောင်းယွမ်သည် နာမည်ဆိုးဖြင့်ကျော်ကြားသော သွေးတိမ်ဂိုဏ်းအား၊ ဝိညာဉ်ရေကန်လေးတစ်ခုအတွက်နှင့်၊ အင်အားကိုငှားယူ အသုံးချသည်အထိ ရူးသွပ်နေခဲ့ပေပြီ။ ဝမ်မိသားစုဝင်များသည် အာဏာရှင်ဂိုဏ်းသုံးဂိုဏ်းနှင့်၊ ပတ်သတ်ရန် မစဉ်းစားရဲခဲ့ပေ။ အဋ္ဌမအဆင့် ဝိညာဉ်ရေကန်လေးတစ်ခုသည်၊ သူတို့ဂိုဏ်းသုံးဂိုဏ်းအား စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်ခြင်း မရှိချေ။
အကယ်၍သာ စိတ်ဝင်စားခဲ့မည်ဆိုပါက၊ ချွင်းချွက်မရှိ ခွဲတမ်းများကို ပေးအပ်မည် ဖြစ်ပေ၏။
ထို့အပြင် ၎င်းတို့နှင့်ပတ်သတ်မိခြင်းသည်၊ အရာရာ အသေးစိတ် အလေးအနက်ထားရမည်ဖြစ်ကာ၊တစ်စုံတစ်ရာသော ငြိုငြင်မှုလေးသည်ပင်၊ သူတို့၏ မိသားစုငယ်လေးတစ်စုအား ရုတ်ချည်း ပျောက်ကွယ်သွားစေ နိုင်သည်။
" ငါဘာလုပ်နေတယ်ဆိုတာ ငါသိတယ်၊ ဒါကြောင့် စိတ်မပူပါနဲ့၊ သခင်လေးယန်ရဲ့ အဖေက ငါ့ကိုကူညီပေးရုံတင်ပါ၊ မင်းစိတ်ပူရမှာက မင်းရဲ့ဝမ်သခင်လေးကိုပဲ၊ ငါသိရတာတော့ သခင်လေးယန်က လွန်ခဲ့တဲ့တစ်လခွဲထဲက ရှန်ရှင်းတတိယအဆင့်ကို ရောက်ရှိသွားခဲ့ပြီးပြီ..... "
ကောင်းယွမ်က ဝမ်ကျီယဲ၏ ပျက်ယွင်းနေသည့် မျက်နှာကိုအရသာခံကြည့်ကာ၊ ရယ်မောလိုက် လေသည်။
"........... ''
ရှန်ရှင်းဘုံ၏ တတိယမြောက် အဆင့်လား။
ဝမ်အကြီးအကဲများက အနက်ရောင်ဝတ်လူငယ်ကို အံ့သြစွာ စိုက်ကြည့်လိုက်ကြ၏။ အသက်(၁၈) နှစ်တွင်၊ ရှန်ရှင်းတတိယအဆင့်အား ဆုပ်ကိုင်ထားမိသည်မှာ၊ တစ်ဆိတ်တော့ ကြောက်စရာ စွမ်းရည်မျိုးပေပင်။
အခြားတစ်ဖက်တွင် ဝမ်ကျီယဲ၏ မျက်နှာသည် မည်းမှောင်သည်ထက် မည်းမှောင်သွား၏။ ထိုအရာသည် သူ ...အကြောက်ဆုံးပင်။ လင်းယွန်သည် သန်မာသော်ငြားလည်း၊ ရှန်ရှင်းတတိယအဆင့် ကျင့်ကြံသူ တစ်စုံတစ်ဦးအား အနိုင်ယူနိုင်ရန် အခွင့်အရေး မရှိနိုင်ချေ။
" သခင်လေးယန်၊ မိတ်ဆက်ပွဲပြီးရင်၊ တိုက်ပွဲကို အဆုံးသတ်လိုက်ပါ တော့.....''
