အစစ်နှင့်အတု။
Vol. 10 Ch. 134
ဤအခြေအနေအား မည်သို့ကိုင်တွယ် ရမည်ကို လင်းယွန်က တွေးတောနေစဉ်မှာပင်၊ မိန်ဇီယာဦးဆောင်သော ရွှေမီးတောက်ဂိုဏ်း ဝင်ရောက်လာခဲ့ရာ၊ ၎င်းတို့၏ ဂိုဏ်း နှစ်ဂိုဏ်း ကြားရှိ ပြင်းထန်သော ပြိုင်ဆိုင်မှုများကြောင့်၊ တစ်စုံတစ်ရာသော အခွင့်အရေးများကို မျှော်လင့်လာ နိူင်ပေမည်။
မည်သို့ပင်ဆိုစေကာမူ အပြာရောင်နေမင်းနိုင်ငံ၏ အာဏာရှင် ဂိုဏ်းငယ်သုံး ဂိုဏ်းသည် အချင်းချင်း အသိအမှတ် မပြုကြပဲ၊ သဘာဝအတိုင်းပင် ၎င်းတို့ကြား၌ ရန်ပွဲတစ်ပွဲ ကျိန်းသေပေါက် ထွက်ပေါ်လာမည် ဖြစ်သည်။
" မိန်ဇီယာ ''
နတ်ဆိုးမီးလျှံနက်ကိုကိုင်ဆောင်ပြီး၊ ဝင်ရောက်လာသည့် မိန်ဇီယာကြောင့်၊ ရွှန်းတူ၏ မျက်နှာသည် ပြောင်းလဲသွား၏။ သူ့ဘေးရှိ သွေးတိမ်ဂိုဏ်း၏ တပည့်များသည်ပင် သတိအနေအထားဖြင့်၊ ရွှေမီးတောက်ဂိုဏ်းသားများထံ စောင့်ကြည့်လာလေသည်။
မိန်ဇီယာက ပြုံးလိုက်ပြီး၊
"တိုက်ဆိုင်လိုက်တာ... မင်းရဲ့သွေးတိမ်ဂိုဏ်းက ဒီကျောက်ခေါင်းတလားကို ပစ်မှတ်ထားမယ်လို့ ငါ ဘယ်တုန်းကမှ မမျှော်လင့်ထားမိဘူး..... "
" ထွက်သွားစမ်း.... ငါ့ရဲ့သွေးတိမ်ဂိုဏ်းက ဒီကျောက်ခေါင်းတလားထဲက ရတနာကိုရဖို့၊ အနည်းဆုံးဆယ်နှစ်ကြာအောင် အရင်းအမြစ်တွေ စိုက်ထုတ်ထားခဲ့ရတယ်၊ အခု မင်းရဲ့ ရွှေမီးတောက်ဂိုဏ်းက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။"
ရွှန်းတူက အေးစက်စွာ ပြောလိုက်၏။ ကြက်သွေးရောင် အရိုးကြာပွတ်ကို ကိုင်ထားသော သူ၏ ညာလက်သည် တုန်ယင်နေခဲ့ကာ၊ ဤအခိုက်အတန့်တွင် သူ၏ နှလုံးသားထဲ၌ ဖော်မပြနိုင်လောက်အောင် ဒေါသများ းဖြစ်တည်လာလေသည်။
သွေးတိမ်ဂိုဏ်းသည် အားထုတ်မှုများစွာကို အရင်းပြုခဲ့ရပြီး၊ ဤအကွာအဝေးသို့ ရောက်သည်အထိ လူအများအပြားကို ဆုံးရှုံးခဲ့ရသည်။ ထို့အပြင်၊ သူတို့သည် မှော်အစီအရင်များကို ဖြေရှင်းရန် ကြီးမားသော စျေးနှုန်းများပင် ပေးဆပ်ခဲ့ရ၏။
