သက်တံရောင် နန်းဆောင် ဂိုဏ်း၏ လူငယ် သခင်။
Vol. 9 Ch. 122
ကျောက် ဂူအတွင်းပိုင်းသည် အနည်းငယ် ကျယ်ဝန်း လှပြီး၊ လင်းယွန်က နဂါးသွေး မြင်းကို မတွေ့ ရှိမီ၊ မျောက်ဝိုင်များဖြင့် ပြည့်နေသော ရေကန် တစ်ကန်အား တွေ့ရှိ လိုက်သည်။
နဂါးသွေးမြင်းသည် ၎င်းရေကန် ဘေးတွင် ရပ်ကာ မျောက်ဝိုင်ကို တစ်ငုံပြီး တစ်ငုံ သောက်ယူနေ၏။ အခြားတစ်ဖက် တွင်မူ မျောက်ဘုရင်သည် ကျောက်ကမူ တစ်ခုပေါ်၌ ရှုံ့မဲ့ ရှုံ့မဲ့ဖြင့် ခေါင်းကုတ်နေခဲ့လေပြီ။
လင်းယွန်ကြောင့် ဒါဏ်ရာရခဲ့ပြီးနောက် ယင်းမျောက်ဘုရင်သည် နဂါးသွေးမြင်းကို မတိုက်ခိုက်ဝံ့တော့ချေ။ အဆုံးတွင်၊ ၎င်းသည် နဂါးသွေးမြင်းအား ကျောက်တုံးများ ဖြင့်သာ ပစ်ပေါက် နိုင်ပေတော့၏။
'' .......ဝှစ် ''
ရုတ်တရက် ကျောက်တုံးများ ပျံဝဲလာခြင်းကြောင့်၊ နဂါးသွေးမြင်းသည် ထိတ်လန့်သွားသော်ငြားလည်း၊ မျောက်ဘုရင်၏ မချိမခံသာ အမူအယာများအား တွေ့မြင်လိုက်သည်နှင့်၊ ရယ်မောလိုက်ရာ၊ ကျိုးနေသော သွားများကြောင့် ယင်းမျောက်ဘုရင်အား ပို၍ ဒေါသ ထွက်လာ စေသော်လည်း၊ သူ့၏ ရင်ဘတ်ကို ထုနှက်ရုံ မှတပါး အခြားမရှိခဲ့ပေ။
'' ဝှစ်..... ဝှစ် ဝှစ် '''
ကျောက်ခဲများဖြင့်သာ ဆက်လက် ပစ်ပေါက်နိုင်ခဲ့ပြီး၊ ဤအကြိမ်၌ နဂါးသွေးမြင်းသည် ၎င်းတို့ကို အလွယ်တကူ ရှောင်တိမ်းကာ၊ မျောက်ဝိုင်များကို ဆက်လက် စုပ်ယူလိုက်သည်။ ယင်းမြင်းမိုက်မှာ စိတ်အေးလက်အေးရှိလှပြီး၊ မျောက်ဝိုင်အား တစ်ငုံ စုပ်ယူ ပြီးသည့် အခါတိုင်းတွင် မျောက်ဘုရင်အား ညစ်ကျယ်ကျယ် ပြုံးရယ်ပြ ပြန်၏။
ဤမြင်ကွင်းကြောင့် လင်းယွန်၏ မျက်နှာပေါ်၌ အပြုံးတပွင့် ဆင်မြန်းလျက်၊ '' ဒါက မျောက်ဝိုင်ပဲပေါ့ '' ဟု ရေရွတ် လိုက်မိလေသည်။
ဒဏ္ဍာရီများအရ မျောက်ဝိုင်များကို ရှေးဟောင်း မျောက်ဝံ မျိုးနွယ်စုဝင် များမှ ချက်လုပ်ကြခြင်း ဖြစ်ပေသည်။ အသီးအနှံမျိုးစုံဖြင့် ပြုလုပ်ထားပြီး၊ အရသာနှင့် ရနံ့များကြောင့် နာမည်ကြီးလှ၏။ ထို့အပြင် ကျင့်ကြံသူများ အတွက်လည်း အကျိုးရှိကာ၊ ၎င်းသည် ဝိုင်ချစ်သူများ ကြားတွင် ရှားပါးလှသော ရတနာတစ်ပါး ဖြစ်ခဲ့လေသည်။
