တိုးတက်မှုအနည်းငယ် ရှိခဲ့တယ်။
Vol. 8 Ch. 99
ကျောက်စက်ပန်းဆွဲသည် ဆယ်မီတာကျော် ရှည်လျားပြီး၊ ၎င်းအတွင်းရှိ ဝိညာဉ်အဆီအနှစ်များသည် အစိုင်အခဲအဖြစ်ပင်၊ ဖွဲတည်ဖြစ်ခဲ့လေပြီ။ ထိုအစိုင်အခဲများသည် ဝိညာဉ်ကျောက်တုံးများကဲ့သို့ ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေသည်။ ဝိညာဉ်အဆီအနှစ် အရည်များသည်ပင် ရတနာတပါး ဖြစ်ပေရာ၊ ထိုသို့သော အစိုင်အခဲများမှာ သာ၍ပင် တန်ဖိုးရှိလှပေမည်။
နံရံနှင့်အနီးဆုံးနေရာတွင် ကျောက်စက်ပန်းဆွဲ၏ အခိုင်မာဆုံး အစိတ်အပိုင်းဖြစ်နေပြီး၊ ချိုးဖြတ်ရန် ပိုမိုခက်ခဲသဖြင့်၊ ၎င်းအဖျားမှ တစ်မီတာခန့်ကိုသာ ဦးစွာချိုးဖြတ်ခြင်းသည် များစွာလွယ်ကူပေမည်။
သို့သော် ကြက်သွေးရောင်မြွေကြီးသည် လင်းယွန်၏အတွေးအား သိရှိနေဟန်ဖြင့်၊ ထပ်မံမတိုက်ခိုက်ခဲ့ပဲ၊ ယခုအချိန်၌ ကျောက်စက်ပန်းဆွဲကြီးနှင့် လင်းယွန်၏အကြားကို ပိတ်ဆို့ထားကာ၊ မျက်ခြေမပြတ် စောင့်ကြည့် နေလေသည်။
အချိန်များ ကုန်ဆုံးသွားသည် နှင့်အမျှ လင်းယွန်သည် ရွေးချယ်မှုတစ်ခု ပြုလုပ်ရမည်ကို သိရှိနေခဲ့ပြီး၊ ကြက်သွေးရောင်မြွေကြီး၏ အလစ်အငိုက်ကို စောင့်ကြည့်နေခဲ့သည်။
'' ......... ဝှစ် ''
ရုတ်တရက်လင်းယွန်က စတင်လှုပ်ရှားလိုက်လေသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင်၊ ကျောက်စက်ပန်းဆွဲကြီး၏ အောက်ခြေသို့ ခုန်ပျံရောက်ရှိလာပြီးနောက်၊ အဖျားပိုင်းတစ်ပိုင်းအား လျင်မြန်စွာ အားစိုက်ချိုးဖြတ် ပစ်လိုက်၏။ ထို့နောက်တွင် ဂူအတွင်း ပိုင်းရှိ ရေစီးကြောင်းထံသို့ ငုပ်လျှိုးရန် တဟုန်ထိုးပြေးဝင် ခုန်ချလိုက်လေသည်။
သို့သော် ထိုရေစီးကြောင်းသည် ငုပ်လျှိုးရန်အထိ နက်ရှိုင်းခြင်း မရှိခဲ့ရာ၊ လင်းယွန်သည် ရေစီးကြောင်းအလယ်၌ မတ်တပ်ရပ်လျက်မှ၊ အူကြောင်ကြောင်ဖြင့် ခေါင်းကုပ်လိုက်မိသည်။
တစ်ဆက်တည်းမှာပင်၊ နောက်ပြန် လှည့်ကြည့်လိုက်သည်နှင့်၊ မီတာတစ်ရာ နီးပါး ရှည်လျားသော ကြက်သွေးရောင်မြွေကြီးသည်၊ သူ၏ အရှိန်အဝါများကို ထုတ်ဖော်လျက်၊ ဒေါသတကြီး လျောတိုက် ပြေးဝင်လာလေသည်။ ၎င်းအရှိန်အဝါသည် ဝမ်ကျီယဲထက် အားနည်းခြင်း မရှိခဲ့ပဲ၊ ညှီစို့စို့ရနံ့များ ထုံမွှန်းပြည့်လျှံနေလေသည်။
