← Chapters

လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်ခြင်း။

Vol. 10 Ch. 127

လျှို့ဝှက်နယ်မြေသို့ ဝင်ရောက်ခြင်း။

Vol. 10 Ch. 127

'' ရွှီး............ ''

လက်ဖဝါးနှစ်ဖက် ထိတွေ့လိုက်သော အခါတွင် ကြီးမားသော တုန်လှုပ် ချောက်ချားမှု တစ်ခု ဖြစ်ပေါ်လာကာ၊ ထိုလက်ဖဝါးများ အောက်မှ တောက်ပသော အလင်းတန်း တစ်သွယ် ထွက်ပေါ်လာသည်။

'' ဘုန်း......... ဘုန်း ''

၎င်းအလင်းတန်းသည် မိုင်တစ်ရာ ပတ်လည် အတွင်းရှိ မြေပြင်အား တုန်ခါသွားစေကာ သဲမှုန် များနှင့် အပျက် အစီးများ အဖြစ် ပေါက်ကွဲ ထွက်လာ စေသည်။

ထိုအမှုန်အမွှား များသည် လူအုပ်ကြီး၏ အမြင် အာရုံအား ဖုံးကွယ် စေပြီးနောက်၊ ခဏအကြာတွင် တွယ်ယှက် ထားသော လက်များ အတွင်းမှ မတူကွဲပြားသော နယ်မြေ တစ်ခုကို လှမ်းမြင်လိုက်ရ လေသည်။

ယင်းနယ်မြေ၏ ကောင်းကင်ယံ၌ မဲညို့သောတိမ်များက လွှမ်းခြုံထားပြီး၊ ပုံမှန် မဟုတ်သော အပျက်အစီး ကုန်းမြေ အချို့ကို အဝေးမှပင်တွေ့မြင်နေရ၏။

၎င်းလေထု အတွင်းရှိ ဝိညာဉ် စွမ်းအင် များသည် သိပ်သည်း နေခဲ့သော်ငြားလည်း၊ ထိုဝိညာဉ် စွမ်းအင် များသည် ရုန့်ရင်း ကြမ်းတမ်းသော ဖရိုဖရဲ စွမ်းအင်များ အဖြစ်သို့ ဖြစ်စ ပြုလာပြီး၊ ကျင့်ကြံသူများ အတွက် စုပ်ယူရန် ခက်ခဲ သွားစေသည်။

ထို့အပြင် ယင်းနယ်မြေအတွင်း၌ ဖြစ်တည်ခဲ့နေသော ဓာတ်သဘာဝ ငါးမျိုး၏ စွမ်းအင်များသည် ရုပ်တုနှစ်ခု၏ လက်များ အတွင်းမှ ကြမ်းတမ်းစွာ ပေါက်ကွဲ ထွက်လာ ခဲ့ပြီး၊ ထိုသို့ကြီးကျယ် ခမ်းနားသော အရှိန် အဝါသည် ဤနေရာရှိ လူအုပ် ကြီးကို ဖိနှိပ်လာ ခဲ့ရာ၊ ထည်ဝါသော အရှိန်အဝါများအောက်၌ ကျင့်ကြံမှု လောကကြီးသည် နိမ့်ကျ သိမ်ငယ်သွားစေခဲ့၏။

ထို့ကြောင့်ပင် ၎င်းလူအုပ်ကြီးသည် ထိုဖိအားကို တွန်းလှန်ရန် သူတို့၏ အရှိန်အဝါ များအား အဆုံးအစွန် အထိ ထုတ်ဖော်ကာ အံကြိတ် ခုခံ လိုက်ကြ သော်လည်း၊ ယင်းဖိအားသည် တစ်စတစ်စ တိုးလာ ခဲ့လေ၏။

ဤမျှ ပြင်းထန်သော အရှိန်အဝါ ဖိအား များကြောင့် လူအုပ်ကြီးသည် ဒူးထောက်လု နီးနီး ကွေးညွှတ်သွားကြ၏။

