← Chapters

ကောင်းကင်ဘုံဓါးနန်းတော်။

Vol. 9 Ch. 125

ကောင်းကင်ဘုံဓါးနန်းတော်။

Vol. 9 Ch. 125

" ဒီလင်းယွန်က မိန်ဇီယာနဲ့ ရွှန်းတူကို တချိန်တည်း စိန်ခေါ်ရအောင်၊ သူက ဘယ်သူလဲ .... သူ့မှာ ဘယ်လို နောက်ခံမျိုးရှိလို့ မောက်မာရဲတာလဲ "

"သူက ခရီးသွား သိုင်းသမား တစ်ယောက်တော့ မဖြစ်နိုင်ဖူး၊ ဒါက နည်းနည်းတော့ မာနကြီးတာပဲ မဟုတ်လား"

" ဒီလောက်လည်း မသန်မာပါဖူး၊ မိန်ဇီယာနဲ့ ရွှန်းတူက တစ်ယောက်ပြီး တစ်ယောက် ချောင်းမြောင်း တိုက်ခိုက် နေတာကြောင့်၊ သူက ဒီခြေလှမ်းကို မဖြစ်မနေ လှမ်းခဲ့ရတာပဲ ''

"ဟားဟားဟား ဘာပဲဖြစ်ဖြစ်၊ နှစ်ပေါင်းများစွာအတွင်း ဒီလို မောက်မာဝံ့တဲ့ သူမျိုး အပြာရောင်နေမင်း နိုင်ငံမှာ မပေါ်ခဲ့တာ ဘယ်လောက်ကြာပြီလဲ၊ ကြည့်စမ်းပါဦး၊ အပြာရောင်နေမင်း နိုင်ငံရဲ့ အသန်မာဆုံး ပါရမီရှင် တွေတဲ့လား...ခုတော့လည်း နာမည်တောင် မရှိတဲ့ လူတစ်ယောက်ရဲ့ ခရီးသွားဟန်လွှဲ ရိုက်နှက်တာကို ခံနေရပြီ၊ ''

'' မင်း မင်းက ပြောရဲတယ်လား ..... ''

လူအုပ်ကြီးထံမှ တမင်လုပ်ယူထားသည့် အမူအယာများဖြင့် ဆူညံစွာ ဝေဖန်သံများ ထွက်ပေါ်လာရာ၊ မိန်ဇီယာနှင့် ရွှန်းတူမှာ ပို၍ ဒေါသထွက်လာခဲ့သည်။ သူတို့၏ အကြည့်များဖြင့်လူသတ်၍သာ ရပါက အကြိမ်တစ်ထောင်မက သတ်ပြစ်ပြီး ခဲ့လေပြီ။ လင်းယွန်သည် ဤမျှ မောက်မာလိမ့်မည်ဟု သူတို့က မမျှော်လင့်ထားခဲ့ပေ။

" မင်းချစ်တဲ့ သူတွေကို အကုန် ....ငါသတ်မယ် "

မိန်ဇီယာသည် သူ့ဒေါသအား မထိန်းနိုင်တော့ပဲ၊ သတ်ဖြတ်ခြင်း အရှိန်အဝါကို အဆုံးအစွန်အထိ ထုတ်ဖော်လျက်၊ အေးစက်သော လေသံဖြင့် ခြိမ်းခြောက်လိုက်၏။ အပြာရောင်နေမင်း နိုင်ငံတွင် မည်သူမျှ သူ့အား နှိမ့်ချဝံ့ခြင်း မရှိခဲ့ချေ။ ညာလက် ဝတ်ရုံအား တစ်ချက် လှုပ်ယမ်းလိုက်ကာ၊ နှစ်မီတာခန့်ရှိသော ရှည်မျောမျော အနက်ရောင် အရိုးတံတစ်ချောင်းကို ထုတ်ယူလိုက်သည်။

'' ဝှစ်.......ဒုန်း ''

