← Chapters

အန္တရာယ် ကင်းတယ်။

Vol. 10 Ch. 132

အန္တရာယ် ကင်းတယ်။

Vol. 10 Ch. 132

ဓားသူတော်စင်၏ အမွေအနှစ်နယ်မြေသည် တိမ်ထဲသို့တိုးဝင်နေသော တောင်ဆယ့်ရှစ် လုံးဖြင့် ကာရံထားကာ၊ ထိုတောင်တန်းများမှ ထွက်ပေါ်နေသော ဓားရောင်ဝါကြီးသည်၊ ကြီးမားသော စက်ဝိုင်းကြီးတစ်ဝိုင်းသဏ္ဍာန် လွှမ်းခြုံထားလျက်၊ ယင်းနယ်မြေအား ပိတ်ဆို့ထားလေသည်။

တောင်တန်းများအတွင်းတွင် မရေမတွက်နိုင်အောင် ပြိုကျနေသောအဆောက်အဦးများ၊ ရုပ်ပွားတော်များနှင့် မျှော်စင်များသည်၊ အဆုံးမရှိသော အပျက်အစီးများအဖြစ် တည်ရှိ နေခဲ့သည်။ ရှေးဟောင်းခေတ်၌ ဤနယ်မြေသည် ဂိုဏ်း၏ တပည့်များ ဓားရေးလေ့ကျင့်ရာနယ်မြေ ဖြစ်ပေမည်။

မရေမတွက်နိုင်သော သိုင်းသမားများသည်ဓားရေး လေ့ကျင့်နေခဲ့ပြီး၊ ၎င်းတို့၏ ဓားရောင်ဝါများသည် တောင်တန်းများအား လွှမ်းခြုံသွားကာ၊ အော်ဟစ်ကြုံးဝါးသံများ ပဲ့တင်ထပ်နေမည်ကို စိတ်ကူးကြည့်နိုင်လေပြီ။ ဤမြင်ကွင်းသည် မည်မျှကြီးကျယ်ခမ်းနား လှမည်ကို စိတ်လှုပ်ရှားစွာဖြင့် ပုံဖော်နေခဲ့မိ၏။

တောင်ဆယ့်ရှစ်လုံးကို ဓားဝင်္ကပါသဏ္ဍာန်အဖြစ် ဖွဲ့စည်းထားခဲ့သည်။ သို့သော် ထိုမျှ ကြီးမားလှသောတောင်တန်းများနှင့် ဝင်္ကပါတစ်ခုကို ဖွဲ့တည်ထားနိုင်ခဲ့သော၊ ၎င်းဂိုဏ်းကြီးသည်ပင် အပျက်အစီးများအဖြစ်သို့ ပြိုပျက်သွားခဲ့သည်ကို မြင်လိုက်ရခြင်းဖြင့်၊ ဤအခင်းအကျင်းတွင် တွေ့ဆုံခဲ့ရသော ပြိုင်ဘက်သည် အားကောင်းလွန်း လှသည်မှာ၊ ပြောစရာ မလိုခဲ့ချေ။

ကျင့်ကြံသူများစွာသည် ဓားဝင်္ကပါ၏ အက်ကွဲကြောင်းများအတွင်းသို့ ဝင်ရောက်လာပြီးနောက်၊ ပုရွက်ဆိတ်များကဲ့သို့ နေရာအနှံ့ ပျံ့ကျဲကုန်လေသည်။

ဤနယ်မြေ၌ တစ်စုံတစ်ရာသောရတနာအနည်းငယ်ကို ရှာတွေ့ဖို့ရန် မျှော်လင့်နေခဲ့ကြပြီး၊ ဥဒဟိုပြေးလွှားနေကြကုန်၏။ အဖိုးတန်သောအရာအချို့ကိုသာ ရရှိနိုင်ခဲ့ပါက၊ ၎င်းတို့သည် သူတို့၏ ဘဝတစ်လျှောက်လုံး အကျိုးရှိမည် ဖြစ်သည်။

နောက်ဆုံး၌၊ သူတို့အတွက် အသုံးမဝင်ခဲ့ပါက၊ လေလံတင်ရောင်းချခြင်းဖြင့် ကြီးမားသော အမြတ်အစွန်းများ ရရှိနိုင်ပေမည်။

