ငါက မင်းရဲ့ ခေါင်းဆောင်ပဲ မဟုတ်လား။
Vol. 10 Ch. 128
တောင်ထိပ်သည်အပျက် အစီး နယ်မြေ အတွင်း ၌ပင် ချောင်ကျ လွန်းလှပြီး၊ ဖုန်ဆိုးမြေ တစ်စပြင် ကဲ့သို့ ခြောက်သွေ့ လွန်းလှ ပေသည်။
သို့သော် ဤဝန်းကျင်တွင် မိုးကြိုးစွမ်းအင်များ သိပ်သည်းစွာ ရှိနေခဲ့ကာ၊ မီတာတစ်ထောင်ဝန်းကျင်အတွင်း လျှပ်ရောင်များ မကြာခဏပြိုးပြက် လင်းလက်နေ၏။
'' ဒါက.....မိုးကြိုးစွမ်းအင်ကို ကျင့်ကြံတဲ့၊ နတ်ဆိုးသားရဲတစ်ကောင်ကောင် ဖြစ်နိုင်တယ်... ''
လင်းယွန်၏ မျက်လုံးများသည် မျှော်လင့်ချက် များဖြင့် တောက်ပလာပြီး၊ သူက သူ့နူတ်ခမ်းကို လျှာဖြင့် သပ်လိုက်ကာ၊ ပတ်ဝန်း ကျင်အား လိုက်ပါအကဲခတ် နေခဲ့သည်။
'' မိုးကြိုးစွမ်းအင်တွေ ဒီလောက် သိပ်သည်း နေတာ၊ သေချာတယ် မိုးကြိုး စွမ်းအင် ကျင့်ကြံတဲ့ နတ်ဆိုးသားရဲ တစ်ကောင် ကောင်က၊ ဒီနေရာမှာ အဆင့်ချိုး ဖြတ်ရင်း၊ ချွတ်ချော် သွားခဲ့တာဖြစ်ရမယ်...''
လင်းယွန်သည် မိုးကြိုးခန္ဓာကို ကျင့်ကြံနေသည်ဖြစ်ရာ၊ မိုးကြိုးစွမ်းအင် ကျင့်ကြံကြ သူများ အတွက် သင့်လျော်သော ပတ်ဝန်းကျင်ကို သတိပြု မိသွားပြီး၊ တိုးတိတ်စွာ မှတ်ချက် ပြုလျက်၊ ပြုံးရယ် လိုက်မိ၏။
သူ၏ မိုးကြိုးခန္ဓာ ကျင့်ကြံခြင်း နည်းစနစ်သည် တတိယ အဆင့်သို့ ရောက်ရှိ နေခဲ့ပြီ ဖြစ်ရာ၊ နောက်ထပ် တစ်ဆင့်သို့ တက်ရောက် လိုပါက၊ မိုးကြိုး စွမ်းအင်အား ကျင့်ကြံသော ရှန်ရှင်း သတ္တမအဆင့် နတ်ဆိုး သားရဲ ကောင်၏ သားရဲ အမြုတေကို စုပ်ယူ သန့်စင်ရန် လိုအပ်ပေသည်။
ထိုသားရဲအမြုတေနှင့် မီးလျှံနတ်ဆိုး ခန္ဓာကိုယ်ကို ပေါင်းစပ်ခြင်းဖြင့် စစ်မှန်သော မိုးကြိုးခန္ဓာကိုယ်ကို ဖန်တီးနိုင်မည်။
အကယ်၍ သူသည် မိုးကြိုးခန္ဓာ ကိုယ်ကျင့် ကြံခြင်း နည်းစနစ်ကို အောင်မြင်စွာ ကျင့်ကြံနိုင် ခဲ့ပါက၊ လင်းယွန်၏ ခွန်အားသည် အလွန်တရာ တိုးပွား လာမည် ဖြစ်၏။
ရုပ်ပိုင်း ဆိုင်ရာ ခွန်အား တစ်ခုတည်း ဖြင့်ပင် ရှန်ရှင်း သတ္တမအဆင့် ကျင်ကြံသူ၏ တိုက်ခိုက် မှုအား တွန်းလှန် နိုင်ပေမည်။
အမည်မသိနတ်ဆိုးသားရဲ၏ ရုပ်အလောင်းကို လင်းယွန် တစ်ဦးတည်း သည်သာ စိတ်ဝင်စား မိခြင်း မဟုတ်ပေ။ အခြားသော ကျင့်ကြံသူများထံမှလည်း ဆွေးနွေးသံများ ထွက်ပေါ်လာသည်။
'' ဘယ်လောက်တောင် ကြီးမားတဲ့ ဖိအားလဲ သေသွားတာတောင် သူ့ရဲ့ အငွေ့အသက်က အရမ်းကြောက်ဖို့ကောင်းတုန်းပဲ ''
'' အနည်းဆုံးတော့၊ သေဆုံးသွားတဲ့ ဒီနတ်ဆိုးသားရဲက ရှန်ရှင်း သတ္တမ အဆင့်မှာ ရှိပြီး၊ ကြောက်စရာ ကောင်းလွန်းတဲ့ သားရဲ အမြုတေကို ဖွဲ့တည်နိုင်ခဲ့ပုံရမယ်.... '
" ဒါပေမယ့် ဒီ ကျီးနက်သားရဲ တွေကို ဖြေရှင်းဖို့က ပြဿနာ တစ်ခုပဲ .."