တစ်ဆက်တည်းမှာပင် မိန်ဇီယာက ၎င်းအနက်ရောင် အရိုးတံအား မြေပြင်ပေါ်သို့ ဆောင့်ရိုက်လိုက်ရာ၊ မြေပြင်သည် ကြီးစွာတုန်လှုပ်သွားပြီး၊ ခဏကြာတွင် ထက်ရှသောအရှိန်အဝါတစ်ခုက တမဟုတ်ချင်း ပွင့်ထွက်လာလျက်၊ ဤနေရာရှိ လူတိုင်းအား အသက်ရှူရ ခက်ခဲသွားစေခဲ့သည်။

တစ်ချိန်တည်းမှာပင် ယင်းအရှိန်အဝါ နှင့်အတူ လှံသွားတစ်ခု တိုးထွက်ပေါ်လာပြီး၊ ၎င်းလှံထိပ်ဖျားတွင် အနက်ရောင် မီးတောက်များ တောက်လောင် ကျွမ်းနေကာ၊ လူတိုင်း၏ ကျောရိုးအား အေးစက်သော ခံစားချက်များကို ပေးစွမ်းလာခဲ့သည်။

အဆင့်မြင့်တော်ဝင်လက်နက်၊ 'ရှေးဟောင်းနတ်ဆိုးမီးလျှံနက် လှံရှည် '' ။

"ငါ့ကောင်းကင်.... ရွှေမီးတောက်ဂိုဏ်းက မိန်ဇီယာကို 'နတ်ဆိုးမီးလျှံနက်'ကို ပေးခဲ့တာလား၊. ဒါ.. ဒါက သူတို့ဂိုဏ်းရဲ့ တစ်ခုတည်းသော အဆင့်မြင့် တော်ဝင်လက်နက် တစ်ခုပဲ ''

'' နတ်ဆိုးမီးလျှံနက်ကို မတွေ့မြင်ရတာ အချိန်အတော်ကြာခဲ့ပြီ၊ ဘယ်လောက်တောင် လှပသေသပ်လိုက်တဲ့ လက်ရာမျိုးလဲ "

" ရွှေမီးတောက်ဂိုဏ်းက သူတို့ရဲ့ မျှော်လင့်ချက်တွေကို မိန်ဇီယာထံမှာ အကုန်ပုံအပ်လိုက်ပြီ ထင်တယ်...."

'နတ်ဆိုးမီးလျှံနက်'၏ အသွင်အပြင်သည် ပတ်ဝန်းကျင်ရှိ ရပ်ကြည့်နေသော လူအုပ်ကြီးအား တုန်လှုပ် ချောက်ချား စေခဲ့သည်။ လူတိုင်း ထိတ်လန့်တုန်လှုပ်လို့ မပြီးခင်မှာပင်၊ ရွှန်းတူသည် အော်ဟစ်လျက် ကြက်သွေးရောင် အရိုးကြာပွတ်ကို ထုတ်ယူလိုက်ပြန်၏။

ကြာပွတ်တစ်ဆစ်စီတိုင်းကို ကြက်သွေးရောင် နတ်ဆိုးသားရဲ အရိုး ကိုးချောင်းဖြင့် ပြုလုပ်ထားကာ ၎င်း၏ စွမ်းအားသည် လေဟာနယ်ကို အက်ကွဲသွားစေမည် ဖြစ်သည်။ ယင်းကြာပွတ်သည်လည်း အဆင့်မြင့် တော်ဝင်လက်နက်တစ်ခုပင် ဖြစ်ပေ၏။

သွေးတိမ်ဂိုဏ်းနှင့် ရွှေမီးတောက်ဂိုဏ်းတို့သည် ၎င်းတို့၏ အမွေခံ မျိုးဆက် နှစ်ဦးအား များစွာ အလေးထားပုံရကာ၊ လျှို့ဝှက်နယ်မြေအတွင်းမှ တစ်စုံတစ်ရာအားရိတ်သိမ်း နိုင်စေရန် မျှော်လင့်သည့် အနေဖြင့်၊ ဂိုဏ်း၏ ရတနာ လက်နက်များကို ပေးအပ် ထားခဲ့ခြင်း ဖြစ်နိုင်လေသည်။

