မင်းက ငါ့ကို လာရှုပ်နေတာပဲ။
Vol. 8 Ch. 102
" ဓားသေတ္တာလား.... အဲဒါနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား တစ်ခုခု ရှိသလား သခင်လေးယန် ''
ကောင်းယွမ်က ယန်တင်းယီအား ဓားသေတ္တာဖြင့် ရိုက်နှက် ခံခဲ့ရပုံကို ပြန်လည် သတိရ သွားမိသည်။
ယန်တင်းယီက မျက်လုံးများ မှိတ်လျက်၊
" မင်း.......မမေးသင့်တဲ့ မေးခွန်းတွေ မမေးနဲ့"
" ငါ........ နားလည်ပါပြီ....."
ကောင်းယွမ်မှာ ကြောက်လန့်တကြားဖြင့် သူ့ချွေးများကို သုတ်ယူလိုက်သည်။ သူ၏ ကျင့်ကြံမှုသည် ယန်တင်းယီထက် မြင့်မားနေခဲ့သော်လည်း၊ ယန်တင်းယီ၏ စကားအား နားမထောင်ဝံ့ပဲ မနေရဲပေ။
ထိုယန်တင်းယီ၏ ဖခင်သည် သွေးတိမ်ဂိုဏ်းတွင်၊ ထိပ်တန်း အကြီးအကဲ တစ်ဦးဖြစ်ပြီး၊ ထိုအကြီးအကဲသာ အလိုရှိခဲ့ပါက ကောင်းမိသားစု ဝင်များအား အလွယ်တကူ သုတ်သင်ပစ်နိုင် လေသည်။
ကောင်းယွမ်က ဝိညာဥ်ရေကန်ကို ခွဲတမ်း တစ်ခုပေးမည်ဟု ကတိပြုခဲ့သော်လည်း၊ ယန်တင်းယီမှာ ခွဲတမ်းကို မရယူနိုင်ခဲ့ပဲ၊ ဒဏ်ရာများပင် အပြင်းအထန် ရရှိခဲ့သည်။
ရလဒ်အနေဖြင့် ယခုအချိန်တွင် ယန်တင်းယီ၏ ဒေါသကို ထိုးဆွခြင်းများအား အထူးရှောင်လွှဲနေရပေ၏။
'' သခင်လေးယန်၊ ရတနာခန်းမ အနီးမှာ စောင့်ကြည့်ဖို့ လူတစ်ယောက်ကို ဘာကြောင့် မပို့တာလဲ၊ စိတ်အေးအေးထားပါ မင်းအတွက် ဒီလင်းယွန်ကို ငါဖမ်းပေးမယ်"
ကောင်းယွမ်၏ မျက်လုံးများတွင် သတ်ဖြတ်လိုသည့် ဆန္ဒများဖြင့် တောက်ပလာသည်။ အခွင့်အရေး ရပါက လက်ရှိ အခြေအနေအား ပြုပြင် ပြောင်းလဲရန် ဆုပ်ကိုင် ချင်ခဲ့လေပြီ။ သို့သော်၊
'' မင်းအကူအညီ မလိုဘူး၊ မင်းရဲ့ ကောင်းမိသားစုက ဒီကိစ္စကို လက်ရှောင် နေနိုင်တယ်၊ သတင်းအားလုံးကို အမှောင်ချ ပေးထားလိုက်ရုံနဲ့ မင်းတာဝန်ကျေပြီ... ''
ယန်တင်းယီက ကောင်းယွမ်၏ အပြုအမူအား လျစ်လျူရှုလိုက်ကာ၊ ဟန့်တားလာ၏။
'' ဒီကိစ္စကို ဖြေရှင်းဖို့ သွေးတိမ်ဂိုဏ်းရဲ့ ဌာနခွဲကို တာဝန်ပေးလိုက်မယ်၊ မင်းတို့ရဲ့ ကောင်းမိသားစုဝင်တွေက နောက်ဆုတ်နေပါ၊ မင်းလုပ်ရမှာက ဒီကိစ္စ အောင်မြင်သွားရင် ငါ့အဖေကို သွားခေါ်လာပေးဖို့ပဲ။ ''
ထိုစကားများကြောင့် ကောင်းယွမ်မှာ ထိတ်လန့် သွားသော်လည်း၊ ယန်အကြီးအကဲ အကြောင်းကို တွေးမိသော အခါတွင်၊ သူ့မျက်လုံးများမှာ ရုတ်တရက် တောက်ပလာလေသည်။ ယန်တင်းယီ၏ ဖခင်သည် ခရမ်းရောင်မီးလျှံမြို့သို့ ခရီးနှင် နိုင်ခဲ့ပါက၊ နက်နဲနယ်ပယ် သိုင်းသမား တစ်ယောက်၏ မျက်နှာသာ ပေးမှုကြောင့်၊ ကောင်းမိသားစုအား များစွာ အထောက်အကူ ဖြစ်လာစေ ပေမည်။
'' စိတ်ချထားပါ သခင်လေးယန်၊ ငါတို့ သတင်းပေါက် ကြားခံမှာ မဟုတ်ပါဘူး...''
