ကောက်ကျစ်သော မြေခွေးများ။
Vol. 11 Ch. 152
" သူတို့ နှစ်ဖွဲ့ ပူးပေါင်းလိုက်တာလား "
" သင်္ချိုင်းမြေမှာ တခြားအခွင့်အရေးတွေ ရှိသေးပုံပဲ "
“ ငါတို့ မရောက်ခင်မှာ ဂိုဏ်းနှစ်ဂိုဏ်းက သင်္ချိုင်းမြေတစ်ခုလုံးကို ဖြတ်ကျော်ပြီးနေပြီ။ သူတို့ တစ်ခုခုကို ရှာတွေ့ခဲ့တာဖြစ်မယ် "
" ကြာတယ် သွားကြည့်ရအောင်....."
ဂိုဏ်းကြီးနှစ်ဂိုဏ်း၏ လုပ်ဆောင်ချက် များသည် လူအုပ်ကြီး၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ ယခုအချိန်၌ သင်္ချိုင်းမြေအတွင်းနတ်ဆိုးစွမ်းအင်များ အလွန်ပါးလွှာ လာကြသောကြောင့် လူတိုင်း၏ အတွေးသည် သင်္ချိုင်းမြေ အတွင်းဆီသို့ ရောက်ရှိသွားကြသည်။
ဝှစ်..... ဝှစ်...... ဝှစ် ။
ဒီရေလှိုင်းများကဲ့သို့ ဂိုဏ်းနှစ်ဂိုဏ်းနောက်မှကပ်လိုက်သွားကြကာ၊ သင်္ချိုင်းမြေ၏ အနက်ပိုင်းဆီ ဦးတည်လိုက်ကြသည်ကြောင့် တာအိုတရားရင်ပြင်သည် ချက်ချင်းပင် ခန်းခြောက်သွားလေသည်။
မင်ယီ၏ မျက်လုံးများမှာ မှေးစင်းသွားပြီး၊ ဤအခွင့်အရေးကို လက်လွှတ်ဖို့ရန် တွန့်ဆုတ်နေခဲ့သည်။ ခဏအကြာတွင် သူက လင်းယွန်ဘက်သို့ လှည့်ကြည့်လိုက်ပြီး၊
" အစ်ကိုလင်း၊ မင်းတကယ် မကြည့်တော့ဘူးလား"
သူက မျှော်လင့်ထားဆဲဖြစ်ပြီး၊ လင်းယွန်သာ ပူးပေါင်းခဲ့ပါက၊ လမ်းခရီး၌ များစွာအကျိုးအမြတ် ရရှိလာနိုင်ပေမည်။
" အစ်ကိုမင်၊ ဘိုင်လိရွှမ်နဲ့ စီရွှယ်ယီက လူတိုင်းကို တမင်တကာ ဖြားယောင်းနေတယ်လို့ မင်းမခံစားရဖူးလား...."
