← Chapters

ထာဝရအသက်ပုံပြင်

Vol. 9 Ch. 23

ထာဝရအသက်ပုံပြင်

Vol. 9 Ch. 23

အချစ်ဆိုတာက လူတွေကိုရော နတ်ဘုရားတွေကိုပါ ရူးမိုက်စေတတ်တဲ့အရာပဲ။ လောကမှာ အသိစိတ်ရှိတဲ့သတ္တဝါတိုင်း အချစ်ဆိုတဲ့ခံစားချက်ကို ပိုင်ဆိုင်ကြတယ်။ နတိဘုရားတွေအတွက်လည်း ခြွင်းချက်မဟုတ်ဘူး။

အချိန်စကြဝဠာရဲ့ကြာညောင်းလာပြီဖြစ်တဲ့ ကာလတစ်ခုမှာ အဖြူရောင်လေလွင့်နတ်ဘုရား၊ ပိုင်ကျိုးဆိုတဲ့ နတ်ဘုရားတစ်ပါးရှိခဲ့ဖူးတယ်။ အထီးကျန်မှုရဲ့ဝါးမျိုခြင်းကို ခံနေရတဲ့သူတစ်ယောက်။ နှလုံးသားထဲမှာ ဝမ်းနည်းမှုတွေပဲ ပြည့်နှက်နေခဲ့တဲ့ လူတစ်ယောက်ပေါ့။

သူသာ သေဆုံးသွားတဲ့ ချစ်သူသေမျိုးမိန်းကလေးကို ပြန်အသက်သွင်းဖို့အတွက် မရဏဘုံကိုခိုးဝင်ခဲ့တယ်။ နတ်ဘုရားတို့ရဲ့ဘုရင်မတောင် ဝင်ပြီးပြန်မထွက်လာနိုင်ခဲ့တဲ့ နေရာကိုပေါ့။

တစ်နေ့တော့ မရဏဘုံမှာ လှည့်လည်သွားလာနေရာကနေ သေခြင်းတရားကိုဆန့်ကျင်တဲ့ အငွေ့အသက်တွေကို ထုတ်လွှတ်နေတဲ့ သစ်ပင်တစ်ပင်ကို ရှာတွေ့ခဲ့တယ်။ အဲဒီအငွေ့အသက်တွေက ထာဝရရှင်သန်မှုကိုမပေးသလို အသက်ကိုလည်းမရှည်စေပါဘူး။ အဲဒီအစား သက်ရှိတွေကို သေမင်းလာမခေါ်နိုင်အောင် ဟန့်တားပေးရုံပါပဲ။

နတ်ဘုရားက ဒီသစ်ပင်ကိုခုတ်လှဲနိုင်ရင် သေခြင်းတရားကိုဆန့်ကျင်ပြီး သူ့ချစ်သူကို အသက်သွင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့တယ်။ သူ့လက်ထဲမှာ ပုဆိန်တစ်လက်ကိုဖန်တီးပြီး မသေသစ်ပင်ကို ခုတ်လှဲဖို့ကြိုးစားခဲ့တယ်။ ဒါပေမဲ့ မျက်စိရှေ့မှာမြင်နေရတဲ့သစ်ပင်ဟာ သစ်ပင်မဟုတ်မှန်းတော့ သူမသိခဲ့ပါဘူး။

သူသစ်ပင်ကို ခုတ်လှဲဖို့ကြိုးစားတဲ့အချိန်မှာပဲ မရဏဘုံရဲ့မြေပြင်ဟာ လှုပ်ခါသွားခဲ့ပြီး ကမ္ဘာတစ်ခုလုံးကို ရစ်ပတ်ထားနိုင်တဲ့ မြွေနဂါးမိစ္ဆာကြီး မရဏဘုံအခင်းကြမ်းပြင်ကနေ နိုးထလာတာ သူမြင်ခဲ့ရတယ်။

“ငါ့ခန္ဓာကိုယ်ပေါ်က အမွှေးအမျှင်တွေကို ခုတ်ဖို့ကြိုးစားတာ အသင်လား။” မြွေနဂါးကြီးက အဖြူရောင်နတ်ဘုရားကို မေးခဲ့တယ်။ လူသားတွေအဖို့ မြင်းမိုရ်တောင်သဖွယ်မြင့်မားလှတဲ့ လေလွင့်နတ်ဘုရားဟာ မြွေနဂါးကြီးရဲ့ရှေ့မှာ ပုရွက်ဆိတ်သာသာပဲရှိပါတော့တယ်။ မြွေနဂါးကြီးဆီကနေ ထွက်ပေါ်နေတဲ့ ဆိုးယုတ်ခြင်းစွမ်းအင်တွေက သက်ရှိအပေါင်းကို ရှင်သန်နေရာကနေ သေခြင်းနဲ့ရှင်ခြင်းကြားမှာရှိနေတဲ့ သတ္တဝါတစ်မျိုးအဖြစ်ကို ချက်ချင်းပြောင်းပစ်နိုင်တဲ့အထိ စွမ်းအားကြီးတယ်။