ကောင်းယွမ်က စိတ်လှုပ်ရှားစွာဖြင့် ဂတိပေးလာခဲ့သည်။
'' ကောင်းပြီ....ငါ အရင် အနားယူလိုက်မယ် ''
ယန်တင်းယီက ခေါင်းညိတ်လျက် အတွေးနစ်မျောသွားကာ၊ မျက်လုံးများ မှိတ်လိုက်၏။ ကောင်းယွမ်က ဝမ်းသာအားရ ပြုံးလျက် နှုတ်ဆက်ကာ ပြန်လည် ထွက်ခွာလာ ခဲ့သည်။ သူက ဤသို့သော လျစ်လျူရှူမှုကို စိတ်ဆိုးခြင်း မရှိခဲ့ပဲ၊ ထိုယန်တင်းယီ အနားနေရသည်ထက် မောင်းထုတ်ခံရသည်ကိုပင်၊ ကျေးဇူးတင် လိုက်မိသည်။
" ကိစ္စတွေ မပြီးသေး သရွေ့တော့ ငါ စိတ်ရှည်ရမယ်..."
ကောင်းယွမ်က အံကြိတ်လျက် ရေရွတ်လိုက်မိပြီး၊ သွေးတိမ်ဂိုဏ်းနှင့် ဆက်ဆံခြင်းမှာ သူ့အတွက် မလွယ်ကူလှပေ။
တစ်ရက်အကြာတွင် ယန်တင်းယီသည် ကောင်းမိသားစုထံမှ ထွက်ခွာလာပြီးနောက်၊ နာရီဝက်အကြာတွင် သွေးတိမ်ဂိုဏ်း၏ ဌာနခွဲသို့ ရောက်ရှိလာသည်။ အထဲသို့ ဝင်လိုက်သည်နှင့် ရှန်ရှင်းဒုတိယအဆင့်ရှိ အစောင့်နှစ်ယောက်က ချက်ချင်း ဟန့်တား လာလေသည်။ တစ်ချိန်တည်းမှာပင် ယန်တင်းယီကို စူးရှစွာဖြင့် ရန်လိုဟန် စိုက်ကြည့်လိုက်၏။
ယန်တင်းယီက သူ့မျက်နှာပေါ်ရှိ မျက်နှာကို ဖုံးကွယ်ထားခဲ့သော ခမောက်အပြန့် ကြီးအား ဆွဲချွတ် လိုက်သည်နှင့်၊ ထိုခမောက် အောက်မှ ထွက်ပေါ်လာသော ယန်တင်းယီ၏ မျက်နှာဖုံးကြောင့်၊ ထိုအစောင့် နှစ်ယောက်မှာ တုန်လှုပ်သွားပြီး၊ ချက်ချင်း ပြန်လည်ဆုတ်ခွာ သွားလေသည်။
'' တောင်းပန်ပါတယ်၊ ပင်မဂိုဏ်းကနေ တစ်ယောက်ယောက် လာမယ်ဆိုတာ ကျွန်တော်တို့ မသိခဲ့ပါဘူး၊ ''
အဝါရောင်ဝတ်ရုံအား ဝတ်ဆင်ထားသော အမျိုးသား တစ်ယောက်သည် အတွင်းခန်းအတွင်းမှ လမ်းလျှောက် ထွက်လာပြီး၊ တောင်းပန် လာခဲ့လေသည်။ ထိုသူ၏ ကျင့်ကြံမှုသည် ရှန်ရှင်း စတုတ္ထအဆင့်တွင် ရှိပြီး၊ သူက ယန်တင်းယီအား ကြည့်ကာ၊
"မင်းက ဘယ်အကြီးအကဲရဲ့ မိသားစုဝင်လဲ "
ထိုမေးခွန်းကို ယန်တင်းယီက ပြန်လည်ဖြေကြားခြင်း မပြုပဲ၊ သူ့ဂိုဏ်းဝင်အမှတ်အသားကို ထုတ်ယူပေး လိုက်သည်။ အဝါဝတ် အမျိုးသားမှာ ထိုအမှတ်အသားကို မြင်သည်နှင့် တုန်လှုပ်သွားပြီး၊ ယန်တင်းယီကို ကြောက်ရွံ့စွာ ကြည့်လိုက်မိ၏။
'' ဒါက အကြီးအကဲယန်ရဲ့ သားလား.... စောစောက ကျွန်တော်တို့ရဲ့ ရိုင်းပြမှုအတွက် တောင်းပန်ပါတယ်၊ ကျွန်တော်တို့ ဘယ်လိုကူညီရမလဲ သိနိုင်မလား"
အဝါဝတ်လူက ရိုသေစွာဖြင့် ဦးညွှတ်မေးမြန်းလာသည်။ ထို့အပြင် သွေးတိမ်ဂိုဏ်း၏ အကြီးအကဲယန်မှာ တားမြစ်ထားသော ဖြစ်တည်မှုမျိုး ဖြစ်သောကြောင့် အပြစ်ပြုရန် မဝံ့ရဲပေ။
