← Chapters

ထူးဆန်းသော ကျောက်ခေါင်းတလား။

Vol. 10 Ch. 133

ထူးဆန်းသော ကျောက်ခေါင်းတလား။

Vol. 10 Ch. 133

လင်းယွန်က မင်ယီ၏ စကားများကို ရုတ်တရက် သတိရသွားသည်။ အာဏာရှင် ဂိုဏ်းငယ်များသည် နတ်ဘုရား လက်နက်များ ထွက်ပေါ် လာနိုင်မည်ဟု ယူဆထားကြရာ သူတို့နှင့် အတူ အဆင့်မြင့်တော်ဝင် လက်နက် များကို ယူဆောင်လာ ခဲ့ကြခြင်း ဖြစ်သည်။

နတ်ဘုရားလက်နက်များသည် ကောင်းကင်အဆင့် ရတနာများ ဖြစ်ကာ၊ အဆင့်မြင့်တော်ဝင် လက်နက်များထက် မြင့်မားသော အစွမ်းကို ထုတ်ဖော်နိုင်မည်။ ၎င်းတို့သည် နက်နဲနယ်ပယ် သိုင်းသမားများ ကိုပင် ကြောက်လန့်သွားစေနိုင်၏။

ယန်တင်းယီ၏ စကားများအရ သွေးတိမ်ဂိုဏ်းသည် ဓားသူတော်စင်၏ အမွေအနှစ်ကို အကြိမ်ကြိမ် ရှာဖွေခဲ့ကြောင်း သိရှိထားခဲ့သည်။

ထို့ကြောင့် သူတို့သည် ဓားသူတော်စင်၏ အမွေအနှစ် နယ်မြေကို သဘာဝအတိုင်း သိရှိထားနိုင်ကြမည်။

" ဓားခန်းမက ဘယ်မှာလဲ ..."

လင်းယွန်က မေးလိုက်သည်။

'' မြောက်ဘက် မိုင်ခုနစ်ဆယ်ကနေ ရှစ်ဆယ်လောက်အထိသွားရင် တွေ့လိမ့်မယ်၊ ဒါပေမယ့် ကန့်သတ်စည်းက ပြန်ကောင်းသွားပြီလားတော့ မသိဘူး ''

လင်းယွန်ထံမှ အေးစက်အငွေ့အသက်ကို ခံစားလိုက်ရပြီးနောက်၊ အဝါဝတ်လူက ကြောက်ရွံ့တုန်လှုပ်စွာ ပြန်ဖြေလာသည်။

ကန့်သတ်စည်းသည် သူ့ကိုယ်သူ ပြန်လည် ပြင်ယူနိုင်သည်လော။ လင်းယွန်သည် အတွေးထဲသို့ နစ်မျောသွားခဲ့၏။ ကန့်သတ်စည်းကို ဖြိုဖျက်ဖို့ရန်အတွက် သူ့၌ ခွန်အား လုံလုံလောက်လောက်ရှိ မရှိကို မသိနိုင်ချေ။

" အစ်ကိုလင်း၊ အခု ငါတို့သွားလို့ရမလား"

အဝါဝတ်လူက စိတ်မသက်မသာဖြစ်ဟန်ဖြင့် မေးမြန်းလာ၏။

'' အိုး....... ''

လင်းယွန်က အဆိပ်ဓားမြှောင်ကို ထုတ်ယူလိုက်ကာ ၎င်းဓားမြှောင်ဖြင့် အဝါဝတ် အမျိုးသား၏ လက်ဖဝါးပြင်သို့ ထိုးစိုက်ချလိုက်သည်။

'' အား........... ''

"ကံကောင်းပါစေ......"

ထို့နောက် လင်းယွန်က မြောက်ဘက်အရပ်ဆီသို့ ထွက်ခွာသွားတော့သည်။

"မြန်မြန်၊ ဖြေဆေးပေး....."

