အပျက် အစီး နယ်မြေ။
Vol. 10 Ch. 130
လင်းယွန်က ကျီးနက်သားရဲ များနှင့် တိုက်ခိုက်ရာတွင် ပြောင်ပြောင် တင်းတင်း အသာစီး ရကာ၊ သူ၏ မီးလျှံနတ်ဆိုး ခန္ဓာ ကိုယ်ကြောင့် အချို့သော တိုက်ခိုက်မှု များကို လျစ်လျူရှု ထားနိုင်ခဲ့သည်။
လူရွယ်နှစ်ယောက်ထဲမှ အနက်ရောင် ချပ်ဝတ်ကို ဝတ်ဆင်ထားသောလူရွယ်သည် ကျီးနက်သားရဲများ၏ နှုတ်သီးများကို ခုခံ နိုင်သော်လည်း၊ ၎င်းတို့၏ အဆိပ်သင့်နေသော အနက်ရောင် မီးတောက်များကိုမူ မတားဆီး နိုင်ပေ။
အခြားလူရွယ်မှာလည်း သူ၏ ရွေ့လျားမှု နည်းစနစ်ကို အားကိုးနေရသည်။ သို့သော်၊ ၎င်းသည် ကုန်ဆုံးသွားခြင်း မရှိသော ၊ ကျီးနက် သားရဲ အရေအတွက် များကြောင့် သူ၏ ဝိညာဉ် စွမ်းအင်များ လျင်မြန်စွာ ကုန်ဆုံးနေလေသည်။
နှစ်ယောက်သား ရုန်းကန်နေကြသော်လည်း၊ တစ်ဖက်တွင် လင်းယွန်သည် သက်တောင့် သက်သာဖြင့် သားရဲအမြုတေကို သိမ်းဆည်း လိုက်ပြီး၊ ကျီးနက်သားရဲ များကို ရင်ဆိုင် နေလေသည်။
'' ညီအစ်ကိုလင်းယွန်၊ ငါတို့ကြားက ဆက်ဆံရေးကို ရှုပ်ထွေးနေစရာ မလိုပါဘူး၊ ရှန်ရှင်းအဆင့် သားရဲအမြုတေပဲဖြစ်ဖြစ်၊ အလယ်အလတ် ဝိညာဉ်ကျောက်တုံးပဲ ဖြစ်ဖြစ် လျော်ကြေးပေးဖို့၊ မင်းမှာ ဆန္ဒရှိနေသရွေ့၊ ငါတို့က နက်နဲသားရဲအမြုတေကို သဘောထားကြီးကြီးပေးနိူင်ပါတယ် ......"
လူလတ်ပိုင်းအရွယ် အမျိုးသားက သူ့လေသံကို လျော့ချကာ၊ တရားမျှတဟန်ဖြင့် စကားစပြောလာသည် ။ ကျန်ရှိနေသော သူ့အဖော်လူရွယ်ကလည်း ခေါင်းညိတ်လိုက်ကာ၊
'' ဒါက ကောင်းတဲ့ အကြံပြုချက်ပဲ၊ မင်းရဲ့ မီးလျှံနတ်ဆိုးခန္ဓာက သန်မာနိုင်ပေမယ့်၊ ငါတို့ကို အချိန်ကြာကြာ ရင်ဆိုင်ဖို့ဆိုတာ၊ သေချာပေါက် ခက်ခဲမှာပဲ....."
