← Chapters

အရိုး၏လမ်း။

Vol. 8 Ch. 110

အရိုး၏လမ်း။

Vol. 8 Ch. 110

ကောင်းကင်ဘုံမီးလျှံတောင်ထိပ်ဝန်းကျင် မိုင်ငါးဆယ်လောက်အတွင်း မြေပြင်သည် မီးလောင်တစ်စ ပြင်ကဲ့သို့ လွင်တည်းခေါင် ဖြစ်နေသည်။ ပူပြင်းအက်ကွဲသော မြေပြင်သည် မီးခိုးများ တလူလူလွင့်လျက်မှ၊ နတ်ဆိုးများ ရှင်သန်ရာ ငရဲမြေပြင်အလား မှတ်ထင်ရ၏။

အကယ်၍ တစ်စုံတစ်ယောက်သည် ကောင်းကင်အပေါ်မှကြည့်လျှင် ၎င်းနယ်မြေအား ကောင်းကင်ဝင်ရိုးတောင်တန်းများအလယ်ရှိ အနက်ရောင်အစက်အပြောက်လေးတစ်စက်ကဲ့သို့ မြင်ရပေလိမ့်မည်။

ဓားသေတ္တာကို နောက်ကျောတွင် ထမ်းပိုးထားပြီး၊ ချွေးများ တစ်စက်တစ်စက်စီးကျလာသည်။ ခေါင်းကို မော့ကြည့်လိုက်သည်နှင့် ကောင်းကင်မီးလျှံတောင်ထိပ်အား အနီးကပ်တွေ့မြင်လိုက်ရ၏။ ထို့နောက်တွင်၊ ချွေးများကို သုတ်ယူလိုက်ပြီး၊ လင်းယွန်ကသူ့ကိုယ်သူ လှောင်ရယ်လိုက်ကာ၊

'' ကောင်းကင်မီးလျှံတောင်ထိပ်ကို လျှော့တွက်ခဲ့တာပဲ... အဟက် ''

သို့သော်လင်းယွန်သည် ကံကောင်းထောက်မစွာဖြင့်၊ မီးလျှံနတ်ဆိုးခန္ဓာကိုယ်အား ဖွဲ့တည်နိုင်ခဲ့သည်၊ ၎င်းသည် ယခုအချိန်၌ များစွာ အသုံးဝင်လှ၏။ ထို့အပြင် အပူရှိန်အား လုံးလုံးလျားလျား သည်းမခံနိုင်တော့သည့်အချိန်တွင် ခရမ်းရောင်ရေခဲစာကလေးအား ဆင့်ခေါ်နိုင်သေးသည်။

ခရမ်းရောင်ရေခဲစာကလေးသည် မီးလျှံသွေးကြော၏ အပူကိုပင် လျစ်လျူရှုနိုင်သော ရေခဲစွမ်းအင်များကို ပိုင်ဆိုင်ဆိုင်ထားသည်ဖြစ်ရာ၊ ဆန့်ကျင်ဘက်အနေဖြင့်၊ မီးစွမ်းအင်များကို ထိန်းချုပ်ရာ၌ များစွာအထောက်အကူပြုလေသည်။

နာရီဝက်အကြာတွင် တောအုပ်အတွင်းမှ ပုံရိပ်နှစ်ရိပ်ထွက်ပေါ်လာပြီး၊ လင်းယွန်ထွက်ခွာသွားရာ ငရဲနယ်မြေဆီသို့ မျက်မှောင်ကျုံ့လျက်၊ စိုက်ကြည့်လိုက်သည်။ ၎င်းတို့မှာ အကြီးအကဲလျူနှင့် မိုပင်းတို့ဖြစ်သည်။ အပူရှိန်ကြောင့် ခြေလှမ်းအနည်းငယ်ခန့် နောက်ပြန်ဆုတ်သွားကာ၊ နှစ်ယောက်သား မျက်နှာများ တုန်လှုပ်သွားကြသည်။ ဤသို့မီးလောင်မြေသည် ငရဲအဝင်လမ်းကဲ့သို့ ထိတ်လန့်ဖွယ်အပူရှိန်ကို ထုတ်လွှတ်နေသည်ကြောင့်၊ သူတို့နှစ်ယောက်မှာ မဝင်ရောက်ဝံ့ကြပေ။