ယန်တင်းယီသည်လည်း ဌာနချုပ်၏ အရှိန်အဝါကို အသုံးချဖို့က လွဲလို့ သူ့၌ ရွေးချယ်စရာ မရှိနိုင်သည် ဖြစ်ရာ၊
'' တတိယအဆင့် ကျင့်ကြံသူ (၁၀)ဦးနဲ့ ဒုတိယအဆင့် ကျင့်ကြံသူ(၂၀) လိုချင်တယ်၊ ''
အဝါရောင်ဝတ်လူက ယန်တင်းယီ၏ တောင်းဆိုချက်ကို ကြားသောအခါ တုန်လှုပ်သွား၏။ ၎င်းသည် ခရမ်းရောင်မီးလျှံမြို့ရှိ သွေးတိမ်ဌာနခွဲမှ အင်အား၏ ငါးပုံတစ်ပုံနှင့် ညီမျှပြီး၊ ဤသို့သော တောင်းဆိုမှုမျိုးအား သွေးတိမ်ဂိုဏ်း၏ သာမန် အတွင်းတပြည့်များမှ အခွင့်အာဏာများ မရရှိနိုင်ပေ။
သို့သော် ယန်တင်းယီ၏ နောက်ခံကို သုံးသပ်ကြည့်သောအခါ အဝါဝတ်လူက၊ တစ်ချက်တွေဝေသွားပြီး၊
'' ကျွန်တော် ဒီကိစ္စကို အထက်အကြီး အကဲကို မေးဖို့ လိုမယ် ''
-ဟု ဆိုင်းငံ့လိုက်သည်။
" မင်း ကြိုက်သလိုလုပ်ပါ သိပ်မကြာစေနဲ့...."
ယန်တင်းယီက ပြုံးလိုက်၏။ သူ့တောင်းဆိုချက်ကို ဌာနခွဲမှ သဘောတူလိမ့်မည်ဟု ယုံကြည်ထား၏။
လျှို့ဝှက်အခန်းအတွင်း၌ အဝါရောင်ဝတ်လူသည် သက်လတ်ပိုင်းအရွယ် အကြီးအကဲတစ်ဦးအား ယန်တင်းယီ၏ တောင်းဆိုမှုကို ရှင်းပြလိုက်ပြီး၊
" လူအိုကြီးရှန်း၊ ဘယ်လိုသဘောရသလဲ ''
ဟု မေးမြန်းလိုက်သည်။
လူအိုကြီးရှန်သည် ရှန်ရှင်း သတ္တမအဆင့်တွင်ရှိကာ၊ ဤဌာနခွဲ၏ အကြီးအကဲ ဖြစ်ပေသည်။
" အကြီးအကဲယန်ကို အပြစ်ပြုဖို့ ငါလည်း မဝံ့ဖူး၊ ဒါပေမယ့်... သူဘာကြောင့် ကျင့်ကြံသူ အများကြီး လိုနေတာလဲ ဆိုတာတော့ အံ့သြနေဆဲပဲ၊ စတုထ္ထအဆင့် ဒါမှမဟုတ် ပဉ္စမအဆင့်ဆို သူ့အတွက် ပိုကောင်းမယ် မဟုတ်ဖူးလား။ ''
" ဒါက ထင်ရှားလွန်းနေတယ်၊ ပဉ္စမအဆင့် သိုင်းသမားတွေဆိုရင် သူက ရှောင်လွှဲလိုတဲ့ ကံကြမ္မာကနေ ပုန်းရှောင်ချင်လို့ ရပါ့ ဦးမလား၊ တကယ်တော့ ပဉ္စမအဆင့် သိုင်းသမားဆိုတာက ခရမ်းရောင်မီးလျှံ မြို့မှာတောင် ထင်သာမြင်သာတဲ့ လှုပ်ရှားမှုတွေ ဖြစ်လာနိုင် နေတုန်းပဲလေ....။ ''
အဝါဝတ်လူက တွေးတောစဉ်းစားပြီး၊ ချင့်ချိန်နေဟန်ဖြင့် ဖြည်းညင်းစွာ သတိပေး လိုက်လေသည်။
လူအိုကြီးရှန်းက စိုးရိမ်သောကဖြင့် သူ့မျက်လုံးများကို ခေတ္တမျှ မှိတ်ထားပြီး၊
'' ဒါက စိုးရိမ်စရာတော့ မဟုတ်ပါဘူး၊ ငါတို့ အဓိက ပူပန်ရမှာက သူ့အသက်ကိုပဲ၊ နောက်ဆုံးတော့ သူသေရင် ငါတို့အားလုံး ဒုက္ခ ရောက်လိမ့်မယ် ဆိုတာတော့ သေချာတယ်......''