အဆုံးတွင် ရတနာများအားရိတ်သိမ်းမည့်အချိန်၌ ရွှေမီးတောက်ဂိုဏ်းသည် 'တိုက်ဆိုင်စွာ' ထွက်ပေါ်လာလိမ့်မည်ဟု တွေးမထင်ထားခဲ့ကြပေ။
" ဟား ဟား ဟား၊ ဒီကျောက်ခေါင်းတလားကို မင်းရဲ့ သွေးတိမ်ဂိုဏ်းက ပိုင်ဆိုင်ထားတယ်လို့ ထင်နေပုံရတယ်၊ ဒါဆို အပြာရောင်နေမင်းလျှို့ဝှက်နယ်မြေကို သိမ်းယူပြီး၊ တခြားလူတွေ အားားလုံးကို ထွက်သွားသင့်တယ်လို့ မင်းဘာလို့ မပြောရတာလဲ။"
မိန်ဇီယာက လှောင်ပြောင်လိုက်၏။
“ ကောင်လေး၊ စကားလုံးတွေနဲ့ မောက်မာဖို့မကြိုးစားပါနဲ့၊ ငါတို့ရဲ့သွေးတိမ်ဂိုဏ်းက ဒီဓားသင်္ချိုင်းကို ဦးစွာတွေ့ရှိခဲ့ပြီး လမ်းဖောက်ပေးခဲ့တဲ့သူပဲ... ဒီလိုမှမဟုတ်ရင် မှော်အစီအရင်တွေကို ဖြတ်ပြီး၊ အမှိုက်တစ်စလို မင်းဝင်လာလို့ ရမယ်လို့ထင်နေလား.... ဟမ်... ''
ရွှန်းတူဘေးရှိ နက်နဲတပိုင်းအကြီးအကဲတစ်ဦးက ပြစ်တင်ကျိန်းမောင်းလာ၏။
( ဒါဆို ဒါက မှော်အစီအရင်တွေပေါ့)
လင်းယွန်က အမှောင်ရိပ်ထဲတွင် ရပ်ကာ အတွေးထဲသို့ နစ်မျောသွားခဲ့သည်။ ဓားသင်္ချိုင်းကြီး တစ်ခုလုံးသည် ကြီးမားသော ဓားခင်းကျင်းတစ်ခု ဖြစ်နေပုံရပြီး၊ ထိုအဖိုးကြီးပြောသကဲ့သို့ပင် သွေးတိမ်ဂိုဏ်းသည် ၎င်း၏ ဆုံမှတ်များကို ဖျက်ဆီးခဲ့နိုင်ကာ၊ ဤနေရာတွင် ပြိုကျနေသော အဆောက်အအုံများစွာကို ဖြစ်ပေါ်လာစေပုံရသည်။
ထိုသို့ဖြစ်လျှင် ကျောက်ခေါင်းတလားသည် မှော်အစီအရင်၏ ဗဟိုချက်ဖြစ်ကာ၊ ဓားအခင်းအကျင်း၏ အဓိကအရင်းအမြစ်သည်၊ အနည်းဆုံးတော့ နတ်ဘုရားရတနာတစ်ခုခု ဖြစ်ရပေမည်...
ယခုအချိန်၌ သွေးတိမ်ဂိုဏ်းသည် မိန်ဇီယာအား ဒေါသထွက်ခြင်းမှာ လွန်အံ့မထင်ပေ။
" မင်းက ငါ့ရဲ့ ရွှေမီးတောက်ဂိုဏ်းကို နှိမ့်ချနေတာလား။"
ရွှေမီးတောက်ဂိုဏ်း၏အကြီးအကဲက၊ သွေးတိမ်ဂိုဏ်းမှ နက်နဲတပိုင်းသိုင်းသမားကြီး၏ စကားကို တုန့်ပြန်လိုက်၏။
ရွှန်းတူက အံကြိတ်လျက်၊
" မိန်ဇီယာ၊ မင်းဘာလိုချင်တာလဲ...."
