စည်းတံဆိပ်ပွင့်လာခြင်း။
Vol. 9 Ch. 126
ဓားငှက်များသည် မာနကြီးသော ရှန်ရှင်းနတ်ဆိုးသားရဲများ ဖြစ်သည်။ သူတို့၏သက်တမ်းသည် ဆယ်နှစ်သာရှည်ကြာသော်လည်း ၎င်းတို့သည် ရှန်ရှင်းအတားအစီးကို ဖြတ်ကျော်နိုင်လျှင်၊ နက်နဲနယ်ပယ်နတ်ဆိုးသားရဲများအဖြစ် ကြီးထွားလာမည် ဖြစ်သည်။
ဆယ်နှစ်သည် နတ်ဆိုးသားရဲများအတွက် မျက်စိတစ်မှိတ်မျှသာဖြစ်သော်လည်း၊ ၎င်းသည် ဓားငှက်များ၏ဘဝတစ်ခုလုံးကို ကိုယ်စားပြုပေ၏။ ဆိုလိုသည်မှာ၊ ယင်းသားရဲတို့သည် ဆယ်နှစ်အကြာတွင် သေဆုံးနိုင်သည်၊ သို့မဟုတ် နက်နဲနယ်ပယ်မှ နတ်ဆိုးသားရဲများအဖြစ်သို့ ကြီးပြင်းလာမည်ဖြစ်သည်။ မဟာချင်အင်ပါယာတစ်ခုလုံးရှိ ဂိုဏ်းတစ်ဂိုဏ်းသည်သာ ဤသို့မြင့်မြတ်သော နတ်ဆိုးသားရဲများကို ပိုင်ဆိုင်ထားနိူင်သည်။ ရှင်းရှင်းဆိုရသော် ဓားငှက်များသည် ကောင်းကင်ဘုံဓါးနန်းတော်ဂိုဏ်း၏ သင်္ကေတပင်ဖြစ်လေသည်။
ထိုဂိုဏ်းသည် မဟာချင်အင်ပါယာရှိ မဟာဂိုဏ်းကြီး လေးဂိုဏ်းအနက် ဓားငှက်များအား ပိုင်ဆိုင်ထားခဲ့သည့်၊ တစ်ခုတည်းသော ဓားဂိုဏ်းဖြစ်ပေသည်။ ဂိုဏ်းတွင်းရှိတပြည့်တိုင်းသည် ဓားများအသုံးပြုရာတွင် ကျွမ်းကျင်ကြပြီး၊ ၎င်းသည် ဓားသမားများအတွက် သန့်ရှင်းသောမြေ ဖြစ်ပေသည်။
လင်းယွန်သည် ဂိုဏ်းကြီးလေး ဂိုဏ်းသို့ ၀င်ရောက်လိုသောကြောင့် ကောင်းကင်ဘုံဓါးနန်းတော်ဂိုဏ်းအကြောင်းကို အနည်းအကျင်း သိရှိထားခဲ့သည်။ ထို့ကြောင့်ပင် ဓားငှက်များအားမြင်လိုက်သည်နှင့် စိတ်လှုပ်ရှားလာခဲ့ခြင်း ဖြစ်၏။
ဂိုဏ်းကြီးလေးဂိုဏ်းဖြစ်သော ကောင်းကင်ဘုံဓါးနန်းတော်ဂိုဏ်း၊ ရှေးဟောင်းတာအိုဂိုဏ်း၊ ထာဝရမြင့်မြတ်ခြင်းဂိုဏ်းနဲ့ လနတ်ဆိုးဗိမ္မာန်ဂိုဏ်းတို့အနက်မှ ကောင်းကင်ဘုံဓါးနန်းတော်ဂိုဏ်းအား ပို၍ တောင့်တခဲ့၏။
လင်းယွန်ကဲ့သို့ပင် လူအုပ်ကြီးသည် မိုးကုတ်စက်ဝိုင်းပေါ်၌ထွက်ပေါ်လာသော ဓားငှက်များအား အားကျစွာ စူးစိုက်ကြည့်နေကြသည်။
'' ဝူးရှ်။ ....... ''
ဓားငှက်များသည် မည်သည့်အရာမျှ၊ ထိုးဖောက် ဝင်ရောက်လာနိုင်ခြင်း မရှိသော ရောင်ဝါများကို သိပ်သည်းစွာထုတ်လွှတ်လိုက်ပြီး၊ အောက်သို့ဆင်းသက်လာသည်။ မီတာတစ်သောင်း အမြင့်မှသည် ၎င်းတို့၏ အရှိန်အဟုန်ကြောင့် ချက်ခြင်းပင် လျင်မြန်စွာ နိမ့်ဆင်းလာ၏။