“အသင်မြွေနဂါးမင်း၊ သေဆုံးသွားတဲ့ ကျုပ်ချစ်သူကို ပြန်အသက်သွင်းပေးနိုင်မလား။” နတ်ဘုရားဟာ အံ့ဩသွားပေမဲ့ သူလိုချင်တဲ့ကိစ္စကို တောင်းဆိုခဲ့တယ်။ ခန္ဓာကိုယ်က အမွှေးအမျှင်တွေကို အခုတ်ခံရမလို ဖြစ်သွားတဲ့အပြင် မဖြစ်နိုင်တဲ့ကိစ္စတစ်ခုကိုပါ တောင်းဆိုခံခဲ့ရတဲ့အတွက် မြွေမိစ္ဆာကြီးဟာ အဖြူရောင်နတ်ဘုရားကို ဒေါသထွက်သွားခဲ့ပါပြီ။ ဒါပေမဲ့နတ်ဘုရားတစ်ပါးကို မစော်ကားချင်တာကြောင့် နဂါးကြီးက စိတ်ကိုထိန်းရင်း ပြောလိုက်တယ်။

“အသင်၊ အသင်က နတ်ဘုရားမဟုတ်လော။ သေခြင်းက သက်ရှိအားလုံး၏အဆုံးသတ်ဖြစ်ပေသည်။ နတ်ဒေဝါများပင် မလွတ်မြောက်နိုင်၊ ဤလောကစည်းမျဥ်းကို ကျွနုပ်အဘယ်သို့ ချိုးဖောက်နိုင်မည်နည်း။”

မြွေနဂါးကြီးက သဘာဝနိယာမတွေအကြောင်းကိုပြောပြီး နတ်ဘုရားကိုနားချပေမဲ့ နတ်ဘုရားကတော့ နားမဝင်ခဲ့ပါဘူး။ အဲဒီအစား မြွေနဂါးကို လက်ညိုးကောက်ကောက်ထိုးပြီး မာန်မဲပါတော့တယ်။

“အသင်၊ အသင်က နတ်ဘုရားတို့ထက် အသက်ရှည်စွာ တည်ရှိပြီးမဟုတ်လား။ အသင်ဟာ နတ်ဘုရားတို့ရဲ့ပထမခေတ်ကတည်းက ရှင်သန်သွားလာခဲ့သူမဟုတ်ပါလား။ အသင်ဟာ သတ်လို့လည်းမသေ၊ အသက်ကြီးလို့လည်းမသေတဲ့ သက်ရှိဖြစ်ပါလျက် နိယာမအကြောင်းကို ပြော၍ကျွနုပ်ကိုအဘယ်ကြောင့် ငြင်းရသနည်း။”

မြွေနဂါးလည်း ကျိုးကြောင်းဆင်ခြင်မှုမရှိတဲ့ လေလွင့်နတ်ဘုရားကြောင့် ဒေါသနဲ့ စတင်တိုက်ခိုက်တော့တယ်။ သူတို့နှစ်ယောက်ရဲ့တိုက်ပွဲက မရဏဘုံတစ်ခုလုံးကို တုန်ခါစေပြီး ပြိုကျလုမတတ်ဖြစ်စေခဲ့တယ်။ တိုက်ပွဲကြီးက ရာစုနှစ်ပေါင်းများစွာကြာခဲ့တာပေါ့။

မြွေနဂါးကြီးက စွမ်းအားကြီးပေမဲ့ နတ်ဘုရားတစ်ပါးကို မသတ်ရဲခဲ့ဘူး။ ကောင်းကင်ဘုံကသိရင် သူ့ကိုအမျက်တော်ထွက်လိမ့်မယ်။ ကောင်းကင်ဘုံက သူ့ကိုဖျက်ဆီးဖို့အမိန့်တော်ချခဲ့ရင် သေဆုံးခြင်းကိုရှောင်ပြီး မရဏဘုံမှာလာပုန်းနေတဲ့ သူ့ဘဝကြီးကပ်ဘေးတွေနဲ့ ပြည့်နှက်သွားလိမ့်မယ်။

လေလွင့်နတ်ဘုရားကလည်း ခေါင်းမာမာနဲ့ခုခံနေပေမဲ့ မြွေနဂါးကြီးဟာ နတ်စစ်သူကြီးအများစုထက်တောင် စွမ်းအားကြီးနေတာကြောင့် စစ်ပြေငြိမ်းဖို့ ဆုံးဖြတ်ခဲ့တယ်။ လေလွင့်နတ်ဘုရားက ကိုယ်တိုင်ဖျော်စပ်ဖန်တီးထားတဲ့ နတ်ဘုရားသေရည်ကို မြွေနဂါးကြီးဆီကမ်းလှမ်းပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်ခဲ့တယ်။

