အသက်စွမ်းအား
Vol. 142 Ch. 1972
“အဲ့ဒါက...”
ရှားယွီ၏ မျက်ဝန်းများထဲတွင် တုန်လှုပ်မှုများ ပြည့်နှက်သွား၏။ ကျန်းရီသည် နွယ်အိုများ၏ ဆွဲယူမှုကို ခံနေရသည်။ ရလဒ်မှာ အဘယ်နည်း။ သူမ တွေးပင်မကြည့်နိုင်ပေ။
ရှားယွီသည် ထိုနွယ်အိုများ၏ ကြောက်မက်ဖွယ်ကောင်းမှုကို တွေ့ကြုံခံစားခဲ့ဖူးသည်။ လှေကားထစ်များနှင့် ဘေးနံရံက နွယ်အိုများကို ထုတ်နိုင်ရာ နံရံထဲတွင် နွယ်အိုလောကတစ်ခု ဖြစ်နေလောက်သည်။ သို့ဖြစ်ရာ ကျန်းရီက နံရံထဲ ရောက်ပြီးနောက် မည်သို့ ပြန်ထွက်လာနိုင်တော့မည်နည်း။
‘အဲ့နှစ်ဘက်က လမ်းဆုံးတွေပဲ။ ငါ့ကောက်ချက်ချမှုက မှားသွားပြီ’
ရှားယွီ သက်ပြင်းသဲ့သဲ့ချလိုက်၏။ စင်မြင့်ထက်ရှိ လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့ကမူ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြသည်။ ကျန်းရီ သေသွားလျှင် ကောင်းကင်ဘုံခုံရုံး၏ သတ်မှတ်ထားသော ပိုင်ရှင်၏ ဝိညာဉ်က ဖျက်ဆီးခံလိုက်ရပေမည်။ ထိုအခါ ကောင်းကင်ရတနာကို သန့်စင်ရန်မှာ ပြဿနာတစ်ခု ဟုတ်တော့မည် မဟုတ်ချေ။
ရှားယွီအတွက်မူ...
ကျန်းရီမရှိလျှင် ရှားယွီက သူမဘာသာ တက်လာနိုင်မည် မဟုတ်ပေ။ အလွန်ဆုံးမှ သူတို့ ခွမ်ဟူနှင့် ယန်ချီတို့ကို ဖောက်ခွဲခိုင်းလိုက်ရုံသာ။ ရှားယွီက ယင်းကို တောင့်ခံနိုင်ပါမည်လော။
ဝှစ်...
လင်းဖေးရှန်းသည် ကောင်းကင်ရတနာကို ဆက်သန့်စင်နေ၏။ ၎င်းကို အကြာကြီး သန့်စင်ခဲ့ပြီးဖြစ်သည်။ ယခုတွင် ကျန်းရီက သေပြီးလောက်ပြီဖြစ်သည်။ ထို့ကြောင့် ၎င်းကို သန့်စင်ရန်မှာ မခက်ခဲလောက်တော့ပေ။
ဧကရာဇ်ငယ်ရွေသည် ခွမ်ဟူနှင့် ယန်ချီတို့ကို စင်မြင့်အစွန်းသို့ ခေါ်သွား၏။ လင်းဖေးရှန်းမှာ မျိုးနွယ်သုံးခု၏ မျိုးဆက်သစ်များကြားတွင် ခေါင်းဆောင်ဖြစ်သည်။ သူမတွင် ကြောက်မက်ဖွယ် ပါရမီနှင့် ဉာဏ်ရည်ရှိသည်။ ဧကရာဇ်ငယ်ရွေသည် လင်းဖေးရှန်းနှင့် ယှဉ်လိုစိတ် မရှိချေ။ သူ ကောင်းကင်ဘုံခုံရုံးကိုလည်း လင်းဖေးရှန်းကိုသာ ပေးမည်ဖြစ်သည်။
“ဟူး...”
