ဝတ်ရုံနီ အမျိုး သမီးဖြင့် ထပ်မံတွေ့ဆုံခြင်း။
Vol. 9 Ch. 123
ထိုသူက လင်းယွန်အား ခဏကြာမျှ စူးစိုက် ကြည့်နေခဲ့ရာ၊ လင်းယွန်သည် မျက်မှောင်ကြုတ်လျက် စိတ်ရှုပ်ထွေး သွားခဲ့လေသည်။ နဂါးသွေးမြင်းပေါ်တွင် အလိုမကျဟန်ဖြင့် မြင်းသိုင်းကြိုးကို ဆုပ်ကိုင်ထားပြီး၊ အချိန်မရွေး ထွက်ပြေးဖို့ရန် ပြင်ဆင် ထားခဲ့လေပြီ။
သက်တံရောင်နန်းဆောင်ဂိုဏ်း၏ ယင်းအုပ်စုအတွင်းတွင် အဆင့်မြင့် သိုင်းသမားများနှင့် ပြည့်နှက်နေခဲ့ပြီး၊ ၎င်းတို့အထဲမှ အနိမ့်ဆုံးကျင့်ကြံသူ အချို့သည်ပင် ရှန်ရှင်း တတိယအဆင့်သို့ ရောက်ရှိထားသည် ဖြစ်ရာ၊ နက်နဲနယ်ပယ်ရောက် သိုင်းသမားများ ပါရှိလာခြင်းမရှိဟု မပြောနိုင်တော့ချေ။
'' ငါတို့ နှစ်ယောက်ကို ထားခဲ့လိုက်..... ''
ထိုလူငယ်သည် ရုတ်တရက် လက်ကို ဝှေ့ယမ်းလိုက်ကာ၊ ပြုံးရယ်ပြီး သူ့ဂိုဏ်းသား များအား အမိန့်ပေးလိုက်၏။
" လူငယ် သခင်......."
အစောင့်အရှောက်ဖြစ်ဟန်တူသော အဖိုးအိုက စိုရိမ်တကြီး ဟန့်တား လိုဟန်ဖြင့် မျက်နှာပျက်ယွင်း သွားလေသည်။
" မစိုးရိမ်ပါနဲ့၊ ဒီက မိတ်ဆွနဲ့ သီးသန့်စကား ပြောချင်လို့ပဲ၊ ဒါကြောင့် ငါတို့ကို ထားခဲ့လိုက်ပါ ''
လူငယ်၏ ပြတ်သားသော အမိန့်ကြောင့် အဖိုးအိုနှင့် ကျန်သိုင်းသမားများသည် မလှမ်းမကမ်းအထိ ဆုတ်ခွာသွားခဲ့ပြီး၊ လိုအပ်ပါက လင်းယွန်အား ပြေးဝင်တိုက်ခိုက်နိုင်ရန် အသင့် အနေအထားဖြင့် စောင့်ကြည့်နေခဲ့လေသည်။ လူငယ်က လင်းယွန်ထံ ပြန်လှည့်လာပြီး၊
" ငါက သက်တံရောင်နန်းဆောင်ဂိုဏ်းရဲ့ လူငယ်သခင် မင်ယီပါ၊ အကြောင်းတစ်ခုခုကြောင့် ဒီက မိတ်ဆွေကို ရင်းနှီး နေသလိုပဲ၊ ဒါကြောင့် မိတ်ဆွေရဲ့မျက်နှာကို ပြဖို့ စိတ်ကူးရှိပါသလား...."
မင်ယီက သူ့ကိုယ်သူ မိတ်ဆက်ကာ လင်းယွန်ကို ပြုံးပြလာသည်။ မင်ယီထံမှ ယိုစိမ့် ကျလာသော အရှိန်အဝါသည်လည်း မိန်ဇီယာထက် အားနည်းမည် မဟုတ်ကြောင်းကို၊ လင်းယွန်က ခံစားလိုက်နိုင်သည်။
"တောင်းပန်ပါတယ်၊ မင်းလူမှားသွားတာ ဖြစ်မယ်၊ ငါတို့ မရင်းနှီးကြပါဖူး.....''
