ချောမွေ့လွန်းနေတယ်
Vol. 79 Ch. 1097
ကမ္ဘာဦးဟွင်သွမ်း၊ အနီရောင်မြူ တားမြစ်နယ်မြေ
ကောင်းကင်စာအုပ်က မျက်လုံးပွင့်လာကာ အဝေးတစ်နေရာကို လှမ်းကြည့်လာသည်။
အစီအစဉ် ကျရှုံးသွားတာလား …
သို့သော်လည်း ထိုရလဒ်ကို မထင်ထားခြင်း မဟုတ်ပေ။ သူ့အနေနှင့် မဟာတာအိုနှင့် ယှဉ်ပြိုင်နိုင်လောက်သည့် အနေအထားရောက်နေသည့် တစ်စုံတစ်ယောက်က ထိုလှည့်ကွက်ထဲ ကျဆင်းသွားပါက စိတ်ပျက်မိသွားလောက်မည်။
သူက စာအုပ်ကို စစ်ဆေးကြည့်လိုက်၏။ ထင်ထားသည့်အတိုင်း စကားလုံးများစွာ ရှိနေသည်။ သူ့အဓိကရည်ရွယ်ချက်က အချိန်မြစ်ကြေင်းပေါ် သက်ရောက်စေပြီး စာအုပ်၏ အကြောင်းအရာများကို တိုးမြင့်ဖို့ ဖြစ်၏။ သူ့ရည်ရွယ်ချက် အောင်မြင်ခဲ့သည်ဟု ဆိုရမည်။
သူက ငါမှန်း သိသွားပြီလား… စိတ်ဝင်စားစရာပဲ
သူက ငါ ထင်ထားထက်တောင် ပိုပြီး ခြိမ်းခြောက်နိုင်တာပဲ
ကောင်းကင်စာအုပ်က တွေးလိုက်သည်။
သူက သမိုင်းမတိုင်မီကမ္ဘာနဲ့ အဆက်အသွယ် ရှိနေတာလား … ကိစ္စတွေက ပိုပြီး ရှုပ်ထွေးလာတော့မှာပဲ
သူက စာအုပ်ကို ပိတ်လိုက်ပြီး တရားထိုင်လိုက်သည်။ သူက ဗုဒ္ဓဘာသာ၏ မူလဇစ်မြစ်အကြောင်း သဲလွန်စ တွေ့ထားပြီဖြစ်ရာ အရူးကြီးချူးနှင့် အလဲအလှယ် လုပ်နိုင်ဖို့ သိပ်ကြာမည် မဟုတ်တော့ပေ။
………….
အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၊ တိုက်ပွဲစိတ်ဝိညာဉ်ကမ္ဘာ
ဟယ်ရှစ်ယီက ဆိုးဆိုးရွားရွား အခြေအနေဖြင့် သူ့ဂိုဏ်းထံ ပြန်ရောက်လာသည်။ သူက သူ အဆင်ပြေပြီး အနားယူဖို့သာ လိုအပ်ကြောင်း ပြောလိုက်သည်။ သူ ပြန်ရောက်လာပြီးသည့်နောက် ဆယ်မိနစ်ခန့် ကြာမြင့်ပြီးသည့်နောက်တွင် ကုန်သွယ်ရေးဗဟိုချက်မှ ဥက္ကဋ္ဌက သူ့ကို ဆက်သွယ်လာသည်။
အဲဆိုတော့ သူတို့က နေရာတိုင်းမှာ လူတွေရှိနေတာပဲ …
ဟယ်ရှစ်ယီက ပြန်လည်ဖြေကြားရင်း တွေးလိုက်သည်။ အစီအရင်က အသက်ဝင်လာပြီး ပညာရှင်ဆန်ဆန် မျက်မှန်နှင့် အမျိုးသားတစ်ယောက်၏ ပုံရိပ် ပေါ်ထွက်လာသည်။ ထိုလူက ဥက္ကဋ္ဌ ထျန်းဝမ်ယန် ဖြစ်၏။
