← Chapters

အခြား မည်သူ။

Vol. 11 Ch. 147

အခြား မည်သူ။

Vol. 11 Ch. 147

ဝမ်ဘို ရှေ့ထွက်လာသည်နှင့် လူတိုင်း နှုတ်ဆိတ်နေကြ၏။ ဝမ်ဘို၏ ကျင့်ကြံမှုအဆင့်သည် နက်နဲတပိုင်းနယ်ပယ်၌ ရောက်ရှိနေပြီး ကျန်သော ဝမ်မိသားစု သိုင်းသမားများမှာ ဆဌမနှင့် သတ္တမမြောက်အဆင့်တွင် ရှိကြသည်။ ထို့ပြင် ၎င်းတို့၏ အဆင့်အတန်းအရ အရင်းအမြစ် များစွာနှင့် ပို၍ ကောင်းမွန်သော နည်းစနစ်များကို ပိုင်ဆိုင် ကျင့်ကြံ နိုင်ကြသည် ဖြစ်ရာ၊ အဆင့်တူချင်းဆိုပါက၊ အပြာရောင်နေမင်းနိုင်ငံ၏ အာဏာရှင်ဂိုဏ်း သုံးဂိုဏ်းပင် ခွန်အားအရာ၌ မယှဉ်နိုင်ပေ။

သွေးတိမ်ဂိုဏ်းနှင့် ရွှေမီးတောက်ဂိုဏ်း၏ အကြီးအကဲများသည် နက်နဲတပိုင်းနယ်ပယ်၌ ရှိနေကြသော်လည်း ၎င်းတို့နှင့် ဝမ်ဘိုကြား ကွာဟချက်ကို ခံစားနိုင်သည်။

ဝမ်ဘိုမှ ထွက်လာသော ရောင်ဝါသည် ကြီးမားလှသော တောင်ကြီးတစ်ခုကဲ့သို့ ပြင်းထန်ပြီး မြစ်တစ်စင်းကဲ့သို့ နက်ရှိုင်းလှလေသည်။

“ အိုး........…”

မင်ယီက ခုနစ်ခုမြောက် ကြာပန်းပလ္လင်ပေါ်မှနေ၍ နှုတ်ခမ်းကို ကိုက်လိုက်သည်။ သူက လင်းယွန်ကို ကူညီချင်သော်လည်း၊ ဝမ်မျိုးနွယ်စုအား အပြစ်မပြုဝံ့ချေ။

အဆုံး၌ လင်းယွန်အားကူညီရန် ဆုံးဖြတ်လိုက်ကာ၊ မတ်တပ်ထရပ်လိုက်သော်လည်း၊ သူ့ဘေးနားရှိ မီးခိုးရောင်ဝတ်အကြီးအကဲက ဟန့်တားလိုက်သည်။

“မဆင်မခြင် မလုပ်နဲ့…”

ဓားနန်းတော်ဂိုဏ်းအတွင်းမှ တပည့်တစ်ယောက်က၊ လင်းယွန်အား လှမ်းကြည့်လိုက်ပြီး၊

“အကိုကြီး၊ ဒီလူက ဓားရည်ရွယ်ချက်ကို နားလည်ထားသလိုပဲ၊ ဒီလိုဆိုရင် သူက အရည်အချင်းရှိပြီး သူ့ကို ကယ်တင်ဖို့ ကျွန်တော်တို့ စဉ်းစားနိုင်တယ် မဟုတ်လား....”

ကောင်းကင်ဘုံဓားနန်းတော်ဂိုဏ်း၏ တပည့်များအားလုံးသည် ဓားရှည်ကို လေ့ကျင့်ကြသောကြောင့်၊ သူတို့သည် လင်းယွန်ကို စိတ်ဝင်စားကြသည်မှာ သဘာဝပင်။ ဘိုင်လိရွှမ်သည်သာ ခေါင်းညိတ်ခဲ့ပါက၊ ဓားနန်းတော်၏ အင်အားဖြင့် လင်းယွန်ကို ကယ်တင်နိုင်ပေမည်။

