← Chapters

နောက်ထပ် ဖြစ်နိုင်ခြေ

Vol. 79 Ch. 1093

နောက်ထပ် ဖြစ်နိုင်ခြေ

Vol. 79 Ch. 1093

ဝမ်ဝေ့က ထိုအရာသည် အမှားအယွင်းတာအို နည်းစနစ်ဟု အဖြေထုတ်ပြီးသည့်နောက် ထူးဆန်းသည့် ခံစားချက် ဖြစ်တည်လာသည်။ ထိုအရာက သူ့အား ကမ္ဘာမြေတွင် သူ ငယ်ငယ်တုန်းက ဝက်ဘ်ဆိုက်တစ်ခုကို အသုံးပြုခဲ့စဉ်အခါက စခရင်တစ်ခုလုံး မည်းမှောင်သွားပြီး အသံများထွက်လာကာ [Error] ဟူသော စကားလုံးနှင့်အတူ နံပါတ်တစ်ခု လိုက်ပါလာသည်ကို ပြန်အမှတ်ရသွားစေသည်။

ဝမ်ဝေ့က လက်ကိုမြောက်ကာ ဧကရာဇ်ကျားနှင့် ဆက်နွယ်နေသည့် ကံကြိုးမျှင်များကို ဆင့်ခေါ်လိုက်ပြီး သူ့ဆီ ဆွဲလိုက်သည်။ ရှေးဟောင်းဧကရာဇ်က မီတာအနည်းငယ်မျှ လှုပ်ရှားလာပြီးနောက် ကံကြိုးမျှင်များက တောင့်တင်းသွားကာ တခြားသူ စကားကို နားထောင်ဖို့ ငြင်းဆန်လာသည်။

ဦးတည်ချက် ကံကြမ္မာ

ဝမ်ဝေ့က ဧကရာဇ်ကျားရှေ့မှောက် ပေါ်ထွက်လာကာ လက်သီးဖြင့် ထိုးချလိုက်သည်။ ထင်ထားသည့်အတိုင်း ထိုလူ၏ ပထမဆုံ အလိုလိုသိစိတ်က နောက်ဆုတ်လိုက်ဖို့ ဖြစ်သော်လည်း သူ့လက်သီးက ထိမှန်ဖို့ ကံကြမ္မာပါလာခဲ့သည်။ သူက မှားယွင်းသည့် တုံ့ပြန်မှုမျိုးကို လုပ်ခဲ့မိသည့်အတွက် ဝမ်ဝေ့က သူ့ခေါင်းကို ထိမှန်အောင် ထိုးချလိုက်သည်။

ချွမ်

ဧကရာဇ်ကျား၏ ခေါင်းအထက် ကြေးမုံတစ်ချပ် ပေါ်ထွက်လာကာ ဝမ်ဝေ့၏ တိုက်ကွက်ကို တန်ပြန်သက်ရောက်မှု ရှိစေဖို့ ကြိုးစားနေသည်။ ဤနည်းလမ်းက အောင်မြင်ခဲ့သော်လည်း တိုက်ကွက်နောက်ကွယ်မှ အင်အားအများစုက ဧကရာဇ်ကျားအား ခြေလှမ်းအနည်းငယ် ဆုတ်သွားစေခဲ့ပြီး နှာခေါင်းမှ သွေးများ စီးကျလာစေခဲ့သည်။

ခုခံရေးက သာလွန်ပြီး သူ့ခန္ဓာကိုယ်က ငါ့ထက် တစ်ဆင့်မြင့်နေတာကို သူက ထုတ်မသုံးဘူး …

ဝမ်ဝေ့က တာအိုသက်သေပြပစ္စည်းကို လှံအဖြစ် ပြောင်းရင်း သုံးသပ်လိုက်သည်။ သူက အားပြင်းပြင်းဖြင့် ပစ်ခတ်လိုက်၏။

ဧကရာဇ်ကျားက လက်ဝှေ့လိုက်ပြီး လက်နက်ကို ခုခံလိုက်သော်လည်း လှံက ငွေအပ် သန်းချီအဖြစ် ပြောင်းလဲသွားကာ သူ့ဆီ ရောက်ရှိလာသည်။

