ငါနဲ့ တိုက်ခိုက်ချင် နေတာလား .... ကောင်းပြီ အခု စလို့ ရပြီ။
Vol. 10 Ch. 129
အဘိုးအိုသည် စကားတစ်ခွန်းမှ မပြောနိုင်လောက်အောင် ဒေါသထွက်သွားသည်။ လင်းယွန်၏ ရယ်မောလှောင်ပြောင်နေသောအပြုံးကို တွေ့မြင်လိုက် ရသည်နှင့် သူ၏ အမူအရာများမှာ ပို၍ မည်းမှောင်လာ၏။ သူသည် ဤလင်းယွန်အား အရူးတစ်ယောက်အဖြစ် လိမ်လည် လှည့်ဖြားရန် ကြိုးစားခဲ့သော်လည်း၊ ၎င်းသည် ရယ်စရာပျက်လုံးတစ်ခုသာ ဖြစ်လာခဲ့လေပြီ။
" ကောက်ကျစ်တဲ့ လူယုတ်မာလေး.... မင်းစောင့်နေပါ "
အဘိုးအိုသည် ဒေါသကြောင့် တုန်လှုပ်သွားသည်။ သူ့မှာ လင်းယွန်နှင့် စကားနိုင်လုဖို့ရန် အချိန် ရှိမနေချေ။ နက်နဲသားရဲ အမြုတေသည် လင်းယွန်နှင့် နှိုင်းယှဉ်ပါက ပို၍ အရေးကြီးပေ၏။
'' ဝှစ်......... ''
အဘိုးအိုက သူ့အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်နှင့် ပတ်ဝန်းကျင်မှ အာမေဋိတ်သံများ ဆူညံစွာ ထွက်ပေါ်လာလေသည်။ အဘိုးအို၏အရှိန်အဝါသည် သူ၏ နှိမ့်ချဆက်ဆံမှုများကြောင့်၊ ဤမျှ အစွမ်းထက်နေလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားမိပေ။
ထိုအရှိန်အဝါသည် ဆဋ္ဌမအဆင့်အထွတ်အထိပ်၌ ရှိနေခဲ့လေပြီ။ ၎င်းအဖိုးအိုသည် သူ၏ခွန်အားဖြင့်၊ လင်းယွန်အားခေါင်းဆောင်အဖြစ် အသိအမှတ်ပြုကြောင်းပြောဆိုခဲ့သည်မှာ၊ လှည့်စားမှုတစ်ခုသာဖြစ်ခဲ့သည်ကြောင့် လူအုပ်ကြီးမှာ ထိတ်လန့်သွားကြ၏။
နောက်တခဏအတွင်းမှာပင် အဘိုးအိုသည် တောင်ထိပ်ပေါ်သို့ တက်ရောက်ကာ ခရမ်းရောင်လျှပ်စီးနတ်ဆိုး ဒရာကိုပီထံသို့ ပြေးဝင်သွားလေသည်။
သူ့အနားကို ချဉ်းကပ်ဖို့ရန် ကြိုးစားလာကြသော ကျီနက်သားရဲများသည် သွေးမြူများအဖြစ် ပေါက်ကွဲသွားကုန်၏။
'' ဘယ်လောက်တောင် သန်မာလိုက်သလဲ၊ သူက ငါတို့ကို လှည့်စားနိုင်လုနီးပါးပဲ ......"
" သူ့ကိုယ်သူ နက်နက်နဲနဲ ဖုံးကွယ်ထားနိုင်ခဲ့သား.... "
အဖိုးအိုဘေး၌ တစ်ချိန်လုံးရပ်နေကြသည့် လူရွယ်နှစ်ယောက်သည်လည်း ထိတ်လန့်သွားကြ၏။ တစ်ချိန်တည်းမှာပင် သူတို့နှစ်ယောက်သည် လင်းယွန်အား လှည့်ကြည့်လိုက်သည်။ သူတို့၏ ဗီဇသိစိတ်အရ ဤလင်းယွန်သည်၊ အဖိုးအို၏ ဖိနှိပ်ထားသောခွန်အားကို အစကတည်းကပင်၊ မြင်ထားပြီးသား ဖြစ်ကြောင်း ပြောပြနေခဲ့သည်။
'' သတ်......''
