မိုးကြိုးလက်ခုပ်သံ ငါးပါး။
Vol. 8 Ch. 101
လင်းယွန်က ရတနာခန်းမထံမှ တစ်စုံတစ်ခုကို ကောက်ယူသည့် အခါတိုင်းတွင်၊ ၎င်းကို စျေးနှုန်းနှစ်ဆဖြင့် ချက်ချင်း ထုတ်ရောင်းရန် တုံဟူက အသင့် ရှိနေခဲ့သည်။
ထို့ကြောင့် လင်းယွန်သည် ရတနာခန်းမကို မြင်သော အခါတွင် တုံ့ဆိုင်းသွား မိခြင်း ဖြစ်သည်။
သို့သော် ရတနာခန်းမတွင် ပစ္စည်းကောင်းများ သေချာပေါက် ရှိသည်ကို သိနေမိသောကြောင့်၊ နောက်ဆုံးတွင် ဝင်ရန် ဆုံးဖြတ် မိခဲ့သည်။
ထို့အပြင် တုံဟူသည်လည်း ဤမြို့ရှိ ရတနာခန်းမကို ပိုင်ဆိုင် နိုင်လိမ့်မည်ဟု ဘယ်သောအခါမျှ မမျှော်လင့် ထားမိပေ။
ရေဖြူမြို့ရှိ ရတနာခန်းမနှင့် ခရမ်းရောင်မီးလျှံမြို့ရှိရတနာခန်းမသည် နာမည်တူပြီး၊ ပိုင်ရှင်ကွဲ လိမ့်မည်ဟု လင်းယွန်က ယူဆထားမိခြင်း ဖြစ်ရာ၊ ယင်းတုံဟူအား မြင်သည်နှင့် လှည့်ပြန်ရန် ပြတ်သားခဲ့ခြင်း ဖြစ်ပေသည်။
"ဟဲ ဟဲ စိတ်မဆိုးပါနဲ့ ညီငယ်လင်း၊ လာ ဒီမှာထိုင်ပါဦး၊ မင်းအတွက် လက်ဖက်ရည် တစ်ခွက် ငါကိုယ်တိုင် ငှဲ့ပေးပါမယ်....."
တုံဟူက အရှက်မဲ့စွာဖြင့် လင်းယွန်အား ထိုင်ခိုင်းပြီးနောက်၊ ပြုံးပြလိုက်သည်။
" ညီငယ်လင်း၊ လျှို့ဝှက်နယ်မြေအတွက် အပြာရောင်နေမင်းနိုင်ငံကို လာခဲ့တာ မဟုတ်လား....."
တုံဟူက လင်းယွန်ကို လက်ဖက်ရည် တစ်ခွက် ကမ်းပေးပြီး မေးလိုက်သည်။ လက်ဖက်ရည်တစ်ငုံ မော့သောက်နေဆဲမှ၊ လင်းယွန်က မျက်ခုံးပင့်ကာ၊
'' မင်း....ရောလား ''
'' ဟားဟားဟား ဆိုပါတော့ ညီငယ်လင်း၊ အပြာရောင်နေမင်းနိုင်ငံရဲ့ လျှို့ဝှက်နယ်မြေက ဆယ်စုနှစ်တစ်ခုမှာ၊ တစ်ကြိမ်သာ ဖွင့်လှစ်နိုင်မယ် မဟုတ်လား၊ ဒါကြောင့်လည်း မရေမတွက်နိုင်တဲ့ ရှန်ရှင်း သိုင်းသမားတွေ ဒီနေရာမှာ စုဝေးလာလိမ့်မယ်၊ လူတွေ စုရုံးလာတာနဲ့ ငါ့ရဲ့ လုပ်ငန်းတွေလည်း ပွင့်လန်းလာမှာ အမှန်ပဲ၊ ဆိုပါဦး ညီငယ်လင်းက တစ်ခုခု ဝယ်ချင်လို့လား"
တုံဟူက လင်းယွန်ကို အပြုံးများဖြင့် စိုက်ကြည့်နေလေသည်။ လင်းယွန်က တိမ်လွှာရေခဲပြင်လှံကို ထုတ်ယူလိုက်ပြီး ကမ်းပေးလိုက်၏။
'' အိုး... ကောင်းမွန်တဲ့ လှံတစ်စင်းပဲ၊ ရှားပါးရေခဲဒြပ်စင်နဲ့ သွန်းလုပ်ထားတဲ့ အလယ်အလတ် တော်ဝင်လက်နက်တစ်ခု၊ ရေခဲဒြပ်စင် ဖြစ်တာကြောင့် ပိုပြီး ရှားပါးစေတယ်၊ မှန်ကန်တဲ့ ဝယ်သူကို ရှာနိုင်သရွေ့တော့ အဖိုးအများကြီး တန်ပါလိမ့်မယ်၊ ဒါဆို မင်းက အဲဒါကို ရောင်းချင်တာလား ဒါမှမဟုတ်၊ တခြားတစ်ခုခုနဲ့ လဲလှယ်ချင် လို့လား..."
