အမြောက်အများ ချီတက်လာခြင်း
Vol. 79 Ch. 1098
“အစီအစဉ်က ဘာလဲ” အောင်းရှန်က မေးလိုက်သည်။
“ရန်သူက အားအပြည့်နဲ့ ချီတက်လာနေပြီ။ အဲဆိုတော့ စစ်ပွဲခန်းမကို ပြန်စတင်ပြီး ကျွမ်းကျင်သူအားလုံးကို ဆင့်ခေါ်ထားရမယ်။ အားလုံး ပါဝင်ရမယ်။ လီကျွင်းနဲ့ ယန်းလီလင်းကလွဲရင်ပေါ့ ” ယုယန်က ပြောလိုက်သည်။
“အစောင့်အရှောက်က ကမ္ဘာကို ကာကွယ်ဖို့ ကျန်ရစ်နေရမယ်ဆိုတာကို နားလည်ပါတယ်။ ဒါပေမဲ့ သွေးနီရောင်သတ်ဖြတ်သူ ဧကရာဇ်က မပါဘူးလား။ ဒီလိုအခြေအနေမျိုးမှာ သူ့အင်အားကို အသုံးပြုလို့ရတယ်လေ”
“သံသရာခုံရုံးက တည်ထောင်ခါစဆိုတော့ ခဏလောက် ထွက်လာနိုင်ဦးမှာ မဟုတ်ဘူး” ယုယန်က အသေအချာ ရှင်းပြလိုက်သည်။ တချို့လူများက သူမကို အာရုံစိုက်ထားကြစဉ် တခြားသူများက ထိုရှင်းပြချက်ကို လက်ခံကြ၏။
“ငါ့သားရဲ့ သဘောတူညီချက်အရ သူ ပြန်မလာခင်အထိ အရေးပေါ်အခြေအနေမှာ ရှုရှစ်က ကိုယ်စားလှယ် ဖြစ်လာလိမ့်မယ်”
အားလုံးက ထိုသတင်းကြောင့် အံ့အားသင့်သွားကြသည်။ ကိုယ်စားလှယ် ချမှတ်လိုက်၍ သာမက ထိုသူက အချိန်လေဟာနယ်ဧကရီ ဖြစ်နေ၍ ဖြစ်သည်။ ကောင်းကင်ဧကရာဇ်နှင့် နီးကပ်သူ တစ်စုံတစ်ယောက် ရွေးချယ်ခံရသည်မှာ အဓိပ္ပါယ်ရှိ၏။ သို့သော် တာအိုအခွင့်အလမ်းဂိုဏ်း၏ အကြီးမားဆုံး ရန်သူဖြစ်ခဲ့ဖူးသည့် အင်အားစုမှ လူကို ပေးအပ်လိုက်ခြင်းအပေါ် အံ့အားသင့်သည်မှာ မဆန်းလှပေ။
“ ခင်ဗျားက ရာထူးကို ယူလိုက်တာ ပိုသင့်တော်တယ် မဟုတ်ဘူးလား။ ဘာဖြစ်ဖြစ် ခင်ဗျားက သူ့အမေပဲလေ” တစ်ယောက်က ဝင်အကြံပြုလိုက်သည်။
“ကျွန်မသားက သူမကို ရွေးချယ်ထားမှတော့ အကြောင်းအရင်းရှိလို့ပေါ့” ယုယန်က ရှင်းပြလိုက်သည်။
“အခု သူမက အစည်းအဝေးကို ဆက်ကျင်းပပါလိမ့်မယ် ”
ခေါင်းဆောင်အဖြစ် ရွေးချယ်ခံထားရပြီး ပလ္လင်အခန်းရှေ့ ရပ်နေသော်လည်း ရှုရှစ်က ပလ္လင်ပေါ်တွင် မထိုင်ခဲ့ပေ။ သူမက မတ်တတ်ရပ်လျက် အားလုံးကို မျက်နှာချင်းဆိုင်ခဲ့၏။
