သင်္ချိုင်းမြေ။
Vol. 11 Ch. 142
အကြီးအကဲနှစ်ဦးသည် သူတို့၏ ဆင်းရဲမွဲတေမှုအား ထုတ်ဖော်ကာ၊ လင်းယွန်ကို အရူးလုပ်ရန် ကြိုးစားခဲ့သော်လည်း၊ အဆုံးတွင် အားလျော့လိုက်ရလေသည်။
" မင်းတို့က ငါ့အသက်ကိုလိုချင်ရင် ဒီထက်ပို စုဆောင်းထားဖို့ လိုတယ် "
သွေးတိမ်ဂိုဏ်း၏ အကြီးအကဲများသည် အံကြိတ်ကာ လင်းယွန်ကို ပြုံးပြလိုက်သည်။ သူ၏ရင်တွင်း၌ လင်းယွန်၏သွေးကို သောက်ချင်နေခဲ့သော်လည်း၊ မျက်နှာပေါ်တွင် အပြုံးမပြတ်ခဲ့ပေ။
“ စိတ်ချပါ.... ငါက ငါ့ကတိတွေကို အလေးအနက်ထားတယ်၊ မင်းရဲ့ဂိုဏ်းသားတွေကို ငါ့ရှေ့မှာ ဆက်ပေါ်မလာသရွေ့ ငါမသတ်ပါဘူး........"
လင်းယွန်က ပြုံးလျက်ဆိုခဲ့သော်လည်း၊ ၎င်း၏အပြုံးသည် မည်မျှကောက်ကျစ်လှသည်ကို လူတိုင်း သတိထားမိသွား၏။ ဂိုဏ်းနှစ်ဂိုဏ်းထံမှ ဤမျှကြီးမားသော အရင်းအမြစ်များကို ထုတ်ယူပြီးနောက်တွင်ပင်၊ သူ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားစေရန်အထိ သွယ်ဝိုက်စွာ မောင်းထုတ်နေခဲ့ပြန်သည်။
“ မင်း......... ”
ရွှေမီးတောက်ဂိုဏ်း၏ အကြီးအကဲက လင်းယွန်ကို ဒေါသတကြီး လက်ညှိုးထိုးလိုက်သော်လည်း၊ မကြာသေးခင်အချိန်က အဖြစ်အပျက်များကို သတိရသွားကာ၊ သူ့စကားလုံးများကို ပြန်လည်မျိုချလိုက်၏။
"သွားကြရအောင်....."
ခဏချင်းမှာပင် ဂိုဏ်းနှစ်ဂိုဏ်းသည် ၎င်းတို့၏ခေါင်းများကိုငုံ့လျက်၊ လူအုပ်ကြီးအတွင်းမှ တိုးထွက်ပျောက်ကွယ်သွားကြသည်။
အပြာရောင်နေမင်းနိုင်ငံရှိ အာဏာရှင်ဂိုဏ်း နှစ်ဂိုဏ်းသည် ၎င်းတို့၏ ခြေထောက်များကြားတွင် အမြီးများကုပ်ကာ ပြေးလွှားရမည့်နေ့ တစ်နေ့ ရှိလာလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။
ထို့နောက်တွင်၊ လင်းယွန်က သူ့ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးကို ဝေ့ကြည့်လိုက်၏။
" မင်းတို့ တော်တော်များများကို ထိတ်လန့်သွားစေတဲ့အတွက် ငါတောင်းပန်ပါတယ် ..."
