← Chapters

မင်း.... လုပ် ရဲ တယ်လား။

Vol. 7 Ch. 96

မင်း.... လုပ် ရဲ တယ်လား။

Vol. 7 Ch. 96

နောက်ဆုံးတွင် သူပြန်မထမီ ခြေလှမ်းများစွာ နောက်ပြန် ဆုတ်သွားခဲ့သည်။ ဤအကြိမ်တွင် လင်းယွန်ပေးခဲ့သော အကြည့်မှာ သတိထားရန် အရိပ်အယောင်ကို ဆောင်သည်။

သိုင်းကွက်ဖလှယ်မှုသည် စက္ကန့် အနည်းငယ် မျှသာ ကြာမြင့်သော်လည်း၊ ဤတိုက်ပွဲ အတွင်းတွင်၊ ယန်တင်းယီက ခုခံ ကာကွယ်ခဲ့ရ သည်ဆိုသော အချက်မှာ၊ လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။

သို့သော် လင်းယွန်၏မောက်မာမှုသည် သွေးတိမ်ဂိုဏ်း၏ အမာခံတပည့် ယန်တင်းယီထက် ပို၍ ရင့်သီးနေခဲ့ပေရာ၊ လူအုပ်ကြီးမှာ ထိတ်လန့်သွားကြ၏။

" ငါ မင်းကို လျှော့တွက်ခဲ့မိတယ်၊ မင်းက အပြာရောင်နေမင်းနိုင်ငံက မဟုတ်ဘူးမလား..."

ယန်တင်းယီက သူ့ကိုယ်သူ တည်ငြိမ်အောင်၊ ခြေလှမ်း အနည်းငယ်ခန့် နောက်ဆုတ် လိုက်လျက်မှ၊ သက်ပြင်းချလိုက်သည်။

'' ဟုတ်တယ် ငါက ဒီနေရာရဲ့ လူစိမ်းတစ်ယောက်ပဲ.... ''

'' မင်းက သွေးတိမ်ဂိုဏ်းထဲ ဝင်ဖို့ စိတ်ဝင်စားသလား၊ ဒီကိစ္စတွေပြီးရင် ငါနဲ့လိုက်ခဲ့၊ သွေးတိမ်ဂိုဏ်းမှာ မင်းကို ငါ ....အာမခံပေးမယ်။"

ယန်တင်းယီက စူးရှစွာစိုက်ကြည့်လျက် ဖိတ်ခေါ်လိုက်သည်။ ထိုသို့သောဖိတ်ခေါ်မှုသည် ကောင်းမိသားစုအား စိုးရိမ်မိသွားစေသည်။ သို့သော် ၎င်းသည် အဓိပ္ပါယ်ရှိပေသည်။ လင်းယွန်သည် ရှန်ရှင်းပထမအဆင့်၌သာ ရှိနေသော်ငြားလည်း၊ ယန်တင်းယီကိုပင် ဖိအားပေးနိုင်ခဲ့၏။

" သွေးတိမ်ဂိုဏ်းလား.... ငါ စိတ်မဝင်စားဘူး။ "

"...အို့ ဒါဆိုလည်း စိတ်မကောင်းပါဘူး၊ ငါ မင်းကို နာကျင်စေရတော့မယ်"

ယန်တင်းယီက စူးရှသောအပြုံးကို ထိန်းထားသော်လည်း၊ သူ့လေသံများမှာ အေးစက်သွား၏။ ထို့နောက်တွင် သူ့ခြေထောက်ကို ပုတ်လိုက်ကာ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။ ထိုနေရာ၌ သူ၏ အငွေ့အသက်များ မပျောက်ကွက်မီ အသက်တရှိုက်စာအတွင်း၊ လင်းယွန်ရှေ့တွင် ပြန်လည်ထွက်ပေါ်လာ၏။

'' ......ဝှစ် ''

ဤအခြေအနေများအရ၊ ယန်တင်းယီသည် နား၊ လက်နှင့် ခြေတို့ကို သန့်စင်ထားခဲ့ခြင်း ဖြစ်လေပြီ။ ထို့ကြောင့်ပင်၊ လင်းယွန်မှာ ယန်တင်းယီ၏ လျင်မြန်ပြင်းထန်သော တိုက်ခိုက်မှုကို ရှောင်ရှားနိုင်ခဲ့သော်လည်း တိမ်လွှာရေခဲပြင်လှံကို ခံယူလိုက်ရသည်။

"မင်း အရမ်းနှေးတာပဲ......"