ဓားငှက်များ နိမ့်ဆင်း ချဉ်းကပ်လာသည်နှင့်၊ ၎င်းတို့၏ဓားရောင်ဝါသည် လူတိုင်း၏ နှလုံးသားများထံသို့၊ နက်ရှိုင်းသော ကြောက်ရွံ့မှုများ ဝင်ရောက်သွားစေသည်။ တစ်ဆက်တည်းမှာပင် လေထုအတွင်း၌ ဖိအားများ လေးပင်စွာ ကျရောက်လာ၏။
'' ဝှစ်..... ဝှစ် ဝှစ် ''
ဓားငှက်များပေါ်မှ လူများစွာ ဆင်းလာကြပြီး၊ ၎င်းတို့အားလုံးသည် မြေပြင်သို့ ဆင်းသက် ရပ်တန့် လိုက်သည့် အချိန်တွင်၊ ထိုသူတို့ထံမှ ယိုစိမ့်ကျနေခဲ့သော အရှိန်အဝါများသည် ဓားသွားများ ကဲ့သို့ ထက်ရှ နေခဲ့လေပြီ။ ထိုအရှိန်အဝါများက တိမ်ယံထဲသို့တိုင် ထိုးဖောက်ဝင်ရောက်သွားကာ၊ ဤဓားရောင်ဝါများမှ ဖြစ်ပေါ်လာသော ဖိအားသည်၊ ၎င်းတို့၏ ခွန်အားကို ကိုယ်စားပြုပေသည်။
လူတိုင်း၏ အာရုံစိုက်မှုကို အခံရဆုံးသည် ပထမဆုံးသော ပျံဝဲဆင်းသက်လာသူ ထံ၌သာ ရှိနေခဲ့၏။
ထိုသူ၏ အဖြူရောင်အဝတ်အစားများသည် လေထဲ၌ တဖျတ်ဖျတ် လွင့်ပျံနေကာ၊ လက်နှစ်ဖက်အားနောက်သို့ ပစ်လျက် မောက်မာစွာ ရပ်တန့်လိုက်၏။ တခြားတပည့်များနှင့် ကွဲပြားစွာပင် ထိုအဖြူရောင် လူငယ်သည် ဓားသေတ္တာအား ထမ်းပိုးထားလေပြီ။
၎င်းထံမှ ထွက်ပေါ် လာသော အငွေ့အသက်များသည် ထက်မြနေခဲ့ပြီး၊ ရှန်ရှင်းသတ္တမအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်ကို ထင်ရှားစွာတွေ့မြင်နေရ၏။
" ရှန်ရှင်းသတ္တမအဆင့်လား....."
လင်းယွန်က အံ့ဩသွားသည်။ ဤလူငယ်သည် သူ့ထက် အနည်းငယ်သာ၍ အသက်ကြီးသော်လည်း ယင်း၏ ကျင့်ကြံမှုသည် သတ္တမ အဆင့်၌ ရှိနေကာ၊ ထိုကဲ့သို့သောအရည်အချင်းမျိုးသည် ကောင်းကင်ကို အံတုနိုင်သော စွမ်းရည်မျိုး ဖြစ်ပေသည်။
မင်ယီက လင်းယွန်၏ အာမေဋိတ်သံကြောင့် ပြုံးပြလိုက်ပြီး၊
" သူက လွန်ခဲ့တဲ့ တစ်နှစ်ထဲက ရှန်ရှင်း သတ္တမအဆင့်ကို ရောက်နေပြီးသား၊ သူအလိုရှိရင် နက်နဲနယ်ပယ်ကို အချိန်မရွေး တက်လှမ်းနိုင်တယ်၊ လူတိုင်း လက်လှမ်း မမီနိုင်တဲ့ နက်နဲ နယ်ပယ် ဆိုတာက သူလို ကြီးကျယ် ခမ်းနားတဲ့ ပါရမီရှင် တစ်ယောက် အတွက်၊ ခြေလှမ်း တစ်လှမ်း သာသာပါပဲ... ''
မင်ယီ၏စကားကိုကြောင့် လင်းယွန်က ပိုလို့တောင် အံ့သြသွား၏။
'' ဒါဆို သူက ဘာလို့ ဒီအဆင့်ကို မတက်လှမ်းရတာလဲ ''
'' ကောလဟာလတွေအရတော့ သူက သူ့ကိုယ်သူဖိနှိပ်ထားတာပဲ၊ ကျင့်ကြံခြင်း လောကမှာ ရှန်ရှင်းဘုံက သိုင်းသမားတွေအတွက် အခြေခံအုတ် မြစ်ဖြစ်တာကြောင့်၊ ... ”