'' ဒါဆိုလည်း မင်းတို့ဘာလို့စမ်းမကြည့်ရတာလဲ ''
'' မင်း......... ''
လင်းယွန်က ပြုံးပြီး ဖိတ်ခေါ်လိုက်၏။
'' ဝှစ်......... ''
အနက်ရောင်ချပ်ဝတ် လူရွယ်သည် ကျီးနက်များထံမှ မီးတောက်များကိုကာကွယ်ရန်၊ သူ၏ ဝိညာဉ်စွမ်းအင်ကို ထုတ်ဖော်ထားရသည် ဖြစ်ရာ၊ ကျီးနက်သားရဲများ၏ တိုက်ခိုက်မှုအတွင်း၊ အချိန် အတော်ကြာကြာ ခုခံကာကွယ် နေခဲ့ရသော၊ သူ၏ လက်တစ်စုံသည် အကန့်အသတ်ကို ကျော်လွန်နေပြီ ဖြစ်သည်။ နောက်မကြာခင် အခိုက်အတန့်အတွင်း သူ၏ ဝိညာဉ်စွမ်းအင်များသည် ကုန်ခမ်းလိုက်လာကာ၊ ဆုတ်ခွာ ထွက်ပြေးရန်ပင်၊ ခွန်အား ကျန်ရှိနိုင်တော့မည် မဟုတ်ပေ။
" သောက်.....ပဲ ဟေ့ "
ထို့နောက်တွင် အနက်ရောင် ချပ်ဝတ်လူရွယ်က အော်ဟစ်ကျိန်ဆဲလျက်၊ သူ့ကို ဝိုင်းထားသော ကျီးနက်သားရဲအချို့ကို သတ်ပစ်လိုက်ပြီးနောက်၊ လျင်မြန်စွာ ထွက်ပြေးသွား လေသည်။
" သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေ... "
လင်းယွန်က ကျီးနက်သားရဲများနှင့် တိုက်ခိုက်နေဆဲမှ ပြုံးရယ်ဆုတောင်းပေးလိုက်သံကြောင့်၊ အနက်ရောင်ချပ်ဝတ် လူရွယ်မှာ မျက်နှာတစ်ခုလုံး မဲမှောင်သွား၏။
" ငါ မင်းကို သတိရနေမှာပါ ကောင်လေး.
..."
ကျန်ရှိနေခဲ့သော လူရွယ်သည်လည်း လင်းယွန်ကို စူးစူးရဲရဲ စိုက်ကြည့်ကာ၊ တိုက်ပွဲမြေပြင်မှ လျင်မြန်စွာ ပြေးလွှားသွားခဲ့သည်။ သူ၏အဖော်ဖြစ်သူ အနက်ရောင် ချပ်ဝတ် လူရွယ် ထွက်သွား ပြီးနောက်တွင်၊ လင်းယွန်ကို သူတစ်ဦးတည်း အင်အားဖြင့် ရင်ဆိုင်ရန်မူ ယုံကြည်မှု မရှိခဲ့ပေ။
ထို့ကြောင့် လင်းယွန်သည် အရိုးစုများသာကျန်ရှိတော့သည့် အလောင်းကောင်များနှင့်သာ ကျန်ရစ်ခဲ့တော့၏။ သူက သိုင်းတာအိုကို ဖွဲ့တည်ပြီးနောက်တွင်၊ ဤသို့ ရက်စက်ကြမ်းကြုတ်သောမြင်ကွင်းသည် သူ့အား ပို၍တည်ငြိမ်လာ စေသည်။
" ဒီ လင်းယွန်က နက်နဲသားရဲအမြုတေကို ရသွားလိမ့်မယ်လို့...... ငါ ဘယ်တုန်းကမှ မမျှော်လင့်ထားမိဘူး။"
'' အဲဒီ မြေခွေးအိုကြီးက သန်မာပေမယ့် လင်းယွန်ရဲ့လက်နဲ့ သေဆုံးသွားရတာပဲ မဟုတ်လား.... ''
'' ကောက်ကျစ်တဲ့ မြေခွေးအိုကြီးအတွက် သေခြင်းက ထိုက်တန်ပါတယ်၊ သူသာ လောဘမကြီးပဲ ဓားသေတ္တာကို ရှောင်နိုင်ခဲ့ရင်၊ ကျီးနက်တွေရဲ့ အကိုက်ကိုခံရမှာ မဟုတ်ဘူး၊ ဒါဆို လင်းယွန်ကို ကောင်းကောင်းရင်ဆိုင်နိုင်မှာပါ...''
