← Chapters

ကောင်းချီးလား၊ ကျိန်စာလား

Vol. 60 Ch. 797

ကောင်းချီးလား၊ ကျိန်စာလား

Vol. 60 Ch. 797

နန်းစိုက်မြို့တော်က သူတို့၏အရှေ့တွင် ဖြစ်ပြီး မြို့တံတိုင်းများ တည်ဆောက်လျက် မြို့ဧရိယာ ချဲ့နေသော ကောင်းကင်နတ်သိုင်းပညာရှင်များကို မြင်ရသည်။ ကောင်းကင်နတ်သိုင်းပညာရှင်များသည် မြို့တံတိုင်းများကို အလွန်မြင့်မားအောင် တည်ဆောက်နေကြပြီး သားရဲသွေးများဖြင့် အကာအကွယ် သင်္ကေတအမှတ်အသားများ ရေးဆွဲနေကြ၏။

ချင်မူ မြို့တံတိုင်း၏အောက်သို့ ရောက်လာသည့်အခါ လှည့်ပတ်မေးကြည့်သည်။ မြို့ကို ပြုပြင်တည်ဆောက်ရန် တာဝန်ကျသော ကောင်းကင်နတ်သိုင်းပညာရှင်တစ်ယောက်က စက်မှုစံအိမ်၏ ဂိုဏ်းသားတစ်ယောက် ဖြစ်၏။ “တလောက နတ်ဘုရားတစ်ပိုင်းတစ်ယောက် နတ်သားရဲကြီးအသွင် ပြောင်းပြီး မြို့တော်ကို တိုက်ခိုက်ခဲ့လို့ မြို့တံတိုင်းတစ်ခြမ်း ပျက်စီးသွားတယ်ဗျ... အဲဒါနဲ့ ဧကရာဇ်အတိုင်ပင်ခံက မြို့တော်ကို တိုးချဲ့ပြီး တံတိုင်းတွေ ခပ်မြင့်မြင့် တည်ဆောက်ဖို့ အမိန့်ပေးထားတာပါ... ဂိုဏ်းသခင်၊ ကျေးဇူးပြုပြီး ဝင်္ကပါစံအိမ်က ရေးဆွဲပေးထားတဲ့ ဒီအမှတ်အသားတွေကို တစ်ချက် ကြည့်ပေးပါဦး... သုံးလို့ရလား”

ချင်မူက သူ့ဆီမှ ဝင်္ကပါသင်္ကေတအမှတ်အသားများကို ယူပြီး အသေးစိတ် ကြည့်သည်။ ဝင်္ကပါက အလွန်အနုစိတ်ပြီး ပညာသားပါပါ လှပနေသည်။ သူ အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “မဆိုးဘူး... ဝင်္ကပါစံအိမ်ရဲ့ စွမ်းရည်တွေက ငါ့ထက် သာသွားပြီပဲ... လိုက်မှီဖို့ အချိန်တစ်ခုအထိ လေ့လာရတော့မယ်”

“ဂိုဏ်းသခင်ကတော့ ကျွန်တော်တို့ကို မြှောက်နေပြီ”

ထိုဂိုဏ်းသားသည် အပြုံးတစ်ခုဖြင့် ပြော၏။ “လှံနတ်ဘုရားက အင်ပါယာတစ်ဝန်းမှာ ဝင်္ကပါပညာ လိုက်သင်ပေးတာ ကြာပြီဗျ... တန်ခိုးရှင်သစ်ခုတ်သမားကလည်း ခိုင်ဧကရာဇ်ခေတ်ရဲ့ ဝင်္ကပါပညာရပ်တွေကို စိစစ်ပြီး သူ့ဆီ ပေးခဲ့တယ်... လှံနတ်ဘုရားက ကျွန်တော်တို့ကို ပြန်သင်ပေးတော့ ကျွန်တော်တို့လည်း ပညာတွေအများကြီး ရခဲ့ပါတယ်”

ချင်မူ လျှောက်သွားနေသည့်အချိန်တွင် မျက်ကန်း၊ နးကန်းနှင့် ကျန်ရှိသူများသည် သူတို့တတ်မြောက်ထားသော ပညာရပ်များကို အင်ပါယာတစ်ခွင်၌ လိုက်လံသင်ကြားပေးခဲ့ကြ၏။ တန်ခိုးရှင်သစ်ခုတ်သမား၊ ကောင်းကင်ဆရာသခင် တံငါသည်၊ တိရီယွဲ့အစအရှိသော အဆင့်မြင့်သိုင်းပညာရှင်များဆီမှ အထောက်အပံ့နှင့်အတူ ထာဝရငြိမ်းချမ်းရေးအင်ပါယာကား နတ်ဘုရားလို အမြန်နှုန်းဖြင့် တိုးတက်လာခဲ့သည်။

