နောက်ဆုံးရတနာ။
Vol. 11 Ch. 151
လူအုပ်ကြီးအား ရုတ်ရုတ်သဲသဲဖြစ်စေသော သိုင်းကျမ်းနှင့်အတူ ယဇ်ပလ္လင်ပေါ်၌ ထွက်ပေါ်လာသည်။ ၎င်းယဇ်ပလ္လင်အတွင်းသို့ ဝင်ရောက်သွားသူများသည် ကျောက်စိမ်းတုံးတစ်တုံးဖြင့်သာ အဆုံးသတ်ခဲ့ရသည်။
ဘိုင်လိရွှမ်၏ ကျောက်စိမ်းတုံးသည် ခရမ်းရောင်အစင်းများဖြင့် ပြိုးပြက်နေခဲ့သော်လည်း၊ ထိုကျောက်စိမ်းတုံးသည် နောက်ဆုံးတွင် ရှန်ရှင်းသိုင်းနည်းစနစ်တစ်ခုအဖြစ်သာ ရှိနေဆဲဖြစ်သည်။
အခြားတစ်ဖက်တွင် လင်းယွန်၏ သိုင်းကျမ်းသည် သိသိသာသာ ကွဲပြားပေသည်။ ယင်းသည် နက်နဲသိုင်းနည်းစနစ်ဖြစ်ကာ၊ ရှင်ရှင်းအဆင့်ထက် ကျော်လွန်သော သိုင်းနည်းစနစ် များသာလျှင် ကျမ်းတစ်ခုအသွင်ဆောင်မည် ဖြစ်သည်။ ထို့အပြင်၊ နက်နဲသိုင်းကျမ်းများသည် တစ်ချက်ကြည့်လိုက်ရုံဖြင့် ထူးခြားလှသည်ကို လူတိုင်းပြောနိုင်ပေသည်။
ယဇ်ပလ္လင်ကြီးပေါ်ရှိ လင်းယွန်ကြောင့် ဘိုင်လိရွှမ်၏မျက်နှာသည် မည်းမှောင်သွား ခဲ့သည်။
" သောက်ခွေး ....သန့်စင်မြတ်မြတ်လိုက်တာ ဒါက တကယ်ကို နက်နဲသိုင်းကျမ်းကို ရရှိခဲ့တာပဲ ”
" ဘိုင်လိရွှမ်တောင် အထွတ်အထိပ်အဆင့် ရှန်ရှင်းသိုင်းနည်းစနစ်ပဲ ရခဲ့တာ၊ ဒီလင်းယွန်က ဒါကို ဘယ်လို ပြီးအောင်လုပ်ခဲ့တာလဲ။ ”
“ ဒီကောင်က လျှို့ဝှက်လွန်းတယ်၊ သူ့ကို ထွင်းဖောက်မမြင်နိုင်ဖူး ”
“ .... ကြာပန်းပလ္လင်ရဖို့ သူ့ကိုယ်သူ ဘယ်လောက်အထိ ယုံကြည်မှုရှိခဲ့လဲဆိုတာ၊ အခု မင်းသိပြီမလား........ ''
အပြာရောင်နေမင်းလျှို့ဝှက်နယ်မြေသည် ဆယ်စုနှစ်တစ်ခုလျှင် တစ်ကြိမ်သာ ဖွင့်လှစ်ခဲ့ပြီး၊ ထိုအကြိမ်တိုင်းတွင် ကောင်းကင်ကိုထိုးဖောက်မည့်ယဇ်ပလ္လင်သည် အစွမ်းထက်ဆုံးသူများကို နက်နဲသိုင်းကျမ်းများ ပေးအပ်ခဲ့ဖူးပေသည်။ နောက်ဆုံးပေးအပ်ခဲ့သော အချိန်သည်ပင် လွန်ခဲ့သောနှစ်ပေါင်း ရာဂဏန်းခန့်က ဖြစ်သည်။
