← Chapters

ဓားသူတော်စင်။

Vol. 10 Ch. 136

ဓားသူတော်စင်။

Vol. 10 Ch. 136

နက်နဲတပိုင်းသိုင်းသမားများသည်ပင် တွင်းနက်ကြီးအတွင်းသို့ မီတာတစ်ရာအထိသာ ဆင်းသက်ရောက်ရှိနိုင်ခဲ့၏။

ထိုတွင်းနက်ကြီး အတွင်းမှ ဖိအားများ ပြင်းထန်လှပေရာ၊ ပြုတ်ကျ သွားသော လင်းယွန် အတွက်မူ သေရန် မှတပါး အခြား မရှိ နိုင်တော့ချေ။

သို့သော် အခြားတစ်ဖက်တွင်၊ လင်းယွန်သည် သေဆုံးသွားခြင်း မရှိပဲ၊ လွန်ခဲ့သော အချိန်သို့ ပြန်ပြောင်းသွားရပါလျှင်၊ ကျောက်ခေါင်းတလား ကွဲအက်ပြီးနောက်၊ လင်းယွန်မှာ ပြုတ်ကျသွားခဲ့သည်။

သူက တုန်လှုပ်ချောက်ချားစွာဖြင့် ပတ်ဝန်းကျင်အားဝေ့ကြည့်လိုက်ရာ၊ တွင်းနက်ကြီးအတွင်းသို့ ပြုတ်ကျနေခြင်းဖြစ်ကြောင်း သတိပြုမိလိုက်၏။

တစ်ချိန်တည်းမှာပင်၊ သူ့ပတ်ဝန်းကျင်ရှိ အနက်ရောင် ဝိညာဉ်စွမ်းအင်များသည် ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာကာ၊ စိတ်ဝိညာဉ်ကို စုပ်ယူရန် ကြိုးစား လာခဲ့ သည်ကြောင့်၊ ဦးခေါင်းခွံ တစ်ခုလုံးအား နာကျင် ကိုက်ခဲလာစေပြီး၊ စိတ်ဝိညာဉ် ကွဲအက်သွားသလို ခံစားလိုက်ရ၏။

'' အနက်ရောင် စွမ်းအင်တွေ..... ''

လင်းယွန်၏ အရေပြား၌ အနက်ရောင် အစက်အပြောက်များ နေရာအနှံ့ ဖြစ်ပေါ် လာသည်ကြောင့် သူက ထိတ်လန့်စ ပြုလာသည်။

သို့သော် ထိုအချိန်မှာပင် သူ့လက်ထဲရှိ ကောင်းကင်ရတနာထံမှ ဓားမီးတောက်များ ရုတ်တရက် ထွက်ပေါ် လာလေသည်။

ဝူးရှ်။

ထိုဓားမီးတောက် များသည် အတားအဆီး တစ်ခု အဖြစ် သူ့ပတ်ပတ် လည်တွင် တဖျစ်ဖျစ် မြည်နေခဲ့၏။

၎င်းဓားမီးတောက်များ ထွက်ပေါ်လာ သည်နှင့် ပတ်ဝန်းကျင်ရှိ အနက်ရောင် ဝိညဉ် စွမ်းအင် များမှာ အပိုင်းပိုင်းဖြိုခွဲ ခံလိုက် ရတော့သည်။

တစ်ဆက်တည်းမှာပင်၊ သူ့ဒါန်တမ်အတွင်းရှိ ပန်းခရမ်းရောင်လျှပ်စီးကြောင်းများ ထွက်ပေါ် လာကာ၊ စိတ်ဝိညာဉ် အတွင်းရှိ အနက်ရောင် ဝိညာဉ်စွမ်းအင်များကို ချေမှုန်းရန် ခန္ဓာကိုယ် အနှံ့ ပျံ့နှံ့သွားသည်။