လင်းယွန်က ထိုသို့သော ဖိအားများ အောက်တွင် ကောင်းကင်ဘုံ ဓါးနန်းတော် ဂိုဏ်း၏ တပြည့် များသည်၊ မည်သိုတုံပြန် မည်ကို သိရှိလို ခဲ့ပြီး၊ ဝေ့ကြည့် အကဲခတ် လိုက်၏။

၎င်းဂိုဏ်းမှ တပြည့် များသည် ဓားများ ကဲ့သို့ စူးရှသော အရှိန်အဝါ များကို ထုတ်ဖော်လျက် ငြိမ်သက်စွာရပ် ကြည့်နေခဲ့ကြသည်။

အထူးသဖြင့် ဘိုင်လိရွှမ်သည် ကောင်းကင်ဘုံ ဓားနန်းတော် ဂိုဏ်းအား ဦးဆောင်လျက် ငြိမ်သက်စွာဖြင့် အပျက်အစီး နယ်မြေ အတွင်းသို့ စိုက်ကြည့် နေခဲ့၏။

ပြင်းထန်သောဖိအားများကို လျစ်လျူရှုထားကာ၊ သူ၏မျက်ဝန်းတစ်စုံသည် ရုပ်တုနှစ်ခုထံမှ တစ်စုံတစ်ရာကို နားလည်ရန် ကြိုးစားနေခဲ့ပုံ ရလေသည်။

တစ်ချိန်တည်းမှာပင်၊ စီရွှယ်ယီ၏ မျက်ဝန်းများသည်လည်း စိတ်လှုပ်ရှာများဖြင့် ပြည့်နှက်လာကာ၊ တောက်ပနေခဲ့သည်။

အခြားတစ်ဖက်တွင် ဝမ်မျိုးနွယ်စု၏ ကျင့်ကြံသူ များသည် ၎င်းတို့၏ သားရဲများ နောက်သို့ ဆုတ်ခွာ လိုက်ပြီး၊ သားရဲများ ထံမှ မျိုးဆက်သွေး အရှိန်အဝါကို ထုတ်ဖော်လျက်၊ ကြီးမားသော ဖိအားကို ဂိုဏ်းကြီး နှစ်ဂိုဏ်း ကဲ့သို့ မြဲမြန်စွာ ခုခံလိုက်ကြ၏။

'' ဘယ်လို သားရဲမျိုးတွေလဲ.... ''

ဝမ်မျိုးနွယ်စုရှိ သားရဲများ၏ မျိုးဆက်သွေးအရှိန်အဝါ များကြောင့် လင်းယွန်က အံသြ မှင်တက် သွားသည်။ ၎င်းသားရဲ များ၏ မျိုးဆက် သွေးသည် ဤနေရာ၌ ဓားငှက်များ ထက်ပင်အသုံးဝင်လှပေ၏။

ကံကောင်းထောက်မစွာဖြင့်၊ ထိုသို့သော ပရမ်းပတာဖိအားများသည် အချိန်ကြာမြင့်ခြင်း မရှိခဲ့ပေ။

စက္ကန့်အနည်းငယ်အတွင်း ရုပ်တုနှစ်ခု၏ လက်ဖဝါးနှစ်ဖက်အောက်မှ ထိုသို့သော စွမ်းအင်များသည် ရုတ်ချည်း ပျောက်ကွယ် သွားခဲ့ပြီး၊ ၎င်းနေရာ၌ ရေစက် တစ်စက် သဏ္ဍာန် လေဟာနယ် အကာအယံ တစ်ခု ထွက်ပေါ်လာခဲ့လေသည်။

'' ဝင်ပေါက်....ပွင့်ပြီ ''

'' အိုး......... ''

ဝင်ပေါက် ထွက်ပေါ်လာ သည်နှင့် ထိုရေစက် အကာအယံ အတွင်းသို့ လူရိပ် နှစ်ရိပ်သည် တဟုန်ထိုး ပျံသန်း ဝင်ရောက် သွားတော့၏။

