သဘောတူမည်လော
Vol. 142 Ch. 1977
သဘောတူညီချက်တစ်ခု ယူမည်...
ယင်းမှာ ရန်သူကို အရှက်ရစေမည့် သဘောတူညီချကတစ်ခုအား အတင်းသဘောတူခိုင်းဖြစ်သည်။ လက်ရှိတွင် ကျန်းရီက ကောင်းကင်ဘုံခုံရုံးထဲ၌ အလွန်လုံခြုံနေသည်။ ထို့ပြင် သူ့ဘက်တွင် ဓားစာခံပိုများသည်။ ထိုဓားစာခံအားလုံးကလည်း အဆင့်အတန်းမြင့်သူများ ဖြစ်ကြသည်။ တစ်ဘက်တွင်မူ ကျန်းရီ၏ လက်အောက်ခံဟု ထင်ရသည့် ထျန်းဖုန့်ဧကရာဇ် တစ်ယောက်သာ ရှိသည်။
ကြည့်ရသည်မှာ ယခုတွင် ကျန်းရီဘက်က အသာစီးရနေသကဲ့သို့ပင်။ ယင်းအပြင် သဘောတူညီချက် ရယူရန်မှာလည်း ကျန်းရီဘက်က စပြောခြင်းဖြစ်သည်။ ထို့ကြောင့် သူက မိုးပြာမဟာဧကရာဇ်ကို သဘောတူညီချက်ယူရန် ဖိအားပေးခြင်းပင်။ ယင်းက အလွန်ရယ်ရသည်။ လူများစွာသည် ခပ်လှောင်လှောင် ပြုံးလိုက်ကြသည်။ တောက်နူ၊ တောက်နုနှင့် အခြားသူများလည်း ပို၍ ဒေါသထွက်သွားကြသည်။
မိုးပြာမဟာဧကရာဇ်က မျက်ခုံးပင့်၍ ကျန်းရီကို စိုက်ကြည့်လိုက်၏။
“မင်းမှာ ဘာအခွင့် ရှိလို့လဲ။ ငါနဲ့ သဘောတူညီချက် ယူရအောင် မင်းက ဘာကောင်မို့လို့လဲ။ ကောင်းကင်ဘုံခုံရုံးထဲမှာ ရှိနေတာနဲ့ မင်းက မင်းကိုယ်မင်း အရမ်းလုံခြုံနေပြီလို့ ထင်နေတာလား။ ငါတို့ငါးယောက်သာ အတူပေါင်းတိုက်လိုက်မယ်ဆိုရင် ကောင်းကင်ဘုံခုံရုံးကို အလွယ်လေး ဖျက်ဆီးပစ်နိုင်တယ်။ မင်း ငါပြောတာကို ယုံလား”
“ကျွန်တော် ခင်ဗျားကို မယုံဘူး”
ကျန်းရီက ယုံကြည်မှုရှိရှိ ပြန်ပြောသည်။
“မိုးပြာမဟာဧကရာဇ်... ခင်ဗျား စမ်းချင်ရင် စမ်းပြီး တိုက်ခိုက်ကြည့်နိုင်တယ်။ ခင်ဗျား ကောင်းကင်ဘုံခုံရုံးကို တစ်နှစ်အတွင်း ဖျက်ဆီးနိုင်မယ်ဆိုရင် ကျွန်တော် ခင်ဗျားကို ရှိခိုးမယ်”
“ဝိုး...”
