← Chapters

မအောင်မြင်သော အစီအစဉ်။

Vol. 10 Ch. 135

မအောင်မြင်သော အစီအစဉ်။

Vol. 10 Ch. 135

သွေးတိမ်ဂိုဏ်းနှင့် ရွှေမီးတောက် ဂိုဏ်း၏ တိုက်ပွဲက ပြင်းထန်လာကာ၊ လူအချို့ သည်ပင် ၎င်းတို့၏ သိုင်းဝိညာဉ်များကို ဆင့်ခေါ် ထားခဲ့ကြသည်။

အလောင်းအများအပြားသည် မြေပြင်ပေါ်၌ ပျံ့နေခဲ့ပြီး၊ လေထုထဲတွင် သွေးရနံ့များ ရောထွေးနေသည်။ နှစ်ဖက်စလုံး၏ အင်အားချင်းမှာ ညီမျှနေခဲ့ကြကာ၊ လူတိုင်းအား တိုက်ပွဲအတွင်း၌ ဖိအားပေးထား နိုင်ကြ၏။

သူတို့၏ အမြင်၌ ကောင်းကင် ရတနာတစ်ခုသည် ဤနေရာရှိ သေဆုံးနေကြသော လူတိုင်းထက် တန်ဖိုးရှိလှပေသည်။

ကျောက်ခေါင်းတလား အနီးတွင် မိန်ဇီယာနှင့် ရွှန်းတူတို့သည် ၎င်းတို့၏ အဆင့်မြင့် တော်ဝင် လက်နက်များကို အကန့်အသတ်အထိ တွန်းပို့ကာ၊ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေခဲ့ကြ လေသည်။ သူတို့၏ ပတ်ဝန်းကျင်ရှိလေထုသည် အဆင့်မြင့်တော်ဝင်လက်နက်များ၏ စွမ်းအားကြောင့် အက်ကွဲသွားခဲ့၏။

မိန်ဇီယာသည် တိုက်ပွဲတွင် အနည်းငယ် အသာစီးရထားပြီး၊ သူ၏ ရွှေမီးတောက် နည်းစနစ်အား စတုတ္ထအဆင့်သို့ ထုတ်ဖော်ထားသည်။ ၎င်းရုပ်ခွန်အားနှင့် နတ်ဆိုးမီးလျှံနက်တို့ ပေါင်းစပ်ပြီးနောက်၊ သူ၏ ခွန်အားသည် ကြောက်မက်ဖွယ် အဆင့်သို့ ရောက်ရှိသွားခဲ့လေသည်။

ရွှန်းတူ၏ ကြာပွတ်မှာ နဂါးတစ်ကောင်ကဲ့သို့ လွင့်ထွက်သွားပြီး၊ မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။ ထို့နောက်တွင် ယင်းကြာပွတ်သည် မျှော်မှန်းမရသော ရှုထောင့်မျိုးစုံမှ မိန်ဇီယာထံသို့ ဝင်ရောက်ဟန့်တား နေခဲ့သဖြင့်၊ တိုက်ပွဲ၌အသာစီးရနေသော်လည်း ရင်ဆိုင်ရန် လွယ်ကူခြင်း မရှိခဲ့ပေ။

အိုး........။

ကြက်သွေးရောင်အရိုး ကြာပွတ်သည် လှံရှည်တစ်စင်း ကဲ့သို့ ပျံတက်သွားပြီးနောက်၊ လေထုထဲမှာပင်၊ ရုတ်တရက်ကွေးညွှတ်သွားပြီး အဆိပ်ပြင်းသောမြွေတစ်ကောင် သဏ္ဍာန် နတ်ဆိုးမီးလျှံနက်ကို ရစ်ပတ်ရန် ပြေးဝင်လာသည်။

မိန်ဇီယာ၏ မျက်နှာသည် မည်းမှောင်သွားပြီး ကြက်သွေးရောင် အရိုးကြာပွတ်အား ရှောင်တိမ်းရန် သူ၏ ဝိညာဉ်စွမ်းအင်ကို ဖြန့်ကျက်လျက်၊ နောက်ပြန်ဆုတ်လိုက်ရ၏။