ထို့နောက်တွင် လူအုပ်ကြီးသည် အော်ဟစ်ကြုံးဝါးလျက် အဖိုးအိုနောက်မှ အနီးကပ်လိုက်ပါ တိုက်ခိုက် လိုက်ကြလေသည်။
ဤတစ်ကြိမ်တွင် တိုက်ပွဲအရှိန်အဟုန်သည် ယခင်ကထက် ပိုမိုပြင်းထန်လာခဲ့ပြီး၊ ၎င်းသည် နောက်ဆုံး အခွင့်အရေး ဖြစ်သည်ကို လူတိုင်းက သိရှိထားကြ၏။ သို့မဟုတ်ပါက ကျီးနက်သားရဲများမှာ နက်နဲသားရဲအမြုတေအား ထိုးဖောက်ကိုက်ယူသွား ပေတော့မည်။
အဘိုးအို၏ ဦးဆောင်မှုနောက်မှလိုက်ကာ၊ လူအုပ်ကြီးသည် ခရမ်းရောင်လျှပ်စီးနတ်ဆိုး ဒရာကိုပီ၏ အလောင်းအနီးသို့ တဖြည်းဖြည်းချင်း ချဉ်းကပ်လာကြ၏။
သို့သော်ငြားလည်း ကျီးနက်သားရဲများ၏ ပျံသန်းတိုက်ခိုက်မှုများသည် ပို၍ ပြင်းထန်လာရာ၊ အသန်မာဆုံးအဖိုးအိုသည်ပင်၊ ဒဏ်ရာအနည်းငယ် ရရှိလာခဲ့သည်။
'' အ.........အ အ ''
အဖိုးအိုသည် ကျီးနက်များ၏ အဆုံးမရှိသော တိုက်ခိုက်မှုများကို လက်ဖဝါးရိုက်ချက်များဖြင့် ချေမှုန်းပစ်လိုက်ကာ၊ လမ်းကြောင်းတစ်ခုအား ဖန်တီးယူလိုက်၏။
ထို့နောက်တွင် လျင်မြန်သော အရှိန်ဖြင့် ရှေ့သို့တိုးဝင်လိုက်ရာ၊ ခရမ်းရောင်လျှပ်စီးနတ်ဆိုး ဒရာကိုပီ၏ ရင်ဘတ်နေရာ၌ ခရမ်းရောင်အလင်းများဖြင့် ဖုံးအုပ်ရစ်သိုင်းနေသော သားရဲအမြုတေကို တွေ့လိုက်ရလေသည်။ ပြင်းထန်သော အရှိန်အဝါများဖြင့် လျှပ်စီးများ တဖျပ်ဖျပ်လက်နေခဲ့ပြီး၊ ယင်းအမြုတေအတွင်းမှ ဝိညာဉ်တစ်ကောင် အော်ဟစ်နေသကဲ့သို့ အသက်ဓာတ်များ ပြည့်လျှံနေခဲ့ပေ၏။
" ဘယ်လောက်တောင် အသက်ဓာတ်တွေသိပ်သည်းလိုက်တဲ့ သားရဲအမြုတေလဲ....ဟား ဟား ဟား၊ ဒါက ငါ့အတွက်ပဲ..... "
ထိုမြင်ကွင်းကြောင့် အဖိုးအိုသည် ခရမ်းရောင်လျှပ်စီးကြောင်းများ ထွက်ပေါ်နေသည့် သားရဲအမြုတေဆီသို့ တဟုန်ထိုးပြေးဝင်သွားကာ၊ အော်ဟစ်ရယ်မောလိုက်၏။
" ဒီလောက်လည်း မလွယ်ပါဘူး......"