အဝါဝတ်အမျိုးသား၏ နာကျင်စွာ အော်ဟစ်လိုက်သံကြောင့်၊ သူ၏ အဖွဲ့သားများ အားလုံး ထိတ်လန့်တကြီး ပြေးသွားကြ၏။

လင်းယွန်သည် သူ့နောက်ပါးဆီမှ ရုန်းရင်းဆန်ခတ် ဖြစ်မှုကို ဂရုမစိုက်တော့ပေ။ အဝါဝတ်လူ၏ အသက်နှင့်သေခြင်းသည် သူ့အတွက် စိတ်ဝင်စားစရာ မဟုတ်ပေ။ ယခုအချိန်၌ သူ၏ တစ်ခုတည်းသော စိုးရိမ်မှုသည် သွေးတိမ်ဂိုဏ်းထံ၌သာ ရှိပေသည်။ ၎င်းတို့သည် သူ့ကဲ့သို့ပင်၊ ဓားသူတော်စင် အကြောင်းကို သိရှိထားသည်ဖြစ်ရာ၊ ယင်းအမွေအနှစ်ဖြစ်သော နတ်ဘုရားအဆင့် ရတနာများကို ရယူသွား နိုင်မည်ကို စိုးထိတ်နေမိ၏။

လေးနာရီအကြာ ပြေးလွှားပြီးနောက်တွင် ကြီးမားသော ဓားရောင်ဝါအချို့ ဖြာထွက်နေသည့် ရှေးဟောင်းအဆောက်အဦး တစ်လုံးကို တွေ့မြင်လိုက်ရသည်။ ထိုဓားရောင်ဝါသည် အလွန်စူးရှ ထက်မြက်နေခဲ့ကာ၊ လေဟာနယ်အား အက်ကြောင်းများ ဖြစ်ပေါ်လာစေသည်အထိ အစွမ်းထက် လွန်းလှပေသည်။

လင်းယွန်က ရုတ်တရက် သူ့အရှိန်ကို လျှော့ချလိုက်ပြီး၊ မျက်လုံးများကို မှေးစင်းလျက် ရှေ့သို့ လှမ်းကြည့်လိုက်သည်။ မည်သည့်ခေတ်တွင် မဆို၊ ဂိုဏ်းအများစုသည် ဓားခန်းမများအား ယေဘူယျအားဖြင့် အကြီးအကဲများ၊ အထူးချွန်ဆုံးသော မျိုးဆက်များအတွက် ရည်ရွယ်ထားတက်ကြပြီး၊ ၎င်းသည် ဂိုဏ်း၏ အကောင်းဆုံးသော အကာအကွယ်များ ထားရှိတက်ရာ၊ နေရာဖြစ်သည်။

ထို့ကြောင့် ဓားခန်းမသခင်အကြီးအကဲသည် ဂိုဏ်း၌ သူ၏ အာဏာကို အမြင့်ဆုံးအထိ ပိုင်စိုးထားပြီး၊ ဓားခန်းမ အတွင်းခန်းဆောင်များအား သူတို့စိတ်ကြိုက် အကာအကွယ်များ ပြုလုပ်ထား တက်ကြ၏။ ရှေးဟောင်းဂိုဏ်း၏ အကြီးအကဲ တစ်ဦးသည်လည်း ချွင်းချက်မရှိပေ။

လင်းယွန်က ခပ်လှမ်းလှမ်းရှိ ကျောက်တုံးကြီးတစ်တုံးကို ခြေထောက်ဖြင့်လေထဲသို့ ကန်ထုတ်လိုက်သည်။ အမာ၊အပျော့စွမ်းအင်နှစ်မျိုးစလုံး အသုံးပြုကာ၊ ကျောက်တုံးကြီးကို ဓားခန်းမဆီသို့ ပြေးဝင်သွားစေခဲ့၏။

'' ဗုန်း.......... ''

သို့သော် ကျောက်တုံးကြီးသည် ဓားခန်းမနှင့် မီတာတစ်ထောင်အကွာ၌ ပေါက်ကွဲသွားလေသည်။

လင်းယွန်က သက်ပြင်းချလိုက်၏။ ဓားခန်းမ၏ ကန့်သတ်စည်းသည် အပြည့်အဝ ပြန်လည်ကောင်းမွန်လာခြင်း မရှိသေးပေ။ သို့သော်၎င်းသည်ပင် ကြောက်စရာကောင်းသော ဓားအလင်းများကို ထုတ်လွှတ်ထားနိူင်ဆဲပင်။

'' ဝရူး..... ဝူး......ဝ ရူး ''