လင်းယွန်က ထိုလူအုပ်ကြီးကို လျစ်လျူရှုလျက်၊ ရောက်တက်ရာရာ လျှောက်သွားနေခဲ့သည်။ သူ၏ စစ်မှန်သော ရည်ရွယ်ချက်မှာ ရှေးဟောင်းဓားသေတ္တာကို တုန်လှုပ်စေသော တစ်စုံတစ်ရာအား ရှာဖွေရန် ဖြစ်သည်။

ဓားသူတော်စင်၏ အဓိကအမွေကို ရှာတွေ့နိုင်လောက်အောင် ကံကောင်းရန် မျှော်လင့်ချက်ဖြင့်သာ လှည့်ပတ်ရှာဖွေနေမိ၏။ ဤဓားသေတ္တာသည် သူ့အားလမ်းပြပေးလိမ့်မည်ဟု မျှော်လင့်ထားကာ၊ ရည်ရွယ်ချက်မဲ့ လှည့်ပတ်သွားလာနေခဲ့သည်။ သို့သော်၊ အဆင်မပြေခဲ့ပေ။ အပျက်အစီးကွင်းပြင်သည် ကျယ်ပျံ့လွန်းလှပြီး၊ ၎င်းအား တစ်ပတ်အတွင်း နေရာလပ်မကျန် ရောက်ရှိဖို့ရန်မှာ မဖြစ်နိုင်ချေ။

" မင်း ဘယ်မှာလဲ...."

လင်းယွန်က သူ့မေးစေ့ကို ပွတ်ကိုင်လိုက်ပြီး တောင်တန်းများဆီသို့ငေးကြည့်ကာ၊ အတွေးနက်သွား၏။

" အဲဒီမှာ ရပ်လိုက်စမ်း....."

" မပြေးနဲ့......."

" ကျောက်စိမ်းတုံးကို ချန်ထားခဲ့......"

ရုတ်တရက် ထိုအချိန်တွင် အော်ငေါက်သံများကြားလိုက်ရ၏။ ရှေးဆုံးမှ ဦးဆောင်ပြေးလွှားနေသူသည် သူ့လက်ထဲ၌ တစ်စုံတစ်ရာကို ဆုပ်ကိုင်ထားပြီး၊ သွေးများစီးကျနေခဲ့သည်။ သူ့နောက်တွင် လူဆယ်ယောက်ကျော်ခန့် သည် ဒေါသတကြီး ပြေးလွှားလိုက်ပါလာ၏။

ထိုမြင်ကွင်းကိုကြည့်ကာ လင်းယွန်သည် သက်ပြင်းချလိုက်၏။ လူ့နှလုံးသားသည် မည်သည့်နတ်ဆိုးသားရဲထက်မဆို ပို၍ကြောက်စရာကောင်း လှပေသည်။ ရတနာများကို ရှာဖွေတွေ့ရှိရန်မှာ ခက်ခဲလှသော်လည်း၊ ၎င်းတို့အား ထားခဲ့ရန်မှာမူ ပို၍ပင်ခက်ခဲပေသည်။ ရတနာများထွက်ပေါ်လာရာအရပ်တွင် အလောင်းများစုပုံလာတက်သည်မှာ၊ နိယာမတစ်ခုပင် ဖြစ်နေတက်လေပြီ။

ထိုလူသည် သူ့ဆီသို့ ဦးတည်ပြေးလာနေသည်ကို မြင်လိုက်ရသည်နှင့် လင်းယွန်က သက်ပြင်းချလျက် ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်။

'' ......အွတ် ''

သို့သော် ၎င်းပြေးလာသူသည် သူနှင့် မီတာတစ်ရာအကွာ၌ လဲကျသွားခဲ့ပြီး၊ မြေပြင်ပေါ်သို့ ပါးစပ်မှသွေးများ စီးကျလာလျက်ဖြင့် လဲကျသွား၏။ သူ့ခေါင်းအနောက်တွင် ဓားတိုတစ်လက်သည် စိုက်ဝင်နေခဲ့ကာ၊ ၎င်းဒဏ်ရာမှ မည်းနက်သောသွေးများ စီးကျနေလေသည်။ လဲကျသွားသည့်အချိန်၌ပင်၊ သူ့လက်ထဲရှိ တစ်စုံတစ်ရာသည်၊ လင်းယွန်ထံသို့ လွင့်စင်လာတော့၏။

