← Chapters

ခက်ခဲသောတိုက်ပွဲ။

Vol. 8 Ch. 104

ခက်ခဲသောတိုက်ပွဲ။

Vol. 8 Ch. 104

"သေလိုက်စမ်း ......"

တတိယအဆင့် သိုင်းသမား (၁၀)ဦးသည် လင်းယွန်ထံသို့ ဦးစွာ ပြေးဝင်လာခဲ့သည်။ သူတို့ တစ်ဦး ချင်းစီက မတူကွဲပြားသော နည်းစနစ် များကို ထုတ်ဖော်လျက်၊ အဘက်ဘက်မှ ပိတ်ဆို့ လာ၏။

ထိုသို့သော အခင်း အကျင်းသည် အတိတ် ကာလ၌ အုပ်စုဖွဲ့တိုက်ပွဲများ အကြိမ်ကြိမ် ဆင်နွှဲခဲ့ကြဖူး သည်မှာ ထင်ရှားလှပေ၏။

ရှန်ရှင်းစတုတ္ထအဆင့်သိုင်းသမားတစ်ဦးသည်ပင်၊ ဤတိုက်ခိုက်မှုများအောက်၌ ဆုတ်ခွာရန်မှတပါး အခြားမရှိချေ။

ထို့အပြင် သူတို့နှင့်နောက်ကပ်ရပ်တွင် ဒုတိယအဆင့်သိုင်းသမား(၂၀) ခန့်သည်လည်း လိုက်ပါပြေးဝင် လာခဲ့လေပြီ။

ထိုမြင်ကွင်းအား ရပ်ကြည့်နေခဲ့သော ယန်တင်းယီမှာ အေးစက်သော အမူအယာဖြင့် ရယ်မော လိုက်လေသည်။

" မင်းက ဒီကစားပွဲတွေကို ပြောင်းပြန် လှန်နိုင်မယ်ဆိုတာ ငါ မယုံဘူး ဟားဟားဟား......."

လင်းယွန်သည် သန်မာသော်လည်း သူ၏ခွန်အားသည် အကန့်အသတ်ရှိပေရာ၊ လူများစွာနှင့် ရင်ဆိုင်ပြီးနောက်၊ မောပန်းနွမ်းနယ် နေပေလိမ့်မည်။

ဓားဝိညာဉ်ကို ရှာဖွေခြင်း။

ရုတ်တရက် လင်းယွန်၏ဓားမှ ဆူညံသံများစတင်ထွက်ပေါ်လာပြီးနောက်၊ ထိုဆူညံသံသည် တိုက်ပွဲကွင်းပြင်အား ဖုံးလွှမ်းလာလေသည်။

'' ငါ့ဓား........''

".....ဘာ ဖြစ် တာ လဲ "

ပထမဦးစွာရောက်လာသော တတိယအဆင့်သိုင်းသမားသူများသည် ၎င်းတို့၏လက်နက်များကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ကြောင်း တွေ့ရှိသဖြင့် ထိတ်လန့်သွားကြကာ၊ ၎င်းတို့၏ တိုက်ခိုက်မှုများလည်း တုံဆိုင်းသွားလေသည်။

လေဝဲဓား - ပုံရိပ်ယောင်ဓါးချက် ။

လင်းယွန်၏ မျက်လုံးများသည် တောက်ပလာကာ လက်ထဲရှိ ပန်းသင်္ချိုင်းဓားအားကိုင်လျက် ကောင်းကင်သို့ ပျံတက်သွားသည်။ တစ်ဆက်တည်းမှာပင် ပန်းသင်္ချိုင်းဓားကို လှည့်ပတ်လှုပ်ရှားလိုက်ရာ၊ ဓားကွန်ချာသည် တိုက်ပွဲကွင်းပြင်တစ်ခုလုံးအားလွှမ်းခြုံသွားလေပြီ။ နှင်းဆီပွင့်ချပ်များ စီးဆင်းသွားကာ ဓားသွားများ ကျန်ရစ်ခဲ့သည်။

'' ချွင်...... ချွင် ''

