သဘောတူညီချက် လုပ်မည်
Vol. 142 Ch. 1976
“ဟင့်အင်း.. ဟင့်အင်း...”
လင်းဖေးရှန်းသည် ချုပ်နှောင်ခံထားရသော်လည်း ခေါင်းလှုပ်နိုင်သေး၏။ သူမ ခေါင်းခပ်ကြမ်းကြမ်းခါလိုက်သည်။ သူမ၏မျက်ဝန်းများထဲတွင် အကြောက်တရား ပြည့်နှက်နေပေသည်။
လင်းဖေးရှန်းသည် ဧကရာဇ်ငယ်ရွေကို ငယ်စဉ်ကတည်းက သိခဲ့သည်။ သူမတို့က အတူကြီးပြင်းခဲ့သည်ဟုပင် ဆိုနိုင်သည်။ ထို့ပြင် ဧကရာဇ်ငယ်ရွေက သူမကို နှစ်ပေါင်းများစွာ ပိုးပန်းခဲ့၏။ သူမတို့၏ မျိုးနွယ်များက လက်ထပ်ပွဲအတွက်ပင် စီစဉ်ပေးဖို့ လုပ်ခဲ့သည်။ သူမထံတွင်လည်း ဧကရာဇ်ငယ်ရွေအပေါ် တူညီသောခံစားချက်များ ရှိပါ၏။ ယခုတွင် သူမသည် ဧကရာဇ်ငယ်ရွေက သေခါနီး အဘိုးကြီးအဖြစ် ပြောင်းလဲသွားသည်ကို တွေ့လိုက်ရပေပြီ။
လင်းဖေးရှန်းမှာ ဉာဏ်ကောင်းသော်လည်း ယခု၌ လုံးဝကြောက်ရွံ့နေပြီဖြစ်သည်။ သူမသည် ရုတ်ခြည်းအတွင်း သူမ၏ငယ်ရွယ်ပျိုမြစ်မှုကို ဆုံးရှုံးကာ ဆံဖြူအဘွားအိုအဖြစ် ပြောင်းလဲသွားရမည်ကို တွေး၍ပင်မကြည့်ဝံ့ချေ။ သို့ဖြစ်လာလျှင် သူမ ရူးပင်ရူးသွားလောက်ပေသည်။
ဟယ်နုန်ယင်းနှင့် ယွင်ပင်းတို့ အပါအဝင် အားလုံး မှင်တက်သွားကြ၏။ မည်သူကမှ စကားတစ်ခွန်းမှ မပြောဝံ့ကြပေ။ နေရာတစ်ခုလုံး တိတ်ဆိတ်သွားသည်။ ကြောက်မက်ဖွယ် အကောင်းဆုံး မရဏစည်းမျဉ်းသည်ပင် ထိုကဲ့သို့သော စွမ်းအားမျိုး မရှိသည် မဟုတ်လော။
“အား...အား...”
ဧကရာဇ်ငယ်ရွေတစ်ယောက် လိပ်ပြာလွင့်မတတ် ကြောက်ရွံ့သွား၏။ သူသည် အရေတွန့်နေသော နှုတ်ခမ်းများကို လှုပ်ကာ အော်လိုက်သည်။ သို့သော် အားနည်းလွန်းနေသောကြောင့် နှုတ်ခမ်းများကိုပင် မလှုပ်နိုင်ချေ။ သူ အဘိုးအိုတစ်ယောက်ကဲ့သို့သာ အော်နိုင်လိုက်လေသည်။
“ဟင်းဟင်း...”