မင်ယီက သက်ပြင်းမချမီ ခေတ္တမျှ အံ့အားသင့်သွားကာ၊
“ ဒါက ဖြစ်နိုင်ပါတယ်၊ သူတို့က နောက်ထပ် အမြောက်အစာတွေ ရှာချင်နေတာ ”
ဘိုင်လိရွှမ်သည်သာ နန်းတော်သင်္ချိုင်းဂူထဲသို့ ဝင်ရောက်ဖို့ရန် ယုံကြည်မှုရှိပါက၊ ဤသို့ထင်ပေါ်အောင် လှုပ်ရှားမည် မဟုတ်ချေ။ အဆုံးမတော့ တာအိုတရားရင်ပြင်မှ ထွက်ခွာပြီးနောက် တိတ်တဆိတ် ဆောင်ရွက်သင့်ပေသည်။
“ ဒါက ဘိုင်လိရွှမ်အတွက် ပြဿနာရဲ့ အရင်းအမြစ် မဟုတ်လောက်ဖူး၊ အရေးကြီးဆုံးက နန်းတော်သင်္ချိုင်းဂူဟာ မင်းထင်ထားတာထက် ပိုကြောက်စရာကောင်းတယ်လို့ ငါထင်တယ် ”
လင်းယွန်၏စကားကြောင့် မင်ယီ၏မျက်နှာသည် မည်းမှောင်သွားကာ သူ့နှလုံးသားကို လေးလံသွားစေသည်။
"အစ်ကိုလင်း၊ မင်းက ဘိုင်လိရွှမ်နဲ့ ယှဉ်ပြိုင်ဖို့ စိတ်ကူးမရှိဘူးလား"
မင်ယီက လင်းယွန်ကိုကြည့်ကာ မဝံ့မရဲ မေးလိုက်သည်။
“ သူဆုပ်ကိုင်ထားနိုင်တဲ့ ဓားရည်ရွယ်ချက်ကို မင်းက နားမလည်နိုင်လို့၊ မင်းကို ရှင်းပြဖို့ရာ ငါ့မှာ နည်းလမ်းမရှိပါဘူး၊ ရွေးချယ်စရာရှိရင် သူ့ကို မစော်ကားမိအောင် ကြိုးစားပါ။ ”
လင်းယွန်က တွေဝေခြင်းမရှိ ပြန်ဖြေလိုက်သည်။ ဘိုင်လိရွှမ်နှင့် ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်ဖူးခြင်း မရှိသော်လည်း၊ သူထားခဲ့သော ဓားရည်ရွယ်ချက်သည် ကြောက်စရာကောင်းလွန်းလှကာ၊ သူ၏ စစ်မှန်သော ခွန်အားမှာ မည်မျှ ထိတ်လန့်စရာ ကောင်းသည်ကို မည်သူမဆို တွေးကြည့်နိုင်ပေသည်။
မကြာခင်ကပင် ဘိုင်လိရွှမ်ကို သိုင်းကျမ်းအား လွှဲပြောင်းပေးရန် ငြင်းဆိုခြင်းဖြင့် စော်ကားခဲ့ပြီး ဖြစ်သည်။ သို့သော် ၎င်းသည် ကြီးစွာသော အာဃာတ ဖြစ်မလာ နိုင်သော်လည်း၊ နန်းတော်သင်္ချိုင်းဂူသို့ ရောက်ရှိရင်မူ အခြေအနေသည် မည်မျှ ပြောင်းလဲသွားနိုင်သည်ကို တပ်အပ်မပြောနိုင်ချေ။
" ငါ အရင်သွားလိုက်မယ် အစ်ကိုမင်...."
မင်ယီသည် ဤအခွင့်အရေးကို လွယ်လွယ်နှင့် စွန့်လွှတ်မည် မဟုတ်ကြောင်း လင်းယွန်က သိလိုက်သည်ကြောင့် နုတ်ဆက်ထွက်ခွာ သွားသည်။
“ ဒီကောင်လေးက ပြတ်သားတယ် လောဘမကြီးဘူး၊ သူ့အကန့်အသတ်ကို သူသိတယ်… ၊ အခု သခင်လေးက ဘာဆက်လုပ်ဖို့ ရည်ရွယ်ထားလဲ။”