ရုတ်တရက် လူရိပ်နှစ်ရိပ်သည် အေးစက်စက်လေသံနှင့်အတူ အဖိုးအိုအား ဟန့်တား ပြေးဝင် လာလေသည်။ ထိုလူရိပ်နှစ်ရိပ်သည် အစောပိုင်း အချိန်၌ အဖိုးအိုနှင့် တစ်ဖွဲ့ထဲ အတူရှိနေခဲ့သော လူရွယ်နှစ်ယောက်ဖြစ်၏။
'' မင်းတို့က သေချင်နေတာပဲ..... နတ်ဆိုးမျောက်ဝံလက်သည်းကုပ်ချက် ''
ကောက်ကျစ်သော အဘိုးအိုက ဟောက်လိုက်သည်နှင့် သူ့လက်မောင်းတစ်လျှောက် အနက်ရောင်အမွှေးအမျှင်များ ပေါ်ပေါက်လာကာ၊ ၎င်းလက်တံများသည် နှစ်မီတာခန့် ပိုမိုဆန့်ထွက်လာပြီး၊ လက်သည်းများသည်လည်း ချွန်ထက်ရှည်ထွက်လာခဲ့သည်။ ခဏချင်းမှာပင် နတ်ဆိုးမျောက်ဝံ၏ လက်တစ်ဖက်ကဲ့သို့ ပြောင်းလဲသွားတော့၏။
ပြေးဝင်ဟန့်တား တိုက်ခိုက်လာသောလူရွယ်နှစ်ယောက်သည် ၎င်းလက်ကြီးထံမှ ထွက်လာသော ဖိအားကိုခံစားလိုက်ရသောအခါတွင်၊ မျက်နှာအမူအယာများ ပြောင်းလဲသွားသည်။ အသွင်ပြောင်းလဲထားသောလက်ကြီးနှင့် မရိုက်ခတ်ခင်၌ပင်၊ ယင်းလက်သည်းများထံမှဖိအားသည် ထိုလူရွယ်နှစ်ယောက်စလုံးအား ပါးစပ်မှ သွေးများထွက်ကျလာစေသည်အထိ ပြင်းထန်ခဲ့လေပြီ။
'' ............. ဝှစ် ''
နှစ်ယောက်သား မျက်နှာများ ပျက်ယွင်းသွားကာ၊ နောက်ပြန်ဆုတ်ခွာလိုက်ပြီး၊ အသွင်ပြောင်းထားသောလက်မောင်းကြီးကို စိုက်ကြည့်လျက်၊ ဤအဘိုးအိုသည် နက်နဲသားရဲအမြုတေကို အဘယ်ကြောင့် အလွန်အမင်းလိုအပ်နေခဲ့သည်ကို ချက်ခြင်းနားလည်လိုက်၏။ အဖိုးအို၏ သိုင်းဝိညာဉ်မှာ မျောက်ဝံများနှင့် ပတ်သက်မှုရှိနေခဲ့ကာ၊ နက်နဲသားရဲအမြုတေအား သန့်စင်ပေးနိုင်ပါက သူ့ခွန်အားမှာ အကန့်အသတ်မဲ့ သန်စွမ်း လာနိုင်ပေမည်။
" ထွက်သွားစမ်း......."
အဘိုးအိုက ဟစ်အော်လိုက်သည်။ သူ၏ မျက်နှာအမူအရာသည် တွန့်ကွေးသွားကာ၊ နတ်ဆိုးမျောက်ဝံတစ်ကောင်လို ရုတ်ချည်းပြောင်းလဲလာသည်ကြောင့်၊ လူရွယ်နှစ်ယောက်၏ ကျောရိုးများအား တုန်လှုပ်သွားစေခဲ့သည်။
'' မြေခွေးအိုကြီးက သားရဲအမြုတေကိုရသွားပြီ ''
'' ဒီမြေခွေးအိုကြီးက ကောက်ကျစ်လွန်းတယ်၊ သူက ဒီလောက်သန်မာတာတောင် လင်းယွန်ကို ဦးဆောင်ဖို့ လှည့်စားခဲ့တာပဲ...... ''