တာအိုတရားရင်ပြင်ရှိ လူတိုင်း ထိတ်လန့်သွားသော်လည်း နားလည်နိုင်ခဲ့သည်။
ဝှစ် ။
လင်းယွန်က ကြယ်အလင်းများ ခြံရံလျက် ယဇ်ပလ္လင်ပေါ်မှ ဆင်းသက်လာသည်။ မြေပြင်ပေါ်သို့ ဆင်းသက်ပြီးသည်နှင့် ကျမ်းစာကို ဆန်းစစ်လိုက်သည်။
"မဟာလေဟုန်ကျမ်း"
၎င်းတွင် စကားလုံးသုံးလုံးသာပါရှိသော ရှေးဟောင်းသိုင်းကျမ်း တစ်စောင်ဖြစ်ပြီး၊ ယင်းသည် အစွမ်းထက်သော လက်ဖဝါးသိုင်းနည်းစနစ် တစ်ခုပင် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် လင်းယွန်သည် မြေပြင်ပေါ်သို့ ဆင်းသက်လာသည် နှင့်အမျှ လူအုပ်ကြီးမှာ သူ့အားကြည့်လျက် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
“ တကယ်ပဲ နက်နဲသိုင်းကျမ်းလား၊ ဒီဓားကျွန်က ဘယ်လို ကံကောင်းလိုက်တာလဲ…”
ဝမ်နင်က သူ့လက်ထဲရှိ ကျောက်စိမ်းတုံးကို ငုံ့ကြည့်လိုက်သော အခါတွင် သွေးအန်လုနီးပါး အောင့်မြက်သွားသည်။ ရှေးဟောင်းဝိညာဉ်ထံမှ အလယ်အလတ်အဆင့် ရှန်ရှင်းသိုင်းနည်းစနစ်ကိုသာ ရရှိနိုင်ခဲ့ပြီး၊ သူ၏ ရိတ်သိမ်းမှုသည် လင်းယွန်နှင့် နှိုင်းယှဉ်နိုင်စရာ မရှိပေ။
" ဒီကောင်က အပေါစား လှည့်ကွက်ကို သုံးခဲ့တာဖြစ်မယ်၊ သူ့ရဲ့ အရည်အချင်းက ဘိုင်လိရွှမ်ထက် ပိုအားကောင်းတယ်ဆိုတာ ယုံကြည်စရာကို မရှိဖူး "
ဝမ်ဘို၏ မျက်နှာသည် မည်းမှောင်သွားပြီး၊ လင်းယွန်၏ အောင်မြင်မှုများကို မကျေမနပ် ဖြစ်နေမိသည်။
မည်သို့ပင်ဆိုစေကာမူ လင်းယွန်၏ အောင်မြင်မှုကို လူတိုင်းငြင်းချက် ထုတ်စရာမရှိခဲ့ပေ။ တစ်ချိန်တည်းမှာပင် ဘိုင်လိရွှမ်သည် ကောင်းကင်ဘုံဓားနန်းတော်အား ဦးဆောင်လျက် လင်းယွန်ဆီသို့ ဦးတည်လာသည်။
" ဘာလုပ်ဖို့ ကြိုးစားနေကြတာလဲ "
“ သူတို့က လုယူမှာတော့ မဟုတ်လောက်ပါဘူး၊ ကောင်းကင်ဘုံဓားနန်းတော်ဂိုဏ်းလို သမိုင်းကြောင်းအလွန်ကြီးမားတဲ့ ဂိုဏ်းကြီးတစ်ဂိုဏ်းက လူတိုင်းရှေ့မှာ ဒီလိုမျိုး လုပ်ရဲကြမယ်လို့ မထင်ဖူး.......”
