← Chapters

သေခြင်းတရားဖြင့် ပေးဆပ်ခြင်း။

Vol. 11 Ch. 154

သေခြင်းတရားဖြင့် ပေးဆပ်ခြင်း။

Vol. 11 Ch. 154

ထက်ရှသောဓားအလင်းနှင့်အတူ ဓားရည်ရွယ်ချက်သည် ကောင်းကင်သို့ ထိုးဖောက်သွားကာ၊ အရှိန်အဟုန်ဖြင့် မိုးကုတ်စက်ဝိုင်းကို ဖြတ်ကျော်သွား ခဲ့လေသည်။

ဘိုင်လိရွှမ်ထံမှ ထွက်ပေါ်လာသော ဤဓားရည်ရွယ်ချက်ကြောင့် လင်းယွန်မှာ စိတ်ပျက်အားငယ်သွား၏၊ ဝမ်ဘိုသည်ပင် ယင်းဓားချက်ကို ထိပ်တိုက်ရင်ဆိုင်နိုင်မည် မဟုတ်ကြောင်းကို ခန့်မှန်းလိုက်မိသည်။ ဒဏ်ရာပြင်းထန်သော မိန်းမငယ်အတွက်မူ ဆိုဖွယ်ရာမရှိပေ။

'' ဝှစ်.......... ''

လူရိပ်ပေါင်းများစွာသည် လေတိုးသံများ ဖြစ်ပေါ်လာစေလျက် အနီးနားရှိ တောင်ကုန်း များ ပေါ်သို့ ဆင်းသက်လာ ကြသည်။ ဘိုင်လိရွှမ်၏ ရက်စက်ပြင်းထန်သော ဓားချက်ကြောင့် ထိတ်လန့် အံ့အားသင့်သွား မိသည်။

" ကြောက်စရာကောင်းလိုက်တဲ့ ဓားချက်။ "

“ ဒီမကောင်းဆိုးရွားမက နောက်ဆုံးတော့ ဘိုင်လိရွှမ်ရဲ့လက်မှာ သေရတာပဲ မဟုတ်လား....''

" သင်္ချိုင်းမြေတုန်းကသာ ဒဏ်ရာမရရှိခဲ့ဘူးဆိုရင် သူ့ကို ဖိနှိပ်ဖို့မလွယ်ဖူး၊ ဘိုင်လိရွှမ်နဲ့ စီရွှယ်ယီကိုတောင် လှည့်စား လုယူသွားနိုင်တာကိုပဲ ကြည့် ....."

“ ဒီဓားချက်က တကယ့်ကို ရက်စက်လွန်းတယ်၊ ဘိုင်လိရွှမ်က သူမကို အသက်ရှင်ခွင့်ပေးဖို့ အစီအစဉ်မရှိဘူး ထင်တယ် "

နန်းတော်သင်္ချိုင်းဆီမှ တကောက်ကောက် လိုက်ပါလာကြသော ကျင့်ကြံသူများသည် အဆိုပါ မြင်ကွင်းကို စိတ်မကောင်းဟန်ဖြင့် ကြည့်နေခဲ့ကြသည်။

မည်သို့ပင် ဆိုစေကာမူ ယင်းအမျိုးသမီး ငယ်သည် ဘိုင်လိရွှမ်ကို ရင်ဆိုင် တိုက်ခိုက် နိုင်ခဲ့သူ တစ်ဦးဖြစ်ရာ၊ သူမ၏ ခွန်အားမှာ မရိုးရှင်းလှချေ။

'' .....ဘရူး ဘဝူး ''

သို့သော် ရုတ်တရက်၊ အနီးနားရှိ သိုင်းသမား များ၏ လက်ထဲတွင်ရှိသော လက်နှက်များသည် ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ပြီး၊ တစ်စုံ တစ်ရာသော တီးတိုးမြည်သံများ ထွက်ပေါ် လာလေသည်။

" ဘာဖြစ်နေတာလဲ....."

"ငါ့ဓား..............."