အဆင့်မြင့် တော်ဝင် လက်နက်များဖြင့် ဟန်ရေးပြ နေကြသော ၎င်းတို့နှစ်ဦးအား ကြည့်ကာ၊ လင်းယွန်က အံ့သြစရာ ကောင်းလောက်အောင် ငြိမ်သက်နေခဲ့သည်။ သူ့ခန္ဓာကိုယ်အတွင်းမှ သလင်းရောင်များ လင်းလက်လာပြီး၊ ကြက်သွေးရောင် အဆင်း သဏ္ဍာန်ကို ထုတ်လွှတ်လာသည်။ ၎င်းသည် ကောင်းကင်သို့တိုင် တဟုန်ထိုး မြင့်တက် သွားကာ၊ နတ်ဆိုး ရောင်ဝါသည်လည်း လိုက်ပါ ပေါက်ကွဲ သွားခဲ့သည်။ တိုက်ပွဲကွင်းပြင်အလယ်၌ သွေးနီရောင် နတ်ဆိုးတစ်ပါးကဲ့သို့ ရပ်လျက်၊ လင်းယွန်၏ ဆံပင်များမှာ တဖျပ်ဖျပ် လွင့်မျော နေလေသည်။

'' ဖုန်း......... ''

ထို့နောက်တွင် လင်းယွန်က ဓားသေတ္တာကို ညာခြေဖြင့် လေထဲသို့ ကန်တင်လိုက်ပြီး ဖွင့်လိုက်၏။

'' ချွင်....... ''

ဓားသေတ္တာပွင့်လျှင် ပွင့်ချင်း သွေးအရိုးကြာပွတ်နှင့် နတ်ဆိုးမီးလျှံနက်ထက် မညံ့သော ရောင်ဝါ နှင့်အတူ ပျင်းရိပျင်းတွဲဟန်၊ ဓားတစ်လက်က ဓားသေတ္တာအတွင်းမှ ထွက်လာလေသည်။

" ကဲ မင်းတို့နှစ်ယောက်စလုံး ဝင်လာခဲ့၊.... လျှို့ဝှက်နယ်မြေ မဖွင့်ခင် မင်းတို့နှစ်ယောက်ကို သတ်ဖို့က မကောင်းတဲ့ အရာတော့ မဟုတ်ပါဘူး.... "

လင်းယွန်က ပြုံးလိုက်ကာ အဆုံးမရှိ တိုက်ခိုက်လိုသော ဆန္ဒကို ထုတ်ဖော်လိုက်၏။ လအနည်းငယ် အတွင်း သေရှင်တိုက်ပွဲများ ဆင်မြန်းပြီးနောက်၊ ဤအချိန် ဤနေရာ၌ အကယ်၍သာ မိန်ဇီယာနှင့် ရွှန်းတူတို့ကို ရင်ဆိုင်ဝံ့ခြင်း မရှိပါက၊ သူ၏ သိုင်းတာအိုတွင် အတွင်းနတ်ဆိုးအား မွေးမြူမိသွားမည် ဖြစ်သည်။

ရုတ်တရက် လေထုသည် တင်းကျပ်လာခဲ့ပြီး၊

" ကောင်းပြီ၊ မင်းဘယ်လောက်ထိ မောက်မာ နိုင်ဦးမလဲ ကြည့်ရအောင်...... ''

ရွှန်းတူက ဟစ်အော်လိုက်သည်။ သူ၏ ပြင်းပြသော သတ်ဖြတ်လို စိတ်သည် ကောင်းကင်သို့တိုင် ပျံ့လွင့်တက်သွား၏။

'' ................. ''

" ကျေးဇူးပြုပြီး... "

'' ကျေးဇူးပြုပြီး .... ''

မြင်းစီးလူတစ်စုသည် လူအုပ်ကြီး အတွင်းသို့ တိုးဝှေ့ ဝင်ရောက်လာကာ၊ တိုက်ပွဲ ကွင်းပြင်ဆီသို့ ချည်းကပ်လာ ခဲ့သည်။ ထိုလူစုအား ဦးဆောင်လာသူမှာ မင်ယီဖြစ်ပြီး၊ သူက မိန်ဇီယာနှင့် ရွှန်းတူကို မြင်လိုက်သည်နှင့်၊ အံသြသွားဟန်ဖြင့်၊