တစ်ယောက် တစ်ပေါက် ရေရွတ်သံ များနှင့် အတူ တောင်ခြေရင်း၌ စုဝေး နေကြသော သိုင်းသမား အရည် အတွက်မှာ ပို၍ တိုးများ လာသည်။ အချိန်တိုလေး အတွင်းမှာပင် သိုင်းသမားပေါင်း ရာဂဏန်းလောက်အထိ စုရုံးနေပြီ ဖြစ်သည်။
'' ................ဝှစ် ''
အချိန်အနည်းငယ်အတွင်း နောက်ထပ် လူပေါင်းများစွာ အပြေးအလွှားရောက်ရှိ လာကြပြန်၏။
တောင်ခြေရင်းတွင် စိတ်လှုပ်ရှားစွာဖြင့် ရပ်ကြည့်နေကြသော လူပေါင်းများစွာကြောင့်၊ ဤတိုက်ပွဲသည် မည်မျှပြင်းထန်မည်ကို တွေးကြည့်၍ ရနိုင်ပေသည်။
၎င်းသည် လျှို့ဝှက်နယ်မြေအတွင်း၌ တည်ရှိနေခဲ့သောစည်းမျည်းများသာ ဖြစ်ပေ၏။ မည်မျှ ရှားပါးသောရတနာများပင်ဖြစ်ပါစေ၊ အသန်မာဆုံးသူသာလျှင် ၎င်းတို့ကို ရရှိနိုင်မည် ဖြစ်သည်။ အန္တရာယ်များနှင့် ပဋိပက္ခများကို ရှောင်ရှားရန်မူ မဖြစ်နိုင်ပေ။
ထို့နောက်တွင် လူအုပ်ကြီးသည် တောင်ပေါ်သို့ စတင်တက်ရောက်လိုက်ကြ၏။ တက်ရောက်မှုမှာ ပို၍ မြင့်မားလာသည်နှင့်အမျှ ဖိအားများတိုးမြင့်လာသည့်ဖြစ်ရာ၊ အချို့သောကျင့်ကြံသူများသည် ယင်းဖိအားများကြောင့် လမ်းတစ်ဝက်၌ပင် လက်လျော့လိုက်ရလေသည်။
ယခင်ချိန်၌ ကောင်းကင်မီးလျှံတောင်ထိပ်ကိုပင် တက်နိုင်ခဲ့သည်ဖြစ်ရာ၊ မီးလျှံနတ်ဆိုးခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော လင်းယွန်အတွက်မူ ၎င်းဖိအားသည် မည်သို့မျှပင် သက်ရောက်ခံစားရခြင်း မရှိချေ။
တောင်ထိပ်သို့ ရောက်ခါနီးတွင် ကျင့်ကြံသူများသည် သူတို့၏အရှိန်များကို ဂရုတစိုက် လျော့ချလိုက်၏။ အပြာရောင်လျှို့ဝှက်နယ်မြေတွင် ရက်အနည်းငယ်ကြာအောင် နေထိုင်ပြီးနောက်၊ လူတိုင်းသည် အရာရာကို သတိထားတက်လာ ကြသည်။
'' ဘယ်လောက်တောင်ကြီးမားလိုက်တဲ့ နတ်ဆိုးသားရဲကောင်လဲ ''
'' ဒါက ခရမ်းရောင်လျှပ်စီးနတ်ဆိုးမဟုတ်လား၊ ကြောက်စရာကောင်းလိုက်တဲ့အရှိန်အဝါတွေ ''
" သေဆုံးသွားတာတောင် ဖိနှိပ်လွန်းတယ်လို့ ခံစားနေရတုန်းပဲ။
တောင်ထိပ်တစ်ခုလုံးတွင် လျှပ်စီးကြောင်းများ ဖုံးလွှမ်းနေကာ၊ တောင်ကုန်းငယ်တစ်ခုကဲ့သို့ ကြီးမားလှသောသားရဲအလောင်း တစ်လောင်းသည် ငြိမ်သက်စွာ တည်ရှိနေသည်။ ယင်းသားရဲကောင်၏ အရည်ပြားများသည်ကျောက်ဆောင်များသဖွယ် မာကျောကြမ်းတမ်းလှပေရာ၊ အမှတ်တမဲ့ကြည့်မိပါက ကျောက်ဆောင်တစ်ခုဟုပင် ထင်မှတ်ပေနိူင်၏။
အလျား မီတာတစ်ရာခန့်ရှိပြီး၊ အကျယ် မီတာ သုံးဆယ်ခန့် ရှိကာ၊ ၎င်းမှာ ခရမ်းရောင်လျှပ်စီးနတ်ဆိုးဒရာကိုပီ၏ အလောင်းပင် ဖြစ်သည်။ သူ့အရည်ပြားများတွင် လျှပ်စီးစွမ်းအင်များ ရုန်းကြွနေသည်ကို လွယ်ကူစွာ ရှုမြင်နိုင်စေသည်။ ထောင်ပေါင်းများစွာသော ကျီးနက်သားရဲများသည် ယင်းအလောင်းကောင်၏အထက်တွင် ပျံဝဲနေခဲ့ပြီး၊ အလောင်းကောင်ကို အဆောတလျင်စားသုံးရန် ချောင်းမြောင်းနေကြသည်။