ထိုသို့သော မြင်ကွင်းမျိုးသည် လူအုပ်ကြီးကို ထိတ်လန့်စေခဲ့သည်။ ကောင်းကင်ဘုံဓားနန်းတော်ဂိုဏ်းသည် မဟာချင်အင်ပါယာ တစ်လျှောက်လုံးတွင် ကောင်းမွန်သော ပုံရိပ်များကို ပိုင်ဆိုင်ထားကြရာ၊ ဂိုဏ်း၏တပည့်များမှာ မည်သို့ပင်ဖြစ်နေပါစေ ဖြောင့်မှန်နေသင့်ပေမည်။
သို့သော် ထိုသို့သောယူဆချက်များသည် မသေချာလှပေ၊ လင်းယွန်ရရှိခဲ့သည်မှာ ရှေးဟောင်းဂိုဏ်းတစ်ဂိုဏ်း၏ နက်နဲသိုင်းကျမ်းတစ်စောင် ဖြစ်သည်မဟုတ်လော။
သူ့ထံလျှောက်လာသော ဘိုင်လိရွှမ်အား ကြည့်ပြီး၊ လင်းယွန်က အံ့ဩသွားခဲ့သည်။ ၎င်းတို့သည် ပြင်းထန်သောဖိအားကို မရည်ရွယ်ပဲ ထုတ်လွှတ်ထားကြကာ၊ ဓားတာအိုကို ဖွဲ့တည်ထားသူများပီပီ၊ သူတို့၏ အရှိန်အဝါများသည် ထက်ရှနေခဲ့လေပြီ။ တစ်ချိန်တည်းမှာပင် သူက သတိအနေအထားဖြင့် အဆောင်ရတနာကို ဆုပ်ကိုင်လိုက်၏။
" မင်းနာမည်က လင်းယွန်လား"
ဘိုင်လိရွှမ်က လင်းယွန်နှင့် မီတာတစ်ရာအကွာတွင် ရပ်တန့်လိုက်ပြီး မေးလိုက်သည်။
( ဘယ်လောက်တောင် အစွမ်းထက်လိုက်တဲ့ ဓားရည်ရွယ်ချက်လဲ။ )
လင်းယွန်က အံ့သြသွားခဲ့သည်။ ဓားသမားတစ်ယောက်အနေဖြင့် သူ့ခံစားချက်သည် သာမန်လူများထက် ပို၍ထက်ရှကာ၊ သူ၏ဗီဇသိစိတ်များအရ ဘိုင်လိရွှမ်သည် ဝမ်ဘိုထက် သန်မာကြောင်းကို သတိပေးနေခဲ့သည်။ ထို့ကြောင့်ပင် သူက အခြေအနေများကို တွက်ဆနေခဲ့ပြီး၊
“ ... ဟုတ်တယ်၊ ငါက လင်းယွန်ပါ ''
" ကောင်းတယ်၊ အခု မင်းက ခေါင်းညိတ်ချင်သရွေ့ မင်းကိုစောင့်နေတဲ့ အခွင့်အရေးကောင်းတစ်ခု ရှိတယ်၊ မင်းကို ကောင်းကင်ဘုံဓားနန်းတော်ဂိုဏ်းထဲဝင်ဖို့ ငါဖိတ်ခေါ်နိုင်တယ်…”
ဘိုင်လိရွှမ်က လေးနက်စွာ ပြောလိုက်သည်။
သူ့စကားကြောင့် ချက်ချင်းပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားပြန်သည်။
“ ဒီကောင်က ကံကောင်းလိုက်တာ…”
" ဘိုင်လိရွှမ်လို လူတစ်ယောက်က အခြားတစ်ယောက်ကို ဓားနန်းတော်ဆီ ဖိတ်ခေါ်နေတာလား၊ သူ့ကြည့်ရတာ လင်းယွန်အပေါ် အခြားအမြင် ရှိနေပုံပဲ..... ”