'' နောက်ဆုံးတော့ ငါတို့က လင်းယွန်ကို လျှော့တွက်ထားမိနေတုန်းပါပဲ။ ''
ပတ်ဝန်းကျင်ရှိ လူအုပ်ကြီး၏ မျက်လုံးများသည် လင်းယွန်ကို လောဘဇောဖြင့် စိုက်ကြည့်လာကြပြီး၊ သူတို့၏ ဆွေးနွေးမှုများတွင် လင်းယွန်အား လေးစားမှုများဖြင့် အပြည့်နှက်နေခဲ့သည်။
ကျင့်ကြံခြင်းလောကတွင် အားနည်းသူများသည် သန်မာသူများ၏ ခြေနင်းတုံး များသာ ဖြစ်၏။
မြေပြင်ပေါ်ရှိ လူသေအလောင်းများကို ကြည့်လိုက်ရာ လင်းယွန်၏ မျက်နှာသည် ညှိုးနွမ်းသွားခဲ့သည်။ သူသည် တစ်ချိန်ချိန်တွင် ၎င်းအလောင်းကောင်များ အတွင်းမှ တစ်စုံတစ်ဦး ဖြစ်လာ နိုင်သော်လည်း၊ ဤလမ်းကို သူကိုယ်တိုင် ရွေးချယ်ထားခဲ့သောကြောင့် ဆုတ်ခွာရန် အကြောင်း မရှိပေ။
လင်းယွန်က ပန်းသင်္ချိုင်းဓားကို ဓားသေတ္တာထဲသို့ ပြန်ရုတ်သိမ်း လိုက်ပြီး၊ လူအုပ်ကြီးနှင့် ဆန့်ကျင်ဘက် အရပ်သို့ ထွက်ခွာသွားလေသည်။ ကျီးနက်သားရဲများကို မီးလျှံနတ်ဆိုးခန္ဓာကိုယ်ဖြင့် ခုခံတိုက်ခိုက်ရန်သည် ထင်ထားသလောက် မလွယ်ကူသောကြောင့်၊ ချက်ခြင်း ထွက်ခွာသွားခဲ့ရ၏။
ပတ်ဝန်းကျင်မှ ကျင့်ကြံသူများသည် လူစုမခွဲမီ လင်းယွန်ထွက်ခွာသွားသည်ကို သတိပြုမိသွားကြ၏။ ထို့နောက်တွင် လူအုပ်ကြီးသည် စိတ်ပျက်လက်လျော့လိုက်ဟန်ဖြင့် ပြန်လည် ဆုတ်ခွာ သွားလေသည်။
ဤသည်မှာ လျှို့နယ်မြေ၏ အစသာဖြစ်ပြီး၊ ဆိုလိုသည်မှာ ၎င်းတို့အတွက် မရေမတွက်နိုင်သော ကံကောင်းနိုင်ချေများစွာ ရှိနေပေသေးသည်။ မကြာခင်မှာပင် လူတိုင်းသည် သူတို့၏ တိုက်ပွဲဝင်လို စိတ်များကို ပြန်လည် ရရှိသွားကြကာ၊ တက်ကြွလာတော့၏။
တစ်ချိန်တည်းမှာပင်၊ ဓားသေတ္တာကို ထမ်းပိုးကာ လင်းယွန်သည် ခေါင်ဖျားသော အရပ်ဆီသို့ ဦးတည်လိုက်ပြီး၊ သားရဲအမြုတေကို သန့်စင်ရန် ပြင်ဆင်လိုက်မိသည်။
အထူးသဖြင့်၊ ၎င်းသားရဲသည် ရှေးဟောင်း နဂါး၏ မျိုးဆက်သွေးကို ပိုင်ဆိုင်ထားသော ခရမ်းရောင်လျှပ်စီးနတ်ဆိုး ဒရာကိုပီ ဖြစ်ပေသည်။ ထို့ကြောင့် ၎င်းအမြုတေသည် လင်းယွန်အတွက် များစွာ အကျိုး ရှိလှ၏။ သိုလှောင်အိတ်အတွင်းမှ သားရဲအမြုတေကို ထုတ်ယူလိုက်သည်နှင့် တပြိုင်နက်၊ ခရမ်းရောင်အလင်းတန်းများသည် သိပ်သည်းစွာထွက်ပေါ်လာ လေသည်။
'' ဘယ်လောက်တောင် သိပ်သည်းလှတဲ့ မိုးကြိုးစွမ်းအင်များလဲ......ဒီနက်နဲသားရဲအမြုတေကို ငါ သန့်စင်နိုင်မလား ကြည့်ရအောင်။ ..... ''
ဤသားရဲအမြုတေ၏ စွမ်းအင်အချို့ကို စုပ်ယူနိုင်ခဲ့ပါက၊ လင်းယွန်၏ ခွန်အားသည် ကျိန်းသေပေါက် တိုးလာမည် ဖြစ်သည်။ လက်ဖဝါးကို ဖြန့်လျက်၊ သားရဲအမြုတေကို ဆုပ်ကိုင်လိုက်ပြီး၊ ယန်သန့်စင်ခြင်း နည်းစနစ်ကို ဖြန့်ဝေလိုက်၏။