-ဟု ကောင်းယွမ်က ရယ်မောကာ ရေရွတ်လိုက်သည်။ ထိုသတိပေးသံကြောင့် အနက်ဝတ်လူငယ်က ဝမ်ဖိန်းကို ပြုံးပြလျက်မှ၊
'' ဒီဦးလေးက အမြဲတမ်း စိတ်မရှည်တတ်ဘူး၊ မင်းကရော ဘာလို့အရှုံးမပေးရသေးတာလဲ... ''
" အိပ်မက် မက်မနေနဲ့.... ''
ဝမ်ဖိန်းက သွားများကို ကြိတ်ကာ လှံကို ဆုပ်ကိုင်လိုက်ပြီး၊ သွေးတိမ်ဂိုဏ်းပင်ဖြစ်ပါစေ၊ သူ့မာနအရ နှိမ့်ချလှောင်ပြောင်ခံမည် မဟုတ်ပေ။
တိမ်လွှာရေခဲပြင်လှံသည် အေးစက်သောအရှိန်အဝါများဖြင့် ပွင့်ထွက်လာပြီးနောက်၊ ပတ်ဝန်းကျင်ရှိ လေထုကိုစုပ်ယူသည် နှင့်အမျှ၊ လှံထိပ်ဖျားတွင် ရေခဲလွှာများ အထပ်ထပ်ဖြစ်တည် လာသည်။ ၎င်းသည် တိမ်လွှာရေခဲပြင်လှံ၏ စွမ်းအား(70%)ကို ထုတ်ယူသုံးစွဲနိုင်ခဲ့ခြင်း၏ သွင်ပြင်လက္ခဏာ ဖြစ်ပေ၏။
သို့သော် ယန်တင်းယီသည် ဝမ်ဖိန်း၏လှံချက်ကို လွယ်လင့်တကူ ရှောင်တိမ်းလိုက်ပြီး၊ တဟားဟားအော်ရယ်နေခဲ့သည်။
ထိုမြင်ကွင်းကြောင့် လင်းယွန်မှာ မျက်မှောင်ကျုံ့လိုက်သည်။ ခန့်မှန်းချက်များအရ ယန်တင်းယီသည် သူ၏အကြားအာရုံကို ရှင်းလင်းသန့်စင်ထားကာ၊ ၎င်းပြိုင်ဘက်များ၏ တိုက်ခိုက်မှုများမှ ထွက်ပေါ်လာသောအသံဖြင့်၊ ဆုံးဖြတ်လှုပ်ရှားနိုင်လေပြီ။
ရှန်ရှင်းနယ်ပယ်၌ ဒွါရခွန်နစ်ပါးနှင့် ပတ်သက်၍၊ တစ်ခုချင်းစီကို ရှင်းလင်းခြင်းသည်၊ ၎င်း၏ သက်ဆိုင်ရာစွမ်းရည်ကို အားကောင်းစေမည်ဖြစ်သည်။ တနည်းဆိုရသော် ထိုဒွါရခွန်နှစ်ပါးထံသို့ စွမ်းအင်စီးဆင်းရာ အစို့ရှင်(အပ်စိုက်မှတ်)များကို ချဲ့ထွင်မာကျောစေခြင်း ဖြစ်၏။ သို့မှသာလျှင် ဤသို့ရှင်းလင်းထားသော အစို့ရှင်ကိုဖြတ်လျက်၊ စွမ်းအင်များ သိပ်သည်းစွာစီးဆင်းလာစေပြီး၊ ဆန္ဒတစ်ခုရှိရုံဖြင့်ပင် ထိုအစို့ရှင်ဖြင့်ဆက်သွယ်ထားရာ အင်္ဂါများကို၊ ယခင်ကထက် ပိုမိုသန်စွမ်းလာ စေမည်။