'' အို မင်းတို့နှစ်ယောက်က ဒီမှာ ဘာလုပ်နေတာလဲ၊ ကြည့်ရတာ တစ်ယောက်ယောက်က မင်းတို့နှစ်ယောက် စလုံးကို စော်ကားသွား ပုံပဲ၊ အပြာရောင်နေမင်း နိုင်ငံမှာ တကယ်ပဲ ဒီလိုလုပ်ဝံ့တဲ့သူ ရှိနေတာလား....... ''

" သက်တံရောင် နန်းဆောင်ဂိုဏ်း "

ပတ်ဝန်းကျင်မှ သိုင်းသမားများသည် မင်ယီကို တွေ့သည်နှင့် အော်ဟစ်လိုက်ပြီး၊ ဤမျှအရေးကြီးသော အခိုက်အတန့်တွင် ၎င်းသည်ဝင်ရောက် စွက်ဖက် လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

မင်ယီကို မြင်သောအခါ လူအုပ်ကြီး သာမက လင်းယွန်သည်လည်း အံ့ဩသွား၏။ ၎င်းမင်ယီထံ၌ မည်သည့် ရည်ရွယ်ချက်များ ရှိနေမှန်း သူက မသိနိုင်ပေ။

မင်ယီ၏ လှောင်ပြောင်သံကြောင့်၊ မိန်ဇီယာနှင့် ရွှန်းတူ၏ မျက်နှာများမှာ ပျက်ယွင်းသွား၏။

"မင်ယီ၊ မင်းက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ... "

ထိုမေးခွန်းကို မဖြေခင် မင်ယီက မြင်းပေါ်မှခုန်ချလိုက်ပြီး၊

'' ငါဘာလုပ်ဖို့မှ မဟုတ်ပါဖူး၊ မင်းတို့နှစ်ယောက် ဘယ်လောက်အထိ အရှက်ကင်းမဲ့ နေလဲဆိုတာကို ငါ လာကြည့်တာ၊ မင်းတို့ ဆီကနေ တစ်စုံတစ်ခု သင်ယူနိုင်ရင်ကို၊ အပြာရောင်နေမင်း လျှို့ဝှက် နယ်မြေထဲမှာ အသုံးဝင် နိုင်မလား ဆိုတာ ဘယ်သူသိမလဲ၊ ဟေး ဒါနဲ့ နေပါဦး၊ မင်းတို့ နှစ်ယောက် ဘာလို့ဆက်မသွားပဲ ရပ်နေကြတာလဲ၊အို .......ကျွတ်... ကျွတ်... မင်းတို့နှစ်ယောက်က မင်းတို့ရဲ့ အဆင့်မြင့် တော်ဝင် လက်နက်တွေကိုတောင် ထုတ်ပြလိုက်တာကိုး၊ ငါအတွက် တကယ့်ကို မျက်စိပွင့် စေတဲ့ အတွေ့အကြုံပါပဲ ''

မိန်ဇီယာနှင့် ရွှန်းတူသည် မင်ယီမှ ရုတ်တရက် ထွက်ပေါ်လာခြင်းကြောင့်၊ ယခုအချိန်၌ သတ်ပစ်ချင်မိသည် အထိ မုန်းတီးသွား ကြသည်။ စကားတစ်ခွန်း စီတိုင်းသည် သူတို့၏ မာနကိုချနင်းရာ ရောက်ခဲ့ပေ၏။

'' အမှိုက်တစ်စကို သတ်ဖို့ ငါ အကူအညီ မလိုဘူး.... ''

မိန်ဇီယာ၏ မျက်နှာသည် အေးစက်သွားပြီးနောက်၊ နတ်ဆိုး မီးလျှံနက်ကို ရုတ်သိမ်းလိုက်ကာ၊ နောက်လှည့် ထွက်ခွာ သွား၏။