“ ... မင်းက ရှန်ရှင်းဘုံမှာ မင်းရဲ့ ခန္ဓာကိုယ်ကို ပြီးပြည့်စုံအောင်ပြုပြင်နိုင်ရင်၊ နက်နဲ နယ်ပယ်ကို ရောက်တဲ့အခါ မင်းရဲ့ ခန္ဓာကိုယ်က ရှေးဟောင်း နတ်ဘုရား ကိုယ်ခန္ဓာအဖြစ် ပြောင်းလဲ သွားနိုင် တယ်၊ ... ”
“ ... ဒါက ကောလဟာလ တစ်ခု ဆိုရင်တောင်၊ မင်းရဲ့ ပြုပြင်ထားနိုင်မှုက နက်နဲနယ်ပယ်မှာ မယုံနိုင်လောက်အောင် သေချာပေါက် သန်မာလာလိမ့်မယ် ။ ''
မင်ယီက ရှင်းပြလိုက်သည်နှင့်၊ မင်းယီဘေးရှိ အဖိုးအိုက သက်ပြင်းချလိုက်ကာ၊
" လက်လှမ်းမမီနိုင် လောက်အောင် ကြီးကျယ် ခမ်းနားတဲ့ ပါရမီရှင်တွေကသာ ဒါမျိုးကို လုပ်နိုင်လိမ့်မယ်၊ အဲ့ဒီလိုမှ မဟုတ်ရင် သူ့တစ်ဘဝလုံး နက်နဲနယ်ပယ်ကို တက်လှမ်းနိုင်မယ့် အခွင့်အရေးကို လက်လွတ်ဆုံးရှုံး သွားနိုင်တယ်။ ''
" သူက ဘိုင်လိရွှမ်လေ၊ သူမှာ ဒီလိုလုပ်နိုင်တဲ့ အရည်အချင်း ရှိတယ်၊... ဒါပေမယ့် သူက ကောင်းကင်ဘုံဓားနန်းတော်ဂိုဏ်းရဲ့ တပြည့်တွေကို၊ ဦးဆောင် လာလိမ့်မယ် လို့ကတော့ ဘယ်တုန်းကမှ မမျှော်လင့်ထားမိဘူး...''
မိန်ဇီယာနှင့် ရွှန်းတူသည်လည်း ဘိုင်လိရွှမ်အား ကြည့်သောအခါတွင် ၎င်းတို့၏ မျက်လုံးများ၌ လေးစားအားကျ မှုများဖြင့်၊ လင်းလက်တောက်ပ နေခဲ့သည်။ ဘိုင်လိရွှမ်၏ နာမည်သည် အပြာရောင်နေမင်းနိုင်ငံကဲ့သို့သော ဝေးလံခေါင်သီသည့် အရပ်၌ပင် လူသိများ ကျော်ကြားလှပြီး၊ ၎င်းသည် မဟာချင်အင်ပါယာရှိ၊ ထိပ်ဆုံးရောက် ပါရမီရှင်များထဲမှ တစ်ဦးဖြစ်ပေသည်။
တစ်ချိန်တည်းမှာပင် ဘိုင်လိရွှမ်က လူအုပ်ကြီးထံမှ ထွက်ပေါ်လာသော အာမေဋိတ် သံများကို လျစ်လျူရှုထားလိုက်၏။ သူ့ခန္ဓာကိုယ် အတွင်းရှိ ထက်မြသော ရောင်ဝါများကို ရည်ရွယ်ချက်ရှိရှိ ယိုစိမ့်စေလျက်မှ ရှေးဟောင်းရုပ်တု နှစ်ရုပ်ထံသို့ ကြည့်ရှုနေခဲ့သည်။
ထိုမြင်ကွင်အား ရပ်ကြည့်နေမိသောလင်းယွန်မှာ ငြိမ်သက်သွား၏။ ဘိုင်လိရွှမ် ကဲ့သို့သော တစ်စုံတစ်ယောက်သည် သူမျှော်ကြည့် ရမည့်သူ ဖြစ်သည်။ သို့သော် ဒူးထောက်ရန်မူ ရည်ရွယ်ချက် မရှိပေ။ ဤဘိုင်လိရွှမ်အား ငေးကြည့်နေလျက်မှ သူ၏ နှလုံးသားထဲတွင် တိုက်ပွဲဝင် လိုစိတ်များ တဖွားဖွား ဖြစ်ပေါ် နေပေ၏။