ရှားယွီသည် တစ်နာရီကြာ ကြည့်နေပြီးနောက် ဘေးနံရံတွင် လှုပ်ရှားမှု ရှိမလာကြောင်း သိလိုက်ရသည်။ သူမ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ပြီး မျက်လုံးမှိတ်ကာ အားဖြည့်လိုက်လေသည်။ ကျန်းရီက ကျဆုံးသွားလောက်ပေပြီ။ သူမ သူမကိုယ်သူမသာ မှီခိုရပေမည်။
***
ကျန်းရီမှာ အသက်ရှင်နေသေးသည်။
နောက်ဆုံးအခိုက်အတန့်တွင် ကျန်းရီသည် ပြဿနာတစ်ခုကို အဖြေရှာနိုင်လိုက်သည်။ သူ ရည်ရွယ်ချက်ရှိရှိ နွယ်အိုများ၏ ဆွဲယူမှုကို ခံခဲ့ခြင်းဖြစ်သည်။ သူ ဆွဲယူမခံရလျှင် လင်းဖေးရှန်းက တောဆိတ်မသေမျိုးမိစ္ဆာသွေးကို သုံးခဲ့ပေလိမ့်မည်။
ကျန်းရီသည် အဘယ်ကြောင့် ထိုနွယ်အိုများက အလွန်သန်မာပြီး မီးအရင်းအမြစ်ကပင် ၎င်းတို့ကို မလောင်ကျွမ်းနိုင်ကြောင်း သဘောပေါက်သွားခဲ့သည်။ နောက်ထပ်ပြဿနာတစ်ခု ရှိသေးသည်။ ဖောင်းကြွပုံများက မိစ္ဆာသစ်ပင်များဖြစ်ကြောင်း ထင်ရှားသည်။ အဘယ်ကြောင့် မိစ္ဆာသစ်ပင်များက နွယ်များနှင့် တိုက်ခိုက်ရသနည်း။
၎င်းနွယ်အိုများအပေါ်တွင် မည်သည့်အစီအရင်များမှ မရှိပေ။
မီးက သစ်သားကို နိုင်သည်။ ယင်းမှာ ကလေးတစ်ယောက်ပင် သိသော နိယာမတစ်ခုပင်။ သို့ငြား အဘယ်ကြောင့် ထိုနွယ်အိုများက မီးအရင်းအမြစ်၏ လောင်ကျွမ်းမှုကို ခုခံနိုင်ရသနည်း။ ရှင်းပြချက်တစ်ခုသာ ရှိသည်။ ထိုနွယ်အိုများကို အခြားအရာတစ်ခုနှင့် ဖန်တီးထားခြင်းပင်။
သစ်သားအရင်းအမြစ်...
ဤနေရာမှ “သစ်သား”က အခြားအရာတစ်ခု ဖြစ်နိုင်သည်။ တစ်နည်းဆိုရသော် မိစ္ဆာသစ်ပင်များထက် ပိုစွမ်းအားကြီးသော သစ်သားအရင်းအမြစ်ကသာ မီးအရင်းအမြစ်ကို ခုခံနိုင်မည်ဖြစ်သည်။
ကျန်းရီသည် စတုတ္ထထပ်နှင့် အသူရာတောင်ပေါ်တွင် မရေမတွက်နိုင်သော မိစ္ဆာသစ်ပင်များနှင့် ရင်ဆိုင်ခဲ့ရသည်။ ထို့ကြောင့် မိစ္ဆာသစ်ပင်များ၏ စွမ်းအားကို သူ သိသည်။ နောက်ဆုံးအခိုက်အတန့်၌ သူ့ခေါင်းထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့သည်။ ဘေးနံရံထဲတွင် သစ်သားအရင်းအမြစ် ရှိနေခြင်းလော။
ကျန်းရီ၏ ခန့်မှန်းချက်က မှန်ခဲ့သည်။ သူ မည်းမှောင်နေသော ဟင်းလင်းပြင်တစ်ခုထဲ ဆွဲယူခံလိုက်ရသည်။ ထိုဟင်းလင်းပြင်ထဲတွင် အဆုံးမဲ့သော နွယ်အိုများမှလွဲ၍ အခြားမည်သည်မှ မရှိပေ။ ကျန်းရီသည် နွယ်အိုများ၏ ရစ်ပတ်မှုကို ခံထားရပြီး အစိမ်းရောင်အလင်း ခပ်မှိန်မှိန် လင်းလက်နေသော ဟင်းလင်းပြင်၏ အလယ်အကျဆုံး နေရာဆီသို့ ဆွဲယူခံနေရပေသည်။
ထိုအလင်းလုံးသည် သိပ်သည်းသော သစ်သားအရှိန်အဝါနှင့် အကန့်အသတ်မဲ့သော အသက်စွမ်းအားကို ထုတ်လွှတ်နေ၏။ ၎င်းက သစ်သားအရင်းအမြစ်ဖြစ်ကြောင်း ထင်ရှားသည်။