လင်းယွန်က ငြင်းဆန်လိုက်၏။ သူ့အနေနှင့် မင်ယီအား မပတ်သက်ချင်ပေ။
" အို့ ဟုတ်သား...၊ ဒီလိုဆိုရင်တော့ မင်းရဲ့တုံ့ပြန်မှုက ငါ့ရဲ့ထင်ကြေးကို ပိုလို့တောင် သေချာစေပြီ၊ တွေ့ရတာ ဝမ်းသာပါတယ် လင်းယွန်.....''
မင်းယီက ညစ်ကျယ်ကျယ် ပြုံးလျက်၊ လင်းယွန်အား နုတ်ဆက် လိုက်လေသည် ။
မင်းယီ၏ နုတ်ဆက်သံကြောင့် လင်းယွန်က အံသြသွားသည်။ သူ၏ အသွင်အပြင်ကို လေလွင့်ခရီးသည် တစ်ယောက်ကဲ့သို့ ရုပ်ဖြတ်ထားသည့်အပြင်၊ ဓားသေတ္တာအား ရင်ခွင်အတွင်း၌ပင် သိုင်းလွယ် ကွယ်ဝှက်ထားခဲ့ခြင်း ဖြစ်သည်။
"ကြည့်ရတာ ငါမှန်တယ်မလား....."
မင်ယီ၏ မျက်လုံးများသည် မှေးစင်းလျက် နှုတ်ဆိတ်နေသည့် လင်းယွန်ကို ခဏမျှအကဲခတ်လိုက်ပြီး၊
"ငါ့ရဲ့ ခန့်မှန်းချက်တွေကို မင်းငြင်းဖို့ မလိုပါဘူး၊ အဆင့်ရှစ် မီးလျှံ အမြုတေကို လုယူပြီး၊ မင်းက ချော်ရည်အိုင်ထဲမှာ သေဆုံးသွားပြီလို့ ကြေငြာခဲ့ပေမယ့်၊ မကြာခင်မှာပဲ မိန်ဇီယာရဲ့ တိမ်နဂါး သစ်သီးကို လုယူ လွတ်မြောက် သွားတယ်ဆိုတဲ့ သတင်းကို ငါရခဲ့တယ် ''
ထို့နောက် မင်ယီက မျက်ခုံးပင့်ကာ ညစ်ကျယ်ကျယ်ဖြင့် ပြုံးရယ်လျက်၊
'' ဟားဟားဟား ... ဒါပေါ့ ဒီသတင်းကို မိန်ဇီယာက ဖုံးကွယ်ချင် နေပေမယ့်၊ ကျင့်ကြံခြင်းလောကမှာ ထာဝရ လျှို့ဝှက်ချက်ဆိုတာ မရှိဖူး မဟုတ်လား၊ အခုဆို မင်း...အသက်ရှင်နေသေးတဲ့ သတင်းက အပြာရောင်နေမင်း နိုင်ငံ တစ်နိုင်ငံလုံး ပျံ့နှံ့နေပြီ...."
"...... ဟုတ်ပြီ၊ အခု မင်း....ဘာလိုချင်လို့လဲ"
လင်းယွန်က မျက်မှောင် ကြုတ်လျက် ပွင့်ပွင့်လင်းလင်း မေးလိုက်သည်။ ၎င်းမေးခွန်းသည် သူ့ကိုယ်သူ မည်သူ မည်ဝါ ဖြစ်ကြောင်း တနည်းအားဖြင့် ဝန်ခံလိုက်ခြင်း ဖြစ်ရာ၊ မင်းယီက မျက်ခုံးပင့်လျက် ကျေနပ်သွား၏။
'' ဟား ဟား ဟား...တကယ် မင်းပဲပေါ့ ဟားဟားဟား၊ ဒါပေမယ့် မင်းငါ့ကို စိုးရိမ်စရာ မလိုပါဘူး။ ငါနဲ့ မင်းက ရန်ငြိုးမရှိသလို ငါတို့နှစ်ယောက်က ပူးပေါင်း ဆောင်ရွက် နိုင်တယ်လို့ ခံစားမိတယ်၊ ဝမ်မိသားစုရဲ့ ပြဿနာတွေကို မင်းသိသင့်တယ် မဟုတ်လား၊ ငါ့ရဲ့ သက်တံရောင် နန်းဆောင်ဂိုဏ်းကသာ သူတို့ကို မကာကွယ် ခဲ့ဖူးဆိုရင် အခုအချိန်မှာ သူတို့ ပျက်သုဉ်း သွားပြီး လောက်ပြီ...... ''