" အဲဒီမြင်းယုတ်က ငါတို့ကို အချိန်ဖြုန်းခဲ့တာပဲ... "

လင်းယွန်၏နောက်ကျောကို စိုက်ကြည့်ပြီး မိုပင်းက ကျိန်ဆဲလိုက်သည်။ ဤနဂါးသွေးမြင်၏ လှည့်ပတ်ခံရခြင်းမရှိပါက၊ လင်းယွန်အား ဖမ်းမိနိုင်ပေမည်။

"သူ့ရဲ့ကျင့်ကြံမှုက တတိယအဆင့်ဆိုတာ သေချာရဲ့လား"

အကြီးအကဲလျူ၏ မယုံကြည်ဟန်အမေးကို မိုပင်းက ခေါင်းညိတ်ပြကာ၊

'' အဲဒါက သေချာပါတယ် အကြီးအကဲလျူ၊ ဒါပေမယ့် ဒီကောင်လေးရဲ့ဝိညာဉ်စွမ်းအင်က ထူးထူးခြားခြား သန်မာလွန်းတယ်၊ သူ့ရဲ့ သိုင်းနည်းစနစ်ကတောင် အဆင့်မြင့် အဆင့်ရဲ့ အကန့်အသတ်ကို ရောက်နေပြီဆိုတာ သေချာပါတယ်။ ''

လင်းယွန်နှင့် တိုက်ပွဲကို ပြန်သတိရသောအခါ မိုပင်းက အံကြိတ်လျက် အခိုင်အမာပြန်ပြောပြလိုက်သည်။

"ဒါဆိုရင်တော့ အဆင်ပြေပါတယ်၊ ရှန်ရှင်းတတိယအဆင့်သိုင်းသမားတစ်ယောက်က ဘယ်နည်းနဲ့မဆို ရှင်သန်နိုင်ဖို့မလွယ်ဖူး၊ ကောင်းကင်မီးလျှံတောင်ထိပ်ကို ရောက်နိုင်ခဲ့ရင်တောင် သေသွားမှာ သေချာပါတယ်၊ ငါကိုယ်တိုင်တောင်မှ ဂိုဏ်းရဲ့ရွှေမီးတောက်ခန္ဓာကျင့်ကြံခြင်းနည်းစနစ်ကို မကျင့်ကြံရသေးပဲနဲ့ ဒီလိုမစွန့်စားရဲဖူး..... ''

အကြီးအကဲလျူ၏ ပြတ်သားသောစကားကြောင့်၊ မိုပင်းက ကောင်းကင်မီးလျှံတောင်ထိပ်၏ ကြောက်မက်ဖွယ်ကောင်းသော ဒဏ္ဍာရီကို တွေးကြည့်သောအခါတွင် သူသည် နှစ်ခြိုက်စွာ ပြုံးလိုက်ပြီး၊

"သူ့ကို သုတ်သင်ဖို့ ငါတို့ရဲ့လက်ကို အညစ်အပေခံစရာ မလိုတော့ဖူးပေါ့...."