“ပြီးသွားပြီလား” ဥက္ကဋ္ဌက ဟယ်ရှစ်ယီ၏ ဆိုးဆိုးရွားရွား အခြေအနေကို စစ်ဆေးရင်း မေးလိုက်သည်။
“သိသာတာပဲ မဟုတ်ဘူးလား” ဟယ်ရှစ်ယီက ပြန်ဖြေလိုက်၏။
“သူ့ကို သတ်ခဲ့တာလား”
“အဲဒါ ဖြစ်နိုင်မယ်များ ထင်နေလား။ အစီအစဉ်အတိုင်း သူ့ကို ဒိုင်မေးရှင်းအမြင့်ဆီ နှင်ထုတ်လိုက်တာ”
“အဲဆိုတော့ သူက ဒီလောက်တောင် အားပြင်းတယ်လား” ဥက္ကဋ္ဌက ရေရွတ်လိုက်၏။
“ သူ့ကို သတ်လိုက်တာ အကောင်းဆုံးဆိုပေမဲ့လည်း အခုတော့ ဒီလောက် အဆင်ပြေပါတယ်”
ဒိုင်မေးရှင်းအနိမ့်တွင် သူတို့က နေ့စဉ်ရက်ဆက် ထိုအမျိုးသားအပေါ် အကြောက်တရားဖြင့် နေထိုင်နေရပြီး မည်သူကိုမှ မှီခိုစရာ မရှိကြပေ။ သို့သော်လည်း ဒိုင်မေးရှင်းအမြင့်တွင် သူတို့က ဘိုးဘေးများကို အားကိုးနိုင်၏။
“ ငါတို့ဘက်က မင်းအတွက် ကုသဖို့ ပစ္စည်းတစ်ချို့ ပို့ပေးလိုက်မယ်။ ကျေးဇူးတင်တဲ့အနေနဲ့ပေါ့” ဥက္ကဋ္ဌက ပြောလိုက်သည်။
“ကိစ္စမရှိပါဘူး။ ” ဟယ်ရှစ်ယီက ပြန်ပြောလိုက်သည်။ မိနစ်ပိုင်းကြာမြင့်ပြီးသည့်နောက်တွင် တိုက်ပွဲစိတ်ဝိညာဉ်ကမ္ဘာ အပြင်ဘက် တစ်စုံတစ်ယောက်ကို အာရုံခံမိလိုက်၏။
သူတို့က ငါ့အားနည်းချက်ကို သုံးပြီး တိုက်ခိုက်လာလိမ့်မယ်လို့ ထင်ထားခဲ့တာ …
သူက တာအိုမြင့်မြတ်ရေစင်ကို ဆုလာဘ် ရရှိလိုက်သည်။
ဒီလူတွေက တကယ်ချမ်းသာကြတာပဲ …
ဟယ်ရှစ်ယီက တွေးလိုက်သည်။ တာအိုမြင့်မြတ်ရေစင်က ဧကရာဇ်များအား တာအိုဆန္ဒ၊ စိတ်ဆန္ဒသဏ္ဍာန်ပြခြင်းနှင့် အစစ်အမှန် ဆန္ဒ ဒဏ်ရာများကို ကုစားဖို့ ကူညီပေးသည့် ရှားပါး ကုသရေးအရင်းအမြစ်တစ်ခု ဖြစ်ပေသည်။ သူက တုံ့ဆိုင်းမနေဘဲ ဝမ်ဝေ့ထံ ပို့ဆောင်ပေးလိုက်၏။
ထို့နောက် သူက ဂိုဏ်း၏ အစီအရင်ကို အသက်သွင်းကာ သီးသန့်ပိုင်းခြားထားသည့် အနေအထားသို့ ဝင်ရောက်ခဲ့သည်။