လင်းယွန်က စိတ်မသက်မသာ ဟန်ဖြင့် ကျောက်စက်ပန်းဆွဲကြီးကို တစ်ချက်လှမ်းကြည့်ကာ၊ လက်ထဲရှိ အပိုင်းငယ်လေးအား၊ သိုလှောင်အိတ်ထဲသို့၊ လျင်မြန်စွာ သိမ်းယူလိုက်သည်။ မရသည်ထက်စာပါက အနည်းငယ်သည်ပင်၊ များစွာတန်ဖိုး ရှိပေမည်။
တစ်ချိန်တည်းမှာပင် မြွေကြီးထံမှ အစိမ်းရောင်မီးတောက်များ အန်ချလာခဲ့လေသည်ဖြစ်ရာ၊ လင်းယွန်က ထိတ်လန့်တကြား ရှောင်တိမ်းလိုက်ရ၏။ သူရှောင်ထွက်ရာနေရာရှိ ရေပြင်သည်၊ အစိမ်းရောင်မီးတောက်၏ ထိခတ်မှုကြောင့် တရှဲရှဲမြည်သံပြုကာ၊ အဆိပ်များ လောင်ကျွမ်းသွား လေသည်။ ထိုမြင်ကွင်းကြောင့် ထိတ်လန့်စွာဖြင့်၊ လင်းယွန်က တချိုးတည်းလှည့်ကာ ပြေးလေတော့၏။
ကြက်သွေးရောင်မြွေသည် မယုံနိုင်လောက်အောင် သွက်လက်နေခဲ့ပြီး၊ ဂူအတွင်းမှ လျောတိုက်လိုက်ပါလာလေရာ၊ တစ်ချိန်တည်းမှာပင် အစိမ်းရောင် မီးတောက်များအား၊ အဆက်မပြတ် မှုတ်ထုတ် တိုက်ခိုက်လာ ခဲ့သည်။
ထိုတိုက်ခိုက်မှုများကို ရှောင်တိမ်းနေရသည်ကြောင့်၊ လင်းယွန်က ပြေးလမ်းကြောင်းပေါ်ရှိ ချွန်ထက်သော ကျောက်စွန်းများကို ဂရုစိုက်ရန် အချိန်မရှိတော့ချေ။ ရလဒ်အနေဖြင့် သူ့ခန္ဓာကိုယ် တစ်ခုလုံးတွင် ဒဏ်ရာများအပြည့် ဖုံးလွှမ်းလာလေသည်။
"................"
ဝင်ပေါက်ကို မြင်လိုက်သည်နှင့်၊ လင်းယွန်၏ မျက်လုံးများ၌ မျှော်လင့်ချက်များ တောက်ပလာသည်။ ထို့နောက်တွင် တစ်စက္ကန့်မျှပင်၊ တုံ့ဆိုင်းခြင်းမရှိပဲ ဂူပေါက်ဝသို့ ပြေးဝင်သွားမိ၏။
'' ဗွမ်း........ ''
သို့သော် ကြက်သွေးရောင်မြွေကြီး၏ အစိမ်းရောင်မီးတောက်အနည်းငယ်သည်၊ သူ့ခန္ဓာကိုယ်အား အရှိန်ဟပ်မိသွားရာ၊ သွေးတစ်လုတ် အန်ချလိုက်ရလေသည်။ ခန္ဓာကိုယ်တစ်လျှောက် နာကျင်ကိုက်ခဲမှုများ စိမ့်တက်လာကာ၊ နံရိုးအချို့ကွဲကြေလုနီးပါး အောင့်မြက်လာခဲ့၏။