ရုတ်တရက် သူ့ဓားသေတ္တာသည် တုန်ခါလာပြီး လင်းယွန်၏ မျက်နှာကို ပြောင်းလဲသွားစေခဲ့သည်။ သူသည် မှန်ကန်သော နေရာတွင် ရှိနေခဲ့လေပြီ၊ သွေးတိမ်ဂိုဏ်းမှ ရွေးချယ်ခဲ့သောဓားခန်းမသည် ဓားသူတော်စင်၏ အမွေအနှစ်များဖြင့် ဆက်နွယ်နေမည်မှာ သေချာသလောက်ရှိနေပေ၏။

'' သွေးတိမ်ဂိုဏ်းက ငါ့အတွက် အသုံးဝင်နေတုန်းပါလား၊ ကဲ အခုပဲ ဝင်ကြည့်ရအောင်။ ''

မည်သို့ပင်ဆိုစေကာမူ သွေးတိမ်ဂိုဏ်းသည် အလင်းထဲတွင် လှုပ်ရှားနေစဉ် သူသည် အမှောင်ထဲ၌ ရှိနေခဲ့လေပြီ။ ဤတစ်ကြိမ်တွင် သွေးတိမ်ဂိုဏ်းနှင့် လင်းယွန်၏ကြား အာဃာတသည် ပို၍ပင် ကြီးထွား လာပေတော့မည်။ လင်းယွန်က ခြေလှမ်းကျဲကျဲဖြင့် ဓားခန်းမဆီသို့ ချဉ်းကပ်လာခဲ့သည်။

ကန့်သတ်စည်းသည် အပြည့်အဝ ပြန်လည် ကောင်းမွန်လာခြင်း မရှိသော်လည်း၊ ၎င်း၏ ဖိအားများသည် ကြောက်စရာ ကောင်းနေဆဲပင်။ စတုတ္ထအဆင့် သိုင်းသမားများနှင့် ပဉ္စမအဆင့် သိုင်းသမားများသည် ကန့်သတ်စည်း၏ အက်ကြောင်းများ မှတဆင့်၊ ဓားခန်းမအတွင်းသို့ ဝင်ရောက်ရန် မိုင်အနည်းငယ် ခရီးကိုပင် နာရီဝက်ကြာအောင် အချိန်ယူ လာခဲ့ရသည်။

နာရီဝက်ကြာပြီးနောက် ဓားခန်းမတံခါးဝရှေ့သို့ ခြေချနိုင်ခဲ့ပြီး၊ ခန်းမတံခါးကို တွန်းဖွင့်လိုက်သောအခါတွင် သူ့အပေါ် ကျရောက်နေသော ပြင်ပ ဖိအားများမှာ တမဟုတ်ချင်း သက်သာသွား၏။ လင်းယွန်က ခန်းမထဲ ဝင်ရောက် လိုက်သည်နှင့် ခန်းမတစ်ခုလုံးသည် ရုတ်တရက် မြင်ကွင်းများ ပြောင်းလဲသွားကာ၊ ကောင်းကင်ယံ၌ အဆုံးမရှိသောကြယ်များဖြင့် ပြည့်နှက်သွားလေသည်။

'' အစီအရင်အသက်ဝင် လာတာလား..... ''

ရုတ်တရက်ပြောင်းလဲသွားသည့်အခန်းပုံစံကြောင့် မျက်မှောင်ကြုတ်လျက်၊ ခန်းမကို လှည့်ပတ်ကြည့်လိုက်ရာ အလယ်ဗဟို၌ ကျောက်စင်္ကြံတစ်ခုကို တွေ့မြင်လိုက်ရသည်။

အခန်းအတွင်းလေဟာနယ်တွင် ကျောက်စိမ်းတုံးများစွာအား ပျံဝဲနေစေကာ တစ်ခုချင်းစီတွင် ကြောက်မက်ဖွယ် ကောင်းသော ဓားရောင်ဝါများ ထွက်ပေါ်နေလေသည်။ ထိုကျောက်စိမ်းတုံးတိုင်းတွင် ကန့်သတ်စည်းများ ပါရှိပြီး၊ ၎င်းတို့ကို ပေါ့ပေါ့ဆဆ ကိုင်တွယ်ခြင်းသည် အန္တရာယ်များစွာ ရရှိလာစေမည်။