" ......ကျောက်ခေါင်းတလားထဲမှာရှိတဲ့ ရတနာတွေရဲ့ တစ်ဝက်။ "
" နတ်ဘုရားရတနာဆိုရင်ရော......"
ရွှန်းတူ၏နှုတ်ခမ်းတွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။ ရွှန်းတူသည် မျှဝေရန် ရည်ရွယ်ချက် မရှိသည်ကို မိန်ဇီယာက ချက်ချင်း နားလည်သွားပြီး၊
" သွား တော့......."
ဤတားမြစ်နယ်မြေရှိ ရွှေမီးတောက်ဂိုဏ်း၏ သုတေသနပြုချက်သည် သွေးတိမ်ဂိုဏ်းကဲ့သို့ နက်နဲခြင်းမရှိသော်လည်း ခွန်အားအရာနှင့် ပတ်သက်ပါက သွေးတိမ်ဂိုဏ်းအောက် မရောက်ရှိခဲ့ပေ။
'' ဝှစ်........ ''
မိန်ဇီယာ၏ အမိန့်ပေးသံနှင့်အတူ ရွှေမီးတောက်ဂိုဏ်း၏ တပည့်များသည် ရွှေရောင်အရှိန်အဝါများ ပေါက်ကွဲလာသည်။ ၎င်းတပြည့်တိုင်းသည် ရွှေမီးတောက်ဂိုဏ်း၏ ထိပ်တန်းတပြည့်များဖြစ်ကာ၊ သူတို့အားလုံးသည် ရွှေမီးတောက်နည်းစနစ်ကို ကျင့်ကြံထားခဲ့ကြသည်။
ရွှေမီးတောက်ဂိုဏ်း၏တပည့်များနှင့် အကြီးအကဲများထံမှ ရွှေမီးတောက် အရှိန်အဝါကို တပြိုင်နက်တည်း ထုတ်ဖော်လိုက်သောအခါ ခမ်းနားသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။
" သတ်......"
ရွှန်းတူသည် ကြက်သွေးရောင်အရိုးကြာပွတ်ကို ဝှေ့ယမ်းပြီး၊ သွေးတိမ်ဂိုဏ်း၏ တပည့်များကို အော်ဟစ်အမိန့်ပေးလိုက်၏။ သွေးတိမ်ဂိုဏ်းသားတိုင်းသည် ၎င်းတို့၏သွေးမျက်နှာဖုံးကို အသက်သွင်းကာ၊ သားရဲအသွင်သို့ ကူးပြောင်းလိုက်ကြလေသည်။
နှစ်ဖက်စလုံး အချင်းချင်း ထိပ်တိုက်တွေ့ကြသောအခါ ဝိညာဉ်စွမ်းအင်ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာ၏။
လင်းယွန်က သူ၏အာရုံကို နှစ်ဖက်စလုံးမှ နက်နဲသိုင်းသမားများထံသို့ လုံးလုံးလျားလျား အာရုံစိုက်ထားခဲ့သည်။ သူက မိုးကြိုးခန္ဓာကိုယ်ကို ထုတ်ဖော်မှသာလျှင် ၎င်းတို့၏တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိမည် ဖြစ်သည်။
" ရွှန်းတူ၊ ဒီနေ့ ငါ့ရဲ့ခွန်အားကို မြည်းစမ်းကြည့်လိုက်စမ်း....."