“ ဓားရည်ရွယ်ချက်ကို နားလည်ရင် သူ့ကို ဓားနန်းတော်က လွှတ်ထားမှာ မဟုတ်ဘူး။ ဒါပေမယ့် သနားစရာပဲ၊ … သူ့ဓားရည်ရွယ်ချက်က မပြည့်စုံပါဘူး။ သူက ငယ်ပေမယ့် မောက်မာလွန်းတယ်။ ”

“ ဒီလိုလူတွေက သူတို့ရဲ့အကန့်အသတ်ကို မသိဖူး၊ သူတို့ရဲ့ မောက်မာမှုကြောင့် တစ်နေ့သေရင် အရင်းအမြစ်တွေ ဆုံးရှုံးသွားလိမ့်မယ် ”

သူ့စကားများတွင် နှိမ့်ချရှုမြင် ဟန်များဖြင့် ပြည့်နှက်နေခဲ့ပြီး၊ လင်းယွန်အား အကောင်းမြင်မှု မရှိခဲ့ချေ။ ဘိုင်လိရွှမ်အတွက်မူ အရင်းအမြစ်များနှင့် မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင် ထားခဲ့သည် ဖြစ်ရာ၊ ဤကဲ့သို့ ဓားကျွန်တစ်ယောက်၏ နာကျင်မှုမျိုးကို နားလည်မပေးနိုင်။

အခြားတစ်ဖက်တွင် လင်းယွန်သည် ယနေ့ ဆုတ်ခွာရန် နည်းလမ်းမရှိချေ။

" လင်းယွန်၊ မင်းဒူးထောက်ပြီး ငါ့အတွက် ငါ့ဓားကို ထိန်းသိမ်းပေးမယ်ဆိုရင် ငါ့ရဲ့မိသားစုက မင်းအတွက် အဲဒီကြာပန်းပလ္လင်ကို စဉ်းစားပေးနိုင်တယ် "

ဝမ်နင်က ရယ်မောလိုက်ပြီး၊ လင်းယွန်ရှေ့သို့ ဓားတစ်လက်ကို လှမ်းပစ်ပေးလိုက်သည်။

ထိုမြင်ကွင်းအား ကြည့်လိုက်ပြီး၊ လင်းယွန်၏ အတွေးများသည် အပြာရောင်မိုးကောင်းကင်ဂိုဏ်းဆီသို့ ပြန်လည်ရောက်ရှိသွားကာ၊ ခဏမျှ ငြိမ်သက်သွားသည်။ ထို့နောက် သူ့ခြေရင်းရှိဓားကို လှမ်းကိုင်လိုက်ပြီး၊ ဆွဲထုတ်ကြည့်လိုက်လေသည်။

ဓားကိုယ်ထည်သည် ရွှေဝါရောင်အဆင်းကို ထင်ဟပ်လာစေပြီးနောက် စူးရှသောအလင်းများကို ပြက်ထင်လာ၏။ ၎င်းသည် အလယ်အလတ် တော်ဝင်လက်နက်တစ်ခုဖြစ်ကာ၊ မည်သည့်နည်းဖြင့်မျှ အဆင့်မြင့် တော်ဝင်လက်နက်များအောက် မယုတ်လျော့နိုင်ပေ။

“ ဒီလင်းယွန်ကို မာနကြီးတဲ့ လူတစ်ယောက်လို့ထင်ထားတာ၊ ဒီလောက်လွယ်လွယ်နဲ့ ခေါင်းငုံ့ပေးလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ထားမိဘူး။ ”

" သူတောင်းစားနဲ့ ဘာများ ကွာခြားသေးလဲ။ တစ်ယောက်ယောက်က အရိုးကိုပစ်ပေးလိုက်တာနဲ့ ကောက်ကိုင်ဖို့ ချက်ခြင်းထကောက်တော့တာပဲ။ ''

"သူက ဝမ်နင်ကို တကယ်ပဲ အပြစ်ပြုဝံ့မယ်ထင်လို့လား ..."