မြွေနဂါးကြီးကလည်း ကောင်းကင်ဘုံကို ရန်မစရဲတဲ့အတွက် သေရည်ကိုလက်ခံပြီးသောက်ခဲ့တယ်။ ဒါပေမဲ့ လေလွင့်နတ်ဘုရားက သေရည်ကိုအပိုင်စိုးရသူလေ။ သူက သေရည်ထဲမှာ အရောင်အနံအရသာမရှိတဲ့ အဆိပ်တစ်မျိုးကိုထည့်ခဲ့ပြီး မြွေနဂါးကြီးကိုအိပ်ပျော်အောင် လုပ်ခဲ့တယ်။ အဲဒီနောက်တော့ မြွေနဂါးကြီးရဲ့နှလုံးကိုထိုးဖောက်ပြီး သူ့ချစ်သူရဲ့ခန္ဓာကိုယ်ထဲ ထည့်ပေးခဲ့တယ်။ မြွေနဂါးကြီးက သေဆုံးသွားခဲ့ပေမဲ့ စွမ်းအားတွေရဲ့အမြုအတေဖြစ်တဲ့ မြွေနဂါးကြီးရဲ့နှလုံးကတော့ မသေဆုံးခဲ့ဘဲ မိန်းကလေးရဲ့ခန္ဓာကိုယ်ထဲမှာ ဆက်ခုန်နေခဲ့တယ်။

မိန်းကလေးက ပြန်အသက်ရှင်လာပေမဲ့ လေလွင့်နတ်ဘုရားကို ကျေးဇူးမတင်ခဲ့ဘူး။ သူ့ရဲ့ထာဝရအိပ်စက်ခြင်းကို နှိုးခဲ့တဲ့အတွက် သဘောမကျဘူး။ သူ့ခန္ဓာကိုယ်ကို သေခြင်းနဲ့ရှင်ခြင်းကြားက နေရာတစ်ခုဆီတွန်းပို့ခဲ့ပြီး လူသားမဟုတ်၊ မိစ္ဆာမဟုတ် ဖြစ်တည်မှုအဖြစ်ကို ပြောင်းစေခဲ့တဲ့အတွက် မကျေနပ်ခဲ့ဘူး။ ဒီလိုနဲ့မြွေနဂါးရဲ့အငြိုးအတေးတွေနဲ့ ဆိုးယုတ်ခြင်းအငွေ့အသက်တွေက မိန်းကလေးကို ဖုံးလွှမ်းသွားခဲ့ပြီး တိုက်ပွဲတစ်ခုအတွင်းမှာ အဖြူရောင်လေလွင့်နတ်ဘုရားကို သတ်ဖြတ်လက်စားချေခဲ့တယ်။

လေလွင့်နတ်ဘုရားရဲ့နတ်ဘုရားဝိညာဥ် ကွဲကြေသွားပြီးတဲ့နောက်မှ မိန်းကလေးဟာ နောင်တရခဲ့တယ်။ အတိတ်က ပျော်ရွှင်ခဲ့တဲ့မှတ်ဉာဏ်တွေကို ပြန်တမ်းတရင်း ကိုယ့်ကိုယ်ကိုယ်ခွင့်မလွှတ်နိုင်ခဲ့ဘူး။ ဒီလိုနဲ့ မိန်းကလေးက မိမိကိုယ်ကိုယ်အဆုံးသတ်ဖို့ ကြိုးစားခဲ့တာပေါ့။

ဒါပေမဲ့ မြွေနဂါးရဲ့ဝိညာဥ်က ခွင့်မပြုခဲ့ဘူး။ မိန်းကလေးက သေခြင်းတရားဆီကို ပြန်မရောက်နိုင်တဲ့ သတ္တဝါဖြစ်နေခဲ့ပြီ။ ဒါကြောင့် အဲဒီမိန်းကလေးက သူ့ရဲ့ပူဆွေးမှုတွေ ပျောက်ကွယ်သွားစေဖို့ မိမိကိုယ်ကိုယ် အစိတ်အပိုင်းပေါင်းများစွာ ဖြန့်ခွဲပစ်ခဲ့ပြီး ထာဝရအိပ်စက်အနားယူဖို့ ဆုံးဖြတ်ခဲ့တယ်။

အနီရောင်နတ်ဘုရားဆိုတဲ့ တခြားနတ်ဘုရားတစ်ပါးက အဲဒီအစိတ်အပိုင်းတွေကို ပြန်စုစည်းပြီး ချစ်ရသူကို အသက်သွင်းဖို့အတွက် ထပ်မကြိုးစားခင်အထိပေါ့။

....