ဧကရာဇ်ကျားက ထိုအရာများသည် ရိုးရိုးရှင်းရှင်း အပ်များ မဟုတ်ကြောင်း သဘောပေါက်သွားသည့်အခါ အမူအရာပျက်သွားခဲ့၏။ သူတို့ကို ကြမ္မာတစ်ခုစီဖြင့် ကောင်းချီးပေးထားခဲ့၍ ထူးကဲသည့် အရာတစ်ခုကသာ သူတို့ကို တားဆီးနိုင်သည်။ နမူနာအနေနှင့် အပ်တစ်ချောင်း တားဆီးဖို့ မိုးကြိုးစွမ်းအား လိုအပ်လိမ့်မည်။ တခြားအပ်တစ်ချောင်းက တုန်ခါခြင်း သို့မဟုတ် မရဏစွမ်းအားကို လိုအပ်နိုင်သည်။ အကယ်၍ တခြားသော စွမ်းအင်ကို အသုံးပြုလိုက်ပါက ထိုအပ်များသည် ခုခံမှုကို ထောပတ်တုံးကို လှီးဖြတ်လိုက်သည့် ဓားသဖွယ် ထိုးဖောက်လာလိမ့်မည်။

ဒီလိုနည်းစနစ်မျိုးက အပ်တစ်ခုချင်းစီကို သေချာဖွဲ့စည်းထားဖို့ လိုအပ်ပြီး အချိန်နှင့် စိတ်ရှည်မှုများစွာ လိုအပ်သည်။ ဧကရာဇ်ကျား၏ ပထမဆုံး အလိုလိုသိစိတ်က ရှောင်ရှားဖို့ နည်းလမ်းရှာရန် ဖြစ်သော်လည်း သူ့ကိုယ်သူ ထိန်းချုပ်ခဲ့သည်။

သင်္ကေတ ကမ္ဘာ

တင်းနစ်ဘောလုံးအရွယ်ရှိထားပြီး တွင်းနက်ကြီးတစ်ခုနှင့် တူသည့် အနက်ရောင်နေရာတစ်ခုက ဧကရာဇ်ကျားရှေ့ ပေါ်ထွက်လာကာ အလင်းတန်းသန်းချီ ထုတ်လွှင့်လာသည်။ တစ်ခုချင်းစီက ထိုငွေအပ်များကို တုံ့ပြန်ဖို့ ကွဲပြားသည့် ဓာတ်သဘာဝတစ်ခုစီ ကိန်းအောင်းနေ၏။

သို့သော်လည်း ထိုအပ်များက အလွန်မြန်ဆန်လှသည့်အတွက် တချို့တလေက သူ့ကို ထိမှန်သွားသည်။ သို့သော် သူက အရေးမကြီးသည့် နေရာများကိုသာ ထိမှန်စေခဲ့ပြီး သူ့ကိုယ်သူ အစစ်အမှန် စိတ်ဆန္ဒဖြင့် ကာကွယ်ထားခဲ့သည်။

သူက သင်ယူနေတာပဲ …

ဝမ်ဝေ့က ဧကရာဇ်ကျား၏ တိုက်ခိုက်ရေးအတွေ့အကြုံ ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် တိုးတက်လာသည်ကို ကြည့်ရင်း တွေးလိုက်မိသည်။ သူက ဝိညာဉ်စွမ်းအားကို စုစည်းကာ ဧကရာဇ်ကျား၏ ကာကွယ်မှုကို ထိုးဖောက်ပြီး ဝိညာဉ်ဆီ တိုက်ရိုက်ချိန်ရွယ်ထားသည့် ကြောက်စရာကောင်းဖွယ် စိတ်ဝိညာဉ်မြှားကို ထုတ်လွှင့်ခဲ့သည်။

ဘန်း

တစ်နေရာမှ ကြောက်စရာကောင်းသည့် စိတ်ဝိညာဉ်စွမ်းအားလှိုင်းတစ်ခု ထွက်ပေါ်လာပြီး စိတ်ဝိညာဉ်မြှားဖြင့် ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။ နောက်ဆုံးတွင် ဝမ်ဝေ့က အဖြစ်အပျက်ကို မြင်လိုက်ရ၏။ ထိုလူ၏ အသိစိတ်ပင်လယ်အထက် သင်္ကေတတစ်ခု မျှောလွင့်နေပြီး ယင်စွမ်းအားအပြည့် ရှိနေသည့် နေရာတစ်ခုထံ မုခ်ပေါက်ကို ဖွင့်လှစ်ထားသည်။