ယန်တင်းယီ၏ ရယ်သံက ပို၍ကျယ်လောင်လာသည်။ ထို့နောက်တွင် ရေခဲလှံအား ကိုင်ဆွဲလျက် လင်းယွန်အား ဖိနှိပ် တိုက်ခိုက်လေသည်။

အခြားတစ်ဖက်တွင် လင်းယွန်က ယန်တင်းယီ၏ လျင်မြန်သော အဟုန်ကို သတိထားခုခံနေရပြီး၊ ပြိုင်ဘက်၏ လက်ထဲရှိ ရေခဲလှံကိုသာ၊ လွင့်စင်သွားအောင် ပြုလုပ်နိုင် ခဲ့သည်။ လက်ထဲမှ ရေခဲလှံ လွတ်ကျသွားသော်လည်း၊ ယန်တင်းယီက အပြုံးမပျက်၊ ထပ်မံ တိုက်ခိုက်လာပြန်၏။

" ဘာလို့....နောက်မဆုတ် တာလဲ"

ကြက်သွေးရောင်လက်ဖဝါးကို ထုတ်ဖော်လျက်၊ လင်းယွန်ထံသို့ တိုးဝင်လာပြီး၊ အော်ငေါက်လိုက်သည်။

'' သွေး အရိပ် ''

ထိုလက်ဖဝါး၏ တိုက်ခိုက်မှုအရှိန်အဟုန်သည် တုန်လှုပ်ချောက်ချားစေဖွယ် ကောင်းလွန်းလှပြီး၊ တစ်ချက်ထိရုံဖြင့်ပင် ခန္ဓာကိုယ်ပေါက်ကွဲသေဆုံး သွားနိုင်ပေသည်။ ထို့အပြင် ကြက်သွေးရောင်လက်ဖဝါးကြီးသည် လေထုနှင့် ပေါင်းစပ်နေခဲ့ပြီး၊ လင်းယွန်၏ ထွက်ပေါက်တိုင်းကို ပိတ်ဆို့ဟန့်တားလာရာ၊ အချိန်မီ ရှောင်လွှဲရန် နည်းလမ်းမရှိချေ။

လူအုပ်ကြီးထဲရှိကောင်းယွမ်သည် ကောက်ကျစ်သောအပြုံးကို ထုတ်ဖော်လျက်၊ တဟားဟားရယ်မော လိုက်၏။ ဤတိုက်ခိုက်မှုသည် လင်းယွန်အား အဆုံးသတ်နိုင်လိမ့်မည်ဟု၊ သူက ယုံကြည်လိုက်မိသည်။ အမှန်တော့၊ ထိုလင်းယွန်သည် ရှန်ရှင်းဘုံ၏ ပထမအဆင့်၌ ရှိသော၊ အမှိုက်တစ်စသာ ဖြစ်နေဆဲပင် မဟုတ်ပါလော။

ယန်တင်းယီ၏ လက်ဖဝါးမှာ လေထုအား ထိုးခွဲနေချိန်တွင်၊ လင်းယွန်၏ ခန္ဓာကိုယ်သည် ဖောင်းကား မြင့်မားလာ လေသည်။ တစ်ဆက်တည်းမှာပင် ပြင်းထန်သော အပူရှိန်မှာ ပတ်ဝန်းကျင်အား လွှမ်းခြုံသွားပြီး၊ ၎င်းအပူရှိန်သည် အလွန်ပြင်းရှသောကြောင့်၊ ပတ်ဝန်းကျင်ရှိ ရေအချို့အား အငွေ့ပျံသွားစေကာ၊ အနီးနားရှိ သစ်ရွက်ခြောက်များကို လောင်ကျွမ်းသွားစေ၏၊ တစ်ချိန်တည်းမှာပင်၊ လင်းယွန်၏ ခြေထောက်နှစ်ဖက်အောက်ရှိ မြေပြင်သည် ချော်ရည်များအဖြစ် စတင်ဖြစ်တည်လာသည်။

'' မီးလျှံနတ်ဆိုး ခန္ဓာကိုယ် ''