မိန်ဇီယာနှင့် ရွှန်းတူကဲ့သို့သော တစ်စုံတစ်ယောက်သည် ဘိုင်လိရွှမ်နှင့် နှိုင်းယှဉ်နိုင်သော အရာမဟုတ်ပေ။ ထို့ကြောင့်ပင် ၎င်းတို့နှစ်ဦးနှင့်အစောပိုင်းရန်ပွဲမှ ဖြစ်ပေါ်လာသော လင်းယွန်၏ မောက်မာမှုသည်၊ ယခုအချိန်၌ ပျောက်ကွယ် သွားနှင့်လေခဲ့သည်။ လောက၌ တစ်တောင်ထက်တစ်တောင်သည် ပို၍ မြင့်ပေ၏။ ယခုအချိန်ထိ တွေ့မြင်နေရသောအရာအားလုံးသည် သန်မာသောစွမ်းအားများ၏ အစွန်အဖျား မျှသာ ဖြစ်လေသည်။
'' .............. ''
ရုတ်တရက် ကောင်းကင်ယံ၌ ကြောက်မက်ဖွယ်ကောင်းသော အလင်းရောင်များ ထွက်ပေါ်လာပြန်သည်။ ၎င်းသည် လေသင်္ဘောတစ်စင်း ဖြစ်ပြီး၊ ထိုလေသင်္ဘောပေါ်တွင် ခရမ်းရောင်အလံ တစ်လက်ကို လွင့်ထူ ထားခဲ့ကာ၊ ယင်းအလံသည် လေထုထဲတွင် တဖျပ်ဖျပ်ခတ်နေခဲ့ လေသည်။
" လနတ်ဆိုးဗိမ္မာန် ဂိုဏ်း။ ''
လူတိုင်းသည် ထိုသင်္ဘော၏ ဇာစ်မြစ်ကို ချက်ခြင်း မှန်းဆလိုက်ကြပြီး၊ အံသြထိတ်လန့် သွားကြ၏။ လနတ်ဆိုးဗိမ္မာန်ဂိုဏ်းသည် မဟာဂိုဏ်းကြီး လေးဂိုဏ်းအနက်မှ ဂိုဏ်းတစ်ဂိုဏ်းဖြစ်ကာ၊ ၎င်းတို့၏ နောက်ခံသည် ကောင်းကင်ဘုံ ဓားနန်းတော်ထက် ပိုမိုအား ကောင်းလှသည်။ လနတ်ဆိုးဗိမ္မာန်သည် ရှေးဟောင်းမြင့်မြတ်နယ်မြေမှ ဆင်းသက်လာပြီး၊ ၎င်းတို့သည် မြင့်မြတ်သော နယ်မြေရှိ ပင်မ ဂိုဏ်းကြီး၏ ဂိုဏ်းခွဲတစ်ခု မျှသာ ဖြစ်ကြောင်း ကောလဟာလများ ထွက်ပေါ်နေခဲ့သည်။
တစ်ချိန်တည်းမှာပင် ၎င်းတို့သည် ဂိုဏ်းကြီးလေး ဂိုဏ်းအနက် လျှို့ဝှက် ဆန်းကြယ် ဆုံးသော ဂိုဏ်းကြီး တစ်ဂိုဏ်း ဖြစ်ခဲ့လေသည်။
ယင်းဂိုဏ်းဝင်များသည် ပြင်ပ ကျင့်ကြံသူ များနှင့် ပတ်သတ် ဆက်ဆံခြင်းကို တင်းကျပ်စွာ တားမြစ်ထား ခဲ့ပြီး၊ အထီးကျန် ဝံပုလွေများ ကဲ့သို့ လျှို့ဝှက်ဆန်းကြယ်စွာ ကျင့်ကြံတတ်ကြပေသည်။
လေသင်္ဘောသည် မြေပြင်သို့ မဆင်းသက်မီ ရုပ်တုနှစ်ခု ဆီသို့ ခမ်းနားစွာ ပျံသန်း သွားခဲ့သည်။ ယင်းနယ်မြေအား အခြားတပ် ဖွဲ့ဝင်များက သိမ်းပိုက် ထားပြီး ဖြစ်သော်လည်း၊ အဆိုပါ တပ်ဖွဲ့ ဝင်များသည် လနတ်ဆိုး ဗိမ္မာန်၏ လေသင်္ဘောကို တွေ့လိုက်သော အခါတွင်၊ ချက်ချင်း ဆုတ်ခွာသွား ခဲ့ကြသည်။
လေသင်္ဘောပေါ်မှ ခရမ်းရောင်ဝတ်စုံများ ဆင်မြန်းထားသော လူတစ်စုဆင်းသက်လာပြီး၊ ယင်းလူစုအား ဦးဆောင် လာသူသည် ရှန်ရှင်း သတ္တမ အဆင့် သိုင်းသမားတစ်ဦး ဖြစ်ကာ၊ သူ၏ ခွန်အားနှင့် အသက်အရွယ်အရ ဘိုင်လိရွှမ်အောက် မရောက်ရှိပေ။