ယင်းဖြစ်စဉ်အတိုင်း ဆက်သွားသည်နှင့်အမျှ သူ့အရေပြားပေါ်ရှိ အမည်းစက်များမှာ လျင်မြန်စွာ ပြန်လည်ပျောက်ကွယ် သွားခဲ့တော့သည်။

" ဒီနေရာက ဘယ်လိုနေရာမျိုးလဲ"

လင်းယွန်က အနည်းငယ် သက်သာလာပြီးနောက်၊ သူ့မျက်လုံးများကို ဖွင့်ကြည့် လိုက်၏။

ချက်ချင်းပင် သူ၏ မျက်လုံး များတွင် ကြောက်ရွံ့မှု များဖြင့် ပြည့်လျှံလာကာ၊ ကောင်းကင် ရတနာကို တင်းကျပ်စွာ ဆုပ်ကိုင် မိလေသည်။

ထိုရတနာထံမှ စိမ့်ထွက် လာသော ဓားမီးတောက်များသည် ပို၍ ပြင်းထန်လာကာ၊ ပတ်ဝန်းကျင်ရှိ အနက်ရောင် ဝိညာဉ်စွမ်းအင် များကို နောက်ဆုတ် သွားစေသည် အထိ၊ ဖိအားပေး နိုင်ခဲ့ သည်ကို သတိပြုမိသွား၏။

အချိန်အနည်းငယ်အကြာတွင် အနက်ရောင် ဝိညာဉ်စွမ်းအင်များ ပါးလျလာပြီး၊ ပတ်ဝန်းကျင်အား ရှင်းရှင်းလင်းလင်း တွေ့မြင်လိုက်ရကာ၊ သူ့နှလုံးသားထဲ၌ စူးစမ်းလိုစိတ်များ ပြည့်နှက်လာလေသည်။

ဓားသူတော်စင်၏ အမွေသည် ဤနေရာ၌ ရှိနေခဲ့သည်လော။ လင်းယွန်အတွက်မူ၊ ဓားသူတော်စင်၏အမွေသည် ဤအမည်မသိ ကောင်းကင်ရတနာ သင်္ကေတထက် ပို၍ တန်ဖိုးရှိလှသည်။ တဖြည်းဖြည်း ကျဆင်းလာသည် နှင့်အမျှ တွင်းနက်ကြီး၏အောက်ခြေသည် ကျယ်ဝန်းလာခဲ့ပြီး၊ ၎င်း၏ အဆုံး၌ ကြီးမားသော ကျောက်သား စင်မြင့်ကြီး တစ်ခုအား တွေ့မြင်လိုက်ရ လေသည်။

လင်းယွန်က သူ့ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များကို လည်ပတ်လိုက်ကာ၊ ကျောက်သားစင်မြင့်ထက်သို့ ဆင်းသက်လိုက်၏။ ၎င်းစင်မြင့်ပေါ်သို့ ဆင်းသက်လိုက်မိသည်နှင့်၊ သူ့ခန္ဓာကိုယ်အား လွှမ်းခြုံသော ဓားမီးတောက်များသည် ကောင်းကင်ရတနာ သင်္ကေတအတွင်း ပြန်လည်တိုးဝင် ပျောက်ကွယ်သွားတော့သည်။

အံသြစရာကောင်းသည်မှာ ကျောက်သားစင်မြင့်ပတ်ဝန်းကျင်၌ အနက်ရောင် ဝိညာဉ်စွမ်းအင်များသည် ပျောက်ကွယ်လုနီးနီး လျော့ပါးနေခဲ့လေသည်။ သို့သော် လင်းယွန် သည် ကောင်းကင်ရတနာသင်္ကေတကို တစ်ချက်ကြည့်လိုက်ကာ၊ သတိကြီးစွာဖြင့် ၎င်းကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိဆဲပင်။ အနက်ရောင်ချီစွမ်းအင်များသည် ပေါ့ဆသင့်သောအရာမဟုတ်ပေ။