" ငါက မင်းကိုကြောက်မယ် ထင်နေလား..... ဟမ် ''
ကိုယ်စီအော်ငေါက်သံများနှင့်အတူ မိန်ဇီယာနှင့် ရွှန်းတူတို့သည် ကောင်းကင်ပေါ်သို့ခုန်တက်ကာ တိုက်ခိုက်ခဲ့ကြသည်။ ၎င်းတို့လက်ထဲရှိ အဆင့်မြင့်တော်ဝင်လက်နက်များ၏ ထိပ်တိုက်တွေ့ဆုံမှုများကြောင့်၊ တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော ပေါက်ကွဲမှုများအဆက်မပြတ် ဖြစ်ပေါ်နေခဲ့လေသည်။
'' အဆင့်မြင့် တော်ဝင်လက်နက်တွေရဲ့စွမ်းအားက နက်နဲတပိုင်းသိုင်းသမားတွေကိုတောင် ကိုင်တွယ်နိူင်မယ်ပုံပဲ ''
လင်းယွန်၏အကြည့်သည် အဆင့်မြင့်တော်ဝင်လက်နက်များထံသို့ အရောက်တွင်၊ အားကျမက်မောဟန်ဖြင့် မျက်လုံးများ တဖျပ်ဖျပ်ခတ်နေခဲ့ပြီး၊ ထိုအဆင့်အထိ မြှင့်တင်ရန် သူ၏ပန်းသင်္ချိုင်းဓားကို မည်မျှကြာအောင် လိုအပ်မည်ကို မသိခဲ့ပေ။ ၎င်းတို့၏လက်နက်များမှ ထွက်လာသော မယုံနိုင်စရာ စွမ်းအားကို ကြည့်လိုက်ရာ၊ လင်းယွန်၏ မျက်လုံးများသည် လောဘများဖြင့် တောက်လောင်နေလေသည်။
တိုက်ပွဲ ပြင်းထန်နေချိန်မှာပင်၊ မြေပြင်သည် ရုတ်တရက် လှုပ်ရှားသွားသည်ကြောင့် လင်းယွန်မှာ အံသြသွား၏။
အခြားတစ်ဖက်တွင် ဓားသင်္ချိုင်းအတွင်းရှိ ရှေးဟောင်းဓားများမှာလည်း အနည်းငယ်ရွေ့လျား သွားကြသည်။
" ဘာလဲ ဒါက အစီအရင်ရဲ့ ဗဟိုချက်မဟုတ်ဖူးလား..... ''
လင်းယွန်သည် တိုက်ပွဲတစ်ခုလုံးကို ကြည့်ရှုနေသူ ဖြစ်သောကြောင့်၊ အလုံးစုံကို ပိုမိုကောင်းမွန်စွာ ရှုမြင်နိုင်ခဲ့သည်။ အစောပိုင်းလှုပ်ရှားမှုအချို့သည် အစီအရင်၏ ဗဟိုချက်အား တစ်စုံတစ်ရာ အင်အားများ သက်ရောက်ခြင်းကြောင့်၊ ဖြစ်ပေါ်လာသော အကျိုးရလာဒ်ပင်။
၎င်းသည် မိန်ဇီယာနှင့် ရွှန်းတူတို့၏ တိုက်ပွဲကြောင့်၊ လှုပ်ရှားသွားခြင်း မဟုတ်ခဲ့ချေ။ မိန်ဇီယာနှင့် ရွှန်းတူတို့တိုက်ပွဲမှ ထွက်ပေါ်လာသောစွမ်းအင်များသည် အစီအရင်အတွင်းရှိ ဓားအရှိန်အဝါများ အောက်တွင် ပျောက်ကွယ်သွား နေခဲ့သည်ကို လင်းယွန်က ရှင်းရှင်းလင်းလင်း တွေ့မြင်နေခဲ့ ရလေသည်။
'' .........ခရစ် ''
ရုတ်တရက် အကန့်အသတ်မဲ့ သတ်ဖြတ်လိုသော ဆန္ဒကို ခံစားလိုက်ရပြီး၊ ထိုအသိသည် ဓားသင်္ချိုင်းရှိ ဓားရှည်များထံမှ ထွက်ပေါ်လာခြင်းဖြစ်ကာ၊ ကောင်းကင်သို့ ပျံတက် လုနီးနီး အရှိန်အဝါများကို ထုတ်လွှတ်လိုက်ပြီးနောက်၊ ယင်းအရှိန်အဝါသည် မကြာမီ ပျောက်ကွယ်သွားလေသည်။ သို့သော် လင်းယွန်သည် မပြည့်စုံသော ဓားရည်ရွယ်ချက်ကို ဆုပ်ကိုင်လိုက်မိကတည်းက၊ ဓားများ၏ ဆန္ဒ အချို့ကို လူတကာထက် ပို၍ ပြတ်ထင်စွာ ခံစားနိုင် ခဲ့သည်။