ဒိအပြင် ဤသို့သော မျောက်ဝိုင်မျိုးကို မျောက်မျိုးနွယ်စု များသာလျှင် ပြုလုပ်နိုင်ပြီး၊ လူသား ဝိုင်ချစ်သူများက မည်မျှပင် သင်ယူ လေ့လာ စေကာမူ၊ ၎င်းဝိုင်အား တုပ မချက်လုပ် နိုင်ချေ။ ပို၍ အရေးကြီးသည်မှာ မျောက်မျိုးနွယ်စုတိုင်းသည် ၎င်းချက်နည်းကို မသိနိုင်ကြပဲ၊ ဘိုးဘေးမှတ်ဉာဏ် နိုးကြားလာသော မျောက်ဘုရင်များ သာလျှင် ချက်လုပ်နိုင်ပေ၏။ သို့ရာတွင်၊ မျောက်တိုင်းသည် ၎င်းတို့၏ သွေးတွင်း မှတ်ညာဏ်များ ပြန်လည် နှိုးထ ရန်မှာ ရှားပါး လှလေသည်။
မျောက်ဘုရင်က လင်းယွန် ကို မြင်လိုက်ရသောအခါ ထိတ်လန့်သွား၏။
လင်းယွန်က ပြန်လည် ပြုံးပြလိုက်သည်။ သူက မျောက်ဘုရင်သားရဲကို သတ်ရန် ရည်ရွယ်ချက် မရှိပေ။ မျောက်ဝိုင်ကို ချက်လုပ်နိုင်သည့် တစ်စုံတစ်ယောက်အား သတ်ပစ်ခြင်းသည် ဖြုန်းတီးရာ ရောက်ပေမည်။
တစ်ဖက်တွင်၊ နဂါးသွေးမြင်းသည် လင်းယွန်ရောက်ရှိ လာသည်ကို မသိခဲ့ပေ။ သူက လောဘတကြီး ဝိုင်အသောက်လွန်ကာ၊ မြေပြင်ပေါ်သို့ လဲကျသွား၏။
လင်းယွန်က ကျောက်ဂူအတွင်းအား လှည့်ပတ် ကြည့်လိုက်သောအခါ ကျောက်စိမ်းဝိုင်ခွက် အချို့အား တွေ့ရှိ လိုက်ရသည်။ ၎င်းခွက်များသည် လူသားကျင့်ကြံသူများထံမှ လုယက်ရရှိထား ပုံရ၏။
ထို့နောက်တွင် လင်းယွန်က ခွက်တစ်ခွက်ကို ကောက်ကိုင်လိုက်ပြီး ဝိုင်အချို့ကို ခပ်ယူကာ စမ်းသောက်လိုက်သည်။ ဝိုင်သည် လည်ပြွန်တစ်လျှောက် ပူရှိန်းစွာ စီးဝင်သွားကာ ခန္ဓာကိုယ်အား လန်းဆန်းသွား စေသည်။ ဝိုင်အား မျိုချလိုက်ပြီးသည့်တိုင် မွှေးရနံ့မှာ သူ့လျှာ ဖျား၌ စွဲကျန်နေခဲ့၏။ တမဟုတ်ချင်း ငါးခွက်မျှ သောက်ယူ ပြီးနောက်၊ ရုတ်တရက် ခေါင်းမူးသွားကာ၊ သူ့မျက်နှာ နီရဲလာသည်ကြောင့် အံသြသွားမိသည်။
တမဟုတ်ချင်းမှာပင် ယစ်မူးခြင်းသည် သူ့ခန္ဓာကိုယ်အား လွှမ်းခြုံသွားပြီး၊ ယင်းခံစားချက်မှာ ကောင်းကင်၌ လွင့်မျောနေ သကဲ့သို့ သုခစည်းစိမ်ကို ခံစားလိုက်ရ၏။
( ဝိုင်ဋီကာဖတ်ပြီး၊ အာခေါင်ပါ ခြောက်လာတယ် အဟီး)
" ဘယ်လောက်တောင် ပြင်းထန်လိုက်တဲ့ ခံစားချက်လဲ "
လင်းယွန်က ထိုသို့ ယစ်မူးမှုကို ရှင်းထုတ်ပစ်ဖို့ရန် ခေါင်းခါယမ်း လိုက်သော်လည်း၊ မူးဝေနေဆဲပင်။
'' ............ ဝူးရှ်။ ''
ရုတ်တရက်ပင် နွေးထွေးသော စွမ်းအင်များ ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်အနှံ့ စတင်လှည့်ပတ်လာသည်။ ဤအခိုက်အတန့်တွင် သူ၏ အရှိန်အဝါများမှာ မြင့်တက်လာကာ၊ ရှန်ရှင်း တတိယအဆင့် အတားအဆီးကို ဖြတ်ကျော်လျက်၊ စတုတ္ထအဆင့်သို့ ရောက်ရှိသွားလေပြီ။
