← Chapters

ရိတ်သိမ်းခြင်း။

Vol. 9 Ch. 115

ရိတ်သိမ်းခြင်း။

Vol. 9 Ch. 115

လင်းယွန်က အဋ္ဌမအဆင့် မီးလျှံ ကျောက်တုံးကို သိမ်းယူရန် လက်လှမ်း လိုက်သည်နှင့် ရာပေါင်း များစွာသော လူအုပ်ကြီးသည် သူ့ဆီသို့ ပြေးဝင် လာကြသည်။

ယခုအချိန်၌ လင်းယွန်သည် သွေးလင်းတကဲ့သို့ပင် လူအများ၏ ပစ်မှတ် ဖြစ်လာခဲ့လေပြီ။

စီနီယာဝမ်သည် ဦးစွာရောက်ရှိလာခဲ့ပြီး၊ လင်းယွန်အား တိုက်ခိုက် လိုက်သည်။ လင်းယွန်က သူ၏တိုက်ခိုက်မှုကို ရှောင်တိမ်း လိုပါက၊ အရှိန်ဖြင့်ကျဆင်းလာသော မီးလျှံ ကျောက်တုံးကို လက်လွှတ်ရပေမည်။

လင်းယွန်သည် စီနီယာဝမ်အား လှမ်းကြည့် လိုက်ပြီး၊ အလျင် အမြန် ဆုံးဖြတ်ချက် ချရန် လိုအပ် နေခဲ့၏။

သို့မဟုတ်ပါက စီနီယာဝမ်၏ ရက်စက်သော နဂါး လက်သီးသည် မီးလျှံ နတ်ဆိုး ခန္ဓာ ကိုယ်အား ပေါက်ကွဲ သွားစေနိုင် လေသည်။

" ရတနာကို ပေးရင် မင်း အသက်ကို၊ ငါ ချမ်းသာ ပေးလိုက်မယ် ... ။ "

လက်သီးတစ်လုံးသည် လေထုထဲ ပျံဝဲလာ နေစဉ်မှာပင်၊ အေးစက်စက် ခြိမ်းခြောက် လိုက်သံ နှင့်အတူ၊ စီနီယာဝမ်၏ ဆံပင် များသည် လေထဲတွင် တဖျပ်ဖျပ် မျောလွင့် နေကာ သူ့မျက်လုံးများတွင် သတ်ဖြတ်လိုသည့် ဆန္ဒများ တောက်ပ နေခဲ့သည်။

တစ်ချိန်တည်းမှာပင် လင်းယွန်သည် ဆုံးဖြတ် လိုက်ဟန်ဖြင့် အံကိုကြိတ်ကာ၊ မီးလျှံ ကျောက်တုံးအား ဆက်လက် ဖမ်းယူ လိုက်လေသည်။

ထိုသို့ဖမ်းယူ လိုက်စဉ် ပြင်းထန်သော စွမ်းအားကြီးသည် လင်းယွန်အား ရိုက်ခတ် လာရာ၊ သွေးတစ်လုတ် အန်ချ လိုက်ပြီး၊ နာကျင်စွာ အော်ဟစ် လိုက်ရ၏။

" သောက်ပဲဟေ့..... သောက်ပဲ့ဟေ့၊ မင်းရဲ့သောက် ...'လင်း'မျိုးနွယ်ကို အစုလိုက် အပြုံလိုက် ငါသတ်မယ် "

ကျိန်ဆဲသံနှင့်အတူ စီနီယာဝမ်၏ လက်သီးသည် စွမ်းအင်လှိုင်းနောက်မှတဆင့် ကပ်ညိပါဝင်လာပြီးနောက်၊ လင်းယွန်၏ ပုခုံးအား ထိုးချမိသွားစေသည်။

'' ဖုန်း......... ''

လင်းယွန်သည် စီနီယာဝမ်၏ လက်သီးမှ ပေါက်ကွဲလာသော စွမ်းအင်လှိုင်းဖြင့်ပင် သွေးအန်လိုက်ရခြင်း ဖြစ်ကာ၊ ဤသို့သော လက်သီးဖြင့် အထိုးခံလိုက်သည်နှင့်၊ အရုပ်ကြိုးပြတ် လွင့်စင်သွား လေသည်။ သို့သော် ထိုအချိန်၌ လင်းယွန်၏ မျက်နှာ၌ ရွှင်မြူးရိပ်များ ဖြစ်ပေါ်လာကာ 'တဟားဟား' အော်ရယ်လိုက်လေသည်။

'' ဟား ဟား....ဟား၊ မင်းငါ့ကို မသတ်ရဲမှတော့၊ ဒီရတနာကို ဒီတစ်သက် 'မင်း'ပိုင်ရမယ့် ကံမပါဖူးလို့ပဲ မှတ်ယူလိုက်ပါ....''

