← Chapters

တစ္ဆေဘုရင်

Vol. 142 Ch. 1975

တစ္ဆေဘုရင်

Vol. 142 Ch. 1975

ပွဲကောင်းတစ်ပွဲတွင် ပွဲကြည့်ပရိသတ်များစွာ လိုအပ်သည်။ ထို့ကြောင့် ကျန်းရီသည် တောက်မင်တို့ကိုပါ ခေါ်လိုက်ခြင်းဖြစ်၏။

တောက်မင်တို့က စုစုပေါင်း ဆယ့်နှစ်ယောက်ရှိ၏။ သူတို့က ကမ္ဘာဦးကောင်းကင်ဘုံရှိ အဆင့်အတန်းအမြင့်ဆုံး သခင်လေးများ၊ သခင်မလေးများ ဖြစ်ကြသည်။ သူတို့သည် အဖွဲ့အစည်းအသီးသီး၊ စစ်တပ်အသီးသီးကို ကိုယ်စားပြုကြသည်။ မိုးပြာမဟာဧကရာဇ်စစ်တပ်၊ ချီလင်းဧကရီစစ်တပ်၊ ယန်မဟာဧကရာဇ်စစ်တပ်၊ ရူးသွပ်မဟာဧကရာဇ်စစ်တပ်နှင့် ယန်ကိုးပါးစစ်တပ်တို့မှ လူအားလုံး ရှိနေကြပေသည်။

ကျန်းရီက ကောင်းကင်ဘုံခုံရုံးကို ရသွားပြီး ၎င်း၏ အုပ်စိုးသူ ဖြစ်သွားပြီဖြစ်ကြောင်း ထင်ရှားသည်။ တောက်မင်တို့သည် ရောက်လာပြီးသည်နှင့် ထိုအကြောင်းကို ချက်ချင်း သိသွားကြသည်။ မည်သူကမှ မဆင်မခြင် မလှုပ်ရှားဝံ့ကြတော့ပေ။ သူတို့သည် မျက်လုံးဝေ့ဝဲကြည့်ကာ အခြေအနေကို စူးစမ်းနေကြလေသည်။

မကြာခင်တွင် သူတို့ ပြဿနာကို သတိပြုမိသွားကြ၏။ သူတို့ လင်းဖေးရှန်း၊ ဧကရာဇ်ငယ်‌ရွေ၊ ခွမ်ဟူနှင့် ယန်ချီတို့က နွယ်အိုများ၏ ချုပ်နှောင်ခြင်းကို ခံထားရကြောင်း တွေ့လိုက်ရသည်။ ခွမ်ဟူနှင့် ယန်ချီတို့၏ မျက်ဝန်းများက ရီဝေနေကြောင်းကိုလည်း တွေ့လိုက်ရလေသည်။

ဧကရာဇ်ငယ်ရွေသည် ကျန်းရီ၏ ရည်ရွယ်ချက်ကို နားလည်သွား၏။ သူနှင့် လင်းဖေးရှန်းတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၏ မျက်ဝန်းများထဲတွင် ရက်စက်သော အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။ သူတို့သည် ခွမ်ဟူနှင့် ယန်ချီတို့ကို ထိန်းချုပ်၍ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်ခိုင်းတော့မည်ဖြစ်သည်။

“မင်းတို့ ခွမ်ဟူနဲ့ ယန်ချီကို ထိဖို့ မကြိုးစားနဲ့။ ငါ မင်းတို့နှစ်ယောက်ကို ချက်ချင်း သတ်ပစ်နိုင်တယ်ဆိုတာ မင်းတို့ ယုံလား။ ပြီးတော့ ရှားယွီကလည်း အကုန်သိပြီးပြီ။ မင်းတို့ ငါတို့အကုန်လုံးကို သတ်ပစ်နိုင်မှာတဲ့လား”