တစ်ဖက်တွင် ရွှန်းတူက မျက်မှောင်ကြုတ် လိုက်မိ၏။ သူက ဤအခွင့်အရေးကို လက်လွှတ် မခံချင်ပေ။ သွေးတိမ်ဂိုဏ်းနှင့် လင်းယွန်၏ ကြားက အာဃာတသည်၊ မိန်ဇီယာ၏ ကိုယ်ရေးကိုယ်တာ အငြိုးဖြင့် နှိုင်းယှဉ်ပါက ပို၍ ပြင်းထန်ပေ၏။

၎င်းသည် သွေးတိမ်ဂိုဏ်း၏ ဂုဏ်သတင်းနှင့် သက်ဆိုင်နေ ခဲ့သည်ကြောင့်၊ အလွယ်တကူ အလျော့ပေး ထွက်ခွာလိုခြင်း မရှိပဲ၊ စိတ်ရှုပ်ထွေး စွာဖြင့် သွေးတိမ်ဂိုဏ်း၏ အကြီးအကဲ အချို့ထံသို့ လှည့်ကြည့်လိုက်ရာ၊ ယင်းအကြီးအကဲတချို့သည် သူ့အား ခေါင်းယမ်းပြနေသည်ကို တွေ့လိုက်ရသည်။ လျှို့ဝှက်နယ်မြေမှာ ဖွင့်လှစ်ရန် နီးကပ်နေပြီ ဖြစ်ပြီး၊ သက်တံရောင်နန်းဆောင်ဂိုဏ်းနှင့် ထိပ်တိုက်ညတွေ့ဆုံခြင်းသည် ၎င်းတို့အတွက် ရလာဒ်ကောင်းများကို ထွက်ပေါ်လာစေမည် မဟုတ်ချေ။

" သတိထား မင်ယီ၊ မင်းသူ့ကို ဘယ်လောက်ကြာကြာ ကာကွယ် နိုင်မလဲဆိုတာ ငါကြည့်မယ်......"

ရွှန်းတူက အေးစက်စွာ ခြိမ်းခြောက်လိုက်ပြီး၊ သွေးတိမ်ဂိုဏ်း နှင့်အတူ ထွက်ခွာ သွားခဲ့၏။

'' ချွင်...... ''

လင်းယွန်သည် သူ၏ ဓားကို ပြန်လည် သိမ်းယူလိုက်ပြီး၊ မီးလျှံနတ်ဆိုး ခန္ဓာကိုယ်ကို ဆုတ်ခွာလိုက်သည်။

" မင်း ငါ့ကို ဘာလို့ ကူညီနေတာလဲ"

" ငါ့ရဲ့ အကူအညီ မရရင်တောင်၊ မင်းရဲ့ ပြီးပြည့်စုံသော မီးလျှံနတ်ဆိုးခန္ဓာကိုယ်က ရွှန်းတူတို့ နှစ်ယောက်ကို ဖြေရှင်းနိုင်မှာပဲ မဟုတ်လား .... ''

မင်ယီက ရယ်မောလိုက်ပြီး၊ လင်းယွန်၏ မေးခွန်းကို ပြန်မဖြေခဲ့ပေ။

ပတ်ဝန်းကျင်ရှိ လူများစွာသည်လည်း တိုက်ပွဲ ရုတ်သိမ်းသွားသည်နှင့် ထွက်ခွာသွားကြသည်ပြီး ခဏချင်းမှာပင်၊ တိုက်ပွဲကွင်းပြင်သည် ပြန်လည် စည်ကား လာခဲ့၏။ မင်ယီက လူအုပ်အတွင်းသို့ ငေးကြည့်လျှက်မှ၊

" ........ပွင့်ပွင့်လင်းလင်း ပြောရရင် လျှို့ဝှက်နယ်မြေထဲမှာ၊ မင်းရဲ့ အကူအညီကို လိုအပ်ရင်၊ ရယူချင်လိုပဲ...... ''

မင်ယီ၏ ရိုးသားစွာ တောင်းဆို လာမှုအား လင်းယွန်က ငြင်းဆန်ရန် စိုးရွံ့သွားခဲ့ပြီး၊ လက်တစ်ဖက်အား ဝှေ့ယမ်းလျက်၊

'' မင်းက ချဲ့ကားလွန်းနေပါလား၊ ဆန္ဒရှိရင် ငါတို့ တစ်ယောက်ကို တစ်ယောက် ကျောချင်းကပ်ထားလို့ ရပါတယ်...."