လင်းယွန်သည် ဤအကြိမ် အလောင်းအစား ပြုလုပ်ရာတွင် သူ့အသက်အား လောင်းကြေးထပ်ခဲ့လေသည်။ စီနီယာဝမ်သည် သူ၏ ညစ်နွမ်းသော နှလုံးသားအရ လင်းယွန်အား ချက်ချင်း မသတ်နိုင်ပေ။ အစောပိုင်း အပြုအမူများနှင့် ယခုအကြိမ် လုယက်မှုသည် မည်သို့သောသူကို မဆို သေခြင်းဖြင့်၊ လွတ်မြောက်ခွင့် ပေးရန် ဆန္ဒရှိပုံ မရကာ၊ လင်းယွန်အား လက်ရဖမ်းဆီးရန်အတွက် ပြင်းထန်သော ဒဏ်ရာများရအောင်သာ တိုက်ခိုက်ပေလိမ့်မည်ဟု၊ လင်းယွန်က တစ်ထစ်ချယုံကြည်ထားမိသည်။ ထို့ကြောင့်ပင် ၎င်းယုံကြည်ချက်အတွက် သူ့အသက်အား လောင်းကြေးထပ်ကာ၊ ကစားပွဲကို ဆက်သွားခဲ့မိခြင်း ဖြစ်သည်။

နောက်ဆုံးတော့ သူမျှော်လင့်ထားတဲ့အတိုင်း ဖြစ်သွားကာ၊ စီနီယာဝမ်၏တိုက်ခိုက်မှုသည် ပခုံးရိုးအားကျိုးကြေစေခဲ့သော်လည်း အသက်ရှင်ရန် လုံလောက်နေသေးပေ၏။

စီနီယာဝမ်မှာ လင်းယွန်၏ရယ်မောသံကြောင့် မျက်မှောင်ကြုပ် လိုက်သည်။ သူက လင်းယွန်၏ ထိုသို့သော အတွေးမျိုးကို မသိရှိခဲ့သည်ဖြစ်ရာ၊ ဤလင်းယွန်သည် ရူးသွပ်သွားခဲ့ပြီလားဟုပင် မှတ်ထင်လိုက်မိသည်။ ဆုတ်ခွာရန် လမ်းကြောင်း မရှိအောင် သိုင်းသမား လူအုပ်ကြီးက လင်းယွန်ကို ဝိုင်းထားဆဲ ဖြစ်သည်။ ထို့ကြောင့် ၎င်းလင်းယွန်သည် စီနီယာဝမ်၏ လက်သီးဖြင့် ထိုးနှက်မှုအား ခုခံကာကွယ် နိုင်ခဲ့သော် ငြားလည်း၊ လွတ်မြောက် ဖို့ရန် လမ်းစမရှိပေ။ နောက်ဆုံးတွင်၊ ဤလင်းယွန်သည် သွေးလင်းတ ကဲ့သို့ လူတိုင်း၏ တိုက်ခိုက်မှုကို မည်သို့မျှ လက်ခံကာကွယ် ရင်ဆိုင်နိုင်မည် မဟုတ်ပေ။

သို့သော် ရုတ်တရက် လင်းယွန်သက နောက်လှည့်ကာ၊ မီးတောင်ဝအတွင်းသို့ ပြေးဝင် ခုန်ချလိုက် လေသည်။

'' ........ဝှစ် ''

၎င်းသည် လျင်မြန်လွန်း လှပြီး အသက်တရှိုက် စာတွင်း ဖြစ်ပွားခဲ့ကာ၊ ဝန်းရံနေသော လူအုပ်ကြီးကို အံသြသွားစေလျက်၊ မီးတောင်အတွင်းသို့ ခုန်ဆင်းသွားသော လင်းယွန်အား မည်သူမျှ တားဆီးရန် သတိမရ လိုက်ကြပေ။

'' သူ့ကိုတား ထား စမ်း........ ''

'' ခွေးကောင်.......ရပ်စမ်း ''

ခဏအကြာတွင် ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးသည် ရုတ်တရက် သတိရသွားပြီး၊ မျက်လုံးများဘပြူးလျက် အော်ဟစ် ဟန့်တား လာကြသော်လည်း၊ လင်းယွန်၏ လှောင်ပြောင် ရယ်မော သံကိုသာ ကြားလိုက် ရတော့၏။