ထိုစဉ် ဥက္ကဋ္ဌ ထျန်းဝမ်ယန်က ကုန်သွယ်ရေးဗဟိုချက်ရှိ အဓိက အဖွဲ့ဝင်များအား အစည်းအဝေးခေါ်ခဲ့သည်။ ပုံမှန်အားဖြင့် အဓိကအဖွဲ့ဝင်များက အယောက်သောင်းဂဏန်း ပါဝင်ပြီး တစ်ယောက်ချင်းစီက ထိပ်တန်း ဧကရာဇ်မျိုးနွယ်ကို ကိုယ်စားပြုထားကြသည်။ သို့သော်လည်း ဤအစည်းအဝေးတွင် လူနှစ်ရာမျှသာ ရောက်လာ၏။
သူ့ပုံရိပ်ယောင်က တင်ပျဉ်ခွေထိုင်နေကြသည့် လူအုပ်ရှေ့ ထွက်ပေါ်လာ၏။
“ဘာဖြစ်လို့လဲ“ ကိုယ်စားလှယ်တစ်ဦးက မေးလိုက်သည်။
“အစီအစဉ် အောင်မြင်သွားပြီ” ထျန်းဝမ်ယန်က ပြန်ဖြေလိုက်၏။
“သူ သေသွားပြီလား။ အဲဒါကြောင့် အဆုံးမဲ့လေဟာနယ်ထဲ ဒီလိုတုန်ခါမှုမျိုး ထွက်လာတာလား”
“ သူ မသေပါဘူး။ ဒိုင်မေးရှင်းအမြင့်ဆီ နှင်ထုတ်လိုက်တာ ”
“နှမြောစရာပဲ” အမျိုးသမီး ကိုယ်စားလှယ်တစ်ဦးက ပြောလိုက်သည်။
“သူ့ရဲ့ အင်အားနဲ့ဆိုတော့ နားလည်လို့ ရပါတယ်”
“အာရုံစိုက်ကြ” ဥက္ကဋ္ဌက ပြောလိုက်သည်။
“အခု သူ မရှိတော့ဘူးဆိုတော့ ငါတို့ လှုပ်ရှားရမဲ့အချိန်ပဲ”
“အဲဆိုတော့ အစီအစဉ်က ဘယ်လိုလဲ။ တာအိုအခွင့်အလမ်းဂိုဏ်းကို တိုက်ခိုက်မှာလား”
“ မဟုတ်သေးဘူး။ အလျှင်မလိုနဲ့ ”
“ဘာလို့လဲ။ အဲဒီမကောင်းဆိုးဝါး မရှိတော့ဘူးလေ။ အဲဒီမောက်မာနေတဲ့ ကောင်စုတ်တွေကို တော်တော်စိတ်ပျက်နေပြီ”
“သူတို့ဆီမှာ ထာဝရဧကရာဇ် ကိုးယောက်ကျော် ရှိတယ်။ သူတို့က အိမ်ကွင်းအရေးသာချက်ရှိနေတုန်း တိုက်ခိုက်ချင်နေတာလား။ စိတ်ခံစားချက်တွေနဲ့ တုံးအအတွေ မလုပ်မိစေနဲ့”
“ခင်ဗျားပြောတာ မှန်ပါတယ် ”
“ ငါတို့အစီအစဉ်က သူတို့အရေအတွက်ကို ခွဲလိုက်ဖို့ပဲ” ထျန်းဝမ်ယန်က ပြောလိုက်သည်။
“ငါတို့တွေ သိုင်းပညာအုပ်စိုးသူကမ္ဘာနဲ့ ကြယ်တာရာသားရဲကမ္ဘာကို တိုက်ပြီး သူတို့ကို အင်အားစုတွေကို လက်ပန်းကျသွားအောင် ဖိအားပေးမယ်”
“တစ်ယောက်ယောက်က ကျုပ်တို့သဘောတူညီချက် ချိုးဖောက်လို့ ပေးရမဲ့ တန်ကြေးကို ပေးဖို့ လိုလားတယ်ဆိုရင် နတ်ဘုရားသဟဇာတ ကမ္ဘာက သိုင်းပညာအုပ်စိုးသူကမ္ဘာအတွက် ရှေ့ပြေးတပ်ဖွဲ့ လုပ်ပေးပါ့မယ်” အပြာဝတ်ရုံနှင့် တာအိုဆရာတစ်ယောက်က ပြောလိုက်သည်။ သို့သော်လည်း သူ့စကားများက အခန်းကို တိတ်ဆိတ်သွားစေသည်။