'' ဒီရှေးဟောင်းဓားတွေက ဘာလို့ဒီလောက်အထိ ရန်လိုနေရတာလဲ....တစ်ခုခုတော့မှားနေပြီ၊ အစီအရင်က မပျက်စီးသေးတာလား.... ''
လင်းယွန်က ပတ်ပတ်လည်ရှိ အပြောင်းအလဲများကို ဝေ့ကြည့်လိုက်သော်လည်း၊ အခန်းသည် ပိန်းပိတ်အောင်မှောင်မဲလျက်၊ အခြားသောအရာများအား အာရုံမခံမိသေးပေ။ မည်သည့်လမ်းအား လျှောက်ရမည်ကို မသိသောကြောင့် အကျပ်ရိုက်စေခဲ့သည်။
သူကထွက်သွားလိုလျှင် ယခင်ကျောက်တုံးကြီးထံသို့ ပြန်လည်ခုန်တက်ရန် လိုအပ်ပြီး၊ အကယ်၍သာ ၎င်းသည် အပြင်ဘက်ရှိ ဓားားသင်္ချိုင်းထံသို့ ပြန်လည် ရောက်ရှိသွားပါက၊ သူ၏ စိတ်မရှည်မှုအတွက် မည်သည့်အရာကိုမှ ရရှိလိမ့်မည် မဟုတ်ပေ။ သို့သော် သူ့နှလုံးသားသည် သူ့ကိုသွားဖို့ရန် တိုက်တွန်းနေခဲ့သည်။
နောက်ဆုံးတော့ လင်းယွန်သည် သူ့နှလုံးသားဆန္ဒကို လိုက်နာရန်ဆုံးဖြတ်လိုက်ပြီး၊ သတ်ဖြတ်ချင်းဆန္ဒများ ထွက်ပေါ်လာရာ အရပ်ဆီသို့ လျှောက်လှမ်း လာခဲ့သည်။ သူစိုးရိမ်မိသကဲ့သို့ ဓားသင်္ချိုင်းဆီ ပြန်လည်ရောက်ရှိသွားခြင်း မရှိကာ၊ လျှောက်လှမ်းနေစဉ်မှာပင်၊ ဓားသင်္ချိုင်းရှိ ရှေးဟောင်းဓားများထံမှ သတ်ဖြတ်လိုခြင်း ဆန္ဒမှာ ပို၍ အားကောင်းလာလေသည်။
" ဒါက ဘယ်လိုနေရာမျိုးလဲ.... ဘာလို့ ဒီလောက်ထိ ရန်လိုနေရတာလဲ ''
ခဏအကြာတွင် မီတာထောင်ဂဏန်းအကွာ၌ နောက်ထပ် ခေါင်းတလားတစ်လုံးအား အံသြစွာ တွေ့မြင်လိုက် ရသည်။ ထိုခေါင်းတလားသည် ရှေးဟောင်းအက္ခရာများဖြင့် ဖုံးလွှမ်းနေခဲ့ပြီး၊ ၎င်းအက္ခရာများသည် အစီအရင်များသဏ္ဍာန် လှုပ်ရှားသက်ဝင်နေခဲ့လေပြီ။
ထိုအစီအရင် အနီးပတ်ဝန်းကျင်၌ သွေးတိမ်ဂိုဏ်း၏ တပည့်များစွာရှိနေပြီး၊ တုန်လှုပ်ချောက်ချားစွာ လှည့်ပတ်ကြည့် ရှုနေကြ၏။
ကြည်ပြာရောင်ဝတ်ဆင်ထားသော အဖိုးအိုတစ်ဦးသည် စိတ်လှုပ်ရှားစွာဖြင့်၊ ကျောက်ခေါင်းတလား၏ ကန့်သတ်စည်းကို ချိုးဖျက်ရန် ကြိုးစားနေလေသည်။ ယင်းအဘိုးအိုသည် ကန့်သတ်စည်းအား တစ်ကြိမ်ထိုးနှက်လိုက်ချိန်တိုင်းတွင်၊ ၎င်းကန့်သတ်စည်းသည် စွမ်းအင်များကိုစုပ်ယူလျက် တစ်စုံတစ်ရာဆီသို့ လွှဲပြောင်းနေခဲ့ပုံ ရသည်။
ဒါ ......
