ဘုံအကျိုးအတွက် သဘောတူခြင်း
Vol. 142 Ch. 1978
ကျန်းရီ၏ သဘောတူညီချက်က အမှန်တွင် အဓိပ္ပာယ်မဲ့သည်။ ဥပမာအားဖြင့် မိုးပြာမဟာဧကရာဇ်က ပထမတောင်းဆိုမှုကို သဘောတူကာ ကျန်းရီကို ကိုယ်တိုင်မတိုက်ခိုက်လျှင်ပင် ရူးသွပ်မဟာဧကရာဇ်၊ ယန်မဟာဧကရာဇ်၊ တောဆိတ်ရသေ့ကြီးနှင့် အခြားသူများက တိုက်နိုင်သေးသည် မဟုတ်လော။
ဒုတိယတောင်းဆိုချက်အတွက်မူ မိုးပြာမဟာဧကရာဇ်က မျိုးနွယ်သုံးခုကို မောင်းထုတ်ယောင်သာ ပြမည် ဆိုလျှင် အသို့နည်း။ မျိုးနွယ်သုံးခုက မပြန်လိုဆိုလျှင် မည်သူက ဘာပြောဝံ့မည်နည်း။
အမှန်တွင်...
ကျန်းရီသည် မိုးပြာမဟာဧကရာဇ်က စကားတည်လိမ့်မည်ဟု တစ်ခါမှ မတွေးဖူးပါ။ မိုးပြာမဟာဧကရာဇ်၏ သူ့အား သတ်လိုစိတ်ကို ပြောင်းလဲနိုင်မည် မဟုတ်ချေ။ မျိုးနွယ်သုံးခုသည်လည်း မိုးပြာမဟာဧကရာဇ်၏ စကားတစ်ခွန်းကြောင့် ဆန်းကြယ်နယ်မြေများဆီသို့ အမြီးကုပ်၍ ပြန်သွားမည် မဟုတ်ပါ။
ကျန်းရီ ထိုသဘောတူညီချက်ကို လုပ်နေခြင်းမှာ ဖြောင့်မတ်ကြောင်း ပြရန်သာဖြစ်သည်။ အကယ်၍ မိုးပြာမဟာဧကရာဇ်က ကတိပျက်လျှင် သူက အမှန်ဘက် ရောက်သွားပေလိမ့်မည်။ တစ်ချိန်တည်းမှာပဲ ကမ္ဘာဦးကောင်းကင်ဘုံမှ မျိုးနွယ်အသီးသီးက မျိုးနွယ်သုံးခုအပေါ် သတိထားလာမည်ဖြစ်သည်။ အကယ်၍ မသေမျိုးတစ်ပိုင်း ရသေ့ကြီး၊ တောဆိတ်ရသေ့ကြီးနှင့် ဧကရာဇ်ရွေတို့ သုံးယောက်ထဲမှ တစ်ယောက်ယောက်က တမလွန်ဘုံဧကရာဇ် ဖြစ်နေလျှင် လူသားမျိုးနွယ် ရှုံးနိမ့်သွားပေလိမ့်မည်။
မိုးပြာမဟာဧကရာဇ်သည်လည်း ကျန်းရီ၏ ဆိုလိုရင်းကို နားလည်၏။ ယခုတွင် အပေါ်ယံ၌ သူက လူသားမျိုးနွယ်မဟာမိတ်စစ်တပ်၏ ခေါင်းဆောင်ဖြစ်နေသည်။ ထို့ကြောင့် မဖြောင့်မတ်မှုကို ပြသ၍ မရပါ။ မဟုတ်လျှင် အနာဂတ်၌ သူ ပလ္လင်ပေါ် တက်နိုင်မည် မဟုတ်ချေ။ လောကထဲမှ သူရဲကောင်းများကလည်း သူ့ထံ လက်အောက်ခံကြတော့မည် မဟုတ်ပေ။
