ကြွားခြင်း
Vol. 60 Ch. 799
အမှန်တွင် သိုင်းတာအိုဖြင့် ပျံတက်ခြင်းသည်လည်း နည်းလမ်းတစ်နည်း ဖြစ်သည့်တိုင် အစမှအဆုံးအထိ သူ တစ်ယောက်တည်းသာ ကျင့်ကြံနိုင်ခဲ့လေသည်။
သိုင်းပညာကောင်းကင်ဆရာသခင် ဖြစ်သည်နှင့်အညီ လယ်သမားအိုကြီးသည် သိုင်းတာအိုကိုသာ တစိုက်မတ်မတ် ကျင့်ကြံခဲ့၏။ သူ့ရင်ထဲတွင် အခြားသော အနှောင့်အယှက်များ မရှိသည့်အတွက် အခြားအရာများကို နားမလည်သလို၊ စိတ်မဝင်စားပေ။ ထို့ကြောင့်လည်း သိုင်းတာအို၏ မဟာဧကရာဇ်ဟု ကျော်ကြားခြင်း ဖြစ်သည်။
အတိတ်မှ ပစ္စုပ္ပန်အထိ သူသာလျှင် သိုင်းတာအိုတွင် နံပါတ်တစ် ဖြစ်ပေသည်။ ခိုင်ဧကရာဇ်ခေတ်၏အရှေ့တွင် သူ့လိုလူ မရှိ။
ချင်မူ့လို ဟိုဟာစပ်စပ်၊ သည်ဟာစပ်စပ် လုပ်နေပါက ဤနေ့အထိ သူ ရောက်ခဲ့မည်မဟုတ်ှ။
တစိုက်မတ်မတ် အာရုံစိုက်နိုင်မှုက သူ အောင်မြင်ရသည့် အကြောင်းရင်း ဖြစ်သည်။
သို့သော် ချင်မူ သတ္တမကောင်းကင်ရတနာအမျိုးအစား နှစ်ဆယ့်ခြောက်မျိုးအထိ တစ်ထိုင်တည်း တွေးနိုင်ခဲ့ခြင်းမှာ သူ့အတွက် ရိုက်ချက်ပြင်းလေသည်။
ချင်မူ သတ္တမကောင်းကင်ရတနာအမျိုးအစား နှစ်ဆယ့်ခြောက်မျိုး မဖန်တီးခင်တုန်းက ရှုရှန်းဟွာသည် သစ်ပင်သန္ဓေ ကောင်းကင်တံတားကို ဖော်ဆောင်ခဲ့၏။ ယင်းက အံ့အားသင့်ဖွယ်ရာ စွမ်းဆောင်နိုင်မှုဖြစ်ခဲ့သည်။ သစ်ပင်သန္ဓေတစ်ပင်တည်းက မိုးကောင်းကင်နှင့်မြေပြင်ကို ထောက်ကန်၍ ဆယ်သွယ်ပေးကာ ကောင်းကင်ရတနာများအား တစ်သားတည်း ပေါင်းစည်းပေးနိုင်ခဲ့၏။
ပို၍ပင် ကြောက်စရာကောင်းသည်မှာ သစ်ပင်သန္ဓေကောင်းကင်တံတားက သူ၏သိုင်းတာအိုဖြင့် အဆင့်တက်သော နည်းလမ်းကို ပို၍ပင် ရိုးရှင်းသွားစေခဲ့သည်။ ဟူပုကွေ့သည် သစ်ပင်သန္ဓေမှတစ်ဆင့် အမြင့်သို့ တက်ကာ နေရာဟင်းလင်းပြင်တစ်လျှောက် ဖြတ်သန်းပြီး ကောင်းကင်နန်းဆောင်သို့ တက်နိုင်ခဲ့၏။
လယ်သမားအိုကြီးမှာ ချင်မူနှင့် ရှုရှန်းဟွာ၏ လုပ်ဆောင်နိုင်စွမ်းကို မြင်တွေ့ထားရပြီး ဖြစ်သော်လည်း ယနေ့က သူ့မာနကို တည့်တည့်ထိမှန်သော ရိုက်ချက်ဖြစ်ပေသည်။ ဝန်မခံချင်ပါသော်လည်း ယနေ့ခေတ် လူငယ်များက သူ့ထက်အများကြီး သာနေချေပြီ။