ထိုမှလွဲ၍ ကျောက်စိမ်းတုံးများအတွင်းတွင် မည်သည့်အရာများ ဝှက်ထားသည်ကို သူ မသိခဲ့ပေ။ ၎င်းတို့သည် ဂိုဏ်း၏ စည်းမျဉ်းစည်းကမ်းများ ဖြစ်နိုင်သည်၊ နောက်တဖန်၊ ၎င်းတို့သည် မပြည့်စုံသော မှတ်တမ်းများလည်း ဖြစ်နိုင်မည်။ ထိုကျောက်စိမ်းတုံးများအတွင်းတွင် ရှားပါးရတနာများ ပိတ်သိမ်းထားနိုင်မည်ဟု မျှော်လင့်ချက်များ မထားရှိချေ။

" ငါ့ ကျောက်စိမ်းတုံးမှာ ဘာရေးထားလဲ ငါသိချင်တယ်"

လင်းယွန်က ရုတ်တရက် သူလုယူထားသောကျောက်စိမ်းတုံးကို သတိရသွားကာ၊ ထုတ်ယူလျက် နဖူးပေါ်သို့ ကပ်လိုက်၏။

အိုး.......... ။

များပြားလှစွာသော သတင်းအချက်အလတ်များသည် သူ့စိတ်ထဲသို့ လွှမ်းခြုံလာပြီး၊ စကားလုံးတိုင်းတွင် လင်းယွန်၏ ဦးခေါင်းကို ကွဲအက်သွားစေမည့် ထက်မြက်သော ဓားရောင်ဝါများ ပေါင်းစပ်ပါဝင်နေခဲ့သည်ဖြစ်ရာ၊ သူ့အား စူးရှနာကျင်လာစေသည်။

လျှို့ဝှက်နည်းစနစ်။ နတ်ဘုရားပုံရိပ်ယောင်ဓား........။

လင်းယွန်က စကားလုံးအချို့ကိုသာ မြင်နိုင်ရန်တောင့်ခံခဲ့သော်လည်း ဆက်၍ မလုပ်ဆောင်နိုင်တော့သဖြင့်၊ ချက်ချင်း ကျောက်စိမ်းတုံးကို လွှတ်ချလိုက်ရသည်။

ကျောက်စိမ်းတုံးကို ပြန်လည်ရုတ်သိမ်းလိုက်သည်နှင့် သတင်းအချက်အလတ်များသည် ဒီရေလှိုင်းများကဲ့သို့ ဆုတ်ခွာသွားလေသည်။

" နတ်ဘုရားပုံရိပ်ယောင်ဓား "

ဤကျောက်စိမ်းတုံးတွင် ဓားနှင့်ပတ်သတ်သော လျှို့ဝှက်နည်းစနစ်ဖြစ်သည်ကြောင့် လင်းယွန်က ဝမ်းသာသွား၏။

ကျင့်ကြံမှု နိမ့်ကျခြင်းကြောင့် အခုအချိန်တွင် မကျင့်ကြံနိုင်သော်လည်း အချိန်တစ်ခုသာရရှိပါက မဖြစ်နိုင်စရာမရှိချေ။ ထို့နောက် ကျောက်စိမ်းတုံးကို သူ၏ သိုလှောင်အိတ်ဆောင်အတွင်း၌ ပြန်ထည့် သိမ်းလိုက်သည်။

သူ၏ ပထမဦးစားပေးမှာ ဓားသူတော်စင်၏ ပင်မအမွေကိုရှာဖွေရန် ဖြစ်၏။

" ဘယ်မှာလဲ ဝင်ပေါက်က...."

နဂါးငွေ့တန်းနှင့်တူသော အမိုးခုံးကို ကြည့်ကာ၊ မျက်မှောင်ကြုတ်လိုက်မိသည်။ ဤနေရာတွင် ရှုပ်ထွေးသောရှေးဟောင်းအက္ခရာများဖြင့် ရေးထွင်းထားသည့် ကျောက်တိုင်တစ်တိုင်သာ တည်ရှိသည်။ လင်းယွန်က အစီအရင်များအကြောင်း မသိရှိသောကြောင့် တိုင်ပေါ်ရှိ ခင်းကျင်းထားမှုကို နားမလည်နိုင်ခဲ့ပေ။