“သတ်လို့မသေနိုင်တဲ့အရာတစ်ခုကို မင်းက ဘယ်လိုအနိုင်ယူမှာလဲ။ သေလိုက်တော့ Silver Knight”

ကောင်းကင်ကြီးတစ်ခုလုံးကို ရေဂင်ရဲ့အသံကျယ်ကြီးက ဖုံးလွှမ်းနေတယ်။ အခုရေဂင်ရဲ့အရွယ်အစားက မီတာသုံးရာလုံးပတ်လောက်ရှိနေပြီး လေးကီလိုမီတာလောက်ရှည်တယ်။ အင်မတန်ကြီးမားပေမဲ့ လျင်မြန်လွန်းပြီး ကျားဖြူစစ်သည်တော်ကို ဆက်တိုက်ဖိအားပေးနေတယ်။ ကျားဖြူရဲ့ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတွေပိုတိုးလာပေမဲ့ မက်ဒါနာရဲ့တိုက်ခိုက်ချင်စိတ်က လျော့ပါးမလာဘဲ ပိုပိုပြီးတိုးလာနေတယ်။

“ဒါပေမဲ့... ငါက ပြိုင်ဘက်ကင်းကွ။” ကျားဖြူစစ်သည်က ဟိန်းဟောက်လိုက်တယ်။ သူ့မျက်လုံးတွေ အဖြူရောင်ပြောင်းသွားပြီး မိုးကြိုးလျှပ်စီးတွေက သူ့ခန္ဓာကိုယ်ကိုဝိုင်းရံကာ မိုးကောင်းကင်ပေါ်ကို မိုးကြိုးလျှပ်စီးတိုင်ကြီးအဖြစ် ထိုးတက်သွားတယ်။ ကောင်းကင်ပေါ်မှာတော့ မိုးသားတိမ်တိုက်တွေက နယ်မြေတစ်ခုအဖြစ်စုစည်းလာပြီး ဧရာမကျားဖြူပုံရိပ်ကြီး ထွက်ပေါ်လာတယ်။

“ငါက မရှုံးနိမ့်နိုင်ဘူး၊ နင့်ကို အပိုင်းပိုင်းဖြတ်ပြမယ်။” မက်ဒါနာက သူ့ခေါင်းထဲမှာ ဒီတိုက်ပွဲကို ရှုံးနိမ့်လို့မဖြစ်ဘူးလို့ စတွေးမိလာတယ်။ လီဆာဆီကနေ နဂါးသွေးကြောကိုရမှ ဖရန့်ကိုကယ်နိုင်မယ်။ ဒီလိုမှမဟုတ်ရင် ပိုးကောင်တွေနဲ့စစ်ပွဲမှာ လူသားတွေထာဝရရှုံးနိမ့်သွားလိမ့်မယ်။ ပြီးတော့ ရေဂင်က သူ့ကိုဖက်ယှဥ်နိုင်နေပြီး သူ့ကိုဖိအားပေးနေတဲ့အတွက် သူ့ရဲ့သည်းခံနိုင်စိတ်က ကုန်ဆုံးခါနီးနေပြီ။

“ငါ့လမ်းမှာပိတ်သမျှ လူတိုင်းကို ငါသတ်ပစ်မယ်။”

မက်ဒါနာရဲ့ခန္ဓာကိုယ်ထဲကို ထူးခြားတဲ့စွမ်းအင်တစ်မျိုး စတင်စီးဆင်းလာတယ်။ သူ့ရဲ့မျက်လုံးအစစ်တွေကိုပါ ငွေရောင်စွမ်းအင်က လွှမ်းမိုးသွားပြီး တစ်ကိုယ်လုံးက ကြွက်သားတွေ ပိုမိုတောင့်တင်းကြီးထွားလာပါတယ်။ သူအခုခံစားနေရတဲ့စွမ်းအားတွေက ဖီးနစ်ရဲ့မျက်ရည်စက်ကို အသုံးပြုတုန်းက ထွက်ပေါ်လာတဲ့ စွမ်းအားနဲ့ အဆင့်တူပါပဲ။

“ဟမ်၊ ဒီတော့ ကျားဖြူမှာလည်း ဒီလိုစွမ်းအားမျိုးရှိတယ်ပေါ့။”

[Magnificent Skill: Lei Shou Bai Hu]

ကောင်းကင်ပေါ်မှာရှိနေတဲ့ မိုးကြိုးစွမ်းအင်တွေက အစောပိုင်းကပေါ်လာတဲ့ ကျားဖြူပုံရိပ်ကြီးကို စပြီးစွမ်းအားတွေထောက်ပံပေးတယ်။ ကျားဖြူကြီးက ပုံရိပ်ကနေပြီး တစ်စတစ်စအကောင်အထည်ပေါ်လာပြီး တကယ်ရှိတဲ့သတ္တဝါတစ်ကောင်အဖြစ်ပြောင်းသွားတယ်။ ကျားဖြူကလည်း မီတာသုံးရာလောက်မြင့်ပြီး မြွေနဂါးကြီးနဲ့တန်းတူကြီးမားပါတယ်။

ဝေါင်း....

