နောက်ထပ် တပ်ဖွဲ့များ
Vol. 79 Ch. 1099
ရှုရှစ်က လေဟာနယ်တစ်ခုလုံး လူများအပြည့် ဖြစ်နေသည်ကို မြင်လိုက်သည့်အခါ မျက်မှောင်ကြုတ်လိုက်သည်။ ထိုအရာက ထင်ထားသည့်ထက် ပိုဆိုးနေ၏။
“ဒါကို မြင်ပြီလား” ထုံရို့ပင်းက ပြောလိုက်သည်။
“ ငါ တွက်ချက်ထားသလောက် မဟာမိတ်အပါအဝင် ငါတို့အင်အားစုအားလုံးကို ထည့်တွက်မယ်ဆိုရင်တောင် သူတို့က သန်းတစ်ထောင်- တစ်ယောက် အရေအတွက် ပိုသာနေတာ”
တခြားနည်းဖြင့်ပြောရလျှင် အသင်္ချေအင်ပါယာကမ္ဘာနှင့် မဟာမိတ်များရှိ တပ်သားတိုင်းအတွက် ကုန်သွယ်ရေးဗဟိုချက်က တစ်ဘီလီလျံ ရှိနေသည်။
“ထိပ်သီးအင်အားကြီးပုဂ္ဂိုလ်အချိုးက ၁ : ၂၀ … ထာဝရတန်းစားအဆင့်က ၁ : ၅… အခု ငါ့ဒေါသကို နားလည်ပြီလား ”
ရှုရှစ်က ပြောလိုက်သည်။
“ ဒေါသထွက်နေလို့ ဘာမှအကျိုးမရှိဘူး။ ဒါက နင် ပါခဲ့တာပဲလေ ”
“ဒါပေမဲ့ ဒီလောက် တုံ့ပြန်မှုရှိလာလိမ့်မယ်လို့မှ ထင်မထားခဲ့တာ”
“ ဒါက ပြောဖို့ခက်တယ်။ ဘာဖြစ်ဖြစ် ငါတို့တွေ အခြေအနေ ဖြေရှင်းဖို့ အစီအစဉ် လိုတယ်”
ထုံရို့ပင်းက မျက်လုံးဝေ့ကြည့်လိုက်ပြီး “နားထောင်နေတယ်”
“ငါတို့တွေ သိုင်းပညာအုပ်စိုးသူကမ္ဘာလိုမျိုး တူညီတဲ့ ဗျူဟာကို သုံးလို့ရတယ်”
“ သေလူတွေကို သုံးဖို့လား”
“ဟုတ်တယ်”
“အင်း အဲဒါက အလုပ်ဖြစ်နိုင်တယ်။ လူတွေကတော့ သူတို့ဘိုးဘေးတွေ အမြောက်စာ ဖြစ်တာကို ကြိုက်ကြမှာ မဟုတ်ဘူး။ ဒါပေမဲ့ အခုတော့ မတတ်နိုင်တော့ဘူး။နောက်ထပ် အကြံပြုစရာ ရှိသေးလား” ထုံရို့ပင်းက မှတ်ချက်ပေးလိုက်သည်။
“ ငါတို့တွေ အရင်စစ်ပွဲတုန်းကလို အလွှာလေးခု နည်းဗျူဟာကို သုံးသင့်တယ် ထင်လား”
“ မသေချာဘူး … အဲဒီနည်းဗျူဟာရဲ့ အကြီးမားဆုံး အောင်မြင်မှုက လီကျွင်းရဲ့ သတ်ဖြတ်ရေးကြောင့်လေ. အခု သူ့လို လူမျိုး မရှိထားဘူး”
“ ရှိတာပေါ့။ နင် ဝမ်ထျန်းကို မေ့နေတယ်” ရှုရှစ်က ပြောလိုက်သည်။
“ဟုတ်သား သူ့ကို စိတ်ထဲ မေ့သွားတယ်” ထုံရို့ပင်းက အကြည့်များ တောက်ပလာကာ ပြောလိုက်၏။ သို့သော်လည်း သိပ်မကြာခင် ပြန်လည်မှေးမှိန်သွားသည်။
“ကုန်သွယ်ရေးဗဟိုချက်က သိုင်းပညာအုပ်စိုးသူကမ္ဘာ မဟုတ်ဘူးလေ။ သူတို့ဆီမှာ ငါတို့အစီအရင်ကို ဖျက်ဆီးနိုင်တဲ့ ပညာရှင် အစီအရင်ဆရာတွေအများကြီး ရှိမှာပဲ”