“ အခုက အကျပ်အတည်း အခြေအနေပဲ။ ဆိုလိုတာက ကျွန်မတို့ နောက်ဆုတ်လို့မရဘူး။ တချို့တွေက ထာဝရတန်းစား ဆန့်ကျင် ကျင့်ကြံသူတွေကို တိတ်တဆိတ် ပြုစုပျိုးထောင်ပြီးလောက်ပြီ။ သူတို့က ဒီတိုက်ပွဲထဲ ဝင်ပါရလိမ့်မယ်” ရှုရှစ်က ကြေညာလိုက်သည်။
အားလုံးက မျက်မှောင်ကြုတ်လိုက်ကြ၏။ သူတို့က ဤသည်မှာ အားလုံး တိတ်တိတ်နေဖို့ သဘောတူထားသည့် ပွင့်လင်းမြင်သာ လျို့ဝှက်ချက်တစ်ခု ဖြစ်ကြောင်း သိကြသော်လည်း ယခုတွင် ထုတ်ဖော်ခိုင်းနေသည်။
“အဲဒါက တာအိုအခွင့်အလမ်းဂိုဏ်းရော ပါလား”
“ပါတယ်” ရှုရှစ်က ခေါင်းညိတ်လိုက်သည်။
“ကျွန်မတို့ ရည်ရွယ်ချက်က တတ်နိုင်သမျှ တောင့်ခံထားဖို့ပဲ။ အဲဆိုတော့ ရသမျှ လူအင်အားကို လိုအပ်တယ်”
“အဲဆို ဗုဒ္ဓဇင်ဧကရာဇ်က ဘာလို့ ဒီမှာမရှိတာလဲ”
“သူက တခြားကမ္ဘာကို ရောက်နေလို့ ဒီစစ်ပွဲအတွက် ဆင့်ခေါ်မှာပါ ”
အားလုံးက ခေါင်းညိတ်လိုက်ကြသည်။ ဤနည်းဖြင့်သာ အားလုံးက မျှတမည် ဖြစ်၏။
ရှုရှစ်က အောင်းရှန်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။
“ ပင်ကိုနတ်ဆိုးနတ်ဘုရားတွေကို ဒီစစ်ပွဲမှာ ဝင်ရောက်ဆင်နွဲရမယ်လို့ ပြောလိုက်ပါ။ ဒါက ညှိနှိုင်းခွင့် မရှိဘူး ”
အောင်းရှန်က မျက်မှောင်ကြုတ်လိုက်၏။
“ဒါက အဆင်ပြေပါ့မလား။ သူတို့ကို သီးသန့်ပိုင်းခြားထားတာ ကြာလှပြီ။ သူတို့ကို ပထမဆုံး လွတ်ပေးလိုက်လိုက်ချင်းမှာ ကျုပ်တို့အတွက် တိုက်ခိုက်ပေးရမယ်တဲ့လား”
“သူတို့က သူတို့ကိုယ်တိုင်အတွက် တိုက်ခိုက်ရမှာပါ” ရှုရှစ်က ပြန်လည်ချေပလိုက်သည်။
“ဒါက သူတို့က ဒီနေရာက ဖြစ်ကြောင်း ကမ္ဘာကြီးကို ပြသဖို့ အခွင့်အရေးတစ်ခုလို့ ပြောလိုက်ပါ။ ဒီစစ်ပွဲပြီးသွားရင် သူတို့ကို ယုံကြည်ဖို့ ပြဿနာ မရှိတော့ဘူး”