ထို့နောက်တွင် ပန်းသင်္ချိုင်းဓားနှင့် ထိပ်တိုက်တွေ့ဆုံချိန်မှာတော့ တတိယအဆင့်သိုင်းသမားများက ပြန်လည်ဆုတ်ခွာသွားကြရ၏။ သူတို့ခန္ဓာကိုယ်၌ နက်ရှိုင်းသော ဓါးဒဏ်ရာများ နှင့်အတူ သွေးများစီးကျနေလေပြီ။

သွေးတိမ်ဂိုဏ်းသားများသည် မြေပြင်ပေါ်သို့ ဆင်းသက်ပြီး၊ နောက်သို့ ခြေလှမ်းများစွာ လှမ်းယူလျက် ကိုယ်ရှိန်သပ်လိုက်ကြသည်။ သူတို့အားလုံး၏ မျက်နှာများသည် နာကျင်မှုကြောင့် ပျက်ယွင်းတုန်လှုပ်သွား၏။

အရိပ်မဲ့။

လင်းယွန်၏ခြေဖျားသည် မြေပြင်နှင့်ထိလိုက်ပြီးနောက်၊ ၎င်းမြေပြင်အားထပ်မံစောင့်နင်းကာ တတိယအဆင့်သိုင်းသမားဆယ်ဦးဆီသို့ တိုးဝင်သွားပြန်သည်။ သိုးအုပ်ထဲရောက်သော ဝံပုလွေတစ်ကောင်ကဲ့သို့ပင်၊ သူ၏တိုက်ခိုက်မှုများမှာ ရပ်တန့်မသွားခဲ့ပေ။ သွေးတိမ်ဂိုဏ်း၏တပြည့်များအတွင်းမှ မည်သူမဆို လင်းယွန်၏ပန်းသင်္ချိုင်းဓားအား ခုခံရန်မဝံ့ရဲကာ၊ ၎င်းသည် ကောက်ပင်များလှီးဖြတ်သွားသကဲ့သို့ သွေးတိမ်ဂိုဏ်းသားများမှာ အတုန်းအရုန်းလဲကျကုန်၏။

" သူ့ကို တား...."

တတိယအဆင့်သိုင်းသမား (၁၀)ဦးက ဒေါသတကြီး အော်ဟစ် ဟန့်တားလာခဲ့သည်။ ထိုလင်းယွန်သည် ကောက်ကျစ်ယုတ်မာ လှပေ၏။ သူက တတိယအဆင့် သိုင်းသမားများအား အယောင်ပြ တိုက်ခိုက်ခဲ့ပြီး၊ သူ၏ အစစ်အမှန် ဓားချက်များမှာ ဒုတိယအဆင့် သိုင်းသမား များထံသို့၊ ရက်စက်စွာ ခုတ်ပိုင်းလိုက်ခြင်း ဖြစ်ပေသည်။

သို့သော် လင်းယွန်က သူတို့အား အနည်းငယ်ပြုံးပြလိုက်ပြီး၊ ၎င်းတို့ကို လျစ်လျူရှုလိုက်ကာ၊ ဒုတိယအဆင့်သိုင်းသမားများအား ထပ်မံတိုက်ခိုက်လိုက်သည်နှင့်၊ ချက်ခြင်းပင် တိုက်ပွဲကွင်းပြင်၌ ညည်းညူသံများ ထွက်ပေါ်လာခဲ့လေ၏။

အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခံရပြီးနောက်၊ ဒုတိယအဆင့်သိုင်းသမား ( ၂၀)မှာ သေဆုံးခဲ့ကြသည်။ မြေပြင်၌ ခြေပြတ်လက်ပြတ်များနှင့်အတူ သွေးများ အိုင်ထွန်းလျက် အလောင်းများ ပြည့်နှက်သွား လေသည်။ အဖြူရောင်ပန်းရိုင်း ရနံ့များတွင် သွေးညှီနံ့များ ပေါင်းစပ်သွားသောကြောင့်၊ လေထုအား လေးပင်စိမ်းသက်သွား စေသည်။

'' ပ တောက်.... ပ တောက်...........''