“ ငါတို့တွေ ဖရိုဖရဲဖြစ်နေတဲ့ တိုက်ပွဲကို အရေးသာချက်အဖြစ် အသုံးပြုနိုင်တယ်” ရှုရှစ်က ပြောလိုက်၏။
“ဘယ်လိုမျိုးလဲ”
“တကယ်လို့ ထိပ်တန်းအင်အားကြီး ပုဂ္ဂိုလ်တွေက သူတို့အင်အားကို မထိန်းချုပ်ထားရင် သူတို့တိုက်ကွက်ရဲ့ ဂယက်က တပ်သားအများကြီးကို သတ်ပစ်မှာပဲ”
“ဒါပေမဲ့ ငါတို့လည်း လူအများကြီး ဆုံးရှုံးရလိမ့်မယ်”
“ဒါက စစ်ပွဲလေ။ နည်းနည်းရက်စက်လိုက်တာက အဆင်ပြေပါတယ်” ရှုရှစ်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။
“အဆိုးဆုံး ငါတို့တွေ စစ်ပွဲပြီးတဲ့နောက် သံသရာပေါ် ထိခိုက်မှုမရှိဘဲ လူဘယ်လောက် အသက်ပြန်သွင်းနိုင်မလဲဆိုတာ တွက်ချက်ရမယ်”
ထုံရို့ပင်းက ရွှင်မြူးစွာ ရယ်မောလိုက်သည်။
“ အလှအပ၊ ကြော့ရှင်းမှုနဲ့ ညင်သာတတ်တဲ့ သဘာဝကြောင့် နာမည်ကျော်ကြားတဲ့ ရှုရှစ်က တစ်ရက် ဒီလိုရက်စက်တတ်လာလိမ့်မယ်လို့ ဘယ်သူကများ ထင်ထားမှာလဲ။ အချိန်က တကယ်ကို ပြောင်းလဲစေတာပဲ”
ရှုရှစ်က သူမ၏ စနောက်နေမှုကို လျစ်လျူရှုထားလိုက်သည်။
“ သူတို့တွေက ဘာလို့ စမတိုက်သေးတာလဲ”
“မူလိန်ရဲ့ အကူအညီနဲ့ဆိုရင် ငါ ကမ္ဘာအသိုက်အဝန်းတစ်ခုလုံးကို ကာကွယ်ပေးမဲ့ အဆောင်တစ်ခု ဖွဲ့စည်းနိုင်လောက်တယ်။ အဲဒါက အချိန်ဆွဲထားပေးရုံဆိုတော့ သိပ်ကြာကြာတော့ မခံဘူး”
“ကြယ်တာရာသားရဲကမ္ဘာကိုပဲ ကာကွယ်ပေးဖို့ လုပ်ရင်ရော ”
“ အဲဒီလူတွေက အလွှာနိမ့်မှာရှိတဲ့ ကမ္ဘာအားလုံးကို ဖျက်ဆီးပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ။ သူတို့က အဓိကတပ်ဖွဲ့ အရင်းအမြစ်လေ။ သူတို့ကို မစွန့်ပစ်နိုင်ဘူး”
ရှုရှစ်က ခေါင်းညိတ်လိုက်ပြီး ရောက်လာမဲ့စစ်ပွဲအတွက် ဆက်လက် ဆွေးနွေးလိုက်သည်။ စကားဝိုင်းအဆုံးသတ်လိုက်ပြီးသည့်နောက် သူမက လိပ်ဘုရင်နှင့် ဆက်သွယ်လိုက်ပြီး အခြေအနေသည် မည်မျှပြင်းထန်နေကြောင်း သဘောပေါက်သွားခဲ့သည်။ သိုင်းပညာအုပ်စိုးသူကမ္ဘာက အဝိုင်းခံထားရပြီး အရေအတွက်က အမြောက်အများ ဖြစ်၏။ နောက်ဆုံးတွင် သူမက ကုန်သွယ်ရေးဗဟိုချက်၏ အင်အားနှင့် အာဏာအကြောင်း နားလည်သွားလေပြီ။