ထိုခွေးကောင်သည် သူ၏ သေခြင်းတရားကို ရွေးချယ်ခဲ့သည် သာမက၊ အဋ္ဌမအဆင့် မီးလျှံ အမြုတေကိုပင် သူနှင့်အတူ ယူဆောင်သွား ခဲ့လေပြီ။ ၎င်းမီးလျှံအမြုတေသည် နှစ်ပေါင်းရှစ်ရာအတွင်း တစ်ကြိမ်သာ ပေါ်ပေါက်လာသော ရှားပါးရတနာတစ်ပါး ဖြစ်ပေသည်။ ထို့ကြောင့် လူအုပ်ကြီးမှာ မီးတောင်ဝ ဆီသို့ အရူးအမူး ပြေးဝင် လာမိကြသော်လည်း၊ လင်းယွန်အား တားဆီးလိုက်နိုင်ခြင်းမရှိတော့ချေ။ လင်းယွန်သည် မီးလျှံချော်ရည်များထဲသို့ ခုန်ဆင်းသွားပြီ ဖြစ်သည်။

'' သောက် ပဲ ဟေ့...... ''

" ခွေးကောင်..... ငါတို့ရဲ့ ရတနာလေး..... ''

" ဒီလူယုတ်မာဆီမှာ အဆင့်မြင့်မီးလျှံကျောက်တုံးတွေရှိနေတာမလား..... ''

'' ဒီလိုသာဆိုရင် ငါ သူ့ကို အရင်သတ်ပစ်လိုက်ပါတယ်..... ''

သို့သော် ယင်းနှင့်ပတ်သက်ကာ မည်မျှပင် ကျိန်ဆဲနေပါစေ၊ မီးတောင်အတွင်းသို့ မည်သူကမျှ ခုန်ချရန်မဝံ့နိူင်။

ကျန်းယွီသည် ချော်ရည်မီးလျှံများ ငြိမ်သက်သွားသည်ကြောင့်၊ မီးတောင်ဝ အနီးသို့ ကပ်သွားကာ၊ လှုပ်ခါနေသော ချော်ရည်များကို ငုံ့ ကြည့်လိုက်ပြီး၊ မျက်မှောင်ကြုပ်လိုက်သည်။ ၎င်းချော်ရည်များသည် တလျှံလျှံညည်း တောက်လောင်နေကာ၊ အိုးတစ်လုံးအတွင်းရှိ ရေများ ပွက်ပွက်ဆူ နေသကဲ့သို့၊ မီးတောင်အတွင်း၌ ယိမ်းထိုးနေခဲ့လေသည်၊ ကျန်းယွီက မီးတောင်ဝတွင် ရပ်လျက် ဖြစ်ပျက်သွားသည်များကို မယုံနိုင် သေးပေ။

ဤအခိုက်အတန့်၌ပင် လင်းယွန်၏ စကားများသည် သူ့နားထဲတွင် ပဲ့တင်ထပ်နေခဲ့၏။

'' ...........ဟိတ်... ''

လူအုပ်ကြီးသည် လင်းယွန်ကို ကျိန်ဆဲနေကြစဉ်၊ ရုတ်တရက် စီနီယာဝမ်သည် ချော်ရည်ထဲသို့ လိုက်ပါခုန်ဆင်းသွားသည်။

" အဲ့ဒါ စီနီယာဝမ်ပဲ......."

အဘိုးအိုသည် တုံ့ဆိုင်းစွာဖြင့် လင်းယွန်နောက်သို့ လိုက်သွားခဲ့၏။ လင်းယွန်၏ လှောင်ပြောင်ရယ်မောသံသည် သူ့အား များစွာအရှက်ရစေသည် မဟုတ်ပါလော။

ထိုမြင်ကွင်းသည် လူအုပ်ကြီးအား မျက်နှာအမူအရာများ ပြောင်းလဲသွားစေသည်။ တနည်းအားဖြင့် ဆိုရသော် လင်းယွန်သည် သူခုန်ချစဉ်မှာပင်၊ မီးလောင်ပြာကျ သွားမည် ဖြစ်ရာ၊ သူနှင့်အတူ ယူဆောင်သွားသော အဋ္ဌမအဆင့်မီးလျှံ ကျောက်တုံးသည်၊ ပူပြင်းသော ချော်ရည်များထဲသို့ ကျရောက်သွားလိမ့်မည် မဟုတ်ပေ။ ကံကောင်းပါက မီးတောင်ဝအနီး ကမ်းပါးများ ပေါ်တွင်၊ ပြုတ်ကျတင်ကျန်ရစ် နိုင်ပေမည်။