လင်းယွန်သည် ဤနေရာတွင် တိမ်လွှာရေခဲပြင်လှံကို ရောင်းချရုံသာ မဟုတ်ပဲ တစ်စုံတစ်ခုသော ရတနာဖြင့်ပင်၊ လဲလှယ်ရန်ဆန္ဒရှိနေ ခဲ့လေပြီ။
'' ကောင်းပြီ... ဝေ့ဝိုက်နေတာ ငါ့ပုံစံမဟုတ်ဖူး၊ မင်းမှာ အဆင့်မြင့် ရှန်ရှင်း ဓားနည်းစနစ်တွေရှိလား.... ''
" အဆင့်မြင့် ရှန်ရှင်းသိုင်းနည်းစနစ်လား...."
တုံဟူက မျက်ခုံးပင့်လျက် လင်းယွန်ကို အစုန်အဆန် အကဲခတ်လိုက်ကာ၊
"အဆင့်မြင့် ရှန်ရှင်းနည်းစနစ်တွေက၊ မင်းရဲ့ကျင့်ကြံမှု အရ သင့်တော်မယ် မထင်ဘူး၊ မင်းဒါကို လေ့ကျင့်ဖို့ဆိုရင် ရှန်ရှင်း စတုတ္ထအဆင့်ကို ရောက်နေဖို့ လိုတယ်... ဒါမှမဟုတ်ရင် မင်းရဲ့ အချိန်တွေကို ဖြုန်းတီး နေမိလိမ့်မယ်။"
" ဟုတ်လား....မင်း သေချာပြီလား "
ထို့နောက် လင်းယွန်က ပြုံးလျှက် ထာဝရနတ်ဘုရားတံဆိပ်တော် ကို ထုတ်ဖော် ပြသ လိုက်သည်ဖြစ်ရာ၊ စူးရှတောက်ပသော အလင်းရောင်များ စိမ့်ထွက်သွားခဲ့သည်။ အပေါ်ထပ်ရှိ အလှဆင် ပစ္စည်းများမှာ ထာဝရနတ်ဘုရားတံဆိပ်တော်၏ အရှိန်အဝါကြောင့် လှုပ်ခါယိမ်းထိုးကုန်၏။
ထိုမျှသာမက လင်းယွန်က၊ သူ၏ လက်များကို ဖြန့်ပြလိုက်ရာ၊ လက်ဖဝါး ပြင်ပေါ်၌ လွှမ်းမိုးနိုင်စွမ်း ကြီးမားလှသော ရွှေရောင်တံဆိပ်တော်တစ်ခု ဖြစ်တည်နေခဲ့လေသည်။ ၎င်းသည် ထာဝရနတ်ဘုရားတံဆိပ်တော်၏ မြင့်မားသောကျွမ်းကျင်မှုကို ပြသခဲ့ရာ ရောက်ပြီး၊ ပြီးပြည့်စုံသော ကျွမ်းကျင်မှုသို့ ဆုပ်ကိုင်နိုင်ရန် ခြေတစ်လှမ်းသာ ကွာဝေးတော့ပေ၏။
လင်းယွန်ကိုကြည့်ပြီး၊ တုံဟူမှာ ထိတ်လန့်မှုအပြည့်ဖြင့် တိတ်ဆိတ်သွားသည်။
" သူဌေးတုံ မင်းက သံသယရှိသေးလား"
ရယ်မောသံနှင့်အတူ လင်းယွန်က မေးခွန်း ထုတ်လိုက်သည်။
" မဟုတ်ဘူး၊ ....ဟုတ်ပါတယ်။ "
တုံဟူသည် ထိတ်လန့်မှုမှ ပြန်လည် သက်သာလာပြီး ရှက်ရွံ့စွာ ပြုံးလိုက်သည်။
'' ညီငယ်လင်း၊ မင်းက မြို့တော်သခင်ဘိုင်တောင်မှ စိတ်ဝင်စားခံရတဲ့ သူပဲ၊ ငါတို့တွေ မတွေ့ဆုံခဲ့တာ တစ်နှစ်ခွဲရှိပြီ၊ အဲဒီအချိန်အတွင်း မင်းက တိုးတက်မှုတွေ အများကြီး ရခဲ့ပုံရတယ်။ "
တုံဟူက ခေတ္တမျှ စကားရပ်လိုက်ပြီး ရှုပ်ထွေးသော အမူအရာဖြင့် သက်ပြင်းချကာ၊
" အလယ်အလတ် ရှန်ရှင်း နည်းစနစ်ဆိုရင် မင်းအတွက် ရွေးချယ်စရာတွေ အများကြီး ရှိတယ်၊ အဆင့်မြင့် ရှန်ရှင်း နည်းစနစ်ကတော့ ရဖို့က မလွယ်ပါဘူး..."