ဒါက သံသရာပဲ …

ဝမ်ဝေ့က မုခ်ပေါက်တစ်ခြားတစ်ဖက်တွင် ဘာရှိနေလဲ သိနေကာ တွေးလိုက်သည်။

ငါ မှန်နေတာပဲ … သူက ငါ့အကြီးမားဆုံး အင်အားကို ဆုံးဖြတ်ဖို့ မန္တန်တစ်ခု ထုတ်သုံးခဲ့ပြီး ဆေးလုံး၊ ငါ့ဝိညာဉ်နဲ့ တခြားတစ်ခုဆိုတာ သိသွားခဲ့တာ … ငါ့စိတ်စွမ်းအားအကြောင်းတောင် သိလောက်တယ်

သူက ဒါတွေနဲ့ ရင်ဆိုင်ဖို့ ကြိုတင်ပြင်ဆင်ထားတာပဲ

ဝမ်ဝေ့၏ ခန္ဓာကိုယ်က အန္တရာယ်ကို ခံစားမိသည့်အခါ သူ့အလိုလို လှုပ်ရှားသွားသော်လည်း အလင်းတန်းက သူ့ဘယ်ဘက်ပခုံးကို ထိုးဖောက်သွားခဲ့သည်။

ဧကရာဇ်ကျားက ဆက်လက်တိုက်ခိုက်နေရင်း သူ့အသိစိတ်ပင်လယ်မှ ဒဏ်ရာကို ကုစားဖို့ အချိန်ရလာသည့်အတွက် သူ့ဖြူဖျော့ဖျော့ မျက်နှာအထက် စိတ်သက်သာရာရသည့် အမူအရာမျိုး ထွက်ပေါ်လာသည်။

ဝမ်ဝေ့က သွေးထွက်နေသည့် ပခုံးကို ကြည့်လိုက်၏။

တစ်ယောက်ယောက်ကြောင့် သွေးမထွက်တာ ဘယ်လောက်တောင် ကြာသွားပြီလဲ …

သူက ညာဘက်လက်ဖြင့် သွေးကို သုတ်ကာ အရသာခံကြည့်လိုက်သည်။

ဒဏ်ရာရသွားတဲ့ ခံစားချက်ကို ဘယ်လောက်တောင် တမ်းတနေလိုက်ရသလဲ …

သူ ခန္ဓာကိုယ်စမ်းသပ်ချက်ကို ဖြတ်ကျော်စဉ်အခါက သူ့ကိုယ်သူ ဒဏ်ရာဖြစ်စေခြင်းနှင့် မတူညီပေ။ သူက ကြောက်မက်ဖွယ် တိုက်ခိုက်လိုစိတ်ကို ထုတ်လွှင့်လိုက်ပြီး သူ့တိုက်ခိုက်ရည်ကို နောက်ထပ် ၀.၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၀၀၀ ၉ ထပ်တိုးသွားခဲ့သည်။

သူက ဧကရာဇ်ကျားဆီ ပြေးဝင်သွားလိုက်စဉ် လျို့ဝှက်အလင်းတန်းများစွာက သူ့ကို တိုက်ခိုက်လာသည်။ သူက ထိုနည်းစနစ်သည် လျို့ဝှက်စကားလုံး သို့မဟုတ် အဓိပ္ပါယ်ပေါ် အခြေခံထားကြောင်း ကောက်ချက်ချထားပြီးသား ဖြစ်၏။ အလင်းတန်းက သူ့နောက်မှ လိုက်ပါလာသော်လည်း သူက ရှောင်ရှားလိုက်သည်။ သူ အာရုံမခံမိသည့် သို့မဟုတ် မခန့်မှန်းထားသည့် အလင်းတန်းများက သူ့ကို ကပ်သီလေး လွဲချော်သွားကြသည်။

ဝုန်း

ဧရာမအလင်းတန်းက တစ်နေရာမှ ထွက်ပေါ်လာပြီး ဝမ်ဝေ့ဆီ ဦးတည်လာကာ သူ့လက်ဝါးနှင့် ခုခံတားဆီးဖို့ ဖိအားပေးနေသည်။ သူက ခုခံလိုက်သော်လည်း သူ့လက်က လောင်ကျွမ်းလာသလို ခံစားမိလိုက်၏။

သူ့တိုက်ခိုက်ရေးအတွေ့အကြုံက အရှိန်မြင့်မြင့်နဲ့ တိုးတက်လာနေတာပဲ … သူက မှတ်ဉာဏ် ပြန်ရသွားတာလား

