ဝါးမြှောင်။
Vol. 10 Ch. 131
''ရှေးဟောင်းဓားသေတ္တာကို ဖိတ်ခေါ်တဲ့ အင်အားတစ်ခု ရှိပုံရတယ်... အဲဒါက ဓားသူတော်စင်ရဲ့ အမွေဖြစ်နိုင်မလား"
လင်းယွန်က စိတ်လှုပ်ရှားစွာဖြင့် အပျက်အစီးနယ်မြေထဲသို့ မျှော်ကြည့်လိုက်သည်။
'' ဓားသူတော်စင်က ဘယ်သူများလဲ၊ ကျင့်ကြံခြင်း ရွှေခေတ်မှာတောင် ကြီးကျယ်ခမ်းနားတဲ့ ပါရမီရှင်တွေကို ဖြတ်ကျော်ပြီး ထိပ်ဆုံးမှာရပ်တည်နိုင်လောက်အောင် ဘယ်လောက်အထိများ သန်စွမ်းခဲ့မလဲ ''
တစ်စုံတစ်ယောက်သည် ၎င်း၏အမွေအချို့ကို ရရှိနိုင်ပါက၊ ထိုတစ်စုံတစ်ယောက်သည် တစ်သက်တာလုံး အကျိုးရှိသွားမည် ဖြစ်သည်။ သို့သော် နှစ်ပေါင်းများစွာ ကြာခဲ့သည့်တိုင် ထိုအခွင့်အရေးမျိုးကို မည်သူမျှ ရှာမတွေ့ခဲ့ပေ။
ယန်တင်းယီ၏ စကားများအရ ဓားသူတော်စင်သည် သဘာဝတရားကြီးမှမွေးဖွားလာသော ရတနာတစ်ခုကိုအသုံးပြုကာ၊ ရှေးဟောင်းဓားသေတ္တာကို သန့်စင်လိုက်ကြောင်း သူသိထားသည်။ ဓားနိယာမများပေါ်နားလည်နိုင်စွမ်းအပြင်၊ ရှေးဟောင်းဓားသေတ္တာကိုပါ ပိုင်ဆိုင်ထားခဲ့သော၊ ထိုဓားသူတော်စင်၏ တည်ရှိမှုသည် ဤကမ္ဘာကြီးအား မောက်မာစွာ ငုံ့ကြည့်နိုင်ခဲ့သည်။
ရှေးဟောင်းဓားသေတ္တာသည် ခဏမျှသာ တုန်ယင်ခဲ့သော်လည်း၊ လင်းယွန်ကို လမ်းကြောင်းမှန်ပေါ်သို့ ညွှန်ပြဖို့ရန် လုံလောက်ပေ၏။ ထို့ကြောင့်ပင် လင်းယွန်က အပျက်အစီးနယ်မြေဆီသို့ ဦးတည်ကာ၊ သူ့အရှိန်ကို တိုးမြှင့်လိုက်သည်။
တစ်နာရီအကြာတွင် အပျက်အစီးနယ်မြေအတွင်း မီတာအနည်းငယ်အထိ ရောက်ရှိလာကာ၊ ၎င်းဒေသအတွင်းရှိ လေထုသည် ဆိုးရွားသောအမှောင်စွမ်းအင်များဖြင့် ပြည့်နှက်နေခဲ့လေသည်။ အပျက်အစီးနယ်မြေအား ဝေ့ဝဲကြည့်ရှုလိုက်သည်နှင့်၊ သူနောက်ကျနေခဲ့ပြီဆိုသည်အား သိရှိလိုက်ရသည် ။
အပျက်အစီးနယ်မြေအတွင်းသို့ တိုးဝင်လာမိလေလေ ပျက်စီးမှုများသည် ကြီးမားလေလေကို တွေ့မြင်နေခဲ့သည်။
သို့သော် ၎င်းနယ်မြေအများစုသည် မည်သို့ပျက်စီးယို့ယွင်းခဲ့သည်ကို ဆန်းစစ်ဖော်ထုတ်နိုင်ခြင်း မရှိပေ။
လင်းယွန်၏ နှလုံးသားသည် ငြိမ်သက်သွားပြီး ယင်းနယ်မြေအား လေးစားမှုအပြည့်ဖြင့် စူးစမ်းနေမိ၏။
'' ကောင်းပြီ၊ အခု ဓားသူတော်စင်ရဲ့ အမွေကို သွားရှာဖို့ အလျင်လိုစရာ မလိုသေးပါဖူး.... ''