လင်းယွန်က တုံဟူစကားကို ခေါင်းညိတ် သဘောတူလိုက်သည်။ ဝမ်မိသားစုသည်ပင်လျှင် မိုးကြိုးခန္ဓာကျင့်ကြံခြင်း နည်းစနစ်အား ပိုင်ဆိုင်ထား ခဲ့သော်လည်း၊ ၎င်းသည် ပြည့်စုံသော သိုင်းနည်းစနစ်တစ်ခု မဟုတ်ခဲ့ပေ။
အဆင့်မြင့် ရှန်ရှင်း သိုင်းနည်းစနစ်သည် မည်မျှ ရှားပါးသည်ကို သိသည်။ နောက်ဆုံးတော့၊ ထိုနည်းစနစ် တစ်ခုခုအား ပိုင်ဆိုင် ထားခဲ့ပါက၊ ခရမ်းရောင်မီးလျှံမြို့လို မြို့မျိုးကိုပင် အုပ်စိုးရန် အတွက်၊ မျိုးနွယ်စု တစ်စုစုအား ငှားရမ်း အသုံးပြုရန် လုံလောက်ပေမည်။
" စဉ်းစားကြည့်ပါ၊ အဆင့်မြင့် ရှန်ရှင်းသိုင်းနည်းစနစ်တစ်ခုကို ရတနာခန်းမမှာ ဘယ်သူက လာရောင်းမလဲ၊ ထက်မြက်တဲ့ သူတိုင်းက လေလံတင်ပြီး၊ မြင့်မားတဲ့ စျေးနှုန်းတွေနဲ့ ကမ်းလှမ်းကြလိမ့်မယ်၊ ပြီးတော့ ဒီက ညီငယ်လေးလင်းက တော်ရုံတန်ရုံတွေကို စိတ်မဝင်စားတာ သေချာတယ်၊ သာမန်အဆင့်မြင့် ရှန်ရှင်း နည်းစနစ်တွေက မင်းကို စိတ်ဝင်စားစေမှာ မဟုတ်ဖူး...''
တုံဟူ၏ စကားများကို နားထောင်ပြီး၊ မည်သို့သော သဘောကို ဆိုလိုသည်ကို ချက်ချင်း သိလိုက်သည်။ တုံဟူက သူ့မှာမရှိရင် တိုက်ရိုက် ငြင်းပေလိမ့်မည်။ သို့မဟုတ်ပါက ၎င်းသည် လင်းယွန်းထံမှ အရည် ညှစ်ထုတ်ရန် ရည်ရွယ်ခြင်း မည်၏။ ထို့ကြောင့်ပင် လင်းယွန်က ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ပေးလိုက်သည်။
" ဒါဆိုရင်ရော....၊ လုံလောက်ပြီလား......"
" ဝိညာဉ် အဆီအနှစ်လား...."