လင်းယွန်သည် မင်ယီ၏ စကားကို ကြားသော အခါတွင်၊ ၎င်းမင်ယီသည် သူက မည်သူမည်ဝါ ဖြစ်သည်ကို ခန့်မှန်းခဲ့ခြင်းသာဖြစ်ကြောင်း သိရှိ လိုက်ရ သော်လည်း၊ မည်သို့ပင် ဆိုစေကာမူ လင်းယွန်က ထိုမင်ယီနှင့် ပူးပေါင်းလိုခြင်း မရှိချေ။ ထို့ကြောင့် သူကခေါင်းခါ ငြင်းဆန်လိုက်၏။
" သေချာလား... သွေးတိမ်ဂိုဏ်းနဲ့ ရွှေမီးတောက် ဂိုဏ်းကို အပြစ်ပြု ပြီးတဲ့နောက်၊ အပျက်အစီး နယ်မြေထဲမှာ မင်းက ဘေးကင်းဖို့ ဆိုရင်၊ ငါ့ရဲ့ သက်တံရောင် နန်းဆောင်ဂိုဏ်းနဲ့ ပူးပေါင်း လိုက်ခြင်းကသာ အကောင်းဆုံးပဲ မဟုတ်လား....''
'' သွေးတိမ်ဂိုဏ်းနဲ့ ရွှေမီးတောက်ဂိုဏ်းလား.....၊ စိတ်မပူပါနဲ့ မင်းရဲ့ ကြင်နာမှု အတွက် ကျေးဇူးတင်ပါတယ်၊ ငါတို့ကြုံကြိုက်ရင်တော့ အပျက်အစီး နယ်မြေထဲမှာ ပြန်ဆုံကြတာပေါ့ အခုတော့၊ ငါ...အရင်သွားလိုက်မယ်။ ''
လင်းယွန်က ခပ်လှမ်းလှမ်းမှ အဖိုးအိုသည် သူတို့ထံသို့ လျှောက်လာ နေသည်ကို မြင်လိုက်ရသည်နှင့် နုတ်ဆက်ကာ၊ ထွက်ခွာရန် အတွက် နဂါးသွေးမြင်းအား ပုတ်လိုက်ရာ၊ နဂါးသွေးမြင်းသည် လျင်မြန်သော အလင်းတန်း အဖြစ်သို့ ပြောင်းလဲသွားပြီး၊ ပြေးလွှား ပျောက်ကွယ်သွား ခဲ့သည်။
'' ကောင်းလိုက်တဲ့ မြင်း..... ''
မင်ယီက လင်းယွန် ထွက်သွားရာ နောက်သို့ မျှော်ကြည့်လိုက်ကာ၊ ၎င်းမြင်း၏ လျင်မြန်သော အရှိန်ကြောင့် လျှာကို သပ်လိုက်မိ လေသည်။ သူ့မျက်ဝန်းများ၌ အံသြရိပ်များ မပျောက်ကွယ် နိုင်ခဲ့ပေ။
" လူငယ်သခင်၊ သူ့ကို မင်းသိနေတာလား ..... ''
အနားရောက်လာသည့် အဖိုးအိုက လင်းယွန်ထွက်သွားရာ အရပ်ဆီသို့ မင်ယီ နှင့်အတူ လိုက်လံ ကြည့်ရှုလိုက်ပြီး၊ မေးမြန်း လာသည်။
" ..... ငါမသိပါဖူး၊ သူ့ဆီကနေ သန့်စင်တဲ့ မီးစွမ်းအင်ကို အာရုံခံ မိလိုက်တာ၊ ဒီလို သန့်စင်တဲ့ မီးစွမ်းအင်မျိုးက အဋ္ဌမအဆင့်မီးလျှံ အမြုတေမျိုးမှာသာ တွေ့ရတက်တဲ့စွမ်းအင်မျိုးပဲ၊ ဒါကြောင့် သူ့ကို စုံစမ်းကြည့်လိုက်တာ၊ ဒါပေမယ့် သူက လင်းယွန် ဖြစ်လိမ့်မယ်လို့တော့ ဘယ်တုန်းကမှ မမျှော်လင့်ထားမိဘူး။...."