ပုံမှန်အတိုင်းသာ ဆိုပါက ထာဝရငြိမ်းချမ်းရေးအင်ပါယာအနေဖြင့် သေချာပေါက် တိုးတက်စည်ပင်လာမည်ဖြစ်သော်လည်း ကမ္ဘာဦးဘုံပွင့်လာသည့် ဖြစ်ရပ်ကြောင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ အပိုင်းပိုင်း ကွဲထွက်သွားခဲ့သည်။

ယခုတွင် မူလပိုင်နက်များအပေါ် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အာဏာသက်ရောက်မှုမှာ လွန်စွာနိမ့်ဆင်းနေပြီ ဖြစ်၏။

များစွာမကြာလိုက်ဘဲ သူတို့ ဧကရာဇ်အတိုင်ပင်ခံ၏ စံအိမ်သို့ ရောက်လာကြသည်။ ဧကရာဇ်အတိုင်ပင်ခံမှာ နန်းတော်မှ ယခုတင် ပြန်ရောက်လာပြီး ပင်ပန်းနေသောကြောင့် နားနေသည်။ ဧကရာဇ်အတိုင်ပင်ခံ၏ ဇနီးက ချင်မူ့ကို လာကြိုကာ ပြောလေ၏။ “မောင်ကြီးက သူပုန်တွေကို နှိမ်နင်းဖို့ အပြင်သွားနေရာကနေ အခုမှ ပြန်‌ရောက်တာ ဂိုဏ်းသခင်ရေ.. ဧကရာဇ်ကလည်း သူ့ကို နန်းတွင်းမှာ ဆယ်ရက်ကျော်လောက် ခေါ်ထားသေးတော့ သူ တကယ် ပင်ပန်းနေပြီ”

ချင်မူ အားတုံ့အားနာ ပြောလိုက်မိသည်။ “ညီလေး အနားယူနေတာကို နှောင့်ယှက်မိလို့ တောင်းပန်ပါတယ်”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြောသည်။ “ဒုတိယအစ်ကိုကတော့ ယဉ်ကျေးလွန်းနေပါပြီ... အင်ပါယာ အန္တရာယ်ထဲ ရောက်နေတော့ ငါ လုပ်သင့်တာ လုပ်နေရုံပါ... ဧကရာဇ်လည်း ဝိတ်ကျပြီး အရိုးပဲ ကျန်တော့တယ်... ဘုရင်ကတောင် အဲဒီလိုဖြစ်နေရင် ငါလည်း ဒီတိုင်း ဘယ်ထိုင်နိုင်ပါ့မလဲ... မင်းက ဘယ်တော့မှ အကြောင်းမရှိဘဲ လာတတ်တာ မဟုတ်ဘူး... ဒီတစ်ခေါက် အရေးတကြီး ကိစ္စရှိတာပဲ ဖြစ်မယ်”

ချင်မူမှာ တခဏ ချီတုံချတုံ ဖြစ်နေပြီးနောက် လာရသည့်အကြောင်းကို ပြောလိုက်၏။ “ကလေး ဘယ်လိုမွေးရမလဲ သိချင်လို့ အကြံလာတောင်းတာပါ”

ဧကရာဇ်အတိုင်ပင်ခံကတော်မှာ ချင်မူ အလေးအနက်ကိစ္စများ ပြောချင်သည်ထင်ထားသော်လည်း သူ့စကား ကြားသည့်အခါ ရှက်သွားတော့သည်။ သူမက ကပျာကယာ ထလိုက်သော်လည်း ရုတ်တရက် ပြန်လှည့်လာပြီး ကုန်းစွန်းယန်ကိုလည်း ခေါ်သွားသည်။ “ယောက်ျားသားတွေ စကားပြောပါစေ... မမတို့လည်း စကားလေးဘာလေး ပြောကြတာပေါ့”

ဧကရာဇ်အတိုင်ပင်ခံက သူတို့ထွက်သွားသည်အထိ စောင့်ပြီး ဆူသည်။ “အင်ပါယာ ဒီလောက် ဒုက္ခရောက်နေတာတောင် မင်းက ကလေးမွေးချင်သေးတယ်လား... ချင်မူ၊ ငါ မင်းကို ငါ့အစ်ကိုကြီးအဖြစ် လေးစားခဲ့တာကွ... ဘာလို့ ဒီလောက်အလိုက်ကမ်းဇိုး မသိတာလဲ”

ချင်မူက အလျင်အမြန် ရှင်းပြသည်။ “ကျွန်တော် ကောင်းကင်တံတား ကောင်းကင်ရတနာအသစ် ဖွင့်ပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာက လူတွေ ကောင်းကင်တံတားကျိုးနေတဲ့ ပြဿနာကို တစ်ခါတည်း ဖြေရှင်းနိုင်ဖို့ သိုင်းပညာကောင်းကင်ဆရာသခင်ကို ကျွန်တော့်ကောင်းကင်တံတားရတနာ ဖျက်စီးခိုင်းထားတာပါ... ကလေးမွေးဖို့ တွေးနေတဲ့ အကြောင်းရင်းက ကျွန်တော် ဖွင့်ခဲ့တဲ့ ခုနစ်ခုမြောက် ကောင်းကင်ရတနာကို ကျွန်တော်တို့မျိုးဆက်တွေ အမွေဆက်ခံနိုင်မလား  ကြည့်ချင်လို့... အမွေဆက်ခံနိုင်ရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာသားတွေရဲ့ ပြဿနာကို အမြစ်ကနေ ရှင်းပစ်နိုင်ပြီ”