တုံဟူက ကျောက်စိမ်းပုလင်းကို ဖွင့်ကြည့်ကာ အံ့သြသွား၏။ ခဏအကြာတွင် သူက ပြုံးပြလာပြီး၊
'' ညီငယ်လင်း၊ မင်းက ပြင်ဆင်ထား ပုံရတယ်၊ ဒါက အဖိုးတန်ပေမယ့် ခြွင်းချက်တစ်ခုလုပ်ဖို့၊ ငါ့အတွက် မလုံလောက်မှာကို ငါကြောက်တယ်။.... "
-ဟုဆိုကာ သူ၏ ပုံမှန်အပြုံးဖြင့် လက်လေးချောင်းကို မြှောက်ပြလိုက်သည်။ လင်းယွန်က ခေါင်းညိတ်လျက် ချက်ချင်းပင် လက်ခံလိုက်၏။
'' သဘောတူတယ်..... ''
" ဒါက.............."
သို့သော် ထိုသဘော တူညီချက်ကြောင့် ဖြစ်ပေါ်လာသော တုံဟူ၏ အပြုံးသည်၊ လင်းယွန်အား စိတ်အနှောက်အယှက် ဖြစ်စေသည် ဖြစ်ရာ၊ သူက မျက်မှောင်ကျုံ့ လိုက်မိသည်။ နောက်ဆုံးတွင်၊ သူဌေးတုံသည် ဝိညာဉ်အဆီအနှစ် လေးပုလင်းကို တောင်းဆိုသည်သာမက၊ ထိုစျေးနှုန်းထက်ပိုကာ လင်းယွန်ကို အခွင့်ကောင်း ယူချင်နေပြီ ဖြစ်သည်။
ဤဝိညာဉ် အဆီအနှစ်များသည် အဖိုးတန်ပြီး ၎င်းကို အလွယ်တကူ ရှာမတွေ့ နိုင်ချေ။ သို့သော်လည်း တုံဟူသည် လင်းယွန်ထံမှ ဤဖလှယ်မှုအား လွယ်ကူစွာ သဘောတူ လိမ့်မည်ဟု မထင်ခဲ့ပေ။ ထိုအခိုက်အတန့်တွင်၊ သူသည် အနည်းငယ်မျှသာ တောင်းဆိုခဲ့မိ သလားဟုပင်၊ လောဘကြီးစွာ တွေးလိုက်မိသည်။ ထိုသို့သော တုံဟူ၏ အင်တင်တင်အမူအရာများကြောင့်၊ လင်းယွန်က စိတ်ပျက်လက်ပျက် ခေါင်းခါ ယမ်းလိုက်၏။
'' .... ဆိုတော့ သူဌေးတုံက ငါ့စျေးနှုန်းကို စိတ်မဝင်စား သလိုပဲ၊ ဒီအတွက် ငါသဘော မတူဖူးလို့ပဲ၊ ထားလိုက်ကြရအောင်၊ နှုတ်ဆက်ပါတယ်။ ''
'' ခဏ.....ခဏနေပါဦး၊ ငါ... စိတ်ရှုပ်သွားလို့ပါ၊ မင်းအတွက် ငါပြင်ဆင်ထားတဲ့ ဓားနည်းစနစ်ကို၊ မင်းဘာလို့ မကြည့်တာလဲ။"
သို့သော် ချက်ချင်းပင်၊ တုံဟူက ပြုံးပြီး၊ လင်းယွန်လက်ကို လှမ်းဆွဲလိုက်သည်။ ရှန်ရှင်းနည်းစနစ်များသည် အဖိုးတန်သည် မှန်သော်လည်း၊ ၎င်းသည် အပြာရောင်နေမင်းနိုင်ငံ၌ ထွက်ပေါ်လာခြင်း မရှိနိုင်ဟု မဆိုလိုပေ။
အပြာရောင်နေမင်းနိုင်ငံသည် အင်အားစုများအကြား ပဋိပက္ခများ အမြဲ ရှိနေ တက်ပေရာ၊ ရံဖန်ရံခါတွင် စစ်ပွဲများအတွင်းမှ ၎င်းတို့၏ အဆင့်မြင့် ရှန်ရှင်းနည်းစနစ်များကို စျေးကွက်အတွင်းသို့ ပေါ်ပေါက်လာမည် ဖြစ်သည်။