ရုတ်တရက် သူ့ခြေဖဝါးအောက်ရှိ ကျောက်သားပြင်သည် တုန်ယင်လာပြီးနောက်၊ စူးရှသောအလင်းတန်းများ ထွက်ပေါ်လာလေသည်။ ထိုအလင်းတန်းများပြောက်ကွယ်သွားသည်နှင့် ခရမ်းရောင်ရှေးဟောင်းအက္ခရာများထွက်ပေါ်လာကာ၊ ခရမ်းရောင်ရေခဲစာကလေးသဏ္ဍာန်အဖြစ် ဖွဲ့စည်းလာလေသည်။

ယင်းရေခဲငှက်သည် လင်းယွန်၏ ဦးခေါင်းအထက် လေထုထဲ၌ ထူးဆန်းသောအသံအချို့ကို ထုတ်ဖော်လျက် ပျံဝဲနေချိန်တွင်၊ ရှေးဟောင်းဓားသေတ္တာသည် နောက်တစ်ကြိမ် တုန်ခါလာပြန်သည်။

" ငါမှန်တယ်..... ဒါက ဓားသူတော်စင်ရဲ့အမွေအနှစ်နယ်မြေပဲ....."

လင်းယွန်သည် ဝမ်းသာအားရဖြင့် အော်ဟစ်လိုက်၏။ သူက ကျောက်သားစင်မြင့်ကြီး၏ အလယ်ဗဟိုသို့ လျှောက်လှမ်းသွားခဲ့သည်။ ထိုကျောက်သားစင်မြင့်ကြီးသည် အဖြူကျောက်စိမ်းများဖြင့် ပြုလုပ်ထားပုံရပြီး၊ ၎င်း၏အလယ်ဗဟိုတွင် အသက်မဲ့နေသော မှော်အစီအရင်ပြားတစ်ချပ်ကို တွေ့ မြင်လိုက်ရကာ၊ ယင်းမှော်အစီအရင်ပြားတွင် လင်းယွန်၏ လက်ထဲရှိသင်္ကေတဖြင့် ကိုက်ညီသော နေရာလွတ်တစ်ခု ရှိနေနှင့်လေပြီ၊ ထို့ကြောင့်လင်းယွန်က ထိုသင်္ကေတကို ၎င်းနေရာလွတ်ဆီသို့ ထည့်သွင်းလိုက်သောအခါတွင် ကျောက်သားစင်မြင့်ကြီးသည် တုန်လှုပ်သွားလျက်အလင်းများ တောက်ပလာသည်။

ယင်းနောက်တွင်၊ ခရမ်းရောင်ရေခဲစာကလေးသဏ္ဍာန် သင်္ကေတများထံမှ စူးရှသောဟစ်ကြွေးသံများ ဆူညံလာတော့သည်။

'' ဖုန်း........... ''

ကျောက်သားစင်မြင့် ကြမ်းပြင်ထံမှ ကျောက်တိုင်သုံးတိုင်သည် ဖြည်းညှင်းစွာ ထွက်ပေါ်လာပြီးနောက်၊ ထိုကျောက်တိုင်များ၏ထိပ်တွင် သေတ္တာတစ်လုံးစီပါ ရှိလာကာ၊ ယင်းသေတ္တာများသည် အချိန်ကာလ၏ တိုက်စားဒဏ်များကြောင့် ဟောင်းနွမ်းစုတ်ပြတ်နေခဲ့လေပြီ။

" ဓားသူတော်စင်ရဲ့ အမွေက ဒီသေတ္တာသုံးလုံးထဲမှာလား ..."