" ငါ... အဆင့်တက်သွားတာလား "
ယင်းအဖြစ်အပျက်များကြောင့် လင်းယွန်က အံ့သြသွားခဲ့၏။ မျောက်ဝိုင်သည် ဤမျှ အံ့ဖွယ်ကောင်းသည့် အကျိုးသက်ရောက်မှု ရှိလိမ့်မည်ဟု မည်သည့် အချိန်ကမျှ မမျှော်လင့်ထားပေ။
သို့သော် မျောက်ဝိုင်သည် အဆင့်ချိုးဖြတ်ရာ၌ လွယ်ကူစေသော အဓိက အကြောင်းရင်းမဟုတ်ခဲ့ပေ။ မည်သူမဆို တိမ်နဂါးသစ်သီး သို့မဟုတ် အဆင့်ရှစ် မီးလျှံ အမြုတေကို သန့်စင်ရုံဖြင့်ပင် ၎င်းတို့သည် အောင်မြင်မှုများအား ဖန်တီးနိုင်မည် ဖြစ်သည်။
သို့သော်လည်း လင်းယွန်၏ နိမ့်ကျသောခန္ဓာကိုယ် တည်ဆောက်ပုံအရ အဆင့်တစ်ခုချိုးဖြတ်ရန်အတွက် ၎င်းတို့ နှစ်ခုစလုံးအား လိုအပ်ခဲ့ပေသည်။ သည့်အပြင် ၎င်းရတနာများသည်ပင် ရှန်ရှင်း စတုတ္ထအဆင့်သို့ ရောက်ရှိအောင် မတက်စွမ်းနိုင်ခဲ့ပဲ၊ မျောက်ဝိုင်၏ ထပ်မံ အားဖြည့်မှု ဖြင့်သာ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်၏။
" ဒီတော့ ...ခြေထောက်ကို သန့်စင်လိုက်ရအောင်"
သူ့ ခန္ဓာကိုယ်အတွင်းရှိ ခြောက်ထောင့်ကြယ်သည် တဖန် လင်းလက်လာပြီး၊ ယခုအခါတွင် လင်းယွန်က မျက်လုံး၊ နားနှင့် လက်တို့နှင့် သက်ဆိုင်သော ထောင့်များကို သန့်စင်ထားပြီးဖြစ်ရာ၊ ၎င်းကြယ်၏ ထောင့်သုံးထောင့်သည် အလင်းရောင်များ မှိန်ဖျော့နေခဲ့သည်။
နာရီဝက်အကြာတွင် လင်းယွန်က သူ့မျက်လုံးများကို ဖွင့်လိုက်ပြီး၊ တစ်စုံတစ်ရာအား ရုတ်တရက် သတိရသွား၏။ ယခုအချိန်၌ သူ၏ အသက်သည် ဆယ့်ခြောက် နှစ်ရှိပြီ ဖြစ်ကာ၊ လွန်ခဲ့သည့် လအနည်းငယ် အတွင်း၊ သေခြင်းနှင့် ရှင်ခြင်းကြား အကြိမ်ကြိမ်ဖြတ်သန်းပြီးနောက်၊ ရှန်ရှင်း စတုတ္ထအဆင့်သို့ ရောက်ရှိလာသည်။ နောက်ဆုံးတွင် မဟာဂိုဏ်းကြီး လေးဂိုဏ်း၏ အနိမ့်ဆုံးအဆင့်သတ်မှတ်ချက်အား ပြည့်မှီ သွားခဲ့ပေပြီ။
အဆုံး၌ ဆုစီယာ၏ ဒွါရခွန်နှစ်ပါးသန့်စင်ခြင်း ဆေးလုံးများသည် ဖြုန်းတီးရာ မရောက်ခဲ့ချေ။ ထိုဆေးလုံးများ၏ အကူအညီသာ မရရှိခဲ့ပါက၊ နိမ့်ကျသော ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ၊ ဟောင်းရှင်း အဆင့်တွင်သာ တစ်ဆို့ နေပေတော့မည်။