လင်းယွန်၏အကြည့်ကို လက်ခံရရှိသည့်သူတိုင်းမှာ မျက်နှာလွှဲလျက်၊ ချက်ချင်း ပြေးထွက်သွားကြသည်။
ထိုသူများနောက်ကျောအား လင်းယွန်၏ စိတ်ထဲတွင် ထူးဆန်းသော အတွေးတစ်စ ထွက်ပေါ်လာလေသည်။ ဤနေရာရှိသူတိုင်းတွင် လျှို့ဝှက်နယ်မြေအတွင်း၌ အဖိုးတန်ရတနာအချို့ကို ရိတ်သိမ်းထားရှိကောင်း ရှိ နိုင်ပေမည်။
( နေဦး .... ငါဘာတွေတွေးနေမိတာလဲ၊ ငါ့ကိုယ်ငါ တကယ်ပဲ ဓားပြတစ်ယောက်လို့ ထင်နေတာလား။)
လင်းယွန်က သူ့စိတ်ကိုရှင်းထုတ်ဖို့ရန် ခေါင်းခါယမ်းလိုက်၏။ သူ့ထံ၌ ရှန်ရှင်းဆေးလုံးပေါင်း(၂၀,၀၀၀) နီးပါးရရှိထားပြီ ဖြစ်ရာ၊ အိုင်ရစ်ဓားသုတ္တန်ကို တတိယအဆင့်သို့တိုင် ရောက်ရှိနိုင်ရန် ဤအရာသည် လုံလောက်သင့်ပေသည်။ လင်းယွန်သည် စိတ်ထဲ၌ တွေးတောနေသော်လည်း ထိုအတွေးကို သူ မယုံကြည်ရဲပေ။
အိုင်းရစ်ဓားသုတ္တန်၏ အရင်းအမြစ် လိုအပ်ချက်များသည် ကြောက်စရာကောင်းလှပြီး၊ သူ့အား တုန်လှုပ်မိစေသည်။
" လင်းယွန် ..."
ရုတ်တရက် ရင်းနှီးသောခေါ်သံနှင့်အတူ မင်ယီသည် လူရိပ်အချို့အား ဦးဆောင်လျှက်ပြေးလွှားရောက်ရှိလာသည်ကြောင့်၊ လင်းယွန်က အံသြသွားသည်။
“ ဂိုဏ်းနှစ်ဂိုဏ်းက မင်းကို ပိတ်ဆို့ထားတယ်လို့ ကြားကြားချင်း ရောက်အောင်လာခဲ့တာပဲ၊ မင်းအပေါ် ငါ့ရဲ အကြွေးတစ်ခုထားဖို့ ရည်ရွယ်ထားပေမယ့်၊ မင်းက ကိုယ်တိုင်ဖြေရှင်းနိုင်လိမ့်မယ်လို့ ငါမမျှော်လင့်ထားမိဘူး၊ အခုတော့ အပြာရောင်နေမင်း နိုင်ငံရဲ့ အာဏာရှင်ဂိုဏ်း နှစ်ဂိုဏ်းကိုတောင် ရိုက်နှက်လုယူနိုင်တဲ့အထိ မင်းကသန်မာလာပြီပဲ......''
မင်ယီသည် သူ့မျက်လုံးများတွင် ထိတ်လန့်မှုကို ဖုံးကွယ်မထားခဲ့ပဲ ပြုံးလိုက်သည်။ ယခုအချိန်၌ သူသည် မည်မျှညာဏ်ကြီးမားခဲ့ကြောင်း သိရှိလိုက်ရသည်။ အကယ်၍သာ ဤနတ်ဆိုးအား အပြစ်ပြုမိသည်အထိ ဘက်ပြိုင်မိုက်မဲမိပါက၊ ယနေ့အရှက်ခွဲခံရသောဂိုဏ်းများ စာရင်းတွင် သက်တံရောင်နန်းဆောင်ဂိုဏ်းသည်လည်း အပါအဝင်ဖြစ်လာနိူင်မည်မှာ ဧကန်မုချပင်။