“ငါ အထင်လွဲသွားတယ်”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ထရပ်ပြီး ဦးညွှတ်အရိုအသေပေးသည်။ သူက ရိုးသားဖြောင့်မတ်စွာ ပြော၏။ “ဒုတိယအစ်ကိုက ကမ္ဘာပေါ်က လူသားတွေအတွက် တွေးပေးပြီး ကမ္ဘာကြီးကို ပခုံးပေါ် ထမ်းပေးထားမယ်လို့ မတွေးမိခဲ့ဘူး.. မင်းက ကောင်းကင်းတံတား ကောင်းကင်ရတနာကိုတောင် ဖျက်စီးခဲ့ပေမယ့် ငါကိုယ်တိုင်က မင်းလို သတ္တိမရှိဘဲ စွပ်စွဲခဲ့မိတယ်... တကယ်ပဲ ငါ့အစ်ကိုကြီးအဖြစ် လေးစားထိုက်ပါပေတယ်... ကမ္ဘာသူကမ္ဘာသားတွေကိုယ်စား ငါ မင်းကို ကျေးဇူးတင်ပါတယ်”

ချင်မူ သူ့ကို ကမန်းကတန်း ဆွဲထူကာ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ကျွန်တော်က မထိုက်တန်ပါဘူးဗျာ... ညီလေး ပြောပါဦး၊ ကလေး ဘယ်လိုမွေးရမှာလဲ”

ဧကရာဇ်အတိုင်ပင်ခံမှာ ရုပ်ကြီးတည်နေရာမှ ရှက်သွားပြီး ခေါင်းတဟမ်းဟမ်း ဟန့်သည်။ သူ့ကြည့်ရသည်မှာ မည်သို့ပြောရမှန်းမသိ ဖြစ်နေပုံရလေသည်။

ချင်မူက မသင်္ကာသလို ပြောလေသည်။ “သိရက်သားနဲ့ မပြောချင်ဘူးပေါ့.... တစ်ယောက်တည်း လျှိုထားတယ်”

ဧကရာဇ်အတိုင်ပင်ခံ အလျင်အမြန် ပြောလိုက်သည်။ “မူလတန်းကျောင်းသား သွားမေးတောင် သိတယ်ဟ.. ဒီအကြောင်းကို မူလတန်းမှာ သင်ရတယ်... သွား နားထောင်ကြည့်”

ချင်မူ ခေါင်းယမ်းလိုက်သည်။ “ကျွန်တော်က မူလတန်းမှ မတက်ဖူးတာ... မဟာမြို့ပျက်က ထွက်လာတော့ နန်းတွင်း‌ကောလိပ်ထဲ တန်းဝင်ခဲ့ရတာလေ”

ဧကရာဇ်အတိုင်ပင်ခံ မျက်မှောင်ကြုတ်သွား၏။ သူက ဘေးဘယ်ညာ ကြည့်ကာ ခပ်တိုးတိုး ပြောသည်။ “ငါ ပစ္စည်းတစ်ခု သွားယူလိုက်ဦးမယ်... အဲဒါ မြင်ရင် မင်း နားလည်မှာပါ” ထိုသို့ပြောပြီး ခပ်သုတ်သုတ် ထွက်သွားလေသည်။

တခဏကြာသော် သူက သူခိုးသူဝှက်လို ခိုးကြောင်ခိုးဝှက် ပြန်ရောက်လာပြီး အင်္ကျီလက်အိုးထဲမှ စာအုပ်တစ်အုပ် ထုတ်လိုက်သည်။ စာအုပ်ကို ချင်မူ့လက်ထဲ ထိုးထည့်ပေး၏။ “ငါလည်း အစတုန်းက ဒီကိစ္စတွေ မသိဘူး... ယောက်ျားနဲ့ မိန်းမအကြား ဆက်ဆံရေးတွေ သိပ်နားမလည်ခဲ့ဘူး... ဧကရာဇ် ငါ့ကို မိန်းမပေးစားတုန်းက ဘာလုပ်ရမှန်း မသိဖြစ်နေလို့ ဧကရာဇ်က ငါ့ကို ဒီစာအုပ်ပေးခဲ့တာ... ဖတ်ပြီး ငါလည်း နားလည်သွားတယ်... မင်းလည်း ဖတ်ကြည့်၊ သေချာပေါက် နားလည်လိမ့်မယ်”