ရေရွတ်သံနှင့်အတူ သူ့အရှိန်အား နှေးကွေးစေလိုက်ကာ၊ အပျက်အစီးများကြား လမ်းလျှောက်လျှက် အဆောက်အဦးများကို ငေးကြည့် သဘောကျနေခဲ့သည်။ အဆောက်အဦးတိုင်းကို မလွတ်တမ်း ဝင်ရောက်ကြည့်ရှု လိုက်မိသည်။ ထိုအဆောက်အဦးတိုင်းတွင် အဖိုးတန်သောအရာမှန်သမျှသည် ရှေးမဆွကပင် ဝင်ရောက်ယူငင်သွားခဲ့ကြပြီဖြစ်ရာ၊ ရတနာနှင့်တူသည့် အပ်တိုတစ်ချောင်းကိုပင် ရှာမတွေ့နိုင်တော့ပေ။
သို့သော် လင်းယွန်သည် ရတနာများကို ရှာဖွေရန် ၀င်ရောက်ခဲ့ခြင်းမဟုတ်၊ ယင်းအစား၊ ဤဂိုဏ်းကြီးသည် အတိတ်ကာလ၌ မည်မျှ ကြီးကျယ်ခမ်းနားခဲ့ကြောင်းကို တွေးတောရန်သာ ဖြစ်လေသည်။
'' ဒါက ဆေးခန်းမ ဖြစ်မယ် ''
စုတ်ပြတ်နေသော ခန်းမတစ်ခုအတွင်းသို့ ဝင်ရောက်လိုက်မိသည်နှင့် လင်းယွန်ကသုံးသပ်လိုက်၏။ ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းနေသော ဆေးကြိုအိုးဟောင်းတစ်လုံးကို အခန်းထောင့်တစ်နေရာ၌ တွေ့မြင်လိုက်ရသည်။ ထိုအိုးပတ်ပတ်လည်တွင် နဂါးကိုးကောင်ကို ထွင်းထုထားပြီး၊ ထိုနဂါးများ၏ အတွင်းပိုင်းများသည် အလွန်ပျက်စီးနေကာ၊ ဝိညာဉ်စွမ်းအင်များပင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
ထိုဆေးကြိုအိုး၏ အထက်နံရံတွင် စုတ်ချက်ကြမ်းကြမ်းဖြင့် ရေးဆွဲထားသော ပန်းချီကား တစ်ချပ်သည် လျော့တိလျော့ရဲ ချိတ်ဆွဲနေ၏။ ပန်းချီကားထဲတွင် ကောင်လေးတစ်ယောက်သည် ကွေ့ကောက်နေသည့် လက်ဟန်ဖြင့် ကောင်းကင်ကိုမော့ကြည့် နေခဲ့သည်။
လင်းယွန်က ထိုကောင်လေး၏ လက်သင်္ကေတကို ကြည့်လိုက်သောအခါ အံ့အားသင့်သွား၏။ ၎င်းသင်္ကေတသည် သူနှင့်ရင်းနှီးသော ဝိညာဉ်စွမ်းအင်စုစည်းခြင်း နည်းစနစ်ဖြင့် ဆင်တူလှပေသည်။
သို့သော် ယင်းကောင်လေး၏ ဝိညာဉ်စွမ်းအင်စုစည်းခြင်းနည်းစနစ်သည် ပို၍ အဆင့်မြင့်လေးနက်ကြောင်းကို ထိုသင်္ကေတမှတဆင့် သိမြင်နိုင်ပေသည်။
'' ဝှစ်........ ''
အခန်းထဲရှိဖုန်မှုန့်များကို လွင့်စင်သွားစေသော လေပြည်ကို ဆင့်ခေါ်ရန် သူ့လက်ကို ဝှေ့ယမ်းလိုက်၏။ ဖုန်မှုန့်များလွင့်စင်သွားပြီးနောက် တစ်ချိန်တည်းမှာပင် ဆေးမီးဖိုအတွင်းမှ ငြင်သာစူးရှသော ဝိညာဉ်တေးသံ အချို့ ထွက်ပေါ်လာလေသည်။ လင်းယွန်က ထိတ်လန့် အံ့အားသင့်သွား၏။
'' ဖုန်း....... ''
နောက်အခိုက်အတန့်တွင် ဆေးမီးဖိုသည် ရုတ်တရက် ကွဲအက်ပေါက်ကွဲသွားသည်။ ထိုပေါက်ကွဲမှုကြောင့် ဖုန်မှုန့်များလွင့်စင်လာကာ၊ လင်းယွန်အား ခေါင်းမှခြေဖျားအထိ ဖုံးလွှမ်း ပေကျံလာစေ၏။
'' ဝှစ်............. ''
'' မြန်မြန်........ ''
