ပြန်လာမည်ကို စောင့်နေမည်
Vol. 142 Ch. 1979
ကမ္ဘာဦးကောင်းကင်ဘုံ၏ မြောက်ဘက်တွင် ဟွင့်သွမ့်နတ်ဘုရားလှေတစ်စင်းက လျင်မြန်စွာ ပျံသန်းနေ၏။ အာကာသက တိတ်ဆိတ်နေပြီး ဟွင့်သွမ့်နတ်ဘုရားလှေကလည်း အသံများစွာ မထွက်ပေ။ ပတ်ဝန်းကျင်က မည်းမှောင်နေရာ ထိုလှေမှာ ဧရာမ သားရဲကြီးတစ်ကောင်ကဲ့သို့ပင် ထင်ရလေသည်။
ထိုလှေမှာ ရူးသွပ်မဟာဧကရာဇ်စစ်တပ်မှ ကင်းလှည့်လှေတစ်စင်းပင်။ လှေပေါ်တွင် လူတစ်ထောင်ပါပြီး တပ်မှူးမှာ အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်ဖြစ်သည်။
ထိုတပ်မှူးသည် အရှေ့လှေဝမ်းထဲတွင် ထိုင်နေ၏။ ထိုအခိုက်တွင် လှေပတ်ပတ်လည်မှ အကာအရံအားလုံး ပွင့်လာသည်။ အပြင်တွင် ဖြစ်ပျက်နေသည်များကို အတွင်းမှနေ၍ ရှင်းလင်းစွာ မြင်နိုင်လာ၏။ သို့သော် အပြင်တွင် မည်းမှောင်နေရာ ကြည့်စရာဟူ၍ မရှိပါ။
ထိုတပ်မှူးသည် သူ့ဘာသာ မည်သို့အပန်းဖြေရမည်ကို သိပေသည်။ သူသည် မိန်းမလှတစ်ယောက်ကို ဖက်ထားပြီး သေရည်သောက်လျက် အတိတ်မှ အောင်မြင်ခဲ့မှုများကို ကြွားဝါနေသည်။ မိန်းမလှ၏ တိုက်ခိုက်စွမ်းအားက မကြီးပါ။ သူမက နတ်ဘုရားဧကရာဇ်အဆင့်တွင်သာ ရှိသည်။ သူမသည် အုပ်ချုပ်သူအဆင့် တပ်မှူး၏ စကားများကြောင့် အံ့ဩနေသည်။ သူမမျက်ဝန်းများထဲတွင် လေးစားမှုများ ပြည့်နှက်နေပေသည်။
“အရှင်... အရှင်က တမလွန်ဘုံကို သွားပြီး တိုက်ခိုက်ခဲ့ဖူးတာလား။ အရှင်က တမလွန်ဘုံဘုရင်နဲ့ တိုက်ခိုက်ခဲ့တာလား၊။ အရှင်က အရမ်းစွမ်းအားကြီးတာပဲ”
မိန်းမလှသည် ထိုတပ်မှူးကို တစ်ခဏမျှ ချီးကျူးပြီးနောက် မျက်မှောင်ကြုတ်၍ ရုတ်တရက် ထရပ်ကာ သူမအရှေ့ကို ညွှန်ပြလိုက်သည်။
“အာ.. အရှင်၊ အဲ့ဒါက ဘာလဲ”
“ဘာလဲ...”
တပ်မှူးသည် ပျင်းရိစွာ ထရပ်၍ အရှေ့ကို လှမ်းကြည့်လိုက်၏။ ရုတ်ခြည်းပင် သူ မျက်နှာထား တည်သွားပြီး အော်ပြောလိုက်လေသည်။
“အားလုံးပဲ အသင့်ပြင်ထားကြ”
လှေဆီသို့ ပျံသန်းလာနေသော အရာမှာ မိစ္ဆာတစ်ကောင်လည်း မဟုတ်သလို ဟွင့်သွမ့်နတ်ဘုရားလှေလည်း မဟုတ်ပေ။ မြို့တစ်မြို့ဖြစ်သည်။
ထိုမြို့သည် သက်တံ့ရောင်အလင်း တောက်ပကာ တိတ်တဆိတ် ပျံသန်းလာနေသည်။ မြန်လွန်းလှသဖြင့် ၎င်းကို ရှင်းရှင်းလင်းလင်းပင် မမြင်နိုင်ချေ။ ၎င်းသည် တစ်ခဏတွင် ကီလိုမီတာငါးထောင်အကွာ၌ ရှိနေပြီး နောက်တစ်ခဏ၌ ဟွင့်သွမ့်နတ်ဘုရားလှေ အရှေ့သို့ ရောက်လာသည်။
ဝှစ်...ဝှစ်...ဝှစ်...