လူအုပ်ကြီးဆီမှ ကဲ့ရဲ့သံများ ထွက်ပေါ်လာပြီး၊ လင်းယွန်အား ရွံရှာဖွယ် ဝိုင်းကြည့်လာကြသည်။

လင်းယွန်က ဓားကောက်ကိုင်လိုက်သည်ကို တွေ့မြင်လိုက်သည်နှင့် ဝမ်နင်မှာ ကြေကြေနပ်နပ် ရယ်မောလိုက်သည်။

( မင်းငါ့ကို တောင်းပန်ရင်တောင် မင်းကိုလွှတ်လိုက်မယ်လို့ တကယ်ထင်နေတာလား ..... ဟမ် ။)

ရုတ်တရက် လင်းယွန်လက်ထဲရှိ အလယ်အလတ်တော်ဝင်လက်နက်သည် စူးရှသောအလင်းတန်းများ ပျောက်ကွယ်သွားကာ၊ အပိုင်းပိုင်းကွဲထွက်သွားပြီးနောက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။

'' ချွမ်...... ချွင် ချွင် ''

ဓားကျိုးအားငုံ့ကြည့်ကာ အပြစ်ကင်းစင်စွာ ပြုံးလိုက်ပြီး၊

" အိုး..... ဒါက အမှိုက်ပဲ၊ မင်းလို အမှိုက်တွေသာ ဒီလိုအမှိုက်ဓားနဲ့ လိုက်ဖက်တယ်၊ ငါက မင်းရဲ့ဓားကို မတော်တဆချိုးမိလို့ တကယ်ရှက်ရွံ့မိပါတယ်၊ ငါ့ကိုစမ်းသပ်ဖို့ နောက်ထပ်ဓားတစ်လက်ကို ဘာလို့ထပ်မပေးရတာလဲ"

လင်းယွန်၏အပြုံးသည် အပြစ်ကင်းစင်သော်လည်း သူ့စကားများဖြင့် ဝမ်နင်၏မျက်နှာအား ဖြတ်ရိုက်လိုက်သည်။

" ငါ့ရဲ့ ဆောင်းဦးအလင်းဓားလေး "

လွန်ခဲ့သည့် စက္ကန့်အနည်းငယ်က ရယ်မောနေခဲ့သော ဝမ်နင်၏မျက်နှာသည် ချက်ချင်း ရှုံ့တွသွား၏။ ၎င်းသည် ဝမ်မျိုးနွယ်ရှိ အတော်ဆုံးလက်နက်သခင်မှ သွန်းလုပ်ထားသော အလယ်အလတ်တော်ဝင်လက်နက်ဖြစ်ပြီး၊ သာမန်အဆင့်မြင့် တော်ဝင်လက်နက်များထက် ပိုမိုအားကောင်းလှလေပြီ၊ သို့သော် လင်းယွန်သည် ၎င်းဓားအား မျက်စိတမှိတ်အတွင်း ချိုးပစ်လိုက်လေသည်။

ဤအခိုက်အတန့်တွင် ရပ်ကြည့်နေသော လူအုပ်ကြီးသည် ထိုမြင်ကွင်းကြောင့်၊ ပြုံးရယ်သွားကြ၏။

“ ဘယ်လောက်တောင် ရိုင်းစိုင်းလိုက်တဲ့ ဓားကျွန်လဲ....."

ဝမ်ဘိုက အေးစက်စွာ ဟစ်အော်လိုက်သံနှင့်အတူ သတ်ဖြတ်လိုခြင်းဆန္ဒကို ထုတ်ဖော်လိုက်ရာ၊ သူ့ပတ်ဝန်းကျင်တွင် ပြင်းထန်သော လေသံများ ထွက်ပေါ်လာလေသည်။

၎င်းဆန္ဒသည် နှင်းမုန်တိုင်းများကဲ့သို့ လွင့်စင်သွားကာ အချို့သော သိုင်းသမားများကို နောက်သို့ ဆုတ်ခွာသွားစေသည်အထိ ပြင်းထန်ခဲ့သည်။