ခဏအကြာတွင် နက်နဲသားရဲအမြုတေအတွင်းရှိ ကြောက်မက်ဖွယ်စွမ်းအားသည်၊ သူ့ခန္ဓာကိုယ်ထဲသို့ ပေါက်ကွဲဝင်ရောက် လာသည်။ ရုတ်တရက် သူ၏ ဒါန်တမ် အတွင်းမှ ရွှေရောင်မုန်တိုင်းငယ်သည် လှည့်ပတ်လာကာ၊ ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ထိန်းသိမ်းထားရန် ဝိညာဉ်စွမ်းအင်များ အဆက်မပြတ် ပေးပို့လာလေသည်။
'' ရွှီး........... ''
မတူညီသော စွမ်းအင်နှစ်ခုသည် သူ့ခန္ဓာကိုယ်ထဲ၌ ပြင်းထန်စွာ တိုက်ခိုက်နေကြ၏။ သူ၏ ရွှေရောင်ဝိညာဉ်စွမ်းအင်များသည် နက်နဲသားရဲ အမြုတေထံမှ ကြမ်းတမ်းသောစွမ်းအင်များကို ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲနေခဲ့လေပြီ။ ယန်သန့်စင်ခြင်းနည်းစနစ်ကို စတင်လေ့ကျင့်ပြီးနောက်၊ မည်သို့သော စွမ်းအင်မျိုးကိုမဆို စုပ်ယူသန့်စင်ရာတွင် အောင်မြင်စွာ ထိန်းကြောင်းနိုင်ခဲ့သော် ငြားလည်း၊ ယခုအကြိမ်သည် ပထမဦးဆုံး အကြိမ်အဖြစ် ထိန်းမနိုင်သိမ်းမရ အခြေအနေသို့ ရောက်ရှိလာခဲ့ခြင်းပင် ဖြစ်သည်။
ယခင်အကြိမ်များ၌ မည်မျှပင် ပြင်းထန်ကြမ်းတမ်းသော စွမ်းအင်မျိုးကိုမဆို ယန်သန့်စင်ခြင်းနည်းစနစ်သည် ကောင်းမွန်စွာထိန်းချုပ်နိုင်ခဲ့ပြီး၊ ယခုအကြိမ်၌ မတူကွဲပြားစွာ တုန့်ပြန်နေခဲ့သည်။
'' ဘယ်လောက်တောင် ကြမ်းတမ်းလိုက်တဲ့ စွမ်းအင်များလဲ.... ''
ခန္ဓာကိုယ်အတွင်း၌ ရိုင်းစိုင်းစွာပေါက်ကွဲနေခဲ့သော မိုးကြိုးစွမ်းအင်များကို ထိန်းကြောင်းရန်မှာ၊ မည်မျှ ခက်ခဲလှကြောင်းကို တွေ့ရှိလိုက်ရသဖြင့် တုန်လှုပ်သွားခဲ့၏။
ရှန်ရှင်းစတုထ္ထအဆင့်မှ တစ်စုံတစ်ယောက်သည် နက်နဲသားရဲအမြုတေအား သန့်စင်ရန်ကြိုးစားမိခြင်းမှာ၊ အလွန်ပင် ယုတ္တိမတန် လှပေ။
ထို့ကြောင့်ပင် ယန်သန့်စင်ခြင်းနည်းစနစ်သည် ၎င်းအား ကိုင်တွယ်နိုင်ခြင်း မရှိခဲ့ချေ၊ ကံကောင်းထောက်မစွာဖြင့်၊ လင်းယွန်ထံ၌ အခြား နည်းလမ်းများ ရှိနေသေးပေသည်။ သူက ဒါန်တမ်အတွင်းရှိ မီးလျှံနတ်ဆိုး စည်းတံဆိပ် ထံသို့ ထိုစွမ်းအင်များကို ပို့လွှတ်လိုက်၏
'' ရွှီး........ ''
တစ်ချိန်တည်းမှာပင်၊ နက်နဲသားရဲအမြုတေ၏ စွမ်းအင်များသည် ထွက်ပေါက်တစ်ခုကို တွေ့ရှိလိုက်သကဲ့သို့၊ တဟုန်ထိုး စီးဝင်သွားကာ၊ မီးလျှံနတ်ဆိုး စည်းတံဆိပ် အတွင်းရှိ နတ်ဆိုး သဏ္ဍာန် အစိုင်အခဲငယ်ဖြင့် ပျော်ဝင်ပေါင်းစပ် လာသည်။
တစ်ရက်ခွဲကြာသောအခါ၊ နက်နဲသားရဲအမြုတေသည် မီးလျှံနတ်ဆိုးစည်းတံဆိပ် အရွယ်ခန့်သို့ ပြောင်းလဲသွားပြီး၊ ၎င်းမီးလျံနတ်ဆိုးသည် လက်သီးဆုပ် သဏ္ဍာန်အထိ ကြီးမားလာခဲ့လေသည်။
"......ငါအခု မိုးကြိုးခန္ဓာကိုယ်ကို ဖွဲ့တည်နေပြီ.....