တပ်မှူးသည် တပ်သားတစ်ထောင်ကို ဦးဆောင်၍ လှေအပြင်သို့ ပျံထွက်လိုက်၏။ မိန်းမလှမှာလည်း အတူလိုက်ထွက်ကာ တပ်မှူးဘေးတွင် စိတ်လှုပ်တရှား ရပ်နေလိုက်သည်။ သူမသည် ထိုကဲ့သို့ ထူးဆန်းသော အရာမျိုးကို တစ်ခါမှ မမြင်ဖူးပေ။ မြို့တစ်မြို့က ပျံနိုင်သည်လော။
“ဝိုင်းထားကြ”
မိန်းမလှတစ်ယောက်က ဘေးတွင် ရှိနေရာ တပ်မှူးသည် ကြောက်သည့်ဟန် ပြ၍မဖြစ်ဟု ခံစားနေရသည်။ ထို့ကြောင့် သူ အားတင်းကာ အော်ပြောလိုက်သည်။
ရွှီး...
မြို့က ဟင်းလင်းပြင်ထဲတွင် ရပ်တန့်သွားပြီး ထပ်မံ၍ လင်းလက်လာ၏။ တပ်မှူးသည် တစ်ခဏမျှ ကြည့်နေပြီးနောက် အလွန်ကြောက်ရွံ့သွားကာ ခြေထောက်များ ပျော့ခွေသွားသည်။ သူသည် ကြောက်ကြောက်ရွံ့ရွံ့နှင့် ရှေ့ဆုံးမှ ဦးဆောင်၍ ဒူးထောက်ကာ အော်ပြောလိုက်လေသည်။
“သခင်လေးဟူကို နှုတ်ခွန်းဆက်ပါတယ်။ ကျန်တဲ့ သခင်လေး၊ သခင်မလေးတွေ အကုန်လုံးကိုလည်း နှုတ်ခွန်းဆက်ပါတယ်”
“သခင်လေးဟူတဲ့လား”
မိန်းမလှသည် ခွမ်ဟူကို မသိပေ။ သို့သော် ကမ္ဘာဦးကောင်းကင်ဘုံတွင် သခင်လေးဟူဟု အခေါ်ခံရသူမှာ တစ်ယောက်တည်း ရှိသည်။ ထို့ကြောင့် သူမလည်း တပ်သားများနှင့်အတူ လျင်မြန်စွာ ဒူးထောက်လိုက်သည်။
ရှားယွီ၊ ခွမ်ဟူ၊ ယန်ချီ၊ လင်းဖေးရှန်း၊ ဧကရာဇ်ငယ်ရွေ၊ တောက်မင်နှင့် သခင်မလေးကုန်းယန်တို့အားလုံး အပြင်သို့ ရောက်လာကြသည်။ ထို့နောက် ဟင်းလင်းပြင်ထဲတွင် ဝိညာဉ်ပုံရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ မိန်းမလှသည် ထိုပုံရိပ်ကို ကြည့်၍ ရုတ်ခြည်း ရေရွတ်လိုက်၏။
“သူ... သူက ကျန်းရီ မဟုတ်လား”
ယခင်တွင် ကျန်းရီ၏ ပုံတူပန်းချီကို မြို့ကြီးအားလုံး၏ လမ်းများအားလုံးတွင် ကပ်ခဲ့သည်။ သူသည် ကမ္ဘာဦးကောင်းကင်ဘုံမှ မျိုးနွယ်အားလုံး၏ အမဲလိုက်ခြင်းကို ခံခဲ့ရသည်။ ထို့ကြောင့် ၎င်းမိန်းမလှသည် ခွမ်ဟူကို မသိသော်လည်း ကျန်းရီကို ချက်ချင်းသိလိုက်ခြင်းဖြစ်ပေသည်။