သို့ပေသော်ငြား ဝိညာဉ်အဆီ အနှစ်များသည် ကံကောင်းခြင်း များဖြင့်သာ၊ တွေ့ရှိနိုင်သော ရတနာများပင်။ မဟာဂိုဏ်းကြီး လေးဂိုဏ်းနှင့် မျိုးနွယ်စုလေးစု အပါအဝင်၊ အခြားသော ပါရမီရှင် များသည်လည်း၊ ၎င်းအတွက် မြင့်မားသော လိုအပ်ချက် တစ်ခုအဖြစ်၊ ရှိနေဆဲပင် မဟုတ်ပါလော။ ထို့ကြောင့်ပင် ဤသဘော တူညီချက်အား လက်လွှတ်လိုက် ရပါက၊ သူသာလျှင် နစ်နာရပေမည် ဖြစ်သည်။
'' ခဏလေး စောင့်ပါဦး။ ''
တုံဟူက ပြုံးပြီး ထွက်သွားကာ၊ ခဏအကြာတွင် သူ့လက်ထဲ၌ သေတ္တာတစ်လုံးအား ကိုင်လျက်၊ ပြန်ရောက်လာခဲ့သည်။ ထို့နောက်တွင် လင်းယွန်က သေတ္တာကို ယူကာ ဖွင့်လိုက်၏။ ထိုသေတ္တာအတွင်း၌ စာအုပ်တစ်အုပ် ရှိနေကာ၊ ၎င်း၏ မျက်နှာဖုံးပေါ်တွင် 'မိုးကြိုးလက်ခုပ်သံငါးပါး'ဟု ရေးသားထား လေသည်။ သူ့မျက်လုံးများသည် ဝင်းဝင်းလက်လျက်၊ စာအုပ်မှ အကြည့်အား မခွာနိုင်ခဲ့ပေ။
ထိုအချိန်တွင် တုံဟူသည် ဘေးတွင်ရပ်ကာ သူ့မေးစေ့ကို စိတ်ချလက်ချ ပွတ်သပ်နေလေသည်။ လင်းယွန်မှာ အလွန်ပင် ငယ်ရွယ်လှပြီး၊ အတွေ့အကြုံ နည်းပါးလှပေသည်။ ထို့ကြောင့်ပင် သူစိတ်ဝင်စားသည့် အရာအား တွေ့မြင်လိုက်သည်နှင့်၊ သူ့နှလုံးသားထံမှပျော်ရွှင်မှုအား ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။
မိုးကြိုးလက်ခုပ်သံငါးပါးသည် ဓားသိုင်း နည်းစနစ် တစ်ခုဖြစ်ပြီး၊ ၎င်းနည်းစနစ်တွင် စုစုပေါင်း ပုံစံငါးမျိုးရှိကာ၊ ထိုပုံစံ ငါးမျိုးအား သိုင်းကွက်ငါးကွက်ဟုပင် ယူဆနိုင် ပေသည်။
၎င်းတို့မှာ ခရမ်းရောင်မုန်တိုင်း၊ ချယ်ရီပန်း စီးချင်း၊ မိုးနှင်း အိမ်မက်၊ လ'ရောင် ဖမ်းခြင်း နှင့် မိုးကောင်းကင် နတ်ဘုရား တို့ဖြစ်ပေသည်။
ဤသိုင်းကွက် ငါးကွက်သည် ရိုးရှင်းသည်ဟု ထင်ရသော်ငြားလည်း၊ ဓားကွက်တိုင်းတွင် အလှည့်အပြောင်း များစွာဖြင့် ပြည့်နှက်နေခဲ့ပြီး၊ ဓါးကွက် တစ်ကွက်စီတွင် ပါရှိသော ရည်ရွယ်ချက် များကို နားမလည်နိုင်ပါက၊ ၎င်းကို သင်ယူလေ့လာရန် နည်းလမ်းမရှိနိုင်။
