ဂျင်းအိုက ပိုစပ်သည်
Vol. 142 Ch. 1973
‘အာ... ဘာလဲဟ’
ကျန်းရီသည် သစ်သားအရင်းအမြစ်ကို စုပ်ယူပြီးနောက် သစ်သားအရင်းအမြစ် အလယ်တွင် ပုလဲတစ်လုံး ရှိနေကြောင်း သိလိုက်ရ၏။ ထိုပုလဲက အရောင်အဝါ မရှိဘဲ သာမန်ကျောက်တုံးတစ်တုံးလို ထင်ရပေသည်။
‘အဲ့ဒါကဘာလဲ။ သစ်သားအရင်းအမြစ်ကနေ ဖြစ်လာတဲ့ အမြုတေတစ်ခုလား’
ကျန်းရီ နားမလည်ပေ။ အဘယ်ကြောင့် သစ်သားအရင်းအမြစ်ထဲတွင် ပုလဲတစ်လုံး ရှိနေရသနည်း။ မီးအရင်းအမြစ်နှင့် ရေခဲအရင်းအမြစ်ထဲတွင်မူ မည်သည့်အရာမှ မရှိပေ။ ကျန်းရီ စိတ်ဝင်တစားနှင့် ထိုပုလဲကို လှမ်းကိုင်လိုက်သည်။
သို့သော်...
ကျန်းရီ ပုလဲကို ဆုပ်ကိုင်လိုက်ချိန်တွင် ၎င်းက ကီလိုဂရမ်ထောင်ချီ လေးသည်ဟု ခံစားလိုက်ရ၏။ သူ ၎င်းကို လှုပ်ပင် မလှုပ်နိုင်ချေ။
‘ထူးဆန်းလိုက်တာ’
ယခုတွင် ကျန်းရီက သစ်သားအရင်းအမြစ်ကို စုပ်ယူလိုက်ပြီဖြစ်ရာ အနီးမှ နွယ်အိုများက သူ့ကို မတိုက်ခိုက်ကြတော့ပေ။ ကျန်းရီသည် ပုလဲကို လှည့်ပတ်၍ ပျံသန်းလိုက်သည်။ သူ တစ်ခဏမျှ တွေးတောပြီးနောက် ကောင်းကင်စွမ်းအားကို ဖြည်းဖြည်းချင်း လွှတ်၍ ပုလဲအား လွှမ်းခြုံလိုက်လေသည်။
ရွှီး...
ကောင်းကင်စွမ်းအား ထည့်သွင်းပြီးနောက်တွင် ပုလဲက ရုတ်တရက် တောက်ပစွာ လင်းလက်လာသည်။ မည်းမှောင်နေသော ဟင်းလင်းပြင်လည်း တောက်ပသွားပေသည်။
‘အာ...’
ကျန်းရီ လှည့်ပတ်ကြည့်လိုက်၏။ ဤနေရာက အပြည့်ပိတ်ထားသော အမှောင်ခန်းမတစ်ခုဖြစ်ကြောင်း သူ သိလိုက်ရသည်။ ပုလဲထဲ သူ့ကောင်းကင်စွမ်းအား ထည့်သွင်းပြီးနောက်တွင် အမှောင်ခန်းမ၏ နံရံများလည်း စတင် တောက်ပလာသည်။ နံရံများပေါ်ရှိ ငှက်ပုံများ၊ ငါးပုံများ၊ ပိုးကောင်ပုံများနှင့် သားရဲပုံများ စတင်၍ ပျော်ရွှင်စွာ ကူးခတ်လာလေသည်။
‘အဲ့ဒါက...’