ထိုမြင်ကွင်းကြောင့် လင်းယွန်၏ နှလုံးခုန်သံသည် ကျယ်လောင်လာခဲ့၏။
'' ဒါက ဒီဓားခန်းမတစ်ခုလုံးရဲ့ ဗဟိုချက်ပဲ၊ ဓားခန်းမအပြင်က ကန့်သတ်စည်းရယ်၊ ဓားသင်္ချိုင်းက ဓားဝင်္ကပါရယ်၊ ပထမတွေ့ခဲ့ရတဲ့ ကျောက်ခေါင်းတလားဆီက အစီအရင်တွေရယ် .... အားလုံး အားလုံးရဲ့ ဆုံချက်က အခုဒီအခန်းထဲက ကျောက်ခေါင်းတလား ဆီမှာပေါ့.....''
ဓားသင်္ချိုင်းတွင် ကျောက်ခေါင်းတလား နှစ်ခုရှိပြီး တစ်ခုသည် အစစ်ဖြစ်ပြီး၊ အခြားတစ်ခုမှာ အတုဖြစ်၏။ သွေးတိမ်ဂိုဏ်းသည် လျှို့ဝှက်ချက်များကို ဖော်ထုတ်ပြီး ရွှေမီးတောက်ဂိုဏ်းကို လှည့်စားရန် ကျောက်ခေါင်းတလား အတုဆီသို့ ရည်ရွယ်ချက်ရှိရှိ ခေါ်ဆောင် ထားနိုင် ခဲ့သည်။
'' ဒီလူတွေရဲ့ လှည့်စားနိုင်စွမ်းက တကယ်ပဲ.... ''
ဤနေရာတွင် သွေးတိမ်ဂိုဏ်း၏ တပည့်အရေအတွက်မှာ လေးယောက်သာရှိပြီး၊ ၎င်းတို့အားလုံးသည် ရှန်းရှင်း ပဉ္စမအဆင့် ခွန်အားကို ပိုင်ဆိုင်ထားကြသည်။ ထို့အပြင်၊ စစ်မှန်သော အစီအရင်ကျွမ်းကျင်သူတစ်ယောက်လည်း ရှိနေပေသေး၏။ ထိုအစီအရင်ဆရာက သတိကြီးစွာဖြင့် အစီအရင်၏ဗဟိုချက်ကို ရှာဖွေဖျတ်ဆီးနေခဲ့သည်။ တစ်ဆင့်ချင်းစီတွင် အန္တရာယ်များစွာ စောင့်ကြိုနေခဲ့ပြီး၊ အနည်းငယ်သာ တိမ်းစောင်းသွားပါက၊ ဓားသင်္ချိုင်း အတွင်းရှိ ရှေးဟောင်းဓားပေါင်း များစွာမှ ပျံသန်း သတ်ဖြတ် လာနိုင် ပေသည်။ ထို့ကြောင့်ပင် အစောပိုင်းဆီ၌ ၎င်းဓားများဓ သတ်ဖြတ်လိုသော ဆန္ဒများကို လင်းယွန်က အာရုံခံစားမိလိုက်ခြင်း ဖြစ်၏။
အချိန်များတရွေ့ရွေ့ ကုန်ဆုံးလာပြီး မှော်အစီအရင်ဆရာ၏ အပြုံးသည် ပို၍ ပီပြင်လာ၏။ ကျောက်ခေါင်းတလားပေါ်ရှိ ရှေးဟောင်းအက္ခရာများသည်လည်း မှိန်ဖျော့အားနည်းလိုက်လာလေသည်။
မှော်အစီအရင်ဆရာက သူ၏နဖူးမှချွေးများကို သုတ်လိုက်ပြီး ပြုံးရွှင်စွာဖြင့်၊
" အခေါင်းကို အခုဖွင့်လို့ရပြီ"