မီးခိုးရောင်အကြီးအကဲက သက်ပြင်းချလိုက်ပြီး လင်းယွန်ကို ချီးကျူးစကားပြောလိုက်သည်။
“ ယဇ်ပလ္လင်ဆီကနေ အကျိုးအမြတ်ကို ရိတ်သိမ်းနိုင်ခဲ့တဲ့ သူနဲ့၊ ကျွန်တော်နဲ့က မတူပါဘူး၊ ဒါကို စွန့်လွှတ်ပြီး နောက်ထပ် ဆယ်နှစ်လောက် စောင့်စေချင်တာလား ”
မင်ယီက ပြန်ဖြေလိုက်သည်။
နာရီဝက်အကြာတွင် လင်းယွန်သည် သင်္ချိုင်းမြေမှ ထွက်ခွာသွားနေစဉ်၊ ရုတ်တရက် ကျယ်လောင်သော ပေါက်ကွဲသံကြီးကို ပဲ့တင်ထပ်အောင် ကြားလိုက်ရသည်။
လင်းယွန်က လှည့်ကြည့်ရာ၊ လေပြင်းများသည် သူ့ထံသို့ ဦးတည်တိုးဝင်လာပြီး၊ သိပ်မကြာခင်မှာပင် နတ်ဆိုးသားရဲ တစ်ကောင်သည် မိုးကုပ်စက်ဝိုင်း အစွန်းဆီမှ ပျံသန်းထွက်ပေါ်လာ ခဲ့လေသည်။
တောင်ကုန်းတစ်ခုပေါ်၌ ရပ်လိုက်ကာ ထိုသားရဲထွက်ပေါ်လာရာ၊ အရပ်ဆီသို့ ငေးကြည့်လိုက်သည်။ ၎င်းနတ်ဆိုးသားရဲသည် ရှေးဟောင်းမျိုးဆက်သွေးကို အနည်းငယ် ဆက်ခံထားပုံရပြီး၊ ဤမျှအကွာအဝေး၌ပင် ပြင်းထန်သော သတ်ဖြတ်လိုခြင်း အရှိန်အဝါများကို ခံစားမိသည်။
“ ဒီလို ရှေးဟောင်နတ်ဆိုးသားရဲတစ်ကောင်တည်းနဲ့ လူဘယ်လောက် သေမယ်ဆိုတာ ဘယ်သူ သိမလဲ၊ ''
လင်းယွန်က သက်ပြင်းချလိုက်ပြီး အကြည့်ကို ရုတ်သိမ်းလိုက်သည်။ နန်းတော်သင်္ချိုင်းဂူကို ကာကွယ်စောင့်ရှောက်ရန်အတွက် ၎င်းသားရဲများအား စည်းတံဆိပ်ခတ်ခြင်းဖြင့် ခိုင်းစေထားခြင်း ဖြစ်ရပေမည်။
ဝှစ်.....။
တော်ပေါ်မှ ဖြည်းညှင်းစွာ ခုန်ချလိုက်ပြီး၊ ရှေ့ဆက်လာခဲ့သည်။ ရှေးဟောင်း နတ်ဆိုးသားရဲ များသည် ကြောက်မက်ဖွယ်ကောင်းသော်လည်း ၎င်းတို့သည် သူ့အတွက် စိုးရိမ်စရာမဟုတ်ပေ။
ယခုအချိန်တွင် သူသည် သင်္ချိုင်းမြေမှ ထွက်ခွာရန်သာ လိုတော့သည်။ နန်းတော်သင်္ချိုင်းဂူ အတွင်းရှိ ရတနာများနှင့်ပတ်သက်ပြီး လင်းယွန်က နောက်ဆံတင်းခြင်း မရှိချေ။
ခြေလှမ်း အနည်းငယ်လှမ်းပြီးနောက် သင်္ချိုင်းမြေတစ်ခုလုံး တုန်လှုပ်သွားပြီး၊ နတ်ဆိုးသားရဲများ၏ အော်ဟစ်သံများကို ကြားလိုက်ရသည်။
'' တိုက်ပွဲ စပြီလား...... ''