မင်ယီက ၎င်း၏ မြင်းအား ထွက်ခွာရန် အချက်ပြလိုက်ပြီး၊ ပြန်ဖြေ လိုက်သည်။
'' ဒါပေမယ့် သူ့အတွက် ဘာကောင်းလဲ ဆိုတာတော့ မသိဘူး ထင်တယ်၊ သူ့အမြီးကို ဆွဲဖို့ တစ်ယောက်ယောက် လွှတ်လိုက် ရမလား လူငယ်သခင်......"
အဖိုးအိုက သူ့မြင်းထံသို့ ခုန်တက်လိုက်ပြီး၊ မင်ယီ နောက်သို့ လိုက်ပါသွားကာ ရေရွတ် လိုက်သည်။
" ဒီလင်းယွန်က ဂိုဏ်းတွေကို ယုံကြည်ပုံ မရဘူး၊ အကယ်၍မြန်း တခြား ဂိုဏ်းနှစ်ဂိုဏ်းရဲ့ ဖိအားတွေကို ခံစား လာရတဲ့အခါ၊ သူက ရွေးချယ်မှုတစ်ခု ပြုလုပ် လိမ့်မယ်ဆိုတာ သေချာပါတယ်၊ အိုး.. မေ့နေလိုက်တာ သွေးတိမ်ဂိုဏ်းရဲ့ ရွှန်းတူက တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာပြီ မဟုတ်လား ''
မင်ယီထံမှ ရွှန်းတူနာမည်ကို ကြားလိုက်သောအခါ အဘိုးအို၏ မျက်နှာက ပြောင်းလဲသွား၏၊ သူက လေးနက်သော အမူအယာဖြင့် သက်ပြင်းချလိုက်ပြီး၊
'' ဟုတ်တယ်၊ သူက လျှို့နယ်မြေအတွက် ထွက်လာ ခဲ့တယ်လို့ ကြားတယ် ''
" ဟား....ဟား ဟား သူ့ရဲ့ သွေးတိမ်လက်ဖဝါးက ဘယ်လောက်ထိ တိုးတက်မှု ရှိလာ သလဲဆိုတာကို သိရဖို့ ငါ မစောင့်နိုင်တော့ဖူး ....''
လာမည့်ပွဲအတွက် ကြိုတင်တွေးတောမိပြီး မင်ယီ၏ မျက်ဝန်းများတွင်၊ တိုက်ပွဲဝင်စိတ်များ တောက်လောင်လာ လေသည်။
အပြာရောင်နေမင်း နိုင်ငံ၏ လျှို့ဝှက်နယ်မြေသည် မဟာချင်အင်ပါယာကြီး မထူထောင်မီကပင်၊ ၎င်းသည် ရှိနှင့်ပြီး ဖြစ်သည်။ ယင်းနယ်မြေ၏ မူလ အစအား မည်သို့မျှ သိရှိနိုင်ကြခြင်း မရှိခဲ့ကြပဲ၊ ရှေးဟောင်း ခေတ်ကာလ ဖြစ်သည်ဟုသာ လူတိုင်း မှတ်ယူ ထားကြသည်။
ထိုခေတ်တွင် ထိုရှေးဟောင်းတာအိုဂိုဏ်းကြီးများ မည်မျှ အားကောင်း လှသည်ကို မည်သူမျှ တွေးကြည့်၍ မရနိုင်ပေ။ ပါရမီရှင်များ ထွန်းကားခဲ့ပြီး၊ အမျိုးမျိုးသော ကျင့်ကြံခြင်းဆိုင်ရာ အရစ်အမြစ်များ ပေါကြွယ်ဝမှုများကြောင့် ကျင့်ကြံမှု ရွှေခတ်ဟု ခေါ်ဆိုကြလေသည်။
သို့သော် အကြောင်းတစ်စုံ တစ်ရာကြောင့် ယင်းရွှေခေတ်သည် ရုတ်တရက် ပျောက်ကွယ်သွားကာ အပျက်အစီး နယ်မြေများ အဖြစ်သာ ကျန်ရစ်ခဲ့တော့၏။
သို့သော် ၎င်းကာလ ပျက်သုဉ်း သွားပြီးနောက်၊ ကျန်ရစ်ခဲ့သော အပျက်အစီး နယ်မြေပေါ်ရှိ ချိတ်ပိတ်ထားခဲ့သော စည်းတံဆိပ်သည်ပင်၊ လက်ရှိခတ် ကာလ၏ ကျင့်ကြံသူများမှ ဖွင့်လှစ်ရန်အတွက် လုံလောက်အောင် သန်မာခဲ့ခြင်း မရှိတော့ချေ။