'' ဝှစ်...... ဝှစ် ဝှစ် ''

" မိန်ဇီယာ၊ ဒါမင်းရဲ့ခွန်အား အကုန်ပဲလား၊ ဒါကြောင့်လည်း လင်းယွန်က မင်းရဲ့တိမ်နဂါးသစ်သီးကို လုယူသွားနိုင်တာ အံ့သြစရာတော့ မဟုတ်ပါဘူး ”

ရွှန်းတူက အော်ဟစ်လှောင်ပြောင်လိုက်၏။ သူ၏ညာလက်သည် ကြာပွတ်လက်ကိုင်ကို ဆုပ်ကိုင်ထားပြီး၊ ဘယ်ဘက်ဖြင့် ကြာပွတ်အဖျားကို သိမ်းဆည်းကိုင်ထားသည်။

ထို့အပြင် သူ့နှလုံးသားထဲ၌ လှောင်ပြောင်ရယ်မောသံများ ကျယ်လောင်နေလေပြီ။ ဤကျောက်ခေါင်းတလား၌ ရတနာများရှိနေမည်ဟု မိန်ဇီယာက ထင်မြင်ယူဆနေခဲ့သည်။

" ပါးစပ်ပိတ်ထားစမ်း..... "

မိန်ဇီယာသည် အလွန်မာနကြီးပြီး၊ လင်းယွန်သည် သူ့နှလုံးသားထဲ၌ အကြီးမားဆုံးသော အပ်တစ်စင်းဖြစ်သည်။ ထို့ကြောင့် လင်းယွန်နာမည်ကြားသည်နှင့် သူ့ဒေါသသည် အကန့်အသတ်မရှိ ကြီးထွားလာတက်သည်။

" ဟားဟားဟား ဘာလို့လဲ ငါမှားနေလို့လား..... ''

ရွှန်းတူက မိန်ဇီယာ၏ဒေါသကို မြင်လိုက်သည်ကြောင့်၊ ကျေနပ်သွားဟန်ဖြင့် သူ၏ အပြုံးသည် ပို၍ လင်းလက်သွား၏။

" ငါမှာ ပြောစရာမရှိဖူးထင်နေလား....ဟမ်၊ လင်းယွန်ရဲ့ လက်သီးချက်ကြောင့် သေမတက်လွင့်စင်သွားတာ ဘယ်သူလဲ "

“ ဒါက ငါပေါ့လျော့ခဲ့လို့ပဲ၊ မင်းသာ ဝင်မလာခဲ့ရင်၊ ငါ့ရဲ့ကြာပွတ်အောက်မှာ သူသေသွားတာကြာပါ့ .... "

ရွှန်းတူ၏မျက်နှာမှာ ရဲတွတ်သွားပြီးနောက်၊ အော်ဟစ် တိုက်ခိုက်လိုက်သည်။ ဤတစ်ကြိမ်တွင်၊ သူ၏ကြာပွတ်သည် ပြင်းထန်သော နဂါးတစ်ကောင်ကဲ့သို့ လျင်မြန်စွာလှုပ်ရှားသွားခဲ့ပြီး၊ ကြက်သွေးရောင်အရှိန်အဝါကို ထုတ်လွှတ်လာသည်။

'' ဟား ဟား ဟား ဘယ်လိုလဲ သွေးတိမ်ဂိုဏ်းက လင်းယွန်ရဲ့ ဦးခေါင်းကိုဖြတ်နိုင်ပါ့မလား ငါသိချင်မိပါရဲ့.... ''

မိန်ဇီယာက ချက်ချင်းပင် နတ်ဆိုးမီးလျှံနက်ကို စွဲကိုင်လျက် တုန့်ပြန်တိုက်ခိုက်လိုက်လေသည်။

'' ဝှစ်....... ''

'' ဝှီး...........''