ကျီးနက်များ၏နှုတ်သီးသည် တော်ဝင်လက်နက်များထက် ပိုမိုထက်ရှလေသည်ဖြစ်ရာ၊ ခရမ်းရောင်လျှပ်စီးနတ်ဆိုး ဒရာကိုပီ၏ အရည်ပြားများမှာ မာကျောလှသော်လည်း ၎င်းသားရဲများ၏ ချွန်ထက်သောနှုတ်သီးများကို မဟန့်တားနိုင်ပေ။
ထို့အပြင် ကျီးနက်သားရဲများမှ မှုတ်ထုတ်လာသော မီးတောက်များသည် အနက်ရောင်များတောက်ပနေကာ၊ ထိုအနက်ရောင်မီးတောက်များတွင်ပါဝင်သော အဆိပ်ငွေ့များ၏ တိုက်စားနိုင်စွမ်း များကြောင့်၊ ခရမ်းရောင် လျှပ်စီးနတ်ဆိုး ဒရာကိုပီ၏ အရည်ပြားကို လောင်ကျွမ်းပြတ်ရိစေရန် အချိန်အကြာကြီး မလိုအပ်ချေ။
'' ဝရူး......... ''
ထို့နောက်တွင် ကျီးနက်များ၏ နှုတ်သီးများသည် ခရမ်းရောင်လျှပ်စီးနတ်ဆိုး ဒရာကိုပီ၏ ဗိုက်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်နှင့်၊ ကြောက်မက်ဖွယ်ကောင်းသော နက်နဲနယ်ပယ်၏ အရှိန်အဝါသည် စတင်ပျံ့နှံ့လာလေသည်။
'' ရှူး...... ဝရူး ''
တောင်ထိပ်တစ်ခုလုံးတွင် ခရမ်းရောင်အလင်းအချို့ သိုင်းခြုံလာကာ၊ ကောင်းကင်သို့တိုင် ပျံလွင့်သွားလေသည်။
"နက် နဲ နယ် ပယ် နတ်ဆိုးသားရဲ ''
" သန့် ရှင်းလွန်းတယ်၊ တကယ့်ကို နက်နဲနယ်ပယ်က နတ်ဆိုးသားရဲကောင်ပဲ ......"
ခရမ်းရောင်လျှပ်စီးနတ်ဆိုး ဒရာကိုပီသားရဲကောင်သည် ရှန်ရှင်းသတ္တမအဆင့် အတားအဆီးကို ချိုးဖြတ်ကာ၊ နက်နဲနယ်ပယ်သို့ ဝင်ရောက်နေစဉ်၊ တစ်ဆို့ သေဆုံး သွားခဲ့ခြင်း ဖြစ်လေသည်။ တနည်းအားဖြင့်ဆိုရသော် တပိုင်း-နက်နဲနယ်ပယ်ရောက် နတ်ဆိုးသားရဲပင် ဖြစ်လေသည်။
အကယ်၍သာ ၎င်းသားရဲကောင်သည် အဆင့်ချိုးဖြတ်ရာတွင် အောင်မြင်ခဲ့ပါက၊ နက်နဲနယ်ပယ် နတ်ဆိုးသားရဲတစ်ကောင်အဖြစ်၊ အသွင်ပြောင်းလဲသွား နိုင်ပေမည်။ မည်သို့ပင်ဆိုစေကာမူ နက်နဲတပိုင်းသားရဲကောင်၏ အမြုတေသည် ရှန်ရှင်းသိုင်းသမားများအတွက် ရှားပါးနေဆဲပင်။
" သူ့မှာ နက်နဲသားရဲအမြုတေ ရှိနေတယ် "
တောင်ထိပ်တဝိုက်ရှိ လူတိုင်းသည် ၎င်းတို့၏ မျက်လုံးများတွင် လောဘများတောက်လောင်လျက်ဖြင့် ရုတ်ရုတ်သဲသဲ အော်ဟစ်လိုက်ကြ၏။ နက်နဲသားရဲအမြုတေသည် သူတို့အား ရူးသွပ်မှုထဲသို့ ပို့လွှတ်နိုင်ခဲ့သည်။ ထို့အပြင် ခရမ်းရောင်လျှပ်စီးနတ်ဆိုး ဒရာကိုပီသည် ရှေးဟောင်းနဂါးမျိုးဆက်သွေးအား ပိုင်ဆိုင်ထားသော နတ်ဆိုးသားရဲဖြစ်သည်ကြောင့်၊ ၎င်း၏ သားရဲအမြုတေသည် သာမန်နက်နဲသားရဲ အမြုတေများထက် ပို၍ တန်ဖိုး ရှိလေသည်။
တစ်ချိန်တည်းမှာပင် ကျီးနက်များ၏နူတ်သီးသည် သားရဲအလောင်းကောင်ကို ထိုးဖောက်စားသောက်နေကြတော့၏။ ကျင့်ကြံသူအားလုံးသည် ထိုမြင်ကွင်းအား ငြိမ်သက်စွာ ပုန်းအောင်းကြည့်ရှူနေကြကာ၊ တောင်ပေါ်သို့တက်ရောက်ဖို့ရန် ရဲဝံ့ခြင်း မရှိကြချေ။
" အားလုံးပဲ၊ ငါတို့ အတူတူ သွားကြရအောင်၊ သူတို့က နိမ့်ကျတဲ့သားရဲတွေပဲမဟုတ်လား၊ ဒီငှက်တွေကို ဘာလို့ကြောက်နေရမှာလဲ ''