မင်ယီ၏ဘေးရှိ မီးခိုးရောင်ဝတ် အကြီးအကဲက လင်းယွန်ကို လေးလေးနက်နက်စိုက်ကြည့်နေခဲ့သည်။
"မင်းရဲ့စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ်"
လင်းယွန်က ဝတ်ရုံစအား ဝှေ့ယမ်းလိုက်ကာ တုန့်ပြန်လိုက်၏။ မင်ယီ၏ အကြံအစည်သည် မည်သို့ပင်ဆိုစေကာမူ၊ ၎င်းလုပ်ရပ်သည် လင်းယွန်အား အနှောက်အယှက်မဖြစ်ခဲ့ပေ။ ပွင့်ပွင့်လင်းလင်းဆိုရသော် သူ့၌မှော်ရတနာသာမရှိပါလျှင်၊ မင်းယီ၏အကူအညီကို တကယ်လိုအပ်ပေလိမ့်မည်။
" ဟား ဟား ဟား.... ဒီ မိန်ဇီယာနဲ့ ရွှန်းတူတို့ရဲ့မျက်နှာကို မြင်ဖူးချင်လိုက်တာ.... ငါသူတို့နဲ့ သိနေခဲ့တာ နှစ်အတော်ကြာနေပြီ၊ ဒါပေမယ့် သူတို့ကို ဒီလိုပုံစံမျိုးနဲ့ တစ်ခါမှမတွေ့ခဲ့ဖူးဘူး ”
လင်းယွန်က ရှက်ရွံ့စွာ ပြုံးလိုက်ကာ မင်ယီ၏ စကားကို လျစ်လျူရှုလိုက်သည်။ မင်ယီက လင်းယွန်အား အကောင်းမြင်မှုများဖြင့် ပြုံးပြလိုက်ပြီးနောက်၊
" အခု ဒီနယ်မြေထဲကနေ ထွက်သွားတာနဲ့ မင်းဘာလုပ်ဖို့ ရည်ရွယ်ထားလဲ။ "
ဂိုဏ်းနှစ်ဂိုဏ်းသည် ဤမျှကြီးမားသောဆုံးရှုံးမှုကို ခံစားရပြီးနောက်၊ ၎င်းကိစ္စကို အလွယ်တကူ ပြီးဆုံးသွားမည်မဟုတ်ကြောင်း သိရှိထားသည်။
“ သူတို့ကို စော်ကားပြီးမှတော့ ငါမှာ ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ နည်းလမ်းရှိပါတယ်။ ”
အတိတ်သာဖြစ်ခဲ့ပါလျှင် လင်းယွန်သည် အနည်းငယ်စိုးရိမ် နေမိပေမည်။ မှော်ရတနာ၏ အစွမ်းထက်မှုကို တွေးမြင်ပြီးနောက်တွင်၊ သူ့ထံ ကြောက်ရွံ့မှု မရှိတော့ချေ။
သူ့ခွန်အားအရ ဂိုဏ်းနှစ်ဂိုဏ်းကို အမြစ်ပြတ်အောင် မစွမ်းဆောင်နိုင်သော်လည်း၊ သူ့ဘဝအတွက် ထွက်ပြေးခြင်းသည် ပြဿနာတစ်ခုမဟုတ်ပေ။
“ ဒီရတနာမှာ စီနီယာတစ်ယောက်ရဲ့ စိတ်ဝိညာဉ် အချို့ပါရှိတယ်၊ ရတနာကို အသက်သွင်းလိုက်တာနဲ့ နက်နဲသိုင်းသမားတွေကိုတောင် မှုစရာမလိုဘူး ”
လင်းယွန်က သူ၏လျှို့ဝှက်ချက်ကို မဖုံးကွယ်ခဲ့ပဲ၊ မှော်ရတနာကို မင်ယီအား ပြသလိုက်သည်။ သို့သော်၎င်းသည်၊ သုံးကြိမ်သာ အသုံးပြုနိုင်သော အဆောင်မှော်ရတနာဖြစ်ကြောင်းကိုမူ ထုတ်ဖော်မပြောခဲ့ပေ။