'' ကောင်းပြီ ဒီကိစ္စက ပြီးသွားပြီ၊ တိမ်နဂါးသစ်သီးကို ဆက်ရှာပါ၊ ဒါက စီနီယာအကြီးအကဲမိန် ပေးခဲ့တဲ့ မစ်ရှင်တစ်ခုပဲ၊ ငါတို့ ဌာနခွဲရဲ့ လူအင်အားကို စုစည်းထားပြီး ဖြစ်လို့ ဒီလို အသေးအဖွဲ ကိစ္စတွေအတွက် အချိန်မဖြုန်းတော့နဲ့၊ ''

အကြီးအကဲလျူက သူ့လက်ကို ဝှေ့ယမ်းကာ ထွက်ခွာသွားခဲ့သည်။

" ...... ဒါပေမယ့် တိမ်နဂါးသစ်သီးကို နတ်ဆိုးသားရဲတွေ စောင့်ကြပ်နေမှာမလား၊ ငါတို့ရဲ့ အင်အား မလုံလောက်မှာကို ငါကြောက်တယ်..."

မိုပင်းက ခေါင်းယမ်းလိုက်သည်။ မစ်ရှင်ကို တွေးမိတိုင်း ခေါင်းကိုက်သလို ခံစားရသည်။

'' အဲဒါကို တွေ့တဲ့အခါမှ ထပ်ပြောကြည့်ရအောင်၊ နတ်ဆိုးသားရဲတွေအတွက် စီနီယာအကြီးအကဲမိန်မှာ သူ့ကိုယ်ပိုင်နည်းလမ်းရှိပုံရတယ်၊ ငါတို့စိုးရိမ်ရမှာက စီနီယာရောက်မလာခင်၊ ရှာတွေ့ထားဖို့လိုတယ် မဟုတ်ရင်တော့....... ''

၎င်းတို့နှစ်ယောက်သည် လင်းယွန်အား သေလူအဖြစ်ယူဆထားလိုက်ကြပြီး၊ မထွက်ခွာခင်မှာ မိုပင်းက ငရဲနယ်မြေအား လှည့်ကြည့်ကာ၊

'' ဒီခွေးကောင်က ချော်ရည်မိုးတွေထဲမှာ၊ ပြာဖြစ်သွားရင် အကောင်းဆုံးပဲ ''

ဟု ကျိန်ဆဲလိုက်သည်။

အခြားတစ်ဖက်တွင်၊ လင်းယွန်သည် ကောင်းကင်မီးလျှံတောင်ထိပ်သို့ ချဉ်းကပ်လာသောအခါတွင် ကြီးမားသော ဖိအားကို ခံစားလာရသည်။ သို့သော် သူသည် ခရမ်းရောင်ရေခဲစာကလေးကို ဆင့်ခေါ် ကာကွယ်ခြင်း မပြုခဲ့ပေ။ လင်းယွန်က ဤအခွင့်အရေးကို အသုံးချပြီး၊ သူ့ကိုယ်သူ အကန့်အသတ်ထိတွန်းပို့ချင်ခဲ့သည်။ ငရဲနယ်မြေအား ဖြတ်သန်းခြင်း ခရီးစဉ်သည်၊ သူ၏ မီးလျှံနတ်ဆိုးခန္ဓာကိုယ်အား များစွာ ကြံ့ခိုင် လာစေသည်။

"အရိုးစုလား....."

ရုတ်တရက် လင်းယွန်သည် ပြာကျလုနီးပါး၊ လောင်ကျွမ်းခံထားရသော အရိုးစုတစ်ခုကို တွေ့လိုက်ရသည်။ မီးကျွမ်းနေသော အဝတ်အစားအချို့အား တွေ့မြင်လိုက်ခြင်းမရှိပါက၊ ၎င်းသည် မီးလောင်ခံထားရသော ကျောက်တုံးတစ်တုံးဟုပင် ထင်မှတ်မိပေမည်။

လင်းယွန်၏ မျက်နှာသည် ပြောင်းလဲသွား၏။ လမ်းတစ်လျှောက်တွင် အလားတူအရိုးစုများကို တွေ့ဖူးကြောင်း ရုတ်တရက် သတိရမိသွားကာ၊ ယခင်က ၎င်းကို သတိမထားမိခဲ့ပေ။ ထိုအရာများသည် ကျောက်တုံးများသာဖြစ်သည်ဟု သူကထင်မြင်နေခဲ့သော်လည်း၊ ဤလူသည် မကြာသေးမီကမှ သေဆုံးသွားခဲ့ပြီးဖြစ်သောကြောင့်၊ အဝတ်အစားများ ကျန်ရှိနေခဲ့ခြင်းကြောင့်သာ၊ သတိထားမိခြင်း ဖြစ်သည်။