ရုတ်တရက် ပြေးလွှာသံများ ဆက်တိုက်ဆိုသလို ကြားလိုက်ရပြီး၊ လူအချို့၏ အသံများ နီးကပ်လာသည်။ ကျင့်ကြံသူအများအပြားသည် ပေါက်ကွဲသံကိုကြားလိုက်ရသောအခါ စူးစမ်းလိုစိတ်ဖြင့် လျင်မြန်စွာ ပြေးလာကြခြင်း ဖြစ်သည်။ အခန်းတစ်ခန်းအတွင်း၌ ပေါက်ကွဲမှုအချို့ကြောင့် ဖုန်များဖုံးလွှမ်းနေသည့်လင်းယွန်ကို မြင်လိုက်ရသည်နှင့်၊ ၎င်းပြေးလွှားလာသူတို့မှာ မအောင့်နိူင်စွာ ရယ်မောလိုက်ကြ၏။
'' ကောင်လေး.... ဒီနေရာက ဘာမှ ကောင်းတာ မရှိတော့ဘူး ''
လူလတ်ပိုင်းအရွယ် သိုင်းသမားတစ်ယောက်က လင်းယွန်အား သနားကြင်နာဟန်ဖြင့် ရယ်မောလိုက်သည်။
'' ဟုတ်တယ် အပျက်အစီးနယ်မြေရဲ့ နယ်စပ်မှာရှိတဲ့ အဖိုးတန်အရာအားလုံးကို လွန်ခဲ့တဲ့နှစ်ပေါင်း ရာဂဏန်း လောက်ကတည်းက ရိတ်သိမ်းသွားခဲ့ကြပြီးပြီ၊ ဒီမှာ အဖိုးတန်တဲ့အရာတစ်ခုခု ဘယ်လိုလုပ် ရှိနိုင်မှာလဲ.. . "
'' ဒါက စုတ်ပြတ်နေတဲ့ ဆေးခန်းမတစ်ခုသာသာပဲ၊ မင်းစိတ်ထဲပုံမှန်အရာတွေလို့ထင်ပြီး ထိလိုက်မိတာနဲ့၊ ပေါက်ကွဲပျက်စီးကုန်တက်တာ သဘာဝပဲ မဟုတ်လား ''
ရှင်းပြသံများကြောင့်၊ လင်းယွန်က ရှက်ရွံစွာဖြင့် သူ့မျက်နှာပေါ်မှ ဖုန်မှုန့်များကို သုတ်ကာ ပြုံးလိုက်ပြီး၊
" အဲဒါကို ငါသတိမထားမိလိုက်ဖူး၊ ခုတော့ဖုန်မှုန့်တွေကို စားလိုက်ရတာပဲ၊ အဖတ်တင်တယ်.... ''
"ဟား ဟား ဟား..... "
လင်းယွန်၏စားသံနှင့်အတူ မတော်တဆဖြစ်ရပ်သည် လူအုပ်ကြီးအား ရယ်မောမိသွားစေသည်။ ဖုန်မှုန့်များ သန့်စင်ပြီးနောက်၊ လင်းယွန်၏ မျက်နှာအသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါတွင်၊ လူအုပ်ကြီးမှာ ထိတ်လန့်သွားကြ၏။
'' လင်း ယွန် လား ''
" ဒါ... ဒါက အစ်ကိုလင်းယွန်ပဲ.... အရင်က ရိုင်းစိုင်းမှုအတွက် တောင်းပန်ပါတယ် "
" မိတ်ဆွေလေးလင်း၊ မင်းဘာလို့ နောက်ကျနေတာလဲ၊ အပြာရောင်နေမင်းနိုင်ငံရဲ့ အာဏာရှင်ဂိုဏ်းငယ်တွေအပြင်၊ ကောင်းကင်ဘုံဓားနန်းတော်ဂိုဏ်းရဲ့တပြည့်တွေအကုန်လုံး ပင်မနယ်မြေထဲကို အပြေးအလွှားသွားနေတာ ငါတွေ့လိုက်ရတယ်။ ''
'' လွန်ခဲ့တဲ့ ရက်အနည်းငယ်က နက်နဲသားရဲအမြုတေကို အစ်ကိုလင်း ရသွားတယ်မဟုတ်လား၊ ပြီးတော့ ဆဋ္ဌမအဆင့်သိုင်းသမားတစ်ယောက်ကိုတောင် သတ်ပစ်ခဲ့တယ်လို့ ကြားမိပါတယ်၊ မင်းရဲ့ခွန်အားက ငါတို့လက်လှမ်းမမှီတဲ့ အဆင့်ရောက်နေပြီ၊ ကျေးဇူးပြုပြီး ငါတို့အပြစ်ကို ခွင့်လွှတ်ပေးပါ....."