ကျန်းရီ၏ တည်ငြိမ်သော ရယ်သံက ထပ်မံ ထွက်ပေါ်လာ၏။ သို့သော် ထိုရယ်သံသည် တောက်မင်တို့ကို ကြက်သီးထသွားစေသည်။ ကျန်းရီက လက်ဝှေ့ယမ်းလိုက်ရာ သက်တံ့ရောင်နွယ်အိုက တောက်ပစွာလင်းလက်လာပြီး ဧကရာဇ်ငယ်ရွေ၏ကိုယ်ထဲ အသက်စွမ်းအား ပြန်ထည့်သွင်းလိုက်၏။
အားလုံးကို မှင်တက်သွားစေမည့် အရာတစ်ခု ထပ်မံ ဖြစ်လာပြန်သည်။ ဧကရာဇ်ငယ်ရွေသည် မျက်လုံးဖြင့် မြင်သာသော နှုန်းဖြင့် သူ့ငယ်ရွယ်မှုကို ပြန်ရလာ၏။ သူ့ဆံပင်များ လျင်မြန်စွာ ပြန်နက်လာပြီး သူ့ကြွက်သားများလည်း ပြန်တောင့်တင်းလာသည်။ သူ့အရေပြားမှာလည်း တင်းလာသည်။ မကြာခင်တွင် ဧကရာဇ်ငယ်ရွေသည် ခံ့ညားသော သခင်လေး ပြန်ဖြစ်သွားလေသည်။
“ပျော်စရာကောင်းရဲ့လား”
ကျန်းရီသည် ဧကရာဇ်ငယ်ရွေကို ခနဲ့ပြုံးနှင့် ကြည့်၍ ပြောလိုက်သည်။
“မင်း.. ထပ်လုပ်ချင်လား”
ဧကရာဇ်ငယ်ရွေသည် ရူးမတတ် ကြောက်ရွံ့နေ၏။ သူသည် ပလုတ်တုတ်တစ်ခုအလား ခေါင်းခါ၍ ပြန်အော်ပြောလိုက်၏။
“ဟင့်အင်း... ဟင့်အင်း... မင်းက အရူးတစ်ယောက်ပဲ။ ငါ မင်းနဲ့ မကစားချင်တော့ဘူး”
ရှားယွီတို့ တုန်လှုပ်သွားကြသည်။ တောက်မင်၊ သခင်မလေးကုန်းယန်နှင့် အခြားသူများလည်း ကျန်းရီအား မိစ္ဆာတစ်ကောင်အလား ကြည့်လိုက်ကြသည်။ သူသည် လူတစ်ယောက်ကို လက်ဖျောက်တစ်ချက်တည်းနှင့် အိုသွားအောင်၊ ပြန်ငယ်လာအောင် လုပ်နိုင်၏။ သို့ဖြစ်ရာ သူနှင့် မိစ္ဆာတစ်ကောင်က မည်သို့ကွာခြားသေးသနည်း။
“သူ့ကို လွှတ်လိုက်”
ကျန်းရီက လက်ဝှေ့ယမ်းလိုက်ရာ သက်တံ့ရောင်နွယ်အိုက နံရံထဲ ပြန်ဝင်သွား၏။ ဧကရာဇ်ငယ်ရွေက ကြောက်ရွံ့နေသေးဆဲဖြစ်၍ မလှုပ်ပေ။
ကျန်းရီ အတန်ငယ် စိတ်မရှည်နိုင် ဖြစ်လာသည်။ သူ ဧကရာဇ်ငယ်ရွေကို ကြည့်၍ အေးစက်စက် နှာမှုတ်လိုက်၏။ ဧကရာဇ်ငယ်ရွေ ရုတ်ခြည်း လန့်နိုးလာသည်။ ထို့နောက် သူ့မျက်ဝန်းများထဲမှနေ၍ အနီရောင်အလင်းတန်း နှစ်တန်း ထွက်လာ၏။ ၎င်းအလင်းတန်းများက ခွမ်ဟူနှင့် ယန်ချီတို့၏ ခေါင်းများထဲ ဝင်သွားလေသည်။
တဖြည်းဖြည်းနှင့် ခွမ်ဟူနှင့် ယန်ချီတို့၏ မျက်ဝန်းများက ပြန်ကြည်လင်လာကြသည်။ သို့သော် သူတို့ အတန်ငယ် မူးဝေနေကြဆဲပင်။ သူတို့သည် ဘေးဘယ်ညာကို ကြည့်ပြီးနောက် အတွင်းခန်းမထဲတွင် လူများ ပြည့်နေကြောင်း တွေ့လိုက်ရ၏။ ကျန်းရီက မိန်းမပျိုနှစ်ယောက်နှင့်အတူ လေထဲတွင် ဝံ့ကြွားစွာ ရပ်နေသည်ကို တွေ့လိုက်ရသောအခါတွင်မူ သူတို့ မျက်တောင်ပုတ်ခတ်ကာ အိပ်မက်မက်နေသလောဟု တွေးမိသွားကြသည်။
ရွှစ်...ရွှစ်...