မဟာချင်အင်ပါယာကြီးကို တည်ထောင်ခဲ့သော ဧကရာဇ် မင်းမြတ် သည်တောင်မှ ယင်းစည်းတံဆိပ်အား ဖယ်ရှားရန် ကြိုးစားဖူး သော်ငြားလည်း၊ မအောင်ခဲ့ပေ။ သို့မဟုတ်ပါက ယခုအချိန်၌ ထိုနယ်မြေအား အင်ပါယာမင်းမြတ်မှ သိမ်းယူ သွားမည်မှာ သေချာလှပေသည်။
မဟာချင်အင်ပါယာတွင် အပြာရောင်နေမင်း နိုင်ငံ ကျော်ကြားရသည့် အကြောင်းအရင်းမှာ၊ ဤလျှို့ဝှက်နယ်မြေကြောင့် ဖြစ်သည်။ ယင်းနယ်မြေ ဖွင့်ချိန်တိုင်းတွင်၊ အပြာရောင်နေမင်း နိုင်ငံသို့ များပြားလှသော ကျင့်ကြံသူများ စုပြုံ လရောက်ရှိလာမည် ဖြစ်သည်။
ထိုလျှို့ဝှက်နယ်မြေသည် ချိုင့်ဝှမ်းတစ်ခုအတွင်း တည်ရှိပြီး၊ ယင်းဝင်ပေါက်တွင် မြင့်မားသော ရုပ်တုနှစ်ခု ထားရှိထား လေသည်။ ၎င်းရုပ်တုများသည် ရှေးဟောင်း အသွင်အပြင် မျိုးကို ပိုင်ဆိုင်ထားကာ၊ လျှို့ဝှက်နယ်မြေအား စောင့်ကြပ်နေသည့် အကြီးအကဲ အစောင့်အရှောက်များ ဖြစ်ပုံရ၏။
လင်းယွန်သည် နဂါးသွေးမြင်းပေါ် မှ စီးမိုးကြည့်လိုက်ရာ၊ ချိုင့်ဝှမ်းတစ်လျှောက် များပြားလှသော လူပင်လယ်ကြီးကို နေရာအနှံ့၊ တွေ့မြင်လိုက်ရသည်။ ချိုင့်ဝှမ်းအဝင်ဝ၌ ထင်ရှားစွာ တွေ့မြင်နေရသော ရုပ်တု နှစ်ရုပ်ထံသို့ အကြည့် အရောက်တွင် အံ့သြ မှင်တက်သွား၏။ ၎င်းရုပ်တုများတွင် ခေတ်အလိုက် ဖြစ်တည်လာခဲ့သော သဘာဝ တရားကြီး၏ သဲလွန်စများကို အာရုံခံစားရ မိလေသည်။ ရှေးဟောင်း ခေတ်ကာလ မတိုင်မီတွင် ကောင်းကင်နှင့် မြေကြီးတို့မှာ စတင် ဖြစ်တည်လာနေစဉ်၊ မိုးတိမ်များက အချိန်မြစ်ကြီး အတွင်း၌ အေးခဲစီးမျော နေခဲ့သည်။
ရုတ်တရက် လင်းယွန်၏ အသိစိတ် အတွင်းသို့ အချိန်မြစ် အတွင်း၌ အေးခဲနေခဲ့သော ပုံသဏ္ဍာန် ပေါင်းများစွာ ဝင်ရောက်လာပြီးနောက်၊ ဖျတ်ခနဲ့ ပြန်လည် ပျောက်ကွယ် သွားခဲ့ရာ၊ လင်းယွန်က ထိတ်လန့်သွားပြီး၊ ခေါင်းယမ်းခါလျက် ရုပ်တုများထံသို့ ပြန်လည် မော့ကြည့်လိုက်မိ၏၊
ယင်းရုပ်တုကြီး နှစ်ရုပ်သည် ရိုးရှင်းပုံ ရသော်လည်း ၎င်းတို့၏ ကြီးစိုးနိုင်သော ရောင်ဝါမှာ၊ မယုံနိုင် လောက်အောင်ပင် ဖိအားများ ခံစား လိုက်ရစေသည်။ ထိုအရှိန်အဝါ အောက်တွင် လင်းယွန်၏ ဖြစ်တည်မှုသည် မြူမှုန် တစ်မှုန်ကဲ့သို့ နိမ့်ကျ လွန်းလှပေ၏။