လွန်ခဲ့သောနှစ်လအတွင်း သွေးတိမ်ဂိုဏ်း၏ သွေးဆုကြေးကြောင့်၊ လင်းယွန်၏နာမည်ကို ကျင့်ကြံသူတိုင်းက သိရှိသွားခဲ့သည်။ ထို့ပြင် မကြာသေးမီရက်များအတွင်း လင်းယွန်သည် အဋ္ဌမအဆင့်မီးလျှံအမြုတေနှင့် တိမ်နဂါးသစ်သီးကို လုယူသွားခဲ့ကြောင်း သတင်းများထပ်မံထွက်ပေါ်လာရာ၊ သူ့နာမည်အား ပို၍ထင်ရှားလာစေ၏။
နောက်ဆုံးအကြိမ်အဖြစ် မိန်ဇီယာနှင့်ရွှန်းတူနှစ်ယောက်အား စိန်ခေါ်ခဲ့သောတိုက်ပွဲသည်
၎င်းတို့နှလုံးသား၌ပင် လင်းယွန်၏ပုံရိပ်ကို စွဲထင်သွားစေရန် လုံလောက်လေသည်။ အပြာရောင်နေမင်းနိုင်ငံတွင် တစ်စုံတစ်ယောက်၏ မွေးဖွားရာဇာစ်မြစ်သည် အရေးမပါလှချေ၊ သန်မာသူများသာ လေးစားခံရပြီး၊ လင်းယွန် ၏ခွန်အားသည် ၎င်းတို့အတွက် လေးစားဖွယ်အဆင့်၌ ရပ်တည်ထားနိုင်လေသည်။
" မင်းတို့တွေက ယဉ်ကျေးလွန်းပါတယ်...."
ချီးကျူးစကားသံကြောင့် လင်းယွန်က ရှက်ရွံ့စွာ ခေါင်းကုတ်လိုက်၏။ သူ့နာမည်သည် ဤမျှ နာမည်ကြီးနေလိမ့်မည်ဟု ဘယ်တုန်းကမှ ထင်မထားမိချေ။
'' ကောင်းပြီ၊ ဒါဆိုလည်း ဒီနေရာက ဖုန်မှုန့်တွေကို အစ်ကိုလင်းက သဘောကျနေမှတော့ ငါတို့ မနှောင့်ယှက်တော့ပါဘူး၊ သွားကြရအောင် ..... "
တစ်စုံတစ်ယောက်က စတင်နူတ်ဆက်လိုက်ပြီး၊ လက်ကောက်ဝတ်ရှိဝတ်ရုံစကို ရုတ်သိမ်းလိုက်ကာ၊ ပြေးလွှားထွက်ခွာသွား၏။ ခဏအကြာတွင် လူအုပ်ကြီးမှာ ရှင်းလင်းသွားခဲ့ပြီး၊ လင်းယွန်တစ်ယောက်တည်းသာ ကျန်ရှိခဲ့တော့သည်။
လင်းယွန်က အခန်းထဲဝေ့ကြည့်လျက် ရှက်ရွံ့စွာ ပြုံးရယ်လိုက်သည်။ ဤနေရာ၌ ဖုန်မှုန့်များသာ ရှိသည်မှာ အမှန်ပင်ဖြစ်၏။ ထို့ကြောင့်သူက လူအုပ်ကြီး နောက်သို့ လိုက်ပါသွားရန် ဆုံးဖြတ်လိုက်သည့် အချိန်၌ပင်၊ ဖုန်မှုန့်များအတွင်းမှ တစ်စုံတစ်ရာအား၊ စူးစမ်းလိုစိတ်ဖြင့် လှမ်းယူလိုက်သည်။
''....ဒါက ဝါးခြမ်းပြားပဲ ''
အချိန်ကြာလာသည်နှင့်အမျှ အရာရာသည်ပျက်စီးယို့ယွင်နေခဲ့သော်လည်း၊ ၎င်းဝါးခြမ်းပြားသည် မာကျောကောင်းမွန်နေဆဲပင်။ မျက်နှာပြင်မှ ဖုန်မှုန့်များကို သုတ်လိုက်ကာ၊ အံသြစိတ်ဖြင့် လှည့်ပတ်ကြည့်ရှုလိုက်၏။