ကျားဖြူက တစ်ချက်ဟိန်းဟောက်လိုက်ပြီး သူ့လက်ဖဝါးကြီးနဲ့မြွေနဂါးရဲ့ခေါင်းကို ဖမ်းကိုင်လိုက်တယ်။ မြွေနဂါးကြီးက ရုန်းထွက်ဖို့လုပ်နေပေမဲ့ မိုးကြိုးစွမ်းအားတွေက ဆက်တိုက်ဖိအားပေးနေတဲ့အတွက် လှုပ်ရှားလို့မရဖြစ်နေပါပြီ။ အဲဒီအချိန်မှာပဲ ကျားဖြူစစ်သည်က ဓားကိုလက်နှစ်ဖက်နဲ့ဆုပ်ကိုင် ခြေထောက်နှစ်ဖက်ကို စနစ်တကျပြင်ရပ်ပြီး စပြေးတယ်။

“ငါနင့်ကို မသတ်နိုင်ဘူးဆိုတာမယုံဘူး၊ ငါက ပြိုင်ဖက်ကင်းတဲ့ ဟီးရိုးပဲ။”

မက်ဒါနာက ပြောလိုက်တယ်။ လေသံက မာကျောခက်ထန်နေပြီး ဘဝင်အပြည့်နဲ့ပါ။ ကျောနောက်က တောင်ပံတွေကို လျှပ်စီးစွမ်းအားတွေ စတင်အားဖြည့်ပေးနေပြီး ကျားဖြူစစ်သည်ရဲ့အမြန်နှုန်းက မဖြစ်နိုင်လုနီးပါးအထိ မြင့်တက်လာတယ်။

အသံမြန်နှုန်းရဲ့လေးဆ၊ ရှစ်ဆ၊ ဆယ့်နှစ်ဆ....

နောက်ဆုံးမြန်ဆန်းလွန်းလို့ မနီးမဝေးကနေ ကြည့်နေတဲ့ အေမီတောင် မက်ဒါနာကို ငွေရောင်အလင်းတစ်ခုအဖြစ်ပဲ မြင်ရတော့တဲ့အထိပဲ။

“မမလေး၊ အဲဒီစွမ်းအားက...” အေမီက သူ့ဘာသာရေရွတ်လိုက်ပြီးနောက် သဘောပေါက်သွားဟန်နဲ့ ဆက်မပြောတော့ဘူး။ အဲဒီအစား ရှေ့က ပိုးကောင်တွေကိုပဲ ပြန်ဂရုစိုက်လိုက်တယ်။ အခုသူက လီဆာကိုကယ်ဖို့ သိပ်ကိုနီးစပ်နေပြီဖြစ်ပြီး လီဆာရဲ့လှောင်ချိုင့်ရှိတဲ့ တောင်ကုန်းပေါ်ကိုရောက်ဖို့ ခြေလှမ်းအနည်းငယ်ပဲ လိုပါတော့တယ်။

....

ဘုန်း... ဘုန်း... ဘုန်း....

ကျားဖြူစစ်သည်ထဲမှာရှိနေတဲ့ မက်ဒါနာဟာ သူ့အနားက အရာဝတ္ထုအားလုံး နှေးကျသွားပြီး အသံတွေတိတ်သွားတာကို ခံစားမိတယ်။ သူ့လက်ထဲကဓားက လေးကီလိုမီတာရှည်တဲ့ မြွေကြိးကိုပိုင်းဖြတ်နေပေမဲ့ မြွေကြီးရဲ့အရေခွံပွင့်လာပြီး သွေးစက်တွေထွက်လာတာကို အနှေးကွက်နဲ့ပြသလိုမြင်နေရတယ်။

ဝတ်စုံဒိုင်ခွက်မှာဖော်ပြနေတဲ့ အံမခန်းမြန်နှုန်းကို ကြည့်လိုက်မိတယ်။ အခုသူ့မြန်နှုန်းက အသံမြန်နှုန်းရဲ့သုံးဆယ့်နှစ်ဆ။ သုံးဆယ့်သုံးဆအထိတက်သွားတော့မလို ဖြစ်ခဲ့ပေမဲ့ ထက်မမြန်တော့ဘဲ မြန်နှုန်းက မြန်မြန်ဆန်ဆန်ပဲ ထိုးကျလာတယ်။ ဒီအမြန်နှုန်းက ကမ္ဘာကိုတစ်နာရီအတွင်းအပြီးပတ်နိုင်တဲ့ အမြန်နှုန်းပါ။

တစ်ပြိုင်နက်တည်းမှာပဲ သူ့ခန္ဓာကိုယ်အရိုးတွေ ကြေမွလာတာကို ခံစားမိတယ်။ ဒီအမြန်နှုန်းက လူသားခန္ဓာကိုယ်က ခံနိုင်တဲ့နောက်ဆုံးအကန့်အသတ်မြန်နှုန်းထက် သုံးဆနီးပါးမြန်ဆန်တယ်။ တစ်နည်းအားဖြင့် အရှိန်ကုန်သွားလို့ အီနားရှားသက်ရောက်တာနဲ့ သူ့ခန္ဓာကိုယ်က တစ်စစီကြေမွပြီး သေဆုံးတော့မှာ။

[Booster Form: Phoenix Master]