ယင်းလူရိပ် နှစ်ရိပ်သည် စီရွှယ်ယီနှင့် ဘိုင်လိရွှမ်တို့ဖြစ်ကာ၊ သူတို့နှစ်ဦး နောက်ပါးမှ ၎င်းတို့၏ ဂိုဏ်းဝင်တပည့်များသည်လည်း လိုက်ပါဝင်ရောက်သွားကြ လေသည်။

'' ဝှစ်........ ''

သိပ်မကြာခင်မှာပင် လူအုပ်ကြီးသည် လျှို့နယ်မြေ၏ဝင်ပေါက်အတွင်းသို့ အသီးသီး ပြေးဝင်သွား ကြ၏။

" လင်းယွန်၊ မင်းမြင်းကိုရော ယူသွား မှာလား ..... ။ "

ယခုအချိန်၌ နဂါးသွေးမြင်းသည် ၎င်း၏ ရုပ်သဏ္ဍာန် အမှန်ကို ထုတ်ဖော်ပြသ ထားသည် ဖြစ်ရာ၊ မင်ယီက နဂါးသွေးမြင်းကို ကြည့်ကာ စိတ်ဝင်တစား မေးလိုက်သည်။

"အင်း... ငါစမ်းကြည့်မယ်"

လင်းယွန်သည် ပေတစ်ရာနီးပါးမြင့်သော ရေစက်ကြီးကို မော့ကြည့်လိုက်သည်။ ထို့နောက် သူ့ထံလျှောက်လှမ်းလာသော နဂါးသွေးမြင်းကို လှမ်းကြည့်ကာ၊ တွေဝေ သွားလေသည်။

နတ်ဆိုးသားရဲများအား အပျက်အစီးနယ်မြေအတွင်းထဲသို့ ခေါ်ယူသွားရန်မှာ မဖြစ်နိုင်သလောက်ပင်။ သို့သော် လင်းယွန်သည် နဂါးသွေးမြင်းအား ၎င်းနယ်မြေအတွင်းသို့ အတူခေါ်ယူသွားရန် ဆန္ဒရှိနေခဲ့သည်။

'' မင်းရဲ့ နဂါးသွေးမြင်းသာဝင်လာနိုင်ရင်၊ အဲဒါက ကြီးမားတဲ့ အကူအညီဖြစ်မှာပါ၊ ဒါပေမယ့် ရေစက်ရဲ့ ကြီးမားတဲ့ဖိအားကို ခံနိုင်ရည်မရှိမှာကို ငါကြောက်မိတယ်...''

မင်ယီက မနာလိုစွာဖြင့် ပြောလိုက်သည်။ မဟာဂိုဏ်းကြီးနှစ်ဂိုဏ်းနှင့် ဝမ်မျိုးနွယ်ဝင်များ ဝင်ရောက်ပျောက်ကွယ်သွားသည်နှင့် မင်ယီက လက်ဝှေ့ယမ်းလိုက်ကာ၊

" ငါအရင်နှင့် သွားမယ်၊ အထဲမှာ ပြန်ဆုံကြရအောင်။...."

ထို့နောက်တွင် မင်ယီနှင့်အတူ အဘိုးအိုလည်း လိုက်ပါဝင်ရောက်သွားသည်ကို သတိပြုမိသောအခါ လင်းယွန်က အံ့အားသင့် သွားခဲ့သည်။

ထိုအဘိုးအိုသည် သူမှန်းဆထားသည့်အတိုင်း နက်နဲ နယ်ပယ် သိုင်းသမား တစ်ယောက် မဟုတ်ကြောင်း တွေ့ရှိလိုက်ရသည်။

'' ဒါဆို ဒီအဖိုးအိုက နက်နဲနယ်ပယ်ကို ခြေတစ်ဝက်နင်းနေခဲ့တာပေါ့ ... ''

လျှို့ဝှက်နယ်မြေသည် ရှန်ရှင်းသိုင်းသမားကိုသာ ဝင်ခွင့်ပြုထားပြီး၊ ထို့ထက် ကျင့်ကြံမှု မြင့်မားသော သိုင်းသမား များကိုမူ သတ်ပစ်ပေလိမ့်မည်။