အသက်ရှူသံများမှအပ တောအုပ်အတွင်း ငြိမ်သက်တိတ်ဆိတ်သွားကာ၊ ပန်းသင်္ချိုင်းဓားဖျားမှ သွေးများ စီးကျသံသည် တိုက်ပွဲကွင်းပြင်၌ ပဲ့တင်ထပ်နေခဲ့၏။

ထိုမြင်ကွင်းကြောင့် ကျန်ရှိနေခဲ့သော တတိယအဆင့်သိုင်းသမားများသည် ၎င်းတို့၏ နဖူးမှ ချွေးများ စီးကျလာပြီး၊ လင်းယွန်အား ကြောက်ရွံ့စွာ ကြည့်လိုက်ကြသည်။ ဤလင်းယွန်သည် သူ၏ဓားကို ဆွဲထုတ်ယူပြီးနောက်၊ ပြသခဲ့သော ရက်စက်ယုတ်မာမှုသည် သူတို့၏နှလုံးသားများအား တင်းကျပ်သွားစေခဲ့သည်။

၎င်းနတ်ဆိုးသည် ရက်စက်ကြမ်းကြုပ်မှုတွင် နာမည်ဆိုးဖြင့် ကျော်ကြားလှသော သွေးတိမ်ဂိုဏ်းသားများကိုပင် ကြောက်ရွံ့တုန်လှုပ်သွားစေ၏။

'' ................... ''

ခဏအကြာတွင် တိတ်ဆိတ်မှုအားဖြိုခွဲလိုက်သော ခြေသံများစတင်ထွက်ပေါ်လာလေသည်။ လင်းယွန်သည် ပန်းသင်္ချိုင်းဓားအား မြေပြင်ပေါ်တွင် တရွတ်တိုက်ကိုင်ဆွဲလိုက်ကာ၊ သွေးတိမ်ဂိုဏ်းသားများထံသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာ၏။ ပန်းသင်္ချိုင်းဓားဖျားမှ မြေပြင်သို့ထိုးခွဲပွတ်တိုက်သံသည် ကျယ်လောင်ခြင်းမရှိသော်လည်း၊ ၎င်းသည် အသူရာငရဲတွင်းဆီမှ တွားသွားတက်လာသကဲ့သို့၊ သူတို့ဆယ်ယောက်စလုံး၏ နှလုံးသားကို ကုပ်ခြစ်နေခဲ့ပြီး၊ ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ချွေးများရွှဲလာ၏။

ယခုအချိန်၌ သွေးတိမ်ဂိုဏ်းသားများအတွက် ရွေးချယ်ရန် လမ်းနှစ်လမ်းရှိပေသည်။ ၎င်းတို့သည် ခက်ခဲသော အနေအထားတွင် ရှိနေခဲ့သော်လည်း၊ ထိုအဖွဲ့အတွင်းမှ ခေါင်းဆောင်သည် အံကြိတ်လျက် အဆုံးထိဆက်သွားရန် ဆုံးဖြတ်လိုက်ကာ၊ အော်ဟစ်အမိန့်ပေးလာလေသည်။

'' သတ်..........''

'' သတ်............ ''

ထို့နောက်တွင် နောက်ထပ်အော်ဟစ်ကြုံးဝါးသံများ ထပ်မံ ပဲ့တင်ထပ်သွားပြီး၊ လူရိပ်များ လှုပ်ရှားလာခဲ့၏

'' မိုးကြိုးလက်ခုပ်သံငါးပါးရဲ့- ခရမ်းရောင်မုန်တိုင်းဓား ''

တစ်ချိန်တည်းမှာပင် လင်းယွန်၏ ပန်းသင်္ချိုင်းဓားသည် စတင်မြောက်တက်သွားပြီးနောက်၊ ဓါးရိပ်ပေါင်း(၈၁)ချက်ကို ဖန်တီးနိုင်ခဲ့ကာ၊ ၎င်းသည် နောက်ဆက်တွဲ ပုံရိပ်ယောင်များဖြင့်၊ အထပ်ထပ်အုပ်စီးထားသော လျှပ်စီးများကဲ့သို့၊ လေထုအားတုန်ခါသွားစေသည့် ခရမ်းရောင်ဓါးမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာလေသည်။