ကျန်းရီ၏ မျက်ဝန်းများ ရုတ်တရက် လင်းလက်သွား၏။ သူ ပုလဲကို တလက်လက် မျက်ဝန်းများနှင့် ငေးကြည့်လိုက်သည်။ သူ့ခေါင်းထဲတွင်လည်း ရူးသွပ်သော အတွေးတစ်ခု ထွက်ပေါ်လာသည်။
“အဲ့ပုလဲကမှ ကောင်းကင်ရတနာအစစ်လား။ အန္တရာယ်၊ ဉာဏ်ရည်၊ အံ့အားသင့်မှု၊ ငါ အံ့အားသင့်သွားရတာပဲ။ ငါ နားလည်သွားပြီ၊ အခု ငါ နားလည်သွားပြီ။ ဟားဟားဟား”
ကျန်းရီ ကျယ်လောင်စွာ ရယ်လိုက်၏။ သူ ကောင်းကင်ဘုံခုံရုံးဆီ မလာခင်တွင် ယန်ကိုးပါးကောင်ကင်ဧကရာဇ်က သူ့ကို ပဉ္စမအထပ်နှင့် ပတ်သတ်၍ အချက်သုံးချက် ပြောခဲ့သည်။ အစတွင် နောက်ဆုံးအချက်ဖြစ်သော ‘အံ့အားသင့်မှု’ကို သူ နားမလည်နိုင်ခဲ့ပေ။
ယခုတွင်မူ ကျန်းရီသည် အပြင်ဘက်မှ ကောင်းကင်ရတနာက အတုဖြစ်ကြောင်း နားလည်သွားပေပြီ။ ဤနေရာမှ ပုလဲကသာ ကောင်းကင်ရတနာအစစ်ပင်။ ထိုပုလဲသည် ကောင်းကင်ဘုံခုံရုံးတစ်ခုကိုလုံးကို ထိန်းချုပ်နိုင်သည့် ဗဟိုချက်ပင်။
အတိတ်တွင် ကျန်းရီသည် အဘယ်ကြောင့် ယန်ကိုးပါးကောင်းကင်ဧကရာဇ်က သူ့ကို ဤနေရာသို့ တစ်ယောက်တည်း လာခိုင်းခဲ့ကြောင်းကို နားမလည်ခဲ့ပေ။ ချီဟုန်ပင် လိုက်လာခွင့် မရခဲ့ချေ။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ကောင်းကင်ဘုံခုံရုံးကို အခြားသူများ ရသွားမည်ကို မစိုးရိမ်သည်လော။ ယခုတွင်မူ ကျန်းရီ နားလည်သွားပေပြီ။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်က အရာအားလုံးကို တွက်ချက်ထားပြီးဖြစ်သည်။
ကျန်းရီက မီးအရင်းအမြစ်နှင့် ရေခဲအရင်းအမြစ်ကို စုပ်ယူနိုင်ခဲ့ရာ သစ်သားအရင်းအမြစ်ကိုလည်း စုပ်ယူနိုင်လောက်သည်။ ထို့ကြောင့် ပဉ္စမအထပ်မှ အကြီးမားဆုံး အန္တရာယ်က ကျန်းရီအတွက် ပြဿနာမရှိပေ။ သစ်သားအရင်းအမြစ်ကို မစုပ်ယူနိုင်သူသည် ကောင်းကင်ရတနာကို ရမည် မဟုတ်ချေ။ သို့ဖြစ်ရာ ကောင်းကင်ဘုံခုံရုံးကို ကျန်းရီသာ ပိုင်ရပေမည်။ ထို့ကြောင့်လည်း ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ယုံကြည်မှု ရှိခဲ့ခြင်းပင်။
‘အသက်ကြီးလေ၊ ပိုအသိဉာဏ်ကြီးလေပဲ’
ကျန်းရီ ခံစားချက်များနှင့် သက်ပြင်းချ၍ အမှောင်ခန်းမအလယ်တွင် ရပ်နေလိုက်၏။ ကောင်းကင်ရတနာထဲသို့လည်း ကောင်းကင်စွမ်းအား အဆက်မပြတ် ထည့်သွင်းနေသည်။ ထို့ကြောင့် ပတ်ပတ်လည်မှ နံရံများကလည်း ပို၍ ပို၍ တောက်ပလာသည်။ ကောင်းကင်ရတနာက လျင်မြန်သော နှုန်းဖြင့် သန့်စင်လာကြောင်း ထင်ရှားပေသည်။
တစ်ချိန်တည်းမှာပင်...