နှစ်ယောက်သား ထိပ်တိုက်တွေ့ဆုံမှုများကြောင့်၊ မြေလွှာများကွဲအက်သွားစေသော မိုးခြိမ်းသံများကို ဖြစ်ပေါ်လာစေသည်။

'' ဝုန်း........ ''

'' ခရစ်.......... ''

တစ်ချိန်ထဲမှာပင် ကျောက်ခေါင်းတလားသည် ၎င်းတို့၏ တိုက်ခိုက်မှုများမှ ဝိညာဉ်စွမ်းအင်များကို စုပ်ယူသွားပြီးနောက်၊ အက်ကြောင်းများ ပြန့်ကျဲလာသည်။

ခရစ် ......။

ထို့နောက် ကျောက်ခေါင်းတလားသည် ပေါက်ကွဲသွားပြီး ကျောက်အပိုင်းအစများအဖြစ် လွင့်စင်သွား၏။ ရုတ်တရက်ကျောက်ခေါင်းတလားထံမှ ပေါက်ကွဲလာသံကြောင့်၊ တိုက်ပွဲကွင်းပြင်ရှိ အဖွဲ့နှစ်ဖွဲ့စလုံးသည် တိုက်ခိုက်မှုများကို ချက်ချင်းရပ်လိုက်ကြသည်။

ကျောက်ခေါင်းတလားနှင့် အနီးဆုံး၌ ရှိနေသော မိန်ဇီယာသည် ချက်ချင်းပင် သူ့အကြည့်ကို ၎င်းထံသို့ စိုက်ကြည့်လိုက်ပြီး၊ ထိတ်လန့်သွားခဲ့သည်။ ကျောက်ခေါင်းတလား အတွင်း၌ မည်သည့် ရတနာမှ ရှိမနေခဲ့ချေ။

" ဘာမှမရှိပါလား...."

" ကောင်းကင်ရတနာက ဘယ်မှာလဲ"

" သွေးတိမ်ဂိုဏ်းက သိမ်ယူထားပြီးပြီလား၊ ဒါပေမယ့် ...."

" မဟုတ်ဘူး ................. "

ရွှေမီးတောက်ဂိုဏ်းထံမှ ဝေဖန်သံများ ဆူညံနေခဲ့ပြီး၊ နားမလည်ဟန်ဖြင့် သွေးတိမ်ဂိုဏ်းသားများအား လှမ်းကြည့်လိုက်ကြ၏။

မိန်ဇီယာက အံ့သြသွားပြီး ရွှန်းတူကို ကြည့်လိုက်သည်။ ရွှန်းတူ၏ မျက်လုံးများသည် သူ့ကဲ့သို့ စိုးရိမ်နေခြင်းမရှိပဲ၊ ဤမြင်ကွင်းကို မျှော်လင့်ထားသလို ပြုံးကြည့်နေခဲ့သည် ။ သွေးတိမ်ဂိုဏ်း၏ အကြီးအကဲများသည်လည်း တုန်လှုပ်ခြင်းမရှိကာ၊ ၎င်းတို့၏ မျက်နှာများပေါ်တွင် အပြုံးကိုပင် ဆင်မြန်းထားခဲ့လေသည်။

" ဟားဟားဟား ဒါက အံသြစရာမဟုတ်ပါဖူး၊ အထဲမှာ တစ်ခုခုရှိနေမှသာ ထူးဆန်းနေလိမ့်မယ် "

ရွှန်းတူသည် နောက်ဆုံးတွင် သူ၏ရယ်မောခြင်းကို မထိန်းနိုင်တော့ပဲ၊ မိန်ဇီယာကို ကြည့်ကာ လှောင်ပြောင်လိုက်သည်။

" ဒီအကြောင်း မင်းသိတယ်လား "

မိန်ဇီယာက ရွှန်းတူကို အေးစက်စွာ မေးလိုက်၏။

" ငါတို့ရဲ့သွေးတိမ်ဂိုဏ်းက ဒီလိုနေ့မျိုးရောက်ဖို့ကို ဘယ်လောက်ကြာအောင် ပြင်ဆင်ထားခဲ့ရတယ်ထင်လဲ၊ နှစ်ပေါင်းတစ်ရာနီးပါးကြာအောင် လေ့လာထားခဲ့ရတာပဲ၊ ဓားခန်းမရဲ့ ဓားဝင်္ကပါမှာ ဗဟိုချက်နှစ်ခုရှိတယ်၊ တစ်ခုက အတုဖြစ်ပြီး နောက်တစ်ခုသည် အစစ်ပဲ၊ ဒီကျောက်ခေါင်းတလားကအတု..... ''