သူတို့ခေါင်းဆောင်က ကြယ်ငါးလုံး ယွမ်ထီအဆင့် ရောက်နေပြီဖြစ်၍ ကုန်သွယ်ရေးဗဟိုချက်က အင်အားအပြည့်ဖြင့် ချီတက်နေမှန်း သိထားသည့်အခါ အသင်္ချေအင်ပါယာကမ္ဘာက ထိုသို့သော ထာဝရတန်းစား အင်အားကြီးပုဂ္ဂိုလ်များကို လက်လွတ်ခံမည် မဟုတ်ပေ။
“ကောင်းပါပြီ” နဂါးက ခေါင်းညိတ်လိုက်၏။
“ဒီစစ်ပွဲက ကျွန်မတို့ရဲ့ အကျိုးမြတ်နဲ့ မဟာမိတ်တွေကို ကာကွယ်ပေးဖို့ဆိုပေမဲ့ အကျိုးမြတ်တော့ ရှိလိမ့်မယ်။ စစ်မက်ရေးရာ စနစ် အသက်သွင်းပြီးတော့ အကျိုးပြုမှုတွေအတွက် ကုသိုလ်စုဆောင်းနိုင်တယ်။ စစ်ပွဲမှာ သုံးတဲ့ အရင်းအမြစ်တွေကိုတောင် ကျွန်မတို့တွေ အနိုင်ရတာနဲ့ ပြန်ပေးလိမ့်မယ် ”
နောက်ဆုံးတွင် ရှုရှစ်က ထိုလူများထံမှ တက်ကြွမှုနှင့် စိတ်အားထက်သန်မှုတို့ကို မြင်လိုက်ရ၍ ဝမ်ဝေ့က သူတို့နှင့်စကားပြောသည့်အခါ ရံဖန်ရံခါ မကျေနပ်မှု ပြသလဲဆိုသည့် အကြောင်းအရင်းကို နားလည်သွားခဲ့သည်။ ဤနေရာအမြင်မှ သူတို့၏ လောဘကို အလွယ်တကူ သတိထားမိနိုင်၏။
“မေးစရာ ရှိသေးလား”
“ ကောင်းကင်ဧကရာဇ် ဘယ်အချိန် ပြန်လာနိုင်မလဲဆိုတာ အကြမ်းဖျင်း သိလို့ရမလား” ထိုလူများက မတုံးအပေ။ ဤသို့နောက်ခံကြီးကြီး မရှိဘဲ အဆုံးမဲ့လေဟာနယ်ထဲရှိ တခြားကမ္ဘာများကို အနိုင်မကျင့်နိုင်ကြောင်း သိထားလေသည်။ သူ မရှိဘဲ သူတို့က စိတ်မအေးရပေ။
ရှုရှစ်က ပြန်မဖြေဘဲ ယုယန်ကို ကြည့်လိုက်သည်။
“ ကျွန်မတို့တွေ အစပိုင်း တိုက်ခိုက်မှုကို တောင့်ခံထားဖို့ပဲ လိုတယ်။ သူ ပြန်လာပါလိမ့်မယ်”
ထိုစကားများက စိတ်အေးစေသလို စိတ်ပူပင်စေသည်။ တချို့လူများက ထိုစကားကို ယုံကြည်လိုကြသော်လည်း တချို့ကမူ အရာအားလုံးက ဧကရာဇ်ထံ တစ်စုံတစ်ခု ဖြစ်ပျက်သွားကြောင်း ပြသနေ၍ စိတ်ပူပင်လာကြသည်။
“တခြားမေးစရာ ရှိသေးလား”
“ဒီတစ်ခေါက် ဘယ်သူက တပ်မှူးလဲ”