“ မြေခွေးအိုကြီး၊ ငါ့ကိုသတ်ချင်ရင် လာခဲ့၊ ငါ လင်းယွန်က မင်းကို မကြောက်ဘူး "

" ကောင်းတယ် ကောင်းတယ် အရမ်းကောင်းတယ်၊ အပြာရောင်နေမင်းနိူင်ငံလို အမှိုက်နယ်မြေက ဓားကျွန်တစ်ကောင်က... ငါ့ရဲ့ဝမ်မျိုးနွယ်စုကို အပြစ်ပြုဝံ့လိမ့်မယ်လို့ ငါမထင်ထားဖူး၊ ဒီနေ့ မင်းကို ပါးရိုက်ရမှ ငါကြေနပ်လိမ့်မယ် "

အိုး..... အမှိုက်တစ်စနောက်က တကောက်ကောက်လိုက်နေတဲ့ခွေးအိုကြီး မင်းဘယ်လောက်သန်မာလဲ ငါကြည့်မယ်.....''

စကားဆုံးသည်နှင့် ဝမ်ဘိုသည် ရပ်နေရာမှပျောက်ကွယ်သွားပြီး၊ သူ၏ရွေ့လျားမှုနည်းစနစ်ကို ထုတ်ဖော်ကာ၊ လျင်မြန်စွာပြေးထွက်သွားလေသည်။ သူပြန်ပေါ်လာသည့်အချိန်၌ လက်တစ်ဖက်ကိုမြောက်လျက် လင်းယွန်၏ပါးအား ဖြတ်ရိုက်လိုက်တော့သည်။

ရုတ်တရက် လင်းယွန်၏ မျက်ဝန်းများတွင် ကောက်ကျစ်သော အပြုံတစ်စထွက်ပေါ်လာကာ၊ မှော်ရတနာအား အသက်သွင်းလိုက်၏။ ဝိညာဉ်စွမ်းအင်ကို အဆောင်မှော်ရတနာထဲသို့ လောင်းထည့်လိုက်သည်နှင့် ကြောက်မက်ဖွယ်ကောင်းသော ဓားရောင်ဝါများ ပေါက်ကွဲထွက်ပေါ် လာလေသည်။

" ဒါ က ဘာလဲ......"

“ ဘယ်လောက်တောင် သန်မာတဲ့ ဓားရောင်ဝါလဲ… နက်နဲတစ်ပိုင်းသိုင်းသမားတွေတောင် အံတုရဲခြင်း မရှိလောက်အောင်ကို ကြောက်စရာကောင်းတယ် မဟုတ်လား”

" ဝိုး....ဒါ ကောင်းကင်ရတနာ "

'' တွမ်...... ဘုန်း.....''

အနက်ရောင်အလင်းတန်းများသည် မီးခိုးရောင်ဓားသမားထံသို့ အရိပ်တစ်ခုအဖြစ် ပေါင်းစပ်သွားသည်။ ထိုဓားသမားသည် သူ့နောက်ကျော၌ ဓားသေတ္တာတစ်လုံးကို ပိုးလွယ်ထားကာ၊ လောကကြီးအား မောက်မာစွာစီးမိုးကြည့်နေချိန်တွင် လူအုပ်ကြီးမှာ ထိတ်လန့်တကြား အော်ဟစ်နောက်ဆုတ်လိုက် ကြသည်။

" ဒါက........"

ဝမ်ဘိုက မီးခိုးရောင်ဓားသမားကိုကြည့်ကာ၊ လေထဲ၌ ခေတ္တရပ်သွားပြီး၊ သူ့မျက်လုံးများတွင် ကြောက်ရွံ့မှုအရိပ်အယောင်များ ထွက်ပေါ်လာလေသည်။ ထိုဓားသမားထံမှ သတ်ဖြတ်ခြင်းအသိကို ထက်ရှစွာ ခံစားလိုက်ရသည်။