ကျားဖြူစစ်သည်က နောက်ဆုံးအခိုက်အတန့်လေးမှာတင် သူ့ကိုယ်သူဖီးနစ်စစ်သည်အဖြစ် ပြောင်းပစ်လိုက်တယ်။ တစ်ပြိုင်နက်တည်းမှာပဲ အရှိန်ကုန်သွားပြီး ဖီးနစ်စစ်သည်ရဲ့ခန္ဓာကိုယ်က တောင်တစ်တောင်နဲ့ဝင်တိုက်မိတယ်။ ပတ်ဝန်းကျင်တစ်ခုလုံးကို အမြန်နှုန်းကြောင့်ဖြစ်တည်လာတဲ့ လေထုပေါက်ကွဲမှုကြီးက လွှမ်းခြုံသွားပြီး သစ်ပင်တွေအပြင် တောင်တန်းတွေပေါ်က ကျောက်တုံးကျောက်ခဲတွေက တစ်စစီပေါက်ကွဲပျက်စီးကုန်ပါတယ်။ နျူကလီးယားဗုံးတစ်လုံး နေရာမှာပေါက်ကွဲသွားသလိုပဲ။

“ဝေါ့....”

ဖီးနစ်ပုံစံဖြစ်နေတဲ့ မက်ဒါနာက သူနစ်ဝင်သွားတဲ့ တောင်တန်းထဲက ထွက်လာပြီးတဲ့နောက် လေးဖက်ထောက်ကျသွားပြီး သွေးတွေအန်ထုတ်လိုက်တယ်။ ဖီးနစ်က သူ့သက်တမ်းကိုလဲလည်ယူပြီး ဒဏ်ရာအများစုကို ကုသပေးလိုက်ပေမဲ့ ဆိုးဝါးတဲ့နာကျင်မှုကို ခံစားနေရတုန်းပဲ။ ဖီးနစ်သာမရှိရင် သူသေသွားလောက်တယ်။ အခုအထိ ကျိုးနေတဲ့အရိုးတွေ ပြန်မဆက်သေးတာ သူခံစားမိတယ်။

မက်ဒါနာက ဖီးနစ်စစ်သည်ကို ပယ်ဖျက်ပြီး သူ့ရှေ့ကိုကြည့်လိုက်တော့ သူတို့တိုက်ပွဲဖြစ်ခဲ့တဲ့နေရာမှာ တစ်ကီလိုမီတာလောက်အကျယ်ရှိတဲ့ မီးတောင်ဝလိုချိုင့်ကြီးက နေရာယူနေတာ တွေ့လိုက်ရတယ်။ ချိုင့်ကြီးထဲမှာ နှစ်ရာချီကတည်းက ရှိခဲ့ပုံပေါ်တဲ့ နှစ်ချို့သစ်ပင်ကြီးတစ်ပင်သာ မပျက်စီးပဲ ကျန်နေရစ်ပါတယ်။ ထောင့်တစ်နေရာမှာတော့ ရေဂင်ရဲ့ခန္ဓာကိုယ်တစ်ပိုင်းရှိနေပြီး နေရာတိုင်းမှာပြန့်ကျဲနေတဲ့ သူ့ခန္ဓာကိုယ်အပိုင်းအစတွေက သူ့ရှေ့မှာပြန်လာစုစည်းတယ်။

သူက ရေဂင်ကိုသတ်ဖို့ သွားချင်ပေမဲ့ ငွေရောင်စစ်သည်ဝတ်စုံက အငွေ့တထောင်းထောင်းထွက်နေပြီး ထိခိုက်မှုများလွန်းတာကြောင့် ဆက်မလှုပ်ရှားနိုင်တော့တာ တွေ့လိုက်ရတယ်။ Void Stream စနစ်ခြောက်ဆယ်ရာခိုင်နှုန်းလောက် ပျက်စီးသွားပြီး ပြေးဖို့တောင်မဖြစိနိုင်တော့ဘူး။

“Silver Knight... မင်းငါ့ကိုသတ်ဖို့ ကျရှုံးခဲ့တယ်။

ငါပြောပြီးသား၊ ငါက မသေမျိုးဖြစ်သွားပြီ။ ငါက မင်းမသေမချင်း မင်းနောက်ကနေ အရိပ်လိုလိုက်ပြီး ခြောက်လှန့်နေတော့မှာ။”

အင်္ဂါပြန်စုံသွားတဲ့ရေဂင်က ပြန်ထရပ်လိုက်ပြီးပြောတယ်။ နည်းပညာဝတ်စုံကတော့ ကိုယ်ပေါ်မှာမရှိတော့ဘူး။ အဲဒီအစား သူ့ရဲ့ဗလာကျင်းနေတဲ့ ကိုယ်အပေါ်ပိုင်းကိုပဲ မြင်နေရတယ်။ ဖုတ်ကောင်နဲ့ပိုးကောင် တစ်ပိုင်းတစ်ပိုင်းဖြစ်နေတဲ့ ရေဂင်ရဲ့ပုံစံက ကြည့်ရအလွန်ဆိုးဝါးတယ်။