နွယ်အိုများက ရွေ့လျားလာပြီး ခွမ်ဟူနှင့် ယန်ချီတို့ကို နံရံဆီသို့ ဆွဲခေါ်သွားကြ၏။ သူတို့သည် ဧကရာဇ်ငယ်ရွေနှင့် လင်းဖေးရှန်းတို့ဘေးသို့ ရောက်သွား၏။ ထိုလေးယောက်သည် နံရံတွင် ချည်နှောင်ခံထားရသော အကျဉ်းသားလေးယောက်ကဲ့သို့ပင်။
“အာ... ကျန်းရီ၊ ခွမ်ဟူနဲ့ ယန်ချီတို့ကို လွှတ်ပေးလိုက်ပါ။ သူတို့က ဘာအမှားအကြီးကြီးမှ မကျူးလွန်ခဲ့ဘူး မဟုတ်လား”
ဟယ်နုန်ယင်း ပြောလိုက်၏။ ယွင်ပင်းကလည်း ခေါင်းညိတ်သည်။ တောက်မင်နှင့် အခြားသူများမှာ ကျန်းရီကို နားမလည်နိုင်ဟန်နှင့် ကြည့်နေကြသည်။ သူက ဧကရာဇ်ငယ်ရွေကို ခွမ်ဟူတို့အပေါ် ညှို့ထားမှုအား ဖျက်ခိုင်းခဲ့သော်လည်း အဘယ်ကြောင့် ယခု ခွမ်ဟူတို့ကို ချုပ်ထားရသေးသနည်း။
“စိတ်မလှုပ်ရှားပါနဲ့”
ကျန်းရီက နွေးထွေးစွာပြုံး၍ ပြန်ပြော၏။
“ဒါက ဇာတ်ပျိုးပဲ ရှိပါသေးတယ်။ တကယ့်ပွဲက မစရသေးဘူး”
“ပွဲလား”
ဟယ်နုန်ယင်းက အတွေးနက်သွားသော်လည်း ယွင်ပင်းမှာ နားမလည်နိုင်ပေ။ ရှားယွီကမူ ရုတ်တရက် သက်ပြင်းချကာ ပြောလိုက်လေသည်။
“ကျန်းရီ... ရှင် ဒီလိုလုပ်မှ ရမှာလား”
“ကျွန်တော်က အဲ့လိုလုပ်ချင်တာ မဟုတ်ပါဘူး”
ကျန်းရီသည် ရှားယွီကို ကြည့်၍ ပြန်ပြော၏။
“ဒါက ခင်ဗျားဆရာရဲ့ အမှားပဲ။ စစ်သူကြီးရှား... ကျွန်တော် ခင်ဗျားကို အရင် ဒုက္ခပေးရတော့မှာပဲ။ မစိုးရိမ်ပါနဲ့... ခင်ဗျားရဲ့ ဆရာကိုသာ အလွယ်တကူ ပြောလို့ရမယ်ဆိုရင် ကျွန်တော် ခင်ဗျားတို့ကို အခက်တွေ့အောင်လုပ်မှာ မဟုတ်ပါဘူး”
“ကျန်းရီ... နိုင်သူက အကုန်စားစတမ်းပဲ။ မင်း ငါတို့ကို သတ်ချင်ရင် သတ်ပစ်လိုက်။ အရှက်တော့မခွဲနဲ့”
ခွမ်ဟူက အော်ပြောလိုက်သည်။ သူသည် မည်သည့်ကိစ္စများ ဖြစ်ပျက်နေကြောင်းကို မသိသော်လည်း ကျန်းရီက ကောင်းကင်ဘုံခုံရုံးအား ရယူပြီးဖြစ်ကြောင်းတော့ သိ၏။ ထိုအချက်မှာ ပြောင်းလဲ၍ မရနိုင်သော အရာပင်။
ကျန်းရီသည် ခွမ်ဟူကို အေးစက်စက် ကြည့်ကာ ပြန်အော်ပြောလိုက်သည်။
“ငါ့မှာ မင်းအတွက် အချိန်မရှိဘူး။ မင်း မသေချင်ရင် ပါးစပ်ပိတ်ထားလိုက်။ ပွဲကိုသာ ကြည့်နေ”
ရွှစ်...ရွှစ်...