‘ဒီလို ဉာဏ်ကောင်းတဲ့လူတွေကို ငါ အမုန်းဆုံးပဲ... သူတို့က ငါ့ကို တုံးအတယ်၊ ကြိုးစားတာ မလုံလောက်သေးဘူးလို့ အမြဲပြောကြတယ်... သူတို့ကတော့ နည်းနည်းပါးပါး စဉ်းစားလိုက်ရုံနဲ့ ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းနှစ်ဆယ့်ခြောက်မျိုး တွေးမိသွားပြီလို့ ကြွားမယ်... ဒီခွေးကောင်လေးတွေက ‘ငါ မင်းထက် တော်တယ်’ လို့ မျက်နှာမှာ ရေးထားပြီး သူတို့ကို ချီးကျူးမှာ စောင့်နေတဲ့အတိုင်းပဲ’
လယ်သမားအိုကြီး၏ အရွယ်ကောင်းသော နှစ်များတွင် ဒုက္ခများစွာ ကြုံတွေ့ခဲ့ရသည်။ သစ်ခုတ်သမား၊ စာပေသမား၊ တံငါသည်တို့အားလုံးသည် သူ့ထက်ပို၍ ဉာဏ်ကောင်းခဲ့ကြရာ သူ့မှာ အားလုံးအကြား၌ အတုံးဆုံး၊ အ,အဆုံးသဖွယ် ခံစားခဲ့ရ၏။ ထိုခံစားချက်များက နှစ်နှစ်သောင်းကြာသည့်တိုင်အောင် မပျောက်ကွယ်သွားသဖြင့် သူ ရန်ငြိုးထားခဲ့မိသည်။
လယ်သမားအိုကြီးက သဘောကောင်းသော ပုံစံဖမ်း၍ နွေးထွေးစွာ ပြောလိုက်သည်။ “အဖြေနှစ်ဆယ့်ခြောက်ခုတောင်လား... အဲဒါဆို ဘာလို့ပရမတ္တကောင်းကင်ရတနာကို ဖျက်စီးဖို့ လိုသေးတာလဲ”
ချင်မူက ပြော၏။ “ကျွန်တော်က ဒီနှစ်ဆယ့်ခြောက်မျိုးကိုပဲ တွေးပဲ တွေးကြည့်ထားတာ... တစ်ခုချင်းစီ မစမ်းကြည့်ရသေးဘူး... အကုန်လုံး စမ်းကြည့်ပြီး အလွယ်ဆုံးတစ်ခုကို ရွေးပြီး ဦးလေးဆီ ပေးနိုင်မယ်မဟုတ်လား... ဦးလေးက သို့နျိုကမ္ဘာရဲ့ သိုင်းသမားတွေဆီ ဆက်ဖြန့်ပေးပေါ့”
‘အလွယ်ဆုံးတစ်ခုကို ရွေးမယ်တဲ့...’
လယ်သမားအိုကြီးမှာ သဘောကောင်းသောပုံစံကို မထိန်းနိုင်တော့ဘဲ အချိန်မရွေး အရုပ်ဆိုးသွားတော့မလို ခံစားနေရသည်။ သူက သူ့စိတ်သူ အလျင်အမြန် တည်ငြိမ်အောင် လုပ်ပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ပရမတ္တကောင်းကင်ရတနာကို ထားလိုက်... ဖျက်စီးစရာ မလိုဘူး... ဒီတိုင်း ဒုတိယတစ်မျိုးသာ ဖွင့်လိုက်... မင်းမှာ မှော်စွမ်းအင်တောင် ထပ်တိုးလာလိမ့်မယ်”
ချင်မူ မှင်သက်သွားပြီး သူ့လက်ဝါးသူ ပွတ်ကာ တလေးတစား ပြောတော့သည်။ “ဆရာဦးလေးက တကယ် ဉာဏ်ကောင်းတာပဲ... သိုင်းတာအိုရဲ့ မဟာဧကရာဇ် ပီသပါပေတယ်... ကျွန်တော် အဲဒါကို မတွေးမိဘူး”
လယ်သမားအိုကြီး ကျေနပ်သွားပြီး သူ့ဘာသူ တွေးလိုက်သည်။ ‘ဒီဉာဏ်ကြီးရှင်တွေက ဘာမဟုတ်တာလေးကိုတော့ မစဉ်းစားတတ်ကြဘူး’