လင်းယွန်း၏ဓားကြောင့် ခန္ဓာကိုယ်များ အစိတ်စိတ်အမွှာမွှာ ကွဲမသွားမီ အခိုက်အတန့်တွင်၊ ခြေသုံးလှမ်းခန့် လှမ်းယူပြီးနောက်၊ အားယူပြေးဝင်လာဟန်ဖြင့်၊ သွေးတိမ်ဂိုဏ်း၏ ရှန်ရှင်းတတိယအဆင့် သိုင်းသမားများမှာ ရပ်တန့်သွားကြသည်။ ၎င်းသည် မိုးကြိုးလက်ခုပ်သံငါးပါး၏ အထွတ်အထိပ် စွမ်းအားကို ပြသရာရောက်ခဲ့ပေပြီ။

'' ဝှစ်........ ''

ထို့နောက်တွင် လင်းယွန်သည် ကောင်းကင်သို့ ခုန်တက်သွားစဉ်မှာပင်၊ ရပ်တန့်နေခဲ့သော သိုင်းသမား (၁၀)ယောက်၏ ခန္ဓာကိုယ်များမှာ၊ သွေးမြူများ ပန်းထွက်လာလျက် ပေါက်ကွဲ သွားလေသည်။ တစ်ချိန်တည်းမှာပင်၊ လင်းယွန်က ကောင်းကင်မှ ခုန်ဆင်းလာခဲ့ပြီး၊ ရုပ်ပျက်ဆင်းပျက် အလောင်းကောင်များကို နောက်ချန်ထားကာ၊ ယန်တင်းယီရှေ့၌ တည်ငြိမ်စွာ ရပ်တန့် လိုက်လေသည်။

ယန်တင်းယီသည် မြေပြင်ပေါ်ရှိ အလောင်းအပိုင်းအစများကို မြင်သော အခါတွင်မူ သူ့အမူအရာသည် ပြောင်းလဲသွားခြင်း မရှိခဲ့ပဲ၊ ၎င်းတို့သည် သူ့အတွက် သူစိမ်း သိုင်းသမားကဲ့သို့ တစ်ချက်သာ ဝေ့ကြည့်ပြီး၊ လျစ်လျူရှု လိုက်ထား၏။

"စိတ်ဝင်စားစရာပဲ... မင်းက...ငါ့ကို ခွင့်လွှတ်ဖို့ ရည်ရွယ်ချက်ရှိ ပုံမရဘူး..."

ယန်တင်းယီက ပြုံးပြီး လင်းယွန်အား လက်နောက်ပစ်ကာ စိုက်ကြည့်လိုက်သည်။ သို့သော်လင်းယွန်က သူ့အား တုံ့ပြန်ခြင်း မရှိပဲ၊ မဆိုင်းမတွပင် ဓားဖြင့် ထိုးသွင်းလိုက်လေသည်။

'' ဝှစ်...........''

ထိုအချိန်တွင် ယန်တင်းယီ၏ မျက်လုံးများတွင် ကောက်ကျစ်ဟန်များ တောက်ပလာပြီး၊ လင်းယွန်၏ ဓားကို ဖမ်းယူလိုက်စဉ်၊ သူ၏ လက်ဖဝါးမှ သွေးများ စီးကျလာသည်။ တစ်ဆက်တည်းမှာပင်၊ သူ၏ မျက်ဝန်းများ၌ သတ်ဖြတ်လိုသည့် ဆန္ဒများ ပြည့်နှက်လာကာ၊

'' ငါဘာလို့ ထွက်မပြေးပဲ၊ ရပ်နေခဲ့တာလဲလို့ မင်းသိချင်နေလား....ဟားဟားဟား ''

ရယ်မောသံနှင့်အတူ ယန်တင်းယီ၏သွေးကြောများသည် သူ့အရေပြားအောက်မှ စတင်ပေါက်ကွဲလာပြီး၊ ကြွက်သားများသည် တွန့်လိမ်လာကာ၊ မျက်စိတစ်မှိတ်အတွင်းမှာပင် အရပ်နှစ်မီတာခန့် တိုးမြင့်သွားခဲ့သည်။ ယခုအကြိမ်၌ သူ၏ အသွင်ပြောင်းလဲမှုသည် ယခင်ကထက် ပိုမို ပြီးပြည့်စုံစေသည်။ ထို့နောက်တွင် သားရဲအသွင်ပြောင်းလဲမှု ပြီးဆုံးပြီးနောက်၊ ဆုပ်ကိုင်ထားသော ဓားကို ပြန်လည်တွန်းထုတ်လာလေ၏။

'' ဖုန်း......''