ယစ်မူးခြင်းများ ပျောက်ကွယ်သွားသော်ငြားလည်း၊ အရသာသည် စွဲမြဲခဲ့နေကာ၊ ယင်းဝိုင်သည် မည်မျှ ကောင်းလှသည်ကို အသိအမှတ် ပြုလိုက်ရ၏။
"မျောက်ဝိုင်က ဝိုင်းအားလုံးရဲ့ တကယ့်ဘုရင်တစ်ပါး ဆိုတာ ငြင်းမရပါလား..... "
လင်းယွန်က ပြုံးပြီး ဂူဝသို့ ပြန်လျှောက်သွားကာ၊ မျောက်ဝိုင် စဉ့်အိုးများကို သူ၏ သိုလှောင်အိတ် ထဲသို့ စတင်သိမ်းဆည်းတော့၏။ အိုးနှစ်ရာကျော်ကို သိမ်းဆည်းပြီးသည့်တိုင် လင်းယွန်၏ လောဘသည်ရပ်တန့်သွားခြင်း မရှိချေ။
သို့သော်မကြာမီ သူက မျောက်ဘုရင်အား သတိတရဖြင့် မျှော်ကြည့်လိုက်ကာ၊ သနားကြင်နာမှုများ ဝင်ရောက်လာခဲ့သည်။ ထို့ပြင် အချို့သော အရာများကို ချန်ထားခဲ့ခြင်းဖြင့်၊ အနာဂတ်တွင် ကံကောင်းသော သူများအတွက် ဆုလာဒ်များ အဖြစ် ရိတ်သိမ်းနိုင်စေမည် ဖြစ်သည်။
ထို့ကြောင့်ပင် ဝိုင်ကန်နားသို့ ပြန်လျှောက်သွားလိုက်ပြီး၊ နဂါးသွေးမြင်းအား ကြည့်လိုက်ရာ၊ ယင်းမြင်ကွင်းသည် လင်းယွန်အား မသက်မသာဖြင့်၊ ခေါင်းယမ်းလိုက်မိစေသည်။
နဂါးသွေးမြင်း၏ အစာအိမ်သည် အလွန်အကျွံ သောက်သုံး ထားခြင်းကြောင့် ရောင်ရမ်းလာကာ မည်မျှပင် ကြိုးစား နေခဲ့သော်လည်း ထမရပ် နိုင်တော့ပေ။
ဤမြင်းမိုက်သည် မျက်ရည်များ စီးကျလာပြီး၊ အော်ဟစ်ကာ၊ အားယူ ထရပ်နေသော မြင်ကွင်းကြောင့်၊ သနားစရာ ကောင်းနေပေ၏။ အခြားတစ်ဖက်တွင်မူ မျောက်ဘုရင်သည် ၎င်း၏ ရင်ဘက်အား ပုတ်လျက် နဂါးသွေးမြင်း၏ အဖြစ်ကို ကြည့်ပြီး၊ ဝမ်းသာအားရ ရယ်မောနေ တော့သည်။
နဂါးသွေးမြင်းက လင်းယွန်ကို မြင်သော အခါတွင်၊ ၎င်း၏ ဗိုက်သို့ ညွှန်ပြ လိုက်ပြီး၊ လင်းယွန်အား အကူအညီတောင်းသော မျက်လုံးများဖြင့် ကြည့်လိုက်လေသည်။
နဂါးသွေးမြင်းကို ကြည့်ကာ လင်းယွန်၏ နှုတ်ခမ်းများ တုန်လှုပ် သွားခဲ့သည်။ သူက ၎င်း၏ မျောက်ဝိုင်များကို ချေဖျက်ရန် နဂါးသွေးမြင်းပေါ်သို့ လက်ဖဝါးကို တင်လိုက်ရ၏။
လုပ်ငန်းစဉ်တစ်ခုလုံးသည် မိနစ်အနည်းငယ်မျှ ကြာမြင့်ခဲ့ကာ၊ နဂါးသွေးမြင်း၏ ဝမ်းဗိုက်သည် ပြန်လည် ပြေလျော့ ကောင်းမွန်လာပြီး၊ မတ်တတ်ထရပ် လာနိုင်ခဲ့သည်။ တစ်ဆက်တည်းမှာပင် ရလာဒ်အနေဖြင့်၊ ၎င်းမြင်းမိုက်ထံမှ ထွက်ပေါ်လာသော အရှိန်အဝါသည် ယခင်ကထက် ပိုမို သန့်စင် လာခဲ့လေပြီ။
" သွားကြရအောင် နဂါးလေး....."