ကျန်းရီ၏ အမှောင်ခန်းမသာ တောက်ပလာသည်မဟုတ် ရှားယွီ၊ လင်းဖေးရှန်းနှင့် အခြားသူများ ရှိနေသော အတွင်းခန်းမထဲမှ နံရံများကလည်း တောက်ပစွာ လင်းလက်လာသည်။ လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့သည် သူတို့၏ ကြိုးစားမှုက အသီးအပွင့် သီးလာပြီး ကောင်းကင်ရတနာကို သန့်စင်နိုင်တော့မည်ဟု တွေးကာ ဝမ်းသာသွားကြ၏။
‘မကောင်းတော့ဘူး’
ရှားယွီ တုန်လှုပ်သွားသည်။ ကောင်းကင်ရတနာကို သန့်စင်ပြီးသွားလျှင် လင်းဖေးရှန်း၏ အကျင့်စရိုက်အရ သေချာပေါက် သူမတို့ကို နှုတ်ပိတ်ပေလိမ့်မည်။ ဧကရာဇ်ငယ်ရွေက ခွမ်ဟူတို့ကို ညှို့ခဲ့ပြီး ပိယန်နှင့် ကိုယ်လုပ်တော်ဟွာတို့ကို ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲစေခဲ့သည် မဟုတ်လော။ ထိုသတင်းသာ ပျံ့နှံ့သွားလျှင် မျိုးနွယ်သုံးခု၏ ဂုဏ်သတင်းက ကြီးမားစွာ ထိခိုက်သွားမည်ဖြစ်သည်။ မိုးပြာမဟာဧကရာဇ်၊ ရူးသွပ်မဟာဧကရာဇ်၊ ယန်မဟာဧကရာဇ်နှင့် ချီလင်းဧကရီတို့သည်လည်း မျိုးနွယ်သုံးခုကို ဆက်ယုံနိုင်တော့မည် မဟုတ်ပေ။
လင်းဖေးရှန်း၏ ရက်စက်သော အကျင့်စရိုက်နှင့်ဆိုလျှင် သူမက အဘယ်သို့ ရှားယွီကို အလွှတ်ပေးမည်နည်း။ နောက်ဆုံးတွင် ခွမ်ဟူနှင့် ယန်ချီတို့လည်း အသတ်ခံရနိုင်သည်။ အပြင်မှ လူများက ကောင်းကင်ဘုံခုံရုံးထဲတွင် ဖြစ်ပျက်ခဲ့သည်များကို မသိနိုင်သည် မဟုတ်ပါလား။ လင်းဖေးရှန်းသည် အကြောင်းပြချက်တစ်ခုကို အလွယ်တကူ ဖန်တီး၍ ကျန်းရီက ထိုသူများကို သတ်ခဲ့ခြင်းဟု လိမ်ပြောနိုင်ပေသည်။
‘အားဖြည့်ရမယ်’
ရှားယွီသည် မျက်လုံးမှိတ်၍ စတင်အားဖြည့်လိုက်၏။ သူမ အမြန်ဆုံး စွမ်းအားအပြည့် ပြန်ရပါစေဟု မျှော်လင့်နေသည်။ ဤတိုက်ပွဲက နောက်ဆုံးတိုက်ပွဲပင်။