ထိုသစ်သားအရင်းအမြစ်ကို မြင်သော်လည်း ကျန်းရီ အနည်းငယ်ပင် မကြောက်ပေ။ ထိုအစား နှိုင်းယှဉ်၍မရနိုင်သော ဝမ်းသာမှုကိုသာ ခံစားလိုက်ရသည်။ သူသည် စတုတ္ထထပ်ရှိ တောင်ခြေတစ်ခုတွင် နှစ်ရက်ကြာ အနားယူခဲ့၍ လျှပ်စီးက သစ်သားကို ဖန်တီးနိုင်ကြောင်းကို လေ့လာချိန်ရခဲ့သည်။ သူ ထိုအကြောင်းကို အဆုံးအထိ သိမြင်နားလည်တော့မည်ဖြစ်သည်။
သို့သော် နွယ်အိုများက သူ့တစ်ကိုယ်လုံးကို ရစ်ပတ်ထားသဖြင့် ကျန်းရီ အလွန်မသက်မသာ ခံစားနေရသေးသည်။ သူ မိုးမြေစွမ်းအားကို သုံး၍ မခုခံနိုင်လျှင် ညှစ်သတ်ခံရပေလိမ့်မည်။
ဝှစ်...
ရုတ်တရက် အစိမ်းရောင်အလင်းလုံးမှနေ၍ သက်တံ့ရောင်နွယ်အိုတစ်ချောင်း ထွက်လာ၏။ ၎င်း သက်တံ့ရောင်နွယ်အို ဖြတ်သွားသော နေရာတိုင်းတွင် အခြားနွယ်အိုများက ရှောင်ပေးရသည်။ သက်တံ့ရောင်နွယ်အိုသည် ကျန်းရီထံသို့ လျင်မြန်စွာ ချဉ်းကပ်လာပြီး သူ့ကို အသားဖက်ထုပ်တစ်ထုပ်အလား ရစ်ပတ်လိုက်လေသည်။
‘လခွမ်း...လခွမ်း... ဒီနွယ်အိုက ငါ့အသက်စွမ်းအားကို စုပ်ယူနေတာပဲ’
ကျန်းရီ အလွန် တုန်လှုပ်သွားသည်။ သစ်သားအရင်းအမြစ်မှထွက်လာသော နွယ်အိုက ထိုမျှစွမ်းအားကြီးသည်လော။ ကျန်းရီ သေရန် ထိုင်မစောင့်နေဝံ့ပေ။ သူ ကျန်နေသေးသော မီးအရင်းအမြစ်ကို ထုတ်ကာ ထိုသက်တံ့ရောင်နွယ်အိုကို လောင်ကျွမ်းပစ်ရန် ကြိုးစားလိုက်သည်။
သို့သော်...
ကျန်းရီကို တုန်လှုပ်သွားစေသော အရာတစ်ခု ဖြစ်ပျက်လာ၏။ မီးအရင်းအမြစ် ထွက်လာသောအခါ နွယ်အိုမှနေ၍ မီးခိုးစိမ်းများ ထွက်လာသော်လည်း နွယ်အိုမှာ လောင်ကျွမ်း မသွားပေ။ ကြည့်ရသည်မှာ ကျန်သေးသော မီးအရင်းအမြစ် ကုန်သွားလျှင်ပင် ထိုနွယ်အိုက လောင်ကျွမ်းမည့်ပုံ မပေါ်ချေ။
ကျန်းရီသည် တွေးကြည့်ရင်း နားလည်သွား၏။ သစ်သားအရင်းအမြစ်နှင့် မီးအရင်းအမြစ်က မိုးမြေအဆင့်တူလောက်သည်။ မီးအရင်းအမြစ်က မည်မျှ စွမ်းအားကြီးပါစေ သက်တံ့ရောင်နွယ်အိုကို အလွယ်တကူ လောင်ကျွမ်းနိုင်မည် မဟုတ်ပေ။
‘ကျင့်ကြံရမယ်’
ထိုအခိုက်တွင် ကျန်းရီထံ၌ အခြားရွေးချယ်စရာ မရှိတော့ပေ။ သူ အရာအားလုံး၊ အသက်အန္တရာယ်နှင့် သူ့အသက်စွမ်းအား စုပ်ယူခံနေရသည်တို့ကို မေ့ပစ်၍ လျှပ်စီးက သစ်သားကို ဖန်တီးနိုင်ခြင်း အကြောင်းကိုသာ ဆက်လေ့လာရပေမည်။
ကျန်းရီ ရှင်သန်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ သူ့အသက်စွမ်းအားအကုန် စုပ်ယူမခံရသေးခင် လျှပ်စီးက သစ်သားကို ဖန်တီးနိုင်ခြင်း အကြောင်းကို အပြည့်အဝ သိမြင်နားလည်ရန်ဖြစ်သည်။ ထိုမှသာ သူ သစ်သားအရင်းအမြစ်ကို စုပ်ယူကာ ရှင်သန်နိုင်ပေလိမ့်မည်။
ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေ...