ကျန်းရီ၏ အေးစက်စက် အသံ ထွက်ပေါ်လာသည်။ ဧကရာဇ်ငယ်ရွေ၏ မျက်နှာ မည်းမှောင်သွား၏။ သူ မလှုပ်ဝံ့တော့ပေ။ ကျန်းရီ၏စကားက မှန်သည်။ ရှားယွီက အရာအားလုံးကို သိထားပြီးပြီဖြစ်သည်။ သူတို့ ခွမ်ဟူနှင့် ယန်ချီတို့အား ကိုယ့်ကိုယ်ကိုယ်‌ ဖောက်ခွဲခိုင်းလိုက်လျှင်ပင် ဖြစ်ပျက်ခဲ့သည့်အရာများကို ဖုံးကွယ်နိုင်မည် မဟုတ်ချေ။

ကျန်းရီ တောက်မင်တို့ကို ကြည့်ကာ အေးအေးဆေးဆေး ပြောလိုက်၏။

“အားလုံးလည်း မြင်လောက်မှာပါ။ သခင်လေးခွမ်ဟူနဲ့ သခင်လေးယန်ချီတို့က အခု ဧကရာဇ်ငယ်ရွေရဲ့ ထိန်းချုပ်မှုကို ခံထားရတယ်။ ထိန်းချုပ်ခံခဲ့ရတဲ့ နောက်နှစ်ယောက်လည်း ရှိသေးတယ်။ သခင်လေးပိယန်နဲ့ ကိုယ်လုပ်တော်ဟွာတို့ပဲ။ ကံမကောင်းတာက သူတို့နှစ်ယောက်က ဧကရာဇ်ငယ်ရွေရဲ့ ထိန်းချုပ်မှုကြောင့် ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်ခဲ့ရတယ်။ ကျွန်တော်သာ မတားခဲ့ရင် သခင်လေးခွမ်ဟူနဲ့ သခင်လေးယန်ချီလည်း အစိတ်စိတ်အမွှာမွှာ ဖြစ်နေလောက်ပြီ”

“ဟင်...”

လူများ အုတ်အော်သောင်းနင်း ဖြစ်သွား၏။ ဧကရာဇ်ငယ်ရွေက သိမ်မွေ့သော သခင်လေးတစ်ယောက်ဟုသာ ထင်ခဲ့ရသည်။ သူက ထိုမျှရက်စက်လိမ့်မည်ဟု မည်သူက ထင်ခဲ့မည်နည်း။ သူက ထိုသို့သော နည်းလမ်းမျိုးကိုပင် သုံးခဲ့သည်လော။

ကောင်းကင်ဘုံခုံရုံးအတွက် တိုက်ခိုက်ခြင်းမှာ ပြဿနာမဟုတ်ပါ။ တိုက်ခိုက်ရင်း ခြေလွန်လက်လွန်ဖြစ်ကာ လူသေသွားသည်အထိလည်း သာမန်သာဖြစ်သည်။ သို့သော် ကျန်းရီနှင့် ရှားယွီကို တားရန်အတွက် မျိုးနွယ်ကြီးများမှ သခင်လေး၊ သခင်မလေးများအား ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်စေခြင်းမှာမူ အလွန်အောက်တန်းကျပေသည်။

လက်ရှိတွင် မျိုးနွယ်သုံးခုက ကမ္ဘာဦးကောင်းကင်ဘုံမှ မျိုးနွယ်ကြီးများနှင့် မဟာမိတ်ဖွဲ့ထားသည်။ အကယ်၍ ဤသတင်းသာ ပေါက်ကြားသွားပက ကမ္ဘာဦးကောင်းကင်ဘုံမှ မျိုးနွယ်ကြီးများက စိတ်ပျက်သွားပေလိမ့်မည်။