သွေးတိမ်ဂိုဏ်းမှ နက်နဲတပိုင်းသိုင်းသမားကြီးက လှောင်ပြောင်ရယ်မောလျက်မှ ရှင်းပြလိုက်သည်။

'' ဒါဆို တကယ့်အစစ်က ဘယ်မှာလဲ ''

"ဟားဟားဟား.... မိန်ဇီယာ၊ မင်းရဲ့မိုက်မဲမှုက သနားစရာပါပဲ၊ တကယ့်အစစ်ဆီကို ငါ့ရဲ့လူတွေ လွှတ်ထားပြီးပြီ၊ အခုချက်ချင်း ဒီနယ်မြေဆီကနေ မင်းရဲ့ ရွှေမီးတောက်ဂိုဏ်းက ထွက်သွားသင့်ပြီလို့ မင်းမထင်ဖူးလား.... ''

" ............."

အလိမ်ခံရကြောင်း သိလိုက်ရသောအခါတွင် မိန်ဇီယာ၏ ဒေါသသည် တောက်လောင်သွားပြီး၊ သတ်ဖြတ်လိုသည့် ဆန္ဒကို ထုတ်ဖော်လိုက်၏။

" ဘာလဲ တိုက်ခိုက်ချင် နေတာလား၊ ကောင်းပြီ၊ ငါ့ရဲ့ သွေးတိမ်ဂိုဏ်းက ကောင်းကင်အဆင့် ရတနာကို သွားရောက် ယူငင်နေတာ၊ အခုချိန်လောက်ဆို အောင်မြင်နေလောက်ပြီ၊ မကြာခင် အပြာရောင်နေမင်း နိုင်ငံရဲ့ အစစ်အမှန် အာဏာရှင်က ဘယ်သူလဲဆိုတာကို မင်းသိရလိမ့်မယ် မိန်ဇီယာ၊ ..... မင်းက အခုချိန်မှာ ဒူးထောက်ပြီး တောင်းပန်လိုက်တာ အကောင်းဆုံးပဲ၊ ဒီလိုမှ မဟုတ်ရင် မင်းရဲ့ ရွှေမီးတောက်ဂိုဏ်းက ပထမဆုံး ချေမှုန်းခံရလိမ့်မယ်။ ''

ရွှန်းတူက မောက်မာစွာ ဟိန်းဟောက်လိုက်၏။ ၎င်း၏ ကြိမ်းဝါးသံကြောင့် ရွှေမီးတောက်ဂိုဏ်း၏ အကြီးအကဲများနှင့် တပည့်များသည်လည်း ကျောရိုးတစ်လျှောက် အေးစက်သွားခဲ့သည်။ သွေးတိမ်ဂိုဏ်းသည် ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်များကြောင့် လူသိများလှသည်၊ ယခုအချိန်၌ ၎င်းတို့သည် ကောင်းကင်ရတနာတစ်ခုအား ပိုင်ဆိုင် ထားနိုင်ခဲ့ပါက၊ ရွှေမီးတောက်ဂိုဏ်းကို ဖျတ်စီးပစ်ရန် တွန့်ဆုတ်နေမည် မဟုတ်ချေ။

သို့သော် ရုတ်တရက် လူရိပ်တစ်ရိပ်သည် သွေးတိမ်ဂိုဏ်းဆီသို့ ထိတ်လန့်တကြား ပြေးဝင်လာသည်။

"လူ အို ကြီး မို"

"လူအိုကြီးမို၊ မင်းဘာလို့ ဒီလောက်ပြင်းထန်တဲ့ ဒဏ်ရာရလာတာလဲ....."