အားလုံး အုတ်အော်သောင်းနင်း ဖြစ်သွားသည်။ ကျန်းရီက ထိုမျှ စိတ်ကြီးဝင်နေသည်လော။ ကောင်းကင်ဘုံခုံရုံးအပြင်တွင် ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမား ငါးယောက်၊ ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားများစွာနှင့် အုပ်ချုပ်သူအဆင့် သိုင်းသမားများစွာ ရှိနေသည်။ သို့ပင်လျှင် သူတို့က ကောင်းကင်ဘုံခုံရုံးကို တစ်နှစ်အတွင်း ဖျက်ဆီးပစ်နိုင်မည် မဟုတ်ဟု ကျန်းရီက ပြောနေသည်လော။
မိုးပြာမဟာဧကရာဇ်နှင့် ယန်မဟာဧကရာဇ်တို့ အကြည့်ချင်းဖလှယ်လိုက်ကြ၏။ သူတို့နှစ်ယောက်စလုံး နှုတ်ခမ်းတွန့်သွားကြသည်။ ကျန်းရီက ထိုသို့ပြောနေရာ သူ ကောင်းကင်ကိုးပါးကြယ်အစီအရင်ကို မည်သို့နှိုးရမည်ဖြစ်ကြောင်း သိထားပြီး ဖြစ်နေပုံပင်။
မိုးပြာမဟာဧကရာဇ်၊ ယန်မဟာဧကရာဇ်နှင့် အခြားသူများသည် ထို ကောင်းကင်ကိုးပါးကြယ်အစီအရင်က မည်မျှစွမ်းအားကြီးကြောင်းကို သိသည်။ ကောင်းကင်ကိုးပါးကြယ်အစီအရင်သည် ကောင်းကင်ကြယ်ကိုးစင်းမှ စွမ်းအင်ကို စုပ်ယူကာ ကောင်းကင်ဘုံခုံရုံးတစ်ခုလုံးကို ကာပေးခြင်းဖြစ်သည်။ ၎င်း၏စွမ်းအင်က အကန့်အသတ်မရှိဟုလည်း ဆိုကြသည်။
ကောင်းကင်ဘုံခုံရုံး ဤနေရာတွင် ရှိနေခဲ့သည်မှာ နှစ်တစ်သောင်းကျော်ခဲ့ပြီဖြစ်သည်။ ၎င်းက စွမ်းအင်မည်မျှကို စုပ်ယူပြီးပြီနည်း။ ကျန်းရီပြောသော တစ်နှစ်မှာ အလွန်တိုလွန်းသည်။ မိုးပြာမဟာဧကရာဇ်၏ ခန့်မှန်းတွက်ချက်မှုအရ သူတို့ အတူတကွ မရပ်မနား တိုက်ခိုက်မည်ဆိုလျှင်ပင် ထိုအစီအရင်ကို ဖျက်ရန် အနည်းဆုံး နှစ်နှစ်မျှ လိုအပ်ပေလိမ့်မည်။
“ဝူမင်...”
မိုးပြာမဟာဧကရာဇ်သည် အံကြိတ်ကာ အော်လိုက်၏။ သူ့အမြင်တွင် ကျန်းရီ ကောင်းကင်ဘုံခုံရုံးကို အလွယ်တကူ ရသွားခြင်းမှာ ယန်ကိုးပါးကောင်းကင်ဧကရာဇ်ကြောင့်ဟု မြင်သည်။ သို့သော် ဝူမင်အကြောင်းကို တွေးမိသောအခါ သူ ရင်ခုန်မြန်သွားသည်။ ဝူမင်မှာ လူသားသမိုင်းတွင် အဖြောင့်မတ်ဆုံး ကောင်းကင်ဧကရာဇ် မဟုတ်ပါလား။ ထိုသို့သော ကောင်းကင်ဧကရာဇ်က သူ့ကို မည်သို့ ဓားစာခံများနှင့် ခြိမ်းခြောက်မည်နည်း။
မိုးပြာမဟာဧကရာဇ်သည် ကျန်းရီကို ကြည့်၍ ပြောလိုက်သည်။
“ကျန်းရီ... မင်း ညှိနှိုင်းချင်သလို ညှိနှိုင်းလို့ရတယ်။ အရင်ဆုံး ဓားစာခံတွေကို လွှတ်ပေးလိုက်။ မင်းက ကောင်းကင်ဧကရာဇ်ရဲ့ ဆက်ခံသူပဲ။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်က သမိုင်းတစ်လျှောက်က ကောင်းကင်ဧကရာဇ်တွေထဲမှာ အဖြောင့်မတ်ဆုံးပဲ။ သူက လူသားတွေကို ဓားစာခံလုပ်တဲ့ကိစ္စမျိုးကို ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူး။ မင်းလည်း သူ့ဆက်ခံသူအနေနဲ့ အဲ့လိုရွံမုန်းစရာကောင်းတဲ့ အရာတစ်ခုကို မလုပ်သင့်ဘူး”
“ဟင်းဟင်း...”