ကျန်းရီသည် ထိုမိန်းမလှကို လျစ်လျူရှု၍ အံ့အားသင့်နေသော လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့ကို ကြည့်၍ ပြောလိုက်၏။
“လင်းဖေးရှန်း၊ ဧကရာဇ်ငယ်ရွေ... ဒီတစ်ခေါက် ငါ မင်းတို့ကို လွှတ်ပေးလိုက်မယ်။ နောက်ကျရင် မင်းတို့ မကောင်းတာတွေ မလုပ်ဖို့ ငါ မျှော်လင့်ပါတယ်။ လူသားမျိုးနွယ်က ဖျက်ဆီးခံရတော့မယ်။ ငါတို့အချင်းချင်း ပြန်တိုက်ခိုက်နေလို့ ဘာအကျိုးမှ မရှိဘူး။ မင်းတို့မှာ တမလွန်ဘုံမျိုးနွယ်ကို သတ်နိုင်မဲ့ စွမ်းရည်ရှိရင် သွားပြီး တိုက်ပွဲအမှတ်တွေ ယူကြပါ။ တမလွန်ဘုံမျိုးနွယ် ဖျက်ဆီးခံလိုက်ရတာနဲ့ မင်းတို့ ကျန်းရီကို ပြဿနာလာရှာချင်လည်း လွတ်လွတ်လပ်လပ် လာရှာလို့ ရပြီ။ အားလုံးပဲ ဂရုစိုက်ကြပါ။ ကျွန်တော် အခု သွားပါတော့မယ်”
စကားပြောပြီးနောက် ကျန်းရီ၏ ဝိညာဉ်ပုံရိပ်က ပျောက်ကွယ်သွားသည်။ ကောင်းကင်ဘုံခုံရုံးက အလင်းတန်းတစ်တန်း အဖြစ် ပြောင်းလဲသွားပြီး အဝေးသို့ ပျံသန်း ပျောက်ကွယ်သွားသည်။ လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့ အကြည့်ချင်းဖလှယ်လိုက်ကြ၏။ သူတို့၏ အမြင်တွင် ကျန်းရီက ရက်စက်ကာ အညှာအတာကင်းမဲ့သူဖြစ်သည်။ သူ့လက်တွင် သွေးများစွာ စွန်းနေသည်။ သူတို့နှစ်ယောက် ကျန်းရီလက်ထဲ ရောက်သွားလျှင် သေချာပေါက် သေလိမ့်မည်ဟုသာ တွေးထားကြသည်။ ကျန်းရီက သူတို့ကို ကမ္ဘာဦးကောင်းကင်ဘုံအနီးတွင် လွှတ်ပေးလိမ့်မည်ဟု ထင်မထားကြချေ။
“သူက တကယ်ကို ထူးကဲတဲ့လူတစ်ယောက်ပဲ”
ရှားယွီ သက်ပြင်းသဲ့သဲ့ ချလိုက်ပြီး အဝေးတွင် ပျောက်ကွယ်သွားသော ကောင်းကင်ဘုံခုံရုံးကို ကြည့်လိုက်သည်။ ထို့နောက် သူမ ခေါင်းဆတ်ကာ ရေရွတ်လိုက်သည်။
“ယန်ကိုးပါးကောင်းကင်ဧကရာဇ်က တကယ်ကို လူအကဲခတ် မမှားခဲ့ဘူးပဲ။ အဲ့ဒါက ကောင်းကင်ဧကရာဇ်ရဲ့ ဆက်ခံသူမှာ ရှိသင့်တဲ့ သဘောထားကြီးမှုပဲ”