“ ဖြစ်စဉ်က မထိုက်တန်မှာကို စိုးမိတယ်” ဥက္ကဋ္ဌက စက္ကန့်ပိုင်းကြာ တိတ်ဆိတ်နေပြီးနောက် ပြောလိုက်သည်။
“ကျုပ် နားလည်ပါပြီ” တာအိုဆရာက သက်ပြင်းချလိုက်သည်။
“တာအိုအခွင့်အလမ်းဂိုဏ်းနဲ့ အသင်္ချအင်ပါယာကမ္ဘာကနေ ကျုပ်တို့လှုပ်ရှားမှုတွေကို ဘယ်လိုဖုံးကွယ်ထားမှာလဲ။ သူတို့ရဲ့ သတင်းအချက်အလက် စုဆောင်းရေးက ထိပ်တန်းအဆင့်ပဲ
“ဘာမှဖုံးကွယ်နေစရာ မလိုတော့ဘူးမလား”” ထျန်းဝမ်ယန်က ပြောလိုက်သည်။
“ဟုတ်တယ်။ သူမှ မရှိတော့တာ ငါတို့တွေ ဘာပြဿနာမှ မရှိဘဲ သူ့လူတွေကို သတ်နိုင်တယ်။ အခုချက်ချင်း ဌာနချုပ်က သူ့လူတွေကို ဖယ်ရှားပစ်ရအောင်”
“တကယ်လို့ ငါတို့ လှုပ်ရှားတာသာ မြန်ရင် သူတို့ဆိုင်တွေနဲ့ လူတွေကို ကိုယ်ပိုင်ဖြစ်အောင် လုပ်လို့ရတယ်။ ကံကြမ္မာအရိပ်တပ်ဖွဲ့ဝင်တွေက တကယ်ကို ပါရမီထူးတယ်။ သူတို့ကို သတ်ရမှာ နှမြောစရာပဲ”
“ကျုပ်လည်း အဲဒါသဘောတူတယ် ”
“နောက်ကျလွန်းသွားပြီ” အားလုံးက ပြောလာသည့်လူကို ကြည့်လိုက်ကြသည်။ ထိုလူက အပြာရောင်ဆံပင်ရှိထားပြီး ဆက်သွယ်ရေးအဆောင်တစ်ခုကို ကိုင်ဆောင်ထားလေ၏။
“သူတို့အားလုံး နောက်ဆုတ်သွားပြီလို့ သတင်းရလိုက်တယ်။ သူတို့ဆိုင်တွေနဲ့ လူတွေလည်း ပျောက်သွားကြပြီ”
“ ဒါက မြန်လိုက်တာ” သိပ်မကြာခင် အားလုံးက တာအိုအခွင့်အလမ်းဂိုဏ်းနှင့် တခြားသော အသင်္ချေအင်ပါယာကမ္ဘာ အင်အားစုများ ပျောက်ကွယ်သွားမှုအကြောင်း သတင်းရလိုက်ကြသည်။ သူတို့က သက်ပြင်းသာချလိုက်နိုင်၏။ ထိုလူများက လက်သွက်လွန်းကြသည်။
“သတင်းကောင်းက အဲဒီလူတွေရဲ့ အပြုအမူက သူ့ဆီ တစ်ခုခု ဖြစ်ပျက်သွားပြီဆိုတာကို သက်သေပြနေတာပဲ။ ဟယ်ရှစ်ယီက မလိမ်ခဲ့ဘူး” ထျန်းဝမ်ယန်က ပြောလိုက်သည်။
“ဒါက ဘာများပြောင်းလဲသွားလို့လဲ”