ဥပမာအားဖြင့်ဆိုသော် လင်းယွန်သည် သူ၏မျက်ဝန်းများထံသို့ စွမ်းအင်ပို့လွှတ်ရာ၊ အပ်စိုက်မှတ်များကို ချဲ့ထွင်ထားခြင်းဖြင့်၊ ၎င်းအပ်စိုက်မှတ်အား ဖြတ်ကာ၊ ဝိညာဉ်စွမ်းအင်များကို ပို့ဆောင်ရာ၌၊ ယခင်ကထက်နှစ်ဆမက သိပ်သည်းစွာ စီးဆင်းစေနိုင်ပြီး၊ သူ၏အမြင်အာရုံအား ပို၍ပြတ်ထင်လာ ပေမည်။ ထိုသို့ပြုလုပ်ခြင်း ဖြစ်စဉ်ကို ရှန်ရှင်းဘုံဒွါရခွန်နှစ်ပါးသန့်စင်ခြင်းဟု ခေါ်တွင်လေသည်။
အခြားတစ်ဖက်တွင် ယန်တင်းယီသည် ဝမ်ဖိန်းထက်ကျင့်ကြံမှုတစ်ဆင့်တိတိ မြင့်မားနေခဲ့ကာ၊ ဤသည်မှာ ညီမျှသောတိုက်ပွဲတစ်ပွဲ မဟုတ်တော့ပဲ၊ ၎င်း၏သားကောင်ကို ကစားနေသည့် မုဆိုးတစ်ဦးနှင့်ပင် တူလွန်းလှ၏။ ယန်တင်းယီ၏ခွန်အားသည် လင်းယွန်အား အံ့အားသင့်သွားစေသည်အထိ၊ လုံလောက်ပေသည်။ ထို့ကြောင့်ပင် အာဏာရှင်ဂိုဏ်းငယ်သုံးဂိုဏ်းမှာ ကျော်သလောက်ပင်၊ အစွမ်းထက်လွန်းလှလေ၏။
" မင်းရဲ့ သိုင်းဝိညာဉ်ကို ခေါ်မှာမဟုတ်ဘူးလား၊ ....''
စကားသံဆုံးသည်နှင့် ယန်တင်းယီ၏အရှိန်အဝါသည် ရုတ်တရက် ပေါက်ကွဲလာသည်။ သူက တိုးဝင်လာသောတိမ်လွှာရေခဲပြင်လှံအား၊ လက်ဗလာဖြင့် ဖမ်းယူလိုက်၏။ သူ၏လက်ဖဝါးသည် ကြက်သွေးရောင်အလွှာအချို့ဖြင့် ဖုံးအုပ်ထားကာ၊ လှံထိပ်ဖျားကို တင်းကြပ်စွာ အုပ်ကိုင်လိုက်မိ၏။
တစ်ဆက်တည်းမှာပင်၊ ဝမ်ဖိန်းမျက်နှာ၌ စိတ်ပျက်အားငယ်နေသည့် မျက်ဝန်းများဖြင့်၊ သူ၏လှံကို ပြန်လည် ဆွဲယူခဲ့သော်လည်း၊ တိမ်လွှာရေခဲပြင်လှံသည် ကြက်သွေးရောင်လက်ဖဝါးအတွင်းမှ အနည်းငယ်မျှပင်၊ ရုန်းထွက်နိုင်ခြင်း မရှိတော့ချေ။
'' ဝှစ်..... ''
နောက်တစ်စက္ကန့်တွင်၊ ယန်တင်းယီ၏လက်ပေါ်ရှိ ကြက်သွေးရောင်အလွှာသည် လှံတစ်စင်းလုံးအား ဖုံးလွှမ်းသွားပြီးနောက်၊ ဝမ်ဖိန်းထံသို့ ဆက်လက်တိုးဝင်လာရာ၊ တိမ်လွှာရေခဲပြင်လှံကို ဆုပ်ကိုင်ထားသော လက်ဖဝါးသည်၊ ပူလောင်သောနာကျင်မှုကို ခံစားရပြီး၊ ၎င်းလှံအား လွှတ်ချလိုက်ရ၏။ သို့သော် ဝမ်ဖိန်းသည် လွတ်မြောက်သွားခြင်းမရှိပဲ၊ ထိုလှံနောက်ကွယ်မှ စီးဝင်လာသောစွမ်းအားကြီးသည်၊ သူ့အားပြင်းထန်စွာ ဆောင့်တွန်းထုတ်လိုက် လေသည်။
'' ........... ''