လင်းယွန်က နဂါးသွေးမြင်းအား ပုတ်လျက်၊ လောဆော်လိုက်ကာ ဂူထဲမှ ထွက်ခွာလာ ခဲ့သည်။
အခြားတစ်ဖက်တွင် မျောက်ဘုရင်က ဘီလူးနှစ်ကောင် ထွက်သွားသည်ကို မြင်သောအခါတွင်၊ စိတ်လက် ပေါ့ပါးသွားပြီး ဝိုင်ကန်ဘေးသို့ ခုန်ချကာ၊ ဝိုင်များကို စတင်သောက်ယူလိုက်သည်။ မျောက်မျိုးနွယ်အတွက်၊ မျောက်ဝိုင်သည် ၎င်းတို့၏ ကျင့်ကြံမှု အတွက် သာမက ပြင်းထန်သော ဒဏ်ရာများကိုလည်း ကုသပေးရာ၌ အစွမ်းထက် လွန်းလှပေသည်။
လင်းယွန်သည် မျောက်ဝိုင်ကြောင့် ဖြစ်ပေါ်လာသော ခံစားချက် အဟုန်ဖြင့် ဂူအတွင်းမှ ထွက်ခွာလာခဲ့သည်။ သူ့ရင်ဘတ်တွင်း ဆီမှ ဖော်မပြနိုင်သော ကျေနပ်မှုသည် နွေးထွေးစွာ ထွက်ပေါ် လာလေသည်။
'' .......... ''
ထိုအချိန်တွင် နဂါးသွေးမြင်းက ရုတ်တရက် ပြန်လှည့်လိုက်ပြီး ဂူထဲသို့ ပြေးဝင်သွားရာ၊ ယခုတစ်ကြိမ်တွင် လင်းယွန်က ၎င်းကို ဂရုမစိုက်နိုင်တော့ပေ။ ဤမြင်းမိုက်သည် မျောက်ဘုရင်အား နောက်ပြောင်ချင်ကြောင်း သိရှိလိုက်သောကြောင့် ဖြစ်သည်။
နဂါးသွေးမြင်းက ဂူထဲသို့ တိတ်တဆိတ် ဝင်ရောက်လာပြီး၊ ဝိုင်ကို အရသာခံ သောက်နေသော မျောက်ဘုရင်ကို မြင်သည်နှင့် ရယ်မောပျော်ရွှင်လျက် ဝိုင်ကန်ထဲသို့ ခုန်ချလိုက် လေသည်။
မျောက်ဘုရင်က ဝိုင်အား မျက်စိမှိတ်ကာ စိတ်ချ လက်ချ သောက်သုံး နေစဉ် ဝိုင်၏ အရသာသည် အနည်းငယ် ပြောင်းလဲလာပြီး၊ ချဉ်စုပ်စုပ် ရနံ့များ ရရှိလာသည်ကြောင့် ချက်ချင်းပင်၊ မျက်မှောင်ကြုပ်လျက် ဝိုင်ကန်ထဲသို့ လှမ်းကြည့်လိုက်၏။ သူ့သက်တမ်းတစ်လျှောက် ဂုဏ်အယူရဆုံး ဝိုင်သည် ဤကဲ့သို့သော ရနံ့ဆိုးများနှင့် အရသာမျိုး တစ်ကြိမ်မျှ မဖြစ်ပေါ် လာခဲ့ဖူးချေ။
ထို့ကြောင့် သံသယများစွာဖြင့် ဝေ့ဝဲကြည့်လိုက်သောအခါတွင်၊ ဝိုင်ကန်၏ အစပ်နေရာ၌ နဂါးသွေးမြင်းသည် ပါးစပ်မှ ချဉ်စုတ်စုတ် အရည်များ စီးကျလာလျက်၊ ဝိုင်ကန်ထဲသို့ ဆင်းစိမ်နေလေသည်။ ယင်းမြင်ကွင်းကြောင့် မျောက်ဘုရင်မှာ အံသြသွားပြီး ဒေါသတကြီး ခုန်ပေါက်လိုက်၏။
'' ကွ...ကွိ ကွိ......''