ရှန်ရှင်းဆဋ္ဌမအဆင့် ခွန်အားနှင့်ညီမျှသော၊ နတ်ဆိုးသားရဲတစ်ကောင်အား လက်ရှိခွန်အားအရ၊ လင်းယွန်သည် ကိုင်တွယ်ဖြေရှင်းနိုင်သော၊ တည်ရှိမှုမျိုး မဟုတ်ခဲ့ပေ။ မီးလျှံနတ်ဆိုးခန္ဓာကိုယ်ကြောင့်သာ မဟုတ်ပါက၊ သူသည် ယခုအချိန်၌ အသက်ဆုံးရှုံးသွားပေလိမ့်မည်။
ခေါင်းကို နောက်ပြန်မော့ကြည့်လိုက်ရာ၊ ကြက်သွေးရောင်မျက်လုံးတစ်စုံသည် သူ့ထံသို့ဦးတည်ကာ၊ ကောင်းကင်မှ လျှာထုတ်လျက် ပေါက်ချလိုက်လေသည်။
ဤမြင်ကွင်းကြောင့် လင်းယွန်၏ နှလုံးသားသည် အေးခဲသွားပြီး၊ တုံ့ဆိုင်းချင်းမရှိ ကဆုန်ပေါက်ရှောင်တိမ်းလိုက်ရသည်။
မြင့်မြတ်သောခရမ်းရောင်ရေခဲမီး။
လင်းယွန်၏ဆင့်ခေါ်မှုနှင့်အတူ ဓားသေတ္တာပေါ်ရှိ ခရမ်းရောင်ရေခဲစာကလေးသည်၊ ခရမ်းရောင်ရေခဲတုံးကြီး သဏ္ဍာန်အဖြစ်၊ ဓားသေတ္တာနှင့်အတူ ပေါင်းစပ်ကာ ပျံတက်သွား၏။ ထို့နောက်တွင် ပေါက်ကွဲမှုကြောင့်၊ ကြက်သွေးရောင်မြွေမှာ လွင့်ထွက်သွားခဲ့သော်လည်း၊ မျက်စိတစ်မှိတ် အတွင်းမှာပင် ပြန်လည် တိုးဝင်လာပြန်၏။ ထိုအချိန်အား အခွင့်ကောင်းယူကာ၊ လင်းယွန်က ရေနက်ပိုင်း အတွင်းသို့ ထပ်မံ ငုပ်လျှိုး လိုက်လေသည်။
'' .......မြန်မြန် မြန်မြန် ''
ကြက်သွေးရောင်မြွေကြီးသည် ၎င်း၏ပစ်မှတ်ကို လွတ်သွားသော်လည်း လင်းယွင်နောက်သို့ လိုက်ပါရန်၊ ချက်ချင်းပင် ရေထဲသို့ လိုက်ပါ လာလေသည်။
အမြန် အမြန် အမြန် ။
လင်းယွန်က ဓားသေတ္တာအား ပြန်လည် ခေါ်ယူလိုက်ကာ၊ ၎င်း၏ အရှိန်နှင့်အတူ အားကုန်ထုတ် ကူးခတ်လိုက်လေသည်။ ခဏအကြာတွင် အပူရှိန်အား တငွေ့ငွေ့ခံစားလာ ရသည်ကြောင့်၊ ချက်ချင်း ဝမ်းသာသွားပြီး၊ နောက်ဆုံးတွင် လျှိုမြောင်ဝသို့ ပြန်လည် ရောက်ရှိလာခဲ့ ရလေပြီ။
(နောက်ဆုံးတော့ ငါဘေးကင်းပြီ။)
လင်းယွန်က မြေမီးတောက်ကို မြင်လိုက်ရသောအခါ သက်ပြင်းချလိုက်မိသည်။ ကြက်သွေးရောင်မြွေကြီးသည် လျှိုမြောင်အဝရှိ မြေမီးတောက်၏အပူရှိန်ကြောင့်၊ တုန့်ခနဲ့ ရပ်တန့်သွားကာ၊ ထိတ်လန့်ဟန်ဖြင့် ဒေါသတကြီးအော်ဟစ် လိုက်လေသည်။
'' ဟားဟား... လာလေကွာ ငါ့ကိုသတ်ချင်ရင်၊ မင်းနည်းနည်းတော့ သတ္တိ ပိုရှိဖို့ လိုမယ်မဟုတ်လား....''