“အတိတ်တုန်းက ဧကရာဇ်ငယ်ရွေရဲ့ မျိုးနွယ်ကို နှလုံးညှို့မျိုးနွယ်လို့ ခေါ်ခဲ့တာကို ခင်ဗျားတို့ မေ့သွားလောက်ပြီပေါ့။ သခင်လေးခွမ်ဟူနဲ့ သခင်လေးယန်ချီတို့ရဲ့ စိတ်ဝိညာဉ်က အရမ်းသန်မာပေမဲ့ ဧကရာဇ်ငယ်ရွေက သူတို့ကို အလွယ်လေး ညှို့နိုင်ခဲ့တယ်။ ဒီနေရာက လူတိုင်းက ဉာဏ်ကောင်းတဲ့သူတွေပဲ။ ဧကရာဇ်ငယ်ရွေက ဘာကြောင့် သခင်လေး၊ သခင်မလေးတွေကို ညှို့နိုင်လဲဆိုတာ ခင်ဗျားတို့ နားလည်မှာပေါ့.. ဟုတ်တယ်မလား”

ကျန်းရီ၏ စကားသံ ဆက်၍ ထွက်ပေါ်လာ၏။ တောက်မင်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ပို၍ ဒေါသထွက်သွားကြသည်။ အထူးသဖြင့် ယန်မျိုးနွယ်မှ သခင်လေးတစ်ယောက်က ပို၍ ‌ဒေါသထွက်သွားပေသည်။

ယန်ချီ၏ စိတ်ဝိညာဉ်က အလွန်သန်မာ၏။ ဧကရာဇ်ငယ်ရွေက ဧကရာဇ်တစ်ပိုင်းအဆင့်တွင်သာ ရှိသေးသည်။ ထို့ကြောင့် သူက ယန်ချီကို အလစ်အငိုက်ဖမ်း၍ ညှို့ခဲ့ခြင်းသာ ဖြစ်နိုင်လေသည်။

ခွမ်ဟူ၊ ယန်ချီနှင့် အခြားသူများက ဧကရာဇ်ငယ်ရွေကို အပြည့်အဝ ယုံကြည်ခဲ့လောက်ကြောင်း အားလုံး တွေးကြည့်နိုင်၏။ သို့သော် ဧကရာဇ်ငယ်ရွေက သူတို့ကို နောက်ကျောဓားနှင့်ထိုးခဲ့သည်။ ထိုကဲ့သို့သော လူစားမျိုးမှာ ရွံရှာမုန်းတီးဖွယ်အကောင်းဆုံးဖြစ်သည်။

ယန်မျိုးနွယ်မှ သခင်လေးက ရုတ်ခြည်း ဒေါသတကြီး အော်ပြောလိုက်၏။

“ဧကရာဇ်ငယ်ရွေ... အစ်ကိုချီကို ညှို့ထားတာကို ချက်ချင်း ဖျက်ပေးပါ။ မဟုတ်ရင်တော့ ယန်မျိုးနွယ်က ဒီကိစ္စကို ဒီအတိုင်းထားမှာ မဟုတ်ဘူး”

ခွမ်မျိုးနွယ်၏ မျိုးနွယ်ခွဲတစ်ခုမှ သခင်လေးတစ်ယောက်ကလည်း အော်ပြောလိုက်သည်။

“သခင်လေးခွမ်ဟူကို ညှို့ထားတာကိုလည်း ချက်ချင်းဖျက်ပေး။ မဟုတ်ရင် အကျိုးဆက်တွေကို ခံရလိမ့်မယ်”

“မင်းတို့က ငါ့ကို အရူးတစ်ယောက်လို့ ထင်နေလို့လား”

ယခုတွင် ကိစ္စများက ပေါ်သွားပြီဖြစ်ရာ ဧကရာဇ်ငယ်ရွေသည် သိမ်မွေ့သလို ဆက်ဟန်ဆောင်မနေတော့ပေ။ သူ လှောင်ရယ် ရယ်ကာ ပြန်ပြောလိုက်သည်။