ဖုန်မှုန့်များကင်းစင်သွားပြီးနောက်၊ ဝါးခြမ်းပြားပေါ်တွင် ရှေးဟောင်းအက္ခရာလေးလုံးကိုတွေ့မြင်လိုက်ရလေသည်။
၎င်းအက္ခရာလေးလုံးမှာ အပြည့်အစုံထင်ပေါ်ခြင်း မရှိတော့ပဲ၊ ဒုတိယအက္ခရာသည် လသို့မဟုတ်၊ မျက်လုံးများကို ရည်ညွှန်းနေခဲ့ပြီး၊ စတုတ္ထအက္ခရာသည် မီးအဓိပ္ပါယ်ကိုဆောင်ကာ၊ ပထမနှင့် တတိယအက္ခရာကိုမူ ဝိုးတဝါးသာ ဖတ်နိုင်တော့ပေသည်။
လင်းယွန်က ဝါးခြမ်းပြားကိုကိုင်ကာ ခေါင်းကို ခါယမ်းလိုက်၏။ ယင်းဝါးခြမ်းပြားသည် တစ်စုံတစ်ရာသော အရည်များဖြင့် ပေါင်းခံ မီးသင်းထားသည်ဖြစ်ရာ၊ သတ္တုတစ်စကဲ့သို့ မာကြောကျစ်လစ်လာခြင်း ဖြစ်ပေမည်။ သူက တွေးတောနေစဉ်တွင်၊ ဝိညာဉ်စွမ်းအင်တစ်စကို ဝါးခြမ်းပြားထဲသို့ ထည့်သွင်းလိုက်၏။
" ................ ''
သူ၏ဝိညာဉ်စွမ်းအင်ကို ၎င်းထဲသို့ ထည့်သွင်းပြီးနောက် ဝါးခြမ်းပြားသည် ချက်ချင်း လေးလံလာ၏။ နောက်တစက္ကန့်အတွင်း လင်းယွန်သည် ဝါးခြမ်းပြားအား ပင့်ကိုင်ထားနိူင်ခြင်းမရှိတော့ကာ၊ မြေပြင်ပေါ်သို့ ပြစ်ချလိုက်ရသည်။
'' ဘုန်း......... ''
ဝါးခြမ်းပြားသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီးနောက်၊ အဆောက်အဦးတစ်ခုလုံးသည် တုန်ခါပြိုကျသွား၏။ အဆိုပါ တုန်ခါမှုသည် မိုင်နှစ်ဆယ်ခန့်အထိ ပျံ့နှံ့သွားခဲ့ပြီး ၎င်းအကွာအဝေးအတွင်းရှိ အဆောက်အဦးများမှာ ပြိုကျလာခဲ့လေသည်။
'' ဝှစ်......... ''
လင်းယွန်က ထိုဝါးခြမ်းပြားအား ကောက်ယူဆုပ်ကိုင်လျက်၊ ၎င်းနယ်မြေအတွင်းမှ လျင်မြန်စွာ ထွက်လာခဲ့သည်။ တစ်စုံတစ်ယောက်သည် ဤအခြေအနေ၌ သူ့အား ထပ်မံတွေ့ရှိသွားပါက၊ သာ၍ ရှက်ဖွယ်ကေါင်းလှပေမည်။ အဝေးသို့ ပြေးလွှားသွားပြီးနောက်၊ လက်ထဲရှိ ဝါးခြမ်းပြားကို စစ်ဆေးလိုက်၏။
'' ဒါက ဘယ်လိုရတနာမျိုးလဲ၊ ငါက ဒါကို လျှို့ဝှက်လက်နက်တစ်ခုအနေနဲ့ အသုံးချမယ် ဆိုရင်၊ သာမာန်လူတစ်ယောက်က အဲဒါကို ခုခံကာကွယ်နိုင်မှာ မဟုတ်ဘူးဆိုတာ သေချာတယ်။"