" ဒီလမ်းက လူအရိုးတွေနဲ့ ခင်းထားခဲ့ပုံပဲ..... "

လင်းယွန်သည် တုန်လှုပ်ချောက်ချားစွာဖြင့် နောက်ကျောအားပြန်လည် ငုံ့ကြည့်လိုက်သည်။

ကောင်းကင်မီးလျှံတောင်ထိပ်သည် အပြာရောင်နေမင်းနိုင်ငံနှင့် အနီးဝန်းကျင်နိုင်ငံများရှိ ကျင့်ကြံသူများကို ဆွဲဆောင်နိုင်ခဲ့သည်။ အရည်အသွေးမြင့် မူလမီးလျှံအမြုတေများကြောင့် လူသိများလာခဲ့ကာ၊ ကျင့်ကြံသူများ အဆက်မပြတ်ရောက်လာခဲ့ကြပြီး၊ ဤအရိုးလမ်းကြောင်းကို ဖန်တီးခဲ့ကြသည်။

" ....ဒီအလောင်းက လွန်ခဲ့တဲ့ တစ်ပတ်လောက်က ချော်ရည်မိုးတွေကြောင့် သေခဲ့တာပဲ..."

ခြေလှမ်းအနည်းငယ်မျှပင် ထပ်လှမ်းလိုက်သည်နှင့် အရိုးစုအချို့အား ထပ်မံ မြင်တွေ့လိုက်ရာ၊ သူ၏ နှလုံးသားမှာ ယိမ်းယိုင်လာ၏။ ဤနေရာအား စွန့်ခွာကာ၊ နောက်ထပ် မီးတောင်အချို့အား ရှာဖွေရန် စဉ်းစားနေမိပြီး၊ တုံ့ဆိုင်းသွား၏။ နောက်ဆုံးတော့၊ ထိုကောင်းကင်မီးလျှံတောင်သည် နည်းနည်းကြောက်စရာ ကောင်းလွန်းလှသည် မဟုတ်ပါလော။

ခြေလှမ်းတိုင်းသည် အန္တရာယ်များဖြင့်ပြည့်နှက်နေကာ၊ အရိုးစုများအပေါ်နင်းလျှောက် နေခဲ့ရသည်။ ၎င်းသည် ကျင့်ကြံခြင်းလောက၌ မည်မျှရက်စက်ကြမ်းကြုတ်သည်ကို ပထမဦးဆုံး အကြိမ်အဖြစ် ခံစားမိသွားခြင်း ဖြစ်သည်။

လင်းယွန်၏မျက်နှာသည် နီရဲနေပြီး၊ နဖူးမှ ချွေးသီးများ ကျဆင်းလာကာ၊ မျက်ဝန်းများတွင် အာရုံစူးစိုက်မှုများ ပျောက်ဆုံးသွားခဲ့သည်။

'' ပ လောက်...... ပလောက်........''

ချွေးပေါက်များသည် မြေပြင်ပေါ်သို့ တစ်စက်တစ်စက်ကျဆင်းနေခဲ့ပြီး၊ နောက်တစ်စက္ကန့်တွင် မြေပြင်၏ အပူရှိန်ကြောင့် အငွေ့ပျံသွား၏။ ရုတ်တရက် သူ့အတွေးသည် ဆုစီယာထံသို့ ပြန်လည် ရောက်ရှိသွားကာ၊ ခဏတာမျှ ငြိမ်သက်သွား လေသည်။

လင်းယွန်၏ မျက်ဝန်းများမှာ တဖြည်းဖြည်း တင်းမာလာကာ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်။ ကောင်းကင်မီးလျှံတောင်ထိပ်သို့ မော့ကြည့်ရန်၊ သူ၏ဦးခေါင်းကို မြှောက်လိုက်ပြီး၊ ယခုတစ်ကြိမ်၌ သူ့မျက်လုံးများထဲတွင် တုံ့ဆိုင်းမှုအရိပ်အယောင်များ ရှိမနေတော့ပေ။

'' ..............''