မိုးပြာမဟာဧကရာဇ်သည် အရပ်မျက်နှာအနှံ့မှ လာနေသော မိစ္ဆာသစ်ပင်များကို ကြည့်လိုက်၏။ သူ့မျက်ဝန်းများထဲတွင် ရက်စက်သည့် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာ၏။ သူ ရှားယွီ၊ လင်းဖေးရှန်းနှင့် အခြားသူများကို လျစ်လျူရှုလိုက်ရန် စိတ်ကူးလိုက်သည်။ သူ သူ့စစ်တပ်ကို ဦးဆောင်ကာ ဤနေရာမှ ဖောက်ထွက်မည်။ ကျန်းရီ၏ သဘောတူညီချက်ကိုလည်း လျစ်လျူရှုတော့မည်ဖြစ်သည်။ ကျန်းရီက ကောင်းကင်ဧကရာဇ်၏ ဆက်ခံသူဖြစ်သည်။ အကယ်၍ ကျန်းရီက ရှားယွီနှင့် အခြားသူများကို သတ်လိုက်လျှင် လူသားမျိုးနွယ်သည် သူ့ကို လက်ခံတော့မည် မဟုတ်ပေ။
မိုးပြာမဟာဧကရာဇ်၏လက်မှ လက်စွပ်က လင်းလက်လာ၏။ ထို့နောက် သွေးလွှမ်းနေသော ငွေရောင်ဆံပင်နှင့် လူတစ်ယောက် ထွက်ပေါ်လာသည်။ မိုးပြာမဟာဧကရာဇ်သည် ထျန်းဖုန့်ဧကရာဇ်ကို လည်ပင်းမှကိုင်ကာ လေထဲရှိ ပုံရိပ်ထဲမှ ကျန်းရီကို ကြည့်၍ ပြောလိုက်သည်။
“မိစ္ဆာသစ်ပင်တွေကို ဖယ်ပေးဖို့ ပြောလိုက်။ မဟုတ်ရင် မင်း အကျိုးဆက်တွေကို ခံရလိမ့်မယ်”
“သခင်လေးလား...”
ထျန်းဖုန့်ဧကရာဇ်သည် ကျန်းရီ၏ ပုံရိပ်ကို ကြည့်၍ သွေးစွန်းနေသော မျက်လုံးများကို ဖွင့်လိုက်၏။ ရုတ်တရက် သူ ပြုံးကာ ပြောလိုက်သည်။
“သခင်လေး... ကျုပ်ကို အရေးမစိုက်ပါနဲ့။ ဒီလူတွေ အကုန်လုံးကို သတ်ပြီး ကျုပ်နဲ့အတူ မြှုပ်ပေးပါ။ အဲ့လိုဆို ဖုန့်စစ် အေးအေးချမ်းချမ်း သေနိုင်ပါပြီ”
ထျန်းဖုန့်ဧကရာဇ်သည် အပြင်းအထန် ဒဏ်ရာရကာ မိုးပြာမဟာဧကရာဇ်၏ ဖမ်းဆီးမှုကို ခံရပြီးနောက် မိုးပြာမဟာဧကရာဇ်က သူ့ကို ဓားစာခံအဖြစ် အသုံးချ၍ ကျန်းရီအား ခြိမ်းခြောက်တော့မည် ဖြစ်ကြောင်း သိခဲ့သည်။ သူ သေချာပေါက် သေရတော့မည်ကိုလည်း သိခဲ့သည်။ ထို့ကြောင့် မိစ္ဆာမျိုးနွယ်အတွက်၊ ဖုန့်နီနှင့် အခြားသူများအတွက် ထျန်းဖုန့်ဧကရာဇ်သည် ကျန်းရီကို သူနှင့်အတူ ဆွဲချမသွားရန် ဆုံးဖြတ်ထားပေသည်။