“ဟုတ်တယ်။ ငါတို့တွေ သူတို့တွေ ငါတို့တိုက်ခိုက်မှုကို ပြင်ဆင်ထားတာကို တားဆီးကာကွယ်ဖို့ ခပ်သွက်သွက် လှုပ်ရှားရမယ်”ထျန်းဝမ်ယန်က ပြောလိုက်သည်။
“ နည်းဗျူဟာဖျက်ဆီးသူကို သုံးရင်ရော ဘယ်လိုလဲ။ ဒါက အားလုံးကို ဖြေရှင်းဖို့ အမြန်ဆုံးနည်းလမ်းပဲ”
“ မရဘူး။ ငါတို့တွေ နောက်ဆုံးအခြေအနေမှာပဲ ဒီနည်းလမ်းကို သုံးနိုင်တယ် ”
ကုန်သွယ်ရေးဗဟိုချက် ဌာနချုပ်က လေဟာနယ်ထဲ ပေါ်လောပေါ်နေသည့် ကုန်းမြေအကြီးကြီးတစ်ခု ဖြစ်၏။ သို့သော်လည်း လူတချို့ကသာ ကုန်းမြေတစ်ခုလုံးက အဆင့် ၁၀ လေဟာနယ်သက်ရှိနှင့် ကြယ်ခြောက်လုံး ကမ္ဘာဦးနတ်ဘုရား ယွမ်ထီ၏ အမွေဆက်ခံသူ ရှားပါးသက်ရှိဖြစ်ကြောင်း သိထားကြသည်။
ထိုသက်ရှိကို ကုန်းမြေပုံစံ အသုံးပြုထားသည့်အပြင် သူတို့က ဧကရာဇ်အစီအရင် သောင်းချီ၊ တာအို အစီအရင်သန်းထောင်ချီ၊ ရေတွက်လို့မရနိုင်သည့် အင်မော်တယ်အစီအရင်များစွာ ပြည့်နှက်နေသည့် လက်နက်အဖြစ် ပြောင်းလဲနိုင်သည်။ သူတို့ကို အသက်သွင်းလိုက်သည်နှင့် စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်း၏ ကောင်းကင်ဘုံအဆင့် လက်နက်ပျက်ကိုလည်း ကြောက်စရာ မလိုပေ။
“ငါ သဘောတူတယ်”ထျန်းဝမ်ယန်က ပြောလိုက်သည်။
“ ငါတို့တွေက စိတ်ဝိညာဉ်ဇစ်မြစ်ဂိုဏ်းလိုမျိုး ကာကွယ်ပေးခံထားရတာ မဟုတ်တော့ ဖျက်ဆီးသူက ပြဿနာအမြောက်အများ ဖြစ်လာစေလိမ့်မယ်”
“ အဲဆိုတော့ အစီအစဉ်က ဘယ်လိုလဲ”
“ နည်းဗျူဟာတောင်ကို သုံးဖို့ အကြံပြုချင်တယ်။ ကျုပ်တို့တွေ ရန်သူကို တတ်နိုင်သမျှ မြန်မြန် ဖျက်ဆီးပစ်ဖို့ ထိပ်တန်းအင်အားစုတွေနဲ့ တပ်ဖွဲ့တွေကို စေလွှတ်ရမယ်။ ကျုပ်တို့ မလိုချင်ဆုံးက နောက်ထပ်အပြောင်းအလဲပဲ။ အဲဆိုတော့ ဒါက အကောင်းဆုံး အစီအစဉ်ပဲ”
“ဒီအစီအစဉ်ကို သဘောတူတယ်”
“ကျုပ်ရောပဲ”
“ကျုပ် … ”
“အားလုံးက သဘောတူမှတော့ အစီအစဉ်ကို အကောင်အထည်ဖော်ကြတာပေါ့” ထျန်းဝမ်ယန်က အစည်းအဝေးကို အဆုံးသတ်လိုက်သည်။
………….