ခွမ်ဟူ၊ ယန်ချီ၊ တောက်မင်နှင့် အခြားသူများ အရှက်ရသွားကြသည်။ ကျန်းရီက ပြီးခဲ့သော အခေါက်တွင်လည်း သူတို့ကို လွှတ်ပေးခဲ့သည်။ သူတို့ကတော့ ကျန်းရီကို သတ်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သည်။ သို့သော် ကျန်းရီသည် အတိတ်ကို အရေးမထားဘဲ သူတို့ကို ထပ်မံလွှတ်ပေးလိုက်ပြန်သည်။
သို့ရာတွင် သူတို့ အရှက်ရခြင်းမှာ အပြစ်ရှိသလို ခံစားရ၍ မဟုတ်ပေ။ သူတို့ အရှက်ကွဲသလို ခံစားရခြင်းသာ။ သူတို့ ထပ်ခါ ထပ်ခါ အဖမ်းခံခဲ့ရသည်။ ထို့ပြင် သူတို့သည် အနိမ့်ဘုံမှ တက်လာသူ၊ သူတို့ထက်ငယ်ရွယ်သူ တစ်ယောက်၏ ဖမ်းခြင်းကို ခံရခြင်းဖြစ်သည်။ ယင်းက သူတို့ကို မျက်နှာပျက်ရစေပေသည်။
“ကျန်းရီ... အနှေးနဲ့အမြန် ငါ မင်းကို... ကျော်တက်ပြမယ်”
ခွမ်ဟူက ဒေါသတကြီး အော်လိုက်၏။ သို့သော် ရှားယွီက သူ့ကို ကြည့်လိုက်သောအခါ သူ ‘သတ်ပစ်မယ်’ဟု မအော်ဝံ့တော့ဘဲ ‘ကျော်တက်ပြမယ်’ဟုသာ အော်လိုက်ရလေသည်။
“သွားကြစို့”
ရှားယွီသည် လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့ကို ကြည့်လိုက်၏။ ထို့နောက် မည်သို့မှ ဆက်မပြောတော့ဘဲ အနီရောင်အလင်းတန်း တစ်တန်းအလား ကမ္ဘာဦးကောင်းကင်ဘုံဆီသို့ ပျံသန်းသွားလိုက်သည်။ တောက်မင်တို့လည်း နောက်မှ လျင်မြန်စွာ လိုက်သွားကြသည်။ ခွမ်ဟူနှင့် ယန်ချီတို့သည် လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့ကို တစ်ချက်ကြည့်ကာ မည်သို့မှ မပြောတော့ဘဲ ရှားယွီနောက်သို့သာ လိုက်သွားကြလေသည်။
“သွားကြစို့... အရင်ဆုံး ပြန်သွားကြတာပေါ့”
လင်းဖေးရှန်းက ဧကရာဇ်ငယ်ရွေကို ခေါ်ကာ အဝေးသို့ ပျံသန်းသွားလိုက်သည်။ သို့သော် သူမတို့နှစ်ယောက်သည် ရှားယွီတို့ ပျံသွားသောဘက်သို့ မသွားလိုက်ပါ။ ထိုအစား အခြားတစ်ဘက်သို့ ပျံသန်းသွားပေသည်။
ဟူး...