“ဒါပေမဲ့ ခန္ဓာကိုယ်ထဲမှ ကောင်းကင်ရတနာ များလွန်းရင် ဖရိုဖရဲ အနှောင့်အယှက် ဖြစ်လာတတ်တယ်”
ချင်မူ စဉ်းစားကာ ပြောလိုက်သည်။ “တချို့ ကောင်းကင်ရတနာတွေကို ဖယ်ပြီး တချို့ကိုတော့ ထားလို့ ရမယ်ထင်တယ်... ဦးလေး၊ ခဏစောင့်.... ကျွန်တော့်ရုပ်ခန္ဓာမှာ ကောင်းကင်ရတနာ ဘယ်လောက် ထည့်ထားနိုင်လဲ တွက်ကြည့်ဦးမယ်”
လယ်သမားအိုကြီးက မျက်ခုံးပင့်၍ ခေါင်းညိတ်၏။ ချင်မူ့လက်နှစ်ဖက်က ဖြန့်လိုက်ပြီး ချီစွမ်းအင်ဖြင့် လူသားခန္ဓာ တည်ဆောက်လိုက်သည်ကို မြင်လိုက်ရသည်။ ချင်မူ လက်ဖျောက်တစ်ချက် တီးလိုက်သည့်အခါ ကောင်းကင်ရတနာများသည် လျင်မြန်စွာ ပြန့်ကားသွားလေသည်။
ချင်မူက ကောင်းကင်ရတနာများအထဲ၌ လမ်းလျှောက်ရင်း ဂရုတစိုက် ကြည့်ရှုနေသည်။ ရုတ်တရက် ချီစွမ်းအင်အလုံးတစ်လုံး ပျံထွက်လာကာ ကောင်းကင်နန်းဆောင်အစုအဝေးအသွင် ဖွဲ့တည်သွား၏။ တောင်ကောင်းကင်မုခ်ဝက မတ်မတ်ရပ်တည်နေသည်။
ချင်မူက ချီစွမ်းအင်ကို သုံးပြီး ကောင်းကင်ရတနာအမျိုးအစား နှစ်ဆယ့်ခြောက်မျိုး တည်ဆောက်ကာ အတန်းလိုက်စီထားသည်။ သူက ဤကောင်းကင်ရတနာများကို တောင်ကောင်းကင်မုခ်ဝအောက်သို့ ထည့်ကြည့်နေသည်။
လယ်သမားအိုကြီးမှာ လိုက်ကြည့်နေသော်လည်း နားကန်းတစ်လုံးမှ နားမလည်ပေ။ သူက နှာခေါင်းရှုံ့၍ တွေးလိုက်သည်။ ‘ကြွားနေတယ်’
ချင်မူသည် ကောင်းကင်ရတနာများကို စီရင်း မျက်မှောင်ကြုတ်နေ၏။ အချိန်အနည်းငယ်ကြာသော် သူက ချီစွမ်းအင်ကို ရုတ်သိမ်း၍ ခေါင်းယမ်းလိုက်သည်။ “ဆရာဦးလေးတွေးတာ ရိုးရှင်းလွန်းတယ်... သာမန် ကောင်းကင်ရတနာတွေသာဆို တောင်ကောင်းကင်မုခ်ဝအနေနဲ့ ငါးခု၊ ခြောက်ခုလောက် လက်ခံနိုင်မှာ... ဒါပေမဲ့ ဒီကောင်းကင်ရတနာတွေက ကောင်းကင်နန်းဆောင်နဲ့ တန်းဆက်သွယ်နေတာဆိုတော့ အများကြီး လက်မခံနိုင်ဘူး... တစ်ခုတည်းကပဲ အကောင်းဆုံး ဖြစ်လောက်တယ်... အများကြီး ရှိလည်း ထူးခြားသွားတာမှ မရှိတာ”
လယ်သမားအိုကြီးက သဘောကောင်းသော အမူအရာကို ဆက်ထိန်းထားရင်း ပြောလိုက်သည်။ “ကဲ ဒါဖြင့် မင်း ဆက်လေ့လာနိုင်အောင် မင်းရဲ့ ပရမတ္တကောင်းကင်ရတနာကို ဖျက်စီးပေးတာပေါ့... ပြီးရင် ငါ ဧကရာဇ်အတိုင်ပင်ခံအိမ်မှာ သွားနေမယ်... မင်း ကောင်းကင်ရတနာနောက်တစ်ခု ဖွင့်ပြီးတာနဲ့ လှမ်းခေါ်လိုက်”