သွေးတိမ်ဂိုဏ်း၏ တပြည့်လေးယောက်သည် အကြည့်ချင်း ဖလှယ်လိုက်ကာ၊ ထူထပ်သောခေါင်းတလား၏ အဖုံးကို ရုတ်ဖယ်လိုက်သည်။ အဖုံးပွင့်သွားသည်နှင့် ကြောက်စရာ ကောင်းသော ရောင်ဝါတစ်ခုသည် ကျောက်ခေါင်းတလားအတွင်းမှ ထွက်ပေါ်လာလေသည်။
'' ဝှစ်.......... ''
ထိုရောင်ဝါအတွင်းတွင် အနက်ရောင်တောက်ပနေသော ရှေးဟောင်းသင်္ကေတတစ်ခုရှိနေခဲ့ပြီ။ ယင်းသင်္ကေတသည် လေထဲ၌ ပျံဝဲသွားကာ၊ စွဲမက်ဖွယ်ကောင်းသော အရှိန်အဝါအချို့နှင့်အတူ၊ ဓားရောင်ဝါများစူးရှစွာ ထွက်ပေါ်လာသည်။
" ဟားဟားဟား.... ဒါက ကောင်းကင်အဆင့်ရတနာပဲ.... ခဏစောင့်ငါယူပေးမယ် ''
မှော်အစီအရင်ဆရာ၏ မျက်လုံးများသည် တောက်ပလာပြီး၊ ၎င်းရတနာကို သိမ်းယူရန် ပြင်ဆင်လိုက်သည်။ သွေးတိမ်ဂိုဏ်း၏ တပြည့်လေးယောက်သည် တစ်စုံတစ်ယောက်မှ ဝင်ရောက်နှောက်ယှက်လာမည်ကို ကာကွယ်ပေးလိုဟန်ဖြင့်၊ ထိုမှော်အစီအရင်ဆရာအား ဝန်းရံလိုက်သည်။
'' ................ ''
ကောင်းကင်ရတနာသည် တဖြည်းဖြည်း ရွေ့လျားလာသည်နှင့်အမျှ ဓားသင်္ချိုင်းအတွင်းရှိ ရှေးဟောင်းဓားများသည် တုန်ခါမှုများ ပိုမို ပြင်းထန် လာသည်။
" လူအိုကြီးမို၊ မင်း အရှိန်မြှင့်ပေးနိုင်မလား"
သွေးတိမ်ဂိုဏ်း၏ တပည့်လေးယောက်သည် ရှေးဟောင်းဓားများထံမှ ထွက်လာသော သတ်ဖြတ်လိုခြင်းဆန္ဒများကို ကိုင်တွယ်ရန် အခက်တွေ့နေရသည်။
လူအိုကြီးမိုသည် လေးနက်သောအမူအရာဖြင့်၊ သူ၏နဖူးရှိ ချွေးများကိုသုတ်ကာ ပြန်မဖြေခဲ့ချေ။ အဆုံးတွင် ကောင်းကင်ရတနာကို ဆုပ်ကိုင် လိုက်သည်နှင့်၊ အခြားတစ်ဖက်ရှိ ရှေးဟောင်းဓားများမှာ တုန်ခါလျက် မြေပြင်မှ တိုးထွက်သွားကြလေသည်။
'' ဝှစ်........ ''
ခဏချင်းမှာပင် ရှေးဟောင်းဓားပေါင်းများစွာသည် လေဟာနယ်အတွင်းမှ ရုတ်ချည်း ထွက်ပေါ်လာကာ၊ သွေးတိမ်ဂိုဏ်း၏ တပြည့်များကို ထိုးဖောက် သတ်ဖြတ်လိုက်သည်။ ၎င်းမြင်ကွင်းကြောင့် လူအိုကြီးမိုသည် ထိတ်လန့်သွားပြီး၊ ရှေးဟောင်းဓားရှည်များ၏ တိုက်ခိုက်ခြင်းကို ချက်ချင်း ရှောင်တိမ်းလိုက်၏။