ဤလမ်း၌ သေဆုံးသွားလျှင်ပင် သူ့အတွက်နောက်ဆံတင်းစရာမရှိ။ လင်းယွန်သည် သွားများကို ကြိတ်ကာ အရိုးလမ်းကို တရွေ့ရွေ့ဆက်လျှောက်လာခဲ့သည်။

'' အဆုံးထိသွားမယ်... အဆုံးထိသွားမယ် ''

ယခုအချိန်တွင် လင်းယွန်၏မျက်လုံးများထဲ၌ ပန်းတိုင်တစ်ခုသာရှိပေ၏၊ ၎င်းသည် ကောင်းကင်မီးလျှံတောင်ထိပ်သို့ တက်ရောက်ရန်ဖြစ်ပြီး၊ အကယ်၍သာ သူသည် တောင်ထိပ်သို့ မရောက်နိုင်ခဲ့ပါက၊ မူလမီးလျှံအမြုတေကို ရယူလိုခြင်းသည် အိပ်မက်တစ်ခုအဖြစ်သာ ရှိပေတော့မည်။ ထိုသို့ဆိုပါက ဝမ်ဘိုးဘေးကဲ့သို့ပင်၊ အိုမင်းခြင်းသည် စောစီးစွာဝင်ရောက်လာနိုင်ပြီး၊ အိုင်ငယ်လေးအတွင်း၌ ပိတ်မိနေပေတော့မည်။

'' .............. ''

ရုတ်တရက် မီးလျှံကျောက်တုံးများသည် တောင်ထိပ်ပေါ်မှ ပြုတ်ကျလာသည်။ ထိုကျောက်တုံးများသည် မီးတောက်များဖြင့် ဖုံးလွှမ်းနေပြီး၊ တောင်ထိပ်မှ လှိမ့်ဆင်းလာပုံသည် မီးကျည်းခဲများ ရွာကျလာသကဲ့သို့ ထိတ်လန့်ဖွယ် မြင်ကွင်းတစ်ခု ဖြစ်ပေါ်သွားစေသည်။

'' ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလွန်းတဲ့ မြင်ကွင်းလဲ ''

မီးကျည်းခဲများသည် အဆုံးအစမရှိ သွန်ချ ခံလိုက်ရသကဲ့သို့၊ လင်းယွန်အား မြေမြှပ်ပစ်ရန် တစ်ဟုန်ထိုး ကျဆင်းလာ လေသည်။

ထိုမြင်ကွင်းအားမော့ကြည့်လျက် လင်းယွန်က ခြေလှမ်းများကို ရပ်တန့်လိုက်ရသည်။ သူ့မျက်လုံးများတွင် တိုက်ပွဲဝင်စိတ်များ တောက်လောင်လာပြီး၊ မီးလျှံနတ်ဆိုးခန္ဓာကိုယ်ကို အကန့်အသတ်အထိ နှိုးဆွလိုက်ကာ၊ တုံ့ဆိုင်းခြင်းမရှိ ကောင်းကင်သို့ ခုန်တက်သွားလျက်၊ လက်သီးဖြင့် ၎င်းကျောက်တုံးများအား ပြန်လည် ထိုးချလိုက်၏။

'' ဖုန်း...ဘောင်း ဘောင်း ''