“ငါသာ သူတို့ကို ညှို့ထားတာကို ဖျက်ပေးလိုက်ရင် ကျန်းရီက ငါ့ကို ချက်ချင်း သတ်ပစ်မှာပေါ့။ ငါက မတုံးဘူး။ ကျန်းရီ... မင်း ငါ့ကို ထိရဲရင် ငါ ခွမ်ဟူနဲ့ ယန်ချီတို့ကို ချက်ချင်း သတ်ပစ်လိုက်မယ်။ အဲ့ကျရင် သူတို့နှစ်ယောက် သေရတာ မင်းကြောင့်ပဲ။ ယန်မဟာဧကရာဇ်နဲ့ ရူးသွပ်မဟာဧကရာဇ်က မင်းကို အပြစ်တင်လိမ့်မယ်”

ထိုအခိုက်တွင် လင်းဖေးရှန်းလည်း ရွေးချယ်စရာ မရှိတော့ဘဲ ဝင်ပြောလိုက်ရသည်။

“အားလုံးပဲ စိတ်လျှော့ကြပါ။ ကျန်းရီကို ကျွန်မတို့ကြားမှာ ပဋိပက္ခ ဖန်တီးခွင့် မပေးပါနဲ့။ ကျွန်မ ဝန်ခံပါတယ်... ကောင်းကင်ဘုံခုံရုံးအတွက် ဧကရာဇ်ငယ်ရွေက အမှားတချို့ လုပ်ခဲ့မိတယ်။ ဒါပေမဲ့ ကျွန်မတို့က ချောင်ပိတ်ခံခဲ့ရလို့ပါ။ ကျန်းရီက ဘယ်လိုလူစားမျိုးလဲဆိုတာ ရှင်တို့ မသိကြဘူးလား။ သူသာ ကောင်းကင်ဘုံခုံရုံးကို ရသွားရင် ကျွန်မတို့အကုန်လုံး သေမှာပဲ။ အခု သူ ရှင်တို့ကို မသတ်သေးတာက မျိုးနွယ်သုံးခုနဲ့ ကမ္ဘာဦးကောင်းကင်ဘုံက မျိုးနွယ်တွေကြားမှာ ပဋိပက္ခဖန်တီးဖို့ပဲ။ ကျန်းရီဆိုတာ အရူးတစ်ယောက်ပဲ၊ သူက ဘယ်တုန်းက ညှာတာခဲ့ဖူးလို့လဲ”

“ဟားဟားဟား...”

ကျန်းရီ ကျယ်လောင်စွာ ရယ်လိုက်၏။ သူ ခေါင်းဖွဖွခါကာ ရှင်းပြမနေတော့ဘဲ ရှားယွီကို ကြည့်၍သာ ပြောလိုက်သည်။

“စစ်သူကြီးရှား.. တစ်ခုခု ပြောပါဦး။ ကျွန်တော်ကတော့ အဲ့လိုလူမျိုးအတွက် လေဖြုန်းမနေချင်တော့ဘူး”

ဝှစ်...ဝှစ်...ဝှစ်...

အားလုံး၏ အကြည့်များက ရှားယွီအပေါ် ရောက်သွားကြသည်။ ရှားယွီက ပြီးခဲ့သော အထပ်များတွင် တုန်လှုပ်ဖွယ် အင်အားနှင့် ဉာဏ်ရည်ကို ပြသခဲ့သည်။ ထို့ပြင် သူမ၏ အဆင့်အတန်းက ထူးကဲပေသည်။ သူမ၏ တိုက်ပွဲစွမ်းဆောင်ချက်များက အားလုံး၏ ရင်ထဲတွင် ရှိနေသည်။ ထို့ကြောင့် အားလုံးသည် သူမ ပြောမည့်စကားကို နားထောင်လိုကြပေသည်။

“ဘာမှ ပြောနေစရာ မရှိပါဘူး...”