နောက်ဆုံးတွင် ဂိုဏ်းနှစ်ဂိုဏ်းနှင့် နတ်ဆိုးသားရဲများ၏ အသက်လုပွဲသည် စတင်လာခဲ့လေပြီ၊ လင်းယွန်က နောက်ပြန်လှည့်ကြည့် မနေတော့ပဲ၊ လျင်မြန်စွာ လျှောက်လှမ်းလာခဲ့ပြီး၊ သင်္ချိုင်းမြေမှ ထွက်ခွာသွားတော့၏။
သို့သော် ကြီးမားသော အရိပ်တစ်ရိပ်သည် သူ့ခေါင်းပေါ်မှ ဖြတ်ကျော်သွားနေစဉ် ကောင်းကင်မှ သွေးမိုးများ ရွာချလာလေသည်။
" ...ဒါ ဘာကောင်လဲ "
"ဒါက နတ်ဆိုးသားရဲပဲ....ပြေး ”
သင်္ချိုင်းမြေပြင်အပြင်ဘက်ရှိ လူစုလူဝေးကြီးမှာ နိမ့်ကျသော ကျင့်ကြံမှုများကိုသာ ပိုင်ဆိုင်ထားကြကာ၊ အများစုမှာ တတိယသို့မဟုတ် စတုတ္ထအဆင့်တွင်သာ ရှိကြသည်။ ထို့ကြောင့် သူတို့သည် နတ်ဆိုးသားရဲများကို ရင်ဆိုင်ရဲခြင်း မရှိကြပဲ၊ ဤမြင်ကွင်းကြောင့် ထိတ်လန့်တကြားဖြင့် ပြေးသွားကြလေသည်။
လင်းယွန်က သူ့ခေါင်းကို မော့ကြည့်လိုက်သည်နှင့် အတောင်ပံများဖြန့်ကာ ထွက်ပြေးလာသော နတ်ဆိုးသားရဲကြီး တစ်ကောင်ကို တွေ့လိုက်ရသည်။ ထိုသားရဲ၏ ဒဏ်ရာများမှ သွေးများမှာ မိုးများရွာသွန်းသကဲ့သို့ ကောင်းကင်မှ စီးကျလာသည်။
၎င်းသွေးစက်များသည် မြေပြင်ပေါ်သို့ ကျလာသောအခါတွင် အဆိပ်ပြင်းသော မီးခိုးငွေ့များအဖြစ်၊ မြေပြင်၌ တောက်လောင်သွားသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လင်းယွန်၏ မျက်နှာသည် ပြောင်းလဲသွား၏။ ၎င်းရှေးဟောင်းနတ်ဆိုးသားရဲသည် နန်းတော်သင်္ချိုင်းဂူအတွင်းမှ ထွက်ပေါ်လာခြင်း ဖြစ်မည်။
နတ်ဆိုးသားရဲထံ၌ နက်ရှိုင်းသော ဓားရာများကြောင့်၊ ဘိုင်လိရွှမ်ကို သတိရစေခဲ့မိပြီး၊
ယင်းသားရဲသည် ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိခဲ့သော်လည်း၊ ၎င်း၏ ကြမ်းကြုတ်သော အရှိန်အဝါမှာ ထိတ်လန့် တုန်လှုပ်ဖွယ် ကောင်းနေဆဲဖြစ်သည်။ သွေးစက်များ ထိရုံမျှဖြင့် ကျင့်ကြံသူများကို အရေအပြားများ လောင်ကျွမ်းသွားစေသည်။
'' ဝှစ်.............ဝှီး ''
လင်းယွန် သက်ပြင်းချလိုက်ချိန်တွင်၊ နတ်ဆိုးသားရဲမှာ မြေပြင်ပေါ်သို့ ပြုတ်ကျလာပြီး၊ မိုးခြိမ်းသံများနှင့်အတူ မြေပြင်များလှုပ်ခါလာကာ၊ များပြားသော ဖုန်မှုန့်များ လွင့်တက်လာခဲ့သည်။
'' ဝရုန်း........''