သိုင်းပညာအုပ်စိုးသူကမ္ဘာက ဒိုင်မေးရှင်းအနိမ့်ရှိ ကောင်းကင်ခုံရုံးအားလုံးနှင့် ပင်မခုံရုံးတို့ဖြင့် ဆက်သွယ်ထားသည့် ခုခံရေးအစီအရင် ဖြစ်သော ကောင်းကင်ခုံရုံး အစီအရင်ကို အသုံးပြုထားသည်။ သို့သော်လည်း သူတို့အစီအရင်က ထုံရို့ပင်း၏ အဆောင်လောက် မကောင်းသည့်အတွက် ကြာကြာခံနိုင်ရည်ရှိမည် မဟုတ်ပေ။
ခဏကြာပြောဆိုပြီးသည့်နောက် ရှုရှစ်က စစ်ပွဲခန်းမအတွင်း အစည်းအဝေးခေါ်ကာ ထျဲ့ကန်အား ရှာဖွေတွေ့ရှိထားမှုအသစ်ကိစ္စအကြောင်း ပြောပြခဲ့သည်။
“ တကယ်လို့ တပ်သားတွေလိုရင် ကျုပ်တို့တပ်သားတွေရဲ့ ၉၅ ရာခိုင်နှုန်းကို ပို့ပေးနိုင်တယ်။ ကျန်ငါးရာခိုင်နှုန်းကတော့ ခုခံဖို့ ချန်ထားရမယ်” တစ်ယောက်က ပြောလိုက်သည်။
“ ခုခံတာက အများကြီး လိုအပ်သွားမယ် မဟုတ်ဘူးလား”
“အဲလိုတော့ မဟုတ်ဘူး။ သေမျိုး အနုပညာ၊ အတတ်ပညာရှင်တွေက ဒီလို တိုက်ပွဲမျိုးထဲ မပါဝင်နိုင်ဘူးလေ။ ဒါပေမဲ့ သူတို့စွမ်းအားက မွေးရပ်မြေကို ခုခံကာကွယ်တဲ့အခါ အသုံးပြုနိုင်တယ်။ အဲဆိုတော့ ဒီစစ်ပွဲမှာ သူတို့က ကိုယ်ပိုင်တပ်ဖွဲ့ အင်အားစုပဲ”
“အမှန်ပဲ”
“သူတို့တင် မကသေးဘူး။ သေမျိုးလူမှုအဖွဲ့အစည်းလည်း ပါတယ်” နောက်ထပ် အကြံပေးက ပြောလိုက်သည်။
“ဒါပေဲ့ သူတို့ရဲ့ အဆင့် ၄ အင်အားကို စစ်ပွဲကနေ ဖယ်ထုတ်ထားတယ် မဟုတ်ဘူးလား”
“ကမ္ဘာရဲ့ စည်းမျဉ်းတွေကို အဆင့်၄ အထက် မဝင်နိုင်ဘူးလို့ ပြောင်းလဲလို့ရတယ် ”
“ဒါက အကြံကောင်းပဲ”
အစည်းအဝေးက မြန်ဆန်ပြီး အားလုံးကလည်း အလျှင်လိုနေကြသည်။ ရှုရှစ်က ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် အကောင်းဆုံး ဆုံးဖြတ်ချက်များကို အလျှင်အမြန် ချမှတ်နေသည်။ ထို့နောက် သူမက လူအိုကြီးထျန်းကျိဆီ သွားကာ ကောင်းကင်တာအိုအား အစီအစဉ်ကျမှု - မကျမှု တာအိုကို အသုံးပြု၍ သေမျိုးလူမှုအဖွဲ့အစည်းအတွက် တိုက်ပွဲဇုန်ကို ဖန်တီးဖို့ သွားပြောခဲ့သည်။
ထိုစဉ် ရောက်ရှိလာမည့် အပြောင်းအလဲအကြောင်း သတင်းက ကမ္ဘာထဲ ပျံ့နှံ့သွားပြီး သေမျိုးများကလည်း ပါဝင်နိုင်ကြောင်း သိသွားကြသည်။ ထိုသတင်းအပေါ် တုံ့ပြန်မှုက ကြောက်ရွံ့ခြင်း မဟုတ်ဘဲ အောင်ပွဲခံခြင်း ဖြစ်၏။ သေမျိုးလူမှုအဖွဲ့အစည်းက အမြဲတမ်းလိုလို သူတို့၏ တိုက်ခိုက်ရေးအင်အားကို ပြသလိုခဲ့ကြပြီး ယခုအခါ အခွင့်အရေး ရောက်ရှိလာပြီ ဖြစ်၏။