ထိုလူရိပ်သည် လူအိုကြီးမိုဖြစ်မှန်းသိရှိလိုက်သည်နှင့် သွေးတိမ်ဂိုဏ်း၏ အကြီးအကဲများသည် စိတ်ရှုပ်ထွေးသွားကြ၏။

ရွှန်းတူသည် သူ့နှလုံးသားထဲ၌ ဆိုးရွားသော ကြိုတင်သတိပေးချက်ကို ခံစားလိုက်ရသည်။ သူက လူအိုကြီးမိုအား ဖေးမလျက်၊

'' လူအိုကြီးမို ကောင်းကင်ရတနာကိုရခဲ့လား၊အခုဘာဖြစ်လာတာလဲ......''

-ဟု မေးမြန်းလိုက်မိ၏။ ရွှန်းတူအမေးကြောင့်၊ မိန်ဇီယာသည်လည်း လူအိုကြီးမိုထံသို့ စိတ်လှုပ်ရှားစွာဖြင့် လှမ်းကြည့်လိုက်သည်။

လူအိုကြီးမိုက ခါးသီးသောအမူအယာဖြင့် တောင်းပန်လာခဲ့သည်။

'' ကောင်းကင်ရတနာကို လင်းယွန်က လုယူသွားတယ်၊ ငါက မှော်အစီအရင်ကို ဖြေရှင်းပြီး ရတနာကိုယူနေချိန်မှာပဲ၊ သူက ငါ့ကို အလစ်ဝင်တိုက်ခဲ့လို့ ဒီဒဏ်ရာတွေရလာခဲ့တာ.... ''

" ဘာ.....''

သွေးတိမ်ဂိုဏ်း၏ အကြီးအကဲများသည် အံသြသွားကြ၏။ ရွှန်းတူက ၎င်းအား မယုံကြည်နိုင် ဟန်ဖြင့်၊ မေးမြန်းလိုက်ပြန်သည်။

" လူအိုကြီးမို၊ အဲဒါကို ထပ်ပြောလို့ရမလား"

" ငါ့ကိုခွင့်လွှတ်ပါ သခင်လေး၊ လင်းယွန်က ကောင်းကင်ရတနာကို လုယူသွားခဲ့တာပါ..."

လူအိုကြီးမိုက ခေါင်းငုံ့ကာ ပြန်ပြောလာ၏။ ရွှန်းတူ၏ နှလုံးသားသည် တုန်လှုပ်သွားပြီး မြေပြင်ပေါ် လဲကျလုနီးပါး တုန်ယင်သွားသည်။ သူက အစောပိုင်းတွင် ရွှေမီးတောက်ဂိုဏ်းအားဖျတ်စီးပစ်ရန် ကြံစည်ခဲ့သော်လည်း၊ သိပ်မကြာခင်မှာပင် ၎င်းအကြံအစည်၏ အဓိက အင်အားဖြစ်သော ကောင်းကင်ရတနာကို၊ အခြား သူတစ်ဦးမှ ယူဆောင်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဒေါသကြောင့် ယိမ်းယိုင်သွားသည့် ရွှန်းတူအား သူ့ဘေးနားရှိ အကြီးအကဲ တစ်ယောက်မှ ချက်ချင်း ထိန်းမတ် ကူညီလိုက်ရ၏။

ဤအခိုက်အတန့်တွင် ရွှန်းတူရင်၌ စူးစူးဝါးဝါး ခံစားချက်များ ပြည့်နှက်နေခဲ့ပြီး၊ ပျက်ယွင်းသွားသော အသွင်အပြင်များကြောင့်၊ မိန်ဇီယာက ပြုံးရယ်လိုက်ကာ၊ သူ့လက်အား ဟန်ပါပါဝှေ့ယမ်းလျက်၊

'' ဒါဆို ကောင်းကင်ရတနာကို လင်းယွန်ပေးဖို့၊ မင်းတို့ရဲ့ ဂိုဏ်းက နှစ်တစ်ရာလောက် ကြိုးစားနေခဲ့တာလား၊ ငါသာ နားကြား မမှားရင်... ကောင်းကင်ရတနာနဲ့ ငါ့ရဲ့ ရွှေမီးတောက်ဂိုဏ်းကို ဖျတ်စီးပစ်မယ်လို့ တစ်စုံတစ်ယောက်က ပြောနေခဲ့တာကို ကြားလိုက်မိ သလိုပါပဲ မဟုတ်လား.... ''

" မင်း........"