ချင်မူ ကမန်းကတန်း ပြောလိုက်သည်။ “ဆရာဦးလေး ဒီမှာပဲ နေလိုက်ပါလား... ဧကရာဇ်အတိုင်ပင်ခံမှာ ငွေမရှိဘူး... အစားအသောက်နဲ့ အဝတ်အစားတွေတောင် ချို့တဲ့နေတယ်... ဒါ့အပြင် ကျွန်တော် ဆေးကုတတ်တယ်... ဆရာဦးလေးကို ကုပေးနိုင်ပါတယ်”
“မလိုဘူး”
လယ်သမားအိုကြီးသည် တောင့်တောင့်ကြီး ပြောပြီးနောက် လေချိုသွေးလိုက်၏။ “ငါ့တူရဲ့အလုပ်က ပိုအရေးကြီးတယ်.... ဦးလေး မင်းကို မနှောင့်ယှက်သင့်ဘူး... ဧကရာဇ်အတိုင်ပင်ခံမှာ အဆိပ်ဆရာ ဖုယွမ်ချင်း ရှိတယ်... သူလည်း ဆေးကုတတ်တော့ ငါ့ကို ကုပေးနိုင်ပါတယ်”
ချင်မူက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ဖုယွမ်ချင်းက ကျွန်တော့်ဆရာတူအစ်ကို၊ အဆိပ်ဘုရင်ငယ်ပါ... သူ့ဆေးပညာက ကျွန်တော့်အောက် နိမ့်ကျပေမယ့် မဆိုးလှဘူး.. သူ ဦးလေးရဲ့ ဒဏ်ရာတွေကို အမှန်တကယ် ကုပေးနိုင်တယ်.... ဒါဖြင့် ကျွန်တော် ဧကရာဇ်အတိုင်ပင်ခံရဲ့ အိမ်ဆီ ငွေပို့ပေးလိုက်မယ်... ဦးလေးအတွက် ရက်ပိုင်းလောက် အသုံးစရိတ်ရအောင်”
လယ်သမားအိုကြီး သူ့ကို လောလိုက်သည်။ “မြန်မြန်လုပ်... မင်းရဲ့ ပရမတ္တကောင်းကင်ရတနာက ဘယ်မှာလဲ”
ချင်မူ ပရမတ္တကောင်းကင်ရတနာ၏ တည်နေရာကို အလျင်အမြန် လက်ညှိုးထိုးပြသည်နှင့် လယ်သမားအိုကြီးက မပြောမဆိုဖြင့် ထိုးချလိုက်သည်။ ဘုန်းခနဲ ချင်မူ အချိန်ကုန်ခံ တည်ဆောက်ထားသော ပရမတ္တကောင်းကင်ရတနာမှာ ပျက်စီးပျောက်ကွယ်သွားတော့သည်။
ချင်မူ၏ချီစွမ်းအင်မှာ ပြင်းပြင်းထန်ထန် တုန်ခါသွား၍ သူ့နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာသည်။ သိုင်းပညာကောင်းကင်ဆရာသခင် ခပ်သုတ်သုတ် ပြန်တော့မည့်အချိန် ချင်မူက ဒဏ်ရာများကို ကပျာကယာ ဖိနှိပ်ပြီး မေးလိုက်သည်။ “ဆရာဦးလေး၊ ကျွန်တော့်ခေါင်းနောက်က ရောင်ခြည်စက်ဝန်းက အမိကမ္ဘာမြေရဲ့ ကောင်းချီးပါ... ဆရာဦးလေး သိုင်းခွန်အားနဲ့ ဖျက်စီးပေးလို့ ရလား”
“ဘာခက်တာ မှတ်လို့”
လယ်သမားအိုကြီး လက်သီးဖြင့် ထိုးချလိုက်သည်နှင့် သူ့ခေါင်းအနောက်ရှိ ရောင်ခြည်စက်ဝန်း ကြေမွသွားတော့သည်။