"....အဲဒါ မဖြစ်နိုင်ဘူးမဟုတ်လား၊ ဒါက ငါတို့ရဲ့ အဆင့်မြင့် ရှန်ရှင်းသိုင်းနည်းစနစ်ပဲ..... ''

'' မိုးကြိုးခန္ဓာကျင့်ကြံခြင်းနည်းစနစ်ကို ...... သူက ငါးရက်အတွင်း သင်ယူနိုင်ခဲ့တာလား.... "

အသွင်ပြောင်းမှုပြီးဆုံးသွားသည်နှင့် ဝမ်မိသားစုအကြီးအကဲများထံမှ အာမေဋိတ်သံများ ထွက်ပေါ်လာလေသည်။ ဤလင်းယွန်သည် အမှန်တကယ်ပင် မိုးကြိုးခန္ဓာကျင့်ကြံခြင်းနည်းစနစ်အား ထုတ်ဖော်နေခဲ့ပေပြီ။

တစ်ဆက်တည်းမှာပင်၊ လင်းယွန်သည် မီးလျှံနတ်ဆိုးခန္ဓာကိုယ်အား အသွင်ပြောင်းလဲပြီးနောက်၊ ယန်တင်းယီ၏ လက်ဖဝါးကို၊ သူ၏ လက်သီးဖြင့် ပြန်လည် ထိုးချပစ် လိုက်သည်။

'' ဖုန်း ဖုန်း.....''

လက်ဖဝါးနှင့် လက်သီးထိပ်တိုက်တွေ့ဆုံမှုသည် ကြီးမားသောပေါက်ကွဲမှုကို ဖြစ်ပေါ်စေခဲ့ပြီး၊ တိုက်ပွဲအတွင်းမှ ထွက်ပေါ်လာသောလှိုင်းလုံးကြီးသည် မီးတောင်တစ်လုံးပေါက်ကွဲသွားသကဲ့သို့ မြေပြင်၌ ဖုန်မှုန့်များ ပျံတက်ပြည့်နှက် သွားလေသည်။

ထိုဖုန်မှုန့်များအတွင်းမှ ယန်တင်းယီသည် လွင့်စင်လာခဲ့ပြီး၊ မြေပြင်ပေါ်သို့မရပ်တန့်မီတွင် သူ၏ကိုယ်ဟန်အနေအထားအား၊ ပြန်လည် ထိန်းမတ်ရန် လေထဲ၌ ကျွမ်းပစ် ကိုယ်ရှိန်သတ် လိုက်ရ၏။ သူ့ခြေဖဝါးသည် မြေပြင်သို့ ထိလိုက်သည်နှင့်၊ လင်းယွန်ထံသို့ နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်ရန်၊ ပြေးဝင်လိုက်လေသည်။ ယန်တင်းယီက လင်းယွန်ကို အနိုင်ယူဖို့ရန်အတွက်၊ သူ၏လျင်မြန်သော အားသာချက်ကို အသုံးချဖို့ လိုအပ်ပေမည်။

'' သွေးတိမ် လက်ဖဝါး ''

အော်ဟစ်ကြုံးဝါးသံနှင့်အတူ ယန်တင်းယီ၏ မျက်လုံးများတွင် နီရဲလာပြီး၊ သွေးမျက်ရည်များ စီးထွက်လာကာ၊ သူ့ခန္ဓာကိုယ်အတွင်းမှ တောက်ပသောရောင်ဝါအချို့ ဖြာထွက်လာလေသည်။ ယခုအချိန်၌ သူ၏လက်ဖဝါးနည်းစနစ်သည် အလယ်အလတ်သိုင်းနည်းစနစ်တစ်ခုဖြစ်ခဲ့ပြီး၊ ၎င်းသည် နောက်ဆုံးအကြိမ်ထက် ပိုမိုပြင်းထန်ပေ၏။

'' ထာဝရနတ်ဘုရားတံဆိပ်တော်.... ''