" လင်းယွန်က ဓားနန်းတော်ထဲ ဝင်နိုင်တာနဲ့ သူ့အနာဂတ်က အကန့်အသတ်မရှိ ဖြစ်လာလိမ့်မယ်။"
မဟာချင်အင်ပါယာတွင် မဟာဂိုဏ်းကြီးလေးဂိုဏ်းရှိပြီး ၎င်းတို့အတွင်းမှ ကောင်းကင်ဘုံဓားနန်းတော်ဂိုဏ်းသည် ဓားသမားများအတွက် သန့်ရှင်းသောမြေ ဖြစ်သည်။
( ဂိုဏ်းထဲကို ဖိတ်ခေါ်တာလား...။)
လင်းယွန်၏ စွမ်းဆောင်မှုများအပေါ် အခြေခံ၍ ဖိတ်ခေါ်မှုတစ်ခု ပြုလုပ်ခြင်းသည် အဓိပ္ပာယ်ရှိလှသည်။ သို့သော် ရုတ်တရက် လင်းယွန်က တစ်စုံတစ်ရာကို တွေးမိလိုက်ပြီး၊
" ဓားနန်းတော်ကို သဘာဝကျကျ စိတ်ဝင်စားပါတယ်၊ ဒါပေမယ့် ဘာတောင်းဆိုချက်ရှိလဲ "
ဘိုင်လိရွှမ်က လင်းယွန်၏ အမေးကြောင့် ခဏမျှငြိမ်သက်သွားပြီး၊
“ မင်းရဲ့ သိုင်းကျမ်းကို လွှဲပေးပါ၊ ဒါက ရိုးရှင်းတဲ့ တောင်းဆိုချက်ပဲ၊ ဒါကြောင့် မင်းငြင်းမှာမဟုတ်ဖူးလို့ ငါထင်တယ် "
ဘိုင်လိရွှမ်၏ တောင်းဆိုမှုကို ကြားသောအခါတွင် လင်ယွန်၏ နှလုံးသားသည် ငြိမ်သက်သွား၏။ ဘိုင်လိရွှမ်သည် နောင်ဆုံးတွင် နက်နဲသိုင်းကျမ်းကိုသာ စိတ်ဝင်စားခဲ့ခြင်း ဖြစ်လေသည်။
" တောင်းပန်ပါတယ်၊ ဒါပေမယ့် ဒီလိုရိုးရှင်းတဲ့ တောင်းဆိုချက်ကို ငါက သဘောတူနိုင်မယ် မထင်ဘူး။"
လင်းယွန်က တွေဝေခြင်းမရှိ တုံ့ပြန်ငြင်းဆိုလိုက်သည်။
တမဟုတ်ချင်းမှာပင် ဓားနန်းတော်တပည့်များ၏ မျက်နှာများသည် မမြင်နိုင်လောက်အောင် ပျက်ယွင်းသွား၏။ ပါးနပ်မှုကင်းမဲ့သော လင်းယွန်ကို သူတို့ မကျေမနပ်ဖြစ်ခဲ့ကြသည်။ စီနီယာအစ်ကိုဖြစ်သူက ပုဂ္ဂိုလ်ရေးအရ ဖိတ်ခေါ်လိုက်သော်လည်း လင်းယွန်က လူမြင်ကွင်းတွင် ငြင်းဆိုရဲခဲ့သည်။
“ စိတ်ဝင်စားစရာပဲ… ဒီသိုင်းကျမ်းကို မင်းရဲ့ခွန်အားနဲ့ ကာကွယ်နိုင်မယ်လို့ မင်းထင်လား၊ ”
ဘိုင်လိရွှမ်၏ အပြုံးသည် အေးခဲသွားပြီး၊
“ သိုင်းကျမ်းကို ပေးရင် ဂိုဏ်းကို ဝင်ခွင့်ပေးမယ်၊ ဒါက မင်းကို အခွင့်ရေးယူဖို့ ကြိုးစားနေတယ်လို့ မင်းထင်လား၊ ကောင်းပြီ၊ ဒီအခွင့်အရေးကို မလိုချင်တဲ့အတွက် မင်းကို နှောက်ယှက်နေစရာ မလိုတော့ဘူး၊ သွားကြရအောင် "