ထို့ကြောင့် သူတို့သည် မီးတောင်ဝထဲသို့ ခုန်ဆင်း ရှာဖွေနိုင်ပါက၊ ရတနာကို ရရှိရန် အခွင့်အရေး ရှိကောင်းရှိနိုင်၏။ သို့သော်လည်း ၎င်းတို့သည် အန္တရာယ်ကို ရင်ဆိုင် စွန့်စားရန် အထိ ပြတ်ပြတ်သားသား မရှိခဲ့ပေ။ အဆုံးတွင်၊ သူတို့သည် မီးတောင်ဝမှဝေးရာသို့ ရွေ့ပြောင်းရာ၌၊ ယင်းတို့၏ ခြေထောက်များကို ကူကယ်ရာမဲ့ဟန်ဖြင့်၊ လေးကန်စွာ လျှောက်လှမ်းလိုက်ကြသည်။

မီးတောင်ဝရှိဖိအားသည် ဤလူအုပ်ကြီးအတွက် အလွန်သိပ်သည်းနေဆဲဖြစ်ရာ၊ ၎င်းတို့သည် ထိုဖိအား၏ အဝေးသို့ ထွက်ခွာရန် လိုအပ်နေ ခဲ့လေသည်။

'' ဘာပဲဖြစ်ဖြစ် ဒီကောင်လေးက ကြောက်စရာ ကောင်းလွန်းတယ်၊ သူ့အရွယ်နဲ့ မပြည့်စုံတဲ့ ဓားရည်ရွယ်ချက်ကို ဆုပ်ကိုင်ထားနိုင်တယ်၊ မီးလျှံနတ်ဆိုးခန္ဓာကိုယ်နဲ့ပါ ပေါင်းစပ် လိုက်ရင်၊ မဟာချင်အင်ပါယာအနှံ့ သေချာပေါက် ကျော်ကြားလာလိမ့်မယ်။ ''

'' အခုတော့ အဲဒါကို ပြောစရာအကြောင်း မရှိတော့ဖူး မဟုတ်လား ..... ဒီခွေးကောင်က ကောက်ကျစ် လွန်းပါတယ် ''

ကျန်းယွီသည် အနီးနားရှိ ဆွေးနွေးမှုများကို ကြားသောအခါတွင်၊ ခေါင်းယမ်းလိုက်မိသည်။ လင်းယွန် သေဆုံး သွားလိမ့်မည် ဆိုသည်အား သူက မယုံနိုင်သေးပေ။ လင်းယွင်၏ စကားများက သူ့စိတ်ထဲတွင် ပဲ့တင်ထပ်နေသည်။

'' မင်းပြောတာက မှန်ကောင်း မှန်နိုင်ပါတယ် ညီငယ်လင်း၊ ဒါပေမယ့် မင်းအသက်ကို တကယ်စွန့်ဖို့ အထိ လိုရဲ့လား။"

ကျန်းယွီက သက်ပြင်းချ လိုက်သည်။ ရုတ်တရက် လှုပ်ရှားမှု အချို့ကြောင့် မျှော်လင့်ချက် ကြီးစွာဖြင့် ခေါင်းမော့ကြည့်လိုက် လေသည်။

'' ..........ဝှစ် ''

မီးတောင်အတွင်းမှ လူရိပ်တစ်ရိပ်ပြန်လည် ခုန်ထွက်လာ၏။ ထိုလူရိပ်သည် စီနီယာဝမ်ဖြစ်ပြီး၊ ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံးမှာ ရဲရဲနီလျက်၊ အချို့သော နေရာများတွင် မီးလောင်ထားဟန်ဖြင့်၊ ညှော်နံများ တလူလူ ပျံ့ထွက်နေလေသည်။ သူ၏ အသွင်အပြင်အရ ၎င်းသည် အဋ္ဌမအဆင့် မီးလျှံအမြုတေကို ရရှိခဲ့ပုံ မရချေ။

တနည်းအားဖြင့်ဆိုရသော် သူတို့အများစု မျှော်လင့်ထားသကဲ့သို့ ရှန်ရှင်း သတ္တမအဆင့် သိုင်းသမားသည်ပင်လျှင် မီးတောင် အတွင်း၌ အကြာကြီး မနေဝံ့ပေ။

နက်နဲနယ်ပယ် သိုင်းသမားများသည်သာ ဤနေရာတွင် ရှိနေပါက ပို၍ သာလွန် ကောင်းမွန် နိုင်သော်လည်း၊ အပူရှိန်အား တောင့်ခံရန် အတွက် အချိန် အလုံအလောက်မရ လျှင်ပင် ၎င်းတို့သည်လည်း မည်သို့မျှလုပ်ဆောင်နိုင်မည် မဟုတ်ပေ။