ချောင်းမြောင်းနေသောလူအုပ်ကြီးသည် လောဘဇောဖြင့် မျက်စိကွယ်သွားကာ၊ ကျီးနက်သားရဲပေါင်းများစွာကို ပြေးဝင်သတ်ပစ် လိုက်ကြ၏။ ထို့နောက်တွင် ခရမ်းရောင်လျှပ်စီးနတ်ဆိုး ဒရာကိုပီ၏ အလောင်းကောင်ထံ၌၊ ဝန်းရံနေကြသော ကျီးနက်သားရဲများဆီသို့၊ အန္တရာယ်များကို လျစ်လျူရှုကာ ဆက်လက်ပြေးဝင်သွားကြတော့သည်။
'' အ.... အ အား ''
ကျီးနက်များသည် ရုတ်တရက် လူအုပ်စုကြီးပြေးဝင်တိုက်ခိုက်လာခြင်းကြောင့်၊ ထိတ်လန့်သွားကြ၏။ သူတို့၏ အတောင်ပံများကို ခတ်လိုက်ကာ၊ လူသားကျင့်ကြံသူများနှင့် တိုက်ခိုက်ရန် အားယူလိုက်ကြတော့သည်။ တောင်ထိပ်ပေါ်ရှိ အခင်းအကျင်းသည် တမဟုတ်ချင်းမှာပင် ဖရိုဖရဲဖြစ်လာခဲ့လေပြီ။
ခဏချင်းမှာပင်၊ တိုက်ပွဲသည် ပြင်းထန်သွားပြီး၊ မရေတွက်နိုင်သော ကျီးနက်သားရဲများ၏ အလောင်းကောင်များ ကောင်းကင်ထက်မှ ပြုတ်ကျသွားသည်။ အခြားတစ်ဖက်တွင်လည်း လူသေအလောင်းများသည် မြေပြင်၌ လွင့်စင်နေကြဆဲပင်။
တိုက်ပွဲမြေပြင်တစ်ပြင်လုံး အော်ဟစ်ညည်းညူသံများ ထွက်ပေါ်လာပြီး၊ ကြားရသူတိုင်း၏ရင်တွင်း၌ ထိတ်လန့်စိတ်များ ဝင်ရောက်လာကြသည်။ တိုတောင်းသော တွေ့ဆုံမှုအတွင်း၊ လူသားကျင့်ကြံသူ အများအပြားသည် ၎င်းတို့၏ ခန္ဓာကိုယ်မှ အသားစများကို ဆုတ်ဖြဲခံ လိုက်ရလေပြီ။
'' အား.........ငါ့မျက်လုံးတွေ ''
ရှန်ရှင်းစတုထ္ထအဆင့် သိုင်းသမားတစ်ယောက်သည် သူ၏မျက်လုံးများကို ထိုးဖောက်ခံလိုက်ရ၏။ ၎င်းသည် အစသာဖြစ်ခဲ့ပြီး၊ ကျီးနက်သားရဲများဆီမှ အနက်ရောင်မီးလျှံများ ထပ်မံထွက်ပေါ်လာပြီး၊ မြှားတံများကဲ့သို့ တိုက်ပွဲများအတွင်းတွင် လွင့်ပျံနေခဲ့သည်။
'' ဖုန်း..... ''
အနက်ရောင်မီးလျှံမြှားများဖြင့် ထိမှန်ခံလိုက်ရသော သိုင်းသမားတိုင်းသည် တမဟုတ်ချင်းပင် ပေါက်ကွဲသွားကုန်၏။
'' အ......အ အ....... ''
ကျီးနက်သားရဲများ ပြိုကျလာ သံများနှင့်အတူ၊ ၎င်းတို့၏ အဆုံးစွန်သောတိုက်ခိုက်မှုကို စတင်လာခဲ့သည်။ သူတို့သည် လူအုပ်ထဲသို့ အနက်ရောင်အဆိပ်မီးလျှံများကို ထွေးထုတ်ကာ တိုက်ခိုက်လာသည်ကြောင့်၊ လူသားကျင့်ကြံသူများထံမှ အော်ဟစ်နာကြင်သံများ ထွက်ပေါ်လာလေသည်။ အကြောက်တရားသည် လူတိုင်းကို လွှမ်းမိုးသွားခဲ့ပြီး၊ ကျန်ရှိနေသောသိုင်းသမားများမှာ အလျင်အမြန်ဆုတ်ခွာလိုက်ရ၏။
" ကြောက်စရာကောင်းလိုက်တာ၊ ဒီကျီးနက်တွေရဲ့ နှုတ်သီးတွေက အရာအားလုံးကို ထိုးဖောက်နိုင်ပုံရတယ်၊ ငါ့ရဲ့ တော်ဝင်ချပ်ဝတ်တန်ဆာတွေကိုတောင် ပေါက်ပြဲသွားစေနိူင်တယ်... ''
'' မင်းအသက်ရှင်နေသေးလို့ ဝမ်းသာလိုက်ပါ၊ မဟုတ်လို့ကတော့ အနက်ရောင် အဆိပ်မီးလျှံ တွေနဲ့သာ ထိမိရင် မင်းပြာကျ နေလောက်ပြီ၊ အဲဒီအဆိပ်မီးလျှံတွေရဲ့ တိုက်စားနိုင်စွမ်းက ပြင်းထန်လွန်းတာကြောင့် ရှန်ရှင်း သိုင်းသမားတိုင်းရဲ့ ခန္ဓာကိုယ်က တွန်းလှန်နိုင်မှာ မဟုတ်ဖူး....''