“ထျဲ့ကန်က ကောင်းကောင်းလုပ်နိုင်တယ်ဆိုတော့ သူ့ကိုပဲ ထပ်ခန့်မယ်။ တခြားအကြံပြုစရာ မရှိသရွေ့ပေါ့”
“မဟုတ်ပါဘူး။ သူက အရင်စစ်ပွဲမှာ အတော်လေးကို ထူးချွန်ခဲ့ပါတယ် ”
“ ကျုပ်တို့တပ်ဖွဲ့တွေကို ဧကရာဇ် ပျောက်နေတဲ့အကြောင်း ပြောသင့်လား။ အရင်တစ်ခေါက် စစ်ပွဲ နိုင်တာက စိတ်ဓာတ်တက်ကြွမှုကြောင့်ပဲလေ”
“ဒါက စဉ်းစားကြရမဲ့အရာပဲ” ရှုရှစ်က ချက်ချင်း ပြန်မဖြေပေ။ သူမက ချက်ချင်း မဆုံးဖြတ်သေးဘဲ ထျဲ့ကန်ကို ကြည့်ကာ မေးလိုက်သည်။
“ရှင်ရော ဘယ်လိုထင်လဲ”
“ ကျုပ်တို့မှာ ရွေးစရာနှစ်ခု ရှိတယ်။ အရှင်ရဲ့တည်ရှိမှုကို အယောင်ဆောင်ဖို့ … ဒါပေမဲ့ သူက ပေါ်မထွက်လာရင် အလိမ်အညာက ပေါ်သွားလိမ့်မယ်။ အဲဒီအခါ တပ်သားတွေဘက်က စိတ်ဓာတ်ကျသွားနိုင်တယ်” ထျဲ့ကန်က ပြောလိုက်သည်။
“ဒုတိယရွေးချယ်စရာကတော့ ..” သူက ယုယန်ကို တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ကြည့်လိုက်သည်။
“စိတ်မပူနဲ့။ စိတ်ထဲမှာရှိတာ ပြောလိုက်” သူမက ဖျောင်းဖျလိုက်သည်။
“ ကျုပ်တို့တွေ ဘုရင်မ နာမည်ကို သုံးလို့ရတယ်။ ရန်သူက သူမကို ပြန်ပေးဆွဲသွားပြီး အရှင့်ကို ဝင်မစွက်ဖက်ရေးစာချုပ် ချုပ်ဖို့ အတင်းကျပ် ဖိအားပေးခဲ့တယ်လို့ တပ်ဖွဲ့တွေကို ပြောလို့ရတယ်။ အဲဒီအခါ ကျုပ်တို့က အရှင်ရဲ့ ဝမ်းနည်းမှုကို လက်စားချေပေးပြီး ဘုရင်မကို ကယ်ပေးဖို့အတွက် စိတ်ဓာတ်တက်ကြွလာနိုင်ပြီး လှုံ့ဆော်ပေးနိုင်လောက်တယ် ”
ယုယန်က ခတ္တမျှ တိတ်ဆိတ်သွားလေသည်။ သူမက ဘုရင်မ ဂုဏ်ပုဒ်ကို သိထား၍ သူမနာမည်ကို အသုံးပြုမည့် အကျိုးဆက်က အလကားဖြစ်နေမည်ကို စဉ်းစားနေခြင်း ဖြစ်သည်။
“လုပ်လိုက်ပါ” သူမက စက္ကန့်ပိုင်းမျှ စဉ်းစားပြီးသည့်နောက် ပြောလိုက်သည်။
“အခု အားလုံး အဆင်ပြေပြီဆိုတော့ စလှုပ်ရှားလိုက်ရအောင် ” ရှုရှစ်က ကြေညာလိုက်သည်။
…………….