( အယုတ်တမာကောင်..... )
'' ......ဟီး...ဟီး..... ''
( ဟား...ဟား ဟား)
မျောက်ဘုရင်၏ ခုန်ဆွခုန်ဆွ ဟန်အမူအယာများကြောင့်၊ နဂါးသွေးမြင်းက ကျေနပ်သွားသည့် အရိပ်အယောင်များဖြင့် ပြုံးရယ် ပြလိုက်ရာ၊ သွားကျိုးနေသော ထိုအပြုံးသည် မျောက်ဘုရင်အား ပို၍ နာကျင်သွား စေတော့သည်။ သူ၏ ဂုဏ်အယူရဆုံး ဝိုင်သည် မြင်းယုတ်ကြောင့် ထပ်မံ သောက်သုံးရန်အတွက် အချိန်ပေးရ ပေတော့မည်။ သို့မဟုတ်ပါက ယင်းမြင်းယုတ်၏ ရွံရှာဖွယ်ကောင်းလွန်းလှသော အညစ်အကြေးများကို သောက်သုံးနေမိခြင်းကြောင့်၊ နာကျင်စွာ သေဆုံးနိုင်ပေမည်။
ထို့နောက်တွင် လင်းယွန်က ကျောက်ဂူအတွင်းမှ၊ ညစ်ကျယ်ကျယ်ဖြင့် ပြန်ပြေးထွက်လာသော နဂါးသွေးမြင်းပေါ်သို့ ခုန်တက်ကာ၊ ထွက်ခွာ လာကြ တော့သည်။
တစ်ရက်ခွဲကြာပြီးနောက် လင်းယွန်က ကောင်းကင်ဝင်ရိုး တောင်တန်းများပေါ်မှ ဖယ်ခွာ လာခဲ့သည်။
" နဂါးလေး မင်းရဲ့သားမွေးအရောင်ကို ပြောင်းလို့ရမလား"
နဂါးသွေးမြင်း၏ ထူးခြားသော အသွင်အပြင်သည် မြင်တွေ့မိ သူတိုင်းအား သတိထားမိ စေသည်ကြောင့်၊ မလိုလားအပ်သော ပြဿနာများမှ ကာကွယ်လိုခြင်းပင် ဖြစ်ပေသည်။ နဂါးသွေးမြင်း၏ ကျင့်ကြံမှုအဆင့်နှင့် ရှားပါးသော စွမ်းရည်များကြောင့် ၎င်းသည် မခက်ခဲနိင်ဟု ယူဆမိ လေသည်။
နဂါးသွေးမြင်းက ရယ်မောလိုက်ကာ၊ ကြက်သွေးရောင် အမွေးများကို မျက်စိတစ်မှိတ် အတွင်းမှာပင် မည်းနက်သွားစေပြီး၊ သာမန်မြင်းနက် တစ်ကောင် အဖြစ်သို့ ပြောင်းလဲ လိုက်သည်။
လင်းယွန်သည်လည်း ကျေနပ်စွာဖြင့် သူ့ကိုယ်သူ မျက်ဦးထုတ်တစ်လုံး ထုတ်ယူကာ မျက်နှာအား ဖုံးကွယ်လိုက်၏။ ထို့နောက်တွင် မြင်းနက်တစ်ကောင်နှင့် လူတစ်ယောက်သည် အပြာရောင်နေမင်း နိုင်ငံဆီသို့ ဒုန်းစိုင်းပြေးထွက်သွား တော့သည်။