လင်းယွန်က ကောင်းကင်မှဆင်းသက်လာသော ကြက်သွေးရောင် လက်ဖဝါးကို မြင်သောအခါ၊ ထာဝရနတ်ဘုရားတံဆိပ်တော်ကို ချက်ချင်းပင် ဖွဲ့စည်းလိုက်သည်။ ကြက်သွေးရောင် လက်ဖဝါးဖြင့် မထိခင် အသက်တစ်ရှိုက်စာအတွင်း၊ လင်းယွန်ထံမှ ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာကာ၊ ထိုအလင်းတန်းများမှာ ကြက်သွေးရောင် လက်ဖဝါးနှင့် ထိမှန်သွားခဲ့၏။ ထိုတိုက်မိမှုသည် နောက်ထပ် ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာပြီးနောက်၊ ဤတစ်ကြိမ်တွင် ရပ်ကြည့်နေသော လူအုပ်ကြီးအား ခြေလှမ်းအနည်းငယ် ဆုတ်ခွာရန်အထိ၊ တွန်းအားပေး ရလောက်အောင် သန်မာ ပြင်းထန်လှပေသည်။

'' ....ဘုန်း.......ဘုန်း ဘုန်း ''

ထို့နောက်တွင် စွမ်းအင်အကျွင်းအကျန် အပူလှိုင်းများကြောင့်၊ အနီးနားရှိသစ်ပင်တစ်ပင်အား ပြာကျသည်အထိ ရုတ်ချည်းလောင်ကျွမ်းသွား စေသည်။ ထိုလောင်ကျွမ်းပြာကျမှုကြောင့် ဖြစ်ပေါ်လာသော ပြာမှုန် အညစ်အကြေးထုကြီးမှာ မီတာအနည်းငယ်အထိ ဖုံးလွှမ်းပိတ်ဆို့ထားသော ဖုန်မှုန့်တိမ်တိုက်ကြီးအဖြစ်ဖွဲ့တည်လာကာ၊ တိုက်ပွဲကွင်းပြင်အား ကွယ်ဝှက်သွားလေသည်။

" သွေးတိမ်လက်ဖဝါးကတောင် သူ့ကို မတားနိုင်ဘူးလား။"

ကောင်းယွမ်သည် အံ့သြသွား၏။ သူ့အမြင်၌ လင်းယွန်၏ ကျားရိုင်းလက်သီး(18)ကွက်သည် ဟောင်ရှင်းနည်းစနစ်တစ်ခုသာ ဖြစ်နေဆဲပင်။ ထိုကျားရိုင်းလက်သီး(18)ကွက်တွင် ထာဝရနတ်ဘုရားတံဆိပ်တော်ကို ပေါင်းစပ်ထည့်သွင်းထားသည်ကိုမူ အနည်းငယ်မျှပင် မခန့်မှန်းနိုင်ခဲ့ပေ။

'' အရမ်း ကောင်းတယ်..... ''

အခြားတစ်ဖက်တွင် ဝမ်ကျီယဲက ဝမ်းသာအားရ အော်ဟစ်လိုက်၏။ လင်းယွန်သည် မီးလျှံနတ်ဆိုးခန္ဓာကို အသွင်ပြောင်းလဲပီးနောက်၊ ကျားရိုင်းလက်သီး(18)ကွက်တွင် အဆင့်မြင့်ရှန်ရှင်းနည်းစနစ်ကို ပေါင်းစပ်ကာ၊ အသာစီး ယူထားနိုင်ခဲ့သော်ငြားလည်း၊ ယန်တင်းယီ ထံ၌ ဝှက်ဖဲများ ကျန်ရှိနေသေးသည်ကြောင့် အနည်းငယ် စိုးရိမ်နေဆဲပင်။

ဖုန်မှုန့်တိမ်တိုက်များ လွင့်ပျယ်သွားသည်နှင့် ယန်တင်းယီမှာ သွေးများဖြင့် ဖုံးလွှမ်းနေပြီး၊ သူ့မျက်လုံးများတွင် သွေးကြောများဖောင်းထနေကာ၊ ထိတ်လန့်အံ့သြစွာ လင်းယွန်ထံသို့ ငေးကြည့်နေခဲ့၏။

အခြားတစ်ဖက်တွင် လင်းယွန်၏အရေပြားသည် မီးလျှံချော်ရည်များဖြင့် သွန်းလောင်းထားသကဲ့သို့ သွေးနီရောင်တောက်ပနေကာ၊ သူ၏ဆံပင်များသည် မီးညွှန့်များတောက်လောင်နေဟန် တလူလူလွင့်မျောနေလေသည်။ မီးလျှံနတ်ဆိုးခန္ဓာကိုယ်ကြောင့် လင်းယွန်က၊ ဤတိုက်ပွဲ၏ ရလာဒ်ကို သိမ်းပိုက်နိုင်ခဲ့ပြီး၊ ယန်တင်းယီထက် ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့လေပြီ။

" ဟားဟား ....တကယ်ပဲ ကိုင်တွယ်ရခက်ခဲတယ်လား...."