နတ်ဆိုးသားရဲကောင် ကျဆင်းသွားပြီးနောက်၊ လူရိပ်သုံးရိပ်သည် ဖုန်မှုန့်များကြားထဲသို့ တဟုန်ထိုးပြေးဝင်သွား လေသည်။ လင်းယွန်က သူ့မျက်လုံးများကို မှေးစင်းထားလိုက်ပြီး၊ လေးနက်သော အသံဖြင့် ရေရွတ်လိုက်သည်။
" ဒီနက်နဲတပိုင်း သိုင်းသမားတွေက ကြာပန်းပလ္လင်တွေကို သိမ်းပိုက်ထားခဲ့တဲ့ သူတွေ မဟုတ်လား"
ထိုလူအိုကြီး သုံးယောက်တို့သည် ကြာပန်းပလ္လင်ကို အရှက်မဲ့စွာသိမ်းပိုက်ထားကြသော်လည်း၊ အဆုံးတွင် အနိမ့်ဆုံးရလာဒ်သာထွက်ပေါ်ခဲ့ပြီး၊ ဟားစရာ ဟာသတစ်ပုဒ်ဖြစ်လာခဲ့သည်။
ယခုအကြိမ်၌လည်း ဘိုင်လိရွှမ်နောက်လိုက်ကာ၊ နန်းတော်ဂူထဲသို့ ဝင်ရောက်စွန့်စားရဲခြင်း မရှိပဲ၊ ဒဏ်ရာရလာသော နတ်ဆိုးသားရဲများအား လိုက်လံ ရိတ်သိမ်းဖို့ရန် ကြိုးစားနေခဲ့ခြင်းကြောင့် လင်းယွန်က ပြုံးလိုက်မိသည်။ တစ်ဆက်တည်းမှာပင် လျင်မြန်စွာဖြင့် သူတို့နောက်သို့ လိုက်ရန် ဆုံးဖြတ်လိုက်၏။
" ကျွတ်.... ကျွတ်၊ ဒီနတ်ဆိုးကောင်က သေသွားပုံရတယ်၊ ဓားနန်းတော်နဲ့ လနတ်ဆိုးဗိမ္မာန်တို့က တကယ်ပဲ ကြောက်စရာကောင်းလိုက်တာ၊ သူတို့ပူးပေါင်းတိုက်ခိုက်မှုရဲ့ ခွန်အားက နက်နဲသိုင်းသမားတွေနဲ့တောင် နှိုင်းယှဉ်နိုင်တယ်၊ ဒီလို ရှေးဟောင်းနတ်ဆိုးသားရဲ တစ်ကောင်ကတောင် ခုခံနိုင်စွမ်း မရှိပါလား။”
" အဲ့ဒီလူအုပ်ကြီးက ဘိုင်လိရွှမ်ဆီကနေရတနာတွေကိုလုယူဖို့ အိပ်မက်မက်နေတဲ့ လူမိုက်တစ်စုပဲ ....."
“ တံခါးစောင့် နတ်ဆိုးတစ်ကောင်တည်းကပင် အရမ်းကြောက်စရာ ကောင်းလွန်းပြီ၊ ဒါကြောင့် နန်းတော်သင်္ချိုင်းဂူက ပိုလို့တောင် အန္တရာယ်များ ရမယ်။”
" ဒါအမှန်ပဲ၊ ဒီလို ရှေးဦးနတ်ဆိုးသားရဲတွေရဲ့ အမြုတေက ဘယ်လောက်တောင်တန်ဖိုးရှိလိုက်လဲ..... ''
" ဟဲ ဟဲ ဒါက ရှေးဟောင်းသားရဲ အမြုတေပဲ…”
အဘိုးကြီးသုံးဦးသည် မြေမှုန့်များရှင်းလင်းသွားပြီးနောက်၊ နတ်ဆိုးသားရဲကောင်ကို မြင်လိုက်ရသောအခါတွင် သူတို့၏မျက်လုံးများသည် လောဘကြီးစွာဖြင့် တဖျပ်ဖျပ်ခတ်သွားကြသည်။
'' ဖြောင်း.....၊ ဖြောင်း ဖြောင်း ''
သို့သော် ရုတ်တရက် လက်ခုပ်တီးသံ ထွက်ပေါ်လာသောကြောင့် လူအိုကြီးသုံးယောက်မှာ သတိအနေအထားဖြင့် အော်ဟစ်လိုက် ကြသည်။
"ဘယ်သူလဲ ......"
" ဘယ်ကောင်က အမှောင်ထဲမှာ ပုန်းနေတာလဲ၊ အခုချက်ချင်း ဒီကို ထွက်လာပါ၊ မဟုတ်ရင် ငါ့ကို ရိုင်းစိုင်းတယ်လို့ အပြစ်မတင်နဲ့ "
အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြပြီး၊ သတ်ဖြတ်ခြင်းအသိကိုထုတ်ဖော်လိုက်ကာ၊ ပါတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ကြ၏။
“ သိပ်ကိုကြောက်စရာကောင်းတဲ့ သတ်ဖြတ်ခြင်းအသိတွေပါလား...... စီနီယာတို့ တွေ့ရတာဝမ်းသာပါတယ်...''