မဟာချင် အင်ပါယာရှိ ထင်ရှား ကျော်ကြားလှသော လျှို့ဝှက်နယ်မြေ ဖွင့်လှစ်တော့မည့် အချိန်တိုင်းတွင်၊ စည်ကားသိုက်မြိုက်နေတက်ပြီး၊ ၎င်းနယ်မြေ အတွင်းသို့ မဟာချင်အင်ပါယာ နှင့်တကွ အခြားသော အင်ပါယာများမှ မရေမတွက်နိုင်သော ကျင့်ကြံသူများပါ စုရုံး လာတက်ကြ၏။ လျှို့ဝှက်နယ်မြေတိုင်းတွင် ရှားပါးသော အမွေအနှစ်များ ထွက်ပေါ်လာတက်ပေရာ၊ ယင်းကျင့်ကြံသူ များအတွက် များစွာ အကျိုးအမြတ်ရှိလာ တက်ပေသည်။
၎င်းတို့သည် လျှို့ဝှက်နယ်မြေအတွင်းမှ တစ်စုံတစ်ရာကို ရယူနိင်ခဲ့ပါက၊ စွန့်စားရ ကြိုးနပ်မည် ဖြစ်သည်။
ယခုအချိန်တွင် သေခြင်းနှင့် ရှင်ခြင်း အတွေ့အကြုံများ ရရှိပြီးနောက်၊ နှစ်ဝက်အတွင်း ရှန်ရှင်းစတုတ္ထအဆင့်သို့ ရောက်ရှိနိုင်ခဲ့ပြီး၊ ယန်သန့်စင်ခြင်း နည်းစနစ်သည် ပဉ္စမအဆင့်သို့ ရောက်ရှိ အောင်မြင်သွားကာ၊ မီးလျှံနတ်ဆိုး ခန္ဓာကိုယ်သည်လည်း အပြီးသတ် နိုင်ခဲ့လေသည်။ ထို့အပြင် ရှေးဟောင်းဓားသေတ္တာသည် အသက်ကယ်ဝှက်ဖဲ တစ်ချပ်အဖြစ် ရှိနေ ပေသေးသည် ဖြစ်ရာ၊ လင်းယွန်က လျှို့ဝှက်နယ်မြေ အတွင်းသို့ ဝင်ရောက်ရန် စိတ်အား ထက်သန်နေခဲ့လေပြီ။
၎င်းနယ်မြေသည် ကျွမ်းကျင်သူများ စုစည်းကာ အန္တရာယ်များ ပြည့်နှက် နေသောကြောင့် အစွမ်းထက်သော ဝှက်ဖဲများ မရှိပါက၊ သူ့အသက်အား ကာကွယ်ရန် ခက်ခဲမည် ဖြစ်သည်။
'' မဟာချင်အင်ပါယာရဲ့ လူငယ်မျိုးဆက်တွေက၊ ဘယ်လောက်အထိ အစွမ်းထက်မလဲဆိုတာ ကြည့်ရအောင်.... ''
လျှို့ဝှက်နယ်မြေ၏ ရှားပါးသော ရတနာများကြောင့် မဟာဂိုဏ်းကြီး လေးဂိုဏ်းနှင့် မျိုးနွယ်စု လေးစုသည်ပင်၊ ယင်းတို့၏ မျိုးဆက်များကို စေလွှတ် လာနိုင်ပေမည်။
မဟာဂိုဏ်းကြီး လေးဂိုဏ်းအကြောင်း တွေးလိုက်မိသည်နှင့် လင်းယွန်၏ မျက်လုံးများ မှေးစင်းသွားကာ၊ စိတ်လှုပ်ရှားသွား၏။ အပြာရောင်နေမင်း နိုင်ငံ၏ ဒေသခံအာဏာရှင် ဂိုဏ်းငယ်သုံး ဂိုဏ်းမှ မျိုးဆက်များသည် သူ့မျက်လုံးထဲ၌ မရှိခဲ့ပေ။ သူ၏ ပစ်မှတ်သည် မဟာချင်အင်ပါယာကြီး၏ မဟာဂိုဏ်းကြီး လေးဂိုဏ်း၌သာ အမြဲရှိနေခဲ့သည်။
"သွားကြရအောင်......"