လင်းယွန်က စိတ်လှုပ်ရှားစွာဖြင့် သေတ္တာများဆီသို့ လျှောက်လှမ်းသွားပြီး၊ နီးစပ်ရာ သေတ္တာတစ်လုံးကို ဖွင့်ကြည့်လိုက်၏။

'' ဟမ်.... ဘာမှမရှိပါလား.... ''

မျက်မှောင်ကြုတ်လိုက်ကာ၊ အခြားသေတ္တာနှစ်လုံးကိုလည်း ဖွင့်ကြည့်လိုက်သော်လည်း ရလဒ်မှာ ပထမသေတ္တာနှင့် အတူတူပင်။ တစ်စုံတစ်ယောက်သည် ဤသေတ္တာများအတွင်းရှိ ရတနာများကို ဆောင်ယူသွားခဲ့ ပုံရ၏။

သေတ္တာအလွတ် (၃)လုံးကို ကြည့်ကာ အတွေးထဲနစ်မြုပ် သွားခဲ့သည်။ အချိန်အနည်းငယ် ကြာပြီးနောက် သူက ခေါင်းခါယမ်းလိုက်ကာ၊ သက်ပြင်းချ၏။

အပြာရောင်နေမင်းလျှို့ဝှက်နယ်မြေသည် နှစ်ပေါင်းထောင်သောင်းချီကြာ ဖွင့်လှစ်လာခဲ့သည်ဖြစ်ရာ၊ ဖွင့်လှစ်ခဲ့သောအကြိမ်ရေ မည်မျှ ရှိခဲ့မည်ကို သိနိုင်မည်မဟုတ်ပေ။ ထို့ကြောင့်ပင် တစ်စုံတစ်ယောက်သည် ၎င်းအမွေအနှစ်ကို သိမ်းယူသွားခဲ့သည်မှာ အံ့သြစရာ မဟုတ်နိုင်တော့ချေ။

'' ဝရူး... ဝရူး..... ဝရူး ''

လင်းယွန်က ထွက်ခွာရန် ပြင်လိုက်သော်လည်း၊ သူ့နောက်ကျောတွင် ထမ်းပိုးထားခဲ့သော ရှေးဟောင်းဓားသေတ္တာသည် နောက်တစ်ဖန် တုန်ခါလာပြန်၏။

" ဘာလဲ.... မဟုတ်ဖူးလား ''

ထိုတုန်ခါသံကြောင့် အံ့သြသွား၏။ အကယ်၍သာ အမွေရတနာသည် တစ်စုံတစ်ယောက်မှ သိမ်းယူသွားခဲ့ပါက၊ ဤဓားသေတ္တာအား တုန်လှုပ်စေသောအရာသည် မလွဲမသွေ ကျန်ရှိနေဦးပေမည်။

လင်းယွန်၏ မျက်လုံးများမှာ ထိုအတွေးကြောင့် တောက်ပလာပြီး၊ ကျောက်သားစင်မြင့်ကြီးတစ်ဝိုက်အား စတင်ရှာဖွေတော့သည်။ ကျောက်သားစင်မြင့်အနှံ့ အကြိမ်ပေါင်းများစွာ လှည့်ပတ်ရှာဖွေနေခဲ့သော်လည်း၊ တစ်စုံတစ်ရာသောထူးခြားမှုကို မတွေ့ရှိချေ။

ရုတ်တရက် လင်းယွန်၏ အကြည့်သည် ကျောက်သားစင်မြင့်ကြီးကို အုပ်မိုးထားသော ခရမ်းရောင်ရေခဲစာကလေးအား၊ မျက်မှောင်ကြုတ်လျက် စစ်ဆေးလိုက်မိ၏။ ခရမ်းယောင်ရေခဲစာကလေးသည် ပုံရိပ်ယောင် တစ်ခုအဖြစ်သာ အရိပ်ထင်နေခဲ့ပြီး၊ ၎င်းမှ ဝိညာဉ်စွမ်းအင် အပြောင်းအလဲကို မခံစားခဲ့ရပေ။

'' ဒီပုံရိပ်ယောင်စာကလေးက ငါ့ဓားသေတ္တာထဲက ခရမ်းရောင်ရေခဲစာကလေးနဲ့ မဆိုင်ပါဘူး ဟုတ်တယ်မလား... ''