ပြန်လည်ဆုတ်ခွာလာ သူတိုင်း၏ မျက်နှာများသည် ဖြူဖျော့နေခဲ့ကာ၊ ကြောက်ရွံ့ ထိတ်လန့်မှု များကြောင့် တုန်ယင်နေခဲ့ကြသည်။ တိုက်ပွဲအချိန်သည် ကြာလွန်ခြင်း မရှိခဲ့သော်လည်း၊ မြေပြင်၌ လူသားအလောင်းများနှင့် ကျီးကန်းအသေကောင်များ ရောနှောပြည့်နှက်နေလေပြီ။
သို့သော် ဤမျှသော အန္တရာယ်အတွင်း၌ မည်သူမှ ထွက်ခွာလိုခြင်း မရှိခဲ့ကြချေ။ တစ်ချိန်တည်းမှာပင် တောင်ခြေရင်းတွင်၊ နောက်ထပ်ကျင့်ကြံသူများ ထပ်မံရောက်ရှိလာခဲ့လေသည်။
ကျီးနက်သားရဲများသည် ၎င်းတို့၏ အပြင်းထန်ဆုံးသော တိုက်ခိုက်မှုများကို ထုတ်ဖော်လိုက်ပြီးနောက်၊ လူသား လောဘသားများကို ဆုတ်ခွာသွားစေရန် ဖိအားပေးနိုင်ခဲ့သည်။ ထိုကျီးနက်သားရဲများသည် နောက်ထပ် တိုက်ခိုက်လာခြင်း မရှိတော့ပဲ၊ ကောင်ကင်ယံတွင် ပျံဝဲအော်ဟစ်နေကြကာ၊ လူသားကျင့်ကြံသူများ ထံသို့ အဝေးမှ အကဲခတ်နေခဲ့ ကြလေသည်။
လင်းယွန်သည် ထိုဖြစ်စဉ် တစ်ခုလုံအား ခြုံငုံအကဲခတ်ပြီးနောက်၊ သူ၏ မျက်လုံးများသည် ဖျတ်ခနဲ တောက်ပသွားသည်။ ကျီးနက်သားရဲများသည် ကြောက်စရာ ကောင်းသည်မှာ အမှန်ပင် ဖြစ်သော်ငြားလည်း၊ လူသားကျင့်ကြံသူများ၏ ကောက်ကျစ်ယုတ်မာသော နှလုံးသားများမှာ၊ သာ၍ ကြောက်မက်ဖွယ် ကောင်းလှပေ၏။
လင်းယွန်က ဖရိုဖရဲ မဖြစ်ခင်ကပင် သူ၏ အာရုံကို အနီးနားရှိ ကျင့်ကြံသူများအပေါ်၌ လုံးလုံးလျားလျား ဖြန့်ကျက်ထားခဲ့ရာ၊ ပုံမှန်မဟုတ်သောအရာအချို့ကို သတိပြုမိလိုက်သည်။
တောင်စောင်းတစ်နေရာ၌ လူသုံးယောက်သည် တိုက်ပွဲအစမှ အဆုံးထိတိုင် လှုပ်ရှား ပါဝင်ခြင်း မရှိပဲ၊ ငြိမ်သက်နေခဲ့သည်။ ထိုထဲမှ ပထမတစ်ယောက်သည် အနက်ရောင်ကိုယ်ကျပ်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး၊ ၎င်းချပ်ဝတ်သည် အလယ်အလတ်တော်ဝင်ချပ်ဝတ် တစ်ခုဖြစ်နိုင်သည်ဟု ယူဆရသည်။ ဒုတိယတစ်ယောက်မှာ အပြာရောင်ဝတ်စုံကို ဆင်မြန်းထားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သော်လည်း၊ သူ၏ ခွန်အားကို ဖုံးကွယ်လိုဟန်ဖြင့် အရှိန်အဝါကို ဖိနှိပ်ထားလေသည်။
နောက်ဆုံးတစ်ယောက်မှာ ကောက်ကျစ်သော အတွေးများဖြင့် မျက်တောင်များ တဖျပ်ဖျပ်ခတ်နေခဲ့သော အဘိုးအိုတစ်ဦး ဖြစ်သည်။ ပထမနှစ်ယောက်သည် ရှန်ရှင်းပဉ္စမအဆင့်တွင် ရှိပြီး၊ ဤအဖိုးအိုသည် ရှန်ရှင်းဆဋ္ဌမ အထွတ်အထိပ် အဆင့် ခွန်အားကို ပိုင်ဆိုင် ထားလေသည်။
ယင်းအဘိုးအိုသည် ငြိမ်သက်စွာ ရပ်ကြည့်နေခဲ့ပြီး၊ အစောပိုင်း တိုက်ပွဲများ ဖြစ်ပေါ်လာစေရန် လှုံ့ဆော်ခဲ့သူလည်း ဖြစ်သည်ကို ရှင်းရှင်းလင်းလင်း သတိထားမိလိုက်၏။ ယခုအချိန်၌ ၎င်းအဖိုးအိုသည် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများအား လျစ်လျူရှုထားကာ၊ တစ်စုံတစ်ရာအား လေးလေးနက်နက် တွေးတောနေဟန်ရ၏။
'' အ.....အ အ ''