ထို့ကြောင့်ပင် နက်နဲနယ်ပယ်ကို ခြေတစ်ဝက်နင်းနေသော ဤအဖိုးအိုသည် အမှန်တကယ် အန္တရာယ် ရှိလှလေသည်။

'' ဒီမင်ယီက ဘာကို လိုချင်နေတာလဲ၊ လျှို့ဝှက်နယ်မြေရဲ့ဖိအားကြောင့် ဒီလို နက်နဲ တပိုင်း သိုင်းသမား တစ်ယောက်ကို မတော် တဆ ဆုံးရှုံးသွားမှာ မကြောက်ဖူးလား၊ ထားပါ.. ဘာပဲဖြစ်ဖြစ် ငါဝင်ဖို့ အချိန်တန်ပြီ ''

ယခုဆိုလျှင် လူအုပ်ကြီး၏ ထက်ဝက်ကျော် အရည်အတွက်မှာ ဝင်ရောက်နေ နှင့်ပြီ ဖြစ်သည်။ လင်းယွန်က နဂါးသွေးမြင်အားခေါ်ယူ ခုန်တက်လိုက်ပြီး၊ ဝင်ပေါက်ဆီသို့ပြေးဝင်သွားလိုက်၏။

နဂါးသွေးမြင်းသည် အရှိန်မြှင့်လာ သည်နှင့် အမျှ ၎င်း၏ခွာလေးခုတွင် မီးတောက်များ ထွက်ပေါ်လာသည့် အပြင် ယင်းဦးချိုပေါ်၌ လျှပ်စီးများ လင်းလက် သွားသည်။ ရေစက်အနီးသို့ ရောက်သောအခါ နဂါးသွေး မြင်းသည် ခုန်ပျံတိုးဝင်လိုက်၏။

သို့သော်၊ ရေစက်ဝင်ပေါက်သည် လင်းယွန် ထင်ထား သည်ထက် ပို၍ ကျယ်ပြန့် ကြီး မလှ သည်ကို သဘောပေါက် သွားသည့် အချိန်၌၊ ၎င်းရေစက်သည် သူတို့နှစ်ယောက်စလုံးအား ဆွဲငင် စုပ်ယူ လိုက်လေသည် ။

ရေစက်အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် ပြင်းထန်သောစွမ်းအင်များသည် ခန္ဓာကိုယ် ပေါ်သို့ ကျရောက်လာသည်ကို ခံစားလိုက်ရ၏။

နောက်ဆုံးတွင် သူတို့နှစ်ယောက်သည် သဲအိတ်များကဲ့သို့ အလျင်းသင့်ရာ နယ်မြေများဆီသို့ ပစ်ချခံလိုက်ရ၏။

လင်းယွန်က မြေပြင်ပေါ်သို့ ပြုတ်ကျလာသည့်အချိန်၌ သူ့အရှိန်အား တည်ငြိမ်သွားစေရန် လက်ဖဝါးနှစ်ဖက်ကို ဝှေ့ယမ်းလိုက်ကာ၊ ကိုယ်ဟန်ကို ထိန်းမတ်လိုက်သည်။

'' .............. ''

တစ်ချိန်တည်းမှာပင် ကျင့်ကြံသူအချို့သည် ပြုတ်ကျသည့် အရှိန်ကြောင့် ပြင်းထန်စွာဒဏ်ရာရခဲ့ပြီး၊ နာကျင်စွာ ညည်းတွားနေခဲ့ကြ၏။

အခြားတစ်ဖက်တွင် မီတာများစွာ ကွာဝေးသောတောင်ထိပ်တစ်ခုပေါ်၌၊ နဂါးသွေးမြင်းအား သက်တောင့်သက်သာအနေအထားဖြင့်တွေ့မြင်လိုက်ရပြီး၊ သူ၏ အရေပြားထူထူများကြောင့် ထိခိုက်ဒဏ်ရာများ ရရှိသွားခြင်း ရှိပုံမရချေ။