'' သူ့ရဲ့ နည်းစနစ်က တားမြစ်သိုင်းကွက်တစ်ခုပဲ၊ ဒီလိုမှမဟုတ်ရင် ပဉ္စမအဆင့်သိုင်းသမားနှစ်ယောက်ကို သိုင်းကွက်တစ်ကွက်ထဲနဲ့ ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်နိုင်ဖို့ဆိုတာက နည်းနည်းတော့ လွန်ကဲလွန်းတယ်။ ''
ထို့နောက်တွင် အဘိုးအိုသည် လူရွယ်နှစ်ဦးအား နောက်ဆုတ်သွားစေပြီးနောက်၊ သားရဲအမြုတေကို ရိတ်သိမ်းရန် လှမ်းသွားလေရာ၊ ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးက သက်ပြင်းချ လိုက်ကြ၏။
'' ............ ဝှစ် ''
သို့သော် ဤခိုက်အတန့်တွင် လင်းယွန်သည် ဓားသေတ္တာအားဖြုတ်ယူကာ လေထဲသို့ပစ်တင်လိုက်၏။
ယန်သန့်စင်ခြင်းနည်းစနစ်။
ရွှေရောင်တောက်ပနေသော ဆိုင်ကလုန်းမုန်တိုင်းသည် သူ့ခန္ဓာကိုယ်အတွင်း၌ ပျံ့နှံ့သွားပြီး၊ လက်မောင်းအတွင်းသို့ စီးဝင်လာသည်။
လက်သီးနှင့်ဓားပေါင်းစပ်မှု။
ခဏအတွင်းမှာပင် သိုင်းဝိညာဥ်ဓားကျိုးပေါ်မှ ငွေဖြူရောင်အလင်းသည် သူ့လက်သီးထံသို့ သိုင်းခြုံလာပြီး၊ ရွှေရောင် ဝိညာဉ်စွမ်းအင်များဖြင့် ပေါင်းစပ် ဖုံးအုပ်သွားလေသည်။ တစ်ဆက်တည်းမှာပင် လင်းယွန်၏ လက်သီးသည် လေထုထဲမှ ပြန်လည် နိမ့်ဆင်းလာသည့် ဓားသေတ္တာအား ပြင်းထန်စွာ ထိုးထုတ်လိုက်၏။
'' ဖုန်း, ..... ဘန်း ဘန်း ဘန်း ''
ပြင်းထန်သောပေါက်ကွဲနှင့်အတူ ဓားသေတ္တာသည် လွင့်ထွက်သွားခဲ့ပြီး၊ လမ်းတစ်လျှောက်ရှိ ကျီးနက်သားရဲများကို တိုက်မိလွင့်ထွက်ပေါက်ကွဲသွားစေကာ၊ သွေးမြူများအဖြစ်သို့ ပြောင်းလဲခဲ့စေပြီးနောက်၊ ၎င်းဓားသေတ္တာသည် အဘိုးအိုဆီသို့ ဦးတည်ပျံသန်းသွားတော့၏။
လင်းယွန်ထံမှ တစ်စုံတစ်ရာသည် အရှိန်ပြင်းပြင်းဖြင့် ပြေးထွက်သွားသည်ကို တွေ့မြင်လိုက်ရသည်နှင့် လူရွယ်နှစ်ယောက်မှာ ချက်ချင်းပင်ရွှင်မြူးသွား၏။ ဤအခိုက်အတန့်တွင် ၎င်းလင်းယွန်သည် သူ၏လှုပ်ရှားမှုကို စတင်လာလိမ့်မည်ဟု သူတို့က မမျှော်လင့်ထားခဲ့ကြပေ။ တစ်စုံတစ်ရာသောအနည်းငယ်ပြောင်းလဲမှုသည်ပင်၊ သူတို့၏ ကံကောင်းမှုကို ဆောင်ယူလာစေနိူင်မည်။
'' .......... ဝှီး ''