လင်းယွန်က နာကျင်စွာရယ်မောလိုက်ပြီး၊ သူ၏ ဒဏ်ရာများကို စတင် ကုသလိုက် လေသည်။ နံရိုးများမှာ ကျိုးကြေလုနီးနီး အက်မြနေခဲ့ပြီး၊ အောင့်မြက် နာကျင်မှုများ တရိပ်ရိပ် တိုးလာနေသည်။ ဒီမတိုင်မီအချိန်၌ သေငယ်ဇောကြောင့်၊ ထိုနာကျင်မှုများကို လျစ်လျူရှုထား ခဲ့ရသော်လည်း၊ ယခုအချိန်တွင်လှုပ်ရှားချင် စိတ် မဲ့လာသည်အထိ ခံစားမိခဲ့လေပြီ။
မီးလျှံနတ်ဆိုးခန္ဓာကိုယ်သည် သူ၏ဒဏ်ရာများကို အံ့မခန်းနှုန်းဖြင့် ပြန်လည် ပြုပြင်ပေးခဲ့ပြီး၊ ဒဏ်ရာအများစုကို ပြန်လည် သက်သာလာစေရန် နာရီဝက်ခန့်သာ အချိန်ယူခဲ့ ရပေသည်။
စွမ်အင် စုပ်ယူကုသမှုများအား ရပ်တန့် ခါနီးတွင်၊ သူ၏ ဝိညာဉ်စွမ်းအင်များမှာ ပိုမို အားကောင်းလာသည်ကို၊ အံ့အားသင့်စွာ တွေ့ရှိလိုက်ရသည်။ ၎င်းသည် အကန့်အသတ်မဲ့ စွမ်အင်အရင်းအမြစ် တစ်ခုမှ ထွက်ပေါ်လာ သကဲ့သို့၊ သိပ်သည်းလွန်းနေခဲ့ပြီး၊ လင်းယွန်အား စိတ်လှုပ်ရှားလာစေသည်။ ရုတ်တရက် ပတ်ဝန်းကျင်အား လှည့်ပတ်စစ်ဆေး ကြည့်ရှုလိုက်ရာ၊ ပြင်းထန်လှသော မီးစွမ်းအင်များကို ထပ်မံတွေ့ရှိ လိုက် လေသည်။
'' မြေမီးတောက်ရဲ့ မီးလျှံသွေးကြော ''
၎င်းသည် မြေမီးတောက် ရှင်သန်ရာ ပင်မ စွမ်းအင်စီးကြောင်းဖြစ်ပြီး၊ ဝိညာဉ်စွမ်းအင် နယ်မြေများ ကဲ့သို့ပင် တန်ဖိုး ရှိလှပေသည်။ တနည်းအားဖြင့် ဆိုရသော် ၊ မြေမီးတောက်ထံမှ မီးစွမ်းအင်များ စိမ့်ထွက်လာရာ၊ အဓိက စွမ်းအင်စီးကြောင်း တစ်ခုဖြစ်ပြီး၊ ၎င်းအား နှလုံးမှ ထွက်လာသော သွေးပြန်ကြောများဖြင့်၊ တင်စားခေါ်ဝေါ်ခြင်း မည်၏။
ထိုမီးလျှံသွေးကျောရှိ မီးစွမ်းအင်များသည်၊ လင်းယွန်အား အဆင့်တက်ရန် ကူညီနိုင်ခြင်း မရှိသော်လည်း၊ ယန်သန့်စင်ခြင်းနည်းစနစ်အား စတုတ္ထမြောက် အဆင့်ထိ၊ တိုးမြှင့် ဆုပ်ကိုင်နိုင်ရန် ဤအခွင့်အရေးကို အသုံးပြုနိုင်ပေမည်။
---------------------
ဝိညာဉ်ရေကန်သည် ဆယ်စုနှစ်တစ်စုမှ တစ်ကြိမ်သာ ရရှိနိုင်သော အခွင့်အရေးတစ်ရပ် ဖြစ်၏။ ထို့ကြောင့် ဝမ်ဖိန်းနှင့် ကျန်သူများသည် ဤအခွင့်အရေးကို လက်လွှတ်မခံလိုသည်ဖြစ်ရာ၊ နောက်ဆုံးအချိန်ထိ စုပ်ယူသန့်စင်ရန်၊ ဆန္ဒရှိနေ ကြသည်။
ဝိညာဉ်ရေကန်တွင် ဝိညာဉ်စွမ်းအင်များကို တဖြည်းဖြည်း စုပ်ယူခံရလာသည်နှင့်အမျှ ကန်ရေများမှာ ကြည်လင်လာပေ၏။
'' ဘုန်း........ ''
ရေကန်အတွင်းရှိ ဖိန်းဝူဟန်၏ အငွေ့အသက်များမှာ ပေါက်ကွဲသွားပြီး၊ အတားအဆီးများအား ချိုးဖြတ်လိုက်လေသည်။ ရေကန်ဘေး၌ တစ်ချိန်လုံးရပ်ကြည့်နေသည့် ဝမ်ကျီယဲမှာ ပြုံးပြီးခေါင်းညိတ်လိုက်မိသည်။ နောက်ဆုံးတော့ ဖိန်းဝူဟန်သည် ရှန်ရှင်းဘုံအား ခြေချနိုင်ခဲ့လေပြီ။
" မဆိုးပါဘူး၊ ဒီဓားရဲ့ အသွင်အပြင်နဲ့ ထက်မြက်မှုအရ အဆင့်ခြောက်နက်နဲနယ်ပယ် သိုင်းဝိညာဉ်ပဲ..''