အားလုံး ပျံသန်းသွားမှ တပ်မှူး ထရပ်ဝံ့၏။ သူ့နောက်ကျေတွင် ချွေးများရွှဲနေသည်။ မိစ္ဆာအဖြစ် ကျော်ကြားသော ကျန်းရီမဆိုထားနှင့် အစောမှ သခင်လေး၊ သခင်မလေးတိုင်းက သူ့ကို အလွယ်တကူ သတ်ပစ်နိုင်ပေသည်။
***
“ကျန်းရီ...ရှင် ဘာလို့ လင်းဖေးရှန်းနဲ့ ဧကရာဇ်ငယ်ရွေကို လွှတ်ပေးလိုက်တာလဲ”
ကောင်းကင်ဘုံခုံရုံးက လျင်မြန်စွာ ပျံသန်းနေသည်။ ကျန်းရီ၊ ဟယ်နုန်ယင်းနှင့် ယွင်ပင်းတို့က ခမ်းနားသော ခန်းမတစ်ခုထဲတွင် ထိုင်နေကြသည်။ ယွင်ပင်းသည် ကျန်းရီ၏ လုပ်ရပ်ကို နားမလည်နိုင်၍ မေးလိုက်သည်။
ကျန်းရီက ဟယ်နုန်ယင်းနှင့် ယွင်ပင်းတို့ကို အားလုံး ပြောပြထားသည်။ တမလွန်ဘုံဧကရာဇ်က မျိုးနွယ်သုံးခု၏ မျိုးနွယ်ခေါင်းဆောင်သုံးယောက်ထဲမှ တစ်ယောက်ဖြစ်နိုင်သည်ဟု သံသယရှိကြောင်းလည်း ပြောထားသည်။ ထို့ကြောင့် ယွင်ပင်း၏ အမြင်မှကြည့်လျှင် လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့ကို အသက်ရှင်ခွင့် မပေးသင့်ဟု မြင်ပေသည်။
ကျန်းရီက အေးအေးလူလူ လက်ဖက်ရည်တစ်ငုံ သောက်လိုက်၏။ ယခုတွင် ကောင်းကင်ဘုံခုံရုံးက သူ့အပိုင် ဖြစ်သွားပြီဖြစ်၍ သူ အထဲတွင် စိတ်ကြိုက်လုပ်နိုင်နေပေပြီ။ သူ သိုလှောင်လက်စွပ်ကိုလည်း သုံးနိုင်ပြီဖြစ်သည်။
ကျန်းရီသည် ယွင်ပင်း၏ မေးခွန်းကို ပြန်မဖြေဘဲ ဟယ်နုန်ယင်းကို ကြည့်ကာ ပြောလိုက်၏။
“နုန်ယင်း... နုန်ယင်း ကိုယ့်ရဲ့ ရည်ရွယ်ချက်ကို နားလည်တယ် မဟုတ်လား”
“အနည်းနဲ့အများပေါ့”
ဟယ်နုန်ယင်းသည် တစ်ခဏမျှ တွေးတောကာ ကျန်းရီကိုယ်စား ရှင်းပြလိုက်သည်။
“သံသယက သံသယပဲ။ တမလွန်ဘုံဧကရာဇ်က အဲ့မျိုးနွယ်သုံးခုထဲ ပြန်ဝင်စားခဲ့တယ်ဆိုတာ မသေချာဘူး။ လင်းဖေးရှန်းနဲ့ ဧကရာဇ်ငယ်ရွေတို့က အရမ်းပါရမီထူးတယ်။ သူတို့ကိုသာ ကောင်းကောင်းပျိုးထောင်ပေးရင် တမလွန်ဘုံမျိုးနွယ်ကို တိုက်ခိုက်တဲ့နေရာမှာ အကူအညီအများကြီး ရနိုင်တယ်။ ပြီးတော့... ကျန်းရီက သူတို့ကို အသုံးချပြီး ကမ္ဘာဦးကောင်းကင်ဘုံက မျိုးနွယ်တွေနဲ့ မျိုးနွယ်သုံးခုကြားမှာ ပဋိပက္ခဖြစ်လာအောင် လုပ်ချင်တာလို့ မမထင်တယ်။ ဟုတ်တယ်မဟုတ်လား”
“ဟုတ်တယ်...”
ကျန်းရီက ခေါင်းညိတ်ကာ ပြန်ပြောလိုက်၏။
“လင်းဖေးရှန်းနဲ့ ဧကရာဇ်ငယ်ရွေက မကောင်းမှုတွေ လုပ်ခဲ့ကြတယ်။ မိုးပြာမဟာဧကရာဇ်က အဲ့ကိစ္စကို ဖုံးဖိထားရင်တောင် ရူးသွပ်မဟာဧကရာဇ်နဲ့ ယန်မဟာဧကရာဇ်တို့က လည်ပင်းမှာ ငါးရိုးစူးနေသလို တနုံ့နုံ့ ခံစားနေရမှာပဲ။ မျိုးနွယ်ကြီးတွေကလည်း အဲ့မျိုးနွယ်သုံးခုကို သတိနဲ့ စောင့်ကြည့်ကုန်ကြလိမ့်မယ်။ မိုးပြာမဟာဧကရာဇ်က သေချာပေါက် မျိုးနွယ်သုံးခုကို အသုံးချမှာပဲ။ နောက်ကျ မျိုးနွယ်သုံးခုက တောက်မျိုးနွယ်နဲ့ ပူးပေါင်းလိုက်ရင် ကမ္ဘာဦးကောင်းကင်ဘုံက တခြားမျိုးနွယ်ကြီးတွေက စိုးရိမ်လာလိမ့်မယ်”
“ဟုတ်သား...”