"နားလည်ပါပြီ။ "
အဝါဝတ်လူက ခေါင်းညိတ်လိုက်ပြီး၊ ယန်တင်းယီထံသို့ ပြန်ရောက်လာခဲ့သည်။
'' အကြီးအကဲက မင်းရဲ့ တောင်းဆိုချက်ကို သဘောတူပါတယ်၊ ဒါပေမယ့် ချွင်းချက် တစ်ခုတော့ ရှိတယ်၊ အကြီးအကဲက မင်းရဲ့လုံခြုံရေးကို ကာကွယ် ပေးချင်နေတယ် ''
'' ငါကလား...မင်းရဲ့ အကာအကွယ်ကို ငါလိုအပ် နေပုံ ရနေလို့လား.... ''
ယန်တင်းယီ၏ မျက်ဝန်းများတွင် ရက်စက်ကြမ်းကြုပ်သော အရိပ်အယောင်များဖြင့် တင်းမာလာကာ၊ အေးစက်စက် ရယ်မောလိုက်၏။
" မင်းတို့ဘာသာ ကျင့်ကြံနေပါ။....."
'' ဒါပေမယ့် အကြီးအကဲက ပြောတယ်......''
'' တော်ပြီ၊ ငါလိုအပ်နေတဲ့ အင်အား အရည်အတွက်ကို ခုချက်ချင်း စုလိုက်ပါ၊ မဟုတ်ရင် ... ............ "
ယန်တင်းယီက အေးစက်စွာ ရယ်မောလိုက်ပြီး ခြိမ်းခြောက်ပြောဆို လိုက်လေရာ၊ ထိုရယ်သံသည် အဝါဝတ်လူအား သူ၏ ကျောရိုးတစ်လျှောက် အေးစက်သွားစေသည်။ သွေးတိမ်ဂိုဏ်းသည် တပည့်များ အချင်းချင်းတွင်ပင် ၎င်းတို့၏ ရက်စက် ကြမ်းကြုတ်မှုကြောင့် နာမည်ကြီးလှသည် မဟုတ်ပါလော။
ထိုသို့တောင်းဆိုလိုက်ခြင်းသည် ယန်တင်းယီမှ သတိကြီးစွာဖြင့် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပြီး၊ သူက မည်သည့် မတော်တဆမှု မျိုးကိုမျှ မဖြစ်ပွား စေလိုပေ။ ဓားသေတ္တာအကြောင်းကို အခြားသော တစ်စုံတစ်ယောက်ကသာ သိရှိ သွားခဲ့ပါက၊ ၎င်းသည် သွေးတိမ်ဂိုဏ်း၏ ဌာနပိုင် ရတနာအဖြစ်သာ သိမ်းပိုက်သွားခြင်း ခံရပေမည်။
ထို့အပြင် သူသည် လင်းယွန်နှင့် တိုက်ခိုက်ဖို့ရန် မိမိကိုယ်ကို ယုံကြည်မှု ရှိနေခဲ့သည်။ ဌာနခွဲထံမှ ကျင့်ကြံသူများကို တောင်းဆို ရသည်မှာ လင်းယွန်သာ ထွက်ပြေးလိုပါက၊ ပိတ်ဆို့ ဟန့်တား စေလိုသောကြောင့်ပင် ဖြစ်၏။
................................