လင်းယွန်က စိတ်လှုပ်ရှားသံဖြင့် နဂါးသွေးမြင်း၏ လည်ပင်းကို ပုတ်လိုက်ကာ၊ အရှိန်အား ထပ်မံ မြှင့်တင် လိုက်သည်။
အပြာရောင်နေမင်း လျှို့ဝှက်နယ်မြေ ပွင့်ရန် နီးကပ် လာသည် နှင့်အမျှ အပြာရောင်နေမင်း နိုင်ငံတွင် ကျင့်ကြံသူများဖြင့် ပြည့်လျှံ လာသည်။
လမ်းတစ်လျှောက်လုံးတွင် တစ်ယောက်သို့မဟုတ် အဖွဲ့လိုက် သော်လည်းကောင်း လျင်မြန်စွာ သွားလာနေကြသော ရှန်ရှင်းသိုင်းသမား အများအပြားနှင့် စည်ကားလှလေပြီ။
လင်းယွန်က နိမ့်ကျသော ပုံရိပ်ကို ထိန်းသိမ်းလိုသောကြောင့် လူအများကြားတွင် ပုန်းကွယ်သွားလာခဲ့၏။
ခုနစ်ရက်ကြာပြီးနောက် အပြာရောင်နေမင်း နိုင်ငံ၏ နယ်နိမိတ် အတွင်းသို့ ဝင်ရောက်လာပြီဖြစ်ရာ၊ လင်းယွန်က ရည်ရွယ်ချက် ရှိရှိ အရှိန်လျှော့ချ လိုက်သည်။
'' ကောင်းလိုက်တဲ့ မြင်းတွေ........ ''
သန်မာမြင့်မားလှသော မြင်းကြီးများသည် လျင်မြန်သော အရှိန်အဟုန်များဖြင့် လေထုအား ဖြတ်သန်း ပြေးလွှားလာပြီး၊ ၎င်းတို့၏ ခန္ဓာကိုယ်များရှိ ရွှေရောင် မြင်းကုန်းနီများမှာ တဖိတ်ဖိတ် တောက်ပ နေလေသည်။ ထိုလူစုထံမှ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါကို ခံစားရနိုင်ပြီး၊ လမ်းဘေး တစ်နေရာတွင်ရပ်လျက် ရှောင်တိမ်းပေးရန် နဂါးသွေးမြင်းကို အရှိန်လျော့ယူလိုက်ရသည်။
" သက်တံရောင်နန်းဆောင်ဂိုဏ်း "
လင်းယွန်က ထိုမြင်းစီးသမားများ၏ ဝတ်ရုံများပေါ်မှ ဂိုဏ်းတံဆိပ်ကို မြင်လိုက်ရသည်နှင့် တပြိုင်နက်၊ ၎င်းတို့၏ ဇာစ်မြစ်ကို ချက်ချင်း သိရှိလိုက်သည်။
ယင်းလူတစ်စု၏ စီးနင်းလာသော မြင်းများမှာ မည်သည့် အတွက်ကြောင် သန်မာကောင်းမွန် နေခဲ့သည်ကို ယခုအချိန်၌ သဘောပေါက်သွားခဲ့ရ၏။ ထိုလူစုကို ဦးဆောင်လာသူမှာ ငယ်ရွယ်နုပျိုသော လူငယ်တစ်ယောက်ဖြစ်ပြီး၊ လင်းယွန်ထက် နှစ်အနည်းငယ်သာ ကြီးနိုင်ပေမည်။ သူ့ထံမှထွက်ပေါ်လာသော အရှိန်အဝါများအရ ယင်းသည် သာမာန်ခေါင်းဆောင် တစ်ဦးမျှသာ ဖြစ်ပုံမရချေ။
ထိုလူတစ်စု ဖြတ်ကျော်သွားသည်နှင့်၊ လင်းယွန်က နဂါးသွေးမြင်းကို ဆက်လက် ထွက်ခွာရန် အချက်ပြ လိုက်သော်လည်း၊ ရုတ်တရက် ထိုမြင်းစီး လူတစ်စုကို ဦးဆောင် သွားနေသော လူငယ်က၊ သူ့မြင်းကို ရပ်လိုက်ပြီး၊ လင်းယွန်အား ပြန်လှည့် ကြည့်လာ ခဲ့လေသည်။
***