လင်းယွန်က ချက်ချင်းပင် စမ်းသပ်ကြည့်ရန် မျက်လုံးမှိတ်လျက် ထိုင်ချလိုက်ပြီး၊ သူ၏ ဝိညာဉ်စွမ်းအင်များကို ရှေးဟောင်းဓားသေတ္တာထဲသို့ ဖြန့်ဝေပေးလိုက်သည်။ ထို့နောက်တွင် ခရမ်းရောင်ရေခဲစာကလေးသည် ဝိညာဉ်စွမ်းအင်များကို စုပ်ယူလိုက်ကာ၊ ၎င်း၏အတောင်ပံများကို ခတ်လာတော့၏။

တစ်ဆက်တည်းမှာပင် ပုံရိပ်ယောင်စာကလေးသည်လည်း အသက်ဝင်လာဟန်ဖြင့် သူ၏အတောင်ပံများကို စတင်ခတ်ပစ်လိုက်သည်။

ထို့နောက်တွင် ကောင်းကင်သို့ ပျံတက်သွားကာ၊ ကျောက်သားစင်မြင့်တစ်ဝိုက်တွင် စတင်ပျံသန်းလာပြီး၊ စင်မြင့်ထက်၌ ကြီးများသောရေဝဲကြီးကို ဖြစ်ပေါ်လာစေသည်။

အိုး အနက်ရောင်ချီစွမ်းအင်တွေပါလား.....။

လင်းယွန်က သူ့ပတ်ဝန်းကျင်ရှိ ရေဝဲကြီးအားကြည့်ကာ၊ ထိတ်လန့်သွား၏။

ဤအနက်ရောင်ချီစွမ်းအင်များသည် နတ်ဆိုးအငွေ့အသက်များဖြင့်၊ သိပ်သည်းနေခဲ့ပြီး၊ တွင်းနက်ကြီးအဝင်ဝနားရှိ နတ်ဆိုးစွမ်းအင်များထက် အဆပေါင်းများစွာ ပြင်းထန်နေခဲ့သော်လည်း၊ ၎င်းဖိအားသည် လင်းယွန်ကို ထိခိုက်လာခြင်း မရှိတော့ချေ။

တစ်ချိန်တည်းမှာပင်၊ ခရမ်းရောင်ရေခဲစာကလေးသည် အနက်ရောင်ချီစွမ်းအင်များဖြင့် ပြည့်နှက်နေခဲ့သော ရေဝဲကြီးအလယ်သို့၊ ပျံသန်း ဆင်းသက်လာခဲ့သည်။ ၎င်းစာကလေး ဆင်းသက်လာသောအခါတွင် ရေဝဲအတွင်းရှိ အနက်ရောင်ချီစွမ်းအင်များသည် လျင်မြန်စွာ ကျဆင်းသွားသည်ကို မြင်တွေ့လိုက်ရသည်။

နောက်ဆုံးတွင် နတ်ဆိုးအငွေ့အသက်များဖြင့် ရစ်သိုင်းနေခဲ့သော အလောင်းဆယ်လောင်းထွက်ပေါ်လာလေသည်။

ဒါ ......

လင်းယွန်က ပါးစပ် အဟောင်းသားဖြင့် စကားမပြောနိုင်လောက်အောင် တုန်လှုပ်သွား၏။ ၎င်းတို့သည် နတ်ဆိုးအလောင်းကောင်များ ဖြစ်ကာ၊ သေဆုံးနေသည့်တိုင်အောင် ကြောက်စရာကောင်းသော အနက်ရောင်ချီစွမ်းအင်များကို ထုတ်လွှတ်နေခဲ့၏။ ထိုနတ်ဆိုးများသည် ကျင့်ကြံခြင်း ရွှေခေတ်ကုန်ဆုံးရခြင်း၏ အကြောင်းရင်း တစ်ရပ်လည်း ဖြစ်နိုင်ပေမည်။

ခရမ်းရောင်ရေခဲစာကလေးသည် ထိုအလောင်းကောင်များကို ထိန်းချုပ်ထားပုံရပြီး၊ ခဏအကြာတွင် ၎င်း၏တောင်ပံများကိုခတ်လျက် ကောင်းကင်ထက်၌ ပျံဝဲနေတော့သည်။ တစ်ဆက်တည်းမှာပင် အဘိုးအိုတစ်ဦးသည် လေဟာနယ်ထဲတွင် ထွက်ပေါ်လာလေရာ၊ လင်းယွန်က အံ့သြသွား၏။