ရှားယွီက ခေါင်းခါ၍ ဧကရာဇ်ငယ်ရွေနှင့် လင်းဖေးရှန်းတို့ကို ကြည့်ကာ ပြောလိုက်သည်။

“ရှင်တို့နှစ်ယောက် အခု ရပ်လိုက်သင့်ပြီ။ ခွမ်ဟူနဲ့ ယန်ချီတို့ကို လွှတ်ပေးလိုက်ပါ။ ကျန်းရီက ကောင်းကင်ဧကရာဇ်ရဲ့ ဆက်ခံသူဆိုတော့ သဘောထားကြီးတယ်။ အခု တမလွန်ဘုံမျိုးနွယ်က ထိပ်ကို ရောက်နေတော့ လူသားမျိုးနွယ်က ပိုစည်းလုံးသင့်တယ်။ ရှင်တို့နှစ်ယောက်သာ အမှားဝန်ခံပြီး ပြုပြင်မယ်ဆိုရင် သူက ရှင်တို့နှစ်ယောက်ကို အခွင့်အရေးတစ်ခု ပေးလိမ့်မယ်လို့ ကျွန်မထင်တယ်”

လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ချီတုံချတုံ ဖြစ်သွားကြ၏။ ကျန်းရီက အမှန်ပင် ကောင်းကင်ဧကရာဇ်၏ ဆက်ခံသူဖြစ်သည်။ သို့သော် မသေမျိုးတစ်ပိုင်း ရသေ့ကြီးက ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဆက်ခံသူနှင့် မျိုးနွယ်သုံးခုက မည်သည့်အခါတွင်မှ မိတ်ဆွေမဖြစ်နိုင်ဟု ပြောထားသည်။

ယခုတွင် ပြဿနာမှာ...

ကျန်းရီက ခွမ်ဟူနှင့် ယန်ချီ၏ သေခြင်း၊ ရှင်ခြင်းက အမှန်တကယ် ဂရုစိုက်မည်လော။ လင်းဖေးရှန်းတို့ ထိုနှစ်ယောက်၏ အသက်ကို အသုံးချ၍ ကျန်းရီကို ခြိမ်းခြောက်လိုက်မည်ဆိုလျှင် ကျန်းရီ ဒေါသထွက်သွားမည်လော။

လင်းဖေးရှန်း၏ မျက်ဝန်းများ အရောင်လက်သွားသည်။ သူမ လျင်မြန်စွာ ဆုံးဖြတ်ချက်ချကာ ကျန်းရီကို ကြည့်၍ ပြောလိုက်လေသည်။

“သခင်လေးကျန်း... ကျွန်မ သူတို့နစ်ယောက်ကို လွှတ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ရှင်ကရော ကျွန်မတို့ကို လွှတ်ပေးမှာ သေချာလား”

“မသေချာဘူး”

ကျန်းရီ ပခုံးတွန့်၍ ပြန်ပြော၏။

“အဲ့ဒါက ငါ့စိတ်ခံစားချက်အပေါ် မူတည်တယ်။ ငါ ခံစားချက် ကောင်းမနေရင် မင်းတို့နှစ်ယောက် ဒုက္ခခံရလိမ့်မယ်။ တကယ်လို့ ငါ ခံစားချက် ကောင်းနေရင်တော့... ငါ မင်းတို့ကို ဒီထဲမှာ နှစ်သုံးရာကနေ ငါးရာလောက်အထိ ချုပ်ထားပြီးရင် လွတ်ပေးမယ်”

“နှစ်သုံးရာကနေ ငါးရာလား”

အားလုံး တစ်ယောက်ကိုတစ်‌‌ယောက် ကြည့်လိုက်ကြ၏။ ဟယ်နုန်ယင်းနှင့် ယွင်ပင်းတို့လည်း အကြည့်ချင်းဖလှယ်ကာ လက်ဖြင့် ပါးစပ်အုပ်၍ ရယ်လိုက်ကြသည်။ ကျန်းရီ၏ အကျင့်စရိုက်မှာ အမြဲ ဤအတိုင်းပင်။ သူ့ကို အပျော့ဆွဲ ဆွဲ၍ ရနိုင်သော်လည်း အတင်းအကျပ်လုပ်၍ မရပေ။ အကယ်၍ လင်းဖေးရှန်းတို့နှစ်ယောက်က သူ့ကို ဒေါသထွက်အောင် ဆက်လုပ်နေမည်ဆိုလျှင် သူတို့ အဆုံးသတ်ကောင်းလိမ့်မည် မဟုတ်ချေ။

“နှစ်သုံးရာကနေ ငါးရာလား။ မင်း ငါတို့ကို သတ်လိုက်တာကမှ ပိုကောင်ဦးမယ်...”