ထိုတွန်းထုတ်လာသော လက်ဖဝါးနောက်ရှိ စွမ်းအင်လှိုင်းသည် လင်းယွန်၏ရင်ဘတ်အား ထိမှန်သွားကာ၊ မီတာတစ်ရာ အကွာသို့ လွင့်ထွက်သွားစေ၏။ ဤအခိုက်အတန့်တွင်၊ ယန်တင်းယီ၏ ခွန်အားသည် စတုတ္ထအဆင့် သိုင်းသမားများနှင့်ပင် နှိုင်းယှဉ်နိုင်ပေမည်။

ရလာဒ်အနေဖြင့် လင်းယွန်က သူ့နှုတ်ခမ်းမှ စီးကျလာသော သွေးစများကို သုတ်ယူလိုက်ပြီး၊ ယန်တင်းယီအား လှမ်းကြည့်လိုက်သည်။ ထိုယန်တင်းယီသည် ယခုအချိန်တွင် နတ်ဆိုးသားရဲ တစ်ကောင်ကဲ့သို့ အရှိန်အဝါများကို ကြမ်းတမ်းစွာထုတ်ဖော်ထားခဲ့ပြီး၊ သူ့မျက်ဝန်းများရှိ သွေးကြောများမှာ ပေါက်ကွဲ နီရဲနေပေ၏။

အခြားတစ်ဖက်တွင် ယန်တင်းယီသည် တစ်ကြိမ်သာသုံးနိုင်သော သွေးတိမ်ဂိုဏ်း၏တားမြစ်နည်းစနစ်ကို ထုတ်ဖော်ခဲ့ရပြီး၊ ၎င်းကိုအသုံးပြုပြီးနောက်၊ သွေးတိမ်မျက်နှာဖုံးဖြင့်အသွင်ပြောင်းလဲမှုအား မည်သည့်အခါမျှ ပြန်လည် အသုံးပြုနိုင်ခြင်း မရှိတော့ပဲ၊ ဘေးထွက်ဆိုးကျိုးများဖြစ်သော အတွင်းဒဏ်ရာများကို ခံစားရမည်မှာ သေချာနေခဲ့ပေပြီ။

သို့သော်လည်း လင်းယွန်၏ဓားသေတ္တာကို ရရှိနိုင်သရွေ့၊ သူက မည်သို့သော ပေးဆပ်မှုမျိုးကိုမဆို တုံ့ဆိုင်းခြင်းမရှိ ထုတ်ဖော်တိုက်ခိုက်မိပေမည်။ ယန်တင်းယီသည် သူ၏ သိုင်းဝိညာဉ်ကို ဆင့်ခေါ်လိုက်ပြီး၊ အရှိန်အဝါကို ထပ်မံမြှင့်တင်လိုက်၏။

ဤသို့ မြှင့်တင်ခြင်းဖြင့် သူ၏လက်ရှိ အင်အားသည် ရှန်ရှင်းပဉ္စမအဆင့်သို့ ချဉ်းကပ်လာခဲ့သော်လည်း၊ သူ၏ ကျိုးကြောင်းဆီလျော်မှု အားလုံးကို ဆုံးရှုံးခဲ့ပြီး၊ သားရဲတစ်ကောင်ကဲ့သို့ အသိစိတ်မဲ့ သွားလေသည်။

'' အောင်း ဝေါင်း..... ''

ထို့နောက်တွင် ယန်တင်းယီသည် မျောက်ဝံသားရဲ တစ်ကောင်ကဲ့သို့ ကမူးရှူးထိုး ပြေးဝင် တိုက်ခိုက်လာလေသည်။

သူ၏ သွေးတိမ်လက်ဖဝါး နှင့်အတူ ကြက်သွေးရောင် သိုင်းဝိညာဉ်သားရဲကို ခေါ်ထုတ်လျက် ပြေးဝင်တိုက်ခိုက်လာခဲ့၏။

ယန်တင်းယီ၏ တိုက်ခိုက်မှုကိုရင်ဆိုင်ရသဖြင့် လင်းယွန်မှာ နောက်သို့ဆုတ်ခွာပေးလိုက်ရသည်။

" ဘယ်လောက်တောင် ကြမ်းကြုတ်လိုက်သလဲ ...''