ကျန်းရီ မည်သို့မှ မပြောပေ။ သူ့လက်ထဲတွင် ပုလဲတစ်လုံး ထွက်ပေါ်လာ၏။ သူ ပုလဲအတွင်းသို့ ကောင်းကင်စွမ်းအား ထည့်သွင်းလိုက်ရာ ပုလဲမှာ တောက်ပစွာ လင်းလက်လာသည်။ ထို့နောက် ကောင်းကင်ဘုံခုံရုံးလည်း လင်းလက်လာ၏။ ကောင်းကင်ဘုံခုံရုံးသည် လေထဲတွင် လည်ပတ်ကာ အောက်ဘက် ချိုင့်ဝှမ်းထဲ ဖိကျလာလေသည်။
ယင်းနောက် ကောင်းကင်ဘုံခုံရုံး၏ အောက်မှနေ၍ မရေမတွက်နိုင်သော နွယ်အိုများ ထွက်လာပြီး မြေကြီးထဲဝင်ကာ ပျောက်ကွယ်သွားကြ၏။
“ကျန်းရီ... မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ မင်း ရုတ်ရုတ်ရက်ရက် လုပ်ရင် ငါ ဒီမိစ္ဆာဧကရာဇ်ကို မြှုပ်စရာမကျန်အောင် လုပ်ပစ်လိုက်မှာနော်”
မိုးပြာမဟာဧကရာဇ်သည် မကောင်းသော နမိတ်တစ်ခုကို ခံစားလိုက်ရ၍ အော်ပြောလိုက်၏။
သို့သော် ကျန်းရီက မည်သို့မှ ပြန်မပြောပေ။ နောက်အခိုက်အတန့်တွင် အသူရာတော်ပေါ်မှ မိစ္ဆာသစ်ပင်အားလုံးက အရှေ့သို့ ရွေ့လျားလာကြသည်။ တောက်နူ၊ တောက်နုနှင့် ကုန်းယန်မျိုးနွယ်ခေါင်းဆောင်၏ ခြေထောက်အောက်မှ မြေပြင်က စတင်ကွဲအက်လာ၏။ မရေမတွက်နိုင်သော နွယ်အိုများ ထွက်လာပြီး အုပ်ချုပ်သူအဆင့် သိုင်းသမား အယောက်တစ်သောင်းခန့်နှင့် ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားများစွာကို ရစ်ပတ်လိုက်ကြသည်။
“အာ...”
တောက်နူနှင့် တောက်နုတို့ အလွန်လျင်မြန်စွာ တုံ့ပြန်လိုက်ကြသည်။ သို့သော် တောက်လန်၊ ကုန်းယန်မျိုးနွယ်ခေါင်းဆောင်တို့သည် မိစ္ဆာသစ်ပင်များကို အာရုံစိုက်နေခဲ့၍ အောက်ဘက်မှ နွယ်အိုများကို အချိန်မီ သတိမပြုမိခဲ့ဘဲ ရစ်ပတ်ခံလိုက်ကြရသည်။ တောက်နူ၊ ယန်မဟာဧကရာဇ်၊ ရူးသွပ်မဟာဧကရာဇ်နှင့် အခြားသူများ ရှောင်ထွက်ပြီးနောက် နွယ်အိုများကို ကူဖြတ်ပေးရန် ဟန်ပြင်လိုက်ချိန်တွင် နွယ်အိုများက မြေကြီးထဲ ပြန်ဝင်သွားကြလေသည်။ တောက်လန်၊ ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမား ဆယ်ယောက်ကျော်နှင့် အုပ်ချုပ်သူအဆင့် သိုင်းသမား အယောက်တစ်သောင်းခန့် မြေကြီးထဲ ဆွဲခေါ်ခံလိုက်ရပြီး ပျောက်ကွယ်သွားကြသည်။
“လန်အာ...”