ထို့ကြောင့် လင်းယွန်က ၎င်းအား စိတ်ပူခြင်းမရှိတော့ပေ။ နဂါးသွေးမြင်း၏ ပြိုင်ဘက်ကင်းသောအမြန်နှုန်းသည် ဤနယ်မြေအတွင်း အားသာချက်ကိုရရှိမည် ဖြစ်သည်။

လင်းယွန်ကသူ့ပတ်ဝန်းကျင်ကို စတင်စစ်ဆေးလိုက်သည်။ မျက်စိတဆုံးကျယ်ပြန့်သော မိုးကုပ်စက်ဝိုင်းကြီးအောက်၌ တိတ်ဆိတ်ခြင်းများကြီးစိုးနေခဲ့ပြီး၊ လေဟာနယ်တစ်ခုလုံး ရှေးဟောင်းခေတ်၏ အငွေ့အသက်အသက်များဖြင့် ပြည့်နှက်နေလေပြီ။

လျှို့ဝှက်နယ်မြေ၏ တည်နေရာပြောင်း ဝင်ပေါက်စည်းသည် ဤနေရာရှိလူတိုင်းကို မတူညီသောနယ်မြေများသို့ ပို့ဆောင်ခြင်းခံရမည် ဖြစ်သည်။

အချို့သော ကံဆိုးသူများသည် ပြုတ်ကျသည့်အရှိန်ကြောင့် ချွန်ထက်သောကျောက်တုံးများဖြင့် တိုးတိုက်မိကုန်၏။

'' လျှို့ဝှက်နယ်မြေလား အပျက်အစီးနယ်မြေလား၊ ဘာကိုမှ နားမလည်နိုင်တော့ဖူး...''

'' ငါတို့ ကံကောင်းတယ်၊ အဝေးကြီးကို လွှင့်ပစ်မခံခဲ့ရတာ၊ ..... ငါက နယ်နိမိတ်ချင်းတောင် မနီးမှာကို ကြောက်နေတာ....... ''

" ...သွားရအောင်၊ ငါတို့ အရမ်းနှေးရင် ရတနာတွေ ရိတ်သိမ်းနိုင်ဖို့ ကံကောင်းမှာ မဟုတ်ဘူး ''

ပတ်ဝန်းကျင်ရှိလူတိုင်းက ကျိန်ဆဲရေရွတ်လိုက်ပြီး၊ လင်းယွန်ကို ဖြတ်ကျော်ပြေးလွှား သွားကြ၏။ ဤသို့ ပြေးထွက်သွားသူများထံသို့ လင်းယွန်က မျက်ခုံးနှစ်ဖက်ကို တွန့်ခေါက်စိုက်ကြည့်လိုက်၏။ ၎င်းတို့သည် ရူးမိုက်စွာဖြင့် ပေါ့ပေါ့တန်တန် ထွက်ခွာရန် စိတ်ကူးရဲသည်လော။

'' ဝုန်း............ ''

လင်းယွန်ယူဆထားသကဲ့သို့ပင် ခြေလှမ်းအနည်းငယ်အတွင်း မြေပြင်သည်တုန်ခါသွားပြီး သဲရှင်များထွက်ပေါ်လာကာ၊ ပြေးထွက်သွားနေသော သိုင်းသမားများကို သဲဝဲတစ်ခုက စုပ်ယူသွားလေ၏။

လူအုပ်ကြီးသည် လျင်မြန်စွာနစ်မြုပ်သွားခဲ့ပြီး ၎င်းတို့၏တည်ရှိနေခဲ့မှုကို သက်သေပြရန်အတွက် သွေးကွက်များသာ ကျန်ရစ်ခဲ့တော့သည်။

"သဲတွေကို ထိန်းချုပ်နိုင်တဲ့ နတ်ဆိုးသားရဲတစ်ကောင်လား"