'' သွေးတိမ်ဂိုဏ်းက အဆင်သင့်ဖြစ်နေပြီ၊ သူတို့က ဒါကိုဖြေရှင်းဖို့ အစီအရင်ကျွမ်းကျင်သူတွေကို ဖိတ်ခေါ်ထားပုံရမယ်။ ''

လင်းယွန်က အားကိုးရာမဲ့စွာဖြင့် ကျောက်တိုင်ပေါ်ရှိ အစီအရင်ခင်းကျင်းထားပုံကို ငေးကြည့်နေမိသည်။ သူက ၎င်းကိစ္စကို လျှော့တွက် နေမိဆဲပင်။ သို့သော် သူ့၌ ရွေးချယ်စရာ မရှိတော့ပေ၊ အစီအရင်ကို မဖြေရှင်းနိုင်မှတော့ လိုက်လံ ကံစမ်းရန်သာ ကျန်ရှိတော့၏။ လင်းယွန်၏လက်သည် ကျောက်တိုင်ပေါ်ရှိ ရှေးဟောင်းအက္ခရာများကို တွေ့ထိလိုက်သည်နှင့်၊ ဓားသေတ္တာပေါ်တွင် ရေးထွင်းထားသော ခရမ်းရောင် ရေခဲစာကလေးသည် မီးလျှံများ စတင်ထုတ်လွှတ်လာ၏။ ခရမ်းရောင်ရေခဲစာကလေးသည် ဓားသေတ္တာ၏ မျက်နှာပြင်ပေါ်ရှိ ၎င်း၏ အတောင်ပံများကို ညင်သာစွာ ခတ်လိုက်ကာ၊ လင်းယွန်ကို လေထုထဲသို့ ပင့်တင် လိုက်တော့၏။

အခန်းအမိုးခုံးပေါ်ရှိ နဂါးငွေ့တန်းသည် လှည့်ပတ်လာပြီးနောက်၊ တောက်ပသောကြယ်များသည် ရေဝဲများသဏ္ဍာန် ဖြစ်ပေါ်လာ၏။ ဓားခန်းမအတွင်းရှိ လျှို့ဝှက်လမ်းကြောင်းသည် အစီအရင်များကို ဖြေရှင်းစရာမလိုတော့ပဲ၊ အမှန်တကယ် ပွင့်သွားခဲ့လေပြီ။

'' တွမ်......... ''

အိုး.........။

လင်းယွန်၏ပုံသဏ္ဍာန်သည် ကြယ်ဝဲအတွင်းထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။ ဟင်းလင်းပြင်တစ်ခုလုံးသည် မှောင်မိုက်နေပြီး ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းများသည်သာ လင်းယွန်အား လွှမ်းခြုံထား၏။ စက္ကန့်အနည်းငယ်အကြာတွင် ကြယ်ရောင်များလက်ခနဲ ပြက်ထင်သွားပြီးနောက်၊ တံခါးတစ်ချပ်ဖွင့်လိုက်သကဲ့သို့၊ ပတ်ဝန်ကျင်အသစ်တစ်ခုဆီသို့ ပို့လွှတ်ခံလိုက်ရ၏။

လင်းယွန်က သူ့ကိုယ်သူ စိတ်တည်ငြိမ်စေလျက်၊ ပတ်ဝန်းကျင်အသစ်ကို စတင်စစ်ဆေးလိုက်သည်။ ကြယ်များဝန်းရံနေသည့်ကြယ်တံခါးသည် သူ့အနောက်တွင် ကျန်ရစ်ခဲ့ပြီး၊ ရှေ့မြင်ကွင်းဆီ၌ မြေပြင်ပေါ်ထိုးစိုက်နေသောဓားအချို့ကို တွေ့မြင်လိုက်ရမှသာ စိတ်သက်သာရာရသွား၏။ အမှန်တွင် လင်းယွန်သည် ကြယ်ဝဲအတွင်း၌ပိတ်မိသွားမည်ကို စိုရိမ်နေခဲ့မိခြင်း ဖြစ်သည်။

သူ့ရှေ့ရှိ အပျက်အစီးနယ်မြေတွင် ရှေးဟောင်းဓားရှည်များသည် မြေပြင်ထဲသို့ ထိုးစိုက်ကျနေခဲ့ပြီး၊ အချို့သောနေရာများ၌၊ ပြိုကျပျက်စီးနေသော အဆောက်အဦးများနှင့် ကင်းမျှော်စင်များ လဲကျနေလေသည်။

"ဓားသင်္ချိုင်း......."