လူများစွာသည် မိုးကြိုးခန္ဓာ ဖွဲ့တည်ခြင်း နည်းစနစ်ကို လေ့ကျင့်ရန် ကြိုးစားခဲ့ကြသော်လည်း၊ တစ်စုံတစ်ယောက်သော သူသည် လင်းယွန် ကဲ့သို့သော အလားတူအောင်မြင်မှုမျိုးကို မရရှိခဲ့သည်မှာ နှစ်ပေါင်း အတော်ကြာခဲ့ပြီ ဖြစ်သည်။ ကျင့်ကြံသူတိုင်းသည် ပထမအဆင့် မီးလျှံနတ်ဆိုး ခန္ဓာကိုယ်တွင် တစ်ဆို့သွားကုန်ခဲ့ကြ၏။ သို့သော် လင်းယွန်သည် ၎င်း၏ အသက်အရွယ်၌ပင် စတုတ္ထအဆင့်သို့ ရောက်ရှိအောင် ကျင့်ကြံနိုင် ခဲ့ပေသည်။
နှလုံးသားထဲရှိ စိတ်လှုပ်ရှားမှုများစွာကို ချိုးနှိမ်လိုက်ပြီး၊ မိုးကြိုးစွမ်းအင်များကို ဂရုတစိုက်ဖြင့် ဆက်လက်စုပ်ယူလိုက်၏။ အချိန်ကြာလာသည်နှင့်အမျှ လင်းယွင်၏ လက်ထဲရှိ နက်နဲသားရဲအမြုတေသည် စပါးစေ့အရွယ်အထိ ကျုံ့ဝင်သွားခဲ့သည်။
တမဟုတ်ချင်းမှာပင် သားရဲအမြုတေသည် ပျောက်ကွယ်သွားခဲ့ပြီး၊ လင်းယွန်၏ ဒါန်တမ်အတွင်း၌ ပန်းခရမ်းရောင် တံဆိပ်တစ်ခု စတင်ပေါ်ပေါက်လာလေသည်။
'' ...........ဘုန်း ဘုန်း ''
ထိုအချိန်တွင်၊ မီးတောက်များနှင့်အတူ အလင်းတန်းများ ပေါက်ကွဲထွက်လာကာ၊ လင်းယွန်၏ အရည်ပြားများ စတင်ကွာကျ လာလေသည်။
အရည်ပြားအသစ်ပေါ်၌ လျှပ်စီးစွမ်းအင်များ ဖိတ်ဖိတ်လက်နေခဲ့ပြီး၊ သူ၏ အသားရည်သည် ကျောက်စိမ်းတုံး တစ်တုံးကဲ့သို့ ကြည်လင်တောက်ပ လာလေသည်။ မိုးကြိုးခန္ဓာကိုယ်ကို ဖွဲ့စည်းပြီးနောက်တွင်၊ လင်းယွန်ထံမှ ထိတ်လန့်တုန်လှုပ်ဖွယ် ရောင်ဝါတစ်ခု ပေါက်ကွဲ ထွက်လာတော့၏။
နောက်ဆက်တွဲအနေဖြင့် ကောင်းကင်ယံတွင် တိမ်များစုရုန်းလာပြီး၊ လေပြင်းနှင့် လျှပ်စီးများကို ဆွဲဆောင်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် လင်းယွန်၏ ခန္ဓာကိုယ်သည် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော အသွင်သို့ ပြောင်းလဲသွားတော့၏။
ခဏအကြာတွင် လင်းယွန်သည် အသက်ပြင်းပြင်းရှူထုတ်လိုက်ပြီး၊ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်၏။ ပန်းခရမ်းရောင် တောက်ပနေသော တံဆိပ်သည် မကြာမီ မှိန်ဖျော့ပျောက်ကွယ်သွားလေသည်။ ၎င်းသည် မိုးကြိုးခန္ဓာကိုယ်အား အောင်မြင်စွာ ဖွဲ့တည်နိုင်ခဲ့ခြင်းပင်။
လက်သီးကို ဆုပ်လျက် လေထုထဲသို့ ထိုးထုတ်လိုက်သည်နှင့် သူ့လက်မောင်းရိုးများ အက်ကွဲသွားပြီး၊ ကြောက်စရာကောင်းလွန်းလှသော စွမ်းအားများကို ခံစားလိုက်ရသည်။
" ဘယ်လောက်တောင် ကြောက်စရာကောင်းလှတဲ့... စွမ်း အား လဲ......"