အနီးနားရှိ ကျင့်ကြံသူတစ်ဦးက ထိတ်လန့်ဟန်ဖြင့် မေးမြန်းလာခဲ့သည်။

နတ်ဆိုးသားရဲများစွာသည် အမှန်တကယ်ပင် သဲရှင်များကို ထိန်းချုပ်နိုင်သည်ဖြစ်ရာ ဤမြင်ကွင်းသည် အလွန်ကြောက်စရာကောင်းသောကြောင့် လင်းယွန်၏မျက်နှာကို ပြောင်းလဲသွားစေခဲ့သည်။

ဤအခိုက်အတန့်တွင် လင်းယွန်က ပေါ့ပေါ့တန်တန် မထွက်ခွာရဲတော့ပဲ၊ အသက်ရှင်သန်ဖို့ရန်အတွက် သတိကြီးစွာစတင်လျှောက်လှမ်း လိုက်မိသည်။ မြေပြင်သည် အနည်းငယ်လှုပ်ခါလာသည်ကို သတိပြုမိချိန်တိုင်းတွင်၊ လျင်မြန်စွာ ခုန်ပေါက်ပြေးလွှား နေခဲ့ရ၏။

အိုး....

ရုတ်တရက် သဲရှင်များအတွင်းမှ ရက်စက်ကြမ်းကြုတ်သောအရှိန်အဝါများ သိုင်းခြုံလျက်၊ အဝါရောင်သဲလိပ်တစ်ကောင် ထွက်ပေါ်လာသောအခါတွင် လင်းယွန်က အလျင်အမြန်ရှောင်တိမ်း လိုက်ရသည်။ သူက လင်းယွန်အား သွေးနီရောင်တောက်တောက် မျက်လုံးများဖြင့် စိုက်ကြည့်လာ၏။

သို့သော် လင်းယွန်သည် ထိတ်လန့်သွားခြင်း မရှိချေ။ အကယ်၍ ထိုနတ်ဆိုးသားရဲသည် သဲရှင်အတွင်းမှ ရုန်းထွက်ဝံ့ပါက၊ ၎င်းကို သတ်ပစ်မည် ဖြစ်သည်။

ဤနေရာရှိ နတ်ဆိုးသားရဲများသည် ရှေးဟောင်းသွေးမျိုးဆက်များ ပါရှိကြပြီး၊ ထိုသားရဲများတွင် သားရဲအမြုတေများ ဖွဲ့တည်ထား နိုင်မည်မှာ သေချာလှလေသည်။

လျှို့ဝှက်နယ်မြေအတွင်းမှ နတ်ဆိုးသားရဲအမြုတေများသည် ပြင်ပကမ္ဘာတွင် ရှားပါးအမြုတေများအဖြစ်၊ ဝယ်လိုအားပြင်းထန်ပေ၏။ ကံမကောင်းစွာဖြင့် ခဏအကြာတွင် သဲလိပ်ကြီးသည် သဲထဲသို့ ပြန်လည်ငုပ်လျှိုးသွားခဲ့သည်။

" နှ မျော စရာပဲ။"

လင်းယွန်က သက်ပြင်းချလိုက်ပြီး ခရီးဆက်လိုက်သည်။

အပြာရောင်နေမင်းလျှို့ဝှက်နယ်မြေသည် ပုံမှန်မဟုတ်သော ကြီးမားကျယ်ပြန့်သည့် အပျက်အစီးနယ်မြေမျိုးဖြစ်ကာ၊ လင်းယွန်အား ပို့ဆောင်ထားသောနယ်မြေသည် ယင်းအပျက်အစီးနယ်မြေ၏ အစွန်အဖျားဒေသမျှသာ ဖြစ်ပေသည်။ နှစ်နာရီကြာ လမ်းလျှောက်ပြီးသည့်တိုင် အပျက်အစီးအစအနများမှလွဲ၍ မည်သို့သော ရတနာကိုမျှ မတွေ့ရှိခဲ့ရပေ။

လမ်းတစ်လျှောက်တွင် နတ်ဆိုးသာရဲများစွာကို ရင်ဆိုင်တိုက်ခိုက်ပြီးနောက်၊ သားရဲအမြုတေအချို့ကို ရိတ်သိမ်းနိုင်ခဲ့သည်။ ဆေးဖက်ဝင်အပင်များနှင့် ပတ်သက်လျှင်မူ သက်တမ်းငါးရာအထက်ရှိ ဆေးပင်များသည်သာ သူ့အာရုံကို ဆွဲဆောင်နိုင်ပေ၏။