ဝမ်ဖိန်းက တိုက်ခိုက်ရန် ပြေးဝင်လိုက်သော်လည်း၊ လမ်းတစ်ဝက်၌ပင် လည်ချောင်းနှင့် ပါးစပ်မှ သွေးများစီးကျလာပြီး၊ ပြန်ကန် လွင့်စင်လာ၏။ သူက လေထဲ လွင့်စင်နေစဉ်မှာပင်၊ ယန်တင်းယီမှ ဆုပ်ကိုင်ထားသောတိမ်လွှာရေခဲ့ပြင်လှံအား၊ ကောင်းကင်သို့ ပစ်မြောက်လှည့်တင်လိုက်ပြီး၊ ပြန်လည် ဖမ်းယူလိုက်ကာ၊ ခုန်ပျံဝဲလျက် ထိုးထုတ်လိုက်လေသည်။
ယန်တင်းယီမျက်နှာ၌ ကောက်ကျစ်သော အပြုံးနှင့်အတူ၊ တိမ်လွှာရေခဲပြင်လှံမှာ ဝမ်ဖိန်း၏ ချပ်ဝတ်တန်ဆာကို ထိုးဖောက်သွားလေသည်။
'' ..............ဝှစ် ''
မြေကြီးပေါ်သို့ ပြန်ကျလာသည်နှင့် ဝမ်ဖိန်း၏ ခန္ဓာကိုယ်သည် မြဲမြန်စွာမရပ်နိုင်မီ၊ အကြိမ်ကြိမ် လွင့်စင် လိမ့်ကျသွားခဲ့သည်။
'' လုံလောက်ပြီ.....ဒီပွဲမှာ ရှုံးတာကို ဝန်ခံပါတယ်။ ''
ယန်တင်းယီ၏ ရက်စက်ကြမ်းကြုတ်မှုကို မြင်သောအခါ၊ ဝမ်ကျီယဲက ချက်ချင်း ဟန့်တားအော်ဟစ်လိုက်ကာ၊ ဝမ်ဖိန်းအားကူညီရန် အကြီးအကဲတစ်ဦးအား ညွှန်ကြားလိုက်သည်။ ဝမ်အကြီးအကဲများသည် ရှုံ့မဲ့နေကြပြီး၊ သူတို့က ဝိညာဉ်ရေကန် ဝင်ခွင့် ခွဲတမ်း တစ်ဝက်အား စွန့်လွှတ်ရပေတော့မည်။
ထို့နောက်တွင် လင်းယွန်သည် ရှေ့သို့တိုးထွက်လာရာ၊ ဝမ်ကျီယဲက '' မင်း လုပ်နိုင်ရဲ့လား '' ဟု ခပ်တိုးတိုးမေးမြန်းလိုက်၏။ ထိုမေးခွန်းကြောင့်လင်းယွန်က၊
" ငါသေချာ မပြောနိုင်ဘူး။....."
ဟု ပြန်ဖြေလာသည်။ ထိုစကားများသည် ဝမ်ကျီယဲ၏ နှလုံးသားကို စိတ်ပျက်ခြင်းအရိပ်အယောင်များ ဖြစ်သွားစေသည်။ လင်းယွန်သည် ဤတိုက်ပွဲတွင် အနိုင်ရရန် မသေချာသော်လည်း၊ ရှန်ရှင်းတတိယအဆင့်သိုင်းသမား တစ်ယောက်ယောက်ကို ကြောက်ရွံ့ခြင်း မရှိခဲ့ပဲ၊ ပြိုင်ဘက်အဖြစ် ထည့်သွင်းစဉ်းစားခဲ့ လေသည်။
" ......ဒါဆို မင်းက ဝမ်မိသားစုရဲ့ တစ်ဦးတည်းသော ဧည်သည်တော်ပေါ့..... "
ယန်တင်းယီက ပျင်းရိပျင်းတွဲအမူအရာဖြင့် မေးမြန်းလိုက်ပြီး၊
'' ငါ သွေးတောင်မပူရသေးဘူး၊ ဒီလိုသာသိခဲ့ရင် လာခဲ့မိမှာတောင် မဟုတ်ဘူး။ ''
'' ...ငါ့ရဲ့တိမ်တိုက်ရေခဲပြင်လှံကို ပြန်ပေးပါ ''