ဝမ်ဝေ့က သုံးသပ်နေသည်။

မဟုတ်သေးဘူး … သူက ဟယ်ရှစ်ယီရဲ့ အတွေ့အကြုံကို စုပ်ယူလိုက်လို့ အပြောင်းအလဲမြန်လာတာ

ဝမ်ဝေ့က တစ်စုံတစ်ခုကို ဖမ်းဆုပ်မိပြီဟု ခံစားမိလိုက်သော်လည်း သူ့ဆီမှ လွတ်မြောက်သွားဆဲ ဖြစ်၏။

နောက်ကွယ်ကနေ တူတူပုန်းတမ်း ကစားချင်တာလား …

သူက နည်းဗျူဟာကို ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်သည်။ အလင်းတန်းက သူ့ဝိညာဉ်အပါအဝင် သူ့ခန္ဓာကိုယ်ရှိ အက်တမ်တိုင်းကို ဖျက်စီးပစ်လိုက်သည်။ ထိုသို့သော ရလဒ်မျိုးက ဧကရာဇ်ကျားအတွက် အောင်မြင်မှု ဖြစ်သင့်သော်လည်း သူ့အနေနှင့် ကိစ္စများသည် မရိုးရှင်းကြောင်း ခံစားမိကာ သတိကြီးကြီးထားထားခဲ့သည်။

ကောင်းကင်တာအိုရဲ့ မှတ်တမ်း

ဧကရာဇ်ကျား၏ မျက်လုံးက သင်္ကေတအဖြစ် ပြောင်းလဲသွားကာ ဘေးဝန်းကျင်ကို လိုက်ကြည့်နေသည်။ သူက မိုးမြေ၏ မှတ်တမ်းများကို အလျှင်အမြန် မြင်လိုက်ရပြီး စကြဝဠာကြီး၏ အခြေခံ အမှန်တရားများကို ထိုးဖောက်မြင်ခဲ့ရသည်။ သူက ရန်သူသည် အာရုံမခံမိစေရန် “ကံကြမ္မာကို မမြင်ရဘူး” ဟူသော အယူအဆကို ထုတ်သုံးထားကြောင်း မြင်လိုက်ရသော်လည်း ထိုသူကိုယ်တိုင်ကိုတော့ မမြင်ရသေးပေ။

ဝှစ်

ဝမ်ဝေ့က တစ်နေရာမှ ပေါ်ထွက်လာပြီး ခဲဖြူရောင်ဓားကို ဝှေ့ယမ်းလိုက်သည်။ သို့သော်လည်း ဧကရာဇ်ကျားက ခန္ဓာကိုယ်ကို ရွေ့လျားကာ ဓားချက် ဘယ်ဘက်လက်ကို ပိုင်းဖြတ်ခြင်းမှ ကာကွယ်လိုက်သည်။ ထိုအရာက သူ့ခန္ဓာကိုယ်အပေါ်ပိုင်းမှ ညာဘက်အထိ ဒဏ်ရာကြီး ဖြစ်သွားစေခဲ့သော်လည်း လက်တစ်ဖက် ဆုံးရှုံးရသည်ထက် ပိုကောင်းပေသည်။

ဟမ်

ဝမ်ဝေ့က ထိုသူသည် ဤတိုက်ကွက်အား အောင်အောင်မြင်မြင် ရှောင်ရှားနိုင်ခဲ့သည့်အပေါ် အံ့အားသင့်နေမိသည်။ ခဏအကြာတွင် သူက ဧကရာဇ်ကျား၏ အလိုလိုသိစိတ်သည် တိုက်ပွဲအတွင်း အချိန်တိုမျှဖြင့် ဤအဆင့်လောက်အထိ ရောက်ရှိသွားကြောင်း သုံးသပ်လိုက်သည်။ သို့သော်လည်း သူ့မျက်ဝန်းအထက် ဖြတ်ခနဲ လက်သွားသည့် သင်္ကေတဖြင့် ပြုလုပ်ထားသည့် သတ္တဝါကို မြင်တွေ့ပြီးသည့်နောက် သူက နားလည်သွားခဲ့သည်။