ကျန်းရီသည် မိုးပြာမဟာဧကရာဇ်က အဘယ်ကို ကြံနေကြောင်း မည်သို့ မသိဘဲ ရှိမည်နည်း။ ထို့ကြောင့် သူ လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။
“မိုးပြာမဟာဧကရာဇ်... ခင်ဗျား ကျွန်တော့်ကို စကားတွေနဲ့ ဖိအားပေးဖို့ မလိုပါဘူး။ ပြီးတော့.. ခင်ဗျားကို အမှန်အတိုင်း ပြောရရင် ဒီတစ်ခေါက် ကောင်းကင်ဧကရာဇ်က ဒီကို လိုက်မလာခဲ့ဘူး။ အရှင်ချီဟုန်တောင် ပါမလာဘူး။ ကောင်းကင်ဧကရာဇ်ရဲ့ဆက်ခံသူ လုပ်တဲ့ကိစ္စတွေက ကောင်းကင်ဧကရာဇ်နဲ့ မဆိုင်ဘူး။ ကောင်းကင်ဧကရာဇ်က ကောင်းကင်ဧကရာဇ်၊ ကျွန်တော်က ကျွန်တော်ပဲ။ ကျွန်တော်က ဘယ်လိုလူစားမျိုးလဲဆိုတာ ခင်ဗျားသိမှာပါ။ ကျွန်တော့်ကို ချောင်ပိတ်ရင် ကျွန်တော်က ဘာမဆို လုပ်နိုင်တယ်”
“အာ...”
အားလုံး မှင်တက်သွားကြ၏။ သူတို့က ကျန်းရီ၏စကားများကို နားမလည်ပေ။ ကောင်းကင်ဧကရာဇ် လိုက်မလာ ဆိုသည်မှာ ဘာအဓိပ္ပာယ်နည်း။ ကောင်းကင်ဧကရာဇ်က အသက်ရှင်နေဆဲလော။ ကျန်းရီက ဘာပေါက်ကရများကို ပြောနေခြင်းနည်း။ ယင်းက မည်သို့ ဖြစ်နိုင်မည်နည်း။
တောဆိတ်ရသေ့ကြီးက ဆိတ်တစ်ကောင်ကဲ့သို့ မျက်နှာရှိ၏။ သူ့မေးစေ့တွင် ဆိတ်မုတ်ဆိတ်ရှိနေသည်။ သူသည် မျက်လုံးကျဉ်းများနှင့် ကျန်းရီကို စိုက်ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
“ကျန်းရီ... မင်း ဘာပေါက်ကရတွေ ပြောနေတာလဲ။ ယန်ကိုးပါးကောင်းကင်ဧကရာဇ် သေသွားတာ ကြာပြီပဲ။ ငါတို့ကို မင်းရဲ့ အလိမ်အညာတွေနဲ့ အာရုံလွှဲဖို့ မကြိုးစားနဲ့”
မိုးပြာမဟာဧကရာဇ်သည် ကောင်းကင်ဧကရာဇ်၏ ဝိညာဉ်အပိုင်းအစအကြောင်းကို မသေမျိုးတစ်ပိုင်း ရသေ့ကြီးအား ပြောပြခဲ့သည်။ ထို့ကြောင့် တောဆိတ်ရသေ့ကြီးလည်း ထိုအကြောင်းကို သိထားပါသည်။ သူ အထက်ပါအတိုင်း ပြောလိုက်ခြင်းမှာ ကောင်းကင်ဧကရာဇ်၏ ဝိညာဉ်အပိုင်းအစ ရှိနေသေးသည်ဆိုသော သတင်းကို ပျံ့နှံ့မသွားစေလို၍ဖြစ်သည်။ မဟုတ်လျှင် ကျန်းရီ၏ ဂုဏ်သတင်းက ပိုထိုးတက်သွားပေလိမ့်မည်။ ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဂုဏ်သတင်းက အလွန်မြင့်မားသည် မဟုတ်ပါလား။