တောက်နူ ဒေါသထွက်သွား၏။ ကောင်းကင်ခွင်းဓားက ယခုတွင် မိုးပြာမဟာဧကရာဇ်၏ လက်ထဲတွင် ရှိနေသည်။ ထို့ကြောင့် တောက်နူ အခြားဓားတစ်ဘက်ကို ထုတ်၍ မြေပြင်ကို ခုတ်ချလိုက်၏။ သူ့တိုက်ခိုက်စွမ်းအားက ကြီးသည်။ သူ့ဓားချက်က တောင်ထိပ်တစ်ခုလုံးကို အတန်ငယ် တုန်ယင်သွားစေပြီး အက်ကြောင်းကြီးတစ်ခု ပေါ်လာစေသည်။ သို့သော် နွယ်အိုများက အလွန်မြန်သည်။ တောက်လန်က တစ်စက္ကန့်အတွင်း လုံးဝပျောက်ကွယ်သွားပေသည်။
ဝှစ်...
တစ်ချိန်တည်းမှာပင် သက်တံ့ရောင်နွယ်အိုတစ်ချောင်းက တောက်နူထံ ပျံထွက်လာ၏။ တောက်နူသည် ဓားနှင့် သက်တံ့ရောင်နွယ်အိုကို ခုတ်ချလိုက်သည်။ မိုးပြာမဟာဧကရာဇ်သည် ထိုနွယ်ကို ကြည့်၍ အလန့်တကြား ပြောလိုက်၏။
“အသက်နွယ်လား။ ကျန်းရီ.. မင်းက သစ်သားအရင်းအမြစ်ကိုတောင် စုပ်ယူနိုင်တော့ပေါ့”
ထန်...ထန်...
တောက်နူ၏ ဓားနှင့် သက်တံ့ရောင်နွယ်အိုတို့ ထိသွားကြ၏။ သက်တံ့ရောင်နွယ်အို တောက်ပစွာ လင်းလက်လာသည်။ တောက်နူ၏ဓားသည် နွယ်ကို တစ်ဝက်သာ ဖြတ်လိုက်နိုင်ပြီး ဆက်မဖြတ်နိုင်တော့ပေ။ သက်တံ့ရောင်နွယ်သည် တောက်နူ၏ ခြေထောက်ကို အဆိပ်ပြင်းမြွေတစ်ကောင်လို ရစ်ပတ်လိုက်၏။ တောက်နု၊ ရူးသွပ်မဟာဧကရာဇ်၊ ယန်မဟာဧကရာဇ်နှင့် အခြားသူများ တုန်လှုပ်သွားကြသည်။
တောက်နူမှာ အလွန်အိုနေပြီးဖြစ်သည်။ ထိုအခိုက်တွင်မူ သူက ပို၍ လျင်မြန်စွာ အိုမင်းလာသည်။ သူ့ကိုယ်ပေါ်မှ ကြွက်သားများက လျင်မြန်စွာ ရှုံ့တွသွားသည်။ သူ့တစ်ကိုယ်လုံး အရေးအကြောင်းများ ထင်လာပေသည်။ သူ ဓားကိုပင် ကောင်းကောင်းကိုင်မထားနိုင်တော့ပါ။ သူ့တွင် အင်အားမကျန်တော့ပေ။ သူ့ကိုယ်တွင်လည်း မရဏအရှိန်အဝါ ပြည့်နှက်လာသည်။ ကြည့်ရသည်မှာ နောက်စက္ကန့်တွင် သူက အိုမင်းသေဆုံးသွားတော့မလိုပင်။
“အဖေ...”