လင်းယွန်က တစ်ကိုယ်တည်း ရေရွတ်လိုက်ပြီး သိုလှောင်အိတ်ထဲသို့ သိမ်းဆည်းလိုက်သည်။ သို့သော် ၎င်းဝါးခြမ်းပြားသည် သိမ်းဆည်း၍ မရကြောင်းကို သိလိုက်ရသောအခါတွင် အံ့အားသင့်သွား၏။
'' ထူးဆန်းလိုက်တာ ဒါက သိုလှောင်အိတ်ထဲထည့်လို့ မရဖူးလား...... ''
နောက်ဆုံးတွင် လင်းယွန်သည် ၎င်းကို သူနှင့်အတူသာချိတ်ဆွဲလျက် သယ်ဆောင်နိုင်ခဲ့သည်။ ဤအရာသည် ရိုးရှင်းမည်မဟုတ်ကြောင်း သူသိသည်၊ သို့သော် ၎င်းကို နောက်ထပ်စစ်ဆေးအတည်ပြုရန် အချိန်မရှိပေ။
" ဓားသူတော်စင်နယ်မြေဆီကို သွားရမယ့် အချိန်ရောက်ပြီ..."
လင်းယွန်သည် ဖုန်မှုန့်များကို နှစ်ကြိမ်တိုင်တိုင်စားသုံးပြီးနောက်တွင်၊ အဆောက်အဦးများထဲသို့၊ ဝင်ရောက်စူးစမ်းရန် ဆန္ဒမရှိတော့ချေ။ မှန်ကန်သော ဦးတည်ရာကို ချိန်ညှိပြီးနောက်၊ မနားတမ်း ထွက်ခွာလာခဲ့သည်။ သူ၏ ခြေထောက်များကို သန့်စင်ထားသောကြောင့် မီတာသုံးရာကျော်အထိ ပေါ့ပါးစွာ ခုန်လွှားနိူင်ခဲ့ပြီး၊ တစ်ခါတစ်ရံတွင် ပျော့ပျောင်းသော စွမ်းအင်ကြိုးမျှဥ်အနည်းငယ်ကို ထုတ်ယူသုံးဆွဲကာ၊ လေထုထဲတွင် ခဏအကြာ၊ ဝဲပျံနိူင်ရန် အသုံးပြုလာခဲ့သည်။
ထိုမြင်ကွင်းအား တစ်စုံတစ်ယောက်သည်သာ တွေ့ရှိခဲ့ပါက၊ အပျက်အစီးနယ်မြေကို ဖြတ်ကျော်ပျံသန်းနေသော ပျံလွှားငှက်တစ်ကောင်ဟုပင် မှတ်ထင်မိပေမည်။
လင်းယွန်က ပျံသန်းလျက်မှပင် ပတ်ဝန်းကျင်ရှိ ခမ်းနားထည်ဝါသော ဘုံဗိမ္မာန်များအလား အဆောက်အဦးများကို မင်သက်ရှုမောဖွယ် တွေ့မြင်နေရသည်။ အချိန်ကာလ၏ တိုက်စားခံလိုက်ရပြီးနောက်၊ ၎င်းအဆောက်အဦးများမှာ ဆိုးရွားစွာ ပျက်စီးနေခဲ့လေပြီ။
ဗဟိုနယ်မြေထံသို့ နီးကပ်လာသည်နှင့်အမျှ ပတ်ဝန်းကျင်၌ ပြေးလွှားနေသောလူဦးရေမှာ ပို၍များပြားလာ လေသည်။ အချို့နေရာများတွင် တိုက်ပွဲများ ဖြစ်ပွားနေသည်ကိုပင် မြင်နိုင်ခဲ့သော်လည်း၊ လင်းယွန်သည် မရပ်တန့်ခဲ့ပေ။ လေးနာရီကြာ ပျံသန်းပြီးနောက်တွင်၊ သူ့ကျောပေါ်ရှိ ရှေးဟောင်းဓားသေတ္တာသည် နောက်တစ်ဖန် တုန်ခါလာပြန်၏။