လေခွင်းသံပြင်းပြင်းဖြင့် ဝင်ရောက်လာသောဓားသေတ္တာထံသို့၊ လှည့်ကြည့်လိုက်မိသော အဖိုးအို၏မျက်နှာသည်၊ တုန်လှုပ်ခြောက်ခြားသွား၏။ သားရဲအမြုတေအား ဆက်လက်လှမ်းယူခဲ့ပါက၊ ထိုဓားသေတ္တာသည် သူ့အား ထိမှန်လာပေမည်။ ထို့ပြင် ဓားသေတ္တာကို ရှောင်တိမ်းလိုက်သည်နှင့် ခပ်လှမ်းလှမ်း၌ ယင်းအခြေအနေကို စောင့်ကြည့်နေကြသည့် လူရွယ်နှစ်ဦးသည် သားရဲအမြုတေအား ပြေးဝင်ရယူသွားနိူင်သည်။
မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကြောင့် လူတိုင်း အံသြသွားကြ၏။ သူတို့သည် လင်းယွန်ကို မင်သက်စွာ ကြည့်လိုက်မိသည်။ ဤလင်းယွန်သည် သူ၏တိုက်ခိုက်မှုကို စတင်ရန် အကောင်းဆုံးအချိန်ကို ရွေးချယ်နိူင်ခဲ့လေသည်။
လေထုအား ထိုးဖောက်ပျံသန်းလာသော ဓားသေတ္တာ၏ အသံသည် အဘိုးအိုအား ဆုံးဖြတ်ချက်ချရန် တွန်းအားပေးခဲ့သည်။
" လူယုတ်မာလေး.... ငါက မင်းရဲ့ တိုက်ခိုက်မှုကို လက်မခံရဲဖူး ထင်နေလား ဟမ်....... ''
ထိုအခိုက်အတန့်အတွင်း အဘိုးအိုသည် မုန်းတီးနာကျည်းနေဟန်ဖြင့် လင်းယွန်အားတစ်ချက်စိုက်ကြည့်လိုက်ကာ၊ နက်နဲသားရဲအမြုတေကို ဆက်လက်ရယူဖို့ ဆုံးဖြတ်လိုက်၏။
'' ဖုန်း.......... ''
တစ်ဆက်တည်းမှာပင် သားရဲအမြုတေအား လှမ်းယူနေသည့်အဖိုးအိုထံသို့ ဓားသေတ္တာမှာ ဝင်ရောက်သွားပြီး၊ ယင်းအဖိုးအိုအား ပေါက်ကွဲသံကြီးနှင့်အတူ လွင့်စင်သွားစေလေသည်။ အဖိုးအို၏အရှိန်အဝါသည် ရုတ်ချည်း အားပျော့သွားခဲ့ကာ မီတာတစ်ရာအကွာအဝေး၌ ပေါက်ကွဲသွားပြီး၊ တစ်ချိန်တည်းမှာပင် သွေးမြူများပန်းထွက်နေသည့် အသားတစ်များထံသို့ ဆုပ်ဖြဲစားသောက်ရန် ကျီးနက်သားရဲများ ပြိုဆင်းကျသွားလေသည်။
'' အ.... အ အ အ..... ''
'' အား.... ကျီးယုတ်တွေ..... ....''
၎င်းမြင်ကွင်းအား ရပ်ကြည့်နေမိသောလူအုပ်ကြီးမှာ ငြိမ်သက်အံ့သြသွားကြ၏။ ထိုဓားသေတ္တာသည် ဤမျှလောက်အထိ အစွမ်းထက်လိမ့်မည်ဟု သူတို့က မမျှော်လင့်ထားမိချေ။
နောက်တစ်စက္ကန့်အတွင်း ဓားသေတ္တာသည် အဘိုးအိုအား ရိုက်မိသွားသည့်အရှိန်ကြောင့် ပွင့်ထွက်သွားပြီး၊ အဖြူရောင်ပန်းရိုင်း ပွင့်ချပ်များသည် ဓားသေတ္တာအတွင်းမှ လွင့်စင်လာကာ၊ ပျံဝဲနေသောကျီးနက်သားရဲများနှင့်အတူ ကောင်းကင်ယံ၌ 'က'ခုန်နေလေသည်။
" ဓား.........."