ချင်မူ စာအုပ်အဖုံးကို ကြည့်လိုက်သည်။ အဖုံးပေါ်တွင် ‘နန်းစိုက်မြို့တော်၏ ဒဏ္ဍာရီအချစ်ဇာတ်လမ်း’ ဟု ရေးထားလေသည်။ ချင်မူ စာအုပ်ကို လှန်ကြည့်သည့်အခါ အထဲတွင် ယောက်ျားမိန်းမ ရုပ်ပုံများသာ ရှိသည်။ ရုပ်ပုံများက လှုပ်ပင်လှုပ်ရှားနေရာ ပန်းချီပညာ မည်မျှနက်နဲကြောင်း သက်သေပြနေ၏။ ပန်းချီဆရာက အသက်ဝင်နေအောင် ရေးဆွဲခဲ့သည်သာမက စာပေသမားပြောခဲ့သည့်အတိုင်း ပန်းချီလမ်းစဉ်၏ ပထမအဆင့်သို့ ဝင်ရောက်နေပြီဖြစ်သည်။ အမှန်တကယ် လက်ရာမြောက်လှပေသည်။

ချင်မူမှာ ရုပ်ပုံများကို ကြည့်ရင်း မျက်နှာနီရဲလာကာ ကပျာကယာ အဖုံးပြန်ပိတ်လိုက်သည်။ “ဘယ်လိုဟာကြီးတွေတုန်း... ရှက်စရာကြီး... ကလေးမလိုချင်တော့ဘူး”

ဧကရာဇ်အတိုင်ပင်ခံက ပြောသည်။ “ငါလည်း အစတုန်းက ရှက်စရာကြီး၊ ညစ်ပတ်တယ်၊ သူတော်စင်တရားကို စော်ကားရာရောက်တယ်လို့ ထင်ခဲ့တာပဲ... စမ်းကြည့်တော့မှ မဆိုးမှန်း သိတာ... စိတ်ဝင်စားစရာတောင် ကောင်းသေးတယ်”

ချင်မူ ရင်ထဲ နာကျင်သွားပြီး စက်ဆုပ်ရွံရှာသလို ပြောလိုက်၏။ “ညီလေး၊ မင်းတော့ အဆင့်ကျသွားပြီပဲ”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက လက်မခံဘဲ ပြန်ချေပသည်။ “ဒါက လူ့သဘာဝပဲကွ... ဘာကို အဆင့်ကျရမှာလဲ... မင်း မလိုချင်ရင် ငါ့ ပြန်ပေး.... မင်းကို မငှားတော့ဘူး”

ချင်မူက ပြန်ပေးရန် ပြင်လိုက်သော်လည်း ရုတ်တရက် ပြန်ယူလိုက်သည်။ “အရင်ဆုံး ကြည့်ကြည့်ပြီး ဒီလှုပ်ရှားမှုတွေကို အကဲဖြတ်ကြည့်ဦးမယ်... အမ်၊ လက်ရာက ရင်းနှီးနေသလိုပဲနော်... နန်းစိုက်မြို့တော်ရဲ့ ဒဏ္ဍာရီအချစ်ဇာတ်လမ်းကို ဘယ်သူ ရေးခဲ့တာလဲ”

သူ၏သံသယများ ကြီးထွားလာတော့သည်။ အဖုံးနှင့် နောက်ကျောကို လှန်ကြည့်သော်လည်း လက်မှတ်မတွေ့ရပေ။

“ဒီစုတ်ချက်တွေက ...”

ချင်မူ ဒေါသထွက်လာသည်။ “ဘိုး.. ဘိုး.. ဘိုးဘိုးနားကန်းလည်း ဒီလောက်အထိ အဆင့်ကျသွားပြီလား”

ဧကရာဇ်အတိုင်ပင်ခံက ချောင်းတဟမ်းဟမ်း ဟန့်သည်။ “ပန်းချီနတ်ဘုရားရဲ့ လက်ရာမှန်တယ်... မဟုတ်ရင် ငါ သိမ်းထားမှာမဟုတ်ဘူး... ဧကရာဇ် ငါ့ဆီ ခဏခဏ ပြန်တောင်းပေမယ့် သူ့ကို ပျောက်သွားပြီ ပြောပြီး ပြန်မပေးဘဲ နေတာ... ဒါက ပန်းချီနတ်ဘုရား တစ်အုပ်ပဲ ရေးဆွဲခဲ့တဲ့ စာအုပ်ရဲ့ အပွားပဲ.... အဲဒီအချိန်တုန်းက သူ့ဘဝက ငတ်ပြတ်ပြီး ဆင်းရဲနေတာလေ... အခု ချမ်းသာသွားပြီဆိုတော့ နောက်တစ်အုပ် မဆွဲတော့ဘူး.. မင်း ဖတ်ပြီးတာနဲ့ ငါ့ကို ပြန်ပေးရမယ်နော်”