လက်သီးချက်ကြောင့် ကျောက်တုံးများ ကွဲကြေသွားပြီး ဖုန်မှုန့်များ ပျံ့လွင့်လာစေသည်။ သူ့လက်သီးများကို အားကိုးပြီး လင်းယွန်က လမ်းကြောင်းတစ်ခုကို ရှင်းပစ်လိုက်၏။ သို့သော် ကျောက်တုံးများသည် အလွန်များလွန်းလှရာ၊

'' ထာဝရနတ်ဘုရားတံဆိပ်တော် ''

လင်းယွန်၏လက်များသည် တုန်ယင်လာပြီးနောက်တွင်၊ တံဆိပ်တစ်ခုကို ဖွဲ့စည်းလိုက်သည်။ ထို့နောက်တွင်၊

'' ဖုန်း....ဖုန်း ဖုန်း ''

လင်းယွန်၏လက်မှ ရွှေရောင်မီးတောက်များ ထွက်ပေါ်လာကာ၊ မြေပြင်ပေါ်သို့ ပြန်လည်ကျဆင်းလာသည့်၊ သူ့ခန္ဓာကိုယ်အား ထပ်မံပျံသန်းရန်အတွက်၊ ခြေဖဝါးကို မြေပြင်ပေါ်တွင် ညင်သာစွာ ပုတ်လိုက်၏။ လေးညို့မှတိုးထွက်သွားသော မြှားတံတစ်စင်းကဲ့သို့ မီးကျည်းမိုးများထဲမှ ဖောက်ထွက်သွားကာ လေထုထဲသို့ တိုးဝင်သွားလေသည်။ ပျံသန်းမှုအရှိန်သည် အကန့်အသတ်သို့ရောက်ရှိပြီးနောက်၊ ပြန်လည် မကျဆင်းခင် အချိန်တွင်၊ ကောင်းကင်မီးလျှံတောင်ထိပ်သို့ တစ်ချက်မော့ကြည့်လိုက်မိသောအခါ၊ ၎င်းတောင်ထိပ်ပေါ်၌ လူရိပ်အချို့အား ဝိုးတဝါးတွေ့မြင်လိုက်ရသည်။

" ငါရောက်လုနီးပြီ။....''

လင်းယွန်က ဝမ်းမြောက်သွား၏။ ထိုလူရိပ်များကို တွေ့မြင်ပြီးနောက်တွင် သူ၏ ယုံကြည်ချက်က ပိုမိုမြင့်မားလာခဲ့သည်။ လူအချို့သည်ပင် စွမ်းဆောင်နိုင်ခဲ့ပါက၊ သူသည်လည်း အောင်မြင်ရပေမည်။ ထို့ကြောင့် သူ၏ အရှိန်ကိုမြှင့်ကာ အရိုးလမ်းအား အံကြိတ်လျက် ဖြတ်လျှောက်လိုက်မိသည်။ နောက်ထပ် မီးကျည်ခဲများစွာ ကျဆင်းလာသော်လည်း၊ လင်းယွန်အား တားဆီးနိုင်ခြင်း မရှိတော့ပဲ၊ ၎င်းတို့ကို အလွယ်တကူ ကိုင်တွယ် ဖြေရှင်းနိုင်ခဲ့သည်။

တစ်လခွဲကြာပြီးနောက်တွင်၊ လေထဲ၌ ရှိနေစဉ် တွေ့မြင်လိုက်ရသော လူရိပ်များရှိရာ၊ ကောင်းကင်မီးလျှံတောင်ထိပ်ဆီသို့ တက်ရောက်လာခဲ့လေသည်။ ထိုကောင်းကင်မီးလျှံတောင်ထိပ်၏ အလယ်ဗဟိုတွင် ကြီးမားသော တွင်းကြီးတစ်တွင်းရှိနေကာ၊ ထိုတွင်းကြီးအတွင်းမှ မီးစွမ်းအင်များ တဖျစ်ဖျစ် အော်မြည်နေခဲ့ပေသည်။