“ ဘာလို့ ငါ့ဓားကို ထိန်းချုပ်လို့မရ ရတာလဲ ''

လူတိုင်း ထိတ်လန့်တုန်လှုပ် နေကြချိန် မှာပင်၊ အပြာရောင် ၀တ်ဆင် ထားသော လူရိပ်တစ်ရိပ်သည် ဓားသေတ္တာ တစ်လုံးအား ထမ်းပိုးလျက် ကောင်းကင်သို့ ခုန်တက် သွားလေသည်။

ထိုလူရိပ်ထံမှ အဆိုပါ အော်မည်သံများ ထွက်ပေါ် လာရခြင်း ဖြစ်ပြီး၊ ပျံသန်း တိုးဝင်လာ သည်နှင့်အမျှ သူ၏ဓားရောင်ဝါသည် ပို၍ ပြတ်ထင် လာသည်။

သူ့ဝတ်ရုံစများနှင့် ဆံပင်ရှည်ရှည်များသည် လေထဲ၌ လွင့်မျောနေခဲ့ကာ၊ မျက်နှာပေါ်တွင် ခေါင်းမာပြတ်သားသော လက္ခဏာများ ထင်ဟပ် ပေါ်လွင်နေခဲ့သည်။

" အဲ့ဒါ လင်းယွန်ပဲ "

" သူဘာလုပ်ဖို့ ကြိုးစားနေတာလဲ၊ သူရူးနေတလား.... "

လူတိုင်း အံသြသွားကြသည်။ လင်းယွန်သည် ဘိုင်လိရွှမ်၏ ဓားကို လက်ခံဖို့ရန် ကြိုးစားနေသည်လော။

'' ဝှစ်...... ဝှစ် ''

အနားမရောက်ခင်တွင် လင်းယွန်၏ အဝတ်အစားများသည် ဘိုင်လိရွှမ်၏ ဓားအလင်း လွှာကြောင့် စုတ်ပြဲသွားပြီး သူ့ခန္ဓာ ကိုယ်၌ ဒဏ်ရာ အနည်းငယ် ရရှိ သွားခဲ့သည်။ ဓားတာအိုပေါ် နားလည်မှု၏ ကြီးမားသော ခြားနားချက် တစ်ခုပင် ဖြစ်လေသည်။

ချဉ်းကပ်လာသောအခါတွင် ဓားဆန္ဒများသည် မည်မျှ အားကောင်းသည်ကို သူ ခံစားသိရှိနိုင်ခဲ့သည်။ တခြားသူတစ်ယောက်သာ ဆိုပါလျှင် အနားမကပ် နိုင်ခင် ပြိုလဲကျသွားပေလိမ့်မည်။

“ အဲဒါ သူ လား ...…”

အမျိုးသမီးငယ်သည် လင်းယွန် ပြေးလာသည်ကို မြင်သောအခါ ခေတ္တ အံ့ဩသွားသည်။

" လူမိုက်......."

ဘိုင်လိရွှမ်က မျက်လုံးများ မှေးစင်းလျက် ပြုံးလိုက်သည်။

သူ့အမြင်တွင် လင်းယွန်သည် မသိနားမလည်ပဲ၊ သူ၏ဓားနယ်မြေအတွင်း ဝင်လာခဲ့ခြင်းမှာ မိုက်မဲမှုတစ်ခုသာ ဖြစ်ပေသည်။ ဓားဆန္ဒများသည် လင်းယွန်အား အပိုင်းပိုင်းခွဲပစ် လိုက်နိုင်၏။

သို့သော် ရုတ်တရက်ပင် သူ့ဓားရည်ရွယ်ချက်ဖြင့် အုပ်မိုးထားသောအလွှာသည် အက်ကြောင်းများ ထင်ဟပ်လာလေသည်။

'' ဓားတစ်လက်ရဲ့ ရည်ရွယ်ချက်တဲ့လား.....။ ''

လင်းယွန်က အံကြိတ်လိုက်ကာ ဘိုင်လိရွှမ်၏ ဓားဆန္ဒအလွှာအတွင်းသို့ ခုန်ဝင်လိုက်လေရာ၊ သူ၏ဓားရောင်ဝါသည် ရုတ်တရက်သိပ်သည်းသွားပြီး မပြည့်စုံသော ဓားရည်ရွယ်ချက်အဖြစ်သို့ ပေါင်းစပ် သွားတော့၏။