" ကောင်း ကင် ရ တ နာ "
မင်ယီနှင့် မီးခိုးရောင်ဝတ် အကြီးအကဲမှာ အံ့အားသင့်သွားသည်။
" အားလုံး နောက်ပြန်ဆုတ်ကြ.... ''
မင်ယီက အထိတ်တလန့် အော်ဟစ်လိုက်သံနှင့်အတူ သက်တံရောင်နန်းဆောင်ဂိုဏ်း၏ တပြည့်များမှာ၊ မီတာများစွာအကွာအထိ ဆုတ်ခွာလိုက်ကြ၏။
" အစ်ကိုလင်း၊ ငါအရင်က ပြောခဲ့ဖူးတာကို မှတ်မိသေးလား.......... "
မင်ယီက ဆက်လက်မပြောဆိုမီ၊ ခေတ္တတုံ့ဆိုင်းသွားသည်။
" တကယ်တော့ ဒီကိစ္စအတွက် ငါကသိပ်ပြီးလည်း မမျှော်လင့်ထားပါဘူး၊ ဒီလိုကြီးမြတ်တဲ့အရာတွေကို မဟာဂိုဏ်းကြီးလေးဂိုဏ်းနဲ့ မျိုးနွယ်စုလေးစုထဲကပဲ ရယူဖို့အဆင့်မှီပါတယ်၊ ဒါပေမယ့် မင်းမှာ ကောင်းကင်ရတနာတစ်ပါးကို ပိုင်ဆိုင်ထား ရှိတာကြောင့် မျှော်လင့်ချက်တွေ ရှိလာနိုင်မယ်လို့ ငါထင်မိတယ်.... ”
'' ............ ''
“ အဲဒီကို သွားရတာက မရဏလမ်းကို လျှောက်လှမ်းနေရသလိုပဲ၊ ဒါပေမယ့် လက်တွေ့ကျကျပြောရရင်၊ ကောင်းကင်ရတနာကို ပိုင်ဆိုင်ထားပြီးမှတော့၊ ဒီလိုရတနာတွေအတွက်နဲ့ သေမင်းကို ရင်ဆိုင်ရလောက်တဲ့အထိ၊ မင်းအတွက် အရေးမပါမှာကို ငါကြောက်တယ်..."
မိန်ဇီယာယူဆထားသကဲ့သို့ပင် လင်းယွန်သည် ကောင်းကင်ရတနာတစ်ခုကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ၊ နောက်ထပ် ရတနာ အချို့အတွက် သူ၏ အသက်ကို စွန့်စားဖို့ရန် မလိုအပ်ပေ။ ထို့ကြောင့်ပင် မိန်ဇီယာနှင့် မီးခိုးရောင်ဝတ် အကြီးအကဲတို့သည် လင်းယွန်အား စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်ကြသည်။
လင်းယွန်ကသာ ဆန္ဒမရှိပါက၊ အတင်းအကြပ်ဖိအားပေးရန် မဖြစ်နိုင်ပေ။ သူတို့ထံမှ ဝှက်ဖဲများသည် ကောင်းကင်ရတနာတစ်ပါးနှင့် နှိုင်းယှဉ်နိုင်ခြင်း မရှိလေရာ၊ လက်တွေ့ကျကျ လင်းယွန်ကို အားကိုးလိုခဲ့သည်။
လင်းယွန်သည် သူတို့၏ အဆိုပြုချက်ကို စဉ်းစားရန် ခဏမျှသာ အချိန်ယူခဲ့ပြီးနောက်၊ သူတို့မမျှော်လင့်ထားသောပုံစံဖြင့် တုန့်ပြန်လာသည်။
" အဲ့ဒီကို ဝမ်မိသားစုလာနိူင်လား ...."