လင်းယွန်က အပြုံးဖြင့် အမှောင်ထဲမှ ထွက်လာသည်။
" ....ဒါက လင်းယွန်လား "
လင်းယွန်ကို မြင်သောအခါ အဘိုးကြီး သုံးယောက်မှာ စိတ်သက်သာရာ ရသွားပြီး၊ တစ်ချိန်တည်းမှာပင် သူတို့၏ မျက်လုံးများတွင် လောဘများဖြင့် ဖျတ်ခနဲ တောက်ပသွားသည်။ ဤလင်းယွန်သည် နက်နဲသိုင်းကျမ်းကို ပိုင်ဆိုင်ထားသော လမ်းလျှောက်နေသည့် ရတနာသိုက်ကြီး ဖြစ်ပေရာ၊ လင်းယွန်ကို ကြည့်နေသော သူတို့မျက်လုံးများထဲတွင် လောဘကို ဖုံးကွယ်မထားနိုင်ပေ။ လင်းယွန်ကို သတ်ပစ်နိုင်လိုက်လျှင် ၎င်းတို့သည် ရှေးဦးသားရဲ အမြုတေထက် ပို၍ ရိတ်သိမ်းနိုင်မည် ဖြစ်သည်။
" ဒါနဲ မင်းတို့သုံးယောက်က ဝမ်ဘိုကို အနိုင်ယူနိုင်လား..........''
ရုတ်တရက် လင်းယွန်၏ မေးခွန်းကို ကြားသောအခါတွင် အဘိုးအိုသုံးယောက်စလုံးမှာ အံ့အားသင့် သွားကြသည်။ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ၎င်းတို့ထဲမှ တစ်ဦးက လင်းယွန်အား မျက်မှောင်ကြုတ် ကြည့်လိုက်ကာ၊
“ ဝမ်ဘိုက ဝမ်မျိုးနွယ်စုကနေ ဆင်းသက်လာတဲ့ နက်နဲတပိုင်းသိုင်းသမားတစ်ယောက်ပဲ၊ ငါတို့လို လေလွင့်ကျင့်ကြံသူတွေနဲ့ နှိုင်းယှဥ်လို့ ရနိုင်တဲ့သူ မဟုတ်ဘူး။ ”
" ကောင်းပြီ၊ ဒါဆို မင်းမှာ ကောင်းကင်ရတနာ ရှိလား "
" ကောင်လေး၊ မင်းဘာပြောဖို့ ကြိုးစားနေတာလဲ၊ ငါတို့မှာ ကောင်းကင်ရတနာသာရှိရင် ဘိုင်လိရွှမ်ကို ဂရုစိုက်မှာလား။"
" ဒါဆို မင်းတို့က သေချင်နေတာလား "
'' ................. ''
" အခု ဘာလို့ဒီမှာရှိနေကြတာတုန်း၊ မင်းတို့ ထွက်သွားဖို့ စိတ်မကူးကြဖူးလား "
စကားဆုံးသည်နှင့် လင်းယွန်၏ မျက်နှာသည် သတ်ဖြတ်လိုသော အရိပ်အယောင်များဖြင့် နစ်မြုပ်သွားလေသည်။ တစ်ချိန်တည်းမှာပင် သူ့လက်ထဲ၌ ကောင်းကင်ရတနာတစ်ခု ထွက်ပေါ်လာပြီး လူအိုကြီးသုံးယောက်ထံသို့ ချိန်ရွယ်လိုက်သည်။
လူအိုကြီးသုံးဦးသည် ၎င်းအား တွေ့မြင်လိုက်ရသောအခါ ထိတ်လန့်သွားကာ၊ မျက်လုံးများ ပြူးကျယ်သွား၏။
ကောင်းကင်ရတနာ။
ဤအခိုက်အတန့်တွင် လင်းယွန်၏ မေးခွန်းများကို နားလည်သွားကြပြီး၊ မျက်နှာများပျက်ယွင်းသွားကြသည်။
***