ရတနာခန်းမတွင်ရှိသော သီးခြားဝင်း တစ်ခုတွင်။
လင်းယွန်က မိုးကြိုးလက်ခုပ်သံငါးပါးကို ကိုင်ကာ ငြိမ်သက်နေခဲ့သည်။ ၎င်းသည် ရိုးရှင်းသည်ဟု ထင်ရသော်လည်း အလှည့်အပြောင်းများဖြင့် ပြည့်နှက်နေသော ဓားသိုင်းနည်းစနစ်တစ်ခု ဖြစ်၏။ ထိုဓားသိုင်း နည်းစနစ်တွင် အခွဲငါးမျိုး ပါရှိပြီး၊ ၎င်းတို့မှာ၊
ခရမ်းရောင်မုန်တိုင်း၊
ချယ်ရီပန်းစီးချင်း၊
မိုးနှင်းအိမ်မက်၊
လ'ရောင်ဖမ်းယူခြင်း နှင့်
မိုးကောင်းကင်နတ်ဘုရား ......ဟူ၍ ပုံစံငါးမျိုး ရှိပေသည်။
သို့သော် ၎င်းသိုင်းကွက်များသည် မိုးကြိုးလက်ခုပ်သံငါးပါးဟူသော နာမည်နှင့် လိုက်ဖက်ခြင်း မရှိလေရာ၊ လင်းယွန်ကို အံ့သြသွားမိစေသည်။ တနည်းအားဖြင့် ဆိုရသော် သိုင်းကွက် တစ်ကွက်ချင်းစီ၏ ရည်ရွယ်ချက်ကို နားမလည်နိုင်ပါက၊ ဆယ်နှစ် (သို့မဟုတ်)နှစ်တစ်ရာ အထိ အချိန်ယူ လေ့ကျင့်ခဲ့လျှင်ပင်၊ မိုးကြိုးလက်ခုပ်သံငါးပါးကို သင်ယူနိုင်မည် မဟုတ်ပေ။
မိုးကြိုးလက်ခုပ်သံငါးပါး၏ ခရမ်းရောင်မုန်တိုင်း။
ခရမ်းရောင်မုန်တိုင်းသည် ဓားချက် ထုတ်ဖော်ရာ၌ မုန်တိုင်းများကဲ့သို့ ပြင်းထန်သော အဟုန်ကို အခြေတည် ဖွဲ့စည်းရခြင်း ဖြစ်သည်။ ချယ်ရီပန်းစီးချင်းမှာ တိကျ လျင်မြန်မှုကို ရည်ညွှန်းပေ၏။
မိုးနှင်းအိပ်မက်သည် အရှိန်အဟုန်ကို ဦးတည်ရာသို့ ထိန်းချုပ် ပို့လွှတ်ခြင်း မည်၏။ နောက်ဆုံးတွင် လရောင်ဖမ်းယူခြင်းမှာ အရှိန်အား အထွတ်အထိပ်သို့ ထုတ်ဖော် တွန်းတင်ခြင်း ဖြစ်လေပြီ။
တနည်းအားဖြင့်ဆိုရသော်၊ လေ၊ ပန်း၊ နှင်း နှင့် လ တို့ကြားရှိ ဆက်စပ်မှုကို နားလည်နိုင်စွမ်း မရှိပါက၊ ၎င်းကို လေ့ကျင့်ရန် နည်းလမ်းမရှိပေ။ ဤဓားနည်းစနစ်သည် အရှိန်အဟုန် ပြင်းပြင်းဖြင့် ထုတ်ဖော်တိုက်ခိုက်ရခြင်း မည်၏။
မိုးကောင်းကင်နတ်ဘုရား သိုင်းကွက်နှင့် ပတ်သတ်ကာ၊ လင်းယွန်၏ သူ့စိတ်ထဲ၌ အဖြေရှိပြီး သားဖြစ်သည်မို့ သူက ပြုံးလိုက်မိသည်။ ထို့နောက်တွင် ဓားသေတ္တာဆီသို့ လျှောက်လာပြီး၊ ၎င်းကိုဖွင့်ကာ ပန်းသင်္ချိုင်းဓားအား ထုတ်ယူလိုက်၏။
'' ချွင်........ ''
တစ်ဆက်တည်းမှာပင်၊ ဓားသေတ္တာမှ လွတ်လာသော ပန်းသင်္ချိုင်းဓား၏ ကိုယ်ထည်သည် အလင်းရောင်အောက်တွင် တဖျပ်ဖျပ် ခတ်သွားလေသည်။ ပန်းသင်္ချိုင်းဓားထံသို့ အကြည့်အရောက်တွင် လင်းယွန်က ရွှင်မြူးသွားပြီး၊
" ဒါက အလယ်အလတ် တော်ဝင်လက်နက်တစ်ခု ဖြစ်နေပြီပဲ၊ ကောင်းလိုက်တာ ... ကြောက်စရာကောင်းတဲ့ ဓားကောင်းတစ်လက်ပဲ၊ ဒီလို ဓားမျိုးက အစွမ်းထက်လွန်းတဲ့ ဓားနည်းစနစ် တွေနဲ့သာ လိုက်ဖက်နေရမယ်....''