ဖိန်းဝူဟန်၏ နောက်ကျောလေဟာနယ်ထဲတွင် မွေးဖွားကာစ သိုင်းဝိညာဉ်အား ကြည့်ကာ၊ ထိုသို့ရေရွတ်သံကြောင့် ဖိန်ဝူဟန်မှာ ရွှင်မြူးသွားပြီး၊
"ဦးလေးဝမ်၊ ကျွန်တော့်ရဲ့ သိုင်းဝိညာဉ်က နက်နဲနယ်ပယ် ဆဋ္ဌမအဆင့်လား...''
" ငါတို့ တရားဝင်စမ်းသပ်မှု မပြုလုပ်ရသေးပေမဲ့၊ ငါ့အမြင် ဒါက သေချာပါတယ် ''
" ကျေးဇူးတင်ပါတယ် ဦးလေးဝမ် "
ဖိန်းဝူဟန်မှာ စိတ်အားထက်သန်နေခဲ့ ၏။ သိုင်းဝိညာဉ်များကို ပယင်းရောင် သိုင်းဝိညာဉ်၊ နက်နဲသော သိုင်းဝိညာဉ်၊ မြေကြီးသိုင်းဝိညာဉ်နှင့် ကောင်းကင်သိုင်းဝိညာဉ် ဟူ၍ လေးမျိုး ခွဲခြားထားသည်။ ထိုအမျိုးအစားတစ်ခုစီတွင် အဆင့်ရှစ်ဆင့်ထပ်မံ ထားရှိပေသည်။ ဖိန်းဝူဟန်ကဲ့သို့သော၊ ဆဌမအဆင့်နက်နဲသော သိုင်းဝိညာဉ်များသည် အပြာရောင်နေမင်းနိုင်ငံ၌ပင် လွန်စွာ ရှားပါးလှလေ၏။
'' ............. ''
ခဏချင်းမှာပင် အဆင့်ချိုးဖြတ်သံများ ဆူညံစွာ ထွက်ပေါ်လာပြီး၊ အစွမ်းထက်သော အငွေ့အသက်များစွာ ပေါက်ကွဲထွက်လာလေသည်။ သူတို့၏ မျက်ဝန်းများတွင် ဖုံးကွယ်၍ မရသော ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေကြသည်။
အကယ်၍ ၎င်းသည် ဝိညာဉ်ရေကန်အတွက်သာ မဟုတ်ပါက၊ သူတို့၏ အတားအဆီးများကို ဖြတ်ကျော်ရန် အနည်းဆုံး တစ်နှစ်ခန့်ကြာမည် ဖြစ်သည်။ သူတို့၏အသက်မှာ ဆယ့်ခြောက်-ဆယ့်ခွန်မျှသာ ရှိသေးသော်လည်း ရှန်ရှင်း ဒုတိယအဆင့်သို့ ရောက်ရှိ နေကြပြီ ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့တွင် အကန့်အသတ် မရှိသောအလားအလာ ရှိပေမည်။
" ဖိန်းအာ ဘယ်လိုခံစားရလဲ..."
ဝမ်ကျီယဲက ဝမ်ဖိန်းကို စိတ်လှုပ်ရှားစွာ လှမ်းမေးလိုက်သည်။
'' အကန့်အသတ်ကိုထိတွေ့နေပြီ၊ တစ်နှစ်မပြည့်ခင် ရှန်ရှင်းတတိယအဆင့်ကိုရောက်ဖို့ ငါယုံကြည်တယ်။ ''
ဝမ်ဖိန်းက ယုံကြည်မှုရှိရှိဖြင့် ပြန်ဖြေလာ၏။ ၎င်းသည် ဝမ်ကျီယဲအား ပြုံးရယ်သွားစေခဲ့သည်။
" ကောင်းတယ်! အရမ်းကောင်းတယ်..... ''
ဝမ်ကျီယဲက သူ့သား၏အောင်မြင်မှုများကြောင့်၊ ဝမ်းသာအားရ ရေရွတ်လိုက်လေသည်။ သို့သော် ရုတ်တရက်ရေကန်အတွင်းမှ အဆင့်ချိုးဖြတ်သံများ၊ ထပ်မံထွက်ပေါ်လာ ပြန်သည်။
'' ဘုန်း...... ''
ခဏအကြာတွင် ရေမှုန်ရေမွှားများ ကောင်းကင်သို့ လွင့်တက်သွားပြီး၊ ဝမ်ဖေးယီ၏ တောက်ပသော မျက်လုံးများ ပြန်လည် ပွင့်ဟလာတော့၏။
" ရှန်ရှင်းဘုံတတိယအဆင့် ....."