ချင်မူမှာ မှင်သက်သွားပြီး ချီးကျူးလိုက်မိ၏။ “ဆရာဦးလေးရဲ့ သိုင်းခွန်အားက ပြိုင်ဘက်ကင်းပါပေတယ်”
လယ်သမားအိုကြီး အတော်လေး ကျေနပ်သွားသော်လည်း သူ့အမူအရာ ပြောင်းလဲသွားသည်။ သူက ချင်မူ၏ခေါင်းအနောက်သို့ စိုက်ကြည့်နေပြီး ကြေမွသွားသော အပိုင်းအစများ အလိုအလျောက် ပြန်စုသွားသည်ကို မြင်နေရသည်။
ထိုသင်္ကေတအမှတ်အသားများသည် အလွန်အနုစိတ်ပြီး မြေပြင်ဆီမှ စွမ်းအားစုပ်ယူနေသည်ကိုပင် သူ ခံစားရ၏။ ၎င်းတို့က လျင်မြန်စွာပင် မူလအတိုင်း ပြန်ဖြစ်သွားသည်။
ချင်မူ့မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားကာ အကြောင်သား ရပ်နေသည်။
လယ်သမားအိုကြီးက နောက်တစ်ချက် ထပ်ထိုးပြီး အမိကမ္ဘာမြေ၏ ကောင်းချီးကို ဖြိုခွဲလိုက်ပြန်သည်။ သို့သော် ရောင်ခြည်စက်ဝန်းသည် အလျင်အမြန်ပင် ပုံမှန်အနေအထား ပြန်ရောက်သွား၏။
“တစ်ခုခုတော့ ထူးဆန်းတယ်”
လယ်သမားအိုကြီးသည် ခပ်တိုတိုး ရေရွတ်ရင်း ချင်မူ့ခေါင်းအနောက်ရှိ ရောင်ခြည်စက်ဝန်းကို သူ၏လက်ကြမ်းကြီးများဖြင့် ဆုပ်ကိုင်လိုက်၏။ ထို့နောက် အလယ်သို့ ဖိလိုက်ရာ ရောင်ခြည်စက်ဝန်းမှာ ကမ္ဘာမြေမှုန်တာအိုသစ်သီးနှင့်အတူ အစိတ်စိတ်အမွမွ ကွဲကြေသွားတော့သည်။
ကမ္ဘာမြေမှုန်တာအိုသစ်သီးအတွင်း၌ အလွန်တရာကြီးမားသော စွမ်းအင်တစ်ရပ် ကိန်းဝပ်နေ၍ ၎င်းပေါက်ကွဲသွားလျှင် နတ်ဘုရားများပင် တစစီ ဖြစ်သွားနိုင်သည်။ သို့သော် သူ၏လက်ဝါးနှစ်ဖက်ကြားမှ ဖောက်ခနဲ မြည်သံလေးတစ်ချက်သာ ကြားရသည်။
လယ်သမားအိုကြီး လက်ပြန်လွှတ်လိုက်သည့်အခါ ခပ်မှိန်မှိန် အဝါရောင်အလင်းက ချင်မူ၏ခန္ဓာကိုယ်တစ်လျှောက် စီးဖြာသွားသည်ကို မြင်လိုက်ရ၏။ အလင်းရောင်က သူ့ခေါင်းနောက်၌ ဖြည်းဖြည်းချင်း စုဝေးလာက ရောင်ခြည်စက်ဝန်း တစတစ ဖွဲ့တည်လာသည်။
ထိုမှသာမက ပျောက်ကွယ်သွားသော ကမ္ဘာမြေမှုန်တာအိုသစ်သီးလည်း ပုံရိပ်အဖြစ် ပြန်ပေါ်လာသည်။ ၎င်းက မြေကြီးဆီမှ စွမ်းအင်ကို စုပ်ယူရင်း ပုံရိပ်အသွင်မှ အမှန်တကယ် ရုပ်လုံးပေါ်လာတော့သည်။
များစွာမကြာလိုက်ဘဲ ခြောက်ကပ်ပိန်ရှုံ့နေသော သစ်သီးသည် နဂိုအတိုင်း ပြန်ဖြစ်သွားချေပြီ။
“ဖျက်စီးလို့မရဘူး”