တစ်ဆက်တည်းမှာပင် မိုးကြိုးလျှပ်စီး ခန္ဓာကိုယ်ကို ထုတ်ဖော်လိုက်ကာ ဘိုင်လိရွှမ်၏ ပိတ်ဆို့ထားသော အလင်းလွှာ အတွင်းသို့ တိုးဝင်လိုက်လေသည်။

'' ..........ဗုန်း ''

မြေပြင်ပေါ်သို့ ရောက်ရှိသော အခါတွင် မြင်ကွင်းတစ်ခုလုံးကို ကောင်းကင်မှ ဓားကြီး တစ်စင်းက ပိတ်ဆို့ ထားကာ၊ ဓားမရောက် လာမီ ကြောက်မက်ဖွယ် ကောင်းသော ဓားလှိုင်း များသည် လင်းယွန်ပေါ်သို့ တိုးဝင် လာပြီး၊ သူ့တစ်ကိုယ်လုံး ကွဲကြေသွားသလို ခံစားလိုက်ရသည်။

မိုးကြိုးလျှပ်စီးခန္ဓာကိုယ်။

မဆိုင်းမတွပင်၊ လင်းယွန်၏ မျက်လုံးများတွင် ကြက်သွေးရောင် မီးတောက် များ နှင့်အတူ ခရမ်းရောင်အလင်းကို ထုတ်လွှတ် လာပြီး၊ တစ်ချိန်တည်းမှာပင် သူ၏ခန္ဓာကိုယ်သည် လျှပ်စီးများ တဖျပ်ဖျပ်လင်းလက် လာလေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဓားတစ်လက်ရောက်ရှိလာပြီး လင်းယွန်အား ခုတ်ပိုင်းလာလေသည်။

မိုးကြိုးလျှပ်စီး ခန္ဓာကိုယ်သည် ဘိုင်လိရွှမ်၏ ဓားဆန္ဒအချို့ကို အနည်းငယ် ခုခံနိုင်ခဲ့ သော်လည်း အဆိုပါဓားခုတ်ချက်အား ခုခံကာကွယ်ရန်မူ မဖြစ်နိုင်ပေ။

'' ဓား.......... ''

ထက်ခြမ်းခွဲခံရတော့မည်ဟု လူတိုင်းထင်မှတ်နေချိန်မှာပင် လင်းယွန်က ရုတ်တရက် အော်ဟစ်လိုက်ကာ ဓားကိုဖမ်းယူလိုက်သည်။

'' ချွမ်......... ''

ဓားနှစ်လက်တွေ့ဆုံပြီးနောက် ကြောက်မက်ဖွယ်ကောင်းသော ဓားဆန္ဒအောက်တွင် လင်းယွန်သည် သွေးများစွာကို ထွေးထုတ်လိုက်ရသည်။ ဘိုင်လိရွှမ်၏ ဓားနောက်တွင် ပါရှိလာသော ဓားရည်ရွယ်ချက်ကြောင့် မြေပြင်သည် ကွဲအက်ကာ ပေါက်ကွဲသွားသည်။ တစ်ချိန်တည်းမှာပင် လင်းယွန်သည် သူ့လက်၌ဓားကို ဆုပ်ကိုင်ထားကာ၊ မြဲမြံစွာ ရပ်နိုင်ခဲ့လေပြီ။

“သွား.......”

လင်းယွန်က ခက်ခက်ခဲခဲ တိုးညှင်းစွာ အော်ထုတ်လိုက်လေသည်။ သူ့နှုတ်ခမ်းမှ သွေးများကို သုတ်ယူနေစဥ်မှာပင် အမျိုးသမီးငယ်ကို ချက်ချင်း ထွက်ပြေးသွားစေလိုသည်။ ဘိုင်လိရွှမ်ထံမှ နောက်ထပ် ဓားချက်များကို ရင်ဆိုင်ရန် သူ့၌ ယုံကြည်ချက် မရှိချေ။

" ဒီလူမိုက်က မသေဘူးလား...."