လင်းယွန်၏မျက်လုံးများတွင် အံ့ဩခြင်းများဖြင့် ပြူးကျယ်သွားပြီး၊ သူ့လက်များ ထုံကျင်သွားသည်ကို ခံစားလိုက်ရသည်။ ယန်တင်းယီတွင် ဤကဲ့သို့သော ကြောက်မက်ဖွယ် တားမြစ်နည်းစနစ်ရှိလိမ့်မည်ဟု ထင်မထားခဲ့ချေ။

'' ချွမ်..... ချွမ် ချွမ် ''

တိုက်ပွဲသည် ဆက်လက်ဖြစ်ပွားနေခဲ့ပြီး၊ ပန်းသင်္ချိုင်းဓားသည် ယန်တင်းယီ၏ခန္ဓာကိုယ်ပေါ်သို့ အချက်ပေါင်းများစွာ ထိုးခုတ်နေမိသော်လည်း၊ ယန်တင်းယီမှာ နောက်သို့ဆုတ်ခွာသွားခြင်းမရှိပဲ ပို၍ပြင်းထန်စွာ တိုက်ခိုက်လာခဲ့သည်။

'' ခရမ်းရောင်ဓါးမုန်တိုင်း..... ''

ထို့နောက်တွင် လင်းယွန်သည် သူ့ခွန်အားကို အထွတ်အထွပ်ထိမြှင့်တင်လိုက်ပြီး၊ ထပ်ကာထပ်ကာ ခုတ်ပိုင်းလိုက်ရာ၊ နောက်ဆက်တွဲအနေဖြင့် ဓားရိပ်ပေါင်း(၈၁)ရိပ်ကို ထွက်ပေါ်သွားစေသည်။ အဆုံးတွင်တော့ ရလဒ်အနေနှင့် ယန်တင်းယီသည် မီတာတစ်ရာအကွာသို့ လွင့်စင်သွားခဲ့ပြီး၊ သူ၏ အဝတ်အစားများသည် ဓားချက်ကြောင့် အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲလွင့်ထွက်လာလေသည်။

ထိုဝတ်ရုံပေါက်ကွဲလွင့်စင်ပြီးနောက်၊ သူ့ခန္ဓာကိုယ်ပေါ်၌ အတွင်းခံချပ်ဝတ်အင်္ကျီတစ်ထည် ထွက်ပေါ်လာလေသည်။ ယန်တင်းယီ၏ခန္ဓာကိုယ်အနှံ့ နက်ရှိုင်းသောဓားဒဏ်ရာကြီးများ ရှိနေသော်လည်း၊ ၎င်းဒဏ်ရာများသည် အရေးပါသောသေကွင်းသေကွက်များအား ထိမှန်ထားခြင်းမရှိပေ။

အဆင့်မြင့် တော်ဝင်ချပ်ဝတ်အင်္ကျီ။

'' ................ ''

လင်းယွန်က တစ်တစ်ခွခွ ကျိန်ဆဲလိုက်သည်။ ယန်တင်းယီသည် ခုခံကာကွယ်ရေးအတွက် အဆင့်မြင့်တော်ဝင်ချပ်ဝတ်ကို ဝတ်ဆင်ထားခဲ့သည့်အတွက် ယခုအချိန်တွင် ပိုမို ခက်ခဲလာခဲ့ ပေသည်။

"ဟားဟားဟား လာစမ်း မင်းရဲ့ဝှက်ဖဲတွေကုန်ပြီလား... "

ထိုသို့သော လင်းယွန်၏ကူကယ်ရာမဲ့ဟန် အမူအရာများကြောင့်၊ ယန်တင်းယီမှာ မည်သည့်ရွေ့လျားမှုနည်းစနစ်ကိုမျှ ထုတ်ဖော်ခြင်းမရှိပဲ၊ သားရဲဆန်ဆန် ခုန်ပျံပြေးလွှားလာသည်။

'' ............. ''

တစ်ချိန်တည်းမှာပင် လင်းယွန်၏မျက်နှာသည် နက်မှောင်သွားပြီး၊ ခြေလှမ်းတစ်ရာခန့် နောက်ပြန်ဆုတ်သွားခဲ့သည်။ လိုအပ်သည့်အကွာအဝေးသို့အရောက်တွင် ရုတ်တရက်ရပ်တန့်လိုက်ကာ၊ ပန်းသင်္ချိုင်းဓားအား ပင့်မြှောက်လိုက်၏။

'' ချယ် ရီ ပန်း စီးချင်း'' ..... '' နှင်းဆီဓား.....''