လင်းယွန်က ယန်တင်းယီအမူအရာကိုလျစ်လျူရှုလျက် လှံကိုပြန်တောင်းလိုက်၏။
" အို့..... ဟုတ်သားပဲ၊ ရော့.......မင်းရဲ့ လှံ.... ''
ယန်တင်းယီက ပြုံးလိုက်သည်။ သူက ကြက်သွေးရောင်အဆင်းသဏ္ဍာန်ဖြင့်၊ ရစ်သိုင်းထားသော တိမ်လွှာရေခဲပြင်လှံကို၊ လင်းယွန်ထံသို့ အားကုန်ပစ်ပေါက်လိုက် တော့၏။
"ဘယ်လောက်တောင် မြန်လိုက်တဲ့အရှိန်လဲ .... "
ဝမ်မိသားစုအကြီးအကဲများထံမှ အာမေဋိတ်အသံများ ဆူညံလာခဲ့ပြီး၊ ၎င်းလှံသည် လင်းယွန်အား ဤတိုက်ခိုက်မှုမှ လွတ်မြောက်ရန် ခွင့်မပြုခဲ့ချေ။
ထိုအခိုက်အတန့်တွင်၊ လူအုပ်ကြီးသည် လုံးဝတိတ်ဆိတ်ငြိမ်သက် သွားလေသည်။ လင်းယွန်က သူ့ထံသို့ တဟုန်ထိုးတိုးဝင်လာသော လှံကိုရှောင်တိမ်းခြင်းမပြုပဲ၊ လက်တစ်ဖက်အား ရိုးရှင်းစွာ ဆန့်ထုတ်လိုက်ပြီး၊ လေထဲမှ ဆွဲယူဖမ်းလိုက်၏။ ထိုသို့သော လှုပ်ရှားမှုများသည် ပေါ့ပါးသွက်လက် နေကာ၊ အကယ်၍သာ သူတို့ကိုယ်တိုင် မျက်စိဖြင့်၊ ပြေးဝင်လာသော လှံ၏အရှိန်ကို မမြင်ခဲ့မိလျှင်၊ ၎င်းလှံသည် ညင်သာစွာ ပစ်ပေးခံလိုက်ရခြင်း ဖြစ်သည်ဟု ထင်ကြပေမည်။
ဝူးရှ်။
တစ်ဆက်တည်းမှာပင် လင်းယွန်သည် လှံအား လေထုထဲသို့ ပစ်တင်လှည့်လိုက်ပြီး ကောင်းကင်သို့ ခုန်တက်သွားလိုက်သည်။ ပျံဝဲနေဆဲမှပင် လှံအားပြန်လည်ဖမ်းယူလိုက်ကာ၊ သူ့လက်တွေကို အားကုန်လွှဲယူလျက်၊ ယန်တင်းယီ၏ ခေါင်းထံသို့ပြင်းပြင်းထန်ထန် ထိုးလွှတ်လိုက်၏။
ထိုသို့သောတိုက်ခိုက်မှုကြောင့် ယန်တင်းယီသည် လျင်မြန်စွာ ရှောင်တိမ်းလိုက် ရသည်။ သူ့ဦးခေါင်းထံရှိ အလယ်အလတ် တော်ဝင်မျက်နှာဖုံးသည်၊ ၎င်းလှံနောက်ရှိ ကြီးမားသောခွန်အားကို၊ ခုခံကာကွယ် နိုင်လိမ်မည်ဟု တစ်ထစ်ချ မယုံကြည်ထားရဲပေ။
'' .......ရွှစ်....ရွှစ် ရွှစ် ''
တိမ်လွှာရေခဲပြင်လှံသည် နီးကပ်လာသည်နှင့်အမျှ၊ ဝမ်ဖိန်းကိုင်ဆွဲစဉ်ကထက် ပိုမိုပြင်းထန်သော ရေခဲအငွေ့အသက်ကို ခံစားလာရစေပြီး၊ ထိုတိုက်ခိုက်မှုအား ရှောင်တိမ်းလိုက်ခြင်းမှာ မှန်ကန်ကြောင်း သက်သေပြနေခဲ့သည်။ သို့မဟုတ်ပါက ယန်တင်းယီသည် ခေါင်မာစွာဖြင့်၊ သူ၏ အလယ်အလတ် တော်ဝင်မျက်နှာဖုံးအား၊ ယုံကြည်အားကိုးမိကာရှောင်တိမ်းခြင်းမပြုပါက၊ ယခုအချိန်၌ မျက်နှာဖုံးမှာ ကြေမွှသွားပြီး၊ ဦးခေါင်းပွင့်ထွက် သွားနိုင်ပေမည်။