၎င်းပျံဝဲနေသောအရာသည် ကျောက်စိမ်းတုံး တစ်တုံးဖြစ်ပြီး၊ ယခုအချိန်၌ သူ့တွင် ရွေးချယ်စရာ နှစ်ခုရှိပေသည်။ ဝါးခြမ်းပြားကို ထုတ်ယူသုံးဆွဲခြင်းဖြင့်၊ ထိုသိုင်းသမားဆယ်ယောက်ကျော်ကို ရင်ဆိုင်တိုက်ခိုက်နိူင်မည်ကို သိနှင့်ခဲ့သော်လည်း၊ ၎င်းသည် ပင်မအမွေအနှစ်ကို ရှာဖွေရာတွင် များစွာ နှောင့်နှေး စေနိုင်မည်။ ဤသို့ဆိုလျှင် ကျောက်စိမ်းတုံးကို စွန့်လွှတ်ကာ၊ သူ့လမ်းသူ ဆက်သွားရန်သာ ရွေးချယ်နိုင်ပေ၏။

တခဏချင်းမှာပဲ လက်လျှော့ဖို့ ဆုံးဖြတ်ချက်ကို ချလိုက်ကာ၊ သူ၏အဓိက ရည်ရွယ်ချက်ကို ပျက်ပြားစေသော မည်သည့်အရာကိုမျှ ခွင့်မပြုနိုင်ပေ။

ကျောက်စိမ်းတုံးသည် ရတနာတစ်ခုဖြစ်နေသည့်တိုင်၊ ၎င်းသည် ဓားသူတော်စင်၏ ပင်မအမွေအနှစ်နှင့် နှိုင်းယှဉ်ပါက၊ အမှိုက်တစ်စသာ ဖြစ်နေဆဲပင်။

ဤသို့ ပြတ်သားစွာဆုံးဖြတ်လိုက်ပြီးနောက် ထွက်ခွာရန် ပြင်လိုက်ရာ၊ သူ၏ ညာလက်သည် လျင်မြန်စွာဖြင့် ကျောက်စိမ်းတုံးကို ဖမ်းယူလိုက်လေသည်။ လင်းယွန်၏ဆုံးဖြတ်ချက်သည် ခိုင်မာပြတ်သားလှသော်လည်း၊ သူ့ခန္ဓာကိုယ်သည် သူ့ဆန္ဒထက်ပင် ပို၍ ပြတ်သား နေခဲ့ လေပြီ။

'' မင်း......... ''

လိုက်လံဖမ်းဆီးသူများသည် လင်းယွန်ကို မြင်လိုက်ရသောအခါတွင်၊ သူတို့၏ မျက်လုံးများ၌ ကြောက်ရွံ့မှုအရိပ်အယောင်များဖြင့်၊ မျက်နှာများ ပျက်ယွင်းသွားကြသည်။ ၎င်းတို့ရှေ့ရှိ ဤလင်းယွန်သည် အပြာရောင်နေမင်းနိုင်ငံ၏ ထိပ်ဆုံးရောက်ပါရမီရှင် နှစ်ပါးကိုပင်၊ တပြိုင်နက်တည်း တိုက်ခိုက်ရန် စိန်ခေါ်ဝံ့သော နတ်ဆိုးတစ်ပါးပေပင်။

'' အစ်ကိုလင်း၊ ငါနဲ့ငါ့ညီအစ်ကိုတွေက၊ ဒီကျောက်စိမ်းတုံးကို ရဖို့ နေ့တစ်ဝက်လောက် အချိန်ပေးခဲ့ရတယ်၊ အခုလို လုယူတာကတော့ မသင့်တော်ဘူး မဟုတ်လား...... ''

လူအုပ်ကြီးအတွင်းမှ ခေါင်းဆောင်ဖြစ်ဟန်တူသော၊ အဝါရောင်ဝတ်အမျိုးသားတစ်ဦးက ရှေ့ထွက်လာခဲ့ပြီး၊ လင်းယွန်ကို ကြည့်ကာ ပြောလာ၏။ ၎င်းတို့အတွင်းရှိ အများစုမှာ ရှန်ရှင်းစတုတ္ထအဆင့်၌ ရှိခဲ့ပြီး၊ အချို့သောသူတို့မှာ ရှန်ရှင်းပဉ္စမအဆင့်တွင်သာ ရှိလေသည်။