လင်းယွန်က ကောင်းကင်ပေါ်သို့ ခုန်တက်ကာ၊ ပန်းသင်္ချိုင်းဓားအား ဆွဲကိုင်လိုက်ပြီး၊ မိုးကြိုးလက်ခုပ်သံငါးပါး၏ ပထမဆုံးသိုင်းကွက်ဖြစ်သော၊ 'ခရမ်းရောင်မုန်တိုင်း'ကို ထုတ်ဖော်လိုက်၏။
ပန်းသင်္ချိုင်းဓားသည် နောက်ဆက်တွဲအရ ဓားရိပ်ပေါင်း (၈၁)ရိပ်ကို ထင်ကျန်ရစ်စေခဲ့သည်။ ရလာဒ်အနေဖြင့် ယင်းဓားရိပ်များသည် ကျီးနက်သားရဲများကို နှစ်ပိုင်းခွဲပစ်လိုက်ကာ၊ မိုးခြိမ်းသံများ နှင့်အတူ ပတ်ဝန်းကျင်အား သွေးမိုးများဖြင့် ဖုံအုပ်သွားလေသည်။
ရာပေါင်းများစွာသော ကျီးနက်သားရဲများသည် မြေပြင်ပေါ်သို့ ပြုတ်ကျမလာမီ မိုးခြိမ်းသံများကိုသာ နောက်ဆုံးကြားလိုက်ရသည်။ တမဟုတ်ချင်းမှာပင် မြေပြင်သည် ကျီးနက်သားရဲများ၏ အလောင်းများဖြင့် ပြည့်နှက်သွားကာ၊ မီတာအနည်းအငယ်အတွင်း ပျံသန်းနေသော ကျီးနက်သားရဲများ ပျောက်ကွယ်သွားခဲ့၏။
လင်းယွန်သည် သွေးများစီးကျနေသော ပန်းသင်္ချိုင်းဓားဖြင့် ငြိမ်သက်စွာရပ်လျက် လူအုပ်ကြီးထံသို့ ဝေ့ကြည့်လိုက်ရာ၊ လူအုပ်ကြီးသည် လင်းယွန်၏ အကြည့်ကို ရင်မဆိုင်ရဲသကဲ့သို့ မျက်နှာလွှဲ နောက်ဆုတ်လိုက်ကြသည်။
'' ဘန်း......ဘန်း ဘန်း ''
အခြားတစ်ဖက်တွင် လင်းယွန်၏ဓားချက်များနှင့်အတူ ထွက်ပေါ်လာသောမိုးခြိမ်းသံများကြောင့်၊ သေအံ့မူးမူးအခြေအနေ၌ ရှိနေခဲ့သော အဘိုးအိုအား ကိုက်ဖြတ် စားသောက်နေကြသည့် ကျီးနက်သားရဲများမှာ ခဏမျှတုံ့ဆိုင်းသွား၏။ ထိုအဘိုးအိုသည် ၎င်းအခွင့်အရေးကို အမိအရဆုပ်ကိုင်လိုက်ကာ၊ ဝိုင်းရံထားသော ကျီးနက်သားရဲများကို ပေါက်ကွဲသွား စေလျက် လွတ်မြောက် လာလေသည်။
ထို့နောက်တွင် အဘိုးအိုသည် အရိုးများအထိအောင် နက်ရှိုင်းသောဒဏ်ရာများဖြင့်၊ မတ်တပ် ထရပ်ဖို့ရန် ရုန်းကန်နေခဲ့ရ၏။
" လူယုတ်မာကောင်၊ မင်းငါ့ကို တိုက်ခိုက်ရဲတယ်ပေါ့......"
ကျီးနက်သားရဲများ၏ တိုက်ခိုက်ခံရမှုမှ၊ လွတ်လျှင်လွတ်ချင်း ကောက်ကျစ်သော အဘိုးအိုသည် လင်းယွန်အား ရူးသွပ်စွာကျိန်ဆဲလိုက်၏၊ သူ့မျက်လုံးများတွင် အမုန်းတရားများဖြင့် အနီရောင်များ ပြောင်းနေခဲ့လေသည်။
'' ငါက ယုတ်မာတယ်လား၊ ....မင်းနဲ့ ယှဉ်ရင် ငါက သင်ယူစရာတွေ အများကြီး ကျန်ပါသေးတယ်၊ အနည်းဆုံးတော့ တခြားသူတွေရဲ့ အသက်ကို ဒိုင်းကာတစ်ခုအဖြစ် ငါမသုံးခဲ့ဘူး၊ ငါ့ဘဝမှာ ကိုယ့်ပိုင် စည်းမျည်းတွေ ရှိတယ်၊ ပြီးတော့ ဒီသားရဲ အမြုတေကို ငါလိုအပ်တယ် ''
လင်းယွန်၏ ဆန္ဒသည် အဘိုးအို၏ ဆန္ဒထက် ပိုမိုပြင်းထန်၏။ သူက မိုးကြိုးခန္ဓာကိုဖွဲ့တည်ရန်အတွက် မိုးကြိုးစွမ်းအင်အမြုတေကို လိုအပ်ပေ၏။ သို့သော် လင်းယွန်သည် သူ၏ရလိုမှုတစ်ခုအတွက် အခြားသောအသက်ပေါင်းများစွာအား စတေးပစ်ရန် လှုံ့ဆော်ခြင်း မပြုခဲ့ချေ။
" မင်းက.... ငါ့ကို အပြစ်တင်နေတာလား၊ ဟားဟားဟား ....မင်းမှာ ငါ့ကို ပြစ်တင်ဖို့ အရည်အချင်းပြည့်မှီတယ် ထင်နေလား၊ ဟမ်... ငါက ဒီသားရဲအမြုတေကို အသုံးပြုဖို့ မဖြစ်နိုင်မှတော့၊ မင်းလည်း ရဖို့ အိပ်မက် မက်မနေနဲ့..... ''
အဘိုးအိုက လင်းယွန်ကို လှောင်ရယ်လိုက်ကာ၊ သူ့လက်မှ သားရဲအမြုတေကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်၏။
" သောက် ပဲ .......ဟေ့၊ ....အဲဒီ မြေခွေးအိုကြီးက ရူးသွပ်သွားပြီ၊ သူက သူ့ကိုယ်သူ ဖျက်ဆီး ပစ်ချင်နေတာပဲ "
" မြန်မြန် ပြေး ......"