“Silver Knight... မင်းမှာတိုက်ခိုက်နိုင်စွမ်းမရှိတော့ဘူးမဟုတ်လား။ မင်းအသက်ကိုဆက်ဖို့အတွက် ထပ်ပြီးသက်တမ်းဆယ်နှစ် သုံးလိုက်ရပြန်ပြီမဟုတ်လား။”

ငွေရောင်စစ်သည်က ဘာမှမဖြစ်သလိုမျိုး ဓားကိုဆုပ်ကိုင်ပြီးရပ်နေပေမဲ့ လေးလံတဲ့ခြေလှမ်းတွေနဲ့အတူ ရှေ့ကိုတိုးလာနေတဲ့ ရေဂင်ရဲ့မေးခွန်းကြောင့် တစ်ကိုယ်လုံးတုန်ခါသွားတယ်။

သူ့ဒဏ်ရာတွေကို ကုသဖို့အတွက် သူတကယ်ပဲဆယ်နှစ်သက်တမ်းကို ထပ်သုံးခဲ့ရတယ်။ အခုသူ့ပုံစံက အသက်သုံးဆယ်နောက်ပိုင်း အမျိုးသမီးတစ်ယောက်လိုမျိုးဖြစ်နေပြီ။ ဒါပေမဲ့ သူမကြောက်ပါဘူး။

“ရေဂင်၊ နင့်ရဲ့မြွေနဂါးပုံစံကလည်း ငါ့ရဲ့ပုံစံတွေနဲ့ အတူတူပဲမဟုတ်လား။ နင်လည်း အဲဒီပုံစံကိုသုံးဖို့ ပိုးကောင်တွေရဲ့အသက်စွမ်းအင်ကို သုံးခဲ့တာမဟုတ်လား။ ကြည့်ရတာ နင့်မှာလည်း ဘာစွမ်းအားမှမကျန်တော့တဲ့ပုံစံပဲ။”

ဟုတ်တယ်၊ ရေဂင်ရဲ့အခြေအနေက မက်ဒါနာထက် မသာပါဘူး။ သူကိုယ်တိုင်လည်း ကျားဖြူရဲ့စွမ်းအားကြောင့် အကြီးအကျယ်ထိခိုက်သွားပြီး ဆက်မတိုက်နိုင်တော့ဘူး။ ဒါပေမဲ့ ရေဂင်က ရှိသမျှစွမ်းအားတွေ စုစည်းလိုက်ပြီး သူ့အရိပ်ထဲကနေ လက်ကြီးတစ်ဖက်ထွက်လာအောင်လုပ်တယ်။ ဒါပေမဲ့ အဲဒီလက်က ဝေဝါးနေပြီး စွမ်းအားကြီးပုံမပေါ်ဘူး။

“ဒါပေမဲ့ နင့်ကိုသတ်နိုင်သေးတယ်ကွ။” ရေဂင်က အဲဒီလက်ကိုဆန့်ထုတ်ပြီး မက်ဒါနာကိုတိုက်ဖို့လုပ်တယ်။ မျှော်လင့်မထားတာက သူ့နောက်မှာရှိနေတဲ့ သစ်ပင်က လှုပ်ရှားလာပြီး သစ်ကိုင်းနှစ်ကိုင်းက ရေဂင်ရဲ့နှလုံးနှစ်ခုလုံးကို ထိုးဖောက်သွားတာပဲ။

“ဝေါ့... ဘာ.... မဖြစ်နိုင်တာ...” ရေဂင်က နောက်ကိိိုထိတ်လန့်တကြား လှည့်ကြည့်လိုက်တယ်။ သစ်ပင်လို့သူထင်ခဲ့တဲ့အရာက တဖြည်းဖြည်းလှုပ်ရှားလာပြီး သစ်ကိုင်းပိုးကောင်အဖြစ်ကို ပြောင်းလဲသွားတယ်။ ပိုးကောင်ပေါ်မှာတော့ ဆံပင်အနက်နဲ့မိန်းမလှလေးရှိနေပြီး သူ့ကိုပြုံးကာ ကြည့်နေပါတယ်။

“မစ်ရှင် အောင်မြင်သွားပြီ။” အိုလီရဲ့စကားဆုံးတဲ့နောက်တော့ ရေဂင်က ဒူးထောက်လဲကျသွားပြီး အသက်ပျောက်သွားတော့တယ်။ ဂျက်စပါရဲ့လက်ထဲမှာတော့ ရေဂင့်ရင်ဘတ်ထဲမှာရှိနေခဲ့တဲ့ ယာမီရဲ့နှလုံးသားကို ကိုင်ထားတယ်။ နှလုံးသားက ပိုးကောင်ဗိုလ်ချုပ်တစ်ယောက်ရဲ့လက်တံနဲ့ ထိုးဖောက်ခံထားရပေမဲ့ ခုန်နေဆဲပါ။

“အိုလီ၊ ဒီနှလုံးကို ဘာလုပ်ရမှာလဲ။” ဂျက်စပါက မေးတော့ အိုလီက နှလုံးသားကိုကြည့်ပြီး တွေးလိုက်တယ်။