“ခင်ဗျား ကြောက်သလား”
ကျန်းရီသည် တောဆိတ်ရသေ့ကြီးကို စိုက်ကြည့်၍ ပြုံးလိုက်သည်။
“ကောင်းကင်ဧကရာဇ်က သေသွားပြီဆိုပေမဲ့ သူ့ ဝိညာဉ်အပိုင်းအစက ရှင်သန်နေသေးတယ်။ မဟုတ်ရင် ကျွန်တော်က ဘယ်လိုလုပ် ဒီလောက်မြန်မြန် ကျင့်ကြံနိုင်ခဲ့မှာလဲ။ ဘယ်လိုလုပ် ကောင်းကင်ဧကရာဇ်ရဲ့ နတ်ဘုရားလက်နက်ကို ရခဲ့မှာလဲ။ ဘယ်လိုလုပ် ကိုယ့်ကိုယ်ကိုယ် ကောင်းကင်ဧကရာဇ်ရဲ့ ဆက်ခံသူလို့ ဝန်ခံရဲမှာလဲ။ တောဆိတ်ရသေ့ကြီး... ခင်ဗျားတို့မျိုးနွယ်သုံးခုရဲ့ မကောင်းကြောင်းတွေ လောကထဲကို ပျံ့မသွားစေချင်ရင်၊ ခင်ဗျား လင်းဖေးရှန်းကို မသေစေချင်ရင် ပါးစပ်ပိတ်ထားလိုက်။ ဒီမှာ ခင်ဗျား ပြောခွင့်မရှိဘူး”
“မင်း...”
တောဆိတ်ရသေ့ကြီး အလွန်ဒေါသထွက်သွားပြီး သွေးအန်မတတ်ပင် ဖြစ်သွား၏။ သူ၏ ခန္ဓာကိုယ်အိုကြီး တုန်ယင်သွားသည်။ ဧကရာဇ်ရွေက သူ့ပခုံးကို ပုတ်လိုက်၏။ သူ အံကြိတ်၍သာ ကြိတ်ခံလိုက်ရသည်။
“မင်း တောင်းဆိုချင်တာကို ပြော”
မိုးပြာမဟာဧကရာဇ်၏ မျက်နှာက မည်းမှောင်သွားသည်။ သူ စိတ်ဆုံးဖြတ်လိုက်ပြီဖြစ်သည်။ ကျန်းရီ၏ တောင်းဆိုချက်များက အလွန်တရားလွန်နေလျှင် သူ ရှားယွီ၊ ခွမ်ဟူနှင့် အခြားသူများကို လျစ်လျူရှုလိုက်တော့မည်ဖြစ်သည်။ ထို့နောက် ထျန်းဖုန့်ဧကရာဇ်ကို သတ်ကာ ထွက်သွားမည်ဖြစ်သည်။
“ပထမဆုံး ခင်ဗျား ကျွန်တော့်ရဲ့ရန်သူ မလုပ်နဲ့တော့။ ကျွန်တော်နဲ့ ကျွန်တော့်လူတွေကို ဘာမှမလုပ်နဲ့။ အဲ.. အဲ့ဒါက ကျွန်တော်တို့ တမလွန်ဘုံမျိုးနွယ်ကို မဖိနှိပ်နိုင်ခင်ပါပဲ။ ပြီးလို့ ခင်ဗျား ကောင်းကင်ဧကရာဇ်ရာထူးအတွက် တိုက်ခိုက်ချင်ရင်တော့ ကျွန်တော် ခင်ဗျားကို အပြစ်မတင်ပါဘူး။ ပြောရရင်... ကျွန်တော် ခင်ဗျားကို ကောင်းကင်ဧကရာဇ်ရာထူး ပေးနိုင်တယ်”
“ဝိုး...”