ကျန်းရီ စကားပြောလိုက်သည့်အခိုက်တွင် ကြမ်းပြင်ထဲမှနေ၍ မရေမတွက်နိုင်သော နွယ်အိုများ ထွက်လာပြီး တောက်မင်၊ ရှားယွီနှင့် အခြားသူများကို ရစ်ပတ်လိုက်၏။ တောက်မင်တို့ လန့်အော်မိလိုက်ကြသည်။ ရှားယွီမှာမူ ခန့်မှန်းထားပြီဖြစ်၍ မခုခံလိုက်ပေ။
နွယ်အိုများက အားလုံးကို စင်မြင့်ဆီသို့ ဆွဲခေါ်သွားပြီး သူတို့ကို အပြစ်သားများအလား စင်မြင့်ထက်၌ စီတန်းထားလိုက်၏။ သူတို့၏ခန္ဓာကိုယ်များက အသားဖက်ထုပ်များအလား ရစ်နှောင်ခံထားရသည်။ သူတို့၏ခေါင်းများသာ အပြင်တွင် ကျန်ပေသည်။
ကျန်းရီ၏ မျက်နှာထားလည်း အေးစက်သွားသည်။ သူ လေသံတိုးတိုးနှင့် ပြောလိုက်သည်။
“အားလုံးပဲ ခဏနေရင် ပွဲကို တိတ်တိတ် ကြည့်နေကြပါ။ ဘယ်သူမှ စကားပြောတာ၊ မဆင်မခြင် လုပ်တာတွေကို မလိုချင်ဘူး။ မဟုတ်ရင်တော့ ငါ မင်းတို့ ဘယ်တော့မှာ စကားမပြောနိုင်အောင် လုပ်ပေးလိုက်မယ်။ နားလည်ကြလား”
ကျန်းရီ၏ သတ်ဖြတ်အရှိန်အဝါက အားလုံးကို ပွတ်တိုက်ဖြတ်သန်းသွား၏။ ရှားယွီမှ လွဲ၍ အားလုံး ကြောက်ရွံ့ကာ တိတ်ဆိတ်သွားကြသည်။ ထို့နောက် ကျန်းရီက ကျေနပ်စွာ လက်ဝှေ့ယမ်းလိုက်သည်။ အတွင်းခန်းမ၏ လေထဲတွင် အဖြူရောင်အလင်း လင်းလက်လာ၏။ ရုတ်တရက် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုပုံရိပ်မှာ ကောင်းကင်ဘုံခုံရုံးအပြင်ဘက်ရှိ အသူရာတောင်၏ပုံရိပ်ပင်။
ပုံရိပ်ထဲရှိ အသူရာတောင်ထိပ်တွင် စွမ်းအားကြီး သိုင်းသမားများစွာ ရပ်နေကြ၏။ မိုးပြာမဟာဧကရာဇ်၊ ရူးသွပ်မဟာဧကရာဇ်၊ ယန်မဟာဧကရာဇ်၊ ဧကရာဇ်ရွေနှင့် တောဆိတ်ရသေ့ကြီးတို့က ကောင်းကင်ဘုံခုံရုံး၏ ပတ်ပတ်လည်တွင် ရပ်နေကြသည်။ တောက်နူ၊ တောက်နု၊ တောက်လန်၊ ကုန်းယန်မျိုးနွယ်ခေါင်းဆောင်၊ ကျန်သော ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားများနှင့် တစ်သောင်းနီးပါးသော အုပ်ချုပ်သူအဆင့် သိုင်းသမားများလည်း ရှိနေကြသည်။ ထို စွမ်းအားကြီး သိုင်းသမားအားလုံးသည် အံ့အားသင့်နေသော မျက်နှာထားများနှင့် ကောင်းကင်ဘုံခုံရုံးကို ငေးကြည့်နေကြလေသည်။