အခြားတစ်ဖက်တွင် လင်းယွန်မှာ သေးဆုံးခြင်း မရှိခဲ့ပေ။ သူက မြေမီးတောက်၏ မီးလျှံသွေးကြောတွင် ကျင့်ကြံထားဖူးသည် ဖြစ်ရာ၊ ချော်ရည်ထဲသို့ အလွန်နက်ရှိုင်းစွာ စွန့်စား သွားလာခြင်း မရှိသရွေ့၊ ၎င်းချော်ရည် မီးလျှံများသည် သူ့အသက်အား ခြိမ်းခြောက်နိုင်မည် မဟုတ်ပေ။

သို့သော် ထိုသို့ ရှင်သန်ရန် အတွက်မူ၊ ခရမ်းရောင်ရေခဲစာကလေးသည် ၎င်း၏ အတောင်ပံများအား ခတ်လျက်၊ လင်းယွန်အား ချော်ရည်များ၏ မြင့်မားသော အပူချိန်များမှ ကာကွယ်ပေး ထားရသည်။ ထိုအကာအကွယ် အောက်တွင် သေဆုံးသွားခြင် းမရှိသော်လည်း၊ လင်းယွန်သည် ပင်ပန်းနွမ်းနယ်မှုကြောင့် မျက်ခွံများကို ဖွင့်ဖို့ရန်အတွက် အနိုင်နိုင် ရုန်းကန်နေ ခဲ့ရ၏။

ဒဏ်ရာများသည် မည်မျှပင် ပြင်းထန်စေကာမူ၊ အကန့်အသတ်တစ်ခုအထိ ရောက်ရှိသွားပါက၊ သေဆုံးနိုင်ခြင်း မရှိသည့် အခြေအနေ၌၊ သတိလစ်သွားမည် ဖြစ်သည်။ သတိလစ် မေ့မျော သွားပြီးနောက် နှလုံးသားသည် ခန္ဓာကိုယ်တစ်ခုလုံးအား ထိန်းချုပ်လျက် ၊အသက်ရှူခြင်းဖြင့် လိုအပ်သော၊ ခန္ဓာကိုယ်အတွက် စွမ်းအင်များကို မွှေးညှင်းပေါက်များ မှတဆင့်၊ စုပ်ယူပေမည်။ ၎င်းသည် ရှန်ရှင်းဘုံကို ရောက်ရှိပြီးနောက်၊ ရှန်ရှင်းသိုင်းသမားများ၏ ခန္ဓာကိုယ်မှ အလိုအလျောက် တုန့်ပြန်လာသော ဖြစ်စဉ် တစ်ခု ဖြစ်ကာ၊ ရှန်ရှင်းဘုံ၌ အသက်ရှည်ရခြင်း၏ သော့ချက်လည်း ဖြစ်ပေသည်။

ထို့အပြင် လင်းယွန်သည် မီးလျှံနတ်ဆိုးခန္ဓာကိုယ်အား ဖွဲ့တည်ပြီးနောက်တွင်၊ သူ့ခန္ဓာကိုယ်၏ ပြန်လည်သက်သာ ကောင်းမွန်နိုင်နှုန်းမှာ၊ ( 50-60% )အထိ ပိုမို မြင့်မား လာခဲ့သည်။ ထို့ကြောင့် လင်းယွန်သည် သူ့စိတ်အား လွှတ်ချလိုက်ရာ၊ အသိစိတ်များ တဖြည်းဖြည်း လွင့်မျော သွားပြီးနောက်၊ မီးတောင်အတွင်း၌ အိပ်ပျော်သွား လေတော့သည်။

ရက်အနည်းငယ်ကြာပြီးနောက် သတိပြန်လည် လာသော အခါတွင် သူ၏ ဝိညာဉ်စွမ်းအင်မှာ မူလ ပမာဏသို့ပြန်လည် ရရှိလာပြီး၊ ဒဏ်ရာများ သည်လည်း (100)%အထိ ပြန်လည်ကောင်းမွန်နေခဲ့သည်။

ရုတ်တရက် လင်းယွန်၏အတွေးသည် လွန်ခဲ့သောရက်ပိုင်းက တိုက်ပွဲထံသို့ပြန်လည် ရောက်ရှိသွားခဲ့ သည်။ အဋ္ဌမအဆင့်မီးလျှံ အမြုတေကို ဖမ်းယူရန် ပြေးထွက်သွား စဉ်ကပင်၊ စီနီယာဝမ်သည် သူ့နောက်သို့ လိုက်လာ လိမ့်မည်ဟု သူက ခန့်မှန်းထားပြီးပြီ ဖြစ်သည်။