ရုတ်တရက် ယန်တင်းယီက ရေရွတ် ရယ်မောလိုက်သည်။ သူက လင်းယွန်ကို အေးစက်စွာလှမ်းကြည့်လိုက်ပြီး၊ သူ၏ချွေးပေါက်တိုင်းမှ သွေးများတသွင်သွင် စီးကျနေလေသည်။

သူသည် သွေးတိမ်ဂိုဏ်း၏ ထိပ်တန်းတပည့်တစ်ယောက်ဖြစ်ပြီး၊ ရှန်ရှင်းပထမအဆင့်ရှိ တစ်စုံတစ်ယောက်ကြောင့်၊ ယခုအခြေအနေမျိုးရောက်သည်အထိ ဖိအားပေးခံရခြင်းသည်၊ သူ့အား များစွာ အရှက်ရစေ၏။ သူ၏ရယ်မောသံနှင့် ဆန့်ကျင်ဘက်တွင်၊ သူ့နှလုံးသားထဲ၌ ဒေါသများ ပြင်းထန်စွာ ဆူပွက်လာလေသည်။

'' ရွှီး....... ''

ရုတ်တရက်လင်းယွန်၏ မီးလျှံရုပ်သွင်သည် ပြန်လည်ပြေလျော့ပါးသွားပြီး၊ အပူရှိန်သည်လည်း ပျောက်ကွယ်သွားခဲ့ လေပြီ။ သူ၏ခန္ဓာကိုယ်သည် ပုံမှန်ပြန်ဖြစ်လာသည်နှင့်တပြိုင်နက်၊ လင်းယွန်မျက်နှာပေါ်တွင် ချွေးများစီးကျလာကာ၊ မောပန်းနွမ်းနယ် နေခဲ့သော်လည်း၊ သူ့မျက်ဝန်းများထဲ၌ တိုက်ပွဲဝင်လိုစိတ်များ တဖွားဖွားထွက်ပေါ်လာခဲ့၏။

ရှန်ရှင်းတတိယအဆင့်သိုင်းသမားတစ်ဦးအား တိုက်ခိုက်ခြင်းသည်၊ လင်းယွန်အတွက် အလွန်ဖိအားများနေဆဲပင်၊ သူ၏ ဝှက်ဖဲများအားလုံးကို အသုံးပြုပြီးနောက်တွင်ပင်၊ ပြိုင်ဘက်အား အနိုင်မယူနိုင်ခဲ့ပေ။

" အခု ငါ့အလှည့်ပဲ..... ''

ဝူးရှ်။

ယန်တင်းယီ၏ သွေးတိမ်ရောင်မျက်နှာဖုံးသည် သူ့အသားထဲသို့ ပေါင်းစပ်မှု စတင်လိုက်သည်နှင့်၊မျက်နှာပြင်ရှိ ကြွက်သားစိုင်များမှာ ပြင်းထန်စွာ တုန်ခါလာသည်။

သူ့ခန္ဓာကိုယ်မှ အက်ကွဲသံများ ထွက်ပေါ်လာပြီးနောက်၊ တတိယအဆင့်အရှိန်အဝါများ တဟုန်ထိုး ပွင့်ထွက်လာပြီး၊ အသွေးအသားများသည် သားရဲသဏ္ဍာန် အသွင်ပြောင်းလဲသွား၏။

" သား ရဲ အသွင် ပြောင်း စမ်း....."