ထပ်မံ၍ အုတ်အော်သောင်းနင်း ဖြစ်သွားပြန်သည်။ ကျန်းရီ၏ နောက်ဆုံးစကားက အားလုံးကို မှင်တက်သွားစေ၏။ ကောင်းကင်ဧကရာဇ်၏ ဆက်ခံသူ၊ အနာဂတ်ကောင်းကင်ဧကရာဇ် ကျန်းရီက ကောင်းကင်ဧကရာဇ်ရာထူးကို ပေးနိုင်သည်ဟု ပြောနေသည်လော။ ကျန်းရီက ရူးနေခြင်း မဟုတ်လျှင် သဘောထားကြီးသလို ဟန်ဆောင်နေခြင်းသာ ဖြစ်ရမည်။
မိုးပြာမဟာဧကရာဇ်သည် တစ်ခဏမျှ တွေးတောပြီးနောက် ပြောလိုက်သည်။
“ဒုတိယတောင်းဆိုချက်က ဘာလဲ”
“ဒုတိယတောင်းဆိုချက်က မသေမျိုးတစ်ပိုင်းမျိုးနွယ်၊ တောဆိတ်မျိုးနွယ်နဲ့ နှလုံးညှို့မျိုးနွယ်တို့ကို သူတို့ရဲ့ ဆန်းကြယ်နယ်မြေတွေဆီ ပြန်ပို့ရမယ်။ လူသားမျိုးနွယ်နဲ့ တမလွန်ဘုံမျိုးနွယ်ကြားက စစ်ပွဲမှာ အဲ့မျိုးနွယ်သုံးခုကို မလိုဘူး။ အတိတ်တုန်းက အဲ့မျိုးနွယ်သုံးခုကို ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ဖိနှိပ်ခဲ့တာ။ ကောင်းကင်ဧကရာဇ်မှာ သူ့အကြောင်းနဲ့သူ ရှိမှာပဲ။ အဲ့မျိုးနွယ်သုံးခုက လူသားမျိုးနွယ်ကို ပျက်ပဲ ပျက်သုဉ်းစေလိမ့်မယ်...”
“ပေါက်ကရတွေ”
ကျန်းရီ၏စကား မဆုံးသေးခင်မှာပင် မိုးပြာမဟာဧကရာဇ်၊ တောဆိတ်ရသေ့ကြီးနှင့် ဧကရာဇ်ရွေတို့၏ မျက်နှာများ မည်းမှောင်သွားကြသည်။ သို့သော် သူတို့သုံးယောက် မည်သို့မှ မပြောကြပေ။ တောက်နူသည် မိုးပြာမဟာဧကရာဇ် မျက်နှာပျက်သွားသည်ကို မြင်သောအခါ ဒေါသထွက်သွားလေသည်။
တောက်နူ ခေါင်းမော့ကာ ကျန်းရီကို ဒေါသတကြီး လက်ညှိုးထိုး၍ ပြောလိုက်လေသည်။
“ကျန်းရီ... မင်းက တမလွန်ဘုံမျိုးနွယ်ရဲ့ ထိန်းချုပ်မှုကို ခံထားရပြီလို့ ငါကြားခဲ့တယ်။ ကြည့်ရတာ မှန်နေတဲ့ပုံပဲ။ လူသားမျိုးနွယ်က နောက်ဆုံးမှ မဟာမိတ်တချို့ ရလာတာ၊ အဲ့ဒါကို မင်းက ငါတို့ကြားမှာ ပဋိပက္ခ ဖန်တီးချင်တာလား။ မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ...”
ဝုန်း...ဝုန်း...ဝုန်း...