စိတ်လှုပ်ရှားစွာဖြင့် လင်းယွန်၏ မျက်လုံးများ တောက်ပလာပြီး၊ ပန်းသင်္ချိုင်းဓားကို ကောင်းကင်သို့ ညွှန်ပြလျက် မပြည့်စုံသောဓားရည်ရွယ်ချက်ကို ထုတ်ဖော်ကာ၊ ဓားကိုဓားဖြင့် ထိုးချလိုက်သည်။ စက္ကန့်ပိုင်းလေးအတွင်းမှာပင် သူ့၏ ပန်းသင်္ချိုင်းဓား ဖြတ်သန်းသွားရာ လမ်းကြောင်းပေါ်ရှိ လေထုမှာ နှေးကွေး သွားလေ၏။
ထို့နောက်တွင် လင်းယွန်က မိုးကြိုးလက်ခုပ်သံငါးပါးကို လေ့ကျင့်ရန် စတင်လိုက်တော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပဲ သုံးရက်တာ အချိန်များ ကုန်ဆုံးသွားပြီး၊ ထိုရက်ပိုင်းအတွင်း လင်းယွန်မှာ အနားယူခြင်း မရှိခဲ့ပဲ၊ မိုးကြိုးလက်ခုပ်သံငါးပါးကို နားလည်ရန်ကြိုးစားနေခဲ့၏။
မိုးကြိုးလက်ခုပ်သံငါးပါး၏ ခရမ်းရောင်မုန်တိုင်း။
လင်းယွန်က ကြုံးဝါးလိုက်ပြီး ဓားရိပ်များကိုထုတ်ဖော်လိုက်ရာ၊ သူ့ဝန်းကျင်၌ ဓားရိပ် (၉)ရိပ် ထွက်ပေါ် လာလေသည်။
"မလုံလောက်သေးဘူး ...ဆက်သွားမယ် ''
စိတ်ပျက်အားငယ်စွာဖြင့် အော်ငေါက်လိုက်ပြီး၊ ပန်းသင်္ချိုင်းဓားကို ထပ်မံ လွှဲယမ်းလိုက်ပြီးနောက်၊ ဤတစ်ကြိမ်တွင် သူသည် ဓားရိပ် ဆယ့်ရှစ်ရိပ်ကို ဖန်တီး နိုင်ခဲ့လေသည်။
ဓားရိပ် (၁၈)ရိပ် ထွက်ပေါ်လာသည်နှင့် ပြင်းထန်သော လေပြင်းများက ခြံဝင်းအတွင်းသို့ တိုးဝင်လာကာ၊ ပတ်ဝန်းကျင်ရှိ သစ်ပင်များကို လှုပ်ယမ်း သွားစေသည်။
" မလုံလောက်သေးဘူး.........."
အရူးတစ်ယောက်ကဲ့သို့ အထပ်ထပ် အော်ဟစ် လေ့ကျင့်သံသည် ခြံဝန်းအတွင်း၌ ပျံလွင့်နေခဲ့ကာ၊ ခရမ်းရောင်မုန်တိုင်း၏ အနှစ်သာရကို နားလည်ပြီးနောက်၊ လင်းယွန်က လက်တွေ့ ကျင်ကြံရာ၌ များစွာ တိုးတက်လာပေသည်။
နောက်ထပ်သုံးရက်အကြာတွင် လင်းယွန်က ပန်းသင်္ချိုင်းဓားကို လှုပ်ခါလိုက်သည်နှင့် ဓားရိပ်(၈၁)ရိပ်အား ဖန်တီးနိုင်ခဲ့သည်။ နောက်ဆက်တွဲ ရလာဒ်များအဖြစ် မိုးခြိမ်းသံများ ပဲ့တင် ထပ်လာလေသည်။
'' ဖုန်း....... ''
နောက်တစ်စက္ကန့်အတွင်း၊ ဧည့်ခန်းဆောင်သည် သူ့ဓားချက်များ အောက်၌ ပြာမှုန်များ အဖြစ်သို့ ပြိုကျ ကြေမွှသွား၏။
"နောက်ဆုံးတော့ ငါ အောင်မြင်သွားပြီ...."