ထို့ကြောင့် သူသည် မီးလျှံအမြုတေကို လိုချင်ပါက၊ ၎င်းအဖိုးဘိုးနှင့် တိုက်ခိုက်ရမည်ဟု ခန့်မှန်းထားသည်။ သူ့အား ကံကောင်းစေသည်မှာ ထိုအဘိုးအိုသည် မီးလျှံအတားအဆီးကြောင့် လွင့်စင်ဒဏ်ရာရရှိသွားခဲ့ခြင်းပင်။ အကယ်၍သာ အဘိုးအိုသည် ရိုင်းစိုင်းသော နဂါးလက်သီး၏ ခွန်အား အပြည့်အဝကို ထုတ်ဖော်နိုင်ခဲ့ပါက၊ အသက်ရှင်နိုင်လိမ့်မည်ဟု ယုံကြည်နေမိမည် မဟုတ်ပေ။

" ဘယ်လောက်တောင် သန့်စင်လိုက်တဲ့ မီးစွမ်းအင်များလဲ "

လင်းယွန်သည် အသက်ဓါတ်များ ပြည့်နှက်နေသော မီးလျှံအမြုတေကို တောက်ပစွာ စိုက်ကြည့်လိုက်သည်။ ပဉ္စမအဆင့်မီးလျှံ အမြုတေနှင့် နှိုင်းယှဉ်ပါက၊ ဤအရာသည် စစ်မှန်သော အမြုတေ တစ်ခုပင်။ ထို့ထက်ပို၍ သန့်စင်သွားလျှင်၊ ၎င်းတို့သည် စိတ်ဝိညာဉ် အသိကို ပိုင်ဆိုင်သွားကာ၊ သဘာဝသက်ရှိ တစ်ကောင်အဖြစ်သို့ ပြောင်းလဲ မွေးဖွား လာမည်။

အဋ္ဌမအဆင့် မီးလျှံ အမြုတေသည် လင်းယွန်အား အဆင့်မြင့်နတ်ဆိုးတစ်ပါး၏ ခန္ဓာကိုယ်ကဲ့သို့ ဖွဲ့တည်နိုင်စေမည်။ ပြီးပြည့်စုံသော မီးလျှံနတ်ဆိုးခန္ဓာကိုယ် အတွက်မူ၊ ၎င်းကို စိတ်ကူးသာ ယဉ်နိုင်ပေသည်။ ပြီးပြည့်စုံသော မီးလျှံအမြုတေသည် နတ်ဘုရားအဆင့် ရတနာတစ်ခုနှင့် ညီမျှသည် မဟုတ်ပါလော။

" ကောင်းပြီ၊ မိုးကြိုးခန္ဓာကျင့်ကြံခြင်းနည်းစနစ်ရဲ့ မီးလျှံနတ်ဆိုးခန္ဓာကိုယ်ကို သန့်စင်နိုင်ဖို့၊ အလျင်လိုစရာ မရှိပါဘူး၊ ငါ မထွက်မချင်း စောင့်နိုင်တယ်"

မီးတောင်ဝအတွင်းမှ ထွက်ခွာရန်အတွက် လင်းယွန်း၌ နည်းလမ်းတစ်လမ်း ရှိပေသည်။ ၎င်းနည်းလမ်းသည် နောက်တစ်ကြိမ် မီးတောင်ပေါက်ကွဲခြင်း နှင့်အတူ ရောက်ရှိလာမည် ဖြစ်သည်။ သို့မဟုတ်ပါလျှင် ယခုအချိန်၌ ထွက်သွားရန် ကြိုးစားမိပါက၊ အလွန်ပင် အန္တရာယ်များလှပေလိမ့်မည်။

ထို့ကြောင့် လင်းယွန်သည် အဋ္ဌမအဆင့်မီးလျှံ အမြုတေကို ပြန်လည်သိမ်းယူလိုက်ပြီး၊ တတိယအဆင့်မီးလျှံ အမြုတေအား ထုတ်ယူလိုက်ကာ၊ ကျင့်ကြံရန် ပြင်ဆင်လိုက်သည်။ ၎င်းသည် ယန်သန့်စင်ခြင်းနည်းစနစ်အား နောက်ဆုံးအဆင့်သို့ရောက်အောင် ကူညီပေးနိုင်ပေလိမ့်မည်။

'' ဝှစ်......''