ယင်းအဝါဝတ်လူသည် အားလုံးထဲတွင် အသန်မာဆုံးဖြစ်ကာ၊ သူ၏အရှိန်အဝါသည် မိန်ဇီယာထက် မယုတ်လျော့ပေ။ သူ၏ခါးတွင် ဓားတိုများကိုစီလျက် ချိတ်ဆွဲထားသောကြောင့်၊ အစောပိုင်းတိုက်ခိုက်လိုက်သူမှာ ၎င်းအမျိုးသားပင် ဖြစ်ရပေမည်။

'' ငါက မင်းတို့ပြဿနာတွေထဲမှာ မပါဝင်ချင်ပါဖူး၊ ဒါပေမယ့် ငါ့လက်တွေက ငါ့စကားကို နားမထောင်တော့.... အခုလို အမြင်မှားကုန်တာပဲ၊ အခု မင်းတို့ ငါ့လက်ကိုဘာလို့ လာဖြတ်မယူရတာလဲ ''

အဝါဝတ်လူက လင်းယွန်၏စကားကြောင့် ပြုံးရယ်လိုက်ပြီး ခေါင်းညိတ်လိုက်၏။

'' ဒါကို နားလည်ပေးနိုင်ပါတယ်၊ နောက်ဆုံးတော့ ဒီကျောက်စိမ်းတုံးက ဓားခန်းမကနေ ဆင်းသက်လာခဲ့တာကိုး၊ သဘာဝအားဖြင့်၊ မင်းလည်း သွေးဆောင်မှုကို ခံနိုင်ရည်မရှိတာမဆန်းပါဖူး၊ ဒါပေမယ့် မင်းက ပြဿနာတွေထဲမှာ မပါဝင်ချင်ဘူးဆိုမှတော့ ငါတို့အတွက် ပိုလွယ်ပါလိမ့်မယ်။ ..... "

ဓားခန်းမလား။

လင်းယွန်၏ နှလုံးခုန်သံသည် ပို၍ကျယ်လာ၏။ ဤနယ်မြေ၌ ဓားခန်းမကဲ့သို့သော ထွတ်မြတ်အဆောက်အဦးများ ကျန်ရှိနေခဲ့သည်လော။ သိုင်းဂိုဏ်းတစ်ဂိုဏ်းချင်းစီတွင် အဆင့်အတန်းအလိုက် ခန်းဆောင်အမျိုးမျိုးကို ဖွဲ့စည်းကာ၊ တာဝန်များ ခွဲဝေယူရလေသည်။ ထို့အထဲမှဓားခန်းမ၊ ဆေးခန်းမ၊ လက်နက်ခန်းမကဲ့သို့သော ခန်းမများသည်၊ သိုင်းဂိုဏ်းတိုင်း၏ အထွတ်အထိပ်အာဏာမျိုးကို ပိုင်စိုးထားတက်ရာ၊ ၎င်းခန်းမများအတွင်း၌ ဂိုဏ်း၏ထိပ်တန်းရတနာများစွာကို သိမ်းဆည်းထားတက် ပေ၏။

ထို့ကြောင့်၎င်းခန်းမများကို တားမြစ်နယ်မြေတွေအဖြစ် ကန့်သတ်ထားကြပြီး၊ ဟန့်တားစည်းများ၊ ယန္တရားများ၊ အဆင့်မြင့်ဝင်္ကပါများဖြင့် ပိတ်ဆို့ထားတက်ပေ၏။ ဤနယ်မြေတွင် ရှန်ရှင်းသိုင်းသမားအများအပြား ရှိနေခဲ့သော်လည်း၊ ဓားခန်းမအတွင်းထဲသို့ ဝင်ဝံ့သူမှာ၊ အများအပြားမရှိပေ။

" မင်းကသာ ငါတို့ကို ကျောက်စိမ်းတုံးပေးခဲ့ရင်၊ ရှန်ရှင်းဆေးလုံးလေးတွေနဲ့ လျော်ကြေးပေးပါမယ်။ "