ခုံရုံးအပြင်ဘက်
“ ရှင် ဘယ်လိုထင်လဲ” ဟို့ဖုန်းဟွမ်က အံ့ဖွယ်အသိစိတ်မှတဆင့် မေးလိုက်သည်။
“ တစ်ခုခု အမှန်တကယ် ဖြစ်ခဲ့တာမျိုး ဒါမှမဟုတ် သူက အမှောင်ထဲကနေ တစ်ခုခု ကြံစည်နေတာပဲ ဖြစ်ရမယ်” အောင်းရှန်က ပြောလိုက်၏။
“ရှေ့တစ်ခုဆိုရင် ရှင် ဘယ်လိုလုပ်မှာလဲ”
“ အထက်ဘုံ တက်လှမ်းမယ်” သူက တည့်တိုးသာ ပြောလိုက်သည်။ ကောင်းကင်ဧကရာဇ် မရှိဘဲ အသင်္ချေအင်ပါယာကမ္ဘာ၏ ဒိုင်မေးရှင်းအနိမ့်တစ်လျှောက် စည်ပင်ကြွယ်ဝမှုကို ဖြန့်ဝေသည့် ကြမ္မာတို့က အဆုံးသတ်သွားလိမ့်မည်။ သူနှင့် ထိပ်တန်းအင်အားကြီးပုဂ္ဂိုလ်တိုင်းက သိထားကြ၏။
“ကျွန်မလည်း အဲလိုပဲ လုပ်မိလောက်တယ်”
“တကယ်လား။ မင်းက ရည်မှန်းချက်ကြီးတယ်ဆိုတော့ အာဏာနဲ့ အကျိုးမြတ်အတွက် ဒီမှာဆက်နေမယ် ထင်နေတာ ” အောင်းရှန်က လှောင်ပြောင်ပြောလိုက်သည်။
“ရှင်လည်း အတူတူပါပဲ” ဟို့ဖုန်းဟွမ်က အဝေးတစ်နေရာကို မကြည့်ခင် ပြန်ပြောလိုက်သည်။
“ကျွန်မတို့တွေ အချိန်တိုလေးအတွင်းမှာ ဒီလိုမျိုး လှပတဲ့အရာတစ်ခုကို တည်ဆောက်နိုင်ခဲ့ကြတယ်။ အတွင်းရေးတိုက်ပွဲတွေကြောင့် ပျက်သုန်းသွားဖို့ အချိန်တစ်ခုပဲ ကြာမယ်ဆိုတာ သိတယ်လေ။ အဲဆိုတော့ အရာအားလုံးကို ဖိနှိပ်ပေးဖို့ ဒီမှာ သူ မရှိမှတော့ ကျွန်မ အရာအားလုံး ပြိုလဲသွားတာကို ကြည့်မဲ့အစား ထွက်သွားတာကို ပိုသဘောကျတယ်”
“ဟုတ်တာပဲ” အောင်းရှန်က တာဝန်ကြောင့် ထွက်သွားစဉ် ဟို့ဖုန်းဟွမ်ကမူ ရှေးဟောင်းမျိုးနွယ်ထံ ပြန်လာလိုက်သည်။
ခုံရုံးတွင် ဖြစ်ပျက်ခဲ့သမျှ ကိစ္စများက အိပ်မက်လောကအတွင်း တောမီးလို ပျံ့နှံ့သွားပြီ ဖြစ်၏။ နာရီဝက်အတွင်း အသင်္ချေအင်ပါယာကမ္ဘာရှိ လူတိုင်းက ထိုအကြောင်းကို သိသွားကြသည်။ ထို့နောက် သတင်းက ဆာဗာများ ဆက်နွယ်ထားသည့် တခြားကမ္ဘာ့အသိုက်အဝန်းများအထိ ပျံ့နှံ့သွားသည်။
ထို့နောက် အားလုံးက “ ဘုရင်မကို ကယ်တင်ပြီး ဧကရာဇ်အတွက် လက်စားချေကြ” ဆိုပြီး ဝိုင်းပင်းလာကြသည်။ လူများက ဧကရာဇ်တွင် တာအိုလက်တွဲဖော် ရှိထားမှန်း သိထားကြသော်လည်း သူမကို တစ်ခါမှ မတွေ့ဖူးကြပေ။ သို့သော် ထိုအချက်က သူတို့၏ ဉာဏ်ကြီးကာ ကြင်နာတတ်သည့် အုပ်ချုပ်သူအပေါ် ထောက်ပံ့ပေးမှုကို ပြောင်းလဲမသွားစေနိုင်ပေ။
……………….