တစ်ဆက်တည်းမှာပင်၊ မီးလျှံကျောက်တုံးအတွင်းရှိ သန့်စင်သောမီးစွမ်းအင်များသည် ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်လာပြီး၊ သူ၏ သွေးကြောများမှတဆင့် ခန္ဓာကိုယ်အနှံသို့ ဖြတ်သန်းသွားသည်။ တစ်ချိန်တည်းမှာပင်၊ သူ၏ ဒါန်တမ်အတွင်းရှိ စွမ်းအင်အစိုင်အခဲသည် မီးစွမ်းအင်ကို လောဘကြီးစွာ စုပ်ယူလိုက်၏။ မူလဝိညာဉ် အဆီအနှစ်များနှင့် နှိုင်းယှဉ်ပါက မီးလျှံအမြုတေမှာ ယန်သန့်စင်ခြင်း နည်းစနစ်အား ပိုမိုအထောက်အကူ ဖြစ်စေသည်။ နှလုံးသားအတွင်း၌ ပီတိ လှိုင်းငယ်အချို့ကို ခံစားလိုက်ရ ချိန်တွင်၊ သူ့ခန္ဓာကိုယ် အတွင်းရှိ ဆဲလ်တစ်ခုစီတိုင်းသည် ဤအခိုက်အတန့်အား ဝမ်းမြောက်စွာ ခံစားနေလေသည်။

" ......ဒီစွမ်းအင်က သန့်စင်လွန်းလိုက်တာ၊ ဒါ့ကြောင့်လည်း မီးစွမ်းအင် ကျင့်ကြံသူ တွေက ကောင်းကင်မီးလျှံ တောင်ထိပ်မှာ အသက်စွန့်ဝံ့တာ အံ့ဩစရာ မဟုတ်ဖူးပဲ......"

တစ်လခွဲခန့်ကြာပြီးနောက် လင်းယွန်သည် ပဉ္စမအဆင့် မီးလျှံ ကျောက်တုံးကို ထပ်မံသန့်စင်လိုက်၏။

ထို့နောက်တွင် ရွှေရောင်မီးတောက်များသည် သူ့ခန္ဓာကိုယ်အနှံ့ တောက်လျှောက် တောက်လောင်သွားပြီး၊ သူ၏ရောင်ဝါမှာ ရုတ်ခြည်း ကြီးထွားလာသည်။

တစ်ဆက်တည်းမှာပင် ရွှေရောင်မီးတောက်များသည် တစ်စနှင့်တစ်စ အဆက်မပြတ်တိုးတိုက်မိကာ ပေါင်းစပ်သွား၏။ အဆုံးတွင်၊ ၎င်းသည် သူ၏ဒါန်တမ်အတွင်း၌ သေးငယ်သော နေတစ်စင်းကဲ့သို့ ရွှေရောင်မုန်တိုင်း တစ်ခု သဏ္ဍာန် ဖြစ်ပေါ်လာခဲ့သည်။ နောက်ဆုံး၌ ဒါန်တမ်အတွင်းရှိ စွမ်းအင်အစိုင်ခဲသည် ရွှေဝါရောင်များ တောက်ပလာပြီး၊ မီးစွမ်းအင်များကို အရူးအမူး စတင်သိုလှောင် နေစဉ်မှာပင်၊ ထိုစွမ်းအင်များကို ထိန်းကျောင်းနေခဲ့သော တစ်စုံတစ်ရာသည် အတားအဆီး တစ်ခုအား၊ တွန်းပွင့်ခံ လိုက်ရ သကဲ့သို့ ခပ်တိုးတိုး အော်မြည်သံ ပြုကာ၊ ရွှေဝါရောင် အလင်းလွှာကို ဟုန်းခနဲ တောက်ပစေလျက်၊ စွမ်းအင် စီးဆင်စေမှုအား ပို၍ ချောမွေ့ မြန်ဆန်လာ စေခဲ့သည်။

၎င်းသည် ယန်စွမ်းအင်သန့်စင်ခြင်းနည်းစနစ်အား အောင်မြင်စွာ ကျင့်ကြံနိုင်ခြင်း မည်၏။ ယခုအချိန်၌ လင်းယွန်သာ အလိုရှိခဲ့ပါက၊ အသက်တစ်ရှိုက်စာ၏ ဆယ်ပုံတစ်ပုံ ကာလအတွင်း ဝိညာဉ်စွမ်းအင်များကို ထုတ်ယူသုံးစွဲနိုင် ပေတော့မည်။ ဤသို့သော အခြေအနေသည် သေရှင်တိုက်ပွဲများ ရင်ဆိုင်ရာ၌ များစွာ အထောက်အကူ ရရှိစေ၏။

လင်းယွန်သည် သူ့၏ မျက်ဝန်းများကို ဖွင့်လိုက်သည်နှင့် တောက်ပသောကြယ်တာများကဲ့သို့ အလင်းရောင်အချို့ လင်းလက်သွားလေသည်။ သူ့သွေးများအတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော ရွှေရောင်စွမ်းအင်များ ရုန်းကြွ စီးဆင်းနေသည်ကို အာရုံခံလိုက်မိပြီးနောက်၊ စိတ်လှုပ်ရှားသွား၏။ ဤအခိုက်အတန့်တွင်၊ ကိုယ်ခန္ဓာအတွင်း၌ ဖြတ်သန်းစီးဆင်းနေသော ဝိညာဉ်စွမ်းအင်များ၏ သိပ်သည်းဆမှာ သူ့ကိုယ်သူပင် ပြန်လည် ထိတ်လန့် သွားစေသည်။