ရုတ်တရက် တိုက်ပွဲကွင်းပြင်သည် အမှောင်ရိပ်များ သိုင်းခြုံလာပြီးနောက် လေထုထဲ၌ချယ်ရီပန်းရနံ့များ ထုံးမွှန်းလာကာ၊ တစ်ချိန်တည်းမှာပင် ကောင်းကင်ယံမှ နှင်းဆီပန်းတစ်ပွင့် ပန်းသင်္ချိုင်းဓားပေါ်သို့ ဆင်းသက်လာလေသည်။

'' ဝှစ်...... ''

ယန်တင်းယီ၏ လွှမ်းမိုးနိုင်စွမ်းကြီးမားလှသော၊ အရှိန်အဝါသည် လင်းယွန်ထံသို့ အုပ်စီးမိသည့်အချိန်၌ပင်၊ လင်းယွန်သည် ပန်းသင်္ချိုင်းဓားပေါ်သို့၊ ထိုးကျလာသောနှင်းဆီပန်းအား နှစ်ပိုင်းခွဲထုတ်ပစ်လိုက်၏။

'' .......ဖုန်း ''

ထို့နောက်တွင် ယန်တင်းယီသည် သူ၏ပါးစပ်မှ အော်ဟစ်သံနှင့်အတူ လွင့်ထွက်သွား၏။ သူ့ကိုယ်သူရပ်တည်နိူင်ရန် ခန္ဓာကိုယ်တစ်ခုလုံး ယိမ်းထိုးလှုပ်ခါနေခဲ့ရလေသည်။ သူ၏တော်ဝင်ချပ်ဝတ်မှာ အက်ကွဲနေသော်လည်း၊ တိုက်ပွဲဝင်ရန် ခွန်အားအချို့ ကျန်ရှိနေသေး၏။

"သေလိုက်တော့....."

ယန်တင်းယီက အားအင်ကုန်ခမ်းသွားသည့် လင်းယွန်ကိုကြည့်ကာ ရယ်မောလျှက် လျှောက်လှမ်းလာခဲ့သည်။

အခြားတစ်ဖက်တွင် လင်းယွန်သည် သူ၏ဝိညာဉ်စွမ်းအင်များအပြင်၊ စိတ်ဝိညာဥ်စွမ်းအင်များပါ၊ ကုန်ဆုံးသွားသောကြောင့် မျက်နှာတစ်ပြင်လုံး ဖြူဖျော့သွား၏။ အဆင့်မြင့်ရှန်ရှင်းသိုင်းနည်းစနစ်နှင့် နှင်းဆီဓားနည်းစနစ်ကို တပြိုင်နက်တည်း အသုံးပြုပြီးနောက်တွင်၊ သွေးအဆီအနှစ်များပင် လောင်ကျွမ်းပျောက်ရှသွားသကဲ့သို့၊ နွမ်းနယ်နူန်းချိသွားခဲ့လေပြီ။

မြေပြင်ပေါ်တွင် ဒူးထောက်လျက် လင်းယွန်က အလောတကြီးအသက်ရှူရှိုက်လိုက်ကာ၊ ယန်တင်းယီအား မော့ကြည့်လိုက်သည်။

'' .............. ''

ယန်တင်းယီ၏ ခြေလှမ်းတိုင်းသည် မြေပြင်အားတုန်လှုပ်သွားစေပြီး၊ သူ၏သိုင်းဝိညာဉ်အား နောက်ခံပြုကာ၊ သေမင်းနတ်ဘုရားတစ်ပါးကဲ့သို့ ရောင်ဝါများထုတ်ဖော်ထားခဲ့လေပြီ။