ချင်မူက ခရမ်းချဉ်သီးကဲ့သို့ နီရဲနေသော မျက်နှာဖြင့် ဖတ်နေသည်။ သူ့နှလုံးသားမှာ တဒိန်းဒိန်း ခုန်လာ၍ ‘နန်းစိုက်မြို့‌တော်၏ ဒဏ္ဍာရီအချစ်ဇာတ်လမ်း၏ စာအုပ်အား အလျင်အမြန် ပြန်ပေးလိုက်၏။

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက စာရွက်တစ်ရွက်ချင်းစီကို သပ်သပ်ရပ်ရပ် လုပ်ပြီးနောက် သေသေချာချာ သိမ်းကာ မေးသည်။ “မေးဖို့ မေ့နေတယ်... မင်း ဘယ်မိန်းကလေးနဲ့ ကလေးယူမှာလဲ”

ချင်မူမှာ တိတ်ဆိတ်သွားပြီး ငိုင်ငိုင်ကြီး ရပ်နေသည်။ တခဏကြာသော် သူက အားတင်းကာ ပြော၏။ “ဒီပြဿနာကို မတွေးမိခဲ့ဘူး... ပြီးခဲ့တဲ့ လတွေတုန်းက ခုနစ်ခုမြောက် ကောင်းကင်ရတနာအပေါ်မှာပဲ  စိတ်နှစ်ထားခဲ့ရင်း နည်းလမ်း နှစ်ဆယ့်ခြောက်မျိုး တွေးနိုင်ခဲ့တယ်.. အဲဒီနှစ်ဆယ့်ခြောက်မျိုးလုံး စမ်းကြည့်မလို့ တစ်မျိုးကို ကလေးတစ်ယောက်စီ မွေးမယ် လုပ်ခဲ့ပေမယ့်.. အခု အဲဒီလောက် မရိုးရှင်းတော့ဘူး.. ကျွန်တော် မိန်းမနှစ်ဆယ့်ခြောက်ယောက် ယူမှ ရတော့မှာ”

“ထွက်သွား”

ဧကရာဇ်အတိုင်ပင်ခံ၏ မျက်နှာ မည်းမှောင်သွားပြီး သူက စံအိမ်တံခါးဆီသို့ လက်ညှိုးထိုးနေသည်။

ချင်မူ ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ကိုယ့်အစ်ကိုကြီးကိုတောင် ဒီလို ပြောတယ်”

“အားဖူ အားဖူ ဒီသူတောင်းစားလေးကို မြန်မြန် ဆွဲထုတ်လိုက်စမ်းပါ”

ဧကရာဇ်အတိုင်ပင်ခံ ဒေါသထွက်နေသည်။ “တဏှာကြီးချက်ပဲ... ငါ့ဒုတိယအစ်ကိုကြီး ဖြစ်ဖို့ မထိုက်တန်ဘူး”

ချင်ူမူက ကပျာကယာ ပြောလေသည်။ “အရင်ဆုံး ကလေးမွေးဖို့ ကိစ္စ အသာထားရအောင်... ကျွန်တော့်မှာ လုပ်စရာတွေ အများကြီး ရှိသေးတယ်.. ကလေးမွေးဖို့ အချိန်မရှိဘူး ... အဲဒါကြီးကလည်း တော်တော်အလုပ်ရှုပ်မယ့်ပုံပဲ... ကျွန်တော် ခင်ဗျားကို မေးချင်တာ နောက်တစ်ခု ရှိသေးတယ်... ကျွန်တော့်‌ခေါင်းနောက်က ရောင်ခြည်စက်ဝန်းကို မြင်လား... အဲဒါ အမိကမ္ဘာမြေရဲ့ ကောင်းချီးပဲ... အမိကမ္ဘာမြေက ကျွန်တော် သူ့ကို အသက်ပြန်သွင်းပေးအောင် ကောင်းချီးပေးခဲ့တာ... ကမ္ဘာမြေမှုန်တာအိုသစ်သီးတောင် ပေးလိုက်သေးတယ်... မဟုတ်ရင် ကျွန်တော် သေခြင်းရှင်ခြင်းအဆင့်ကို ဒီလောက်မြန်မြန် ရောက်မှာမဟုတ်ဘူး... အမိကမ္ဘာမြေကို အသက်သွင်းဖို့ကိစ္စက သေးသေးမွှားမွှား မဟုတ်ဘူး... သူက ဒီပစ္စည်းနှစ်ခုနဲ့ ကျွန်တော့်ကို စောင့်ကြည့်နေတာဆိုတော့ အနှေးနဲ့အမြန် ရှာတွေ့သွားလိမ့်မယ်... ဒီကောင်းချီးကို ဘယ်လိုဖယ်ရှားရမလဲ ကြံဖန်ဖို့ တစ်ချက်ကြည့်ပေးပါဦး”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ မျက်နှာအမူအရာ ပျော့ပျောင်းသွားသည်။ သူက ချင်မူ့ခေါင်းနောက်ရှိ ရောင်ခြည်စက်ဝန်းကို ဂရုတစိုက် စစ်ဆေးကြည့်ရှုပြီး မျက်နှာအမူအရာ လေးနက်လာ၏။ ထို့နောက် ရှေ့လျှောက်နောက်လျှောက် လျှောက်ရင်း ပွစိပွစိ ရေရွတ်နေသည်။