ထိုရုပ်တုတို့ကို ခေတ္တမျှသာ စိုက်ကြည့်လိုက်ခြင်း ဖြစ်သော်လည်း၊ ရုပ်တုများထံမှ အရှိန်အဝါ ဖိအားသည် သူ့အပေါ်၌ တောင်ကြီးတစ်လုံး ပြိုကျနေသကဲ့သို့ လေးပင်လာစေကာ၊ အသက်ရှူကြပ်သွားသလို ခံစားလိုက်ရ၏။ ထို့ကြောင့်ပင် သူက ကြည့်ကို လွှဲလိုက်ရပြီး၊
'' .... ဆိုတော့ ဒါက မဟာချင်အင်ပါယာ ဧကရာဇ်မင်းမြတ်ကတောင် လက်မြောက်ထားရတဲ့ လျှို့ဝှက်နယ်မြေရဲ့ အစောင့်အရှောက်တွေပေါ့......''
လင်းယွန်က လေးပင်သော ဟန်ဖြင့် သက်ပြင်းချ လိုက်၏။ ဤရုပ်တု နှစ်ရုပ်သည် လျှို့ဝှက်နယ်မြေအား စောင့်ရှောက်ကာကွယ်နေပုံရသည်။ သူတို့နှင့် မည်သို့သော ကျင့်ကြံသူမဆို မရှုပ်ဝံ့တာ အံ့သြစရာ မရှိပေ။
အပြာရောင်နေမင်း လျှို့ဝှက်နယ်မြေသည် ရှန်ရှင်း သိုင်းသမားများကိုသာ ဝင်ခွင့်ပြုခဲ့ပြီး၊ ယင်းအထက်တွင်ရှိသော မည်သူ့ကိုမဆို သေစေနိုင်ပေမည်။ နှစ်ထောင်ပေါင်း များစွာအတွင်း ကျင့်ကြံသူပေါင်း များစွာသည် ၎င်းစည်းမျဉ်းကို ဖောက်ဖျက်ဖို့ရန် ကြိုးစားခဲ့ ကြသော်လည်း ၎င်းတို့အားလုံး မအောင်မြင် ခဲ့ပေ။
ယင်းနယ်မြေသည် အပျက်အစီး နယ်မြေတစ်ခု အဖြစ်သာ ကျန်ရှိတော့ သော်လည်း၊ ၎င်းသည်ပင် ယနေ့ခေတ် ကျင့်ကြံသူများ၏ တက်စွမ်းနိုင်သည်ထက် ပိုလွန်းနေပေ၏။ ထို့ကြောင့်ပင် ယင်းရွှေခေတ်၌ အင်အားကြီးဂိုဏ်းများ၏ ခွန်အားသည် မှန်းဆ မရနိုင်သည်မှာ သဘာဝ ကျပေမည်။ သို့သော် ဤသို့သော ရွှေခေတ်အား ပျက်စီး သွားစေမည့် ကပ်ဘေးသည်လည်း မည်မျှ ပြင်းထန်ခဲ့မည်ကို စိတ်ကူး ယဉ်နိုင်ခြင်း မရှိတော့ချေ။
လင်းယွန်က ခေါင်းခါယမ်းလိုက်၏။ ဤအကြောင်းအရာသည် သူ့အတွက် လေးလံလွန်းသည်ဟု ခံစားလိုက်မိသောကြောင့် ၎င်းကို အလွန်အမင်း မစဉ်းစားတော့ပေ။
နဂါးသွေးမြင်းသည် တစ်စုံတစ်ရာသော စူးစမ်းလိုချင်းငှာ ထွက်ခွာသွားပြီ ဖြစ်ရာ၊ လင်းယွန်က တစ်ကိုယ်တည်း ရှေ့ဆက်လာခဲ့သည်။ လမ်းတစ်လျှောက်တွင် သွေးတိမ်ဂိုဏ်း၏ တပည့်များစွာကို တွေ့လိုက်ရပြီး၊ ၎င်းတို့သည် တစ်စုံတစ်ယောက်အား လှည့်ပတ် ရှာဖွေနေပုံရ၏။
'' ငါ့ကို ရှာနေကြတာလား၊ အင်း..... ဟုတ်မယ်၊ ငါသာ မသေရင် ဒီနယ်မြေကို လာမယ်ဆိုတာကို လူပြိန်း တစ်ယောက်တောင် တွက်ဆလို့ ရနေတာပဲ.......''