“အင်း၊ ဘာရွန်ဆီယူသွားပေးရင်တော့ သဘောကျလိမ့်မယ်ထင်တယ်။” ဂျက်စပါက ခေါင်းညိတ်လိုက်ပြီးတဲ့နောက် မက်ဒါနာကို လက်ညိုးထိုးပြတယ်။

“သူ့ကိုရော သတ်ရမလား။”

မက်ဒါနာက ဓားကိုကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်တယ်။ ဖီးနစ်ကိုနောက်တစ်ကြိမ်သုံးပြီး သူတို့ကိုတိုက်ထုတ်ရမယ်ဆိုရင်လည်း ဝန်မလေးဘူး။ ဒါပေမဲ့ သူဘာမှမလုပ်ရသေးခင်မှာပဲ လူရိပ်တစ်ခုက ဂျက်စပါကို ပြေးဝင်တိုက်ခိုက်ပြီး နဂါးနှလုံးကို လုယူတယ်။ ဂျက်စပါက ပြန်တိုက်ဖို့လုပ်ပေမဲ့ အဲဒီလူရိပ်က အတောင်ကိုခတ်လိုက်ပြီး မုန်တိုင်းတစ်ခုကို ဖန်တီးလိုက်တာကြောင့် အိုလီရောဂျက်စပါပါ နောက်ဆုတ်သွားရပါတယ်။ နောက်တော့ လူရိပ်က လေပေါ်ကနေဆင်းပြီး မက်ဒါနာရှေ့မှာ ရပ်လိုက်တယ်။

တခြားအရိပ်နှစ်ခုကလည်း မက်ဒါနာရှေ့ကိုရောက်လာပြီး ကာကွယ်ပေးလိုက်ပါတယ်။

“မမလေး...”

ဝုတ်... ဝုတ်....

နောက်မှဝင်လာတဲ့ လူရိပ်နှစ်ရိပ်က အေမီနဲ့ခွေးနက်ကြီးစေဘာစတိန်းပါ။ လီဆာကိုကယ်ပေးပြီးတာနဲ့ မက်ဒါနာအခြေအနေမဟန်မှန်းသိလို့ ပြေးလာကြတာ။ လီဆာကတော့ သူ့လက်ထဲမှာ နှလုံးကိုကိုင်ထားရင်းကနေ မက်ဒါနာကိုပြောလိုက်တယ်။

“ယာမီရဲ့နှလုံးသားက ရန်သူလက်ထဲမှာရှိနေဖို့ အန္တရာယ်များလွန်းတယ်။”

မက်ဒါနာကလည်း ခေါင်းညိတ်လိုက်တယ်။ ယာမီရဲ့နှလုံးသား၊ တစ်နည်း မြွေမိစ္ဆာရဲ့ဝိညာဥ်က စောင့်ရှောက်သူတစ်ပါးမဟုတ်လို့ သူ့အတွက်မလိုအပ်ပေမဲ့ ဒီအတိုင်းထားဖို့အန္တရာယ်များတဲ့အရာတစ်ခုပါ။ ဒီနှလုံးနဲ့ပတ်သက်ပြီး ဘာလုပ်မယ်မဆုံးဖြတ်ရသေးခင် သူတို့သိမ်းထားသင့်ပါတယ်။

“ဂျက်စပါ၊ ပြန်ဆုတ်ရအောင်။ သူတို့ထဲက အယ်ဖာအဆင့်နှစ်ယောက်ကို တစ်ပြိုင်နက်တည်းစိန်ခေါ်တာ ကောင်းတဲ့ကိစ္စလို့မထင်ဘူး။”

အိုလီက ဂျက်စပါကိုပြောလိုက်တယ်။ ဂျက်စပါကလည်း ခေါင်းညိတ်လိုက်ပြီး နေရာကနေ နောက်ပြန်ခုန်ထွက်လိုက်တယ်။ အိုလီကလည်း မက်ဒါနာတို့အုပ်စုကို လက်ပြပြီး အတောင်ပံကိုဖွင့်ကာ နေရာကနေ ပျံသန်းထွက်ခွာတယ်။

“ပျစားပိုးနဲ့နောက်ထပ်ပိုးကောင်ဗိုလ်ချုပ်လား၊ ရီယိုဒီဂျနေးရိုးကတည်းက ငါတို့ကိုစောင့်ကြည့်နေတာ သူတို့ပေါ့။” မက်ဒါနာက သက်ပြင်းချရင်းနဲ့ ပြောလိုက်တယ်။

ဒီပိုးကောင်ဗိုလ်ချုပ်တွေက အသစ်တွေမလို့ သူတို့ကိုမတိုက်ချင်မှန်း မက်ဒါနာသိတယ်။ တကယ်လို့ တိုက်ပွဲဖြစ်လာရင်လည်း ပွဲပန်းနေတဲ့ မက်ဒါနာတို့အတွက် နိုင်ပွဲရမရ မသေချာတော့ပါဘူး။

All Chapters