ပတ်ဝန်းကျင်တစ်ခုလုံးတွင် ကျီးနက်သားရဲများ၏အော်ဟစ်သံများ ပဲ့တင်ထပ်နေခဲ့သည်။ နေရောင်များ ပျောက်ကွယ်သွားသည်အထိ ကျီးနက်သားရဲများဖြင့် ပြည့်နှက်လာရာ၊ ထောင်ပေါင်းများစွာသော ကျီးနက်သားရဲများကြောင့်၊ ကျင့်ကြံသူတိုင်း၏ ဦးရေပြားများကို ယားယံလာစေသည်။
၎င်းကျီးနက်သားရဲ အရေအတွက်မှာ အနည်းဆုံး သုံးထောင်ခန့် ရှိလေပြီ။ ထို့အပြင် ကျီးနက်များသည် အသေကောင်များ၏ သွေးရနံ့များအတွက် ဝေးကွာလှသော အရပ်မှပင် အာရုံခံစားနိုင်ကြကာ၊ တိုက်ပွဲကွင်းပြင်များရှိ ကျင့်ကြံသူများ၏ အလောင်းများမှာ ကျီးနက်သားရဲများအား ပို၍ ဆွဲဆောင်နိုင် ခဲ့ပုံရ၏။
၎င်းတို့၏ အရေအတွက်များ သိသိသာသာ တိုးများလာသောအခါ လူတိုင်းကို စိတ်ပျက်အားငယ် စေခဲ့သည်။
သိပ်မကြာခင်မှာပဲ လူတိုင်းမြင်ကွင်း၌ သည်းမခံနိုင်လောက်သည်အထိ ရွံရှာဖွယ် မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။ ကျီးနက်သားရဲများ၏နူတ်သီးများသည် မြေပြင်ပေါ်ရှိ အလောင်းများကို ငုံ့၍ ထိုးကြိတ်ကာ စားသောက်လိုက်ကြ၏။
" သောက်ပဲဟေ့ ......... ရွံစရာကောင်းလိုက်တဲ့ သားရဲတွေ.... "
အလောင်းများကို အားရပါးရ စားသုံးနေကြသော ကျီးနက်သားရဲများကို ကြည့်ကာ၊ လူသားကျင့်ကြံသူများသည် ဒေါသတကြီး အံကြိတ်ကျိန်ဆဲလိုက်သည်။ သို့သော် ပြေးဝင်တိုက်ခိုက်ခြင်း မရှိကြပဲ၊ ယင်းအစား တိတ်တိတ်ဆိတ်ဆိတ်နေရန် ရွေးချယ်ခဲ့ကြ၏။
လင်းယွန်က တစ်ချိန်လုံးငြိမ်သက်နေရာမှ ထပ်မံတိုးပွားလာသော၊ ကျီးနက်သားရဲအရေအတွက်များကို ခန့်မှန်းတွက်ဆကြည့်ကာ၊ ကူကယ်ရာမဲ့ဟန်ဖြင့် သက်ပြင်းချ လိုက်မိသည်။ ဤမျှ များပြားလှသော အရေအတွက်များကို ဆန့်ကျင် သတ်ဖြတ်ရန်သည် သတ္တမအဆင့် ကျင့်ကြံသူများပင်၊ ၎င်းတို့အား ထိပ်တိုက်ရင်ဆိုင် ဝံ့မည် မဟုတ်ပေ။
" ဒီက မိတ်ဆွေလေးလင်း၊ မင်းရဲ့ မီးလျှံနတ်ဆိုး ခန္ဓာကိုယ်ကို ထုတ်ဖော်ထားရင်၊ ကျီးနက်တွေကို အချိန်ကြာကြာ ခုခံနိုင်တယ် မဟုတ်လား..... "
ကောက်ကျစ်သော အဘိုးအိုက ရုတ်တရက် လင်းယွန်ကို ပြုံးကြည့်ကာ စကားစပြောလာသည်။
"လင်းယွန်....လား "
'' သူရှိနေတာလား..... ''
ထိုစကားသံသည် ပတ်ဝန်းကျင်ရှိ လူအုပ်ကြီး၏ အာရုံကို ပုတ်နှိုးရာ ရောက်သွား၏။ မျက်လုံးပေါင်းများစွာသည် လင်းယွန်ထံသို့ လှည့်ကြည့်လာပြီးနောက်၊ ချက်ချင်း မှတ်မိသွားကြသည်။ နောက်ဆုံးတွင်၊ ဤလင်းယွန်သည် မိန်ဇီယာနှင့် ရွှန်းတူတို့အား ရင်ဆိုင်ရာတွင်၊ မီးလျှံနတ်ဆိုးခန္ဓာကိုယ်ကို ထုတ်ဖော်ခဲ့ကြောင်း သတိရသွား၏။
" မင်းက ငါ့ကို အရမ်းချီးကျူးလွန်းပါပြီ၊ ကျီးနက်တွေ အများကြီးကို ရင်ဆိုင်တိုက်ခိုက်ဖို့ မဝံ့ရဲပါဘူး ''
လင်းယွန်က ပြုံးကာ၊ ငြင်းပယ်လိုက်၏။ သို့သော်၊ ၎င်းအဘိုးအိုသည် သူ့အား အလွတ်ပေးချင် ပုံမရဟန်ဖြင့် ရယ်မောလိုက်ပြီး၊