သို့သော် ဤနေရာတွင် အနည်းဆုံး လူပေါင်းခုနစ်သောင်းမှ ရှစ်သောင်းခန့် အထိ ရှိပြီး၊ ကြီးကျယ်ခမ်းနားသော နောက်ခံမျိုးအား ပိုင်ဆိုင်ထားကြရာ၊ သွေးတိမ်ဂိုဏ်းသည် မည်မျှပင် သန်မာပါစေ လူတိုင်းအား အပြစ်ပြု ရဲခြင်း မရှိချေ။ ထို့ကြောင့် လင်းယွန်အား ရှာဖွေခြင်းသည်၊ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာဖွေ သကဲ့သို့ လွယ်ကူမည် မဟုတ်ပေ။
ချိုင့်ဝှမ်းအတွင်းရှိ ရုပ်တုနှစ်ရုပ် အနီးအနားနယ်မြေအားလုံးကို အပြာရောင်နေမင်းနိုင်ငံ၏ အသန်မာဆုံးသော ကျင့်ကြံသူများက သိမ်းပိုက်ထားခဲ့ကာ၊ စည်းတံဆိပ် ဖွင့်လျှင် ပွင့်ချင်း၊ ဦးစွာ ဝင်ရောက်ရန် ဆန္ဒရှိနေကြ၏။ လူများစွာနှင့်အတူ လင်းယွန်က ချိုင့်ဝှမ်းဝင်ပေါက် အနီးသို့ အလိုက်သင့် ရွေ့လျားသွားနေစဉ် မြင်သာသော နေရာ၌ ရပ်လျက်၊ မျက်လုံးများကို မှိတ်ထားသော မိန်ဇီယာကို တွေ့မြင်လိုက်ရသည်။
အပြာရောင်နေမင်းနိုင်ငံ၏ အာဏာရှင် ဂိုဏ်းငယ် တစ်ဂိုဏ်းဖြစ်သော၊ မိန်ဇီယာ၏ ရွှေမီးတောက်ဂိုဏ်းသည် သဘာဝအတိုင်း နေရာကောင်းတစ်ခုအား သိမ်းပိုက် ထားနိုင်သည်။
မိန်ဇီယာသည် မည်သူ့ကိုမျှ သူ့အနားသို့ ချဉ်းကပ်လာခြင်း မရှိရစေရန် ဟန့်တားသည့်အနေဖြင့် မျက်လုံးများကို မှိတ်လျက်၊ ပတ်ဝန်းကျင်အား လျစ်လျူရှု ထားကာ၊ မျက်နှာအနည်းငယ် ပျက်ယွင်း နေပေသည်။ တိမ်နဂါးသစ်သီးအား လုယူခံရသော သတင်းသည် မည်သို့ ပေါက်ကြား သွားသည်ကို သူ မသိခဲ့ချေ၊ ထို့ပြင် ၎င်းသတင်းသည် လျင်မြန်စွာ ပျံ့နှံ့ သွားသောကြောင့် စိတ်ဓာတ် ကျဆင်းနေမိ၏။
" ဒါ က .........."