ဓားနန်းတော်ဂိုဏ်း၏ အခြားသောတပည့်များသည် လင်းယွန်ကို မထွက်ခွာမီ စူးရှစွာ စိုက်ကြည့်သွားကြသည်။ ဤမြင်ကွင်းသည် လူအများ၏ မျှော်လင့်ချက်ထက် ကျော်လွန်သွားခဲ့သည်။ လင်းယွန်သည် ဘိုင်လိရွှမ် ကို ပြတ်ပြတ်သားသား ငြင်းပယ်လိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
ကောင်းကင်ဘုံဓားနန်းတော်၏ တပည့်ဖြစ်လာစေရန် နက်နဲသိုင်းကျမ်းဖြင့် လဲလှယ်ခြင်းသည် သဘာဝအားဖြင့် မထိုက်တန်ပေ။ သို့သော် ဘိုင်လိရွှမ်၏ ဖိတ်ခေါ်မှုကို ငြင်းဆိုခြင်းသည် ဘိုင်လိရွှမ်ကို အပြစ်ပြုရာရောက်ပေသည်။
ဤနေရာ၌ အခြားတစ်ယောက်ယောက်ဆိုပါက၊ အလေးအနက်ထား စဉ်းစားကြမည် ဖြစ်ကာ၊ အဆုံးတွင် သူတို့သည် သိုင်းကျမ်းကို လွှဲပြောင်းပေးအပ် ကြပေလိမ့်မည်။
'' ဝှစ်......... ''
ရုတ်တရက် လူရိပ်နှစ်ရိပ်သည် လင်းယွန်ဘေးသို့ ဆင်းသက်လာကြပြီး ထွက်ခွာသွားကြသော ဓားနန်းတော်၏ တပည့်များနောက်ကျောကို ကြည့်ကာ၊
“ အစ်ကိုလင်း နက်နဲသိုင်းကျမ်းကို ရရှိခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်၊ ဒါက အစွမ်းထက်လွန်းတဲ့ ကိုယ်ခံပညာတစ်ခု ဖြစ်မှာကို ငါကြောက်မိတယ်။ ”
" ကံမကောင်းစွာနဲ့ပဲ၊ အဲဒါက နည်းနည်းတော့ ထင်ပေါ်လွန်းနေတယ် ''
လင်းယွန်က ခေါင်းညိတ်လျက် မင်ယီစကားကို ထောက်ခံလိုက်သည်။
“ နည်းနည်းလောက် နှိမ့်ချရုံနဲ့ ဒုက္ခကို ကယ်တင်နိုင်တယ်၊ ဘိုင်လိရွှမ်ပြောတာ လုံးဝမမှားပါဘူး၊ လူတော်တော်များများက မင်းကို လောဘမျက်ဝန်းတွေနဲ့ ကြည့်နေကြတယ် ...…”
မင်ယီက သက်ပြင်းချလိုက်သည်။ မင်ယီ၏ အမူအယာကြောင့် လင်းယွန်က ခေါင်းယမ်းပြလိုက်ပြီး၊
“ အစ်ကိုမင် မင်းမှားနေပြီ၊ ငါ့ဆီက ရှန်ရှင်းသိုင်းနည်းစနစ်တစ်ခုဆိုရင်တောင် ငါအဲဒါကို စွန့်လွှတ်မှာ မဟုတ်ဘူး။ ”
'' ............ဘယ်လို ''
" ဟုတ်တယ်အစ်ကိုမင်၊ ငါကသာ အဲဒါကို စွန့်လွှတ်လိုက်ရင် ဘိုင်လိရွှမ်ကို ဦးညွှတ်လိုက်တာလို့ အဓိပ္ပာယ်ရပါတယ်၊ ငါသာ အခုချိန်ခေါင်းငုံ့ထားရင် နောင်အနာဂတ်မှာ ငါ့ခေါင်းကို မော့နိုင်လိမ့်မယ်လို့ မင်းထင်လား။ "