ကောင်းကင်ခုံရုံး
ရှုရှစ်က အစီအရင်ရှေ့တွင် ရပ်ကာ ဖုန်းဟွမ်၏ ပုံရိပ်ယောင်နှင့် မျက်နှာချင်းဆိုင်လျက် ရှိနေသည်။
“ကိစ္စတွေက ဘယ်လိုအခြေအနေရှိလဲ”
“အောမိတောဖော … ဒီကိုယ်တော်က စိတ်ထိခိုက်မိပါတယ်”
“အိုး”
“ ဝဇီယာရန ဗုဒ္ဓဧကရာဇ်က အကျိုးအကြောင်းမသင့်တဲ့ အကြောင်းပြချက်တွေပေးပြီး ကိုယ်တော်တို့ရဲ့ စကားရည်လုပွဲကို နှစ်ထောင်ချီ အချိန်ရွေ့ဆိုင်းနေတယ်”
“အဲဒါက နားလည်လို့ရပါတယ်။ သူ့အဖွဲ့ခွဲက အခုမှ စတင်ခါစဖြစ်ပြီးတော့ အပင်ပေါက်လေးပဲ ရှိသေးတယ်လေ။ ရှင်နဲ့ ဓမ္မအကြောင်း စကားရည်လုဖို့က ကိုယ့်ဘာသာ သတ်သေနေသလို ဖြစ်နေမှာပေါ့။ အထူးသဖြင့် သူ့နောက်လိုက်တွေရှေ့မှာလေ”
ဖုန်းဟွမ်က သက်ပြင်းချလိုက်၏။
“ ဒါနဲ့ ဒီကိုယ်တော်ကို ဘာလို့ဆင့်ခေါ်လိုက်တာလဲ။ တစ်ခုခုများ ဖြစ်လို့လား”
ရှုရှစ်က အခြေအနေကို ရှင်းပြလိုက်သည်။
“ တကယ်လို့ ကျွန်မ မှတ်မိတာသာ မှန်ရင် ရှေးဟောင်းစိတ်ဝိညာဉ်ကမ္ဘာက ကုန်သွယ်ရေးဗဟိုချက်ရဲ့ တစိတ်တပိုင်းမလား။ အဲဆိုတော့ သူတို့က စစ်ချီတက်လာတဲ့ အသိပေးချက်ကို ရခဲ့မှာပဲ”
“အခု ပြောလိုက်တော့မှ ဒီကိုယ်တော်က သူတို့ရဲ့ အပြုအမူတွေက ပုံမှန်ထက် မူမမှန်ဖြစ်နေတာကို သတိထားမိတော့တယ်”
“တကယ်လို့ သူတို့က အမိန့်အတိုင်း လုပ်နေကြတယ်ဆိုရင် ရှင်က ထာဝရဧကရာဇ်နှစ်ယောက်နဲ့ ရင်ဆိုင်ရလိမ့်မယ်။ အကူလိုသေးလား” ရှုရှစ်က မေးလိုက်သည်။
“ မဟုတ်တာ …ဒါက ဒီကိုယ်တော်အတွက် အခွင့်အရေးတစ်ခု ဖြစ်နေနိုင်တယ်”
“သေချာရဲ့လား”
ဖုန်းဟွမ်က အခိုင်အမာ ခေါင်းညိတ်လိုက်သည်။
“ရှင် ပြောတယ်ဆိုတော့လည်း ပြီးတာပါပဲ” ရှုရှစ်က ထပ်မပြောတော့ပေ။ ထိပ်တန်း အင်အားကြီးပုဂ္ဂိုလ်တစ်ယောက်အနေနှင့် သူက သူ့စွမ်းဆောင်ရည်ကို တိုင်းတာပြီး ကန့်သတ်ချက်ကို အတိအကျ သိထားသင့်သည်။ စကားဝိုင်းကို အဆုံးသတ်လိုက်ပြီးသည့်နောက် သူမက မဟာမိတ်များကို ဆက်သွယ်လိုက်သည်။