လယ်သမားအိုကြီးက ခေါင်းယမ်းကာ ပြောသည်။ “အမိကမ္ဘာမြေရဲ့ ကောင်းချီးနဲ့ ဒီသစ်သီး နှစ်မျိုးလုံး ထူးဆန်းလွန်းတယ်... သစ်ခုတ်သမား ပြန်လာအောင်သာ စောင့်လိုက်”
ချင်မူ သက်ပြင်းချ၍ စိတ်ာအးပြန်တင်းလိုက်၏။ “ဆရာဦးလေး၊ ဟိုက ဖက်တီးလေးကို မြင်လား”
“သူ့ကို သိုင်းတာအို သင်ပြပေးလို့ရမလား”
လယ်သမားအိုကြီး ကောင်းကင်နတ်အရှင်ယွီဆီသို့ ကြည့်ကာ စိတ်ရှုပ်ထွေးစွာ မေးလိုက်မိသည်။ “ရတယ်လေ ဘာလို့လဲ”
ချင်မူက တောက်ပစွာ ပြုံးရင်း ပြောလိုက်သည်။ “နက်နဲတဲ့ သဘောတရားတွေ သင်ပေးစရာ မလိုပါဘူး... အခြေခံသဘောတရားနဲ့ ဝိညာဉ်သန္ဓေသားအဆင့် သိုင်းပညာရှင်တွေ ကျင့်ကြံနိုင်တာလောက်ဆို ရပြီ”
လက်သမားအိုကြီးက ကောင်းကင်နတ်အရှင်ယွီကို ကြည့်ကာ နှာခေါင်းရှုံ့သည်။ “သူ့ကိုယ်ပေါ်က အဆီတွေက မချေဖျက်ရသေးတဲ့ စွမ်းအင်ဆေးလုံးတွေပဲ... ကြည့်တာနဲ့တင် အစားသောင်းကြမ်းမှန်း သိသာတယ်... သူ့ရုပ်ခန္ဓာနဲ့ ဝိညာဉ်က သိုင်းတာအိုနဲ့ လေ့ကျင့်ဖို့ တကယ် လိုနေပြီ... ငါ့တာဝန်သာ ထား... သူ ပိန်ပြီး ကျစ်လစ်သွားစေရမယ်”
ချင်မူ အလျင်အမြန် ပြောလိုက်၏။ “အစားသောင်းကြမ်းတဲ့ ရေချီလင်တစ်ကောင်လည်း ရှိသေးတယ်... ဆရာဦးလေးကို ဒုက္ခပေးရတော့မှာပဲ”
လယ်သမားအိုကြီးက မှင်သေသေ ပြောလေသည်။ “စန်းသွောလက်ထဲ ထည့်လိုက်... စန်းသွောက ငါ့အောက် မနိမ့်ဘူး... မင်းရဲ့ ဒီမြင်းကြီးကိုလည်း စန်းသွော လေ့ကျင့်ပေးလို့ရတယ်”
ချင်မူ ဝမ်းသာသွားပြီး အလျင်အမြန် ကျေးဇူးတင်လိုက်၏။
လက်သမားအိုကြီး ကောင်းကင်နတ်အရှင်ယွီကို ခေါ်၍ ထွက်သွားသည့်အခါ ချင်မူက ဧကရာဇ်အတိုင်ပင်ခံဆီသို့ ငွေပို့ပေးရန် လူတစ်ယောက်လွှတ်လိုက်သည်။ “တဖုန်းကြေးပြား နည်းနည်း ပိုယူသွား... ဧကရာဇ်အတိုင်ပင်ခံတို့ မိသားစု ဆင်းဆင်းရဲရဲနေရတာ ငါ မကြည့်ရက်ဘူး”
ထို့နောက် သူ နွားအိုကြီးကို သွားရှာသည့်အချိန်တွင် နဂါးချီလင်နှင့်အတူ သစ်ပင်တစ်ပင်၏ အရိပ်အောက်၌ နွားအိုကြီးအား မြင်လိုက်ရသည်။ နှစ်ယောက်စလုံး ဆေးတံတစ်လက်စီ ကိုင်ထားပြီး ဘေးတွင် လက်ဖက်ရည်ကြမ်းအိုး ရှိနေသည်။ ကုန်းစွန်းယန်က သူတို့ကို လက်ဖက်ရည်ကြမ်း ငှဲ့ပေးနေစဉ် နှစ်ယောက်လုံးက ဇိမ်နှင့် ဆေးဖွာနေကြ၏။