အဝါဝတ်ထားသူက ပြုံးပြီး ညှိနှိုင်းလာ၏။ ထို့နောက်သူကပင် ရယ်မောလျက်၊

'' ဟားဟားဟား.....မင်းလက်ကို ငါတို့ ခုတ်ယူဖို့ မလိုပါဘူး၊ မင်းရဲ့ လက်ဖဝါးကိုသာ ဖွင့်ဖို့ပဲလိုပါတယ် "

" ကောင်းသားပဲ... လာပြီးတော့ ယူလိုက်ပါ..... "

လင်းယွန်သည် တောက်ပသော အပြုံးကို ထုတ်ဖော်လျက် ကမ်းပေးလာခဲ့သည်။

( '' ဒီလောက် လွယ်တာလား '' )

အဝါဝတ်အမျိုးသားသည် သံသယဝင်နေသော်လည်း၊ လင်းယွန်၏ ရိုးသားသော အပြုံးသည် အတုအယောင် မဟုတ်သည်ကို တွေ့မြင်လိုက်ရကာ၊ အဆုံးတွင် ဤလူငယ်သည် ငယ်ရွယ်သော လူငယ်တစ်ဦးသာ ဖြစ်နေဆဲပင်။

အကယ်၍သာ၊ သူနှင့် သူ၏လူများက လင်းယွန်ကို အတူတူ တိုက်ခိုက်ခဲ့မည်ဆိုပါလျှင် ၎င်းမှာ လွယ်ကူမည်မဟုတ်ပေ။ ထို့ကြောင့်ပင် လင်းယွန်သည် သူ့အတွက် အကောင်းဆုံးသောအရာကို သိသွားပုံရ၏။

အဝါဝတ်အမျိုးသားက ပြုံးပြလိုက်ပြီး၊

'' ကောင်းပြီ ဒါဆို ငါလာခဲ့မယ် ''

-ဟုဆိုကာ၊ လင်းယွန်ထံ မသွားရောက်မီ၊ လူအုပ်ထံသို့ ပြန်လှည့်ကြည့်ကာ၊ ခပ်တိုးတိုးမှာ ကြားလိုက်၏။

'' မင်းတို့ ဒီမှာစောင့်နေ၊ ကျောက်စိမ်းတုံးကို ငါယူပြီးတဲ့အခါ၊ သူ့ကို ချက်ချင်းသတ်ပြီး၊ သွေးတိမ်ဂိုဏ်းက ဆုလာဘ်ကို ရယူကြရအောင် ...... ''

သူ့အဖွဲ့သားများသည် ခေါင်းညိတ်ပြလိုက်ပြီး၊ လင်းယွန်ကို သတ်ဖြတ်လိုသော ဆန္ဒများဖြင့်၊ ဖျတ်ခနဲ လှမ်းကြည့်လိုက်သည်။ ဤအချိန်၌ အခွင့်အရေးကို ဆုပ်ကိုင်ထားမိသည်ဖြစ်ရာ၊ လင်းယွန်အား လွယ်ကူစွာထွက်ခွာသွားရန် ခွင့်မပြုနိုင်ပေ။

'' မလှုပ်နဲ့၊ မလှုပ်နဲ့ ပင်မအမွေအနှစ်ကို ရှာဖို့သာ အာရုံစိုက်စမ်း..... ''

လမ်းလျှောက်လာသည့် အဝါဝတ်လူကို ကြည့်ကာ၊ လင်းယွန်က သူ့ကိုယ်သူ သတိပေးနေလိုက်သည်။

အစပိုင်းတွင် အဝါဝတ်အမျိုးသားသည် သတိထားဆဲ ဖြစ်၏။ သို့သော် တဖြည်းဖြည်း ချဉ်းကပ်မိလာသောအခါတွင် လင်းယွန်ထံမှ သတ်ဖြတ်လိုခြင်းဆန္ဒများကို အာရုံခံမိခြင်း မရှိခဲ့ရာ၊ သူက နားမလည်နိုင်ခဲ့သော်ငြားလည်း၊ လင်းယွန်နှင့် လက်တစ်ကမ်း အကွာထိ တိုးကပ်သွားကာ၊

" အစ်ကိုလင်း၊ မင်းလက်ကို အခု ဖွင့်လို့ရပြီ....''

" ကောင်းပါပြီ......."