ဘိုင်လိရွှမ်က ခေတ္တမျှ အံ့အားသင့်သွားသည်။ လင်းယွန်က သူ့ဓားကို ခုခံနိုင်လိမ့်မည်ဟု မမျှော်လင့်ထားမိပေ။ သို့သော် ခဏကြာတွင် သူက အေးစက်စွာ ရယ်မောလိုက်သည်။ လင်းယွန်က ယခုအချိန်တွင် ရုန်းကန်နေရကြောင်း သူပြောနိုင်သည်။

မိုးကြိုးလျှပ်စီးခန္ဓာကိုယ်ဖြင့် သူ၏ဓားကို ခံယူနိုင်ခဲ့သည်မှာ အံ့သြစရာမဟုတ်သော်လည်း၊ ဒုတိယမြောက်ဓားချက်ကိုမူ ဖမ်းယူနိုင်မည် မဟုတ်ပေ။

'' ရွှပ်............ ''

ဘိုင်လိရွှမ်က ဒုတိယမြောက်လှုပ်ရှားမှုကို စတင်ရန် သူ့ဓားအား ဝှေ့ယမ်းလိုက်သည်နှင့် ပိတ်ဆို့ထားသော ဓားဆန္ဒအလွှာသည် အက်ကွဲပြီး အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားကာ၊ မျက်စိတစ်မှိတ်အတွင်းမှာပင် လက်ထဲရှိဓားသည် ကျိုးကျသွားခဲ့တော့၏။

( ဓားတွေကို ချိုးဖြတ်နိုင်တဲ့ ခန္ဓာကိုယ်နည်းစနစ်လား.... )

ဘိုင်လိရွှမ်က အနည်းငယ် တုန့်ဆိုင်းသွားကာ၊ သူ့ဦးခေါင်းအတွင်း၌ ပုံမှန်မဟုတ်သော ခန္ဓာကိုယ်နည်းစနစ်များကို တွေးတောလိုက်မိသည်။

“ အကိုကြီး၊ ဒီမှာ......ဓား ”

ကောင်းကင်ဘုံဓားနန်းတော်ဂိုဏ်း၏ တပည့်များသည် ကျိုးကြေသွားသော ဘိုင်လိရွှမ်၏ ဓားကိုကြည့်ကာ သူတို့၏ဓားရှည်များကို လှမ်းပစ်ပေးလာ ကြ၏။

'' ဝှစ်.......ဝှစ် ဝှစ် ''

တခဏချင်းမှာပင် ဓားပေါင်းများစွာသည် ဘိုင်လိရွှမ်ဆီသို့ လွင့်ပျံတက်သွားသည်။ ဘိုင်လိရွှမ်က အနီးဆုံးရှိဓားကို လှမ်းယူလိုက်ပြီး လင်းယွန်ထံ ထိုးသွင်းလိုက်သည်။

ကြောက်မက်ဖွယ်ကောင်းသော ဓားသွားသည် မြစ်တစ်စင်းကို ခွဲထုတ်နိုင်သော အစွမ်းဖြင့်၊ နှလုံးသားဆီသို့ တိုးဝင်လာသည်ကြောင့် လင်းယွန်က သူ၏လက်နှစ်ဖက်ကို ပူးကာ ဓားကိုဖမ်းယူဟန့်တား လိုက်သည်။

'' ခရစ်.... .... ''

အကန့်အသတ်မဲ့သော ဓားရည်ရွယ်ချက် မထုတ်လွတ်နိုင်ခင်မှာပင် ဘိုင်လိရွှမ်၏ဓားသည် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားပြန်သည်။ တစ်ဖန် ဘိုင်လိရွှမ်သည် ဓားရိုးအား ဆုပ်ကိုင်လျက် တွေဝေသွားမိ၏။

“ အစ်ကိုကြီ.... ...”

နောက်ထပ် ဓားရှည်များ ထပ်မံ လွင့်စင်လာခဲ့ပြီး၊ ဘိုင်လိရွှမ်က ဖမ်းယူလိုက်ကာ လင်းယွန်ကို ထိုးချလိုက်သည်။ တစ်ဆက်တည်းမှာပင် ၎င်းဓားသည် လင်းယွန်၏လက်များဖြင့်ဖမ်းမိလိုက်ကာ၊ အံသြစရာကောင်းစွာ ကျိုးကျသွား ပြန်သည်။

'' ခရစ်.......... ''

“ဒါ က........ …”