ရွှန်းတူက မိန်ဇီယာထံသို့ ကြာပွတ်ဖြင့်ချိန်ရွယ်လျက် စကားထစ်ငေါ့သွားကာ၊ သူ့ခန္ဓာကိုယ်သည် တုန်ယင်သွား၏။ ထို့နောက်တွင်၊

"ငါ့မှာ မင်းအတွက် အချိန်မရှိဘူး၊ လူအိုကြီးမို ငါတို့ကို အဲ့ဒီခွေးကောင်ဆီခေါ်သွားစမ်း "

"...လိုက်ခဲ့ပါ သခင်လေး "

သွေးတိမ်ဂိုဏ်းဝင်များသည် အုံ့မှိုင်းသော မျက်နှာများဖြင့် အခြားသောလမ်းကြောင်းဆီသို့ ဦးတည်သွားတော့သည်။

မိန်ဇီယာက ကျေနပ်စွာ အော်ဟစ်လိုက်ပြီး၊ နတ်ဆိုးမီးလျှံနက်ကို မြေပြင်ပေါ်သို့ ထိုးစိုက် လိုက်သည်။ လင်းယွန်၏ လက်ထဲသို့ကျရောက်ခြင်းသည် သွေးတိမ်ဂိုဏ်းမှ ရရှိခြင်းထက် သာ၍ ကောင်းလှပေသည်။ နောက်ဆုံးတွင် လင်းယွန်၏ ပန်းတိုင်သည် အပြာရောင်နေမင်းနိုင်ငံ မဟုတ်ခဲ့ပေ။

ရွှေမီးတောက်ဂိုဏ်းမှ လူတိုင်းသည် ထို့နည်းအတူ ခံစားခဲ့ရပြီး၊ နှလုံးသားထဲ၌ ကြောက်ရွံ့မှုများ ရစ်ဝဲနေခဲ့၏။ နက်နဲတပိုင်းသိုင်းသမားများသည် ထိုကောင်းကင်ရတနာများ၏ စွမ်းအားများကို အပြည့်အဝ ထုတ်ဖော်နိုင်သည်ဖြစ်ရာ၊ ၎င်းရတနာမှာ သွေးတိမ်ဂိုဏ်းထံ၌ ရှိနေခဲ့ပါက၊ အပြာရောင်နေမင်း နိုင်ငံ၏ မျှခြေအား ချိုးဖျက်ပေလိမ့်မည်။

ထို့အပြင် သွေးတိမ်ဂိုဏ်း၏ ရက်စက်ကြမ်းကြုတ်သော နည်းလမ်းများကို မည်သူမျှ မခံစားချင်ကြပေ။

" လင်းယွန်ကြောင့်သာ မဟုတ်ရင် သွေးတိမ်ဂိုဏ်းက ငါတို့ကိုလှည့်စားသွားမှာကို ငါကြောက်မိတယ်၊ ဇီယာ ....... ငါတို့ အခု ဘာလုပ်သင့်လဲ"

နက်နဲတပိုင်း အကြီးအကဲတစ်ဦးက မေးမြန်းလိုက်သည်။

" တစ်ခြားဘာများ လုပ်ရဦးမှာလဲ... သူတို့နောက်ကို လိုက်၊ ငါတို့လည်း လင်းယွန်ကို သတ်ပြီး ကောင်းကင်ရတနာကို ရယူနိုင်ခဲ့ရင်၊ သွေးတိမ်ဂိုဏ်းက ဒီလိုမာန ထောင်လွှားဖို့ သတ္တိရှိသေးရဲ့လားလို့ ငါကြည့်ရမယ်... "

မိန်ဇီယာက ပြန်ဖြေလိုက်ကာ၊ ရွှေမီးတောက်ဂိုဏ်းကို ဦးဆောင်လျက် သွေးတိမ်ဂိုဏ်းနောက်သို့ လျင်မြန်စွာ လိုက်သွားခဲ့ကြသည်။