မထိတွေ့နိုင်သော ကြောင် …

ဝမ်ဝေ့က ထိုသတ္တဝါသည် ရှောင်ရှားရေးစည်းမျဉ်းကြောင့် နာမည်ကျော်သည့် မထိတွေ့နိုင်သောကြောင်ဟု ခေါ်သော ပင်ကိုသက်ရှိဖြစ်ကြာင်း သိလိုက်သည်။ မထိတွေ့နိုင်သောကြောင်၏ ခန္ဓာကိုယ်က အန္တရာယ်အားလုံးကို အလိုအလျောက် ရှောင်ရှားနိုင်စွမ်းရှိပြီး ဘယ်သောအခါမှ ဒဏ်ရာမရသလို မထိတွေ့နိုင်သည့် ကြောင် ဖြစ်၏။

ဝမ်ဝေ့၏ စိတ်ထဲ အတွေးများစွာ ဖြတ်ပြေးသွားသည်။ ရန်သူက သူ့ပထမတိုက်ကွက်ကို ရှောင်ရှားလိုက်သည့်အခါ သူ့ခန္ဓာကိုယ်က တုံ့ပြန်လာပြီး ဧကရာဇ်ကျားအား လည်ပင်းမှ ဖြတ်ကန်လွတ်လိုက်၍ လွှင့်စင်သွားတော့သည်။ သူက လွင့်စင်သွားသည့် ခန္ဓာကိုယ်အနား ထပ်မံ ပေါ်ထွက်လာသော်လည်း ဧကရာဇ်ကျားက သူ့ခန္ဓာကိုယ်ကို အလိုလိုလှုပ်ရှားကာ ရှောင်ရှားလိုက်သည်။

အချိန်တိုလေးအတွင်း သူက အလိုလိုသိစိတ်ကို မြင့်တင်ဖို့ နည်းစနစ်အမြောက်အများဖြင့် ကောင်းချီးပေးခဲ့ရသည်။ နမူနာအနေဖြင့် သားရဲအလိုလိုသိစိတ်၊ အာရုံခုနှစ်ပါး၊ အသိစိတ်ရှိ ခန္ဓာ အစရှိသဖြင့် ဖြစ်သည်။

အလိမ်အညာကမ္ဘာ

ဝမ်ဝေ့က ဆက်လက်တိုက်ခိုက်တော့မည့်ဆဲဆဲတွင် သူ့ကိုယ်သူ အနက်ရောင်လှောင်ချိုင့်တစ်လုံးအတွင်း ရောက်နေသည်ကို မြင်လိုက်ရသည်။

“ဒါက …”

သူက ရေရွတ်လိုက်၏။ ဤနည်းစနစ်က သူ့ကံကြမ္မာအကျဉ်းထောင်နှင့် တူညီပြီး ဤကမ္ဘာတွင် အရာအားလုံးက အလိမ်အညာ ဖြစ်ကြောင်း ခြွင်းချက်သာ ရှိ၏။

မင်းက ခြေထောက်ကို သုံးပြီး လမ်းလျှောက်တယ်- အလိမ်အညာ

မင်းလက်တွေက လက်မှုကျွမ်းကျင်တယ် - အလိမ်အညာ

မင်းက မြေဆွဲအားကို သွေဖယ်ပြီး ပျံသန်းနိုင်တယ် - အလိမ်အညာ

မင်းဆီမှာ အဖေနဲ့ အမေရှိတယ် - အလိမ်အညာ

မင်းက မွေးဖွားလာပြီး ဖြည်းဖြည်းချင်း သေဆုံးရမယ် - အလိမ်အညာ

ဝမ်ဝေ့က သူ့ခန္ဓာကိုယ်၊ ဝိညာဉ်၊ စိတ်၊ စိတ်ဝိညာဉ်၊ တာအိုနှင့် သူ့တည်ရှိမှုကို ဖြစ်စေသည့် အရာအားလုံးက အမှန်တရား မဟုတ်သည့်အတွက် ပြိုလဲလာသလို ခံစားနေရသည်။ သူ့မှတ်ဉာဏ်များကပင် အစစ်အမှန် မဟုတ်တော့သည့်အတွက် အလိုအလျောက် ပျက်စီးကုန်လေ၏။