" ဘာ ဖြစ် နေ တာ လဲ... ''

ဤသို့ ပုံမှန်မဟုတ်သော မြင်ကွင်းသည် လူတိုင်းကို အံ့အားသင့်စေခဲ့သည်။

'' ဝှစ်...... ဝှစ် ဝှစ် ''

ထပ်မံပစ်လွင့်လာသော ဓားများထဲမှ နီးစပ်ရာဓားကို ဖမ်းယူလိုက်ပြီး၊ ဘိုင်လိရွှမ်မှာ မျက်မှောင်ကြုတ်လျက် တုံ့ဆိုင်းသွားသည်။

"အခွင့်အရေးပဲ....."

လင်းယွန်က မျက်လုံးများ တောက်ပလာပြီး၊ ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ကျားနဂါးစွမ်းအားကို ထုတ်လွှတ်လိုက်သည်။ လေနှင့် တိမ်ကို ဆင့်ခေါ်လိုက်သည်နှင့် လင်းယွန်၏ အရှိန်အဝါသည် ပို၍သိပ်သည်းလာကာ၊ တစ်ချိန်တည်းမှာပင် သူ့နောက်ကျောတွင် ကျားတစ်ကောင်၏ ပုံရိပ်ထွက်ပေါ်လာပြီး၊ ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ၊ ယင်းကျားပုံရိပ်နေရာ၌ နဂါးတစ်ကောင် အစားထိုးလာလေသည်။

ခြေလှမ်း တစ်လှမ်းဆီတိုင်းတွင် လင်းယွန်၏ နောက်ကျောဆီ၌ နဂါးနှင့် ကျားတို့သည် ဟုန်းခနဲ၊ ဟုန်းခနဲ တစ်လှည့်စီ ပြောင်းလဲလာပြီး၊ မျက်စိတစ်မှိတ် အတွင်းမှာပင် နဂါးနှင့်ကျားတို့သည် တစ်ပြိုင်နက်ထွက်ပေါ်လာကာ၊ လက်သီးအတွင်းသို့ ပေါင်းစပ်သွားတော့သည်။

ခြေလှမ်းကိုးလှမ်း ပြေးလွှားပြီးနောက် ဓားတစ်လက်ကို ဖမ်းယူလျက် အနည်းငယ် တုံဆိုင်းနေခဲ့သော ဘိုင်လိရွှမ်အား လက်သီးဖြင့်ထိုးချလိုက်လေသည်။

'' ဘန်း...... ...... ''

မည်သို့ပင်ဆိုစေကာမူ ဘိုင်လိရွှမ်သည် သတိဝင်လာပြီး၊ ချက်ချင်းပြန်လည် တိုက်ခိုက်လိုက်ရာ၊ သံမဏိသားရဲ နှစ်ကောင် တွေ့ဆုံသွား သကဲ့သို့ ထိတ်လန့် တုန်လှုပ်ဖွယ် ကောင်းသော လှိုင်းများကို ဖြစ်ပေါ်လာစေ ခဲ့သည်။

လှိုင်းလုံးများ ပျောက်ကွယ်သွားပြီးနောက်၊ သူတို့ရှေ့၌ မယုံနိုင်စရာ မြင်ကွင်းတစ်ခုက စီးကြိုနေခဲ့လေသည်။

လင်းယွန်၏ လက်သီးချက်ကြောင့် ဘိုင်လိရွှမ်မှည နောက်သို့ လွင့်စင်သွားပြီး မြေပြင်ပေါ်သို့ ဆင်းသက်မိသောအခါတွင်ပင် နောက်သို့ ခြေလှမ်းသုံးလှမ်း ဆုတ်ခွာလိုက်ရသည်။ ထိုဆုတ်ခွာလိုက်ရသော ခြေလှမ်းတိုင်းတွင် မြေပြင်ပေါ်၌ နက်ရှိုင်းသော ခြေရာကြီးများ ကျန်ရစ်ခဲ့ပေ၏။

" ဘိုင်လိရွှမ် နောက်ဆုတ်လိုက်ရတာလား......"