လင်းယွန်က ဝမ်းမြောက်သွား၏။ ၎င်းလက်သီးတွင် ပါဝင်သောစွမ်းအင်သည် သူ၏စွမ်းအားအပြည့်ကို ထည့်သွင်းထားခြင်း မဟုတ်သောကြောင့်၊ သူကသာ စွမ်းအားအပြည့်ကို အသုံးပြုပါက မည်မျှ အစွမ်းထက်မည်ကို တွေးကြည့်နိုင် ပေသည်။
လင်းယွန်က မျက်လုံးမှိတ်လျက် ဒါန်တမ် အတွင်းသို့ ဆန်းစစ် ကြည့်လိုက်ရာ၊ ရွှေရောင်မုန်တိုင်းငယ် သဏ္ဍာန်ဘေး၌၊ ပန်းခရမ်းရောင် နတ်ဆိုးငယ်တစ်ပါးသည် ခရမ်းရောင် မီးတောက်များနှင့် လျှပ်စီးကြောင်းများကို တဖျပ်ဖျပ် လက်လာစေလျက်၊ နတ်ဆိုးအရှိန်အဝါကို ပြသနေခဲ့လေပြီ။
သို့သော် လွန်ခဲ့သည့် အခိုက်အတန့်၌ အနည်းငယ်သော စွမ်းအင်သည်ပင် သူ၏ လက်မောင်းရိုးများကို ကွဲအက်သွားစေသည်ကို ပြန်သတိရသောအခါတွင် လင်းယွန်က ကျောရိုးတစ်လျှောက် အေးစက်သွားသလို ခံစားလိုက်ရ၏။ ၎င်းမိုးကြိုးစွမ်းအင်သည် သူ့ဒါန်တမ် အတွင်း၌ ရက်စက်ကြမ်းကြုတ်သော သားရဲတစ်ကောင်ကဲ့သို့ ဖြစ်တည်နေခဲ့လေပြီ။
မိုးကြိုးခန္ဓာကိုယ်သည် မီးလျှံနတ်ဆိုးခန္ဓာကိုယ်နှင့် နှိုင်းယှဉ်ပါက များစွာကြမ်းတမ်းလှပေ၏။ ထို့ကြောင့် လင်းယွန်က အနည်းငယ် စိတ်ပူသွား၏။ သူက မိုးကြိုးခန္ဓာစည်းတံဆိပ်ကို ထိန်းချုပ်နိုင်စွမ်း မရှိမည်ကို စိုးရိမ်နေမိခဲ့သည်။
" အပျက်အစီးနယ်မြေဆီ ဦးတည်ဖို့ အချိန်တန်ပြီ။"
လင်းယွန်က စိတ်လှုပ်ရှားစွာဖြင့် အဝေးသို့မျှော် ကြည့်လိုက်၏။ ထို့နောက်တွင် လင်းယွန်သည် အမဲလိုက်တော့မည့် ကျားသစ်တစ်ကောင်ကဲ့သို့ ပြေးထွက်သွားတော့သည်။
လေးနာရီအကြာ ပြေးလွှားပြီးနောက်၊ လွင်ပြင်တစ်ခု၌ မြင်းတစ်အုပ်အား ဦးဆောင်နေခဲ့သော နဂါးသွေးမြင်းကို တွေ့မြင်လိုက်ရသည်။