" စီရွှယ်ယီ ပဲ... သူလည်း လာခဲ့တာလား.... ''
မင်ယီ၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားပြီး၊ သဘာဝမကျစွာ လှုပ်ရှား သွား၏။ ထိုသူ့အပေါ်၌ ဘိုင်လိရွှမ် ထက်ပင် ပို၍ ထိတ်လန့် စိတ်ဝင်စား သွားပုံရ၏။
သူ့ဘေး၌ ရပ်ကြည့်နေသည့် လင်းယွန်က မင်းယီ၏ အမူအယာကြောင့် စူးစမ်းချင်စိတ်ဖြင့် မေးမြန်းရန် ပြင်လိုက်သော်လည်း၊ ရုတ်တရက်ပင် ကြောက်မက်ဖွယ် ကောင်းသော လေခွင်း သံများ နှင့်အတူ သားရဲအုပ်ကြီး တစ်အုပ် ထွက်ပေါ်လာတော့သည်။
၎င်းသားရဲများသည် ဓားငှက်သားရဲများ ကဲ့သို့၊ သန့်စင်သော မျိုးဆက်သွေးများ မရှိကြချေ။ သို့သော် ၎င်းသားရဲများသည် ဓားငှက် များထက် မနိမ့်သော အရှိန်အဝါကို ရည်ရွယ်ချက် ရှိရှိ ထုတ်ဖော်ထား ကြလေသည်။
ထိုသားရဲများအား စီးနင်းလိုက်ပါ ကြသူများက တူညီသော အဆောင် အယောင် များကို ဆင်မြန်းထား ကြပြီး၊ အထူးသဖြင့် စီးနင်း လာသော သားရဲများ၏ အရှိန် အဝါသည် ကြမ်းတမ်း လွန်းလှကာ၊ မြင်းများကို ကြောက်ရွံ့သွားစေ၏။
"ဒါက မျိုးနွယ်စုလေးစုထဲက တစ်ခုဖြစ်တဲ့ ဝမ်မိသားစုပဲ..... "
မဟာချင်အင်ပါယာတွင် မျိုးနွယ်စုကြီးလေးစုရှိကာ၊ ၎င်းတို့မှာ ဇောင်၊ ဝမ်၊ လင်းနှင့် လီတို့ဖြစ်ပြီး၊ ယင်းမျိုးနွယ်စု များ၏ သက်တမ်းသည် နှစ်ပေါင်းထောင် ဂဏန်း ကျော်ခန့် ရှိနှင့်နေကြလေပြီ။
၎င်းမျိုးနွယ်စုများကို အင်ပါယာမင်းမြတ်မှ တည်ထောင်ထား ခဲ့ခြင်း ဖြစ်ပြီး၊ ထိုမျိုးနွယ်စု များ၏ အာဏာသည် မဟာချင် အင်ပါယာ၌ ဒုတိယ လိုက်လေသည်။
သို့သော် ဤမျိုးနွယ်စုများ၏ အဓိကရည်ရွယ်ချက်သည် ဂိုဏ်းကြီးလေး ဂိုဏ်း၏ အင်အားကို ထိန်းချုပ်ရန် အတွက်၊ ဖန်တီးထား ခဲ့ခြင်း ဖြစ်ကာ၊ တော်ဝင် မိသားစုဝင် များထံမှ အမိန့်ကို တိုက်ရိုက် နာခံရသော ရုပ်သေးရုပ်များသာ ဖြစ်ပေသည်။
၎င်းတို့သည် မဟာချင်အင်ပါယာအတွင်း နယ်မြေတစ်ခုစီကို လွှမ်းမိုးချုပ်ကိုင်ထားနိုင်ပြီး၊ သာလွန်သောရာထူးများကို ရရှိထားခဲ့သည်။
တနည်းအားဖြင့် ဆိုရသော် ယင်းမိသားစု လေးစုတို့သည် အင်ပါယာမင်းမြတ်၏ လက်တံ များပင် ဖြစ်ပေသည်။
ပုံမှန် မဟုတ်သော အမူ အရာဖြင့် မင်ယီက၊
'' သတင်းပေါက်ကြားသွားတာလား...''