တစ်ချိန်တည်းမှာပင်၊ လင်းယွန်သည် ယန်တင်းယီအား ပြန်လည်တိုက်ခိုက်ရန်၊ အခွင့်အရေးမပေးတော့ပဲ၊ အနီးကပ်လိုက်ပါ တိုးဝင်တိုက်ခိုက်လိုက် လေသည်။ လင်းယွန်၏ တစ်ဟုန်ထိုး တိုက်ခိုက်မှုသည် ယန်တင်းယီအား၊ အသက်ရှုကြပ်လာစေကာ၊ သူ၏ မျက်နှာသည် ဖျော့တော့သွားခဲ့၏။
လှံ၏လားရာအသံကို ကြားနိုင်သော်လည်း၊ ရှောင်တိမ်းရန် အချိန်မရှိခဲ့ချေ။ ဤသို့ ညံ့ဖျင်းသောအနေအထားမှ ပြန်လည်ဖိနှိပ်နိုင်ရန် သူ၌အခွင့်အရေးမရှိခဲ့ကာ၊ ဆယ်ကြိမ်တိုင်တိုင် လှုပ်ရှားပြီးနောက်၊ ယန်တင်းယီသည် လှံကိုပိတ်ဆို့ရန်၊ လက်ဖဝါးပြင်ဖြင့် ဖမ်းဆီးရုံမှတပါး၊ အခြားရွေးချယ်စရာ မရှိခဲ့ပေ။
သို့သော် လှံကို ဖမ်းဆီးရန် ထိတွေ့လိုက်သည်နှင့်၊ ထိုလှံနောက်၌ ကပ်ညိပါလာသော ဝိညာဉ်စွမ်းအင်များသည် ပြင်းထန်လွန်းသဖြင့်၊ တုန်လှုပ်သွားမိလေသည်။
" ဘယ်လိုလဲ သွေးပူ ပြီလား"
ယန်တင်းယီက ခေါင်းအမော့တွင် လင်းယွန်ထံမှ တောက်ပသောအပြုံးဖြင့် မေးမြန်းလာလေပြီ။
"သွေးတိမ် လက်ဖဝါး ''
အော်ဟစ်ကြုံးဝါးသံနှင့်အတူ ယန်တင်းယီက သူ၏လက်ဖဝါးအား ရှေ့သို့တွန်းလိုက်ရာ၊ ထိုလက်ဝါးသည် ကြက်သွေးရောင်များ တောက်ပသွား၏။
'' ........ချွင် ''
ထို့နောက်တွင် ယန်တင်းယီက လှံထိပ်ဖျားကို ဆုပ်ကိုင်ကာ၊ ပြုံးလျက် ဆွဲယူလိုက်ပြီး၊ အော်ဟစ်လိုက်၏။
" ဒီ ကို လာ ခဲ့ ..... "
သို့သော် လှံသည် မတုန်မလှုပ်တင်းခံနေခဲ့ရာ၊ ယန်တင်းယီ၏ တောက်ပသော အပြုံးများမှာ မှုန်ဝါးသွားလေပြီ။ လင်းယွန်က နူတ်ခမ်းတွန့်ရုံပြုံးပြလာပြီး၊
" ဒီတစ်ခါ ငါ့ကို သွေးပူအောင် ကူညီဖို့ မင်းအလှည့်ပဲ...."
စကားဆုံးသည်နှင့် လင်းယွန်က သူ့လက်ကောက်ဝတ်ကို လှန်လိုက်ကာ၊ ယန်တင်းယီ၏ လှံကိုင်လက်ကို ဖြည်ချရန်ဖိအားပေးလိုက်လေသည်။
***