'' မိတ်ဆွေလေးကသာ ဒီက လူအုပ်ကို ဦးဆောင်ဖို့ အရည်အချင်း ပြည့်မှီပါတယ်၊ မင်းသာ ဦးဆောင်ဖို့စိတ်ကူးရှိရင် မင်းရဲ့ အမိန့်ကို ငါလိုက်နာဖို့ အသင့်ပဲ၊ ငါတို့ အချင်းချင်း နက်နဲသားရဲ အမြုတေကို မျှဝေရတာက၊ ဒီညစ်ညမ်းတဲ့ ကျီးကန်းတွေကို ပေးရတာထက် ပိုကောင်းပါသေးတယ် ''
'' ဟုတ်တယ် ဒါက ကျိုးကြောင်းဆီလျော်တယ်၊ ငါတို့ အတူတူ အလုပ်မလုပ်ရင် ရွံရှာစရာ ကောင်းတဲ့ကျီးကန်းတွေက နက်နဲသားရဲ အမြုတေကို ထုတ်ယူသွားမှာကို ဒီအတိုင်းကြည့်နေရလိမ့်မယ် ''
" မိတ်ဆွေလေးလင်း၊ မင်းရဲ့ ရုပ်ခွန်အားက ငါတို့ထဲမှာ အသန်မာဆုံးပဲ၊ မင်းကလွဲရင် လူတိုင်းကို ဦးဆောင်နိုင်မယ့်သူ ....မရှိမှာကို ငါကြောက်တယ်။"
အဖိုးအိုဘေးရှိ အနက်ဝတ်လူနှင့် အပြာဝတ်လူတို့က အဖိုအို၏ စကားကို ထောက်ခံဟန်ဖြင့်၊ လှမ်းပြောလိုက်သည်။
" သေဆုံးသွားတဲ့ ငါတို့ရဲ့ မိတ်ဆွေတွေအတွက် ဒီသားရဲတွေကို အသက်နဲ့ရင်းပြီး၊ လက်စားချေ ရမယ် မဟုတ်လား"
" မှန်တယ် ကျင့်ကြံတယ်ဆိုတာ... ဒီလို ရက်စက်တဲ့ သားရဲတွေကိုမှ မသုတ်သင်ရဲရင် ဘာလုပ်ဖို့လဲ..... ဒီကညီနောင်လင်းယွန်၊ ငါတို့ကို ခေါင်းဆောင်ပြီး၊ ယုတ်မာတဲ့ သားရဲတွေကို လက်စားချေပေးပါ....."
" မိတ်ဆွေလေးလင်းကသာ ငါတို့ကို ဦးဆောင်ရင်း အဲဒီ့ ကျီးနက်တွေကို ဖယ်ရှားနိုင်မယ်လို့ ငါယုံကြည်တယ်။"
လူတိုင်းက လင်းယွန်ကို မြောက်ပင့်ပြောဆိုလာသည်ကြောင့် ထိုအဘိုးအိုက ကြေနပ်စွာ ပြုံးရယ်လိုက်သည်။ သူဖန်တီးထားသော အငွေ့အသက်ကို ကျေနပ်စွာ စောင့်ကြည့်နေခဲ့လေသည်။
'' ဟားဟားဟား ကောက်ကျစ်တဲ့ကျီးနက်တွေတဲ့လား....၊ မိတ်ဆွေတွေအတွက် အသက်ကိုရင်းပြီးလက်စား ချေမယ်တဲ့လား.....၊ ကောင်းပြီ ငါမှတ်ထားလိုက်မယ်.....''
လင်းယွန်က သဘောကျစွာ ရယ်မောလိုက်သည်။ တခြားသူများက သတိမထားမိကြပေမယ့် ဤအဖိုးအိုသည် လူပေါင်းများစွာ၏ အသက်အား စကားလေး တစ်ခွန်းဖြင့်ပင်၊ သေဆုံးစေခဲ့သည်ကို သူက သိမြင်ထားခဲ့သည်။
နောက်တဖန်၊ ဤကောက်ကျစ်သောအဘိုးအို၏ ရည်ရွယ်ချက်သည် လင်းယွန်ထံသို့ ဦးတည်လာသည်ကို သိလိုက်ရသည်နှင့် လင်းယွန်က သူ့ဝတ်ရုံစကို ဝှေ့ယမ်းလိုက်ကာ၊
" မင်းတို့အားလုံး ငါ့ကို အထင်ကြီးတဲ့အတွက် ငါက လူတိုင်းကို ဦးဆောင်ရတော့မှာပေါ့၊ အားလုံးပဲ အခုချိန်ကစပြီး ငါ့စကားကို နားထောင်ပါ၊ အဲ့ဒီက လူအိုကြီး မင်းလည်း အပါအဝင်ပဲ၊ ငါ့အမိန့်မရပဲ ဘယ်သူမှ မလှုပ်ရှားပါနဲ့.... လူတိုင်းကျီးနက်တွေကို စောင့်ကြည့်ထားပါ၊ တစ်ယောက်ယောက်က ဝိုင်တစ်ကရားလောက် ငါ့ကိုပေးနိုင်မယ်ထင်တယ်..... ငါ့ရဲ့ မီးလျှံနတ်ဆိုးခန္ဓာကိုယ်ကိုထုတ်ဖော်ဖို့က ရှားပါးတဲ့ အရက်ပြင်းပြင်းတွေ လိုတယ်..... '
သူ့အကြံအစည်ကြောင့် ခဏမျှ တွန့်ဆုတ်သွားသော လင်းယွန်ကို၊ မြင်လိုက်ရသော အဖိုးအိုက ချက်ချင်းပြုံးရယ် လိုက်၏။ သူက၊
'' မိတ်ဆွေလေးလင်းက တကယ်သူရဲကောင်းပါပဲ၊ မင်းမှာ ငါ့ရဲ့လေးစားမှုကို ရရှိဖို့ အရည်အချင်း ပြည့်ဝ ပါပေတယ် ''