'' ....အို့၊ လူ ...မနည်းပါလား ''

လင်းယွန်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ၊ အနည်းဆုံး လူသုံးရာခန့်ရှိလေသည်။ ထိုလူအုပ်ကြီးသည် သူ့အားကျောခိုင်းလျက် အနေအထားဖြင့်မီးတောင်ဝထံသို့ မျက်နှာမူထားကြရာ၊ သူ့ကို သတိမထား မိကြပေ။ သို့သော်လင်းယွန်က ၎င်းတို့အားလုံးမှာ ရှန်ရှင်းပဉ္စမအဆင့် သိုင်းသမားများဖြစ်သည်ကိုမူ သတိပြုမိသွားသည်။

မီးအပူရှိန်အား ခုခံနိုင်ရန် ထုတ်ဖော်ထားသော၊ သူတို့၏ အသီးသီးသော သိုင်းနည်းစနစ် ဟန်ပန်များအရ၊ ထိုကျင့်ကြံသူများသည် သိုင်းစနစ်များအပေါ်တွင် မြင့်မားသော အောင်မြင်မှုအဆင့်ကို တက်လှမ်းထားနိုင်သည်ကို သိမြင်လိုက်ရ၏။ သို့သော် ပြီးပြည့်စုံသော ကျွမ်းကျင်မှုအဆင့်သို့ ရောက်ရှိရန်၊ ခြေတစ်လှမ်းသာ လိုတော့သော လင်းယွန်၏ နားလည်နိုင်မှုနှင့် နှိုင်းယှဉ်ပါက၊ များစွာ နိမ့်ကျနေဆဲပင်။

ဆိုလိုသည်မှာ လင်းယွန်သည် ကျင့်ကြံမှုခွန်အားအရ နိမ့်ကျသော်လည်း၊ သူ၏ထိုးထွင်းနားလည်မှုသည် ထိုလူအုပ်ကြီးရှိ လူတိုင်းထက် သာလွန်ပေသည်။

နောက်တဖန်၊ ဤသို့အရည်အချင်းများသည် ကောင်းကင်မီးလျှံတောင်ထိပ်သို့ တက်လှမ်းနိုင်ရန် အနိမ့်ဆုံး လိုအပ်ချက်များပင် ဖြစ်ကောင်းဖြစ်နိုင်သည်။

မီးတောင်ဝနှင့် နီးကပ်သောသူများသည် ပို၍သန်မာအားကောင်းလှပြီး၊ ၎င်းတို့၏အရှိန်အဝါများမှာ များစွာသိပ်သည်းလှသည်။ ထိုမီးတောင်ဝနှင့် မီတာတစ်ရာအကွာတွင် အဘိုးအိုတစ်ဦးသည် ထိုင်လျက်ဖြင့် မျက်လုံးများအားမှိတ်ကာ၊ သူ၏ သတ္တမအဆင့်အရှိန်အဝါကို ရည်ရွယ်ချက်ရှိရှိ ထုတ်ဖော်ထားခဲ့လေသည်။ မီးတောင်ဝမှ ထွက်ပေါ်လာသော အပူရှိန်ကြောင့် အဘိုးအို၏ မျက်နှာသည် သွေးနီရောင်များ တောက်ပနေခဲ့သည်။

" သွား....ရအောင်..."

လင်းယွန်က သွားများကို ကြိတ်ကာ တောင်ပေါ်သို့ ခုန်တက်လိုက်လေသည်။ တောင်ပေါ်သို့ခြေချလိုက်သည်နှင့် မြင်ကွင်းသည်ရှင်လင်းသွား၏။ မီးတောင်ဝပတ်ပတ်လည်၌ လူများစွာသည် ဝိုင်းပတ်ထိုင်နေကြသည်။ အချို့သည် မီတာများစွာ အကွာထိပင် ဆုတ်ခွာ ဝိုင်းပါတ်ထားကြရာ၊ မီးတောင်ဝနှင့် သူတို့၏ ကြား အကွာအဝေးကိုကြည့်ပြီး၊ ၎င်းတို့၏ ခွန်အားကို ချင့်ချိန်နိုင်သည်။ အစောပိုင်းတွင် မြင်တွေ့ထားသော အဘိုးအိုသည်သာ အနီးကပ်ဆုံးနေရာ၌ ထိုင်နိုင်သည့်၊ တစ်ဦးတည်းသော ကျင့်ကြံသူ ဖြစ်ပေသည်။