လင်းယွန်သည် ဝမ်းမြောက်ကာ၊ ပန်းသင်္ချိုင်းဓားကို ပြန်လည် ဆွဲယူလိုက်သည်နှင့်၊ မိုးခြိမ်းသံများ ထပ်မံ ထွက်ပေါ်လာပြီး၊ နောက်ထပ်တစ်ကြိမ် ပန်းသင်္ချိုင်းဓားအား ထိုးခုတ်လိုက်ပြန်လေသည်။ ဤတစ်ကြိမ်တွင် မိုးကြိုးလက်ခုပ်သံငါးပါး၏ ဒုတိယသိုင်းကွက်ဖြစ်သော 'ချယ်ရီပန်းစီးချင်း'ကို လေ့ကျင့်လိုက်ခြင်း ဖြစ်လေပြီ။
လင်းယွန်၏ ကမ္ဘာသည် ကောင်းကင်မှ ချယ်ရီပန်းများ လွင့်ပျံ ကျလာပြီး၊ လွမ်းစွတ်ဖွယ် ရနံ့များဖြင့် မှောင်မိုက်သွား၏။ ခြံဝင်းအတွင်းရှိ သစ်ပင်တစ်ပင် ပေါ်သို့ ချယ်ရီပန်းများ ကျရောက်လာသည်နှင့် တပြိုင်နက် ဓားကိုဓားဖြင့် ထိုးချလိုက်သည်။
( #- ဓားကိုဓားဖြင့် ထိုးခြင်းဆိုသည်မှာ သူ့လက်ထဲရှိ ဓားအား နှလုံးသားထဲရှိ ဓားဆန္ဒဖြင့် ထိန်းချုပ်ကာ လွှဲရမ်းလိုက်ခြင်း မည်၏။)
'' ဝှစ်..... ''
ချယ်ရီပန်းသည် ချက်ချင်းပင် ထက်ပိုင်း ဖြတ်ခံလိုက်ရပြီး၊ ထိုအဖြတ်ခံ ထားရသော မျက်နှာပြင်မှာ မှန်ကဲ့သို့ ချောမွေ့ နေခဲ့လေသည်။ ထိုမြင်ကွင်းကြောင့် လင်းယွန်က သက်ပြင်းချ လိုက်ပြီး၊
".... ဆိုတော့ ဓားနည်းစနစ်တစ်ခုရဲ့ သိုင်းကွက်လေး နှစ်ကွက်ကို နားလည်ဖို့ ရှစ်ရက်လောက် အချိန်ယူ ခဲ့ရတာပဲ....."
ဟု ရေရွတ်လိုက်လေသည်။ နောက်ထပ် အချိန်ဖြုန်းရန် ဆန္ဒမရှိတော့ပဲ၊ မီးလျှံအမြုတေကို ရှာရန် ဆုံးဖြတ်လိုက်မိသည်။ ကျန်သိုင်းသုံးကွက်နှင့် ပတ်သက်ပြီး၊ လမ်းတလျှောက် နားလည်မှု ရယူရန်သာ စဉ်းစားထား၏၊ လျှို့ဝှက်နယ်မြေ ဖွင့်မည့် အချိန်၌ တက်နိုင်သမျှ ဝှက်ဖဲများများ ရရှိ လိုပေသည်။ ထို့နောက်တွင် ပစ္စည်းများ သိမ်းဆည်းလိုက်ပြီး၊ ဓားသေတ္တာအား ထမ်းပိုးလျက်၊ တုံဟူထံသို့ သွားရောက် နူတ်ဆက်လိုက်၏။
" ဘယ်လိုလဲ.... တိုးတက်မှုရှိရဲ့လား "
တုံဟူက မိုးကြိုးလက်ခုပ်သံငါးပါး အကြောင်းကို စိတ်ဝင်စားနေခဲ့ပြီး၊ ဤနည်းစနစ်၏ စွမ်းအားမှာ များစွာ ပြင်းထန်သည်ကို ယုံကြည်ထားခဲ့ရာ၊ ၎င်းသည် လင်းယွန်၏ နားလည်နိုင်စွမ်းဖြင့် ဆုပ်ကိုင်နိုင်ခြင်းရှိ၊ မရှိကို သိချင်နေခဲ့မိခြင်း ဖြစ်လေသည်။
" ....သိပ်မတိုးတက်ပါဖူး "
'' စိတ်မပျက်ပါနဲ့၊ ဒါက အဆင့်မြင့် ရှန်ရှင်းနည်းစနစ်ပဲမလား... လျှို့ဝှက်နယ်မြေ မဖွင့်ခင်၊ မင်းက သိုင်းကွက်တစ်ကွက်လောက်တော့ နားလည်နိုင်ရင်ကိုပဲ၊ မင်းရဲ့ပါရမီကို သြချလို့ ရနေပါပြီ။ ''
၎င်းသည် မထူးဆန်းလှပေ။ လင်းယွန်က တိုးတက်မှု ရှိမှသာလျှင် ထူးဆန်းပေလိမ့်မည်။ တုံဟူ၏ စကားကြောင့် လင်းယွန်က ပြုံးပြလိုက်ပြီး၊
"နှုတ်ဆက်ပါတယ် သူဌေးတုံ.......''