လင်းယွန်သည် သွေးတိမ်ဂိုဏ်း ဝတ်စုံဖြင့် သိုင်းသမားများကို တွေ့လိုက်ရသော အခါတွင် မျက်မှောင်ကျုံ့ လိုက်၏။
ထိုသူသည် ပိန်ပိန်ပါးပါး ကိုယ်ဟန်ရှိပြီး၊ ထုတ်ဖော်ထားသော အရှိန်အဝါများတွင် သွေးရနံ့များ ကပ်ညိနေခဲ့ကာ၊ ၎င်းအရှိန်အဝါသည် မိန်ဇီယာထက်ပင် ပို၍ ကြောက်စရာကောင်းလှပေသည်။
" ကြည့်ရတာ သွေးတိမ်ဂိုဏ်းက လူဖျင်းတွေချည် မဟုတ်သလိုပဲ... သူတို့မှာ သန်မာတဲ့ လူငယ် မျိုးဆက်တွေ ရှိနေသေးပုံရတယ်... "
လင်းယွန်က တီးတိုး ရေရွတ်လျက် ဦးထုတ်ကို မျက်နှာကွယ်သည်အထိ ထပ်မံ ဆွဲအုပ်ကာ၊ သတိကြီးစွာ ပုန်းကွယ်လိုက်၏။
လျှို့ဝှက်နယ်မြေသည် မကြာမီ ဖွင့်လှစ်တော့မည် ဖြစ်ပြီး၊ သူက ယခုအချိန်တွင် နိမ့်ကျသော ပုံရိပ်ကို ဆက်လက် ထိန်းသိမ်း ထားရမည် ဖြစ်သည်။
သို့သော် ခဏအကြာတွင် လင်းယွန်က လူအုပ်အတွင်းမှ ရင်းနှီးသော ရုပ်သွင်ကို ရုတ်တရက်တွေ့လိုက်ရပြီး၊ ၎င်းသည် နုပျိုသောအသွင်အပြင်နှင့် အနီရောင် ဝတ်ထားသော မိန်းမပျို တစ်ဦးပင် ဖြစ်ပေသည်။ ထိုမိန်းမပျိုသည် ချစ်စဖွယ် ကောင်းလွန်းလှပြီး၊ သူမ၏ ဝိုင်းစက်သော မျက်ဝန်းများတွင် ဖြူစင်သောပုံရိပ်များ ထင်ဟပ် နေခဲ့လေသည်။
လင်းယွန်က သူမကို ချက်ချင်း မှတ်မိသွား၏။ တချိန်က သူ၏ သိုင်းဝိညာဥ်အား ခေါ်ထုတ် မရနိုင်ခဲ့သည့်အတွက်၊ နှလုံးသားတွင် အတွင်းနတ်ဆိုးအား မွေးမြူမိ သကဲ့သို့ အမှောင်ဖုံး နေခဲ့ကာ၊ ပျက်စီးလုနီးနီး ဓါးရည်ရွယ်ချက်ကို ယင်းမိန်းမပျို၏ ဂီတဖြင့် ပြန်လည် တည့်မတ် ဖမ်းဆုပ်နိုင် ခဲ့သည်။
အနီရောင်ဝတ် အမျိုးသမီးက လင်းယွန်၏ အကြည့်ကို သတိပြုမိ လိုက်သည်နှင့် ထိတ်လန့်သွားကာ၊ လင်းယွန်ထံမှ အကြည့်အား လွှဲလျက် လူအုပ်ကြားထဲသို့ တိုးဝင်သွား လေသည်။
"ကျေးဇူးပြုပြီး....ခဏလောက် "
လင်းယွန်က ရုတ်တရက် ဟန့်တား အော်ဟစ်မိပြီး၊ ထိုအမျိုးသမီးငယ်ကို ရှာဖွေရန် လူအုပ်ကြားထဲသို့ တိုးဝင်လာခဲ့သည်။ သို့သော် လူပေါင်းများစွာ အတွင်း၌ တစ်စုံတစ်ဦးကို ရှာဖွေရန် ကြိုးစားမိခြင်းသည် မလွယ်ကူလှပေ။
'' အို........ ''
လူအုပ်ကြားထဲ အလောတကြီး တိုးဝင်နေခဲ့သော လင်းယွန်ထံသို့ ရန်လိုသော အငွေ့ အသက်များ ရုတ်တရက် ကျဆင်း လာကာ၊ သူ၏ ကျောရိုး တစ်လျှောက်အား အေးစက် သွားစေခဲ့၏။
လင်းယွန်က ထိုခံစားချက် ရရှိ လာစေသော အကြည့်ပိုင်ရှင်ထံသို့၊ ဝေ့ဝိုက် ရှာကြည့် လိုက်မိရာ၊ သွေးတိမ်ဂိုဏ်း ဝတ်စုံဖြင့် သိုင်းသမား တစ်ယောက်က သူ့အားပြုံးလျက် ကြည့်နေ နှင့်လေပြီ။
***