“အဘိုး” “အဖေ” “ဆရာ” “အဘိုးသုံး”
တောက်မင်၊ ခွမ်ဟူ၊ ယန်ချီနှင့် အခြားသူများအားလုံး အော်လိုက်ကြ၏။ ကျန်းရီ၏ အေးစက်စက် အကြည့်က သူတို့အပေါ် ဝဲသွားသည်။ ထိုအခါ အားလုံး ရုတ်တရက် တိတ်သွားကြပြီး ပုံရိပ်ကိုသာ ဆက်ကြည့်နေလိုက်ကြ၏။ သူတို့အားလုံးသည် အပြင်ဘက်မှ လူများကို ထိုပုံရိပ်မှတဆင့်သာ ကြည့်နိုင်သည်ဟုလည်း ခံစားလိုက်ကြရသည်။
ထိုအခိုက်တွင် ကောင်းကင်ဘုံခုံရုံးအပြင် အာကာပြင်ထဲ၌လည်း ပုံရိပ်တစ်ခု ပေါ်လာ၏။ ထိုပုံရိပ်မှာ ကောင်းကင်ဘုံခုံရုံးထဲမှ အတွင်းခန်းမ၏ ပုံရိပ်ပင်။ ထိုပုံရိပ်က အလွန်ကြီးမားသည်။ အနည်းဆုံး ပေတစ်ထောင်လောက် ကျယ်ပေသည်။ ကျန်းရီ၊ လင်းဖေးရှန်း၊ ခွမ်ဟူနှင့် အခြားသူများအားလုံးကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ နွယ်အိုများက သူတို့ကို ချုပ်ထားသည်ကိုလည်း မြင်ရသည်။ ထို့ပြင် ခွမ်ဟူတို့၏ အော်သံများကိုလည်း အပြင်မှနေ၍ ရှင်းလင်းစွာ ကြားရပေသည်။ သို့သော် ခွမ်ဟူတို့ကမူ အပြင်မှ အသံများကို မကြားနိုင်ကြပေ။
ကျန်းရီသည် ပုံရိပ်မှနေ၍ မိုးပြာမဟာဧကရာဇ်နှင့် အခြားသူများကို ကြည့်လိုက်၏။ ထို့နောက် သူ ခပ်ရေးရေးပြုံးကာ ပြောလိုက်သည်။
“မိုးပြာမဟာဧကရာဇ်... မတွေ့တာကြာပြီ။ ဘေးကလူတွေက ယန်မဟာဧကရာဇ်၊ ရူးသွပ်မဟာဧကရာဇ်၊ တောဆိတ်ရသေ့ကြီးနဲ့ ဧကရာဇ်ရွေတို့ ထင်တယ်။ ကျွန်တော်က ကျန်းရီပါ။ မဟာဧကရာဇ်တို့ကို နှုတ်ခွန်းဆက်ပါတယ်”
ကျန်းရီသည် အထဲမှနေ၍ ဦးညွှတ်ကာ အလွန်ယဉ်ကျေးစွာ ပြောလိုက်၏။ သို့သော် အပြင်ဘက်တွင် အုတ်အော်သောင်းနင်း ဖြစ်သွားသည်။ လူများစွာက ဆဲဆို ကြိမ်းမောင်းလိုက်ကြသည်။ ကျန်းရီက အစီအရင်များကို ထိန်းချုပ်ထား၍ တော်သေးသည်။ သူမှလွဲ၍ အခြားသူများက အပြင်မှအသံများကို မကြားနိုင်ကြပေ။ သူတို့သည် လူများစွာ၏ ဒေါသထွက်နေသော မျက်နှာထားများကိုသာ မြင်ကြရသည်။