ခပ်လှမ်းလှမ်းရှိ လူရွယ်နှစ်ဦးတို့သည် ဤမြင်ကွင်းကြောင့် ထိတ်လန့်သွားပြီး၊ အမြန်ပြန်ဆုတ် သွားခဲ့သည်။
သို့သော် လင်းယွန်သည် ဆုတ်ခွာလိုခြင်းမရှိခဲ့ပဲ၊ သူ၏ အမူအရာမှာ ပြောင်းလဲသွားခြင်း မရှိပေ။ ရုတ်တရက် သွေးလည်ပတ်မှုကိုအနည်းငယ် နှေးကွေး သွားစေသည်အထိ လေထုသည် အေးခဲလာခဲ့ပြီး၊ နှင်းဆီပန်း တစ်ပွင့်သည် ကောင်းကင်မှ လွင့်စင်လာကာ၊ အဘိုးအိုပေါ်သို့ ကျရောက်သွားလေသည်။
တစ်ဆက်တည်းမှာပင်၊ အဘိုအိုက သူ့ပတ်ဝန်းကျင်၌ အေးခဲကုန်သည့်အချို့သော အရာများထံသို့ အံသြစွာ ငေးကြည့် နေစဉ်မှာပင်၊ ပန်းတစ်ပွင့်သည် ကောင်းကင်မှ ကြွေကျလာခဲ့လေသည်။
'' ဒီနှင်းပန်းဆီက ဘယ်ကနေ၊ 'ပွင့်ကြွေ'လာ ရတာတုန်း... ''
မိုးကြိုးလက်ခုပ်သံငါးပါး၏ ဒုတိယမြောက် သိုင်းကွက်။
ရုတ်တရက် ပတ်ဝန်းကျင်တစ်ခုလုံး ပန်းပွင့်ချပ်များ လွင့်မြော လာခဲ့ပြီး၊ အချိန်ယန္တရားသည် တစ်စုံတစ်ရာသော စွမ်းအား၏ ဟန့်တား နှောက်ယှက်ခြင်း ခံလိုက်ရဟန်ဖြင့်၊ အနည်းငယ် နှောင့်နှေးသွားလေသည်။ ထိုကာလအတွင်း၌ ပန်းနယ်မြေအတွင်းဆီမှ ထွက်ခွာပြေးလွှားလိုသော ဆန္ဒများသည် ဆန္ဒများသာ ဖြစ်လာပေတော့မည်။
တစ်စုံတစ်ယောက်သည် ပန်းနယ်မြေ၏ အလှတရားကို လျစ်လျူရှုချင်းငှာ မစွမ်းနိုင်တော့ချေ။ တနည်းအားဖြင့် ဆိုရသော် ပန်းပွင့်များစီးမျောနေသော ပတ်ဝန်းကျင်သည် အိမ်မက်ဘုံ တစ်ခုကဲ့သို့ လှပလွန်းခဲ့ပြီး၊ ၎င်းပန်းနယ်မြေ၏ အလှတရားသည် အချိန်ကာလအား လေးကန်သွားစေသည်အထိ နစ်မြုပ်သွားစေခြင်းပင် ဖြစ်သည်။ ဥပမာအားဖြင့် ယင်းသည် ဆွဲငင်အား နယ်မြေတစ်ခုသာ ဖြစ်လေသည်။
ကောက်ကျစ်သောအဘိုးအိုသည် ၎င်းကို နားမလည်နိုင်၊ သူ၏နှလုံးသားတွင် တပါးသူများအပေါ် ရက်စက်ကြမ်းကြုတ်သော ကြံစည်မှုများဖြင့်သာ ပြည့်နှက်နေခဲ့သည်။ ထို့ကြောင့်ပင် ၎င်းနယ်မြေအတွင်း၌ လုံးဝနစ်မြုပ်သွားခဲ့ပြီး၊ သားရဲအမြုတေကို ပါးစပ်ဝဆီသို့ ချိန်ရွယ်ထားလျက်မှ၊ မစားသုံးနိုင်မီ နှစ်ပိုင်းကွဲထွက်သွား၏။