လင်းယွန်က လက်သီးဆုပ်ကို ဖွင့်လိုက်၏။ လက်ဖဝါးပေါ်ရှိ ကျောက်စိမ်းတုံးထံမှ စွမ်းအင်များ တဟုန်ထိုး ပွင့်ထွက်လာပြီး၊ ကောင်းကင်သို့ ထိုးတက်သွားလေသည်။

အဝါဝတ်အမျိုးသားသည် အကာအကွယ် လုံးဝကင်းစင်သွားသော၊ ထိုကျောက်စိမ်းတုံးထံသို့ လက်ကို ဆန့်ထုတ်လိုက်စဉ်၊ လောဘများဖြင့် တဖျပ်ဖျပ် လက်နေခဲ့သည်။

လက်သီးနှင့်ဓား၏ပေါင်းစပ်မှု။

သို့သော် လင်းယွန်သည် ကျောက်စိမ်းတုံးအား ပြန်လည် ဆုပ်ကိုင်လိုက်ပြီး၊ ရုတ်တရက် လက်သီးဖြင့် ထိုးချလာခဲ့သည်။ သူ၏ မြင်းကောင်ရေ ငါးသောင်းအားဖြင့် ညီမျှသော၊ ရုပ်ခွန်အားသည် ဓားရောင်ရောင်ဝါနှင့်အတူပေါင်းစပ်သွားပြီး၊ ပြေးထွက်သွားလေသည်။

'' ဘုန်း.......... ''

အဝါဝတ်အမျိုးသားသည် အံ့အားသင့်သွားကာ လင်းယွန်၏ လက်သီးချက်ကြောင့်၊ လွင့်စင်သွားလေသည်။ မြေပြင်ပေါ်ရောက်ရှိသွားသည်နှင့် သွေးတစ်လုတ်အန်ချလိုက်ရကာ၊ မတ်တပ်ထရပ်ရန် အားယူနေခဲ့ရ၏။ ထို့နောက်တွင် သူ့မျက်နှာတစ်ပြင်လုံးသည် ဖြူဖျော့နေလျက်၊ ပြန်လည်လဲကျသွား လေသည်။

သူ့ရင်ဘတ်ကို ဆုပ်ကိုင်လိုက်ကာ ပါးစပ်မှ သွေးများကို ထပ်မံ ထွေးထုတ်ပြီး၊

'' မင်း လိမ်တယ်.... ''

'' တောင်းပန်ပါတယ် ငါ့လက်ကို မထိန်းနိုင်ခဲ့ဘူး၊ ဒါကြောင့်ငါ့လက်ကိုဖြတ်ယူဖို့ မင်းကို ငါပြောထားပြီးသား မဟုတ်လား ''

လင်းယွန်က ကူကယ်ရာမဲ့ဟန်ဖြင့် ပြုံးလိုက်၏။

" အဲ့ဒီခွေးကောင်ကို အပိုင်းပိုင်းခွဲလိုက် ..."

အဝါဝတ်လူက အော်ဟစ်အမိန့်ပေးလိုက်၏။ ၎င်းလက်သီးချက်ကြောင့် သူ့ဘဝ၏ တစ်ဝက်နီးပါး ဆုံးရှုံးသွားခဲ့သည်။ အကယ်၍ သူသာ ပျော့ညံ့ခဲ့ပါလျှင် ယခုအချိန်တွင် အသက်ဆုံးရှုံးရပေ တော့မည်။ ဖြစ်ပျက်ခဲ့သည်ကို ပြန်လည်သတိရမိသောအခါတွင် နဖူး၌ ချွေးသီးများ စီးကျလာ၏။ သူက ဤခွေးကောင်ကို ယုံလောက်သည်အထိ နုံအလွန်းခဲ့ပြီး၊ သေလုနီးပါး ပေးဆပ်လိုက်ရ ပေသည်။

ပြေးဝင်လာသောသိုင်းသမားများထံသို့ တစ်ချက်ကြည့်ကာ၊ လက်ဖျားရှိတံဆိပ်တော်ကို တွန်းထုတ်လိုက်၏။

'' ထာဝရနတ်ဘုရားတံဆိပ်တော်။ ''