လင်းယွန်၏မေးခွန်းကြောင့် မင်ယီက အံ့အားသင့်သွားသော်လည်း ပွင့်ပွင့်လင်းလင်း ပြန်ဖြေလိုက်သည်။
'' တစ်ရာ ရာခိုင်နူန်းသေချာတယ်.... ''
" ....အဲဒီနေရာမှာ ဝမ်နင်ပါ ရှိမယ် မဟုတ်လား"
မင်ယီက ခေါင်းမညိတ်ခင်မှာ ခဏတာ စဉ်းစားလိုက်ပြီး၊
“ ဝမ်နင်၊ ဝမ်မျိုးနွယ်စုကလား၊ ငါသူ့ကိုမသိဖူး သူရှိမှာ သေချာပါတယ်၊ အနည်းဆုံးတော့ စီရွှယ်ယီနှင့် ဘိုင်လိရွှမ်ရှိနေလိမ့်မယ်၊ ''
မင်ယီသည် ဝမ်နင်အကြောင်း မသိရှိသည့်အတွက် လင်းယွန်ကပို၍ ယုံကြည်လိုက်မိသည်။ ဝမ်နင်သည် မင်ယီအားအသုံးပြုကာ လင်းယွန်ကို ထောင်ခြောက်ဆင်ထားမည်ကို စိုးထိတ်နေမိခြင်းပင်။
“ မင်းက သူ့ကိုမသိပေမယ့် ငါနဲ့သူ့ကြားမှာ ပြဿနာအချို့ရှိတယ်၊ သူနဲ့တွေ့ရင် အဆင်မပြေဖြစ်မှာ စိုးရတယ်၊ ဒါက မင်းတို့ နှစ်ယောက်ကို ခက်ခဲတဲ့ အနေအထားမှာ ထားခဲ့မိစေလိမ့်မယ်၊ ဒါကြောင့် ငါတို့ သဘောတူညီချက်ကို ပြီးမြောက်နိုင်မှာ မဟုတ်ဘူးလို့ ငါထင်တယ်။ ”
လင်းယွန်၏စကားကိုကြားသည်နှင့် မင်ယီမှာမျက်မှောင်ကြုတ် သွား၏။
ဝမ်မိသားစုသည် ရှည်လျားသော သမိုင်းအမွေအနှစ်များကိုပိုင်ဆိုင်ထားကာ၊ မဟာချင်အင်ပါယာရှိ မျိုးနွယ်စုလေးစုထဲမှ တစ်စုဖြစ်သည်။ ၎င်းတို့၏ အခြေခံအုတ်မြစ်သည် အင်ပါယာအတွင်း နက်ရှိုင်းစွာရှိနေခဲ့ပြီး၊ လက်တွေ့ကျကျ မထိတွေ့နိုင်ပေ။ အပြာရောင်နေမင်းနိုင်ငံ၏ အာဏာရှင်ဂိုဏ်းငယ်သုံးဂိုဏ်းသည် ယင်းမျိုးနွယ်စုများ၏ အလုပ်အကျွေးကို ပြုရန်ပင်မထိုက်။
သို့သော် လင်းယွန်သည် ဤသို့သောဝမ်မိသားစုကို အမှန်တကယ် အပြစ်ပြုထားခဲ့သည်။ ဤအချက်သည် လင်းယွန်၏ မူလအစကို တွေးတောလာမိ စေသည်။
“ မင်းက သူ့ကို ဘာလုပ်ချင်လို့လဲ ''
မင်ယီက မေးလိုက်သည်။ ယင်းပြဿများအတွက် တစ်စုံတစ်ရာကို မျှော်လင့်နေမိတုန်းပင်။
“ အခွင့်အရေးရရင် သူ့ကို ငါသတ်ပစ်မယ်”
လင်းယွန်က သူ့မျက်လုံးများ မှေးစင်းလျက်၊ သတ်ဖြတ်လိုသောဆန္ဒများကို အဆုံးမရှိ ထုတ်ဖော်လိုက်လေသည်။
ထိုဆန္ဒများကြောင့် မင်ယီနှင့် မီးခိုးရောင်၀တ်ဆင်ထားသော အကြီးအကဲတို့မှာ ထိတ်လန့်သွားသည်။ လင်းယွန်သည် သွေးတိမ်ဂိုဏ်းနှင့် ရွှေမီးတောက်ဂိုဏ်းတို့ကို ရင်ဆိုင်ရသည့်အခါ၌ပင် သူ၏ မျက်လုံးများအတွင်းမှ သတ်ဖြတ်လိုသောရည်ရွယ်ချက်များ ဤမျှ ကြောက်မက်ဖွယ်ရာ မရှိခဲ့ပေ။