ထိုအသွင်ပြောင်းမှုသည် သွေးတိမ်ဂိုဏ်းမှ အမာခံတပြည့်များသာ လေ့ကျင့်နိုင်သော လျှို့ဝှက်နည်းစနစ်တစ်ခုဖြစ်ပေသည်။ သွေးတိမ်မျက်နှာဖုံးတိုင်းတွင် နတ်ဆိုးသားရဲ၏ သွေးအဆီအနှစ်များ ပါ၀င်ပြီး၊ ၎င်းတို့အား လိုအပ်သည့်အခါတိုင်းတွင်၊ နတ်ဆိုးသားရဲတစ်ကောင်အဖြစ် ပြောင်းလဲနိုင်စေမည်။ ထိုသို့ အသွင်ပြောင်းလဲပြီးနောက်၊ ကုန်ဆုံးသွားသော စွမ်းအင်(50)%ကို ပြန်လည် ရရှိစေသည်သာမက၊ တိုက်ပွဲဝင်စွမ်းအားကိုပင် နှစ်ဆထိမြင့်တက်သွားစေသည်။ ၎င်းသည် သွေးတိမ်ဂိုဏ်း၏ တပည့်များအတွက်၊ မိမိကိုယ်ကို ကာကွယ်ရန် နည်းလမ်းများ ဖြစ်ပေသည်။

" ငါတို့ အရှုံးပေးတယ် "

ထိုအသွင်ပြောင်းလဲမှုအပြီးတွင် ဝမ်ကျီယဲသည် ကူကယ်ရာမဲ့စွာ အော်ဟစ်လိုက်မိသည်။ ယခုအချိန်ထိ လင်းယွန်၏ စွမ်ဆောင်မှုမှာ လိုအပ်သည်ထက်ပင်၊ ပိုနေခဲ့သည်ဖြစ်ရာ၊ သေဆုံးသည်အထိ ဆက်လက် တိုက်ပွဲဝင်ရန်မှာ၊ အဓိပ္ပါယ် မရှိနိုင်တော့ချေ။ ထို့ကြောင့်ပင် သူက ခွဲတမ်းတစ်ဝက်ကို ခွဲဝေပေးရန် ဆုံးဖြတ် လိုက်မိလေသည်။

သို့သော် လင်းယွန်သည် ထိုစကားကိုကြားသောအခါ စိတ်ရှုပ်ထွေးစွာဖြင့် မျက်မှောင်ကြုတ်လိုက် မိ၏။

" အရှုံးပေးတယ်လား..... နည်းလမ်းမရှိဖူး၊ ငါ ဒီနေ့ သူ့ကို သွေးတိမ်ဂိုဏ်းရဲ့ အင်အားကိုပြမယ်လို့ ပြောခဲ့ပြီးပြီ၊ ငါ့ကတိကို လိုက်နာဖို့ အချိန်ကျပြီ.....''

ယန်တင်းယီကအော်ဟစ်လျက် သူ၏ သိုင်းဝိညာဉ်ကို ထုတ်ဖော်တိုက်ခိုက်လိုက် လေသည်။

'' စွပ်........စွပ် စွပ် ''

သားရဲသဏ္ဍာန်ရှိနေစဉ် သူ၏သိုင်းဝိဉာဉ်ကို ဆင့်ခေါ်ခြင်းသည် လူ၊ သားရဲနှင့် သွေးတို့ကို ဆိုးရွားစွာပေါင်းစပ်မှုအဖြစ်သို့ ပြောင်းလဲသွားမိစေသည်။

'' ............... ''

ထိုတိုက်ခိုက်မှုသည် လင်းယွန်၏ရင်ဘတ်၌ အရိုးထိနက်သော လှီးဖြတ်ဒဏ်ရာကို ချန်ထားရစ်လေသည်။

" ဟဲ ဟဲ.... ဒါက အသေသတ်ပွဲပဲ၊ နောက်ဆုံးထွက်သက်အထိ တိုက်ခိုက်ရလိမ့်မယ်၊ မင်းအရှုံးပေးလည်း အကျုံးမဝင်ဖူး......''

ကောင်းယွမ်က ရယ်မောလိုက်သည်။ သူ့မျက်ဝန်း၌ ကောက်ကျစ်သည့်အရိပ်အယောင်များ ထင်ဟပ်နေပြီး၊ တိုက်ပွဲအတွင်းရှိ လင်းယွန်ထံသို့၊ သတ်ဖြတ်ခြင်းအသိကို ရည်ရွယ်ချက်ရှိရှိ ထုတ်ဖော်ပြသလိုက်လေသည်။ ဤသို့သော အခြေအနေထိရောက်အောင်၊ ၎င်းနတ်ဆိုးသည် အမှန်ပင်အစွမ်းထက် လွန်းပေ၏။ ဝမ်မိသားစုထံ၌ ထိုသို့သောနတ်ဆိုးမျိုးကို၊ ပါဝင်ပါတ်သက်ခွင့် ထပ်မံမပေးအပ်ချင်တော့ချေ။