တောက်နု အော်ခေါ်လိုက်ပြီး သက်တံ့ရောင်နွယ်အိုဆီ ပြေးသွားရန် ဟန်ပြင်လိုက်၏။ ထိုအခိုက်တွင် ကျန်းရီ၏ အသံ ထွက်ပေါ်လာသည်။
“ဘယ်သူ လှုပ်ရဲလဲ။ လှုပ်ရင် တောက်နူ သေရမယ်”
တောက်နု တုန်ယင်သွားပြီး မိုးပြာမဟာဧကရာဇ်ကို လှမ်းကြည့်လိုက်သည်။ သူ့မျက်ဝန်းများထဲတွင် တောင်းဆိုမှုနှင့် မျှော်လင့်မှုတို့ ပြည့်နှက်နေသည်။ ဤအခြေအနေ၌ မိုးပြာမဟာဧကရာဇ်ကသာ တောက်နူနှင့် တောက်လန်တို့ကို ကယ်နိုင်တော့မည်ဖြစ်သည်။ မိုးပြာမဟာဧကရာဇ်၏ မျက်လုံးများ လင်းလက်လာသည်။ သို့သော် သူ စကားတစ်ခွန်းမှ မပြောသလို မည်သို့မှလည်း မလုပ်ပေ။
“လင်းဖေးရှန်း၊ ဧကရာဇ်ငယ်ရွေ၊ ခွမ်ဟူ၊ ယန်ချီ၊ ရှားယွီ...”
ကျန်းရီ၏အသံ ထပ်မံ ထွက်ပေါ်လာသည်။ သို့သော် ကျန်းရီသည် အပြင်ကို ကြည့်နေခြင်း မဟုတ်ဘဲ အတွင်းခန်းမထဲရှိ စင်မြင့်ပေါ်တွင် အချုပ်ခံထားရသော လင်းဖေးရှန်းတို့ကို ကြည့်နေခြင်းပင်။ သူ၏အေးစက်စက်အသံက အသူရာတောင်တစ်ခွင်လုံးတွင် ပျံ့နှံ့သွား၏။
“တောဆိတ်ရသေ့ကြီး၊ ဧကရာဇ်ရွေ၊ ရူးသွပ်မဟာဧကရာဇ်၊ ယန်မဟာဧကရာဇ်နဲ့ မိုးပြာမဟာဧကရာဇ်တို့က မင်းတို့ကို မကယ်ချင်ဘူး။ အခု ဘယ်လိုလုပ်ကြမလဲ။ မိုးပြာမဟာဧကရာဇ်က ခေါင်းမာပြီး ငါ့လူကိုပါ သတ်ချင်နေသေးတယ်။ အဲ့တော့ ငါ့က ဘာကို စိုးရိမ်နေရဦးမှာလဲ။ ထျန်းဖုန့်ဧကရာဇ် မစိုးရိပ်ပါနဲ့။ ကျွန်တော် ဒီလူတစ်သောင်းကျော်ကို ခင်ဗျားနဲ့အတူ သေရွာကို အဖော်လိုက်သွားခိုင်းမှာပါ”
ရွှီး...ရွှီး...
အတွင်းခန်းမထဲမှ အစီအရင်များ အဆက်မပြတ် လင်းလက်လာ၏။ အသူရာတောင်အောက်သို့ ဆွဲခေါ်ခံလိုက်ရသော သိုင်းသမားအားလုံး အတွင်းခန်းမထဲတွင် ပေါ်လာကြသည်။ ကျန်းရီသည် သတ်ဖြတ်အရှိန်အဝါ အပြည့်နှင့် ထိုသိုင်းသမားများကို ကြည့်ကာ အော်ပြောလိုက်လေသည်။
“ကျွန်တော့်ကို အပြစ်မတင်နဲ့။ ခင်ဗျားတို့ တစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင် မိုးပြာမဟာဧကရာဇ်ကိုပဲ အပြစ်တင်လိုက်”
“မိုးပြာမဟာဧကရာဇ်...”
ရူးသွပ်မဟာဧကရာဇ်နှင့် ယန်မဟာဧကရာဇ်တို့ တုန်လှုပ်သွားကြသည်။ ခွမ်ဟူနှင့် ယန်ချီမှာ သူတို့မျိုးနွယ်များမှ အထူးချွန်ဆုံး တပည့်များ ဖြစ်ကြပြီး သူတို့မျိုးနွယ်များ၏ အနာဂတ်ဆက်ခံသူများလည်းဖြစ်သည်။ သူတို့သာ ကျန်းရီ၏ သတ်ဖြတ်မှုကို ခံလိုက်ရလျှင် သူတို့မျိုးနွယ်များ၏ လူငယ်မျိုးဆက်အတွက် ဘာမျှော်လင့်ချက် ရှိနိုင်ဦးမည်နည်း။
“မိုးပြာမဟာဧကရာဇ်...”