ဝမ်ဘိုသည် သံသယစိတ်များဖြင့် တွေဝေနေဆဲမှာပင်၊ မီးခိုးရောင်ဓားသမားက သူ့အားတွေ့မြင်သွားပြီးနောက်၊ ဓားကို ချက်ချင်း လွှဲခုတ်ပစ်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ကြောက်မက်ဖွယ်ကောင်းသော ဓားရောင်ခြည်သုံးစင်းသည် လျင်မြန်စွာ ဆင်းသက်လာသည်။ ဝမ်ဘို၏မျက်နှာသည် ပြောင်းလဲသွားကာ ဓားနှစ်စင်းကို ရှောင်လိုက်ပြီး နောက်ဆုံးရောင်ခြည်ကို လက်ဖဝါးဖြင့် ရိုက်ထုတ်ချေဖြတ် လိုက်သည်။

'' ဗုန်း........... ''

နောက်ဆုံးဓားရောင်ခြည်သည် ပေါက်ကွဲသွားပြီးနောက်၊ ဝမ်ဘိုအား နောက်ကြောင်းပြန် လွင့်စင်သွားစေသည်။

" ဒါက ရှေးခေတ်ပါရမီရှင်တစ်ယောက်ရဲ့ ဓားရည်ရွယ်ချက်ပဲ "

" လင်ယွန်းမှာ တကယ်ပဲ၊ ကောင်းကင်ရတနာ ရှိနေတယ်....."

မီးခိုးရောင်ဓားသမားသည် ဝမ်ဘိုအား ဓားသုံးစင်းဖြင့် ပစ်ခတ်လိုက်သည်ကို တွေ့လိုက်ရသဖြင့် လူအုပ်ကြီးမှာ အံ့ဩသွားကြသည်။

သို့သော် လင်းယွန်သည် ဝမ်ဘိုထံသို့ စူးစိုက်ကြည့်လျက် မပေါ့လျော့ရဲခဲ့ပေ။ ရွှေမီးတောက်ဂိုဏ်း၏ အကြီးအကဲသည် ဓားသုံးလက်ကြောင့် ဒဏ်ရာအပြင်းအထန်ရခဲ့သော်လည်း ဝမ်ဘို၌ ကြီးကြီးမားမား ဒဏ်ရာမရှိ။

" ဝမ်မိသားစုဝင်တွေအားလုံး ငါ့အမိန့်ကို နာခံပါ၊ ဒီဓားကျွန်ကို သတ် ..... ”

ဝမ်ဘိုက မီးခိုးရောင်ဓားသမားသည် သူ့ထံသို့ စူးစိုက်အကဲခတ်နေသည်ကို တွေ့ မြင်လိုက်သည်နှင့် ဝမ်မိသားစုသိုင်းသမားများကို အော်ဟစ်အမိန့်ပေးလိုက်သည်။

နောက်တစ်စက္ကန့်အတွင်း ဝမ်မိသားစုဝင်များသည် ၎င်းတို့၏ လှုပ်ရှားမှုများကို စတင်လိုက်ပြီး၊ မီးခိုးရောင်ဓားသမားထံသို့ ပြေးဝင်သွားကြရာ၊ အဆိုပါ ဓားသမားသည် သူ၏ ဓားကို နောက်တစ်ကြိမ် ခုတ်ပိုင်းလိုက်လေသည်။

'' ရွှပ် ရွှပ်........ ''

သူ့အား ဦးတည် တိုက်ခိုက်သမျှသော တိုက်ခိုက်မှုများသည် သူ့ဓားထက်၌ ပြိုကျသွားကြကာ၊ ဝမ်မိသားစုဝင်များအား တားဆီးလိုက်လေသည်။

တမဟုတ်ချင်းမှာပင်၊ ကြမ်းပြင်ပေါ်၌ အလောင်းများ ပြည့်နှက်သွားပြီး၊ တာအိုတရားရင်ပြင်သည် တိတ်ဆိတ်သွား၏။ အထူးသဖြင့် ဓားတစ်လက်ကိုကိုင်ဆွဲထားသော မီးခိုးရောင်ဓားသမား၏ မျက်ဝန်းများမှာ နက်ရှိုင်းတောက်ပနေခဲ့ပြီး၊ သူ၏ စွမ်းအားသည် လူတိုင်းနားလည်ထားသည်ထက် ပိုနေခဲ့လေပြီ။