စင်မြင့်ထက်တွင် လင်းဖေးရှန်းသည် ကောင်းကင်ရတနာကို အမြန်ဆုံး သန့်စင်နိုင်ရန် မျှော်လင့်လျက် ကောင်းကင်စွမ်းအား အဆက်မပြတ် ထည့်သွင်းနေ၏။ ၎င်းကို သန့်စင်ပြီးသည်နှင့် ကောင်းကင်ဘုံခုံရုံးတစ်ခုလုံးကို သူမ ပိုင်သွားပေလိမ့်မည်။ အထဲရှိ လူအားလုံးမှာလည်း သူမ၏ ထိန်းချုပ်မှုအောက်သို့ အောက်သွားမည်ဖြစ်သည်။
***
ကောင်းကင်ဘုံခုံရုံးအပြင်တွင် လူများစွာ စုဝေးနေကြ၏။ မိုးပြာမဟာဧကရာဇ်လည်း အသူရောင်တောင်ထိပ်တွင် ရှိနေသည်။ တောက်လန်နှင့် ခွမ်လူတို့မှာ ထိပ်သီး စွမ်းအားကြီး သိုင်းသမား ထောင်ကျော်ကို ခေါ်ကာ ရောက်နေကြသည်။ ထိုမျှသာ မကသေး။ တောဆိတ်ရသေ့ကြီး၊ ဧကရာဇ်ရွေ၊ ရူးသွပ်မဟာဧကရာဇ်နှင့် ယန်မဟာဧကရာဇ်တို့လည်း ရှိနေကြသည်။ တောက်နူနှင့် တောက်နုတို့လည်း ရှိနေသည်။ ထိုအခိုက်တွင် အသူရာတောင်ပေါ်၌ အနည်းဆုံး ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားများ အယောက်သုံးဆယ်လောက် ရှိနေကြပေသည်။
ကျန်းရီက ကောင်းကင်ဘုံခုံရုံးထဲ ဝင်သွားခဲ့သည်။
မိုးပြာမဟာဧကရာဇ်သည် ကျန်းရီက ကောင်းကင်ဘုံခုံရုံးအား ရသွားမည်ကို ကြည့်မနေနိုင်လောက်ပေ။ ထို့ကြောင့် သူသည် ကျန်းရီ၏သတင်းကို ကြားသောအခါ ချက်ချင်း ရောက်လာခဲ့ခြင်းပင်။ သူ ထျန်းဖုန့်ဧကရာဇ်ကိုလည်း အောင်အောင်မြင်မြင် ဖမ်းချုပ်နိုင်ခဲ့လေသည်။ အကယ်၍ သူသာ ထျန်းဖုန့်ဧကရာဇ်ကို မဖမ်းနိုင်ခဲ့လျှင် တောဆိတ်ရသေ့ကြီး၊ ဧကရာဇ်ရွေ၊ ရူးသွပ်မဟာဧကရာဇ်နှင့် ယန်မဟာဧကရာဇ်တို့ကို ဤနေရာသို့ ခေါ်ခဲ့မည် မဟုတ်ပေ။
ကျန်းရီထံတွင် သေလောက်သော အားနည်းချက်တစ်ခု ရှိသည်။ ထိုအားနည်းချက်မှာ သူ၏သစ္စာရှိမှုပင်။
ထျန်းဖုန့်ဧကရာဇ်က ကျန်းရီနောက်သို့ အကြာကြီးလိုက်ခဲ့သည်။ ထို့ကြောင့် ကျန်းရီက ထျန်းဖုန့်ဧကရာဇ်အပေါ် သံယောဇဉ်ရှိနေလောက်ပေမည်။ မိုးပြာမဟာဧကရာဇ်သည် ထျန်းဖုန့်ဧကရာဇ်နှင့် ကောင်းကင်ဘုံခုံရုံးကို လဲလှယ်ရန် တွေးထားသည်။
ယန်ကိုးပါးကောင်းကင်ဧကရာဇ်အတွက်မူ...