ပြေးဝင်လာကြသူများ၏ မျက်နှာများသည် တမဟုတ်ချင်းပြောင်းလဲသွားကာ၊ သူတို့တိုက်ခိုက်မှုများကို ချက်ချင်းရပ်တန့်လိုက်ပြီး၊ ခံစစ်အနေအထားဖြင့် ခုခံကာကွယ်လိုက်ရ၏။ ခဏချင်းမှာပင် ရွှေရောင်မီးတောက်များသည် သူတို့အား ဖုံးအုပ်သွားလေသည်။

'' ................ ''

ပဉ္စမအဆင့် သိုင်းသမားအချို့မှာ အနည်းငယ် ခုခံနိုင်ခဲ့သော်လည်း၊ စတုတ္ထအဆင့် ကျင့်ကြံသူများမှာ သွေးများ အန်ထွက်လျက်၊ နောက်ပြန် လွင့်စင်သွားလေသည်။

လင်းယွန်က တိုက်ခိုက်မှုကို စတင်လိုက်ပြီးသည်နှင့် ဤလူများကို လွတ်မြောက်ခွင့်ပြုရန် ရည်ရွယ်ချက်မရှိပေ။ ထို့ကြောင့်သူသည် ထိုလူအုပ်ဆီသို့ ပြေးသွားခဲ့သည်။

'' ဖုန်း......... ''

သူ၏ပြေးလမ်းပေါ်ရှိ အဝါဝတ်အမျိုးသားသည် မတ်တတ်ထရန် ရုန်းကန်နေဟန်ကြောင့်၊ လင်းယွန်က ၎င်း၏ရင်ဘတ်ကို ထိုးကြိတ်ကာ မြေပေါ်သို့ ပြန်လည် လဲလျောင်းစေလိုက်သည်။

'' အွတ်.......... ''

အဝါဝတ်အမျိုးသားထံမှ အတွင်းအင်္ဂါအစိတ်အပိုင်းများပါရှိနေသော သွေးတစ်လုတ်ကို အန်ထုတ်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ၏လည်ပင်းအား ဓားတိုတစ်လက်ဖြင့် ချိန်ရွယ်ထောက်ထားသည်ကို ခံစားလိုက်ရကာ၊ သူ့ခေါင်းကို မော့ကြည့်လိုက်၏။ လင်းယွန်က ဓားမြှောင်ကို ကိုင်ထားပြီး၊ ပြုံးရွှင်စွာဖြင့် စိုက်ကြည့်နေလေသည်။ ထိုအပြုံးသည် သန့်ရှင်းသိမ်မွေ့သောဟန်များ ပါဝင်နေခဲ့သော်လည်း၊ သူ့အတွက်မူ နတ်ဆိုးဆန်သော ကောက်ကျစ်ယုတ်မာသည့် အပြုံးသာ ဖြစ်နေပေသည်။

"အကိုကြီး....."

အဝါဝတ်အမျိုးသား၏ နောက်လိုက်များသည် အံသြထိတ်လန့်သွားကြ၏။ သည်လင်းယွန်သည် ဤမျှ ပြတ်ပြတ်သားသားကောက်ကျစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

"မလှုပ်နဲ့......"

အဝါရောင်ဝတ်လူက သူ့အဖွဲ့အား အော်ဟစ်ဟန့်တားလိုက်၏။ ဓားမှ အေးစက်သော အထိအတွေ့ကို ခံစားလိုက်ရသောအခါတွင် သူ့မျက်နှာသည် ပျက်ယွင်းသွား၏။

'' အစ်ကိုလင်း၊ မင်းရဲ့ ခွန်အားနဲ့ အလွယ်တကူ ထွက်သွားနိုင်တာကို ငါသိပါတယ်၊ ပြီးတော့ ငါမှာ ဒဏ်ရာကြီးကြီးမားမားရနေတယ် ဆိုတာ မပြောဘဲနဲ့ မင်းသိမှာပါ၊ မင်းက ကျောက်စိမ်းတုံးကို ရရှိထားမှတော့ ငါတို့မတောင်းဆိုတော့ပါဘူး......''