တောဆိတ်ရသေ့ကြီးနှင့် ဧကရာဇ်ရွေတို့ကလည်း မိုးပြာမဟာဧကရာဇ်ကို ကြည့်၍ ပြောလိုက်ကြသည်။
“လူကယ်တာက ပိုအရေးကြီးပါတယ်”
မိုးပြာမဟာဧကရာဇ်သည် တောဆိတ်ရသေ့ကြီးနှင့် ဧကရာဇ်ရွေတို့ကို လှမ်းကြည့်လိုက်၏။ သူတို့က လူအရင်ကယ်လိုနေကြသည်။ ထို့ပြင် သဘောတူညီချက်က ပါးစပ်နှင့် သဘောတူခြင်းသာ မဟုတ်ပါလော။ ထို့ကြောင့် ယင်းကို ချိုးဖောက်မည်ဆိုလျှင်ပင် အရေးကြီးမည် မဟုတ်ချေ။ သမိုင်းတစ်လျှောက်တွင် အင်အားကြီးသူများသာ လေးစားခံခဲ့ရသည်။ သမိုင်းကိုလည်း အနိုင်ရသူများကသာ ရေးပေသည်။
“ထားလိုက်တော့... ထားလိုက်တော့”
မိုးပြာမဟာဧကရာဇ် သက်ပြင်းချ၍ ကျန်းရီကို ကြည့်ကာ ပြောလိုက်၏။
“ကျန်းရီ... မင်းရဲ့ တတိယတောင်းဆိုချက်ကို ပြော”
မိုးပြာမဟာဧကရာဇ်က ကျန်းရီကို တတိယတောင်းဆိုချက် ပြောရန် ပြောလိုက်ခြင်းမှာ ရှေ့မှ တောင်းဆိုချက်နှစ်ခုကို သဘောတူလိုက်ပြီဆိုသော အဓိပ္ပာယ်ပင်။ သူ ထျန်းဖုန့်ဧကရာဇ်ကိုလည်း လွှတ်ပေးရန် ရည်ရွယ်ထားပြီဖြစ်သည်။
ကျန်းရီသည် အတွင်းခန်းမထဲမှ ပုံရိပ်ကို ကြည့်ကာ တစ်ခဏမျှ တွေးတောကာ ပြောလိုက်သည်။
“တတိယတောင်းဆိုချက်က အရမ်းရိုးရှင်းပါတယ်။ မကြာခင် ကျွန်တော် တမလွန်ဘုံမျိုးနွယ်ကို တိုက်ခိုက်ဖို့ စစ်တပ်တစ်တပ် ထောင်မယ်။ အားလုံးပဲ အေးချမ်းချမ်းနေပြီး အတူ တိုက်ခိုက်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော့်စစ်တပ်ထဲ ဝင်ချင်တဲ့ ကမ္ဘာဦးကောင်းကင်ဘုံက ဘယ်သူ့ကိုမဆို ခင်ဗျားတို့ မတားရဘူး။ ကျွန်တော်ကလည်း ဘယ်သူ့ကိုမှ ဖိအားပေးမှာ မဟုတ်ဘူး။ အကုန်လုံးက သူတို့အပေါ်ပဲ မူတည်တယ်။ ကျွန်တော်က စကားတည်မှာ။ ကျွန်တော်တို့ တမလွန်ဘုံမျိုးနွယ်ကို အနိုင်ယူနိုင်ပြီဆိုရင် ကောင်းကင်ဧကရာဇ်ရာထူးကို ခင်ဗျားကို ပေးမယ်။ ကဲ ဘယ်လိုလဲ”
“ကောင်းပြီ...”