ကောင်းကင်ဘုံဓားဂိုဏ်းနှင့် လနတ်ဆိုး ဗိမ္မာန် ဂိုဏ်း တို့သည် ၎င်းတို့၏ အဖွဲ့ဝင် များကို ဦးဆောင်ရန် အကောင်း ဆုံးသော ရှန်ရှင်း သိုင်းသမား တပည့်များ ကိုပင် စေလွှတ် လာခဲ့သည်။
မျိုးနွယ်စုလေးစုနှင့် ဂိုဏ်းလေးဂိုဏ်း အနက်မှ သန်မာသူများသည် ဤသို့သော အခင်းအကျင်းဖြင့် ရောက်ရှိလာ ခဲ့ခြင်းမှာ အံ့အားသင့်စရာ ဖြစ်ခဲ့ပြီး၊ မင်ယီအား ထိတ်လန့် သွားစေခဲ့ လေပြီ။
'' ဒါက တိုက်ဆိုင်မှုတစ်ခုပါပဲ....''
မင်းယီ၏ အမူအယာများကြောင့် သူ့ဘေးမှ အဖိုးအိုက လှမ်းပြောလိုက်သည်။
သို့သော် မင်ယီက မျက်မှောင်ကြုတ်လျက် ခေါင်းခါယမ်းကာ၊
'' တိုက်ဆိုင်မှုလို့ ကျွန်တော် မယုံဘူး၊ အဆိုးဆုံးအတွက် ပြင်ဆင်ကြရအောင်...."
သူတို့နှစ်ယောက်က တိတ်တဆိတ်ဆွေးနွေး ပြောဆို လိုက်ခြင်းကြောင့် လင်းယွန်မှာ ၎င်းစကားသံမျာကို မကြားမိတော့ချေ။
ဤအခိုက်အတန့်တွင်၊ လင်းယွန်၏ အကြည့်သည် ဝမ်မိသားစုအတွင်းရှိ တစ်စုံ တစ်ယောက်ကို တွေ့မြင်လိုက်ပြီးနောက်၊ သူ၏ မျက်နှာမှာ် သိသိသာသာ ပြောင်းလဲသွား၏။
'' ဝမ်နင်ပါလား...... ''
ထိုတစ်စုံတစ်ယောက်သည် သူ၏ မိတ်ဆွေဟောင်းကြီး ဝမ်နင်ဖြစ်ကာ၊ ဝမ်မိသားစု အတွင်း၌ ၎င်းအဆင့်အတန်းသည် မြင့်မားသော ဂုဏ်ပုဒ်ကို ပိုင်ဆိုင်ထားခဲ့ပုံရပြီး၊ မောက်မာသော ဟန်ဖြင့် လူအိုကြီးအချို့ ခြံရံကာ ထိုင်နေခဲ့လေသည်။
မိုးပြာရောင်းကောင်းကင် ဂိုဏ်း၌ ရှိနေခဲ့စဉ် ဝမ်နင်၏ အသွင်အပြင်နှင့် နှိုင်းယှဉ်ပါက ၎င်း၏ ရောင်ဝါသည် မှတ်မိနိုင်စွမ်း မရှိတော့အောင် ပြောင်းလဲသွားနှင့် ခဲ့လေပြီ။
သို့သော်လည်း လင်းယွန်က ဝမ်နင်အား မှတ်မိနေခဲ့ပြီး၊ တစ်ချိန်တည်း မှာပင် အကြီး အကဲဟောင် သေဆုံးခဲ့ပုံကို ပြန်လည် အမှတ် ရလာ မိသည်နှင့် တပြိုင်နက်၊ သတ်ဖြတ် လိုသော ဆန္ဒများကို ထိန်းချုပ် နိုင်စွမ်း မရှိတော့ပဲ၊ ရုတ်တရက် ထုတ်ဖော် လိုက်မိလေသည်။