'' ဘယ်လောက်တောင် သိပ်သည်းလိုက်တဲ့ စွမ်းအင်တွေလဲ....... ''

ယန်သန့်စင်ခြင်း နည်းစနစ်ကို ပြီးမြောက် ပြီးနောက်တွင် သူ့ခန္ဓာကိုယ် အတွင်းရှိ ဝိညာဉ်စွမ်းအင်များမှာ (၅၀)ရာခိုင်နှုန်းအထိ ပိုမိုသန့်စင်လာရာ၊ ၎င်းသည် ဝိညာဉ်စွမ်းအင်များအား ပို၍ သိပ်သည်း ကျစ်လစ်သွား စေသည်။ တနည်းအားဖြင့် ဆိုရသော် လင်းယွန်၏ ဝိညာဉ်စွမ်းအင်တစ်ယူနစ်၏ သိပ်သည်းဆမှာ အခြားသော ကျင့်ကြံသူများ၏ ဝိညာဉ်စွမ်းအင် ငါးယူနစ်နှင့် ညီမျှ ပေသည်။

( တစ်ယူနစ်= သေးငယ်သောပမာဏ၊ မြူမှုန်သို့မဟုတ်၊ အဏုမြူတစ်မှုန်ခန့်သော ပမာဏကို ဆိုလိုခြင်းသာ ဖြစ်သည်။ )

ထို့အပြင် ယန်သန့်စင်ခြင်းနည်းစနစ်သည် ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များထံမှ အညစ်အကြေးများကို သန့်စင်ဖယ်ရှားပေးပြီးနောက်၊ ပြင်ပ းစွမ်းအင်များကို အလိုအလျောက်၊ စုပ်ယူစုဆောင်း သန့်စင်ပေးခြင်း ဖြစ်သည်။ ၎င်းသည် တိုက်ခိုက်ရေး နည်းစနစ်များ ကဲ့သို့ နားလည်မှု မြင့်မားရန် မလိုအပ်လှသော်လည်း၊ ထိုနည်းစနစ်ကို အဆုံးထိ ဆုပ်ကိုင် ကျင့်ကြံ လိုပါက၊ လုံလောက်သည့် စွမ်းအင် ပမာဏများအား ထောက်ပံ့ပေးရန်လိုအပ်ပေသည်။ ထို့နောက်တွင် ၎င်းနည်းစနစ်သည် ကျင့်ကြံသူ၏ စွမ်းအင်များကို သန့်စင်စေပြီးနောက်၊ အလိုရှိသည့် အကြိမ်တိုင်းတွင် လျင်မြန်စွာ ထုတ်ယူ နိုင်ပေတော့၏။

ယခုအချိန်၌ သူ၏ ဝိညာဉ်စွမ်းအင်သည် မည်မျှ အစွမ်း ထက်လာသည်ကို သိမြင်ချင်ခဲ့သည်။ ထို့ကြောင့်လင်းယွန်က မီးတောင်ဝ အတွင်းမှ ခုန်ထွက်ကာ တိုက်ပွဲများ ဆင်နွှဲလို ခဲ့ပေသည်။

သို့သော် ၎င်းသည် မိုက်မဲမှုတစ်ခုသာ ဖြစ်ပြီး၊ ရှန်ရှင်းသတ္တမအဆင့် သိုင်းသမားတစ်ဦးကို အနိုင်ယူရန် သူ့၌ အလားအလာ မရှိချေ။

အများအားဖြင့် သူသည် ရှန်ရှင်ပဉ္စမအဆင့် သိုင်းသမားများကိုသာ အလွယ်တကူ ရင်ဆိုင်နိုင်မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်၊ မီးလျှံနတ်ဆိုး ခန္ဓာကိုယ်သည် ကောင်းကင်မီးလျှံ တောင်ထိပ်၌ တိုက်ပွဲဝင်ရာတွင် အားသာချက် တစ်ခု ဖြစ်နေခဲ့သောကြောင့်ပင်။

လင်းယွန်သည် စိတ်လှုပ်ရှားမှုကို မျိုသိပ် လိုက်ပြီးနောက်၊ ကောင်းကင်မီးလျှံ တောင်ထိပ်၏ ထပ်မံပေါက်ကွဲမည့်အချိန်အား ငြိမ်သက်စွာ စောင့်ဆိုင်းနေခဲ့ မိလေသည်။

***

All Chapters