ဤသည်က သေမျိုးတာအို မျိုးနွယ်များအတွက်လည်း အတူတူ ဖြစ်သည်။ ကမ္ဘာကြီးက ကောင်းကင်ဧကရာဇ်၏ အုပ်စိုးမှုအောက်တွင် ငြိမ်းချမ်းနေခဲ့သောကြောင့် သူတို့က ထိုကျင့်ကြံသူများအား သူတို့နေရာသိစေဖို့ အင်အားပြသရမည့် အခွင့်အရေး မရှိခဲ့ကြပေ။
ရှုရှစ်၏ အလုပ်က စတင်ခါစ ဖြစ်သောကြောင့် စတင်လှုပ်ရှားလိုက်သည်။ လူအိုကြီးထျန်းကျိနှင့် ဖြေရှင်းပြီးသည့်နောက် သူမ၏ အသံက ကမ္ဘာ့အသိုက်အဝန်းတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားသည်။
“ကာလံဒေသံကို ဖြတ်ကျော်ပြီး ရှေးခေတ်ကာလကနေ ယခုအချိန်အထိ သေလူတို့ရဲ့ ခန္ဓာတွေ ထလာကြပြီး ဒီကပ်ဘေးကို ရင်ဆိုင်ကြဖို့ အမိန့်ပေးတယ်”
ကမ္ဘာက အနည်းငယ် တုန်ခါသွားပြီး လူသေများ၏ အလောင်းကောင်များက အုတ်ဂူမှ တွားသွားထွက်လာကြသည်။ တချို့က အကောင်းတိုင်း ရှိနေဆဲ ဖြစ်ကာ တချို့ကမူ ခန္ဓာကိုယ်တစိတ်တပိုင်း ပျောက်ဆုံးနေခြင်း သို့မဟုတ် အရိုးသာလျှင် ရှိနေခြင်းတို့ ဖြစ်နေကြသည်။ ဒိုင်မေးရှင်းတစ်ခုလုံးတစ်လျှောက် ကမ္ဘာများတွင် လူသေများက တိုက်ပွဲအတွက် ထွက်ပေါ်လာကြသည်။ သို့သော် ဤသည်မှာ အဆုံးသတ် မဟုတ်သေးပေ။
ကောင်းကင်အထက် အချိန်မြစ်ကြောင်း ပေါ်ထွက်လာကာ သေဆုံးထားပြီးသား တပ်သားများလည်း ထွက်လာကာ ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။ ကွဲပြားသည့် အချိန်ကာလ သို့မဟုတ် ခေတ်ကာမှ အလောင်းများက လက်ရှိသို့ ပြေးလာကြသည်။ ထိုအထဲတွင် လူသား၊ နတ်ဆိုး၊ ပင်လယ်မျိုးနွယ်၊ မိစ္ဆာ၊ ဗုဒ္ဓဘုန်းတော်ကြီးများနှင့် ပင်ကိုနတ်ဆိုးနတ်ဘုရားများလည်း ပါဝင်သည်။
ရှုရှစ်က ရလဒ်ကို ကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ ထိုတပ်သားအများစုက သေမျိုးအမြောက်စာ ဖြစ်ကြသော်လည်း ကွဲပြားမှုရှိစေဖို့ လုံလောက်နေပြီ ဖြစ်၏။
သံသရာဆီက တုံ့ပြန်မှု မရှိဘူး … အဲဆိုတော့ အဲဒီလူတွေရဲ့ဝိညာဉ်တွေ မပါဝင်ဘဲ ခန္ဓာကိုယ်ပဲ အသုံးပြုသရွေ့ အဆင်ပြေတယ်ဆိုတဲ့ သဘောပဲ …
သူမက တခြားသော မဟာမိတ် ကမ္ဘာများဆီ သွားကာ အတူတူ လုပ်ဆောင်လိုက်သည်။ ထိုဧကရာဇ်များက အားကောင်းကြသော်လည်း သူတို့က အချိန် သို့မဟုတ် သံသရာစည်းမျဉ်းများကို ထိန်းချုပ်ကြသည် မဟုတ်ပေ။ ထို့ကြောင့် သူမ လုပ်ဆောင်သည်က အကောင်းဆုံး ဖြစ်၏။
………….