ဗဟိုချက်ဌာနချုပ်၊ ဥက္ကဋ္ဌအခန်း
ထျန်းဝမ်ယန်က နက်နက်နဲနဲ စဉ်းစားနေသည်။ အစည်းအဝေးက ဟာကွက်မရှိ ပြီးပြည့်စုံစွာ ချောမွေ့နေသည်။ အချိန်အတော်ကြာ မခံမရပ်နိုင်ဖြစ်ပြီးသည့်နောက် သူတို့က နောက်ဆုံးတော့ လက်တုံ့ပြန်နိုင်တော့မည် ဖြစ်၏။ သို့သော် သူက စိတ်မငြိမ်ခင် တစ်စုံတစ်ခု မှားနေသည့် ခံစားချက်ကို ရလိုက်သည်။
“ပြဿနာက ဘာပါ့လိမ့်” သူက ရေရွတ်လိုက်၏။ သူက မိနစ်ပိုင်းကြာ မျက်မှောင်ကြုတ်ပြီး စိတ်ထဲ လန်းဆန်းသွားအောင် အဖန်ရည်တစ်ငုံ သောက်လိုက်သည်။ သူက တာအိုဘိုးဘေးမျှ ဖြစ်သော်လည်း ဤရာထူးကို သုံးကြိမ်တိုင်တိုင် သိမ်းပိုက်ထားနိုင်သူ ဖြစ်သည်မှာ သူ့တည်ငြိမ်မှုနှင့် စွမ်းဆောင်ရည်တို့က အစွဲအလမ်းဟု ဆိုလိုရလောက်သည့် အနေအထားအထိ ပြဿနာမရှိတော့အောင် သေချာစေဖို့ သူ့ဆုံးဖြတ်ချက်ကို ထပ်ကာထပ်ကာ သုံးသပ်တတ်၍ ဖြစ်သည်။
အရာအားလုံးက ချောမွေ့လွန်းနေတယ် …
တာအိုအခွင့်အလမ်းဂိုဏ်းက စင်မြင့်ပေါ်ကနေ အလျှင်အမြန် ထွက်သွားပုံအရ ပြဿနာမရှိဘူးလို့ ထင်ရပေမဲ့ အခု သူ တွေးကြည့်လိုက်မှ အရာအားလုံးက တွက်ချက်ထားလွန်းသလို ခံစားနေရသည်။
ငါ သံသယဖြစ်လွန်းနေတာလား…
သူက ခေါင်းယမ်းကာ တွေးလိုက်သည်။
တကယ်လို့ အဲလိုဆိုရင်တောင် ဖြစ်လာတာထက် ကြိုတင်ပြင်ဆင်ထားတာ ပိုကောင်းတယ် …
ထျန်းဝမ်ယန်က တုံ့ဆိုင်းမနေဘဲ ရဲတင်းသည့် ဆုံးဖြတ်ချက်ကို ချမှတ်ကာ ဌာနချုပ်မှ ထွက်ခွာပြီး မွေးရပ်မြေကမ္ဘာဖြစ်သည့် လှပသောရွှေကမ္ဘာ သို့ ပြန်လာလိုက်သည်။ တစ်စုံတစ်ခု မှားယွင်းနေပါက သူ ပြန်လာနိုင်ကြောင်း သိထား၍ သူက တုံ့ဆိုင်းခြင်းမရှိ ထွက်လာခြင်း ဖြစ်၏။
…………
အသင်္ချေအင်ပါယာကမ္ဘာ၊ ကောင်းကင်ခုံရုံး
“ဘာလို့ အရှင် မဟုတ်ဘဲ ခင်ဗျားတို့နှစ်ယောက်က ဒီအစည်းအဝေးကို အမိန့်ပေးနေရတာလဲ”
“ကျုပ်တို့လူတွေက ကုန်သွယ်ရေးဗဟိုချက်ကနေ ဘာလို့ ထွက်လာရတာလဲ”