ရုတ်တရက် ဓားရောင်တစ်ချက်က အခန်းတစ်ခန်း လှုပ်ခတ်သွားစေပြီး ချင်မူ့ဆီသို့ ထိုးစိုက်လိုက်၏။

ချင်မူက မလှုပ်မယှက် ရပ်နေပြီး ထိခတ်သံများ တရစပ် ကြားနေရသည်။ ဧကရာဇ်အတိုင်ပင်ခံသည် တခဏလေးအတွင် မ‌‌ရေမတွက်နိုင်သော ဓားများဖြင့် ထိုးစိုက်ခဲ့ကာ ဓားတစ်လက်စီတိုင်းက အံ့အားသင့်ဖွယ်ကောင်းပေသည်။ ဓားချက်များသည် ရောင်ခြည်စက်ဝန်းအပေါ်သို့ ကွက်တိ စိုက်ဝင်သွားပြီး ဓားထိပ်တိုင်းက စက်ဝန်းအ‌ပေါ်ရှိ သင်္ကေတအမှတ်အသားများအား ထိနေ၏။

နောက်တခဏတွင် သူ၏အလျားလိုက်ဓားရောင်နှင့် ဒေါင်လိုက်ဓားရောင်များက ခြံဝင်းတစ်ခုလုံး လှုပ်ယမ်းသွားစေပြီး နဂါးများ လူးလွန့်နေသည့်နှယ် တင့်တယ်ကြော့ရှင်းနေသည်။

သို့သော် ချင်မူ့ခေါင်းအနောက်ရှိ ရောင်ခြည်စက်ဝန်းမှ အ‌ရောင်မျိုးစုံ ဖြန့်ကျက်ကာ ကွန့်မြူးတောက်ပနေသည်။ ရောင်ခြည်တန်းများက တဝဲဝဲ လည်လျက် ဓားရောင်များကို အဆက်မပြတ် ကာဆီးနေလေသည်။

ဧကရာဇ်အတိုင်ပင်ခံ ဓားပြန်ရုတ်လိုက်သည့်အခါ ချင်မူ့ခေါင်းအနောက်ရှိ ရောင်ခြည်စက်ဝန်းလည်း လည်နေခြင်း ရပ်သွားသည်။

“အမိကမ္ဘာမြေရဲ့ ကောင်းချီးက အင်မတန် ခိုင်မာတယ်... ဒါက အကာကွယ်လည်း ဟုတ်တယ်... မင်း ကောင်းချီစွမ်းအားကို ထုတ်လွှတ်လိုက်တာနဲ့ အစစ်အမှန်နတ်ဘုရားတစ်ပါးရဲ့ တိုက်ခိုက်မှုတွေကိုတောင် တောင့်ခံနိုင်လိမ့်မယ်... ကောင်းကင်နတ်ဘုရားတွေတောင် မင်းကို ဘာမှလုပ်နိုင်မှာမဟုတ်ဘူး”

ဧကရာဇ်အတိုင်ပင်ခံက သူ၏နတ်ဓားကို ကြည့်ပြီး ဓားထိပ်တွင် အက်ကွဲကြောင်းအသေးလေးများ တွေ့လိုက်ရသည်။ “ဒီလိုကောင်းချီးက အင်မတန် အသုံးဝင်တယ်... မင်း ဖယ်ရှားပစ်ချင်တာ သေချာလား”

ချင်မူ ခေါင်းညိတ်၍ ပြောလိုက်သည်။ “ကောင်းချီးဆိုတာကလည်း ကျိန်စာ ဖြစ်နေနိုင်တာပဲလေ... အခု အမိကမ္ဘာမြေက ကောင်းကင်ဆရာသခင် ကျစ်ရှီကြောင့် ဒဏ်ရာအပြင်းအထန် ရထားပေမယ့် အနှေးနဲ့အမြန် ခေါင်းပြန်ထောင်လာနိုင်မှာပဲ... သူ ကျွန်တော့်ကို ဖမ်းမိသွားရင် ကျွန်တော့်အနေနဲ့ အသက်သွင်းပေးဖို့အပြင် ရွေးချယ်စရာမရှိဘူး... သူ အသက်ပြန်ရှင်လာရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၊ ချိမင်နဲ့ ခိုင်ဧကရာဇ်ကို ဖယ်ရှားဖို့က သူ့အတွက် ထမင်းစား ရေသောက်လို လွယ်သွားလိမ့်မယ်”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ အတန်ကြာ တိတ်ဆိတ်သွားသည်။ “ဒါဖြင့် ဆရာသစ်ခုတ်သမားနဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲက ပညာရှင်တွေကို ခေါ်ဖို့ လိုတယ်... အဘွားစစ်လည်း ရှိမှဖြစ်မယ်... သူက သံလိုက်ဆွဲအား သင်္ကေတတွေမှာ ကျွမ်းကျင်တယ်... အခု အားလုံး အပြင်မှာ... ဒီပြန်ရောက်ဖို့ အချိန်တစ်ခု ကြာလိမ့်မယ်”