" ကောင်းပါပြီ၊ ဘေးကင်းပါစေ ညီငယ်လင်း..."
ထွက်ခွာသွားသော လင်းယွန်၏ နောက်ကျောကို ကြည့်ကာ လက်ခုပ်တီးလျက် ခပ်ပြုံးပြုံး ရေရွတ် လိုက်မိလေပြီ။
" စိတ်ဝင်စားစရာကောင်းတဲ့ ချာတိတ်လေး၊ သူနဲ့တွေ့တိုင်း အကျိုးအမြတ်တွေ ရရှိနေတုန်းပဲ.... "
"သူဌေး...သူဌေး..... မကောင်းတော့ဖူး "
ရုတ်တရက် အစေခံတစ်ယောက်မှာ ထိတ်လန့်စွာဖြင့် အော်ဟစ် ပြေးဝင်လာသည်။ ထိုအစေခံ၏ အမူအရာများကြောင့်၊ တုံဟူမှာ မျက်မှောင် ကြုတ်သွား၏။
"သခင်လေးလင်း တည်းခိုနေတဲ့ စံအိမ်ကြီး ပျောက်သွားပြီ...."
'' ဘယ်လို.....ငါ့ကို ခေါ်သွားစမ်း ''
ထူးဆန်းသော အမူအရာဖြင့် တုံဟူက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး၊ လျင်မြန်စွာ ပြေးလွှား သွားလေသည်။ ခဏအကြာတွင်၊ အပျက်အစီးများဖြင့် ပြည့်လျှံနေသော ခြံဝန်းတစ်ခုအား တွေ့မြင်လိုက်ရ၏။ ထိုခြံဝန်းအတွင်းရှိ၊ ဧည့်ခန်းဆောင်နှင့် ပရိဘောဂများအားလုံးသည် ဖုန်မှုန့်များ အဖြစ်သို့၊ ပျက်စီးနေခဲ့လေပြီ။
တုံဟူက ခြံဝန်းအား လှည့်ပါတ်ကြည့်လိုက်ကာ၊ ခြံထောင့်တစ်နေရာရှိ သစ်ပင်ကြီးထံသို့ အကြည့်အရောက်တွင် စိတ်လှုပ်ရှားသွားပြီး၊ လျင်မြန်စွာ လျှောက်လှမ်းသွားမိသည်။ ထို့နောက်တွင် ထက်ပိုင်းလှီးဖြတ်ခံထားရသော ပင်စည် မျက်နှာပြင်အား ညင်သာစွာ ပွတ်သပ် လိုက်ပြီးနောက်၊ အချိန်အတော်ကြာ တွေဝေနေခဲ့သည်။ ထိုဓားချက်သည် မှန်ကဲ့သို့ ချောမွေ့နေပြီး၊ အလွန်ပြောင်လက် သန့်ရှင်းနေကာ၊ ၎င်း၏ စွမ်းအားများအရ လင်းယွန်သည် မိုးကြိုးလက်ခုပ်သံငါးပါး၏ ပုံစံနှစ်မျိုးအား ဆုပ်ကိုင်ထား နိုင်ခဲ့ကြောင်း ထင်ရှားနေခဲ့လေ၏။
ထိုအချိန်တွင် တုံဟူ၏ အတွေးသည်လည်း ဝမ်ဖိန်းနှင့် အလားတူသော စိတ်မသက်သာခြင်းများ ဖြစ်လာခဲ့လေပြီ။
ရောင်းဝယ်မှုတိုင်းတွင် မည်သည့်အခါမျှ အရှုံးမရှိကြောင်း သိရှိနေခဲ့သော်လည်း၊ ယခုအချိန်တွင် လင်းယွန်နှင့် အကျိုးအမြတ်ခြင်း နှိုင်းယှဉ်မိသွားကာ၊ တုံဟူအား စိတ်ဓာတ်ကျဆင်းသွားစေ၏။
'' မင်း ငါ့ကို.... လာရှုပ်နေတာပဲ ကောင်လေး။ ''
***