တိုက်ပွဲ၏ ရလာဒ်သည် လူအုပ်ကြီးကို ထိတ်လန့်စေခဲ့သည်။

အခြားတစ်ဖက်တွင် လင်းယွန်က ဘိုင်လိရွှမ်နောက်သို့ လိုက်ပါတိုက်ခိုက်ခြင်း မပြုခဲ့ပဲ၊ ငြိမ်သက်စွာရပ်လျက် အားနည်း ဖြူဖျော့နေသည်။ ယခုအချိန်၌ တိုက်ခိုက်ဖို့ရန် ခွန်အားရှိခဲ့လျှင်ပင် ထပ်မံ စွန့်စားရဲမည် မဟုတ်တော့ပေ။

ဤရလာဒ်သည် ဘိုင်လိရွှမ်၏ ပေါ့လျော့မှု ကြောင့်သာ ဖြစ်ပြီး၊ အကယ်၍ သူသည် ကျား-နဂါးခြေလှမ်းများကို နောက်တစ်ကြိမ် ထပ်မံ လုပ်ဆောင်ရမည် ဆိုပါလျှင်၊ ထိုကဲ့သို့သော စွမ်းပကားကို ပြသနိုင်မည် မဟုတ်ကြောင်း သိရှိနေသည်။

လင်းယွန်က မိန်းမငယ်လေးဆီသို့ လှည့်ကြည့်လိုက်ရာ၊ အဆိုပါ မိန်းမငယ်လေးသည် သူ့အား မျက်လုံးဝိုင်းကြီးများဖြင့် ပြုံးလျက် ကြည့်နေခဲ့သည်။

'' ဝေါ့........ ''

ရုတ်တရက် လင်းယွန်က ထိုနေရာတွင်ပင် သွေးအန်လိုက်ရ၏။ ထွက်ပြေးလွတ်မြောက်နိုင်ရန် သူ့အသက်ကိုရင်းကာ အခွင့်အရေး ဖန်တီးပေးခဲ့သော်ငြားလည်း၊ သူမသည် ဤနေရာ၌ တစ်ချိန်လုံးရှိနေခဲ့သည်။

" မင်းဘာလုပ်နေလဲ ငါသေမှပြေးမှာလား.....''

လင်းယွန် ဒေါသတကြီး အော်ဟစ်လိုက်သည်။

“ ငါ....မလှုပ်နိုင်တော့ဘူး…”

အမျိုးသမီးငယ်က တိုးတိတ်စွာဖြင့် ပြန်ဖြေလာသည်။ အနည်းငယ်လှုပ်ရုံမျှနှင့် ပြင်းထန်သော နာကျင်မှုကို ခံစားလာရသည်ကြောင့် ခြေထောက်ပေါ် ထရပ်ပြေးလွှားဖို့ရန်မူ မဖြစ်နိုင်တော့ပေ။

"သွားကြရအောင်...."

လင်းယွန်က ချက်ချင်းပင် မိန်းမပျိုကို ပွေ့ချီလိုက်ကာ တဟုန်ထိုးပြေးထွက်သွားလေသည်။ တစ်ချိန်တည်းမှာပင် ထက်ရှသော ဓားတစ်လက်သည် သူ့ နောက်ကျောဆီသို့ ပျံသန်းဝင်ရောက်လာသည်။

'' ချွမ်........ ''

၎င်းဓားသည် သူ့နောက်ကျောမှ ဓားသေတ္တာနှင့် တိုက်မိသွားသည်။ ကံကောင်းထောက်မစွာဖြင့် သူ့၏ မိုးကြိုးလျှပ်စီးခန္ဓာကိုယ်သည် မပျက်စီးခဲ့ပေ။ သူက အံကိုကြိတ်ကာ ဆက်လက် ပြေးလွှာလိုက်သည်။

ဘိုင်လိရွှမ်က အသက်ရှုကြပ်ရာမှ သက်သာလာပြီးနောက်၊ သတ်ဖြတ်လိုသော အမူအရာဖြင့်၊

'' လိုက်.......... ''

ဟု အော်ဟစ်လိုက်သည်။

ဘိုင်လိရွှမ်အသံကြောင့် ဓားနန်းတော်၏ တပည့်များသာမက အခြားသော သိုင်းသမားများသည်လည်း လောဘကြောင့် မျက်လုံးများ နီရဲလာကာ၊ လင်းယွန်၏ နောက်သို့ ပြေးလိုက်သွား ကြသည်။ ခဏတာအတွင်းမှာပင် ထောင်ချီသော လူရိပ်များသည် ကောင်းကင်၌ မည်းတက်သွားခဲ့ လေပြီ။