ထိုသည်မှာ ဓားသင်္ချိုင်းတစ်ခုဖြစ်ပြီး၊ ရာပေါင်းများစွာသောရှေးဟောင်းဓားရှည်များသည် ငြိမ်သက်စွာ တည်ရှိနေ၏။ သူနှင့်ခပ်လှမ်းလှမ်းတစ်နေရာ၌ လတ်ဆတ်သည့် သွေးအချို့ဖြင့် သေဆုံးပြီးဖြစ်သော လူသေအလောင်းတစ်လောင်းကို ရုတ်တရက် သတိထားလိုက်မိသည်။

" တစ်ယောက်ယောက် လာသွားတာလား......"

လင်းယွန်က မျက်ခုံးပင့်လျက် နယ်မြေတစ်ခုလုံးအား ခြုံကြည့်လိုက်သည်။ သူမျှော်လင့်ထားသလိုပင်၊ သွေးတိမ်ဂိုဏ်းသည် အစီအရင်ကျွမ်းကျင်သူများကို ခေါ်ယူလာကာ၊ ကန့်သတ်စည်းများကို အောင်မြင်စွာ ဖြေရှင်းနိုင်ခဲ့ပုံရသည်။

ဤအခိုက်အတန့်တွင် တစ်ချိန်က ယန်တင်းယီသည် သူ၏ဓားသေတ္တာကို သိမ်းယူလိုသည့် အကြောင်းရင်းကို နားလည်လိုက်မိသည်။ သေခြင်းတရားဖြင့် ရင်ဆိုင်နေရချိန်မှာပင်၊ ၎င်းယန်တင်းယီသည် ဓားသေတ္တာနှင့်ပတ်သတ်သော လျှို့ဝှက်ချက်အချို့အား ထိန်ချန်ထားခဲ့သည်။

ဤဓားသေတ္တာသည် အစီအရင်များကို ဖြေရှင်းပေးနိုင်ကြောင်းကို ထိုယန်တင်းယီက သိရှိပြီးသား ဖြစ်ရပေမည်။

ခဏာအကြာတွင် သူ့ရှေ့မှ ကြောက်စရာကောင်းသော ဓားသင်္ချိုင်းကို ကြည့်လိုက်ရာ လင်းယွန်၏ တိုက်ခိုက်ရေးစိတ်ဓာတ်များ တောက်လောင်လာခဲ့သည်။ ဓားသင်္ချိုင်းအတွင်းသို့ စတင်ခြချလိုက်သည်နှင့် ယင်းခြေလှမ်းကို မြေပြင်ပေါ်သို့ မဆင်းသက်မိခင်၊ ရှေးဟောင်းဓားတစ်လက်သည် လင်းယွန်ထံသို့ ဦးတည်ဖြတ်ဝင်လာခဲ့သည်။

ထိုဓားသည် သာမာန်ဓားများကဲ့သို့ ရိုးရှင်းပုံရသော်လည်း၊ အစောပိုင်းတွေမြင်ခဲ့ရသည့် အလောင်းကောင်ကို သတိရလိုက်မိသောအခါ လင်းယွန်က မပေါ့ဆရဲခဲ့ပေ။

ထိုအလောင်းကောင်သည် သွေးတိမ်ဂိုဏ်း၏ အဝတ်အစားကို ဝတ်ဆင်ထားပြီး၊ သူ့ရင်ဘက်၌ စိုက်ဝင်နေသော ဓားရှည်ကို လက်ထဲတွင် ဆုပ်ကိုင်ထား၏။ ၎င်းသည် မြေကြီးပေါ်တွင် သံမှိုဖြင့် ရိုက်နှက်ခံထားရသကဲ့သို့၊ ဓားရှည်သည် ကျောပြင်အားဖောက်လျက်၊မြေပြင်ထဲသို့ နစ်မြုပ်စွာ စိုက်ဝင်နေလေသည်။ သူ့မျက်လုံးများတွင် အံသြဟန်ဖြင့် မျက်လုံးများဖွင့်ကာ သေဆုံးနေခဲ့သည်။