ပြောင်မြောက်လိုက်တာ …

ဝမ်ဝေ့က ခက်ခက်ခဲခဲဖြင့် တွေးလိုက်ရသည်။

ယင်ယန် မျှခြေ …

အလိမ်အညာကမ္ဘာရှိနေလျှင် အမှန်တရားကမ္ဘာလည်း ရှိရမည်။ သူတို့ကို ပေါင်းစည်းလိုက်သည့်အခါ အလိမ်အညာနှင့် အမှန်တရားများ ပြည့်နှက်နေသည့် ကမ္ဘာတစ်ခု ပါရှိသည့် အစစ်အမှန်နှင့် သာမန် စကြဝဠာတစ်ခု ရှိလာခြင်း ဖြစ်၏။ လှောင်ချိုင့်က ပျက်သုန်းသွားသောကြောင့် အနက်ရောင်အလင်းတန်းက ဝမ်ဝေ့ကို စောင့်ဆိုင်းနေသော်လည်း သူက လှောင်ပြုံးပြုံးလိုက်သည်။

သူက ယင်ယန်တာအိုဖြင့် အလိမ်အညာနှင့် အမှန်တရားကို ထိန်းချုပ်ပြီး ဧကရာဇ်ကျား၏ စာအုပ်မှ စာရွက်ကို အသုံးပြုခဲ့သည်။

အမှန်တရားအသစ်က သူသည် ဧကရာဇ်ကျား၏ နေရာတွင် ရပ်နေပြီး ထိုသူကမူ သူ ရှိနေခဲ့သည့် နေရာသို့ ရောက်ရှိသွားသည်။ တခြားနည်းဖြင့်ပြောရလျှင် သူတို့က နေရာလဲလိုက်ခြင်း ဖြစ်၏။

တိုက်ကွက် အဆုံးသတ်သွားသည့်အခါ ဧကရာဇ်ကျားက အသက်ပြင်းပြင်းရှုလိုက်ရပြီး ခန္ဓာကိုယ်တွင် လောင်ကျွမ်းရာများ ပေါ်ထွက်လာသည်။

ငါ မှန်နေတာပဲ …

သူ့တိုက်ခိုက်ရေးအတွေ့အကြုံ တိုးတက်လာတာက ဟယ်ရှစ်ယီဆီကပဲ … အဲလိုဆိုရင်တောင် သူ့တခြားလူဝင်စားတွေက သူ့တိုက်ခိုက်ရေးဉာဏ်ရည်ကို ဘာလို့ မတိုးမြင့်ပေးနိုင်တာလဲ …

ဧကရာဇ်ကျားက ငါးဘဝမြောက် ပြန်လည်ဝင်စားခြင်း ဖြစ်သင့်သောကြောင့် သူ့တိုက်ခိုက်ရေး ဉာဏ်ရည်နှင့် အတွေ့အကြုံတို့က သူ ပြသထားသည့် ပါရမီအရ အထွတ်အထိပ် မဖြစ်သည်မှာ ထူးဆန်းလှသည်။

တစ်ခုတည်းသော ဖြေရှင်းချက်က သူက အဲဒီမှတ်ဉာဏ်တွေကို စည်းပိတ်ထားတာမျိုး ဒါမှမဟုတ် …

ဝမ်ဝေ့က မျက်မှောင်ကျုံ့ကာ စဉ်းစားလိုက်သည်။

သူက စံပြဟောင်း တစ်ယောက် မဟုတ်ဘဲ အရူးကြီးချူးလိုမျိုး အဆင့်မြင့်သက်ရှိဆီက အမွေအနှစ်ကို ရထားတဲ့ ဒိုင်မေးရှင်းအနိမ့်က သာမန်ကောင်းကင်ရွေးချယ်ခံဆိုရင်ရော …

အရူးကြီးချူးဆီကနေ အမွေအနှစ်ဆိုပါက ဖြစ်နိုင်ခြေ မြင့်မား၏။

သူ့ပြန်လည်ဝင်စားမှုအားလုံး အစစ်အမှန်ကောင်းကင်တာအိုရဲ့ အာရုံစိုက်မှုကို မရအောင် သိုသိုဝှက်ဝှက် နေထားရတယ် … အဲလိုဆိုရင် သူက ကောင်းကင်အလိုဆန္ဒတိုက်ပွဲကို ဝင်ဆင်နွဲခဲ့ပြီး တစ်ဖက်လူကို မြင့်မားတဲ့ ကျင့်ကြံဆင့် ဒါမှမဟုတ် တိုက်ခိုက်ရည်တို့နဲ့ အနိုင်ပိုင်းခဲ့ပေမဲ့ တိုက်ခိုက်ရေးအတွေ့အကြုံ နည်းပါးနေရတဲ့ အကြောင်းကို ရှင်းပြပြီးသား ဖြစ်သွားပြီ

All Chapters