'' ........... ''

တစ်ချိန်တည်းမှာပင်၊ လင်းယွန်နှင့် မျက်နှာချင်းဆိုင်အရပ်တွင် ထိုင်နေသော မျက်လုံးပေါင်းများစွာသည် စူးရှစွာ အကဲခတ်လာကြ၏။

" ကြည့်ရတာ လူသစ်တစ်ယောက်လား။"

'' သူက တော်တော်ငယ်သေးပုံရတယ်၊ ဘယ်ကနေရောက်လာလဲ သိချင်လိုက်တာ ''

'' ငါ့ကောင်းကင်၊ သူက ရှန်းရှင်းဘုံရဲ့တတိယအဆင့်မှာပဲ ရှိနေသေးတာလား.... ''

ထိုအာမေဋိတ်သံထွက်လာသောအခါ၊ မီးတောင်ပတ်ပတ်လည်ရှိ ကျင့်ကြံသူတိုင်း၏မျက်လုံးများ၊ ပွင့်လာပြီး လင်းယွန်အား လှည့်ကြည့်လာကြသည်။

'' အခုခေတ်လူငယ်တွေက တကယ်ကို မောက်မာလွန်းပါတယ်...''

'' အသက်ထက်ပဲ ဘယ်အရာကအရေးကြီးဦးမှာလဲ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ သူ့ရဲ့ အသက်ကို ကောင်းကင်မီးလျှံတောင်ထိပ်မှာ ကုန်ဆုံးချင်နေတာကိုး....''

" ကောင်လေး...လမ်းခရီးမှာ၊ မင်းရဲ့ကျင့်ကြံမှုအဆင့်က ရှန်ရှင်းနယ်ပယ်ရဲ့ ပဉ္စမအဆင့်မှာ ရှိရမယ်လို့ ဘယ်သူကမှ မင်းကို သတိမပေးခဲ့ဘူးလား။"

စကားသံများစွာ ထွက်ပေါ်လာပြီး လင်းယွန်အား ကြည့်လိုက်ကြသည့်မျက်ဝန်းများတွင်၊ စူးစမ်းချင်စိတ်များအစား ချက်ချင်းပင် ရယ်မောစရာအဖြစ်သို့ ပြောင်းလဲသွားသည်။ ရှေ့ဆုံးမှအဘိုးအိုသည်ပင်၊ လင်းယွန်ကို လှမ်းကြည့်လိုက်ကာ၊ သူ၏ မျက်နှာပြန်မလွှဲခင် လှောင်ပြုံးတစ်ပွင့် နှင့်အတူ ခေါင်းယမ်းသွားလေသည်။

လင်းယွန်သည်လည်း မချိမခံသာဟန်ဖြင့် ပြုံးလိုက်ကာ၊ နှုတ်ဆိတ်နေလိုက်၏။ ထို့နောက် ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ကာ၊ သူ့အတွက်နေရာတစ်ခု ရှာဖွေလိုက်မိသည်။

" ဟေး ညီငယ်လေး၊ မင်း စိတ်ဝင်စားရင် ဒီမှာ လာထိုင်လို့ရတယ်"

ရုတ်တရက် ဖိတ်ခေါ်သံတစ်သံသည် ခပ်လှမ်းလှမ်းအရပ်ဆီမှာ ထွက်ပေါ်လာလေသည်။

***

All Chapters