“ မ ဟုတ် ဘူး .....…”

အထိတ်တလန့် ရေရွတ်လိုက်သံနှင့်အတူ ဝမ်နင်၏ မျက်နှာပေါ်ရှိ အပြုံးသည် စိတ်ပျက် အားငယ်မှုများဖြင့် အစားထိုးသွားသည်။ ဦးလေးဝမ်ဘိုသည် အရေးကြီးသော အခိုက်အတန့်တွင်၊ မီးခိုးရောင် ဓားသမားထံမှ ပြင်းထန်သော တိုက်ခိုက်မှုအား လွှတ်မြောက်နိုင် ခဲ့သော်လည်း၊ ဝမ်မိသားစုဝင်များ၏ အသက်ကို ပေးဆပ်ခဲ့ရသည်။

"ဒါက အခွင့်အရေးကောင်းပဲ"

ထိုအချိန်ကို စောင့်မျှော်နေခဲ့သော သွေးတိမ်ဂိုဏ်း၏ အကြီးအကဲသည် ဤမြင်ကွင်းကြောင့် သူ့မျက်လုံးများ တောက်ပလာပြီး၊ လင်းယွန်အား တိုက်ခိုက်ရန် လျင်မြန်စွာ လှုပ်ရှားလာခဲ့သည်။

ရုတ်တရက် သတ်ဖြတ်လိုခြင်းအသိကို ခံစားလိုက်ရပြီးနောက်၊ လင်းယွန်၏ အကြည့်သည် သွေးတိမ်ဂိုဏ်း၏ အကြီးအကဲထံသို့ လှည့်လိုက်လေသည်။

'' အိုး....... ''

လင်းယွန်ထံမှ သိပ်သည်းလှသော သတ်ပစ်လိုသည့်ဆန္ဒများကို မျက်ဝန်းများမှတဆင့် ခံစားလိုက်ရသည်ကြောင့်၊ သွေးတိမ်ဂိုဏ်း၏ အကြီးအကဲမှာ အံအားသင့်သွားကာ တုံ့ဆိုင်းသွားသည်။

ထိုအခိုက်အတန့်လေးအတွင်းမှာပင်၊ မီးခိုးရောင်ဓားသမားသည် သွေးတိမ်ဂိုဏ်း၏ အကြီးအကဲဆီသို့ လှည့်ကြည့်လိုက်ကာ၊ သူ့ဓားကို ထပ်မံထိုးခုတ်လိုက် ပြန်သည်။

ဓားရိပ်ဆီမှ ပြင်းထန်သောလူသတ်ငွေ့များကို ခံစားလိုက်ရသည်နှင့် သွေးတိမ်ဂိုဏ်း အကြီးအကဲ၏ မျက်လုံးထဲတွင် ထိတ်လန့်ဟန်များ စွန်းထင်းလာပြီး နောက်ပြန်ဆုတ်ရန် ကြိုးစားလိုက်တော့သည်၊ သူက ထိုဓားကို တားဆီးနိုင်မည် မဟုတ်ပေ။ သို့သော် သူ၏လှုပ်ရှားမှုသည် နောက်ကျသွားခဲ့လေပြီ။ ဓားရောင်ခြည်မှာ သူ့ခန္ဓာကိုယ်အား ထိမှန်သွားကာ၊ ပေါက်ကွဲလွင့်စင် သွားလေသည်။

'' ဘုန်း............ ''

လတ်ဆတ်သောသွေးများ ပန်းထွက်လာလျက်၊ ပတ်ဝန်းကျင်အား စိုဆွတ်သွားစေ၏။ နက်ရှိုင်းသော ပြတ်ရှရာနှင့်အတူ သွေးတိမ်ဂိုဏ်း၏ အကြီးအကဲသည် ကြမ်းပြင်ပေါ်၌ ညည်းတွား လဲလျောင်းနေခဲ့လေပြီ၊ လင်းယွန်က သူ့အကြည့်ကို သွေးတိမ်ဂိုဏ်းထံသို့ အေးစက်စွာ ပို့လွှတ်လိုက်သည်။

“ ပြေး.........”