နှစ်ရက်ကြာပြီးနောက် လင်းယွန်သည် တောင်တန်းတစ်နေရာတွင် အနားယူလိုက်သည်။ သူသည် လမ်းတစ်လျှောက် သတိကြီးစွာထားပြီး တိုက်ပွဲအချို့ကိုပင် ရင်ဆိုင်တိုက်ခိုက်ခဲ့ရသည်ဖြစ်ရာ၊ အပျက်အစီးနယ်မြေ၏ ပုံမှန်မဟုတ်သော ဖိအားများအောက်၌ ပင်ပန်းနွမ်းနယ်နေခဲ့လေပြီ။

ထို့အပြင် ရှေးဟောင်းအပျက်အစီးနယ်မြေ၏ဗဟိုချက်နှင့် နီးကပ်လာသောကြောင့် ဆက်လက်ဝင်ရောက်ချင်းမပြုမီ ကုန်ဆုံးသွားသောစွမ်းအင်များကို ပြန်လည်ဖြည့်တင်းရန် ဆုံးဖြတ်လိုက်၏။

နာရီဝက်အကြာတွင် လင်ယွန်၏ အထက်ကောင်းကင်ယံရှိလေထုသည် ပုံမှန်မဟုတ်သောလှုပ်ရှားမှုများ စတင်လာခဲ့ရာ၊ မျက်စိမှိတ်ကျင့်ကြံနေခဲ့ရာမှ မျက်လုံးဖွင့်ပြီး မော့ကြည့်လိုက်၏။

မီတာများစွာအကွာအဝေးရှိ တောင်ထိပ်တစ်ခုထက်၌ မည်းနက်နေသောကျီးကန်းအုပ်စုကြီးကို ပျံဝဲလျက် တွေ့မြင်လိုက်ရသည်။

" ကျီးနက်သားရဲတွေပဲ...."

ကျီးနက်သားရဲများသည် ပုပ်ပွနေသော အသားများကို စားသောက်သည့် ရှားပါး နတ်ဆိုးသားရဲများဖြစ်သည်။ သူတို့၏ ခွန်အားသည် ရှန်ရှင်းစတုတ္ထအဆင့် နတ်ဆိုးသားရဲများသာဖြစ်သော်ငြားလည်း၊ ၎င်းတို့၏ အုပ်စုဖွဲ့တိုက်ခိုက်မှုများသည် ရင်ဆိုင်ရသူများအတွက် များစွာခက်ခဲလှပေ၏။

သို့သော် ၎င်းတို့၏အုပ်စုဖွဲ့တိုက်ခိုက်များအတွက် အမှန်တကယ် စိုးရိမ်စရာ မဟုတ်ပေ။ စိုးရိမ်ရသည့် ပြဿနာမှာ ကျီးကန်းများကို သတ်ဖြတ်ရာ၌၊ လိုက်ပါပျံသန်းနိုင်ခြင်း မရှိသောကြောင်ပင် ဖြစ်သည်။ ဆိုလိုသည်မှာ ကျီးနက်သားရဲများစွာမှ ကောင်းကင်၌ပျံဝဲကာ အလစ်အငိုက်ချောင်းမြောင်း တိုက်ခိုက်လာခြင်းအား၊ စိတ်ရှည်လက်ရှည် ခုခံရင်ဆိုင်နေရခြင်းပင်။

'' ဘာလို့ ကျီးနက်သားရဲတွေ ဒီလောက်များနေတာလဲ၊ အဆင့်မြင့်နတ်ဆိုးသားရဲတွေများ သေသွားလို့လား"