'' အမှန်တော့ ဒါက အဆင့်မြင့် သိုင်းနည်းစနစ်တစ်ခုပဲ၊ ဒါပေမယ့် ဒီနည်းစနစ်ကို ဘယ်သူကမှ လေ့ကျင့်နိုင်ခြင်း မရှိလို့ အလယ်အလတ် ရှန်ရှင်း သိုင်းနည်းစနစ် အဖြစ် သတ်မှတ်လိုက်ကြတာပဲ ''
တုံဟူက ပြုံးလျက် ရှင်းပြလာသည်။
"ဒါကို မင်းဘယ်က ရလာတာလဲ"
လင်းယွန်ထံမှ စူးစမ်းလိုစိတ်ဖြင့် မေးခွန်းတစ်ခွန်း ထွက်ပေါ်လာသည်။ ထိုမေးခွန်းကြောင့်ပင် တုံဟူ၏ အပြုံးမှာ လေးနက်သော အသွင်သို့၊ ပြောင်းလဲသွားပြီး၊
'' အပြာရောင်နေမင်းနိုင်ငံမှာရှိတဲ့ အားနည်းသူတွေက သန်မာသူတွေရဲ့ သားကောင်ပါပဲ၊ နေရာတိုင်းမှာ တစ်ကျော့ပြန် လာချင်တဲ့ ရည်ရွယ်ချက်တွေနဲ့၊ သိုင်းနည်းစနစ်တွေကို ရောင်းချဖို့ စိတ်အားထက်သန်နေတဲ့ သူတွေ အမြဲ ရှိနေတယ်... ''
တုံဟူ၏ရှင်းပြသံကြောင့် မိုးကြိုးလက်ခုပ်သံငါးပါး နောက်ကွယ်မှ သွေးထွက်သံယို တိုက်ပွဲများကို စိတ်ကူး ကြည့်နိုင်သည်။ ဤနည်းစနစ်သည် စျေးကွက်အတွင်းသို့၊ ထွက်ပေါ်လာစေရန် မျိုးနွယ်စုတစ်စုအား၊ သုတ်သင်ခြင်း ခံရပေမည်။
ဥပမာအားဖြင့်ဆိုရသော်၊ အကယ်၍သာ ဝမ်မိသားစုသည် ကံဆိုးမှုများစွာ ကြုံခဲ့ရပါက၊ ဝမ်ကျီယဲက သူ့မိသားစုပိုင် အဆင့်မြင့် ရှန်ရှင်း သိုင်းနည်းစနစ်ကို ရောင်းချရန် ဆန္ဒရှိနေပေလိမ့်မည်။
" ဘယ်လိုလဲ မင်းဆန္ဒရှိရင်၊ ဒီ.. မိုးကြိုးလက်ခုပ်သံငါးပါးက မင်းအပိုင်ပဲ...... "
" ငါ သဘောတူတယ် "
လင်းယွန်က ဤအဆင့်မြင့် ရှန်ရှင်းသိုင်းနည်းစနစ်နှင့် သဘောတူညီ ထားခဲ့သော၊ တိမ်လွှာရေခဲပြင်လှံ အပါအဝင်၊ ဝိညာဥ်အဆီအနှစ် လေးပုလင်းကို ကမ်းပေးလိုက်သည်။
ထိုအချိန်၌ ဖြစ်ပေါ်လာသော၊ တုံဟူ၏ အပြုံးမှာ လင်းယွန်အား၊ နောက်တစ်ကြိမ် မသက်မသာ ခံစားလာရ စေပြန်သည်။
မည်သို့ပင်ဆိုစေကာမူ၊ လတ်တလော၌ ရှန်ရှင်းအဆင့် ဓါးနည်းစနစ်များကို လိုအပ် နေဆဲ ဖြစ်ရာ၊ သူက များစွာ ကျေနပ် သွားခဲ့သည်။
" သူဌေးတုံ ငါ့အတွက် သီးသန့် ခြံဝင်းတစ်ခုလောက် ရနိုင်သလား၊ ရက်အနည်းငယ်လောက် နေချင်တယ်"
" ဟား ဟား ....သေချာတာပေါ့၊ မင်းကြိုက်သလောက် ဘယ်လောက်ကြာကြာ ဖြစ်ဖြစ် နေနိုင်ပါတယ် ..."