ဝမ်မိသားစု၏ တပည့်များအားလုံး ထိတ်လန့်သွား ကြသည်။ လင်းယွန်သည် ဝမ်ဖေးယီ၏ ဝိညာဉ်စွမ်းအင်များအား လုယူလိုက်သော်လည်း၊ ထိုဝမ်ဖေးယီသည် အောင်မြင်မှု တစ်ခုကို ရယူနိုင်ဆဲပင်။ ထို့ကြောင့်ပင် ဝမ်ဖေးယီ၏ အရည်အချင်းသည်၊ ထိတ်လန့်ဖွယ် ကောင်းသည်ဟု ဆိုလိုခြင်း မည်၏။
တစ်ချိန်တည်းမှာပင် ဝမ်ဖိန်း၏ မျက်နှာအမူအရာမှာ မည်းမှောင်သွားခဲ့ပြီး၊ ဝမ်ဖေးယီနှင့် သူ့အကြား ကွာဟချက်ကို ဝမ်ဖေးယီက သက်သေပြခဲ့လေပြီ။
'' ဝမ်းကွဲအစ်ကို အရမ်းစိုးရိမ်နေစရာမလိုပါဘူး၊ မင်းသာ လုံလုံလောက်လောက် အချိန်တွေရရင်၊ သူ့ကို ကျော်ဖြတ်ဖို့ အခွင့်အလမ်းတွေ ရှိနေပါသေးတယ်။ ''
ဖိန်းဝူဟန်က ဝမ်ဖိန်း၏ပုခုံးကိုပုတ်လျက်၊ နှစ်သိမ့်လိုက်သည်။ ဝမ်ဖိန်းက ခေါင်းညိတ်လျက် မသက်မသာပြုံးလာခဲ့ပြီး၊ ထိုအချိန်တွင် ဝမ်ဖေးယီ၏အသံသည် ကျယ်လောင်စွာ ထွက်ပေါ်လာလေသည်။
" ဒီအမှိုက်က ဘယ်မှာလဲ လင်းယွန် ထွက်လာစမ်း....."
ရှန်ရှင်းတတိယအဆင့်သို့ ခြေချနိုင်ခဲ့ပြီးနောက်၊ ဝမ်ဖေးယီသည် ယုံကြည်မှု အပြည့် ရှိနေခဲ့လေရာ၊ သူက လင်းယွန်အား လှည့်ပတ်ရှာဖွေမိပြီး၊ တင်းမာစွာ အော်ငေါက် ခေါ်ယူလိုက်၏။
ဝမ်ဖေးယီ၏စကားကြောင့် ဝမ်ဖိန်းနှင့် ဖိန်းဝူဟန်တို့မှာ လင်းယွန်အားသတိရသွားပြီး၊ စိုးရိမ်သွားခဲ့သည်။ယခုအချိန်၌ ရှန်ရှင်းတတိယအဆင့်သို့၊ လောလောလတ်လတ် အဆင့်ချိုးဖြတ်ထားသော ဝမ်ဖေးယီသည်၊ လင်းယွန်အား လက်စားချေရန် ကြိုးစားပေတော့မည်။
'' လင်းယွန်က ရေကန်အောက်ခြေမှာ းကံကောင်းမှုကို ရှာဖွေနေတယ်၊ မကြာခင် သူပြန်လာမယ် ထင်တယ်။ ''
ဝမ်ကျီယဲက ရေကန်ကိုကြည့်ပြီး၊ ပြန်ဖြေလိုက်၏။ ဝမ်အကြီးအကဲများနှင့်အတူ၊ ရေကန်အောက်ခြေအား ပိုက်စိတ်တိုက် ရှာဖွေ ထားခဲ့ပြီး ဖြစ်ရာ၊ ဤလင်းယွန်သည် ရေကန်အောက်ခြေ၌ မည်သည့်အရာကိုမျှ ရှာတွေ့နိုင်လိမ့်မည် မဟုတ်သည်ကို၊ သူက ခိုင်မာစွာ ယုံကြည်ထား မိလေသည်။
'' ဗွမ်း.........''