ပန်းသင်္ချိုင်းဓားကို ပြန်လည် ရုတ်သိမ်းလိုက်ပြီး၊ လင်းယွန်က လေထဲမှ လွင့်ကျလာသော သားရဲအမြုတေကို ဖမ်းယူလိုက်၏။ တစ်ဆက်တည်းမှာပင် လင်းယွန်၏ အကြည့်သည် သူနှင့်အနီးကပ်ဆုံး နေရာ၌ ရှိနေသော လူရွယ်နှစ်ယောက်ကို လှည့်လိုက်ရာ၊ ထိုလူရွယ်နှစ်ယောက်သည် ချက်ချင်းပင် နောက်သို့ဆုတ်ခွာ သွားလေသည်။
လင်းယွန်၏ ဓားချက်သည် ကမ္ဘာသစ် တစ်ခုဆီသို့ ဆွဲခေါ် ခံလိုက်ရ သကဲ့သို့ ထိတ်လန့် သွားကြကာ၊ ၎င်းဓားချက်တွင် ထွင်းဖောက် မမြင်နိုင်ခြင်း များဖြင့် ပြည့်နှက်နေခဲ့၏။ သို့သော်လည်း၊ လင်းယွန်၏ လက်ထဲရှိ နက်နဲသားရဲ အမြုတေကိုမူ လောဘဇောဖြင့် စိုက်ကြည့် နေမိ ကြဆဲပင်။
သို့သော် သူတို့နှစ်ဦးသည် လင်းယွန်၏ ဓားချက်ကို တွေ့မြင်ပြီးနောက် ကြောက်ရွံ့ တုံ့ဆိုင်းသွားကြကာ၊ လုယူရန် မဝံ့ရဲ ကြတော့ပေ။
ထို့နောင်တွင် လင်းယွန်သည် မီးလျှံနတ်ဆိုးခန္ဓာအား အသက်သွင်းလိုက်ပြီး၊ ကျီးနက်သားရဲများ၏ တိုက်ခိုက်လာမှုကို ခုခံကာကွယ်လိုက်၏။
ကျီးနက်သားရဲများသည် တဟုန်ထိုးပြေးဝင် တိုက်ခိုက် လာကြသော်လည်း မီးလျှံနတ်ဆိုး ခန္ဓာကိုယ်ကို ဒဏ်ရာရအောင် မပြုလုပ်နိုင်တော့ချေ။
ထို့ကြောင့်ပင် အချို့သော ၎င်းသားရဲများသည် နတ်ဆိုးခန္ဓာကိုယ်အား တိုက်ခိုက်ရာ၌ မထိရောက်သည်နှင့်၊ အနီးအနားရှိ လူရွယ်နှစ်ဦးထံသို့ ဦးတည်ချက်ပြောင်းလဲ သွားလေသည်။
ဤမြင်ကွင်းကြောင့် လင်းယွန်က ပြုံးရယ်လိုက်ပြီး၊
'' မင်းတို့နှစ်ယောက်က ငါနဲ့ တိုက်ခိုက်ချင်နေတာလား.... ကောင်းပြီ အခုစလို့ရပြီ....''
လူရွယ်နှစ်ယောက်၏ မျက်နှာများသည် လင်းယွန်၏ စကားများကြောင့် သွေးအန်လုနီးပါး ဒေါသထွက်လာကြသော်လည်း၊ သူတို့ထံသို့ ဝိုင်းအုံလာကြသော ကျီးနက်သားရဲများကို အပြင်းအထန်ခုခံလိုက်ရလေသည်။
***