တစ်နာရီခန့် အကြာတွင် နှစ်ဖက်စလုံးသည် အစစ်အမှန် မှော်အစီအရင်၏ ဗဟိုချက် ဆီသို့ ရောက်ရှိလာ၏။ သို့သော် စောင့်ကြိုနေသော မြင်ကွင်းကြောင့် လူအုပ်ကြီးမှာ အံ့သြသွားကြလေသည်။

ချောက်ခြားဖွယ် လေတိုးသံ များနှင့် အတူ တွင်းနက်ကြီး တစ်တွင်း၊ ကျောက်ခေါင်းတလား နေရာ၌ အစားထိုး ဖြစ်တည် နေခဲ့သည်။

၎င်းတွင်းနက်ကြီးအတွင်းမှ နတ်ဆိုး များ၏ အော်ဟစ်သံများ ကဲ့သို့၊ စိတ်မသက်မသာ ဖြစ်စေသော အသံလှိုင်းများ ထွက်ပေါ် နေခဲ့ လေပြီ။

ထိုတွင်းနက်ကြီး၏အထက်တွင်၊ ဓားရောင်ဝါများ ရစ်သိုင်းနေသော ပုံရိပ်ယောင် ဓားကြီး တစ်လက် ဖြစ်တည် အုပ်မိုးနေ၏။

၎င်းဓားရိပ်ကြီး ထံမှ ထုတ်လွှတ်ထားသော ဖိအားသည် ဤနေရာရှိ လူအုပ် ကြီးအား စိတ်မသက်မသာ ဖြစ်လာ စေသည်။

ထို့ပြင် ထိုပုံရိပ်ယောင်ဓားရိပ်ကြီးသည် တွင်းနက်ကြီးအား၊ ပိတ်ဆို့ ကာကွယ် နေဟန်ရ၏။ ယင်းဓားအာကာ အကွယ် အတွင်း၌ အနက်ရောင် ဝိညာဉ် စွမ်းအင်များ လှုပ်ရှားရုန်းကန်နေ ကြလေသည်။

'' နတ်ဆိုး ဝိညာဉ်တွေ..... ''

ရွှေမီးတောက်ဂိုဏ်း၏ အကြီးအကဲ တစ်ဦးသည် အနက်ရောင်မြူ အချို့ကို ကြည့်ကာ သူ့မျက်လုံး များတွင် ကြောက်ရွံ့ တုန်လှုပ်မှုများ ဖြစ်ပေါ်လာ၏။

တစ်ချိန်တည်း မှာပင် သွေးတိမ်ဂိုဏ်းမှ လူတိုင်းသည် ၎င်းတို့၏ မျက်လုံးများ၌ ထင်ရှားသော အကြောက် တရားများဖြင့် ပြည့်နှက် လာလေသည်။

သွေးတိမ်ဂိုဏ်းသည် သူတို့၏ ကျင့်ကြံမှု နည်းစနစ်များနှင့် အပြုအမူများ အပေါ် အခြေ ခံ၍ နတ်ဆိုးလမ်းစဉ်ကို ကျင့်ကြံ နေကြသော သိုင်းသမားများ ဖြစ်သည်ဟု ယူဆနိုင် သော်လည်း၊ ၎င်းတွင်းနက် အတွင်းမှ ထွက်ပေါ်လာသော နတ်ဆိုး အငွေ့အသက် များကြောင့် ကြောက်ရွံ့တုန်လှုပ်သွားကြသည်။

ဤတွင်းနက်ကြီးသည် မည်းမှောင်နေခဲ့ပြီး ဝါးမျိုခြင်းစွမ်းအင်များ ပြည့်နှက်နေသလို ခံစားလာရ စေ၏။