'' ............... ''

၎င်းအဘိုးအို၏မျက်ဝန်းများသည် ကြယ်တာရာ ကောင်းကင်ကြီးကဲ့သို့ သန့်ရှင်းစင်ကြယ်လှကာ၊ ထိုမျက်လုံးများ၏ အနက်ရှိုင်းဆုံး တစ်နေရာ၌ ဓားအလင်းများ စူးရှစွာ လင်းလက်နေသည်။

ထိုဓားသွားများ၏ အလင်းရောင်သည် လင်းယွန်၏ဝိညာဉ်စိတ်အသိအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသလို ခံစားလိုက်ရသည်ကြောင့်၊ ထိတ်လန့်တုန်လှုပ်စွာဖြင့် ချက်ချင်းအကြည့်လွှဲလိုက်၏။

'' ဂျူနီယာလင်းယွန်က စီနီယာကို ဂါရဝပြုပါတယ်၊ နှောင့်ယှက်ဖို့ ရည်ရွယ်ခဲ့တာ မဟုတ်ပါဘူး၊ ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ။ "

လင်းယွန်က ဤလူသည် ကျော်ကြားသော ဓားသူတော်စင်ဖြစ်ရမည်ဟု မှန်းဆထားပြီးဖြစ်သည်။

တစ်ချိန်တည်းမှာပင်၊ ဓားသူတော်စင်၏ ဝိညာဉ်အပိုင်းအစ တစ်ခုသည်ပင်၊ သူ့အား အလွန်တုန်လှုပ်သွားစေခဲ့သည်။

" မင်းက ငါ့ကို ကြောက်နေစရာ မလိုပါဘူး၊ ငါ့ကို ဓားသူတော်စင်လို့လည်း ခေါ်ကြတယ်၊ ငါက ဒီလောကကြီးကနေ ပျောက်ကွယ်ပြီးသားမို့၊ နာမည်ကိုတော့ မင်းသိစရာမလိုပါဖူး၊ မင်းရဲ့ ပါရမီနဲ့ သိုင်းဝိညာဉ်ကို ငါကြည့်ပါရစေ "

လင်းယွန်သည် ဓားသူတော်စင်၏ စကားကြောင့် စိတ်သက်သာရာ ရသွားားသော်လည်း တစ်ချိန်တည်းမှာပင် သူ့မျက်နှာသည် မဲမှောင်သွားသည်။ သူက နိမ့်ကျသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ၊ ဤသို့သူ၏ စွမ်းရည်ကို စစ်ဆေးခြင်းသည် ဓားသူတော်စင်အား စိတ်ပျက်သွားစေမည်ကို စိုးရိမ်နေမိခြင်း ဖြစ်သည်။

အဆုံးတွင် လင်းယွန်က ကူကယ်ရာမဲ့ဟန်ဖြင့် ပြုံးလိုက်ပြီး၊

'' ငါ့ရဲ့အရည်အချင်းက စီနီယာရဲ့ တစ်သောင်းပုံ တစ်ပုံတောင် မရှိမှာကို ငါကြောက်မိတယ်၊ ''

သို့သော် ဓားသူတော်စင်က တည်ငြိမ်စွာ စိုက်ကြည့် နေလျက်မှ၊

" အသွင် အပြင် အရ မင်းရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံက ညံ့ဖျင်း လွန်းတယ်၊ ဒါပေမယ့် အံ့သြစရာ အချို့တော့ ရှိနေ သေးတယ်....၊ မင်းရဲ့ ခန္ဓာကိုယ် ထဲကို ငါတောင် လုံးလုံး လျားလျား ထွင်းဖောက် မမြင် နိုင်ဘူး ........ ''

***

All Chapters