လေထုထဲ၌ သွေးဆာနေသော နတ်ဆိုးတစ်ပါး၏ သတ်ဖြတ်လိုခြင်းအသိကို ထင်ရှားစွာ ခံစားလိုက် မိပြီး၊ တမဟုတ်ချင်း မှာပင် ပြန်လည် ပျောက်ကွယ် သွားခဲ့ရာ၊ မင်ယီက ၎င်းဆန္ဒများ ထွက်ပေါ်လာရာသို့ အာရုံခံမိလိုက်ပြီး၊ လင်းယွန်အား အံသြတကြီး လှည့်ကြည့်လာ၏။
ဤလင်းယွန်သည် ရွှန်းတူနှင့် မိန်ဇီယာ တို့ဖြင့် တိုက်ခိုက်ချိန် ၌ပင် ထိုကဲ့သို့သော ဆန္ဒ မျိုးကို ထုတ်ဖော် ခဲ့ခြင်း မရှိ လေရာ၊ မည်သို့သော ရန်သူမျိုးသည် ၎င်းအား ဤမျှ မုန်းတီးလာ စေသည်ကို စိတ်ဝင်စား သွားမိသည်။
"... မင်းရဲ့ ရန်သူကို တွေ့လိုက်တာလား"
မင်ယီက ပြုံးကာ မေးမြန်းလိုက်၏။
'' အင်း.... ဆိုပါတော့ ''
လင်းယွန်က ပြုံးပြီး ပြန်ဖြေလိုက်၏။ သူ့နှလုံးသားထဲတွင် မုန်းတီးမှုများဖြင့် ပြည့်နှက် နေခဲ့ သော်လည်း၊ ယခုအချိန်၌ ၎င်းအား ထုတ်ဖော် ပြောဆိုချင်း မပြုရန် ဆုံးဖြတ် ထားခဲ့သည်။
စင်စစ်သော်ကား မျိုးနွယ်စုလေးစုတို့သည် သာလွန်ထူးကဲသော ဖြစ်တည်မှုမျိုးဖြစ်ပေ၏။
မဟာချင်အင်ပါယာရှိ လူပေါင်းများစွာသည် တောင်းဆိုစရာမလိုပဲ၊ တစ်စုံတစ်ယောက်၏ အသက်ကို ထိုမျိုးနွယ်စုများ ထံသို့ ရောင်းချရန် ဆန္ဒရှိနေ ခဲ့ကြသည်။
အကယ်၍သာ လင်းယွန်သည် ဝမ်မျိုးနွယ်စုဝင် များ၏ တိုက်ရိုက်မျိုးဆက်နှင့်၊ ရန်ငြိုး ရှိနေကြောင်း သိရှိသွားပါက၊ သွေးတိမ် ဂိုဏ်းကို စော်ကားခြင်းကဲ့သို့ ရိုးရှင်းမည် မဟုတ်ပေ။
" ....ထားပါ၊ ငါ့မှာ သဘောတူညီချက်အချို့ ရှိတယ်၊ မင်းစိတ်ဝင်စားလား.....''
မင်ယီက လင်းယွန် မဖြေချင်သည့် မေးခွန်းကို ထပ်မံမေးမြန်းခြင်း မပြုတော့ပဲ၊ အခြားသော အကြောင်းအရာအား ဦးတည် ပြောကြား လာခဲ့သည်။
" အို့ ဆိုပါဦး ....."