ကျန်းရီသည် ကောင်းကင်နှင့်လူသား ပေါင်းစည်းခြင်း အခြေအနေအတွင်း ဝင်၍ သူ့ခန္ဓာကိုယ်ကို လုံးဝလျစ်လျူရှုလိုက်၏။ သူ သူ့ကိုယ်သူနှင့် အရာအားလုံးကို လျစ်လျူရှု၍ လျှပ်စီးက သစ်သားကို ဖန်တီးနိုင်ခြင်းအကြောင်းကိုသာ အာရုံစိုက်ကာ လေ့လာလိုက်သည်။
ငါးမိနစ်ကြာပြီးနောက်...
ကျန်းရီ၏ ဆံပင်အားလုံး ဖြူသွား၏။ သူ့ရုပ်ခန္ဓာက သန်မာပြီး သူ့အသက်စွမ်းအားက များပြားသော်လည်း သက်တံ့ရောင်နွယ်အို၏ စုပ်ယူမှုကို ခံနေရရာ သူ တဖြည်းဖြည်း အိုလာပေသည်။
ဆယ့်ငါးမိနစ်ကြာပြီးနောက်...
ကျန်းရီ၏ မျက်ခုံးမွေးများလည်း ဖြူလာသည်။ မူလက ချောမွေ့နေခဲ့သော အသားအရေမှာ ယခုတွင် အဘိုးအိုတစ်ယောက်ကဲ့သို့ တွန့်ရွလာသည်။ နေရာအနှံ့တွင်လည်း အနက်ရောင်အစက်အပြောက်များ ပေါ်လာသည်။ သူ့ခန္ဓာကိုယ်က အိုအင်းလာသည့် လက္ခဏာများကို ပြသနေလေသည်။
အကယ်၍ အပြင်လူတစ်ယောက်ကသာ ထိုအခြင်းအရာကို တွေ့လိုက်လျှင် ထိုအဘိုးကြီးက ကျန်းရီဟု ယုံကြည်နိုင်ကြလိမ့်မည် မဟုတ်ပေ။ မူလက ခံ့ညားခဲ့သော လူငယ်မှာ ယခုတွင် သင်္ချိုင်းကုန်းကို ခြေတစ်ဘက်လှမ်းနေသည့် အဘိုးအိုတစ်ယောက် ဖြစ်နေပေပြီ။
ခြောက်မိနစ် ထပ်ကြာပြီးနောက်...
ကျန်းရီ၏ ခန္ဓာကိုယ်က မီးခြစ်ဆံတစ်ခုအလား ပိန်ပါးလာ၏။ သူ့လက်များနှင့် မျက်နှာမှာ အရေတွဲလာသည်။ သူ့ခန္ဓာကိုယ်တွင် မရဏအရှိန်အဝါများ ပြည့်လာပြီး သူ အချိန်မရွေး သေတော့မည့်ပုံပင်။
ဆယ့်ငါးမိနစ် ကြာပြီးနောက်...
ကျန်းရီ၏ ခန္ဓာကိုယ်ထဲတွင် အသက်စွမ်းအား မရှိတော့ပေ။ ထိုနေရာတွင် အပြင်လူတစ်ယောက်သာ ရှိနေလျှင် ကျန်းရီက သေပြီးသည်မှာ နှစ်တစ်ထောင်ရှိနေသည့် မံမီရုပ်အလောင်းတစ်ခုဟု ထင်သွားပေလိမ့်မည်။
မိနစ်နှစ်ဆယ် ကြာပြီးနောက်...