ဦးညွှတ်ရန် လွယ်ကူလှသော်လည်း ခေါင်းမော့ထားရန်မှာ မလွယ်ကူပေ။ မင်ယီနှင့် မီးခိုးရောင်ဝတ် အကြီးအကဲသည် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။ ယင်းကို ယခင်အချိန်၌ တစ်ကြိမ်တစ်ခါမျှပင် မစဉ်းစားခဲ့ဖူးပေ။ ထို့အပြင်၊ သူတို့နှစ်ဦးသည် ဘိုင်လိရွှမ် ထံသို့ ခေါင်းငုံ့လိုက်ခြင်းဖြင့် အမှားအယွင်းတစ်စုံတစ်ရာ မရှိနိုင်ခဲ့ပေ။
လင်းယွန်က ဘိုင်လိရွှမ်ထွက်သွားရာ ဘက်သို့ မျှော်ကြည့်လိုက်ကာ ပြုံးရယ်လိုက်ပြီး၊
" သူက ငါ့ထက် ပိုသန်မာနေတယ်ဆိုရင် ကောင်းပါတယ်၊ ဒါပေမယ့် သူက မိုးကောင်းကင်ယဇ်ပလ္လင်မှာ ငါ့ကို ဆုံးရှုံးခဲ့တဲ့ သူပဲ၊… အခု သူက ငါ့ထက် ပိုသန်မာ နိုင်ပေမယ့် အဲဒါက ငါ့တစ်သက်လုံး ဒီအတိုင်းရှိနေမယ်လို့ မဆိုလိုပါဘူး။ ”
လင်းယွန်၏စကားကြောင့် မင်ယီမှာ မှင်တက်အံ့သြသွားမိသည်။ ဤသို့သော အတွေးမျိုးကို လင်းယွန်က တွေးနေလိမ့်မည်ဟု ထင်မထားကြချေ။
သူတို့သုံးယောက် စကားပြောနေစဉ်တွင် ကောင်းကင်ဘုံဓားနန်းတော်နှင့် လနတ်ဆိုးဗိမ္မာန်ဂိုဏ်းတို့သည် အတူတကွ ရှိနေခဲ့ပြီး၊ ဘိုင်လိရွှမ်နှင့် စီရွှယ်ယီတို့သည် တစ်စုံတစ်ရာအား ဆွေးနွေးနေခဲ့ ပုံရသည်။
ဤမြင်ကွင်းကြောင့် လင်းယွန်ကမျက်မှောင်ကြုတ်လိုက်သည်။ မင်ယီက လင်းယွန်ဘေးသို့ လာရပ်လိုက်ပြီး ဂိုဏ်းကြီးနှစ်ဂိုဏ်းထံ လှမ်းကြည့်ကာ၊
“ ဒီသင်္ချိုင်းမြေရဲ့ အနောက်မှာ နန်းတော်သင်္ချိုင်းဂူတစ်လုံး ရှိတယ် ''
"....သင်္ချိုင်းဂူ "
မင်ယီက ခဏမျှတုံ့ဆိုင်းသွားပြီး ခေါင်းညိတ်လိုက်ကာ၊
“ ဟုတ်တယ် အရင်တုန်းကတော့ ဒီနန်းတော်သင်္ချိုင်းဂူကို ချဉ်းကပ်လို့မရပါဘူး၊ အခုအကြောင်းတစ်ခုခုကြောင့် နတ်ဆိုးစွမ်းအင်တွေ လျော့ပါးသွားတယ် မဟုတ်လား၊ ဂိုဏ်းနှစ်ဂိုဏ်းက နန်းတော်သင်္ချိုင်းဂူဆီ ဦးတည်ဖို့ ကြိုးစားနေတာ ဖြစ်ရမယ်လို့ ငါယုံကြည်မိတယ်။ ''