တတိယတောင်းဆိုချက်မှာ တရားမလွန်ပေ။ အားလုံးပူးပေါင်း၍ တမလွန်ဘုံမျိုးနွယ်အား တိုက်မည့်အပေါ် မိုးပြာမဟာဧကရာဇ် ငြင်းစရာ မရှိချေ။ သူ လက်ဝှေ့ယမ်းကာ ထျန်းဖုန့်ဧကရာဇ်ကို လွင့်ပစ်လိုက်၏။ ပြီးမှ အော်ပြောလိုက်သည်။
“ကျန်းရီ... ငါ မင်းရဲ့လူကို လွှတ်ပေးလိုက်ပြီ။ ငါ မင်းရဲ့ သဘောတူညီချက်ကို လက်ခံတယ်။ သူတို့ကို လွှတ်ပေးလိုက်တော့”
ရွှစ်...
မြေကြီးထဲမှနေ၍ နွယ်အိုတစ်ချောင်း ထွက်လာပြီး ထျန်းဖုန့်ဧကရာဇ်ကို မြေကြီးထဲ ဆွဲခေါ်သွားလိုက်၏။ သက်တံ့ရောင်နွယ်အိုကလည်း တောက်နူထံမှ စုပ်ယူထားသော အသက်စွမ်းအားကို တောက်နူအား ပြန်ပေးလိုက်သည်။ တောင်ပေါ်မှ မိစ္ဆာသစ်ပင်များကလည်း ရုတ်တရက် မြေအောက်ထဲ ဝင်သွားကာ ပျောက်ကွယ်သွားသည်။ မကြာခင်မှာပင် အသူရာတောင်ပေါ်တွင် မိစ္ဆာသစ်ပင်အားလုံး ပျောက်ကွယ်သွားလေသည်။
ရွှီး...
ကောင်းကင်ဘုံခုံရုံး လင်းလက်လာပြီး တောက်လန်နှင့် အခြားသူများအားလုံး အပြင်ပြန်ရောက်လာကြ၏။ သို့သော် ရှားယွီ၊ ခွမ်ဟူ၊ ယန်ချီ၊ လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့ကတော့ သူတို့ကြားတွင် မပါပေ။ ကောင်းကင်ဘုံခုံရုံးက ပြင်းထန်စွာ တုန်ခါသွားပြီး လေကိုခွင်း၍ တောင်ဘက်သို့ ဦးတည်ပျံသန်းသွား၏။ လေထဲမှ ပုံရိပ်ကလည်း ပျောက်ကွယ်သွားသည်။ ကျန်းရီသည် ထွက်မသွားခင်တွင် စကားအနည်းငယ် ချန်ခဲ့ပေသည်။
“ရှားယွီတို့ကို ကျွန်တော် လဝက်အတွင်း လွှတ်ပေးမယ်။ မိုးပြာမဟာဧကရာဇ် အခု ခင်ဗျားဘာသာ ဖြစ်သွားပြီ”
မိုးပြာမဟာဧကရာဇ်၊ ရူးသွပ်မဟာဧကရာဇ်၊ ယန်မဟာဧကရာဇ်နှင့် အခြားသူများသည် အဝေးတွင် အနက်ရောင် အစက်ပြောက်တစ်ပြောက်အလား တဖြည်းဖြည်း ပျောက်ကွယ်သွားသော ကောင်းကင်ဘုံခုံရုံးကို ကြည့်၍ ရုတ်တရက် အရှုံးကို ခံစားလိုက်ရသည်။ သူတို့သည် ယခင်က ကျန်းရီကို ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သတ်ပစ်နိုင်လိမ့်မည်ဟု ထင်ခဲ့ကြသည်။ ယခုတွင်မူ ကျန်းရီက မည်မျှစွမ်းအားကြီးလာပြီနည်း။ သူက သူတို့နှင့် သဘောတူညီချက် ယူနိုင်လောက်သည်အထိ သန်မာလာပေပြီ။
***