အဝါဝတ်အမျိုးသား၏စကားကြောင့်၊ လင်းယွန်က ထိုင်ချလိုက်ပြီး၊ ပြုံးလိုက်၏။ သူက ဓားမြှောင်ကို ထိုလူ၏လည်ပင်းမှ ဖယ်ထုတ်လိုက်ပြီး၊

'' ဒီဓားတွေမှာ အဆိပ်ရှိတယ်မဟုတ်လား၊ မင်းက ဒီဓားတွေနဲ့ လူ့အသက်ပေါင်းများစွာကို သတ်ခဲ့တယ်လို့ ငါယုံကြည်တယ် ''

လင်းယွန်၏စကားများသည် အဝါဝတ်လူ၏ နှလုံးသားကို တင်းမာသွားစေခဲ့သည်။ ဤလင်းယွန်သည် သူ့အား ကောင်းကင်ကိုယ်စား တရားစီရင်ရန် ကြိုးစားနေခဲ့သည်လော။

'' အစ်ကိုလင်း...ငါ ငါ...... ''

" ငါက မင်းကို မေးခွန်းတစ်ခုမေးနေတယ် မဟုတ်လား၊ ဒါကို မင်းကမဖြေပဲ ဘာလို့ ထစ်အနေရတာလဲ ..."

လင်းယွန်က အေးစက်စွာ ရေရွတ်လိုက်၏။ ယခုအချိန်၌ အဝါဝတ်လူ၏ လည်ပင်း၌ တင်ထားသော ဓားမရှိတော့ သော်လည်း၊ လင်းယွန်သည် သူ့အား အလွယ်တကူ သတ်ပစ်ရန် နည်းလမ်းများစွာ ရှိပေသည်။

'' ဟုတ် ဟုတ်ပါတယ်၊ ဒီဓားတွေမှာ ခရမ်းရောင်မြွေနဂါးရဲ့ အဆိပ်သွေးကို လိမ်းကျံထားတယ်၊ ပဉ္စမအဆင့်အောက်ရှိတဲ့ မည်သူ့ကိုမဆို သေဆုံးစေနိုင်ပါတယ်၊ သတ္တမအဆင့် သိုင်းသမားတွေတောင် လွယ်ကူမှာမဟုတ်ဖူး၊ ဒါပေမယ့် ငါ့မှာ ဒီဓားမြှောင်ခြောက်လက်ပဲရှိတာပါ၊ ဒါကြောင့် ငါက လူများစွာကို မသတ်နိုင်ခဲ့ပါဘူး၊ ''

" အို့ ဒီလိုလား မဆိုးပါဘူး၊ ငါယူလိုက်မယ် "

လင်းယွန်က သတ်ဖြတ်လိုသည့် ဆန္ဒကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး၊ ပြုံးလိုက်၏။ သူက အဝါဝတ်လူ၏ ခါး၌ ပတ်ချည်ထားသော ဓားမြှောင်ခါးပတ်ကို ဖြုတ်ယူကာ သိမ်းဆည်းလိုက်သည်။ လင်းယွန်၏လုပ်ရပ်ကြောင့် အဝါဝတ်လူမှာ သက်ပြင်ချလိုက်မိ၏။ လင်းယွန်၏ ရည်ရွယ်ချက်ကို သူက နားလည်မှုလွဲခဲ့ကာ ထိတ်လန့်သွားမိခဲ့သည်။ အဆုံးတွင် ဤလူငယ်သည် သူ့ထံမှ လုယက်နေခဲ့ခြင်းပင် ဖြစ်သည်။

ဓားမြှောင်များကို သိမ်းဆည်းလိုက်ပြီးနောက် လင်းယွန်က၊

'' မင်းတို့လိုလူပျက်တွေက ဓားခန်းမရဲ့ ကန့်သတ်ချက်ကို ဖြိုခွဲလို့မရနိုင်ပါဘူး၊ ပြောစမ်း မင်းတို့ ....ဓားခန်းမထဲကို ဘယ်လိုဝင်နိုင်ခဲ့တာလဲ ''

'' ဒါက သွေးတိမ်ဂိုဏ်းကြောင့်ပါ၊ သူတို့မှာ နက်နဲတပိုင်း အကြီးအကဲအချို့ပါလာတယ်၊ အဲဒီအကြီးအကဲတွေကပဲ အဆင့်မြင့်တော်ဝင်လက်နက်ကိုသုံးပြီး၊ ကန့်သတ်ချက်ကို ဖြိုခွဲနိုင်ခဲ့တာ.... ''

***

All Chapters