ရွှန်းတူကိုကြည့်ကာ၊ မိန်ဇီယာက နားမလည်ဟန်ဖြင့်၊

'' ဒီနေရာက ဘာဖြစ်နေတာလဲ... မင်းရဲ့ သွေးတိမ်ဂိုဏ်းက ဒီနေရာကို နှစ်ပေါင်း တစ်ရာကျော် လေ့လာ ဆန်းစစ် ခဲ့တယ်လို့ ပြောခဲ့ဖူးတယ် မဟုတ်လား၊ အခု မင်းမျက်နှာ ပေါ်က အကြည့်က ဘာလဲ.... ''

" ဓားသင်္ချိုင်းရဲ့ ဗဟိုချက်ကဒီနေရာပဲ၊ ဒါပေမယ့် ဒီနေရာမှာ နတ်ဆိုးတွေကို ပိတ်ဆို့ထားဖို့ ကြီးမားတဲ့ ဓားအစီအရင် တစ်ခုလည်း ရှိနေတယ်၊ အဲဒီအစီအရင်က ပွင့်သွားပြီး တွင်းနက်ကြီး ပေါ်လာရတာ ဖြစ်မယ်၊ လင်းယွန်ကတော့ တွင်းနက်ထဲကို ပြုတ်ကျသေဆုံးသွားပြီ၊ မင်းမှာ သတ္တိရှိရင် အောက်ဆင်း ကြည့်လို့ရတယ်။.. "

ရွှန်းတူက မိန်ဇီယာ၏မေးခွန်းကို ခပ်ငေါ့ငေါ့ ပြန်ဖြေလိုက်ကာ၊ ခေါင်ယမ်းလိုက်၏။

" ငါ.....မဝံ့ဘူး ထင်နေလား.... "

ထို့နောက်တွင် မိန်ဇီယာသည် ရွှေမီးတောက်ဂိုဏ်း၏ အကြီးအကဲများနှင့် စတင်ဆွေးနွေးနေစဉ်၊ သွေးတိမ်ဂိုဏ်း သည်လည်း အလားတူ လုပ်ဆောင်နေခဲ့ပြီး၊ ၎င်းတို့၏ နောက်ဆက်တွဲ ဆုံးဖြတ်ချက်များ အရ၊ အဆုံးတွင်၊ ဂိုဏ်းနှစ်ဂိုဏ်းစလုံးသည် နက်နဲတပိုင်းသိုင်းသမားတစ်ဦးစီကို စေလွှတ်ရန် ဆုံးဖြတ်လိုက်ကြသည်။

သူတို့နှစ်ဦးစလုံးသည် ၎င်းတို့၏ဂိုဏ်းများရှိ တော်ဝင်လက်နက်များကို ဆွဲကိုင်ယူကာ တွင်းနက်ထဲသို့ ခုန်ဆင်းသွားခဲ့သည်။ ချက်ချင်းပင် အမှောင်ထုသည် ထိုသိုင်းသမား နှစ်ယောက်အား ဝါးမြိုသွားတော့၏။

တွင်းနက်ကြီး၏အပြင်ဘက်ရှိ လူအုပ်ကြီးသည် စိုးရိမ်တကြီးဖြင့် စောင့်ကြည့်နေသည်။

အချိန်အနည်းငယ်အကြာတွင်၊ ၎င်းသိုင်းသမားနှစ်ဦးသည် တွင်းနက်ကြီး အတွင်းမှ ပြန်လည် တွယ်တက် လာခဲ့ပြီး၊ သူတို့နှစ်ဦး စလုံးမှာ သိသိသာသာ အိုမင်းသွားပုံ ရပြီး၊ ယင်းတို့၏မျက်လုံးများတွင် ကြောက်ရွံ့မှုများ ဖြာထွက် နေသည်ကို တွေ့ရှိလိုက်ရသဖြင့်၊ လူတိုင်း အံ့အားသင့်သွားကြ၏။

'' ဝေါ့........ ''

တွင်းနက်အတွင်းမှ တွယ်တက်လာ ပြီးသည်နှင့်၊ နက်နဲတပိုင်း သိုင်းသမား နှစ်ဦး တို့သည် မည်းနက်သော သွေးများကို အန်ချ လိုက်ကာ၊ မြေပြင်ပေါ်သို့ လဲကျသွားလေသည်။

***

All Chapters