“ ရှေးဟောင်းဂိုဏ်းမပျက်စီးခင်မှာ ဂိုဏ်းက သူတို့ရဲ့ ရတနာတွေအားလုံးကို နန်းတော်ဂူထဲမှာ မြုပ်နှံခဲ့တယ်လို့ ကောလဟာလတွေ ထွက်နေတယ်၊ မင်းကသာ ရတနာတစ်ခုကို ရယူနိုင်ရင် မဟာချင်အင်ပါယာကြီးကို ကိုင်လှုပ်နိုင်လိမ့်မယ်..... ''
သို့သော် လင်းယွန်က မင်ယီ၏စကားကို တွေဝေခြင်းမရှိ ခေါင်းယမ်းပြလိုက်သည်။
" နတ်ဆိုးစွမ်းအင်တွေ မရှိရင်တောင် နန်းတော်ဂူထဲကို ဝင်ဖို့မလွယ်မှာကို ငါကြောက်တယ်"
နန်းတော်သင်္ချိုင်းဂူနှင့် ထိုနေရာ၌ ကျန်ရစ်ခဲ့သော ရတနာများကို သူ စိတ်မဝင်စားပေ။ သူသည် အပြာရောင်လျှို့ဝှက်နယ်မြေတွင် လုံလောက်သော ရိတ်သိမ်းမှုကြီးကို ရရှိထားပြီး ဖြစ်သည်။ ထို့ကြောင့် သူသည် နောက်ထပ် ပြဿနာများတွင် မပါဝင်ချင်တော့ပေ။
“ ဒါကတော့ သေချာပါတယ်၊ ဘိုင်လိရွှမ်ကတောင် စီရွှယ်ယီနဲ့ ပူးပေါင်းနေရမှတော့ လွယ်ကူမှာမဟုတ်ဘူး၊ အစ်ကိုလင်း မင်း စိတ်မဝင်စားဘူးလား၊ မင်းရဲ့ ကောင်းကင်ရတနာနဲ့ ဒီအခွင့်အရေးကို ရနိုင်တယ် မဟုတ်လား "
လင်းယွင်က တစ်စုံတစ်ခုကို သဘာဝကျကျ ခန့်မှန်းနေခဲ့ပြီး မင်ယီကို ပြုံးကြည့်လိုက်ကာ၊
" ကြည့်ရတာ နန်းတော်သင်္ချိုင်းဂူက မင်းရဲ့ ရည်ရွယ်ချက် နောက်တစ်ခုပဲလား အစ်ကိုမင်"
“အစ်ကိုလင်း မင်းဆီကနေ ဘာကိုမှ ဖုံးကွယ်ထားလို့ မရပါလား ”
မင်ယီက မချိဟန်ဖြင့် ပြုံးရယ်လိုက်၏။
“ နတ်ဆိုးစွမ်းအင်တွေ သိပ်သည်းနေတာကမှ ငါ့အတွက် အခွင့်အရေးတစ်ခု ရှိကောင်းရှိနိုင်တယ်၊ ဒါပေမယ့် အခုတော့... အဲဒီအခွင့်အရေးကို ဆုံရှုံးရတော့မယ် "
မင်ယီ၏စကားအရ နတ်ဆိုးစွမ်းအင်များကိုကိုင်တွယ်ရန် ရတနာတစ်ခု ပြင်ဆင်လာမည်မှာ ထင်ရှားလှသည်။ လင်းယွန်က မင်ယီ၏ အမူအယာကို ကြည့်ကာ ပြုံးပြီး၊ နှုတ်ဆိတ်နေလိုက်သည်။ နတ်ဆိုးစွမ်းအင်များ ပျောက်ကွယ်သွားခြင်းသည် သူနှင့် သက်ဆိုင်သော်လည်း မင်ယီအား ထိုအကြောင်းကို ပြောပြမည် မဟုတ်ပေ။
"သူတို့ သွားတော့မယ် ''
ဘိုင်လိရွှမ်နှင့် စီရွှယ်ယီတို့သည် နောက်ဆုံးတွင် သဘောတူညီမှု တစ်ခုရရှိခဲ့ပြီး၊ တာအိုတရား ရင်ပြင်မှ ထွက်ခွာသွားကြ လေသည်။
***