နောက်ဆုံးတွင် မင်ယီသည် လင်းယွန်၏ အကူအညီအား ရယူချင် စိတ်ဖြင့် ကူညီပေးခဲ့ခြင်း ဖြစ်သည်ကို သိရှိ လိုက်ရသော်လည်း၊ ယင်းသည် သူ၏ အကျိုးအမြတ်ကို ထိခိုက်စေမည် မဟုတ်သည်ကြောင့်၊ စိတ်လက်ပေါ့ပါးစွာ သဘောတူလိုက်သည်။

ထို့ကြောင့် လူတိုင်း မျှော်လင့်ထားသည့် တိုက်ပွဲသည် မင်ယီကြောင့် ပြီးဆုံးသွားခဲ့၏။ ယင်းသည် လူအများကို စိတ်ပျက်စေကာ၊ သူတို့သည် ဤတိုက်ပွဲ၌ တစ်စုံတစ်ယောက်အား ဒဏ်ရာ ရရှိစေရန် မျှော်လင့် ထားခဲ့ကြပြီး၊ ထိုသို့ ဖြစ်ခဲ့ပါက နွားကွဲလျှင် ကျားစွဲ ဆိုသည့်အတိုင်း ၎င်းတို့သည် အချို့သော အကျိုးအမြတ်များကို ရရှိနိုင်ပေမည်ဟု မျှော်လင့်ခဲ့ ကြသည်။

'' သူတို့နှစ်ယောက်က အဆင့်မြင့် တော်ဝင်လက်နက်တွေကိုတောင် သူတို့နဲ့အတူ ယူလာတယ်ဆိုတော့၊ နတ်ဘုရားအဆင့် ရတနာတွေကို ရယူနိုင်လိမ့်မယ်လို့ တွက်ဆ ထားပုံရတယ် ''

မင်ယီက မိန်ဇီယာနှင့် ရွှန်းတူတို့ ထွက်သွားရာ အရပ်သို့ မျှော်ကြည့်ကာ၊ လေးလေးနက်နက်ရေရွတ် လိုက်လေသည်။

" နတ်ဘုရားအဆင့် လက်နက်တွေလား... ''

လင်းယွန်က အံ့သြသွား၏။ နတ်ဘုရားအဆင့် ရှေးဟောင်းပစ္စည်းများသည် တော်ဝင်လက်နက်များထက် အဆင့်အတန်း မြင့်မားလှပေသည်။ အပြာရောင်နေမင်း နိုင်ငံရှိ အာဏာရှင် ဂိုဏ်းငယ် သုံးဂိုဏ်းသည်ပင်၊ နတ်ဘုရားအဆင့် ရတနာမျိုးကို မပိုင်ဆိုင်ထားချေ။

'' မင်းသာ နတ်ဘုရားအဆင့် လက်နက်တွေရဲ့ စွမ်းအားကို ဆယ်ပုံတစ်ပုံလောက်သာ ထုတ်သုံးနိုင်ခဲ့ကြည့်၊ ရှန်ရှင်းသတ္တမအဆင့် သိုင်းသမားတွေတောင် အလွယ်တကူ သေစေနိုင်လိမ့်မယ်၊ ... ဒါပေမယ့် လျှို့ဝှက်နယ်မြေထဲက နတ်ဘုရားအဆင့် လက်နက်တွေကို ဘယ်သူကမှ ထုတ်ယူနိုင်ခဲ့တဲ့အထိ ကံမကောင်းကြပါဘူး..."