“ ငါတို့ကို စဉ်းစားချိန်ခဏပေးပါ …”
မင်ယီနှင့် မီးခိုးရောင်ဝတ်အကြီးအကဲသည် ချက်ချင်းပင် ခေါင်းကိုက်ခြင်းကို ခံစားလိုက်ရသည်။ လင်းယွန်သည် သူတို့ကို ကူညီဖို့ရန် သဘောမတူမည်ကို အစပိုင်း၌ စိုးထိတ်နေသမိသည်။ သို့သော် လင်းယွန်က သဘောတူခဲ့သော်လည်း၊ ယခုအခြေအနေအရ ဆုံးဖြတ်ချက်ချခြင်းငှာ လွယ်ကူမည်မဟုတ်ပေ။
ဝမ် မိသားစုကို အပြစ်ပြုမိပါက၊ သက်တံရောင်ဂိုဏ်းတစ်ဂိုဏ်းလုံး ပျက်စီးခြင်းနှင့် ရင်ဆိုင်ရမည်မှာ သေချာသလောက်ရှိ၏။သို့သော် ၎င်းသည် မျှော်လင့်ချက်မရှိဟု မဆိုလိုချေ။ အပြာရောင်နေမင်း နိုင်ငံသည် မဟာချင်အင်ပါယာ၏ သေးနုပ်သော ဒေသလေးတစ်ခုသာ ဖြစ်ပြီး၊ မဟာဂိုဏ်းကြီး လေးဂိုဏ်းနှင့် မျိုးနွယ်စုလေးစုတို့သည် ဤနေရာတွင် သြဇာလွှမ်းမိုးမှုများစွာ မရှိပေ။
ထို့ကြောင့် ဝမ်မိသားစုသည် သက်တံရောင်နန်းဆောင်ဂိုဏ်းအား အမြစ်ဖြတ်ချေမှုန်းရန်မှာ မလွယ်ကူနိုင်။ အခြားတစ်ဖက်တွင် ရိတ်သိမ်းနိုင်မည့် အကျိုးအမြတ်နှင့် ယှဉ်ပါက ပြီးပြည့်စုံသော အခွင့်အလမ်းတစ်ကို ဆုပ်ကိုင်ထားမိသကဲ့သို့ မက်မောဖွယ်ရှိလှ ပေသည်။
တခဏချင်းမှာပင် မင်ယီက၊ သူ၏ ဆုံးဖြတ်ချက်ကို ချလိုက်ပြီး၊
“ ဒီအပေးအယူက ဆက်ရှိနေတုန်းဘဲ၊ ဒါပေမယ့် အစ်ကိုလင်းက ဝမ်မိသားစုနဲ့ ပဋိပက္ခမှာ ပါဝင်နေတယ်ဆိုရင် ငါ့ရဲ့သက်တံရောင်နန်းဆောင်ဂိုဏ်းက မင်းကိုသူတို့လက်ထဲကနေ အကာအကွယ် မပေးနိုင်မှာကို ငါကြောက်တယ်၊ ဘာလို့လဲဆိုတဲ့ အကြောင်းပြချက်ကိုတော့ ငါရှင်းပြဖို မလိုဖူးလို့ ထင်ပါတယ်.......... "
'' ................ ''
" ........ ဒါပေမယ့် ငါ့ရဲ့ သက်တန့်ရောင်နန်းဆောင်ဂိုဏ်းက ဝမ်မိသားစုအတွက်နဲ့တော့၊ နောက်ဆုတ်တွေဝေနေမှာ မဟုတ်ဖူးလို့ ငါအာမခံနိုင်တယ် "
" ဒါဆို သဘောတူညီချက် ရပြီ"
လင်းယွန်က ပြုံးလိုက်သည်။ မင်ယီအတွက် အဆင်ပြေသောကြောင့် သူ့တွင် ကန့်ကွက်စရာ မရှိပေ။ မင်ယီ၏ အကာအကွယ်ကိုရယူရန် စဉ်းစားထားခြင်းမရှိရာ၊ ၎င်းအတွက် စိတ်ကွက်ခြင်းငှာ မရှိ။
" လူငယ်သခင် မင်း၊ အခု အဲ့ဒိနေရာအကြောင်း ပြောပြလို့ရပြီလား "
လင်းယွန်က စီရွှယ်ယီနှင့် ဘိုင်လိရွှမ် အား မည်သည့်နေရာက ဆွဲဆောင်နိုင်သည်ကို သိချင်နေခဲ့သည်။
“ ဒါက သင်္ချိုင်းမြေတစ်ခုပါပဲ…”