“ငါ မြက်ခင်းလွင်ပြင်ကို တိုက်ခိုက်ဖို့ သွားခဲ့တာကွ... ဟီးဟီး မဟာကာလက တကယ့် အကောင်ကြီးသိလား... မိစ္ဆာမျိုးနွယ်ရဲ့ မိစ္ဆာဘိုးဘေးကြီးဆိုတာ သူပေါ့”
နွားအိုကြီးက နဂါးချီလင်ကို ကြွားနေသည်။ “သူ့လက်အောက်မှာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်သည်တော်တွေ အများကြီးပဲ... ဒါပေမဲ့ ငါ့ရဲ့ သံမဏိလို မာကြောလိုက်တဲ့ ခွာတွေနဲ့ အတွေ့မှာ အကုန် မှောက်ရက်လဲကုန်ကြတယ် ဟားဟား.... သခင်ကြီးပဲ အားနည်းနေလို့ မဟာကာလလက်ချက်နဲ့ ဒဏ်ရာရခဲ့တာ... ဟုတ်သား မင်း လယ်ထွန်လား... ငါ့အရိုးတွေ ယားနေပြီ... လက်ဖက်ရည်သောက်ပြီးရင် လယ်ထွန်ကြရအောင်”
နဂါးချီလင်က ဗိုက်ကြီးကို ကုတ်ရင်း ပျင်းရိပျင်းတွဲ ပြော၏။ “ကျွန်တော်က လယ်မထွန်ရရင် မနေနိုင်တဲ့သူ မဟုတ်ဘူး”
ချင်မူ သုန်သုန်မှုန်မှုန်ဖြင့် လျှောက်သွားပြီး ပြောလိုက်သည်။ “အစ်ကိုကြီးစန်းသွော... ခဏနေလို့ လယ်ထွန်ရင် အားရွှေကိုပါ ခေါ်သွားပေးဦး... ဒီသစ်ပင်ကြီးက ဘယ်ကနေ ဘယ်လို ပေါက်လာတာတုန်း”
ကုန်းစွန်းယန်က ပြုံးပြုံးရွှင်ရွှင်နှင့် ပြောလေသည်။ “ဒါ ငါ့ရဲ့ မူလဝိညာဉ်လေ.... ဒီနေရာနဲ့ အင်မတန် ရင်းနှီးနေသလို ခံစားရတာနဲ့ မူလဝိညာဉ် အမြစ်ချလိုက်တာ... မြန်မြန်လည်း ကြီးပြင်းလာတယ်... နင့်ရဲ့ မူလိညာဉ်ကိုလည်း ဒီမှာ အမြစ်ချလိုက်... ငါ နင့်ကို နေ့တိုင်း ရေလောင်းပေးမယ်”
ချင်မူ မျက်လုံးပြူးသွားသည်။ သူက ကိုက်သုံးဆယ်ကျော် ကြီးထွားနေပြီဖြစ်သော သစ်ပင်ကြီးကို မော့ကြည့်လိုက်၏။ ဤစံအိမ်က မြင့်၍ တော်သေးသည်။ သစ်ပင်ကြီးမှာ ထောင်ထွက်မနေပေ။
သို့သော်လည်း သစ်ပင်က ကြီးထွားနေဆဲ ဖြစ်၏။ တခဏလေးအတွင်း အနည်းငယ် ပိုမြင့်လာသည်။
“ငါတို့ အတူတူ အမြစ်ချရအောင်လေ... ပင်စည်တောင့်ခိုင်လာရင် ဇာမဏီငှက်တွေ ငါတို့ကို လာရှာလိမ့်မယ်”
ကုန်းစွန်းယန်က လက်ဖက်ရည်ကြမ်းအိုးကို မြှောက်၍ အပြုံးလေးဖြင့် ပြောသည်။ “ဇာမဏီငှက်သိုက် ဘယ်လိုရက်ရမလဲ ငါ နင့်ကို သင်ပေးမယ်... နင် ဇာမဏီတွေ လာအောင် သေချာပေါက် ဆွဲဆောင်နိုင်မှာပါ”
ချင်မူမှာ ရယ်ရမည်လား၊ ငိုရမည်လား မသိတော့ပေ။ သူက ခေါင်းယမ်းကာ ပြောလိုက်၏။ “ကျွန်တော်က ဟိုသွားသည်သွား လျှောက်သွားနေရတာ ကြိုက်တယ်၊ တစ်နေရာထဲမှာ ငြိမ်ငြိမ်မနေတတ်ဘူး... ပြီးတော့ သစ်ပင်လည်း မဟုတ်ပါဘူး”