ရုတ်တရက် လင်းယွန်မှာ သူ၏ဓားသေတ္တာကို ထမ်းပိုးလျက် ရေကန်မျက်နှာပြင်အား ခွဲဖွင့် ပျံသန်း ထွက်ပေါ်လာ လေသည်။
'' ဘယ်လောက်တောင် သိပ်သည်းလိုက်တဲ့ စွမ်းအင်တွေလဲ...... ''
ဝမ်ကျီယဲသည် လင်းယွန်ကို လှမ်းကြည့်လိုက်ပြီး အံ့အားသင့်သွားသည်။ လင်းယွန်၏ ခန္ဓာကိုယ်မှတဆင့် ပြင်းထန်သော ဝိညာဉ်စွမ်းအင်များ စီးဆင်းနေသည်ကို အာရုံခံမိနေ၏။
လင်းယွန်သည် ကမ်းပေါ်သို့ ဆင်းသက်ပြီးသည်နှင့် ခြေတစ်လှမ်းမျှ မလှမ်းနိုင်မီတွင်၊ အေးစက်သောအော်ငေါက်သံ တစ်သံသည် သူ့အား ကြိုနှင့် ခဲ့လေပြီ။
'' ဘယ်လိုအမှိုက်မျိုးလဲ၊ ဝိညာဉ်စွမ်းအင် များစွာကို စုပ်ယူခဲ့တာတောင်၊ အောင်မြင်မှု တစ်ခုမှ မရနိုင်ခဲ့ဖူးလား၊ ငါ့ အဖေပြောတာ မှန်တယ်၊ မင်းက ခွဲတမ်းကို မယူသင့်ဘူး ''
ဝမ်ဖေးယီက လင်းယွန်ကို လှမ်းကြည့်နေလိုက်ပြီး၊ နှာခေါင်းရှုံ့လျက် ယုံကြည်မှုအပြည့်ဖြင့်၊ သူ့အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။
လင်းယွန်က ဝမ်ဖေးယီကို တစ်ချက်သာ စိုက်ကြည့်လိုက်ပြီး၊ ဝမ်ဖိန်းနှင့် ဖိန်းဝူဟန်ကို ပြုံးပြလိုက်၏။ ထိုသို့သော အပြုအမူကြောင့်၊ ဝမ်ဖေးယီမှာ ဒေါသများ ဆူပွက်ပေါက်ကွဲသွား၏။
" မင်း...လင်းယွန်၊ မင်း...ငါနဲ့ နောက်တစ်ကြိမ် တိုက်ဝံ့သလား၊ ....... "
လင်းယွန်ထံသို့ တိုးကပ်လာပြီး ဝမ်ဖေးယီက ပြုံးသက်သက်ဖြင့် စိန်ခေါ်လိုက်သည်။
" ဖေးယီ၊ စိတ်လျော့ထားပါ... ''
ထိုမြင်ကွင်းကြောင့် ဝမ်ကျီယဲက ချက်ချင်းပင် အော်ဟစ်ဟန့်တားလိုက်သည်။ သူက လင်းယွန်ထံမှ သိပ်သည်း လွန်းသည့် စွမ်းအင်များကို အာရုံခံမိနေဆဲပင်။
" ဒီအမှိုက်က ငါ့ဆီကနေ ဝိညာဉ်စွမ်းအင်ကို လုယူခဲ့တာ မဟုတ်ဘူးလား၊ ငါက ....ဒီကိစ္စကို လွယ်လွယ်နဲ့ လွှတ်ပေးဖို့ ဆန္ဒမရှိဖူး ဦးလေးဝမ်...."