၎င်းအုပ်စုအတွင်းရှိ မြင်းတစ်ကောင်ချင်းစီသည် ရှန်ရှင်း ပဉ္စမအဆင့်တွင်ရှိနေခဲ့ပြီး၊ ရှေးဟောင်းနတ်ဆိုးသားရဲများ၏ အရှိန်အဝါကို ထုတ်လွှတ်ထားလေသည်။ ဤမြင်းမိုက်သည် ဒေသခံ နဂါးသွေးမြင်းများကိုပင် လှည့်ဖျားနိုင်ခဲ့ကာ၊ ၎င်းရှေးဟောင်း နတ်ဆိုး သားရဲများနှင့် ရောနှောလျက်၊ ကိုယ်ယောင်ဖျောက်ထားနိုင်ခဲ့သည်။ ထို့အပြင် အကယ်၍သာ တစ်စုံတစ်ယောက်သည် ၎င်းတို့အား အရူးအမူးချဉ်းကပ်မိပါက၊ ရာပေါင်းများစွာသော နဂါးသွေးမြင်းများ၏ တိုက်ခိုက်မှုများကြောင့် ကြေမွှသေဆုံး နိုင်ပေမည်။
ရုတ်တရက် နဂါးသွေးမြင်းသည် တစ်စုံတစ်ရာအား သံသယ ဝင်ဟန်ဖြင့် လေထုအတွင်းသို့ ခေါင်းမော့ရှူရှိုက်လိုက်ကာ၊ လင်းယွန်ရှိရာတောင်ကုန်းဘက်ထံ လှည့်ကြည့်လာခဲ့သည်။ ထို့နောက်တွင် လင်းယွန်အား တွေ့မြင်လိုက်ရပြီးနောက်၊ အသိအမှတ်ပြုဟန်ဖြင့် ခဏမျှ စိုက်ကြည့်လိုက်ပြီး၊ ဆက်လက် ပြေးလွှားသွား၏။
" ဒီမြင်းမိုက်က ပါးနပ်ပုံတော့ရသား... ''
လင်းယွန်က ပြုံးရယ်လိုက်ကာ အပျက်အစီးမြေ ဆီသို့ ခရီးဆက်လာခဲ့သည်။
နေ့တစ်ဝက်ခန့် ဆက်လက် ပြေးလွှါးလာပြီးနောက် အဆုံးမရှိသော ရောင်ဝါများ ထွက်ပေါ်နေသည့် အပျက်အစီးနယ်မြေ တစ်ခုကို တွေ့မြင်လိုက်ရ၏။
'' ဒါက ရှေးဟောင်းခေတ်က သန်မာတဲ့ ဂိုဏ်းတစ်ဂိုဏ်းရဲ့ နယ်မြေလား ''
ဤအပျက်အစီးကွင်းပြင်သည် မိုးကုပ်စက်ဝိုင်းအထိ တမျှော်တခေါ် ကြီးမားကျယ်ပြန့်နေခဲ့ရာ၊ ၎င်းသည် အဆုံးမရှိ နယ်မြေကြီးအဖြစ် ထင်မှားလာစေသည်။
အချို့သော အဆောက်အအုံများသည် နှစ်ပေါင်းများစွာ ကြာညောင်းသည်အထိ ခိုင်မာစွာ တည်ရှိ နေကြဆဲ ဖြစ်သည်။
" ရှေးဟောင်းဂိုဏ်းတစ်ဂိုဏ်းရဲ့ နယ်မြေကတင် အပြာရောင်နေမင်းနိုင်ငံ တစ်နိုင်ငံလုံးထက် ပိုကြီးပုံရတယ်၊ ဒီဂိုဏ်းကြီး ရှင်သန်နေတုန်းက ဘယ်လောက်တောင် တန်ခိုးအာဏာ ကြီးထွားလိုက်မလဲ ... ''
လင်းယွန်က အပျက် အစီး နယ်မြေအား မျှော်ကြည့်ကာ တုန်လှုပ် နေစဉ်မှာပင်၊ သူ့နောက် ကျောရှိ ရှေးဟောင်း ဓားသေတ္တာမှာ၊ ရုတ်တရက် တုန်ခါလာ လေသည်။
***