မင်ယီက ပြုံးကာ ရှင်းပြလိုက်သည်။ သူ့ အနားတွင် ရပ်နေသော အဖိုးအိုသည် ခေါင်းယမ်းလျက် သက်ပြင်းချကာ၊

" ရှန်ရှင်းသိုင်းသမားတွေက နတ်ဘုရားလက်နက်တွေကို ရယူနိုင်ဖို့ဆိုတာက ခက်ခဲလွန်းလှပါတယ်၊ မင်းက ကံကောင်းလွန်း ခဲ့ရင်တောင် ဒါကို ရိတ်သိမ်းနိုင်ဖို့ ခွန်အားလိုသေးတယ် မဟုတ်လား......"

လင်ယွန်သည် သူတို့နှစ်ဦး စကားပြော နေသည်ကို ကြားသောအခါ လေးလေးနက်နက် တွေးတော မိသွားသည်။ လျှို့ဝှက်နယ်မြေအတွင်း၌ နတ်ဘုရားအဆင့် ရတနာများ ရှိနေကြောင်း သူသိထား ခဲ့သော်လည်း၊ ၎င်းတို့အား ရိတ်သိမ်း နိုင်ရန်အထိ ကံကောင်းဖို့ လွယ်ကူမည် မဟုတ်ပေ။

ချိုင့်ဝှမ်းအဝင်ဝတွင် ရုပ်တုနှစ်ရုပ်သည် အဆုံးမရှိ ရောင်ဝါများ ထုတ်လွှတ်လျက် ရှိနေဆဲပင်။

လူများစွာသည်လည်း လင်းယွန်ကဲ့သို့ပင် မျှော်လင့်ချက်များ ပြည့်နှက်နေခဲ့သည်။ ကောင်းကင်ယံ၌ လေဟာနယ် အလွှာတွန့်များ စတင် ဖြစ်ပေါ်လာခဲ့ပြီး၊ ယင်းဖြစ်ရပ်များကြောင့် လျှို့ဝှက်နယ်မြေ မကြာခင် ပွင့်လာတော့မည်ကို မည်သူမဆို ခန့်မှန်းနိုင်ကြ၏။ သို့သော် အချိန် အတိအကျကိုမူ မသိနိုင်ချေ။

ထိုအချိန်မှာပင်၊ မြောက်ဘက်အရပ်ဆီ၌ ထိတ်လန့် တုန်လှုပ်စရာ ကောင်းသော ဓားရောင်ဝါများ ထွက်ပေါ် လာလေသည်။ အလွန်ဝေးကွာသော အကွာအဝေးမှပင် ၎င်းအလင်းရောင် အစုအဝေးကြီးကို သတိပြု မိလိုက်နိုင်ပေသည်။

'' ဘယ်လောက်တောင် အစွမ်းထက်လိုက်တဲ့ ဓားရောင်ဝါများလဲ.... ''

ဓားသမားတစ်ယောက်အနေနှင့် လင်းယွန်၏ မျက်နှာသည် ပြောင်းလဲသွားပြီး၊ ဓားအလင်းများ ထွက်ပေါ်လာရာ မိုးကုပ်စက်ဝိုင်း ဆီသို့ ခေါင်းကို မော့ကြည့်လိုက်သည်။

ကောင်းကင်ယံ၌ မီတာ တစ်သောင်းခန့်ကျယ်ဝန်းသော အကွာအဝေး အတွင်းရှိ တိမ်တိုက်များသည် ဓားရောင်ဝါကြောင့် ဖြည်းညှင်းစွာ ရွေ့လျား တောက်ပ နေကုန်၏။ တိမ်တိုက်များ အောက်တွင် ကြီးမားသော ဓါးငှက်ဆယ်ကောင်သည် လူတစ်စုအား တင်ဆောင်လျက် ပျံသန်း လာလေသည်။

ကြောက်မက်ဖွယ်ကောင်းသော ဓားရောင်ဝါသည် ထိုလူများထံမှ ထွက်ပေါ်ခြင်း ဖြစ်၏။

'' ကောင်းကင်ဘုံဓါးနန်းတော်ဂိုဏ်း ''

မင်ယီက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။

'' ..... သူတို့က တကယ်ပဲ၊ လာခဲ့တာလား...... ''

လင်းယွန်က စိတ်လှုပ်ရှားခြင်း များစွာဖြင့်၊ ရေရွတ်လိုက် မိလေသည်။

***

All Chapters