တောက်နူ စကားမဆုံးသေးခင်မှာပင် အသူရာတောင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါလာ၏။ ဆက်၍ ဖြစ်လာသော အရာက ထိုနေရာရှိ အားလုံးကို တုန်လှုပ်သွားစေသည်။
တောင်ထိပ်တွင် မည်သည့်မိစ္ဆာသစ်ပင်မှ မရှိပေ။ တောင်ထိပ်အလယ်မှ ချိုင့်ဝှမ်းလည်း ပျက်စီးလုပ်နီးနီး ဖြစ်သွားသည်။ ထိုအခိုက်တွင် တောင်က အဆက်မပြတ် တုန်ခါနေပြီး မိစ္ဆာသစ်ပင်များက အရပ်မျက်နှာအနှံ့သို့ စတင်ရွေ့လျားလာသည်။ ၎င်းတို့က များပြားလွန်း၍ အဆုံးကိုပင် လှမ်းမမြင်ရပေ။ ထိုမိစ္ဆာသစ်ပင်များသည် တိတ်တဆိတ် ရွေ့လျားနေကြသည်။ ၎င်းတို့သည် တမလွန်ဘုံမျိုးနွယ်တပ်သားများအလား လူသားများကို ဝန်းရံလိုက်ကြလေသည်။
“ဒါ...ဒါက...”
တောင်ထိပ်ပေါ်တွင် အုပ်ချုပ်သူအဆင့် သိုင်းသမား အယောက်တစ်သောင်းခန့် ရှိနေသည်။ တောက်နူတို့က မကြောက်သော်လည်း ထို အုပ်ချုပ်သူအဆင့် သိုင်းသမားများက ထိတ်လန့်သွားကြသည်။ မိစ္ဆာသစ်ပင်များက မည်မျှစွမ်းအားကြီးကြောင်း သူတို့ သိပေသည်။ ရွေ့လျားနိုင်သော မိစ္ဆာသစ်ပင်များစွာ၏ ဝန်းရံမှုကို ခံထားရရာ သူတို့ထဲမှ တစ်ဝက်လောက်က သေသွားနိုင်ပေသည်။
ရွှီး...
တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံခုံရုံးက လင်းလက်လာ၏။ ကောင်းကင်ဘုံခုံရုံးမှနေ၍ ကြောက်မက်ဖွယ် ဖိအားတစ်ခု ထွက်လာသည်။ ထို့နောက် ကျန်းရီ၏ ခပ်ရင့်ရင့် အသံက အသူရာတောင်ထိပ်တစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွားလေသည်။
“တောက်နူ... ခင်ဗျား တိုက်ခိုက်ချင်ရင် မိစ္ဆာသစ်ပင်တွေနဲ့ တိုက်ခိုက်လိုက်။ မိုးပြာမဟာဧကရာဇ်နဲ့ ကျန်တဲ့ ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတွေက လွဲလို့ ကျန်တဲ့သူတွေ အကုန်လုံး ဒီမှာ သေရလိမ့်မယ်။ ကျွန်တော့် ရည်ရွယ်ချက်က ဘာလဲတဲ့လား။ ကျွန်တော့်မှာ ဘာရည်ရွယ်ချက်တွေ ရှိနိုင်မှာလဲ။ လူသားမျိုးနွယ်ကြောင့်သာ မဟုတ်ရင် တောက်မျိုးနွယ်ဝင်တွေ ဒီနေ့အထိ အသက်ရှင်နေနိုင်လိမ့်မယ်လို့ ခင်ဗျားထင်လား။ ခင်ဗျားကိုယ်ခင်ဗျား ဘယ်သူထင်နေလဲ။ ခင်ဗျားက ကျွန်တော့်ကို လာပြောရအောင် ဘာကောင်မို့လို့လဲ။ မိုးပြာမဟာဧကရာဇ် ခင်ဗျား သဘောတူမှာလား၊ မတူဘူးလား”
***