လင်းယွန်က ခေါင်းကိုမော့ကာ ရှေ့သို့မျှော်ကြည့်လိုက်ရာ၊ ဆယ်မိုင်အကွာတွင် မြင့်မားမက်စောက်သော တောင်တန်းများကို မြင်လိုက်ရ၏။ ထိုတောင်တန်းများသည် မိုးကုတ်စက်ဝိုင်းထဲသို့ ထိုးဖောက်ဝင်ရောက်နေခဲ့ပြီး၊ စူးရှသော ဓါးသွားတစ်လက်ကဲ့သို့ အရှိန်အဝါကို ထုတ်ဖော်ကာ၊ လေထုအား ထိုးခွဲနေလေသည်။ လင်းယွန်ကမျက်လုံးများကို မှေးစင်းလျက် ၎င်းတောင်တန်းများဆီမှ ဖြာထွက်နေသောရောင်ဝါကို အကဲခတ်လိုက်၏။
" ဘယ်လောက်တောင် ထက်မြက်လိုက်တဲ့ ရောင်ဝါလဲ.... "
ရုတ်တရက်အံသြစွာ ရေရွတ်လိုက်မိ၏။ ဤတောင်တန်းများ အတွင်းရှိ နယ်မြေတွင် ဓားသူတော်စင်၏ အမွေခံ ရတနာများ ထားရှိရာနေရာ ဖြစ်နိုင်ပေမည်။ ထို့နောက် လင်းယွန်က စိတ်လှုပ်ရှားစွာဖြင့် တဟုန်ထိုးပြေးထွက် သွားမိလေသည်။
'' ဝှစ်.............. ''
ဓါးတောင်တန်းများနှင့် နီးကပ်လာသည်နှင့်အမျှ တောင်ခြေ၌ ရပ်ကြည့်နေကြသော လူအုပ်ကြီးကို တွေ့မြင်လိုက်ရသည်။ ၎င်းတို့ထံမှ အကြည့်ပေါင်းများစွာသည် လင်းယွန်ထံသို့ စူးစမ်းဟန်ဖြင့် အကဲခတ်လာကြ၏။ နေရာအနှံ့ အဖွဲ့ငယ်ပေါင်းများစွာ ပျံ့ကျဲနေခဲ့ပြီး၊ ထိုသူတို့၏မျက်ဝန်းများတွင် သံသယစိတ်များဖြင့် ပတ်ဝန်ကျင်အား အမြဲမပြတ်သတိထားနေခဲ့လေသည်။
လင်းယွန်မှာ တစ်ယောက်တည်းဖြစ်သော်လည်း၊ ဤနေရာရှိ လူအုပ်ကြီးသည် သူ့အားရန်စရန် မဝံ့ရဲကြပေ။ လျှို့ဝှက်နယ်မြေ မဖွင့်ခင် အချိန်၌ ပြသခဲ့သော လင်းယွန်၏ ခွန်အားသည်၊ ဤနေရာရှိ လူအုပ်ကြီးထံမှ ကြောက်ရွံ့မှုကို ရရှိရန် လုံလောက်ခဲ့ပေသည်။
သွေးတိမ်ဂိုဏ်းနှင့် ရွှေမီးတောက်ဂိုဏ်းကိုပင် တိုက်ခိုက်ဝံ့သူတစ်ဦးဖြစ်သည်ကြောင့်၊ လူတိုင်းသည် လင်းယွန်အား အနှောင့်အယှက်မပေးဝံ့ချေ။
( '' ဒီနေရာက ဓားသူတော်စင်ရဲ့ အမွေအနှစ်နယ်မြေဖြစ်ရမယ်၊ ဒါပေမယ့် ဝင်ပေါက်ကဘယ်မှာလဲ '' )
လင်းယွန်က တွေးတောလိုက်ပြီး သူ့အကြည့်ကို နေရာအနှံ့ဖြန့်ကျက်လိုက်ကာ၊ ဤနေရာတွင် သဲလွန်စအချို့တွေ့ရမည်ဟု မျှော်လင့်ထားလိုက်မိသည်။
***