သို့သော်လင်းယွန်သည် စက္ကန့်ပိုင်းလေးအတွင်းမှာပင်၊ မြေပြင်အားလက်ဖဝါးဖြင့်ပုတ်ကာ၊ ဓားအားဆွဲကိုင်လျက် ကောင်းကင်သို့ခုန်တက်သွားလေသည်။ တစ်ချိန်တည်းမှာပင် သူ၏ဒါန်တမ်အတွင်းရှိ ဓားကျိုးသည် ငွေဖြူရောင်အလင်းအချို့ လင်းလက်လာခဲ့ပြီး၊ ၎င်းအလင်းတန်းသည် ပန်းသင်္ချိုင်းဓားကို အဖြူရောင်မီးတောက်သဏ္ဍာန် ဖုံးအုပ်သိုင်းခြုံလာ လေသည်။ ထို့နောက်တွင် ပန်းသင်္ချိုင်းဓား၏ခုတ်ပိုင်းလာမှုနှင့်အတူ၊ ငွေဖြူရောင်ဓါးအလင်းသည် ယန်တင်းယီထံသို့ လုံးလုံးလျားလျား တိုးဝင်သွား၏။

'' ရွှပ်..... ''

ယန်တင်းယီမှာ ပြေးဝင်လာနေစဉ်မှာပင်၊ သူ့ခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်တန်ဆာသည် အက်ကွဲပြိုကျသွားကာ၊ မြေပြင်ပေါ်သို့ လဲကျသွားလျက် တုန်လှုပ်ချောက်ချားနေခဲ့သည်။ ထိုဓားချက်၏အဟုန်ကြောင့် မြေပြင်သည် အက်ကွဲရာများပြည့်နှက်သွားကာ၊ ဖုန်မှုန့်များ ထောင်းထောင်းထသွားစေသည်။

တစ်ဆက်တည်းမှာပင်၊ လင်းယွန်သည် ပန်းသင်္ချိုင်းဓားအား ကိုင်ဆွဲလျက်၊ အေးစက်သော အကြည့်ဖြင့် ဖုန်မှုန့်တိမ်တိုက်ထဲသို့ တိုးဝင်သွား၏။ မြေပြင်ပေါ်တွင် လဲလျောင်းနေသော ယန်တင်းယီကိုကြည့်ကာ၊ သတ်ဖြတ်လိုသည့်ဆန္ဒများ ထုတ်လွှတ်လိုက်လေသည်။

ထိုသို့ လင်းယွန်၏အမူအရာများကြောင့်၊ သွေးများဖြင့်ဖုံးလွှမ်းနေသော ယန်တင်းယီသည် ထိတ်လန့်သွားပြီး ထွက်ပြေးရန် ကြိုးစားလိုက်၏။ သို့သော် အေးစက်သော ဓားဖျားဖြင့် သူ့နဖူးအား ဖိကပ် ချိန်ရွယ်ခံ လိုက်ရသည်ကြောင့်၊ ဆက်လက် လှုပ်ရှားဝံ့ခြင်း မရှိတော့ချေ။

'' ဓားသေတ္တာအကြောင်း မင်းဘာသိလဲ..."

ထို့နောက်တွင် ယန်တင်းယီ၏ခန္ဓာကိုယ်သည် မူလအရွယ်အစားသို့ ပြန်လည်ကျုံ့ဝင်လာပြီးနောက်၊ သေခြင်းတရားကို ရင်ဆိုင်နေခဲ့ရသော်လည်း၊ ထိတ်လန့်ဟန်မရှိတော့ပဲ မောက်မာစွာပြုံးရယ်လိုက်ပြီး၊ လင်းယွန်၏မေးခွန်းအား ပြန်မဖြေခဲ့ချေ။ ထို့အစား ရယ်မောလျက်မှ၊

" မင်းက ငါ့ကိုသတ်ဖို့ သတ္တိရှိတယ်လား၊ ငါ့အဖေက နက်နဲနယ်ပယ်သိုင်းသမား တစ်ယောက်ပဲ၊ သွေးတိမ်ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ရဲ့ စကားတစ်ခွန်း တည်းနဲ့တင် မင်းကို ဂိုဏ်းတစ်ခုလုံးရဲ့ရန်သူ ဖြစ်သွားစေလိမ့်မယ်.... "

***

All Chapters