“အကုန်လုံး ပါးစပ်ပိတ်ထားကြ”
မိုးပြာမဟာဧကရာဇ်က လက်ဝှေ့ယမ်း၍ အော်ပြောလိုက်ရာ အားလုံး တိတ်ဆိတ်သွားကြ၏။ ထို့နောက် သူ ကျန်းရီကို မျက်လုံးချင်းဆုံကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
“ကျန်းရီ... နောက်ဆုံးကျတော့ ကောင်းကင်ဘုံခုံရုံးကို မင်းပဲ ရသွားတာပေါ့။ မင်းက ကောင်းကင်ဧကရာဇ်ရဲ့ ဆက်ခံသူဆိုတော့ ကောင်းကင်ဘုံခုံရုံးကို မင်းရသွားတာ သဘာဝကျပါတယ်။ ဒါပေမဲ့... မင်းက ကောင်းကင်ဧကရာဇ်ရဲ့ ဆက်ခံသူဆိုပေမဲ့ ယန်ကိုးပါးကောင်းကင်ဧကရာဇ်လောက် သဘောထားမကြီးဘူး။ ဘာလို့ မင်းက လူငယ်တွေကို ဖမ်းထားရတာလဲ”
“ဟားဟားဟား...”
ကျန်းရီ ကျယ်လောင်စွာ ရယ်လိုက်၏။ သူ ခပ်လှောင်လှောင် မျက်နှာထားနှင့် သက်ပြင်းချကာ ပြန်ပြောလိုက်သည်။
“လူငယ်တွေတဲ့လား။ လူငယ်တွေဆိုတာ ဘာပြောတာလဲ။ အဲ့လိုသာဆို ခင်ဗျားနဲ့ ယှဉ်ရင် ကျွန်တော်က လူငယ်တွေကြားက လူငယ်ပဲ မဟုတ်လား။ အရင်တုန်းက ခင်ဗျား ကျွန်တော့်ကို လိုက်သတ်ခဲ့တုန်းကတော့ လူငယ်တွေ၊ လူကြီးတွေ ပြောမနေခဲ့ပါဘူး။ ပြီးတော့ ဘာလို့ ခင်ဗျားက ထျန်းဖုန့်ဧကရာဇ်ကို ဖမ်းထားရတာလဲ။ ကောင်းကင်ဧကရာဇ်ရဲ့ ဆက်ခံသူ ကျွန်တော်က အရမ်းသဘောထားသေးပါတယ်။ ကမ္ဘာဦးကောင်းကင်ဘုံရဲ့ နံပါတ်တစ် မဟာဧကရာဇ် ခင်ဗျားကတော့ အရမ်းသဘောထားကြီးတယ်ပေါ့ ဟုတ်လား”
“ငါ မင်းနဲ့ အဲ့အကြောင်းတွေ ငြင်းခုန်နေမှာ မဟုတ်ဘူး”
မိုးပြာမဟာဧကရာဇ်သည် ဩဇာအပြည့်နှင့် လက်ဝှေ့ယမ်းကာ ပြောသည်။
“ကျန်းရီ... မင်း ဘာလိုချင်တာလဲ။ မင်း ဓားစာခံလဲချင်ရင် ပြောသာပြောလိုက်”
“မဟုတ်ဘူး”
ကျန်းရီက ခေါင်းခါသည်။
“ကျွန်တော်က ခင်ဗျားနဲ့ ဓားစာခံလဲချင်တာ မဟုတ်ဘူး။ သဘောတူညီချက်တစ်ခု လုပ်ချင်တာ”
***