လက်ရှိတွင် မိုးပြာမဟာဧကရာဇ်သည် များစွာ အရေးမစိုက်နိုင်ပေ။ နှစ်တစ်သောင်းကျော် သက်တမ်းရှိနေသည့် ကောင်းကင်ဧကရာဇ်တစ်ပါး၏ ဝိညာဉ်အပိုင်းအစတစ်ခုက သူ့ကို ခြိမ်းခြောက်နိုင်ရန် မလုံလောက်ပါ။ ထို့ကြောင့် သူ လောင်းကြေးထပ်ရန် ဆုံးဖြတ်ထားသည်။ ကောင်းကင်ဘုံခုံရုံးက အလွန်အရေးကြီးသည်။ ၎င်းအား ကျန်းရီ ယူသွားမည်ကို သူ လက်မခံနိုင်ပါ။
ကျန်းရီက ကောင်းကင်ရတနာကို စတင်သန့်စင်လိုက်သောအခါ ကောင်းကင်ဘုံခုံရုံးတစ်ခုလုံး တောက်ပစွာ လင်းလက်လာသည်။ မိုးပြာမဟာဧကရာဇ်နှင့် အခြားသူများအားလုံး တုန်လှုပ်သွားကြသည်။ တစ်စုံတစ်ယောက်က ကောင်းကင်ရတနာကို သန့်စင်နေပြီဖြစ်ကြောင်း ထင်ရှားပေသည်။
ရူးသွပ်မဟာဧကရာဇ်၊ ယန်မဟာဧကရာဇ်၊ ဧကရာဇ်ရွေ၊ တောဆိတ်ရသေ့ကြီးနှင့် မိုးပြာမဟာဧကရာဇ်တို့သည် တစ်ဘက်တွင် ရပ်ကာ ကောင်းကင်ဘုံခုံရုံးကို စိုက်ကြည့်နေကြသည်။ တောဆိတ်ရသေ့ကြီးနှင့် ဧကရာဇ်ရွေတို့၏ မျက်ဝန်းများ အရောင်လက်နေသည်။ သူတို့သည် မျှော်လင့်နေသလို စိုးလည်းစိုးရိမ်နေကြသည်။ လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့က ကောင်းကင်ဘုံခုံရုံးထဲတွင် ရှိနေသည်။ ယခုတွင် ကောင်းကင်ရတနာကို သန့်စင်နေသူက ထိုနှစ်ယောက်ပေလော။
အချိန်က တရွေ့ရွေ့ ကုန်ဆုံးလာသည်။
ဆယ့်ခြောက်နာရီ ကြာပြီးနောက် အတွင်းခန်းမထဲတွင် ရှိနေသော ရှားယွီသည် စွမ်းအားအပြည့် ပြန်ရသွားသည်။ သို့သော် သူမ တင်ပျဉ်ခွေ ဆက်ထိုင်နေပြီး မလှုပ်ရှားဝံ့သေးပေ။ သူမသည် ထိုအခြေအနေမှ ဖောက်ထွက်နိုင်မည့် နည်းလမ်းတစ်ခုကိုသာ မျက်မှောင်ကြုတ်လျက် တွေးတောနေလေသည်။
ရှားယွီသည် ဘေးနှစ်ဘက်ရှိ လှေကားထစ်များမှနေ၍ စင်မြင့်ပေါ် မတက်နိုင်ချေ။ ထို့ကြောင့် သူမ အရှေ့မှနေ၍သာ အတင်းတက်ရမည်ဖြစ်သည်။ အရှေ့ဘက်တွင် သူမကိုတားမည့် နွယ်အိုများမရှိသော်ငြား အထက်မှ တိုက်ခိုက်မှုများကိုလည်း နွယ်အိုများသုံး၍ မကာနိုင်တော့ပေ။ ဤနေရာက အလွန်ဒုက္ခများသောနေရာပင်။ ကောင်းကင်စွမ်းအား သို့မဟုတ် အခြားစွမ်းအားများကို သုံးလိုက်လျှင်လည်း အားကောင်းသော မြေဆွဲအား၏ ဖိနှိပ်မှုကို ခံရပြီး မလှုပ်နိုင်တော့ဘဲ ပစ်မှတ်သေတစ်ခု ဖြစ်သွားမည်ဖြစ်သည်။