“အားလုံး စိတ်ငြိမ်ငြိမ်ထားကြပါ” ယုယန်က ပြောလိုက်သည်။ သူမ ဘယ်သူလဲ မြင်တွေ့ပြီးသည့်နောက်တွင် သူမသားကို ထည့်သွင်းစဉ်းစားကာ သူမကို မျက်နှာသာပေးဖို့ ဆုံးဖြတ်လိုက်ကြသည်။ ယုယန်က ထိုအကြောင်းကို သိထားသော်လည်း စိတ်ထဲမထားပေ။ ပြောရလျှင် ဤမျိုးဆက်အတွင်း သူမက ဂုဏ်သတင်းအနည်းငယ်သာ ရှိသည် မဟုတ်ပါလော။
“ကျွန်မသားမှာ ပြဿနာနည်းနည်း ရှိနေလို့ပါ ”
“အရှင်က ဘာများဖြစ်လို့လဲ”
“သူ ဒဏ်ရာထပ်ရသွားတာလား”
“ကျေးဇူးပြုပြီး သူ့ကို အခုတွေ့ခွင့်ပေးပါ ”
“ကျွန်မ စကားပြီးအောင် ပြောခွင့်ပေးကြပါဦး” သူမက အရှိန်အဝါကို ထုတ်လွှင့်လိုက်မှ သူမသည်လည်း ထာဝရဧကရာဇ်တစ်ပါး ဖြစ်ကြောင်း အမှတ်ရသွားကြသည်။
“မတော်တဆ ဖြစ်ရပ်တစ်ခု ရှိခဲ့ပြီးတော့ သူက အခု အလုပ်ရှုပ်နေပြီး ပေါ်ထွက်မလာနိုင်သေးဘူး” သူမက ဖြည်းဖြည်းချင်း ရှင်းပြလိုက်သည်။
“ကုန်သွယ်ရေးဗဟိုချက်က သူ ထွက်သွားပြီထင်ပြီး အစွယ်ဖြဲပြဖို့ လုပ်နေကြပြီ။ သူတို့က ကျွန်မတို့ရဲ့ကမ္ဘာနဲ့ မဟာမိတ်တွေကို တိုက်ခိုက်လာကြလိမ့်မယ်။ ကျွန်မတို့ရဲ့ အကျိုးမြတ်ကို ကာကွယ်ဖို့ ပြင်ဆင်ထားဖို့ လိုတယ်”
အခန်းက တိတ်ဆိတ်သွားပြီး ထိုလူများက အံ့ဖွယ်အသိစိတ်မှတဆင့် သူတို့အချင်းချင်းနှင့် သူတို့အင်အားစုရှိ အထက်ပိုင်းများနှင့် ဆက်သွယ်ပြောဆိုနေကြသည်။
“အရှင်က အဆင်ပြေတယ်ဆိုတာ အာမခံပေးနိုင်လား”
“သူ့အင်အားကိုလည်း သိပါတယ်။ သူက ဘာများဖြစ်နိုင်မှာလဲ” ယုယန်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“ဒီစကားတွေက ခင်ဗျားထင်သလောက် စိတ်မအေးစေဘူး။ သူ့အင်အားနဲ့ဆိုရင် မတော်တဆ ဖြစ်ရပ် မရှိသင့်ဘူးလေ”
“ ကမ္ဘာကြီးမှာ အကြွင်းမဲ့ဆိုတာ မရှိဘူး။ ဖြစ်နိုင်ခြေက ဘယ်လောက်ပဲနည်းနည်း ဖြစ်လာနိုင်တယ်”
အခန်းက တဖန်တိတ်ဆိတ်သွားကာ ထိုလူများက အချင်းချင်း ထပ်မံ ဆွေးနွေးလိုက်ကြပြန်သည်။