ယုမျိုးနွယ်
ယုယန်က အရာအားလုံးကို တည်တည်ငြိမ်ငြိမ် ကြည့်နေပြီး ရေရွတ်လိုက်သည်။
“တပ်သားတွေ ထပ်လိုသေးတာလား။ ငါ ကူညီပေးနိုင်တယ်” သူမက အသံကို ကမ္ဘာ့အသိုက်အဝန်းဆီ ပျံ့နှံံစေလိုက်သည်။
“လူသားနှလုံးသားထဲက အမှောင်ထုက အနှောင့်အယှက်ဖြစ်စေပြီး မသတီစရာကောင်းပြီး ပြင်းထန်တဲ့ အင်အားတစ်ခု ဖြစ်လာစေတယ်။ ငါ သူတို့ကို တပ်သားဖြစ်လာပြီး ငါ့ဆီ ခစားဖို့ အမိန့်ပေးတယ် ”
သူမ၏ အသံက ကမ္ဘာသန်းပေါင်းများစွာအထိ ပဲ့တင်ထွက်သွားသောကြောင့် လူများစွာက သူတို့ခန္ဓာကိုယ်ထဲမှ အနက်ရောင်သတ္တုလုံးတစ်ခု ထွက်သွားသည်ကို မြင်လိုက်ကြရသည်။ သူတို့နှလုံးသားထဲရှိ အမှောင်ထုကို ကိုယ်စားပြုသည့် ထိုသတ္တုလုံးက တပ်သားများသဖွယ် ပြောင်းလဲသွားပြီး တိုက်ပွဲအတွက် အဆင့်သင့်ပြင်နေကြသည်။
ယုယန်က အားလုံးကို အပြုံးလေးဖြင့် ကြည့်နေပြီး အမှောင်ထုတပ်သားများအား ဤတိုက်ပွဲအတွက် ကွဲပြားသည့် နေရာများတွင် နေရာယူထားရန် အမိန့်ပေးလိုက်သည်။
…………………
အိပ်မက်လောက
“ ငါလည်း တစ်ခုခု လုပ်နိုင်လောက်တယ်” သုံ့လီဖန်းက ရေရွတ်လိုက်သည်။
“ အိပ်မက်ဆိုး တပ်သားတွေ ဖြစ်တည်လာစမ်း”
အိပ်မက်လောက တစ်ခုလုံးက တုန်ခါသွားပြီး ရွေရင့်ရောင် ချပ်ဝတ် ဝတ်ဆင်ထားပြီး သက်ရှိအားလုံး၏ အိပ်က်ဆိုးများဖြင့် ဖွဲ့စည်းထားသည့် အိပ်မက်ဆန်ဆန် လေထုမျိုး ရှိနေကြသည်။ သူတို့က ကွဲပြားသည့် နေရာများဆီ ပြေးသွားကြ၏။
………………
ရှေးဟောင်းမျိုးနွယ်
ဟို့ဖုန်းဟွမ်က ကမ္ဘာ၏ အပြောင်းအလဲများကို ကြည့်နေပြီး စကားတစ်လုံးကို ရေရွတ်လိုက်သည်။
“စစ်ပွဲ ”
စစ်ပွဲအက္ခရာက အသင်္ချေအင်ပါယာကမ္ဘာ၏ ဝေဟင်အထက် ဖြစ်တည်လာပြီး သွေးနီရောင်ချပ်ဝတ် ဝတ်ဆင်ထားသည့် တပ်သားများစွာကို ထုတ်လွှင့်လာသည်။ ကောင်းကင်အလိုဆန္ဒတိုက်ပွဲအတွင်း သူမက လီကျွင်းနှင့် အတွေ့အကြုံဖလှယ်ကာ သင်ယူခဲ့ခြင်း ဖြစ်၏။ ယခု သူမက ရောက်ရှိလာမဲ့ စစ်ပွဲအတွက် ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။
…………………….