သိုင်းသမားများစွာ၏ ပျံသန်းရာတွင် ထုတ်ဖော်ထားသော ဝိညာဉ်စွမ်းအင်များထံမှ တုန်ခါမှုများကြောင့် အပျက်အစီးနယ်မြေရှိ အဆောက်အဦများစွာ ပြိုကျသွားခဲ့သော်လည်း၊ သူတို့အားလုံးသည် လင်းယွန်နောက်သို့ မျက်ခြေမပျက် ပြေးလွှားလိုက်ပါနေကြဆဲပင်။

လင်းယွန်က လှည့်ကြည့်လိုက်ပြီး၊ ကြောက်ရွံ့မှုကြောင့် ဖျော့တော့သွား၏၊ ထောင်ပေါင်းများစွာသော လူရိပ်များကြောင့် ကောင်းကင်တစ်ပြင်လုံး မည်မှောင်နေခဲ့ပြီး ထိုမြင်ကွင်းသည် လင်းယွန်အား မသက်မသာ ဖြစ်လာစေသည်။

" မင်းက ဘာကိုလုယူလိုက်တာလဲ"

လင်းယွန်က ကူကယ်ရာမဲ့ဟန်ဖြင့် ရင်ခွင်ထဲမှ မိန်းမငယ်ကို မေးမြန်းလိုက်သည်။

“ ဟီး ဟီး၊ နန်းတော်ဂူရဲ့ အမွေခံရတနာတစ်ခုလေးတင်ပါ ”

အမျိုးသမီးငယ်က ဖျော့တော့စွာ ရယ်မောလိုက်ကာ လင်းယွန်၏ လည်ပင်းကို လက်နှစ်ဖက်ဖြင့် ချိတ်တွယ် ထားလိုက်သည်။

" ဒီလိုအခြေအနေမျိုးမှာ မင်း ရယ်နိုင်သေးလား"

လင်းယွန်က သက်ပြင်းမောကိုချလျက် ပြုံးလိုက်သည်။ ဘိုင်လိရွှမ်နှင့် တိုက်ပွဲကြောင့် အလွန်ပင်ပန်း နွမ်းနယ်နေခဲ့သည်။ လူတိုင်း ဤအရှိန်အဟုန်ဖြင့် လိုက်ပါနေခဲ့ပါက၊ အနှေးနှင့် အမြန်ဆိုသလို ဖမ်းမိသွားပေ လိမ့်မည်။ ဤမျှ များပြားသော သိုင်းသမားများကို ရင်ဆိုင်ရလျှင် ကောင်းကင်ရတနာသည်ပင် အသုံးမဝင်ပေ။

'' ခ လောက် ခွပ်.......ခလောက်ခွပ် ''

သို့သော် ဤအခိုက်အတန့်တွင် ကျယ်လောင်သော မြင်းခွာသံများ ထွက်ပေါ်လာပြီး မြေကြီးမှာ တုန်ယင်သွားခဲ့သည်။ နတ်ဆိုးသားရဲများ၏ ကြုမ်းကြုတ်သော ရောင်ဝါများ နှင့်အတူ ကြက်သွေးရောင် မြင်းတစ်အုပ်သည် ဝေးလံသော မိုးကုတ်စက်ဝိုင်းဆီမှ ထွက်ပေါ်လာလေသည်။

နဂါးလေး။

နဂါးသွေးမြင်းသည် မြင်းအုပ်အား ဦးဆောင်လျှက် လင်းယွန်၏ မျက်နှာချင်းဆိုင် အရပ်ဆီမှ အရှိန်အဟုန် ပြင်းပြင်းဖြင့် ပြေးဝင်လာသည်။

" ငါတို့ အကူအညီရပြီ ......"

လင်းယွန်က ရွှင်မြူးသွားပြီး သူ့ခြေလှမ်းများကို မြင်းအုပ်ကြီး ဆီသို့ အရှိန်မြှင့်တင် လိုက်လေသည်။

***

All Chapters