ဤလူသည် လောဘဖြင့် ရှေးဟောင်းဓားတစ်လက်ကို မြေပြင်မှနူတ်ယူရန်ကြိုးစားရာ၊ ၎င်းဓားသည် သူ့ရင်ဘတ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့ပုံသည်။ ယင်းဓားများသည်ယခင်အချိန်၌ အဆင့်တစ်ခုထိ ရောက်ရှိထားပြီး၊ အချိန်ကြာလာ သည်နှင့်အမျှ ဝိညာဉ်စွမ်းအင်တွေ ဆုံးရှုံးသွားခဲ့သော်လည်း၊ ပေါ့တန်သော ရှန်ရှင်းသိုင်းသမားတစ်ယောက် အတွက်မူ သေစေလောက်သည်အထိ လုံလောက် နေပေသေးသည်။ လင်းယွန်က အလောင်းကို စစ်ဆေးကာ၊ ခွဲခြမ်း စိတ်ဖြာမှုကို ပြုလုပ်နေမိသည်။

ဓားသင်္ချိုင်းရှိဓားများအား နူတ်ယူရန်မဆိုနှင့် ထိခတ်မိခြင်း မရှိအောင်ပင်၊ သူ့ခြေလှမ်းတိုင်းကို သတိထားရမည်ကို သိနှင့်ပေသည်။ သို့မဟုတ်ပါက ဓားများ၌ ရှိသော အကျွင်းအကျန်ဝိညာဉ်များ၏ ဒေါသတကြီး တိုက်ခိုက်လာမှုကို ရင်ဆိုင်ရနိုင်မည်။

ဓားသင်္ချိုင်းသည် ရာနှင့်ချီသောရှေးဟောင်းဓားများကို ဝင်္ကပါသဏ္ဍာန်ခင်းကျင်းထားသည်ဖြစ်ရာ၊ အမွှေးတိုင်တစ်ဝက်ခန့် လောင်ကျွမ်းပြီးနောက် လင်းယွန်သည် သူစတင်ရာနေရာသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။

'' ဘာလဲ ဒါက ဝင်္ကပါလား သေစမ်းကွာ.....''

သူ့မျက်လုံးရှေ့ရှိ ဓားများထိုးစိုက်နေသည့် မြေပြင်ကိုကြည့်ကာ ကျိန်ဆဲလိုက်မိ၏။ လင်းယွန်အနေနှင့် ရှေးဟောင်းဓားများဖြင့် ဖွဲ့စည်းထားသော ဓားဝင်္ကပါကို တစ်ချက်ကြည့်ကာ၊ အံကြိတ်လျက် ရူးမိုက်စွာပြေးဝင်သွား လိုက်သည်။ သူက ဝင်္ကပါအားမည်သို့ ဖြေရှင်းရမည်ကို နည်းလမ်းမသိရှိပေ။ ထို့ကြောင့် ယခုအကြိမ်၌ ဓားသေတ္တာထံမှ မရေရာသောအာရုံကို အားကိုးကာ၊ မျက်လုံးများမှိတ်လျက် ဓားသင်္ချိုင်းတွင်းသို့ ပြေးသွားခဲ့သည်။

ဆူညံသံများ ကြားသည့်အခါမှသာ အပြေးရပ်ပြီး၊ မျက်လုံးများကို ဖွင့် စူးစမ်းလိုက်၏။ မှောင်မိုက်သောအခန်းတစ်ခန်းအတွင်းရောက်ရှိနေခဲ့ကာ၊ သူ၏ မြင်ကွင်းရှေ့၌ ကြီးမားသော ကျောက်တိုင်ကြီး တစ်တိုင် ကွယ်ထားလေရာ၊ ၎င်းဆူညံသံများ၏ အရင်းအမြစ်ကို မတွေ့ရှိရသေးချေ။ သူ့နောက်နား ဆီ၌လည်း အဆုံးမဲ အမှောင်ထုသာ တည်ရှိနေပေသည်။

'' ဒါကနောက်ထပ် အစီအရင်တစ်ခုပဲလား..... ''

လင်းယွန်က သူ့ရှေ့ရှိကျောက်စာတိုင်ကို မော့ကြည့်ကာ၊ ၎င်းကျောက်တိုင်ပေါ်သို့ ခုန်တက်လျက် အဝေးသို့ လှမ်းကြည့်လိုက်၏။