***
အခြားတစ်ဖက်တွင်၊ ကောင်းယွမ်အတွက် မတူကွဲပြားသော မြင်ကွင်းတစ်ခုအား၊ ရင်မောစွာ တွေ့မြင်နေခဲ့ရသည်။
လင်းယွန်နှင့် တွေ့ဆုံပြီးနောက်တွင်၊ မောက်မာလွန်းသော ယန်တင်းယီသည် နှိမ့်ချသွားဟန်ဖြင့်၊ မျက်နှာဖုံးအောက်၌ ငြိမ်သက်နေသည်ကို၊ စိတ်ပျက်လက်ပျက် ရပ်ကြည့်နေမိသည်။
ကုသပေးမှုများကြောင့် ဒဏ်ရာမှ ပြန်လည် သက်သာ လာသော်ငြားလည်း၊ ယန်တင်းယီ၏ မျက်ဝန်းများတွင် ပြတ်သား ထက်ရှမှုများ အားပျော့နေခဲ့လေပြီ။
" လင်းယွန်နဲ့ ပတ်သက်တဲ့ သတင်းတွေ ရှိလား"
ယန်တင်းယီ၏ လေသံမှာ ဖျော့တော့စွာ ထွက်ပေါ်လာလေသည်။ ကောင်းယွမ်က နဖူးမှ ချွေးများကို မသိမသာ သုတ်ယူလိုက်ပြီး၊
'' သူက....ဝမ်မိသားစု နဲ့အတူ ပြန်မပါလာခဲ့ဘူး.... ''
ယန်တင်းယီက ခေါင်းကို မော့လိုက်ပြီး၊ သူ့အား ကြည့်လိုက်ရာ၊ ကောင်းယွမ်၏ ကျောရိုးတစ်လျှောက် အအေးဓါတ်များ စိမ့်တက်လာလေသည်။
"မင်းဘာလုပ်နေလဲ ငါဂရုမစိုက်ဘူး၊ ဒါပေမယ့် ငါသူ့သတင်းကို လိုချင်တယ်၊ ငါ့အဖေက ငါ့ဒဏ်ရာတွေ အကြောင်းသိရင်၊ မင်းရဲ့ဆင်ချေတွေကို သူစိတ်၀င်စားမှာ မဟုတ်ဘူးလို့၊ ငါ..... အာမခံနိုင်တယ်။"
ယန်တင်းယီ၏ ခြိမ်းခြောက်သံဆုံးသည်နှင့်၊ ကောင်းယွမ်မှာ အားကိုးရာ မဲ့သလို ခံစားလိုက်ရလေသည်။
ခရမ်းရောင်မီးလျှံမြို့၏ နယ်နိမိတ်အား ကျော်လွန်ပြီးနောက်၊ လင်းယွန်ကို ရှာဖွေရန်ဆိုသည်မှာ၊ ကောင်းမိသားစု၏ လက်တံသည် ထိုမျှလောက်အထိ ဖြန့်ကျက်နိုင်ခြင်း မရှိသေးချေ။
သို့သော် ခရမ်းမီးလျှံမြို့ရှိ သွေးတိမ်ဌာနခွဲသည် ဝမ်မိသားစုဝင်များကဲ့သို့ မသန်မာလှသော်လည်း၊ လင်းယွန်ကို ရှာတွေ့ရန် အတွက်မူ၊ ၎င်းတို့မှာ ပို၍ လွယ်ကူမည် ဖြစ်သည်။
'' .............. ''
ရုတ်တရက် ကောင်းမိသားစု၏ ကင်းထောက်တစ်ယောက်သည် လျင်မြန်စွာ ပြေးဝင်လာပြီး၊
" သခင်ကြီး၊ လင်းယွန်ရဲ့ သတင်းကိုရပါပြီ၊ သူက ရုပ်ဖျက်ပြီး ရတနာခန်းမထဲ ဝင်သွားတာ တွေ့လိုက်ရတယ် "
ထိုကင်းထောက်၏ သတင်းစကားကြောင့်၊ ယန်တင်းယီ၏ မျက်လုံးများမှာ လောဘရောင် များဖြင့် တောက်ပလာခဲ့သည်။
" သူနဲ့အတူ ဓားသေတ္တာပါသွားလား....."
ဝမ်မိသားစု၏ ကင်းထောက်သည် ယန်တင်းယီထံမှ ဆက်စပ်မှုမရှိသော မေးခွန်းကြောင့်၊ စိတ်ရှုပ်ထွေးသွားပြီး ခေါင်းကုတ်ကာ၊ စဉ်းစားလိုက်သည့် ဟန်ဖြင့်၊
'' ဟုတ်တယ်... ကျောမှာ ပိုးထားတယ်...''
'' ကောင်းလိုက်တာ..... ဟားဟားဟား "
ယန်တင်းယီ၏ ရယ်သံသည် ကောင်းမိသားစု စံအိမ် အတွင်းသို့ ကျယ်လောင်စွာ ပျံလွင့်သွားလေသည်။
***