လင်းယွန်က မျက်ခုံးပင့်ကာ ပြန်မေးလိုက်၏။ လင်းယွန်ထံမှ စိတ်ဝင်စားမှုကို ရရှိလိုက်သည်နှင့်၊ မင်ယီက လျို့ဝှက်စွာ
ပြုံးလိုက်ပြီး၊
'' ကောင်းပြီ ....အခုက အချိန်မဟုတ်သေးဘူး၊ မင်းသာ လျှို့ဝှက်နယ်မြေထဲမှာ အသက်ရှင်လျက်၊ ငါနဲ့ ပြန်ဆုံနိုင်ခဲ့ရင် ငါပြောပြမယ်။ "
မင်ယီ၏ အဖြေကြောင့်၊ စိတ်ရှုပ်ထွေးသွားသည့်ဟန်ဖြင့်၊ လင်းယွန်က ငြိမ်သက်သွား၏။ မင်ယီသည် လျှို့ဝှက်နယ်မြေအကြောင်း လျှို့ဝှက်ချက်အချို့ကို သိနေခဲ့ပုံရသည်။
" ...လူငယ်သခင်၊ မင်းက တစ်ယောက်ယောက်ကို သည်းမခံနိုင်အောင် ဘယ်လို လုပ်ရမလဲ ဆိုတာကို သိနေပုံရတယ်....."
" စိတ်မရှိပါနဲ့... အပြာရောင်နေမင်းလျှို့ဝှက်နယ်မြေက အန္တရာယ်များလွန်းတယ်၊ မင်းက ရက်အနည်းငယ်ကြာအောင် မနေနိုင်ရင် အဲဒီအကြောင်းကို သိဖို့ အရည်အချင်း မရှိဖူး၊ ဒါပေမယ့် လက်ရှိ အခြေအနေအရ ငါလည်း ဒီလောက်ကြာအောင် နေနိုင်ပါ့မလားဆိုတာ သံသယ ဖြစ်နေတုန်းပဲ... ''
မင်းယီက သက်ပြင်းအား လေးလေးပင်ပင် မချမီ ပြုံးကာ၊
'' ငါတို့ ကံကောင်းနိုင်ဖို့ အတွက်၊ နောက်ထပ် ဂိုဏ်းကြီးတွေနဲ့ မျိုးနွယ်စုဝင်တွေ ရောက်ရှိမလာဖို့ မျှော်လင့်ကြရအောင်...... ''
အချိန်ကြာလာသည်နှင့်အမျှ နေမင်းကြီးသည် တောင်းတန်းများပေါ်၌ မေးတင်စပြုလာပြီး၊ မိုးကုပ်စက်ဝိုင်းအား အနီရောင်များ တောက်ပလာ စေခဲ့သည်။ ဂိုဏ်းလေးဂိုဏ်းနှင့် မျိုးနွယ်စုလေးစုမှ အခြားသော အဖွဲ့ဝင်များ ထပ်မံရောက်ရှိလာခြင်း၊ မရှိခဲ့သည်ကြောင့် မင်ယီ၏ ဆုတောင်းများ ပြည့်ဝလာပေသည်။
သို့သော်လည်း လျှို့ဝှက်နယ်မြေ၏ စည်းတံဆိပ်သည် ပွင့်ရန်လက္ခဏာများ ထပ်မံ မပြသသေးသဖြင့် လူတိုင်းကို စိုးရွံ့လာစေ၏။
'' .......... ''
လူတိုင်း၏ စိတ်ရှည်သည်းခံမှု ကုန်ဆုံးသွားသော အခါတွင်၊ ပုံမှန်မဟုတ်သော စွမ်းအင်လှိုင်းအတက်အကျများ စတင်ဖြစ်ပေါ်လာကာ၊ တစ်ချိန်တည်းမှာပင်၊ ချိုင့်ဝှမ်းအတွင်းရှိ လေဟာနယ်သည် လှိုင်းဂယက်များနှင့်အတူ တွန့်ခေါက်အက်ကွဲလာပြီး၊ ထိုအက်ကွဲကြောင်းများအတွင်းမှ ရှေးဟောင်းအငွေ့အသက်များ အနည်းငယ်ပျံ့လွင့်လာလေပြီ။
'' ............ ရွှီး ''
ထို့နောက်တွင် ရုပ်တုနှစ်ပါးသည် ချိုင့်ဝှမ်း၏ အပြင်ဘက်သို့ ဖြည်းညှင်စွာ ရွေ့လျားသွားတော့၏။ သူတို့ထံမှ အကန့်အသတ်မဲ့စွမ်းအားများကို ထုတ်ဖော်လျက် လက်တစ်ဖက်စီအားမြှောက်ကာ လက်ဖဝါးများကို အချင်းချင်းတွဲဆက်ထားလိုက်လေသည်။
"တံ ဆိပ် ပွင့် လာ ပြီ....''
***