လက်ရှိအခြေအနေသည် လင်းယွန်အတွက် မကောင်းလှပေ။ ယန်တင်းယီသည် သူ၏ သားရဲအသွင်ပြောင်းခြင်းကို စတင်ခဲ့ပြီး၊ သူ၏ သိုင်းဝိညာဉ်ကို ဆင့်ခေါ်ခဲ့ကာ၊ လင်းယွန်အား သေသည်အထိ ရိုက်နှက်ရန် ရည်ရွယ်ချက်ရှိပုံရပေ၏။ ယန်တင်းယီ၏ သိုင်းဝိညာဉ်သည် သွေးရနံ့များလှိုင်လှိုင်ထွက်နေသော သားရဲတစ်ကောင်ဖြစ်ပြီး၊ ထိုသိုင်းဝိညာဉ်သည် နတ်ဆိုးအရှိန်အဝါကို အကန့်အသတ်ထိ ထုတ်ဖော်လျက် လင်းယွန်အား ဖိနှိပ်ထား လေသည်။

" မင်းကိုကယ်တင်ဖို့ သွေးတိမ်ဂိုဏ်းကို ဘယ်သူက အပြစ်ပြုရဲမှာလဲ...... "

ရူးသွပ်စွာရယ်မောလိုက်သံသည် ဤနေရာရှိ လူတိုင်း၏ နှလုံးသားအား သားရဲကောင်မှ ကုပ်ခြစ်သွားသကဲ့သို့၊ အောင့်မြက်နာကျင် သွားစေသည်။

လင်းယွန်သည် ယန်တင်းယီ၏ အကြည့်ကြောင့်၊ ဒေါသအမျက်ထွက်သွား၏။ ဤပြိုင်ပွဲသည် ယှဉ်ပြိုင်ပွဲ တစ်ခုအသွင်မှ သားသတ်ပွဲအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။ ထိုတစ်စုံတစ်ယောက်သည် သူ့အသက်အားလိုချင်သည့်နောက်တော့ အကျိုးဆက်ကို လက်ခံနိုင်ရပေမည်။ လင်းယွန်၏ မျက်လုံးများသည် အေးစက်သော အလင်းရောင်များဖြင့် တဖျပ်ဖျပ်လက်လာ၏။

ယန်တင်းယီသည် သွေးတိမ်လက်ဖဝါးကို ထုတ်ဖော်လျက် ထပ်မံတိုက်ခိုက်လိုက်ရာ၊ ထိုတိုက်ခိုက်မှုသည် သူ၏သေကွင်းသေကွက်များထံဦးတည်လာပြီး၊ လင်းယွန်၏နံရိုးအတွင်းသို့ ကြက်သွေးရောင်သိုင်းဝိညာဉ်၏လက်သည်းဖြင့် ထိုးကုပ်လိုက်လေသည်။

ထို့နောက်တွင် လင်းယွန်၏နံရိုးများကြား၌ ညပ်နေသော သူ့သိုင်းဝိညာဉ်ကို ဆွဲထုတ်ရန် ကြိုးစားနေစဉ်မှာပင်၊ တိုက်ပွဲစကတည်းက၊ ပိုးလွယ်ထားသော ဓားသေတ္တာအား ဖြုတ်ယူလိုက်သည် ကို မြင်လိုက်ရသောအခါတွင်၊ ယန်တင်းယီမှာ ထိတ်လန့်သွား၏။ တစ်ဆက်တည်းမှာပင် လင်းယွန်က သူ့အား ရှောင်တိမ်းခွင့် မပြုတော့ပဲ၊ ဓားသေတ္တာဖြင့် လွဲရိုက်လာလေသည်။

'' ဖုန်း....... ''

ယန်တင်းယီသည် လွင့်စင်နေစဉ်မှာပင် သူ့အရိုးကျိုးအသံများ ပဲ့တင်ထပ်နေခဲ့သည်။ ၎င်းသည်အစသာဖြစ်ခဲ့ပြီး၊ နောက်ဆက်တွဲ ရိုက်နှက်ချက်များအဖြစ်၊ ရှေးဟောင်းဓားသေတ္တာသည် တဖုန်းဖုန်းဖြင့်၊ ဝင်ရောက်လာခဲ့ လေသည်။ ယခုအချိန်၌ လင်းယွန်သည် သွေးဆာနေသော နတ်ဆိုးတပါးကဲ့သို့၊ သူ၏ဒေါသကို ထုတ်ပြလာလေပြီ။ ရိုက်ချက်တိုင်းသည် ကြီးမားသောစွမ်းအင်လှိုင်းများနှင့်အတူ မြေလွှာအားသိမ့်သိမ့်တုန်ယင်လာစေ၏။