နောက်ဆုံးတွင်၊ ကျီးနက်သားရဲများစွာ၏ အော်ဟစ်ပျံဝဲနေမှုကို လင်းယွန်က စိတ်ဝင်စားသွားခဲ့သည်။ ကျီနက်သားရဲများ၏ အရေအတွက်များအရ သေဆုံးသွားသော နတ်ဆိုးသားရဲကောင်သည် လုံလောက်အောင် ကြီးမားရပေမည်။ နတ်ဆိုးသားရဲကောင်၏အလောင်းအား ကျီးနက်သားရဲများမှ စားသုံးနေသည့်မြင်ကွင်းကို စိတ်ကူးကြည့်မိသောအခါ လင်းယွန်၏ ကျောရိုးတစ်လျှောက် အေးစက်သွားသလို ခံစားလိုက်ရ၏။

" ဘာပဲဖြစ်ဖြစ် ဘယ်လိုသားရဲမျိုးမလို့ ဒီလောက်များပြားတဲ့ ကျီးနက်အရေအတွက်ကို ဆွဲဆောင်နိုင်ခဲ့လည်းဆိုတာ..... ကြည့်ကြရအောင်.."

ကျီးနက်သားရဲများထံသို့ ဦးတည်လျက် လင်းယွန်၏မျက်လုံးများမှာ တောက်ပလာလေသည်။

အနီးဝန်းကျင်ရှိ သိုင်းသမားများသည်လည်း ၎င်းကိုသတိပြုမိသွားကြရာ အံသြသွားကြကုန်၏။

'' များလိုက်တဲ့ ကျီးနက်သားရဲတွေ.... ငါ့အထင်မှန်ရင် အနီးအနားမှာ နက်နဲနယ်ပယ်က နတ်ဆိုးသားရဲတစ်ကောင်ကောင်တော့ သေနေလောက်ပြီ၊ ....."

" နက်နဲနယ်ပယ် နတ်ဆိုးသားရဲကိုတောင်၊ သတ်နိုင်တဲ့ သားရဲတွေရှိနေတယ်လား "

" ဒါတော့ ဘယ်သူသိနိုင်ပါ့မလဲ၊ ဒါပေမယ့် ဒါသာမှန်နေရင် ငါတို့ အများကြီး အကျိုးရှိမှာသေချာတယ်၊ .......... ''

နက်နဲနယ်ပယ်သားရဲတိုင်းသည် သားရဲအမြုတေကို ဖွဲ့တည်နိုင်ကြပြီး၊ ၎င်းကို နက်နဲသားရဲအမြုတေဟုလည်း ခေါ်ပေ၏။ ယင်းအမြုတေသည် အလွန်အဖိုးတန်လှကာ၊ နက်နဲနယ်ပယ်သို့ဖြတ်ကျော်ရာ၌ များစွာအထောက်အကူ ပြုလေသည်။

ထို့ကြောင့် ကျီးနက်သားရဲများ၏ သားကောင်သည် နက်နဲနယ်ပယ်ရောက် နတ်ဆိုးသားရဲ၏ အလောင်းသည်သာ ဖြစ်ခဲ့ပါက၊ ၎င်း၏တန်ဖိုးသည် တွေးကြည့်၍ပင် မရနိုင်ပေ။

နောက်ဆုံးတွင်၊ မြင့်မားသောတောင်တစ်လုံးရှေ့တွင် လူများစွာ စုဝေးရပ်တန့်နေခဲ့ကြသည်။ ၎င်းတောင်ထွတ်သည် အနည်းငယ်မက်စောက်လှပြီး၊ တောင်ထိပ်တွင် ပျံဝဲနေသောကျီးနက်သားရဲများကို တွေ့မြင်နေရသည်။ ရံဖန်ရံခါတွင် တိမ်တိုက်များအတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးများ ပြိုးပြက်စွာ လက်နေတက်ပြန်၏။

တောင်ခြေရင်း၌ရပ်နေခဲ့သော လင်းယွန်၏မျက်လုံးများသည် လောဘရောင်ကြောင့်ဝင်းလက်နေလေသည်။

'' ဒါက မိုးကြိုးလျှပ်စီး နတ်ဆိုးသားရဲကောင်ရဲ့ အလောင်းများ ဖြစ်နိုင်မလား။.... ''

***

All Chapters