အဖိုးအို၏ ဦးဆောင်မှုအောက်တွင် လူတိုင်းက လင်းယွန်အား ချီးမွမ်းလာကြသည်။ လင်းယွန်က ပြုံးပြလိုက်ပြီး၊ သူ့လက်ကောက်ဝတ်ရှိ ဝတ်ရုံစကို ဝှေ့ယမ်းကာ၊
" ....... သူရဲကောင်းတစ်ယောက်လိုတော့ မခံယူရဲပါဖူး..... အခုအားလုံး တိတ်တိတ်နေကြပါ "
လင်းယွန်က မောက်မာစွာ အော်ငေါက်ပြလိုက်ပြီး၊ တစ်စုံတစ်ယောက်၏ ကမ်းပေးလာသော နှစ်ချို့ဝိုင် တစ်ကရားကို မျက်နှာပြောင်ပြောင်ဖြင့်၊ လက်ခံရယူ သိမ်းဆည်း လိုက်သည်။ ထို့နောက်တွင် ကျောက်တုံးကြီးတစ်တုံးကို ကျောမှီလျက်၊ ယင်းဝိုင်အား အရသာခံ သောက်နေမိလေသည်။ အချိန်ကြာလာသည် နှင့်အမျှ လင်းယွန်သည် မူမမှန်ကြောင်း၊ သံသယဝင်လာကာ၊ ကောက်ကျစ်သော အဘိုးအို၏ မျက်နှာတွင် အလိုမကျဟန်များ စွန်းထင်း လာလေသည်။
တစ်ချိန်တည်းမှာပင် နက်နဲသားရဲအမြုတေ၏ အရှိန်အဝါသည် ကောင်းကင်ယံ၌ ပို၍ သိပ်သည်းလာခဲ့၏။
အဘိုးအိုသည် ခရမ်းရောင်လျှပ်စီးနတ်ဆိုး ဒရာကိုပီသားရဲ၏ အလောင်းအတွင်းမှ အရိုးများကို မြင်သောအခါ စိုးရွံ့လာသည်။ ဂနာမငြိမ်ဟန်ဖြင့် လင်းယွန်ကို လှည့်ကြည့်လိုက်ရာ၊ ဤလင်းယွန်သည် မျက်လုံးများ မှေးစင်းလျက် ဝိုင်အရက်ကို ဇိမ်ခံသောက်ယူနေသည့် မြင်ကွင်းကြောင့် မှတ်မှောင်ကြုတ် လိုက်၏။
" မိတ်ဆွေလေးလင်း၊ မင်းက အခု ငါတို့ကို ဦးဆောင်မှာ မဟုတ်ဘူးလား....."
အဘိုးကြီးက ကျီးနက်သားရဲများကို ကျောခိုင်းကာ၊ နူတ်ခမ်းတွန့်ရုံ ပြုံးနေခဲ့သော လင်းယွန်၏ အမူအယာကြောင့်၊ အံသြစွာ မေးမြန်းလိုက်သည်။ လင်းယွန်က တည်တည်ငြိမ်ငြိမ်ဖြင့်၊ သူ့အား ပြန်လှည့်ကြည့်လာကာ၊
" လူအိုကြီး၊ မင်းက ဘာလို့ ဒီလောက်တောင် စိတ်ပူနေရတာလဲ၊ ဒီလို မရင့်ကျက်ပုံမျိုးနဲ့ ကြီးမြတ်တဲ့အရာတွေကို မင်းဘယ်လိုများ လုပ်ဆောင်နိုင်မလဲ၊ ငါ့ဆီကနေ စိတ်ရှည် သည်းခံခြင်းကို သင်ယူထားပါ။ "
လင်းယွန်က အထင်သေးဟန်ဖြင့် မှုန်ကုပ်ကုပ်နှင့် မေးမြန်းလာသော အဘိုးအိုကို လူမြင်ကွင်းတွင် စိုက်ကြည့်ကာ ပြစ်တင် ကြိမ်းမောင်း လိုက်သည်။
"ဟုတ်ကဲ့...ဟုတ်ကဲ့... ငါမှားသွားပါတယ် မိတ်ဆွေလေးလင်း...."
အဖိုးအိုသည် ရှက်ရွံ့သော အပြုံးဖြင့်သာ ခေါင်းညိတ်ပြလာခဲ့သည်။
သို့သော် လင်းယွန်၏ မျက်လုံးများမှတဆင့် ပုံမှန်မဟုတ်သော အရိပ်အယောင် အချို့ကို မြင်လိုက်ရသောအခါတွင်၊ ဤလင်းယွန်သည် သူနှင့် လာရှုပ်နေခဲ့မှန်း၊ သိရှိလိုက်ရသည်။ ထို့ကြောင့်ပင်၊
" လူယုတ်မာလေး.... မင်းငါ့ကို လှည့်စားရဲလား"
ဟု ဒေါသတကြီး အော်ငေါက်လိုက်၏။
" ငါက မင်းကို ဘာလို့ လှည့်စားရမှာလဲ......."
လင်းယွန်က အဘိုးကြီးအား မော့ကြည့်ကာ၊ 'တဟားဟား' အော်ဟစ်ရယ်မောလာ လေသည်။
'' ငါက မင်းရဲ့လေးစားမှုကို ရထားတဲ့ ခေါင်းဆောင်ပဲ မဟုတ်လား၊ အခုတော့ မင်းက ခေါင်းဆောင်ရဲ့ အမိန့်ကို ပုန်ကန်ချင် နေတာလား မြေခွေးအိုကြီး.....ဟား ဟား ဟား ''
***