ဝမ်ဖေးယီက အလိုမကျဟန်ဖြင့်၊ ဝမ်ကျီယဲထံသို့ လှမ်းကြည့်လိုက်ပြီး၊ အေးစက်စွာ ပြန်ဖြေလိုက်သည်။ ဝမ်ဖေးယီ၏ အဖြေကြောင့်၊ ဝမ်ကျီယဲမှာခေါင်းယမ်းလျက် သက်ပြင်းချလိုက်လေ၏။
'' မင်းကလူမိုက်ပဲ၊ မင်းရဲ့ ဦးလေးတစ်ယောက်အနေနဲ့ ငါက မင်းကိုကူညီနေတာပါ...... ''
ဝမ်ကျီယဲ၏ ရေရွတ်သံကို ဂရုမစိုက်ဟန်ဖြင့်၊ ဝမ်ဖေးယီက နှုတ်ခမ်းထောင့်တွင် အေးစက်သော လှောင်ပြုံးကို ဆင်မြန်းလျက်၊ လင်းယွန်အား မျက်ခုံးပင့်ပြ လိုက်သည်။ ထို့နောက်တွင် လင်းယွန်က စိန်ခေါ်မှုကို လက်ခံလိုက်သဖြင့်၊ တိုက်ခိုက်မှုကို စတင်ရန်၊ သူ၏ ဝိညာဉ်စွမ်းအင်များကို လက်ဖဝါး၌ စုရုန်းစေခဲ့သည်။ ဤတစ်ကြိမ်တွင် ယခင်အမှားမှ သင်ယူခဲ့ပြီး၊ လင်းယွန်အား ပေါ့ပေါ့တန်တန်သဘော မထားဝံ့တော့ချေ။
အခြားတစ်ဖက်တွင်၊ လင်းယွန်က ထိတ်လန့်ခြင်း မရှိပေ။ ယန်သန့်စင်ခြင်းနည်းစနစ်သည် စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး၊ သူ၏ ဝိညာဉ်စွမ်းအင်များမှာ အဆုံးမဲ့မီးလျှံများ ကဲ့သို့၊ အပ်စိုက်မှတ်အားဖြတ်ကာ လက်မောင်းတစ်လျှောက်၊ ကြမ်းတမ်းစွာ စီးဝင်လာလေသည်။ ထို့နောက်တွင် ပြေးဝင်လာသော ဝမ်ကျီယဲအား လက်သီးဖြင့်၊ ဆီးကြို ထိုးချ လိုက်လေသည်။
'' ဘုန်း..........''
သူတို့နှစ်ယောက်ကြား ရန်ပွဲသည် စိတ်ဝင်စားစရာမကောင်းခဲ့ပဲ၊ ရလာဒ်အနေဖြင့် ဝမ်ဖေးယီ၏ပါးစပ်မှ သွေးများအန်ထွက်လာကာ၊ မျက်လုံးများ ပြူးကျယ်သွားစေ၏။ လင်းယွန်၏ ဝိညာဉ်စွမ်းအင်များသည် သူ့အား လုံးလုံးလျားလျား ဖိနှိပ်နိုင်ခဲ့သည့်အပြင်၊ ခန္ဓာကိုယ်အတွင်းထဲ သို့ိပင် ကျူးကျော်ဝင်ရောက်လာခဲ့ပြီး၊ အတွင်းအင်္ဂါများအား ယိမ်းထိုးသွားစေခဲ့သည်။
ထို့နောက်တွင် ဝမ်ဖေးယီသည် အမြောက်ကျည်ဆံ တစ်စကဲ့သို့ လွင့်စင်သွားပြီး၊ မျက်စိတစ်မှိတ်အတွင်းမှာပင် မီတာများစွာသို့ ရောက်ရှိသွားလေပြီ။
ထို့နောက်တွင် တိုက်ခိုက်မှုကို ပြန်လည် ရုတ်သိမ်းလိုက်ပြီး၊ လင်းယွန်က ကျေနပ်အားရစွာ ပြုံးရယ်လိုက်၏။
'' အို၊ တောင်းပန်ပါတယ်၊ ငါလည်း တိုးတက်မှု တချို့ ရရှိထားတယ်လို့ ပြောဖို့ မေ့သွားတယ်။ ''
လင်းယွန်၏စကားကြောင့် ဝမ်ကျီယဲက မသက်မသာ ခေါင်းရမ်းလိုက်မိသည်။ ၎င်းသည် အနည်းငယ်သောတိုးတက်မှုဟု ဆိုပါက၊ ဤထိုးနှက်ချက်ကြောင့်ပင် ဝမ်ဖေးယီမှာ အိပ်ယာထဲ၌ အနည်းဆုံး တစ်လခွဲခန့် လှဲနေရ ပေတော့မည်။
***