တစ်ချိန်တည်းမှာပင်၊ ကျောက်ခေါင်းတလားသည် အက်ကွဲကြောင်းများ ပြန့်ကျဲလာပြီး၊ မြေပြင်သည် တုန်ယင်လာခဲ့လေပြီ။
ထို့နောက်တွင် လူအိုကြီးမိုသည် အခြားတစ်ဖက်ရှိ သွေးတိမ်ဂိုဏ်းနှင့်၊ သွားရောက် ပူးပေါင်းရန် ဆုံဖြတ်လိုက်ပြီး၊ ကောင်းကင်သို့ ပျံတက်လိုက်၏။ သို့သော် ထိုအချိန်၌ပင် ကောင်းကင်သည် အန္တရာယ်အငွေ့အသက်များ ပြည့်နှက်လာပြီး၊ ကြောက်မက်ဖွယ် အင်အားကြီးသည် သူ့ထံသို့ အုပ်မိုး ဝင်ရောက်လာလေသည်။
လက်သီးနှင့် ဓားပေါင်းစပ်မှု။
ထိုစွမ်းအားသည် လင်းယွန်၏ လက်သီးထံမှ ထွက်ပေါ်လာခြင်း ဖြစ်ကာ၊ (၁၀၀%)သော ခွန်အားကို အပြည့်အဝ ထုတ်ဖော် လိုက်လေသည်။
'' ဘုန်း........ ''
လူအိုကြီးမိုသည် မီတာများစွာအကွာထိ လွင့်စင်သွားကာ၊ သူ့လက်ထဲရှိကောင်းကင်ရတနာကို လွှတ်ချလိုက်ရလေသည်။ လင်းယွန်က ယင်းရတနာကို အလိုက်သင့်ဖမ်းယူလိုက်ပြီး၊ အံသြ သွား၏။ လူအိုကြီးမိုသည် ရှန်ရှင်း ဆဠမအဆင့်၌ ရှိနေသည်ဖြစ်ရား၊ ဤမျှ အားနည်းနေလိမ့်မည်ဟု မထင်ထားမိပေ။
( " မှော်အစီအရင်ကို ဖြေရှင်းပြီး၊ ကောင်းကင်ရတနာကို ရိတ်သိမ်းခဲ့တာက၊ သူ့ရဲ့ ဝိညာဉ်စွမ်းအင်အများစုကို ကုန်ဆုံးသွားစေပုံရတယ်။... " )
အတွေးတစ်စနှင့်အတူ ကောင်းကင်ရတနာအား၊ တင်းကြပ်စွာ ဆုပ်ကိုင်လိုက်၏၊ အခြားတစ်ဖက်တွင် လင်းယွန်၏ လက်သီးကြောင့် လွင့်စင်သွားသော လူအိုကြီးမိုသည် ထိတ်လန့်သွားဟန်ဖြင့် ရုန်းကန်ထပြေးတော့သည်။
" ဒါက မင်းအတွက်အကောင်းဆုံးပဲ.... ''
လင်းယွန်က ဟန့်တားခြင်းမပြုပဲ၊ ပြုံးလျက် ကောင်းကင်ရတနာကို စစ်ဆေးရန် ပြင်လိုက်သည်။
'' ဝုန်း....... ''
ရုတ်တရက်မြေပြင်သည် ပေါက်ကွဲသံများနှင့်အတူ အက်ကွဲသွားကာ၊ လင်းယွန်အား လဲကျသွားစေခဲ့သည်။
***