ချင်မူ မေးလိုက်သည်။ “နန်းစိုက်မြို့တော်မှာ  သိုင်းပညာကောင်းကင်ဆရာသခင် ရှိလား”

“သိုင်းပညာကောင်းကင်ဆရာသခင်က ချိမင်နတ်ဘုရားသားတော်နဲ့ စကားပြောဖို့ တောင်ပင်လယ်ဆီ ထွက်သွားတယ်... သူက အဲဒီမှာပညာပြခဲ့လို့ ချိမင်နတ်ဘုရားသားတော် လောလောဆယ် ပုန်ကန်မှာမဟုတ်ဘူး... တလောတုန်းက မြက်ခင်းလွင်ပြင်မှာ မဟာကာလနဲ့ သွားတွေ့မယ်ပြောတာပဲ... မကြာခင် ပြန်ရောက်လာတော့မှာပါ”

ဧကရာဇ်အတိုင်ပင်ခံ သက်ပြင်းချမိသည်။ “အရှေ့ပင်လယ်အောက်ခြေမှာလည်း ထူးဆန်းတဲ့ လှုပ်ရှားမှုတွေ ရှိနေတယ်... ကောင်းကင်ထဲက ကမ္ဘာတွေလည်း မူမမှန်ကြဘူး... မြောက်ပင်လယ်၊ နှင်းဖုံး‌တောင်တန်းနဲ့ ထာဝရငြိမ်းချမ်း‌ရေးအင်ပါယာထဲက မြို့ပျက်အားလုံး လှုပ်ရှားနေကြပြီ... မဟာမြို့ပျက်နဲ့ အနောက်ကမ္ဘာမြေနဲ့လည်း အဆက်အသွယ် ပြတ်နေတယ်... ပြီးခဲ့တဲ့ လပိုင်းက တည်ဆောက်ထားတဲ့ နေရာရွှေ့ပြောင်းတံခါးတွေကလည်း အရေးပါတဲ့ မြို့နှစ်ဆယ်၊ သုံးဆယ်လောက်ကိုပဲ ကာကွယ်ပေးနိုင်မှာ... ဖြေရှင်းရမယ့် ကိစ္စတွေလည်း တစ်ပုံကြီးပဲ.... ငါ့ကိုယ်ငါ ကိုယ်ပွားလို့မရတာ တော်တော်စိတ်ညစ်မိတယ်”

ချင်မူ ရင်ထဲတွင် လှုပ်ခတ်သွားပြီး ‌ပြောလိုက်၏။ “မြို့တော်ကို ကောင်းကင်မှာ ပျံဝဲနေတဲ့ နတ်ဘုရားမြို့အဖြစ် ဘာလို့မပြောင်းလဲ... မြို့တော်ကို နတ်ဘုရားမြို့အဖြစ် ပြောင်းလိုက်ရင် အတော်များများ ရှိန်သွားကြလိမ့်မယ်... ပြည်သူတွေရဲ့ ယုံကြည်ချက်တွေကိုလည်း တိုးလာစေနိုင်တယ်”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြန်ဖြေသည်။ “အရှင်မင်းကြီးနဲ့ နတ်ဘုရားမြို့ တည်ဆောက်ဖို့ ငါ တိုင်ပင်ထားပြီးသား... ဘဏ္ဍာတိုက်မှာ တစ်ပြားမှ မရှိတော့လို့ မလုပ်နိုင်တာ... ကုန်သွယ်ရေးတွေလည်း ပြတ်တောက်နေတော့ ကောင်းကင်ထဲမှာ မြို့တစ်မြို့ တည်ဆောက်နိုင်တဲ့အထိ ငွေအင်အား မရှိဘူး”

ချင်မူ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲမှာ မြို့ပျက်တွေ အများကြီး ရှိတယ်လေ... အထဲတွေမှာ လက်နက်တွေလည်း အ‌တော်များတယ်... အဲဒါတွေကို အရည်ဖျော်ပြီး ဝေဟင်မြို့တစ်မြို့ တည်ဆောက်နိုင်မှာပါ”