ဧကရာဇ်ငယ်ရွေက ဒေါသတကြီး ‌အော်ပြောလိုက်သည်။ သို့သော် သူ စကားမဆုံးသေးခင်မှာပင် သူ့အနောက်မှ နံရံက အဖြူရောင်အလင်း လင်းလက်လာသည်။ ထို့နောက် နံရံထဲမှနေ၍ သက်တံ့ရောင်နွယ်အိုတစ်ချောင်း ထွက်လာပြီး သူ့လည်ပင်းကို ရစ်ပတ်လိုက်သည်။ သက်တံ့ရောင်နွယ်အိုက တောက်ပစွာ လင်းလက်လာသည်။ ယင်းနောက် ဆက်၍ဖြစ်လာသော အရာက အားလုံးကို တုန်လှုပ်သွားစေလေသည်။

သက်တံ့ရောင်နွယ်အိုက ဧကရာဇ်ငယ်ရွေ၏ အသက်စွမ်းအားကို လျင်မြန်စွာ စုပ်ယူလာ၏။ ဧကရာဇ်ငယ်ရွေ၏ ဆံပင်များက မျက်လုံးနှင့် မြင်သာသောနှုန်းဖြင့် မီးခိုးရောင်ပြောင်းသွားသည်။ သူ၏ သွေးရောင်လွှမ်းနေသော အသားအရေမှာလည်း ဖြူဖျော့၍လာသည်။ နောက်ဆုံးတွင် သူ့အရေပြားက သစ်ပင် ပင်စည်ခေါက်ကဲ့သို့ ရှုံ့တွလာ၏။ သူ အရိုးပေါ် အရေတင်လာပေသည်။

ဧကရာဇ်ငယ်‌ရွေသည် အမွေးတိုင်တစ်တိုင်စား အတွင်းမှာပင် ခံ့ညားသော လူငယ်တစ်ယောက် အဖြစ်မှနေ၍ အဘိုးအိုတစ်ယောက်အဖြစ် ပြောင်းလဲသွား၏။

အားလုံးသည် နေ့ခင်းကြောင်တောင်တွင် တစ္ဆေတစ်ကောင်ကို တွေ့လိုက်ရသည့်အလား ပင့်သက်ရှိုက်လိုက်ကြ၏။ သူတို့သည် ကျန်းရီကို တမလွန်ဘုံမှ ရောက်လာသည့် တစ္ဆေဘုရင်တစ်ကောင်အလား ကြည့်နေကြသည်။

အစမှ အဆုံးအထိ ကျန်းရီက သိမ်မွေ့စွာ ပြုံးနေခဲ့၏။ သူ့အသံကလည်း အလွန်တည်ငြိမ်နေသည်။ သို့သော် အားလုံး၏ နားထဲတွင်မူ သူ့အသံက တစ္ဆေသံကဲ့သို့ပင်။

“ငါက စိတ်သိပ်မရှည်တတ်ဘူး။ ငါ မင်းတို့ကို အလွယ်လေး သတ်ပစ်နိုင်တယ်ဆိုတာ အားလုံးလည်း သိမှာပဲ။ ဒါပေမဲ့ ဒီလောကထဲမှာ သေတာထက် ပိုကြောက်စရာကောင်းတဲ့အရာတွေ ရှိတယ်နော်။ သခင်မလေးဖေးရှန်း... မင်း စမ်းကြည့်ချင်လား”

***

All Chapters