အစောင့်အရှောက်တောင်ထိပ်
“ ငါလည်း လိုအပ်တဲ့အချိန်မျိုးမှာ ကမ္ဘာကို ကူညီပေးသင့်တယ်မလား” သူမက အပြုံးဖြင့် ရေရွတ်လိုက်သည်။ သူမက လက်ကိုမြောက်ကာ ဆေးလုံးတစ်လုံးကို ထုတ်ဖော်လိုက်၏။
တပ်သား ဆေးလုံး
ဆေးလုံးက ကောင်းကင်အထက် ပျံသန်းသွားသည့်အခါ ထိုအရာက အစိမ်းဝတ်ဆင်ထားသည့် တပ်သားများကို ဖန်တီးပေးလိုက်သည်။ ယခုအခါ မိုးမြေထဲ တပ်သားများဖြင့် ပြည့်နှက်နေပြီ ဖြစ်၏။
စစ်ပွဲခန်းမက တပ်ဖွဲ့များစွာကို မြင်တွေ့ပြီးသည့်နောက် စိတ်လှုပ်ရှားနေကြသည်။ သူတို့က ယခင်စစ်ပွဲအပြီး ပိုမိုတိုးတက်လာသည့် ရုပ်သေးရုပ်တပ်ဖွဲ့လည်း ရှိထားသည် မဟုတ်ပါလော။ တာအိုအခွင့်အလမ်းဂိုဏ်းကပင် နောက်ဆုံးထွက် ရုပ်သေးရုပ် နမူနာများကို ပေးအပ်ခဲ့လေသည်။ ထိုအရာများက မဟာချင်တိုင်းပြည်၏ မြေနီစစ်သည်တော်များကို ရပြီးသည့်နောက် အဆင့်မြင့်တင်ထားခြင်း ဖြစ်၏။
ယခု သူတို့က အရှင် ပေါ်ထွက်မလာခင်အထိ အချိန်အထိ တောင့်ခံထားဖို့ မျှော်လင့်ချက်ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့က တပ်ဖွဲ့များအား ကွဲပြားသည့် နေရာအသီးသီး၌ ချထားလိုက်ကြသည်။
………..
သံသရာခုံရုံး
လီကျွင်းက အနက်ရောင်ပလ္လင်ပေါ်တွင် ထိုင်နေရင်း လက်ချောင်းဖြင့် ခေါက်နေသည်။ သူက တည်ငြိမ်နေသော်လည်း စိတ်အခြေအနေ သိပ်မကောင်းနေပေ။ ဤသို့သော တိုက်ပွဲမျိုးက သူ သဘောကျပြီး ဝင်ရောက်ဆင်နွဲလိုသည့်အရာ ဖြစ်သော်လည်း သူ့အနေနှင့် ကြည့်သာ ကြည့်နေရသည်။ ယခုအခိုက်အတန့်တွင် သူက ဤရာထူးကို ယူမိ၍ နောင်တရလာမိ၏။
လီကျွင်းက သက်ပြင်းချကာ မျက်လုံးမှိတ်ထားလိုက်သည်။ သူသာ ဆက်ကြည့်နေပါက စိတ်အခြေအနေ ပိုဆိုးသွားနိုင်သည်။