အကန့်အသတ်မရှိသော အမှောင်ထုတစ်နေရာတွင် မှိန်ဖျော့ဖျော့သောအလင်းတန်းတစ်စ လင်းလက်နေခဲ့သည်။ ထိုအလင်းတန်း၏ ရင်းမြစ်သည် မြေပြင်ပေါ်ရှိ ကျောက်ခေါင်းတလားထံမှ ထွက်ပေါ်နေခြင်းပင် ဖြစ်သည်။

လင်းယွန်သည် ကျောက်ခေါင်းတလား၏ သက်တမ်းကို မဆုံးဖြတ်နိုင်ခဲ့သော်လည်း၊ ၎င်းမှထွက်လာသော ရောင်ဝါသည် သူ၏ ကျောရိုးကို အေးစိမ့်သွားစေခဲ့သည်။

'' ဒါက ဓားသူတော်စင်ရဲ့ အလောင်းလား..... ''

သို့သော် လင်းယွန်က သူ့အတွေးသူ ပြန်လည်ငြင်းဆိုလိုက်၏။ အကယ်၍သာ ၎င်းသည် ဓားသူတော်စင်၏ ရုပ်အလောင်းသာ မှန်ခဲ့ပါက၊ သွေးတိမ်ဂိုဏ်းသည် ၎င်းတို့၏ ခွန်အားအရ၊ ယင်းအား ကိုင်တွယ်နိုင်မည့် အလားအလာ မရှိချေ။

'' ဒါဆို ဘာလဲ...နတ်ဘုရားလက်နက် တစ်ခုခုများလား...... ''

လင်းယွန်က စိတ်လှုပ်ရှားစွာဖြင့် ကျောက်တိုင်ပေါ်မှ ခုန်ဆင်းကာ၊ ထိုအလင်းတန်းဆီသို့ ခရီးဆက်လာခဲ့သည်။ သိပ်မကြာခင်မှာပင် ကျောက်ခေါင်းတလားနှင့် နီးကပ်လာသည်နှင့်အမျှ၊ သွေးတိမ်ဂိုဏ်းသားများနှင့်အတူ ရွှန်းတူကို တွေ့မြင်လိုက်ရ၏။

ရွှန်းတူက သူ့လက်ထဲရှိ ကြက်သွေးရောင်အရိုးကြာပွတ်ကို ဆုပ်ကိုင်ထားကာ၊ သွေးတိမ်ဂိုဏ်းကို ဦးဆောင်နေခဲ့သည်။

သူ့ဘေးနားရှိ အကြီးအကဲနှစ်ယောက်ထံမှ ထွက်ပေါ်လာသော ရောင်ဝါသည် ပြင်းထန်လှပြီး၊ ၎င်းတို့သည် နက်နဲတပိုင်းသိုင်းသမားများ ဖြစ်နိုင်ပေမည်။

အခန်းတစ်ခန်းလုံးအား အစီအရင်ဖြင့်ပိတ်ဆို့ထားရာ၊ အကန့်အသတ်မဲ့အမှောင်ထုသည် ဖုံးလွှမ်းနေပြီး၊ ကျောက်ခေါင်းတလားအလင်းသည်သာ စူရှစွာတောက်ပနေပေ၏။ ထို့ကြောင့်ပင် ဤနေရာ၌ လင်းယွန်သည် သူ့ကိုယ်သူ ဖုံးကွယ်ရန် လွယ်ကူသွားခဲ့သည်။ သို့သော် ကျောက်ခေါင်းတလားအနီးသို့ တိုးကပ်ရန်မူ၊ သူ၏လက်ရှိ ခွန်အားဖြင့် အန္တရာယ်များလွန်း လှလေသည်။

ရုတ်တရက် ဆူညံသံများ ထပ်မံထွက်ပေါ်လာပြီး၊ လင်းယွန်နှင့် ဆန့်ကျင်ဘက်အရပ်ဆီမှ လူရိပ်များပြေးထွက်လာလေသည်။ ထိုလူရိပ်များ၏ဝတ်ရုံများကြောင့် လင်းယွန်းက ပြုံးလျက်ရေရွတ်လိုက်မိ၏။

" ရွှေမီးတောက်ဂိုဏ်း... "

***

All Chapters