လင်းဖေးရှန်း၏ တောဆိတ်မသေမျိုးမိစ္ဆာသွေးက အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ ပစ်မှတ်သေသာ ဖြစ်သွားမည်ဆိုလျှင် ရှားယွီမဆိုထားနှင့် ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ဦးပင် အသတ်ခံရပေလိမ့်မည်။
ရှားယွီ မျက်မှောင်ကြုတ်ကာ ဤအခြေအနေအား ဖြေရှင်းရန် နည်းလမ်းတစ်ခုကို စဉ်းစားနေ၏။ သူမသည် အခွင့်ကောင်းတစ်ခုကိုလည်း စောင့်ဆိုင်းနေသည်။ လင်းဖေးရှန်းက ကောင်းကင်ရတနာကို သန့်စင်မပြီးသွားခင် သူမ လှုပ်ရှားရမည်။ လက်ရှိတွင် လင်းဖေးရှန်းက ကောင်းကင်ရတနာအား သန့်စင်ရန်သာ အာရုံစိုက်ထားပြီး ရှားယွီကို အရေးမစိုက်သေးပေ။ လင်းဖေးရှန်းသာ တိုက်ခိုက်မလာလျှင် ရှားယွီ စင်မြင့်ပေါ်သို့ တက်နိုင်ရန် အခွင့်အရေး ရှိပေသေးသည်။
နာရီနှစ်ဆယ်...
နာရီခြောက်ဆယ်...
ခန်းမက ပို၍ ပို၍ တောက်ပလာ၏။ ခန်းမ တောက်ပလာသလို လင်းဖေးရှန်း၏ လက်ထဲရှိ ပုလဲမှာလည်း တောက်ပလာသည်။ သို့သော် ထိုပုလဲက တစ်လုံးလုံး တောက်ပနေခြင်း မဟုတ်ဘဲ တစ်ပိုင်းတစ်စသာ တောက်ပနေခြင်းဖြစ်သည်။ လက်ရှိတွင် ပုလဲ၏ သုံးပုံတစ်ပုံက တောက်ပနေပေပြီ။ ထို့ကြောင့် လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့သည် ထိုပုလဲက သန့်စင်ခံနေရကြောင်း သေချာနေကြလေသည်။
နေ့တစ်ဝက်...
ပုလဲတစ်လုံးလုံး လင်းလက်လာတော့မည့် အခိုက်တွင် ရှားယွီ လှုပ်ရှားလိုက်၏။ သူမသည် ထက်ရှသော ဓားတစ်လက်အလား စင်မြင့်ဆီသို့ ပြေးသွားလိုက်သည်။ လင်းဖေးရှန်းက သူမကို လှမ်းကြည့်ကာ ပြောလိုက်၏။
“သူ့ကို တားလိုက်။ ဘာပဲလုပ်ရလုပ်ရ သူ့ကိုရအောင်တား။ ကောင်းကင်ရတနာကို သန့်စင်ပြီးတော့မယ်”
ပုလဲလုံး တစ်လုံးလုံး လင်းလက်လာတော့မည်ဖြစ်သည်။ အပိုင်းငယ်တစ်ပိုင်းသာ ကျန်တော့သည်။ နောက်ဆယ့်ငါးမိနစ်အတွင်း ၎င်းကို သန့်စင်ပြီးသွားလိမ့်မည်ဟု လင်းဖေးရှန်း ယုံကြည်မှု ရှိနေပေသည်။
ရှားယွီ၏ လှုပ်ရှားချိန်က အလွန်တိကျသည်။ ယခုတွင် လင်းဖေးရှန်းသည် ကောင်းကင်ရတနာအား သန့်စင်နိုင်ရန် လက်လျှော့တော့မည် မဟုတ်ပေ။ လင်းဖေးရှန်း ထွက်၍မတိုက်လျှင် ရှားယွီ စင်မြင့်ပေါ် တက်နိုင်ခြေ ပိုများလေသည်။
***