အားလုံးက ဆက်သွယ်မှုကို လက်ခံကြပြီး တစ်ခုတည်းသော ပြဿနာကား ဒေါသသည် သူမတပ်ဖွဲ့တွင် မိစ္ဆာလက်သစ်မျိုးနွယ် ပါဝင်မည် မဟုတ်ဘဲ ဟွင်သွမ်းခေါင်းလောင်းကမ္ဘာတွင် မူလနေထိုင်သူများ ပါဝင်မည် ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့သည်။
ရှုရှုစ်က လူဦးရေကျဆင်းမှုကြောင့် သူမ၏လူများကို ဤခက်ထန်လှသည့် စစ်ပွဲအတွင်း မပါဝင်စေလိုဘဲ ကာကွယ်ထားလိုသည်ကို နားလည်လေသည်။ ရှုရှစ်အနေနှင့် ထာဝရတန်းစားအဆင့် ဒေါသ ပါဝင်လာသည်ကိုပင် ကျေနပ်နေပြီ ဖြစ်၏။
ရှုရှစ်၏ နောက်အဆင့်က သိုင်းပညာအုပ်စိုးသူကမ္ဘာတွင် ရှိသည့် လိပ်ဘုရင်ကို ဆက်သွယ်ဖို့ဖြစ်သော်လည်း ကြယ်တာရာသားရဲကမ္ဘာမှ အရေးပေါ် ဆက်သွယ်မှုကို လက်ခံရရှိလိုက်သည်။
“နင် တကယ် လာမှာမလား” ထုံရို့ပင်းက ပြောလာသည်။
“တကယ် လာပေးမယ်မလား ”
“ဘာတွေဖြစ်နေတာလဲ”
“ နင် လာမယ်ဆိုတာ မကြားရသေးဘူး”
“ငါတို့ လာမှာပါ” ရှုရှစ်က တည်တည်ငြိမ်ငြိမ ပြောလိုက်သည်။
“စိတ်အေးအေးထားပါ”
“ငါတို့တွေ အဝိုင်းခံထားရတယ်။ သူတို့တွေက များလွန်းတယ်” ထုံရို့ပင်းက ပြောလိုက်၏။
“ကုန်သွယ်ရေးဗဟိုချက်က ဧရာမကြီးမှန်း သိထားပေမဲ့ ဒီလောက်အထိ မထင်ထားမိဘူး” သူမက အံ့ကြိတ်ကာ ပြောလိုက်သည်။
“ဟိုကောင်စုတ် ဝမ်ဝေ့က ဘာတွေကစားနေတာလဲ။ သူ့ဆီ တစ်ခုခု ဖြစ်မသွားနိုင်ဘူးဆိုတာ ငါ သိထားပြီးသား ”
“ စကားကို ကြည့်ပြော” ရှုရှစ်က မျက်မှောင်ကြုတ်လျက် သတိပေးလိုက်သည်။
“ဘာဖြစ်ဖြစ်” ထုံရို့ပင်းက ပြောလိုက်သည်။
“ သူတို့ဆီမှာ တပ်ဖွဲ့ဘယ်လောက်များသလဲဆိုတာ ပုံပို့လိုက်မယ်။ ငါ့အမျက်ဒေါသနဲ့ တန်လားဆိုတာ ကြည့်လိုက်လေ”
သူမက အခြေအနေတစ်ခုလုံးတွင် နယ်ရုပ်သာ ဖြစ်နေကြောင်း သိထားသလို ကျရာကဏ္ဍမှ ပါဝင်ဖို့ လိုလားခဲ့သော်လည်း ဤမျှပြင်းထန်လိမ့်မည်ဟု မထင်ထားခဲ့ပေ။