ရွှန်းတူ၏ မျက်နှာမှာ ရုတ်တရက် ထိတ်လန့်ခြောက်ခြားသွားပြီး၊ ကြာပန်းပလ္လင်ပေါ်မှ ခုန်ချလိုက်ကာ၊ အကြီးအကဲအား ပွေ့ချီလျက် တဟုန်ထိုး ပြေးထွက်သွားလေသည်။ ယခုအချိန်၌ ဤလင်းယွန်သည် သူ၏သွေးတိမ်ဂိုဏ်းသားများအား ဒေါသတကြီး သတ်ပစ်မည်ကို စိုးရွံ့နေမိသည်။

အကြည့်တစ်ချက်ကြောင့် အပြာရောင်နေမင်းနိုင်ငံ၏ အာဏာရှင်သွေးတိမ်ဂိုဏ်းသည် သူတို့သိမ်းပိုက်ထားသော ကြာပန်းပလ္လင်ကို စွန့်၍ပင် ထွက်သွားခဲ့လေသည်။

ဝမ်မျိုးနွယ်၏ ကျန်ရှိနေသော သိုင်းသမားများမှာ သက်တောင့်သက်သာရှိသော အမူအရာများဖြင့် သက်ပြင်းခိုးချလိုက်သည်။ သူတို့သည် လွန်ခဲ့သည့်အခိုက်အတန့်တွင် မီးခိုးရောင်ဓားသမားထံမှ အာရုံစိုက်မှုကို ခံထားရသည်ကြောင့် ကြောက်လန့်သွားသည်မှာ ထင်ရှားလှ၏။ လက်ရှိအခြေအနေ၌ ထိုဓားသမား၏ အကြည့်သည် ဝမ်မျိုးနွယ်စုဆီမှ လွှဲဖယ်သွားပြီဖြစ်ရာ၊ လေထုသည် အနည်းငယ် သက်တောင့်သက်သာ ဖြစ်လာလေသည်။

" ဘယ်သူက မယုံတာရှိလဲ "

လင်းယွန်က တာအိုတရားရင်ပြင်အား ဝေ့ကြည့်ကာ၊ နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။ လူအုပ်ကြီးသည် လင်းယွန်၏ အကြည့်အားရင်မဆိုင်လိုလှသဖြင့်၊ ၎င်းတို့၏ မျက်နှာများကို ရည်ရွယ်ချက်ရှိရှိ လွှဲဖယ်ထားကြလေသည်။

“ ဦးလေး....…”

ဝမ်နင်က မကျေမနပ်ဖြင့် ဝမ်ဘိုအားလှည့်ကြည့် လိုက်သည်။

“ လောလောဆယ်တော့ သည်းခံထားပါ၊ ငါ ဒဏ်ရာရနေပြီး မင်းသူ့ကို ထပ်ပြီး ရန်စခဲ့မယ်ဆိုရင် ငါ့ရဲ့ အခြေအနေကို သူ မြင်သွားနိုင်တယ်.......''

ဝမ်ဘိုက ခပ်တိုးတိုး သတိပေးလိုက်ပြီး၊ ဝမ်မိသားစုဝင်များကို ဆုတ်ခွာရန် အချက်ပြလိုက်သည်။ ပြန်လည်ဆုတ်ခွာလာသည့် ဝမ်မိသားစုဝင်များကိုကြည့်ကာ၊ ဝမ်နင်က ဒေါသတကြီး အံကြိတ်ထားလိုက်သည်။

အချိန်အနည်းငယ်ကြာသည်အထိ ကန့်ကွက်လာခြင်း မရှိသည်ကြောင့်၊ လင်းယွန်က ပန်းသင်္ချိုင်းဓားကို ပြန်လည် ဆုပ်ကိုင်လိုက်ကာ၊ ကြာပန်း ပလ္လင်ပေါ်ရှိ လူသေအလောင်းများကို ကန်ချလိုက်သည်။

***

All Chapters