ဧကရာဇ်အတိုင်ပင်ခံက ပြုံးလျက် ပြောလေသည်။ “ဒီကိစ္စတွေ မင်း ဂရုစိုက်နေစရာမလိုပါဘူး... အခု အရေးအကြီးဆုံးက ခုနစ်ခုမြောက် ကောင်းကင်ရတနာကို ဖွင့်ဖို့ပဲ... မြို့တော်မှာ မင်းရဲ့ အိမ် မရှိသေးဘူးမလား... ငါ့အိမ်မှာ‌ နေရင် ဘယ်လိုလဲ... အားလုံး စုံရင် အမိကမ္ဘာမြေရဲ့ ကောင်းချီးကို ကူဖယ်ရှားပေးလို့ ရတာပေါ့”

ချင်မူ ခေါင်းယမ်းလိုက်သည်။ “မြို့တော်မှာ ကျွန်တော့်အိမ် နည်းနည်းပါးပါး ရှိပါတယ်... လင်းအာ ကကျွန်တော့်စီးပွားရေးတွေကို ကြီးကြပ်ပေးနေတာလေ... မြို့တော်ထဲက အိမ်စျေးတွေ ကြောက်ခမန်းလိလိ တက်လာလို့ အိမ်တွေ ဝယ်ထားတယ် ပြောတယ်... ကျွန်တော် ဒီမှာနေရင် ခင်ဗျားအတွက် အဆင်မပြေဖြစ်လိမ့်မယ်... ခင်ဗျားမှာလည်း ငွေကြေးများများစားစား မရှိဘူးလား... အဝတ်အစားနဲ့ အစားအသောက်တွေတောင် ချို့တဲ့နေတာဆိုတော့....”

ဧကရာဇ်အတိုင်ပင်ခံက မျက်လုံးပြူး၍ သူ့ကို စိုက်ကြည့်၏။

ချင်မူ နှုတ်ဆက်ပြီး ရေချီလင်၏ စွမ်းအင်ဆေးလုံးများကို ခိုးစားနေသော ကောင်းကင်နတ်အရှင်ယွီကို လှမ်းခေါ်လိုက်သည်။ ကုန်းစွန်းယန်ကိုလည်း ခေါ်လိုက်၏။

ကုန်းစွန်းယန်က အလျင်အမြန် ပြေးလာကာ ခပ်တိုးတိုး ကပ်မေးသည်။ “ကလေး ဘယ်လိုမွေးရမလဲ မေးပြီးပြီလား”

ချင်မူ့မျက်နှာ နီရဲသွားပြီး အသာအယာ‌ ခေါင်းညိတ်လိုက်လေသည်။

ကုန်းစွန်းယန်၏အသံက အခြားသူများ ကြားမည်စိုးသည့်အလား ပို၍ပင် တိုးသွားသည်။ “တကယ်တော့ ငါလည်း သိတယ်... နင် ငါ့ကိုပဲ မေးလိုက်တာ မဟုတ်ဘူး... ငါတို့ပန်းပွင့်တွေ ပွင့်လာတဲ့အခါ နင့်ဝတ်မှုန်ကို ငါ့ဆီ ကူးပေးလိုက်လို့ရတယ်... အဲဒါဆို ကလေးတစ်ယောက် မွေးလာမှာ”

ချင်မူ အံ့အားသင့်သွားသည်။

ကုန်းစွန်းယန်က ဧကရာဇ်အတိုင်ပင်ခံ၏ စံအိမ်ထဲရှိ ရေကို မြင်းမြီးယပ်ဖြင့် မွှေပြီး မြှောက်ကာ ချင်မူ့ခေါင်းပေါ်သို့ ခါချသည်။ သူမက အလေးအနက် ပြောလေသည်။ “နင့်ကိုယ်နင် ရေများများလောင်း၊ ဒါမှ မြန်မြန် ကြီးထွားလာမှာ... ငါ့ပန်းတွေ ပွင့်ရင် နင့်ပန်းတွေလည်း ပွင့်လာလိမ့်မယ်... အဲဒီအချိန်ကျ နင့်ရဲ့ ဝတ်ဆံဖိုကို ငါ့ရဲ့ဝတ်ဆံမထဲ ပို့လို့ရပြီ”

ချင်မူမှာ မှင်သက်သွားပြီး အတန်ကြာမှ သတိပြန်ဝင်သွား၏။ သူက ကပျာကယာ ပြောလိုက်သည်။ “ဖက်တီးနဂါး၊ မင်း မသွားသေးဘူးလား... လန်ယွီထျန်း၊ စားနေတုန်းလားဟ... တျန်းချိကျွင်း မင်းကို ပေးခဲ့တုန်းက ပိန်ပိန်သေးသေးနော်... အခုတော့ ဒီလိုဖြစ်နေပြီ... သူ ငါ့ကို သေချာပေါက် အပြစ်တင်တော့မှာပဲ... သူ ပေးခဲ့တာက ကောင်းကင်နတ်အရှင်ယွီ.... ငါ ပြန်ပေးရမှာက ဖက်တီးလန် ဖြစ်နေပြီ”

All Chapters