ကုန်းစွန်းယန်၏မျက်နှာလေး ညှိုးသွားသည်။
ချင်မူ ကပျာကယာ ပြောလိုက်၏။ “ကမ္ဘာမြေမှုန်တာအိုသစ်သီးကို အစာချေပြီးရင် မမကြီးကို အဖော်ပြဖို့ ဘေးမှာ စိုက်ပေးပါ့မယ်... အစ်ကိုကြီးစန်းသွော အားရွှေနဲ့ နဂါးချီလင်ကို နာနာလေး လေ့ကျင့်ပေးနော်”
နိုစန်းသွောက ခေါင်းညိတ်၍ နဂါးချီလင်ကို ဆွဲခေါ်သွားသည်။ ရေချီလင်ကိုလည်း လှမ်းခေါ်ကာ အိမ်အပြင် ထွက်သွား၏။ “လာ အရင်ဆုံး မြို့ပြင်က လယ်တွေ သွားထွန်ရအောင်... အကြောလျှော့ပြီးမှ သိုင်းတာအို သင်ပေးမယ်”
ရေချီလင်သည် သူ့ကို အလွန်လေးစားနေပြီး ပြုံးလျက် မေးနေ၏။ “အစ်ကိုကြီးနျို စွမ်းအင်ဆေးလုံးတွေ စားလား”
ချင်မူ သူတို့ထွက်သွားသည်ကို ကြည့်နေစဉ် ခေါင်းပေါ်မှ အေးခနဲ ခံစားလိုက်ရသည်။ ကုန်းစွန်းယန်က သူ့ကို ရေလောင်းပေးနေလေသည်။ သူမသည် အလွန်ခေါင်းမာစွာဖြင့် ပန်းပွင့်တစ်ပွင့် ထွက်လာအောင် ကြိုးစားနေ၏။
ချင်မူမှာ မည်သို့မျှ မတတ်နိုင်တော့ဘဲ သူမ၏မူလဝိညာဉ်သစ်ပင်အောက်၌ ထိုင်ကာ ကောင်းကင်ရတနာနောက်တစ်ခု ဖွင့်ရန် အသင့်ပြင်လိုက်သည်။
ဆယ်ရက်ကြာသည့်အခါ သူ ကောင်းကင်ရတနာနောက်တစ်မျိုး ဖွင့်ပြီးသွား၍ လယ်သမားအိုကြီးအား အခေါ်လွှတ်လိုက်သည်။ လယ်သမားအိုကြီးသည် ခပ်သုတ်သုတ် ရောက်လာကာ ကောင်းကင်ရတနာကို ဖျက်စီးပြီးနောက် ခပ်သွက်သွက် ပြန်ထွက်သွား၏။
ခြောက်ရက်၊ ခုနစ်ရက်ခန့် ကြာလျှင် ချင်မူ သူ့ကို အခေါ်လွှတ်ရပြန်သည်။ လယ်သမားအိုကြီးက အလျင်အမြန် ရောက်လာပြီးနောက် ပြန်ထွက်သွားသည်။
နွားအိုကြီးစန်းသွော သူ့ကို တားကာ မေးလိုက်သည်။ “သခင်ကြီး ဒီမှာပဲ နေလိုက်တာ မကောင်းဘူးလား... သွားလိုက်ပြန်လိုက် အလုပ်မရှုပ်တော့ဘူးပေါ့”
လယ်သမားအိုကြီးက နှာခေါင်းရှုံ့၏။ “ဒီမှာ နေရတာ မကောင်းဘူး... ဉာဏ်ကြီးရှင်တွေရဲ့ ဖြတ်ရိုက်တာ နေ့တိုင်း ခံနေရမှာ... သွားလိုက်ပြန်လိုက်ကဖြင့် တော်သေးတယ်.... သစ်ခုတ်သမား ရောက်လာပြီ ငါ သွားတော့မယ်”
သစ်ခုတ်သမား၏အသံက ရယ်သံနှင့်အတူ အဝေးမှ ထွက်လာသည်။ “လယ်သမား၊ ဘယ်သူက မင်းကို နေ့တိုင်း ဖြတ်ရိုက်နေတာတုန်း”
လယ်သမားအိုကြီး လက်သီးဆုပ်ကာ မှုန်ကုပ်သွားတော့သည်။