ရုတ်တရက် ပြောင်းလဲမှုတစ်ခု ရှိလာ၏။
သက်တံ့ရောင်နွယ်အိုက လင်းလက်လာပြီး ၎င်းအတွင်းမှ အသက်စွမ်းအားက စတင်၍ ပြောင်းပြန်စီးဆင်းလာသည်။ သက်တံ့ရောင်နွယ်အိုသည် ကျန်းရီ၏ကိုယ်ထဲမှ အသက်စွမ်းအားကို မစုပ်ယူနိုင်တော့ရုံသာမက ကျန်းရီကပင် ၎င်းထဲရှိ အသက်စွမ်းအားကို ပြန်စုပ်ယူလာလေသည်။
ထိုအခိုက်တွင် ကျန်းရီ၏ ခြောက်ကပ်နေသော ခန္ဓာကိုယ်က အစိမ်းရောင်အလင်းဖျော့ဖျော့ တောက်ပလာသည်။ ခြောက်ကပ်နေသော သစ်ပင်အိုကြီးတစ်ပင်မှနေ၍ အဖူးသစ်တစ်ဖူး ထွက်လာသကဲ့သို့ သူ့ကိုယ်မှနေ၍ အသက်အရှိန်အဝါတစ်ခု ထွက်လာ၏။
အသက်ဖူးတစ်ခု...
သက်တံ့ရောင်နွယ်အိုထဲရှိ အသက်စွမ်းအားက ကျန်းရီ၏ လျင်မြန်စွာ စုပ်ယူမှုကို ခံနေရသည်။ ကျန်းရီ၏ကိုယ်ထဲမှ အသက်စွမ်းအားက ပို၍ ပို၍ တိုးပွားလာသည်။ သူ့အသားအရေမှာလည်း စိုပြေလာပြီး သူ့အရိုးများနှင့် အသားများ တဖြည်းဖြည်း သန်မာလာသည်။ သူ့ဆံပင်ဖြူများလည်း ပြန်နက်လာပေသည်။
တစ်ဘက်တွင်မူ သက်တံ့ရောင်နွယ်အိုက အသက်စွမ်းအား စုပ်ယူခံနေရသဖြင့် တဖြည်းဖြည်း ညှိုးလာ၏။ နွယ်အို၏ အပေါ်ယံအလွှာမှာ အက်ကွဲလာပြီး အချိန်မရွေး ကျိုးပဲ့သွားတော့မလို ဖြစ်လာလေသည်။
ဆယ့်ငါးမိနစ်ကြာပြီးနောက်...
ဆယ့်ငါးမိနစ်အတွင်းမှာပင် ကျန်းရီသည် မူလကအတိုင်း ခံ့ညားသော လူငယ်တစ်ယောက် ပြန်ဖြစ်သွားသည်။ သူ့အသက်စွမ်းအားမှာမူ နဂိုကထက်ပင် ပိုအားကောင်းလာပေသည်။
“ဟားဟားဟား...”
ကျန်းရီသည် ရုတ်တရက် မျက်လုံးဖွင့်၍ ကျယ်လောင်စွာ ရယ်လိုက်သည်။ သူ့မျက်ဝန်းများက အိပ်မောကျနေရာမှ နိုးလာသည့် ဧရာမနဂါးတစ်ကောင်ကဲ့သို့ တောက်ပစွာ လင်းလက်နေသည်။ သူ အော်လိုက်သည်။
“ပေါက်ကွဲ...”
ဖုန်း...ဖုန်း...ဖုန်း...
ကျန်းရီကို ရစ်ပတ်ထားသော နွယ်အိုများ တစ်ချောင်းပြီးတစ်ချောင်း ပေါက်ကွဲထွက်သွား၏။ ကျန်းရီသည် အချုပ်အနှောင်မှ လွတ်သွားသည်နှင့် သစ်သားအရင်းအမြစ်ဆီသို့ လျင်မြန်စွာ ပျံသန်းသွားလိုက်၏။ ထို့နောက်တွင် သစ်သားအရင်းအမြစ်သည်လည်း ကျန်းရီ၏ နဝမမြောက်ကြယ်စက်လုံးထဲ စုပ်ယူခံလိုက်ရလေသည်။
နောက်ဆုံးအခိုက်အတန့်တွင် ကျန်းရီသည် လျှပ်စီးက သစ်သားကို ဖန်တီးနိုင်ခြင်း အကြောင်းကို အပြည့်အဝ နားလည်သွားခဲ့ခြင်းပင်။
***