နောက်ဆုံးတွင် ယန်တင်းယီသည် မြေပြင်ပေါ်သို့ လဲကျသွားသောအခါတွင်၊ သူ၏ခန္ဓာကိုယ်ရှိ အရိုးများမှာ တစ်ဝက်ခန့်ကျိုးကြေသွားခဲ့ပြီး၊ မျက်နှာ၌ သွေးစိမ်းရှင်ရှင်စီးကျလာကာ သတိလစ်နေခဲ့လေပြီ။

ထိုမြင်ကွင်းကြောင့် ကောင်းယွမ်မှာ ထိတ်လန့်သွားပြီး၊ စိတ်ပျက်လက်ပျက်ဖြင့်၊ '' ငါတို့ ရှုံးနိမ့်တာကို ဝန်ခံပါတယ်။ " ဟု အော်ဟစ်လိုက်လေသည်။

ယန်တင်းယီအနားတွင် ဒေါသတကြီးရပ်တန့်နေသည့် လင်းယွန်က၊ ကောင်းယွမ်ကို တစ်ချက်လှည့်ကြည့်လိုက်ပြီး၊ မြေပေါ်လဲကျသတိလစ်နေသော ယန်တင်းယီ၏ ခန္ဓာကိုယ်အား၊ နောက်တစ်ကြိမ် အားကုန်ထုတ် ရိုက်နှက်လိုက်ပြန်သည်။

"မင်းက လုပ်ရဲတယ်လား ........."

ကောင်းယွမ်၏ မျက်နှာသည် ဖြူဖျော့သွား၏၊ သူက လင်းယွန်ကို သတ်ပစ်ချင်သည်အထိ ဒေါသထွက်နေခဲ့လေပြီ။ ဤနတ်ဆိုးသည် သူ့စကားကိုလျစ်လျူရှုကာ ထပ်မံရိုက်နှက်ရန် တကယ်ပင်ရဲဝင့်ခဲ့ပေ၏။

" မင်းရဲ့စကားက အကျုံးမဝင်ဖူး၊ အရှုံးပေးရမယ့် သူက သူပဲ၊ ''

လင်းယွန်က သတိလစ်နေသော ယန်တင်းယီကို လက်ညှိုးထိုးပြကာ၊ အေးစက်စွာ ပြန်ဖြေလိုက်သည်။ သူ့ထံမှ သတ်ဖြတ်လိုခြင်း ဆန္ဒများ ပြည့်သိပ်နေခဲ့ပြီး၊ ထိုသို့သော ရဲရင့်သည့်မျက်ဝန်းများသည် ကောင်းယွမ်အား အာခေါင်ခြောက် သွားစေခဲ့သည်။ ဤအရူးသည် ယန်တင်းယီအား အမှန်တကယ်ပင် သတ်ပစ်ချင်ခဲ့ပုံရပြီး၊ ထိုအရာသည်သာ ဖြစ်ပျက်ခဲ့ပါက၊ သွေးတိမ်ဂိုဏ်း၏ အမျက်ဒေါသကို ကောင်းမိသားစုခံရမည်မှာ သေချာနေပေသည်။

" ထွက်သွားစမ်း ကနေ့စလို့၊ ဒီနေရာကို ဝမ်မိသားစုက ပိုင်ဆိုင်သွားပြီ၊ ခွင့်ပြုချက်မရှိဘဲ ဒီတောင်ပေါ်ကို ဘယ်သူမှ ခြေချခွင့်မရှိဘူး၊ ဖောက်ဖျက်သူမှန်သမျှ ချွင်းချက်မရှိ အသတ်ခံရလိမ့်မယ်..... ''

ရုတ်တရက် ဝမ်ကျီယဲက အော်ဟစ်သတိပေးသံနှင့်အတူ လင်းယွန်ရှေ့သို့ ပျံဝဲရောက်ရှိလာ လေသည်။

***

All Chapters