ယွင်ပင်း နားလည်သွားသည်။ သူမ ခေါင်းညိတ်ကာ ပြောလိုက်သည်။
“လင်းဖေးရှန်းနဲ့ ဧကရာဇ်ငယ်ရွေကို သတ်လိုက်ရင် မျိုးနွယ်ကြီးတွေက ဖြစ်ခဲ့တာတွေကို အလွယ်လေး မေ့သွားလိမ့်မယ်။ ကျွန်မတို့ သူတို့ကို အသက်ရှင်ခွင့်ပေးလိုက်ရင်တော့ ခွမ်ဟူတို့က ဖြစ်ခဲ့တာတွေကို လွယ်လွယ်နဲ့ ပြီးသွားစေမှာ မဟုတ်ဘူး။ သူတို့ ပြဿနာမရှာရင်တောင် ဖြစ်ခဲ့တဲ့ အကြောင်းတွေကို မျိုးနွယ်ကြီးတွေဆီ သတင်းဖြန့်မှာပဲ”
“စစ်သူကြီးယွင်က တကယ်ကို ဉာဏ်ကောင်းတာပဲ”
ကျန်းရီသည် ယွင်ပင်းကို ချီးကျူးလိုက်၏။ ယွင်ပင်၏ မျက်နှာကလေး ဝင်းပသွားသည်။ ဟယ်နုန်ယင်းလည်း ပါးစပ်ကို လက်နှင့်အုပ်၍ နူးညံ့စွာ ရယ်လိုက်လေသည်။
ကျန်းရီသည် တစ်ခဏမျှ တွေးကာ အရေးကြီးသည်ကို ပြောလိုက်သည်။
“အခု သခင်မလေးတို့ ဘယ်ကို သွားကြမလဲ။ ကမ္ဘာဦးကောင်းကင်ဘုံကို ပြန်မှာလား၊ ဒါမှမဟုတ် တခြားနေရာကို သွားမှာလား။ ကျွန်တော်က ပြန်ပြီး ခဏလောက် အခန်းအောင်းကျင့်ကြံဦးမှာ။ ဧကရာဇ်အဆင့်ကို ရောက်မှ ပြန်ထွက်လာပြီး တမလွန်ဘုံမျိုးနွယ်ကို တိုက်ခိုက်မှာ”
ထိုအကြောင်းကို ပြောသောအခါ ယွင်ပင်းနှင့် ဟယ်နုန်ယင်းတို့၏ မျက်ဝန်းများ မှေးမှိန်သွားကြ၏။ အထူးသဖြင့် ဟယ်နုန်ယင်း၏ မျက်ဝန်းများက ပိုမှေးမှိန်သွားသည်။ သူမတို့က ချစ်စခင်စသာ ရှိသေးသော်လည်း ယခုတွင် လမ်းခွဲရတော့မည်လော။ သူမ မည်သို့ သည်းခံနိုင်မည်နည်း။ သို့သော် ဟယ်နုန်ယင်းက အကြောင်းအကျိုးနားလည်သည်။ သူမ ကိစ္စတစ်ခုကို သိထားသည်။ လက်ရှိတွင် ကျန်းရီက သူမကို ပေါ်ပေါ်ထင်ထင် လက်ထပ်နို်ငမည် မဟုတ်ချေ။ ချီလင်းဧကရီက မိုးပြာမဟာဧကရာဇ်၏ မဟာမိတ်အဖွဲ့ထဲမှာပင် ရှိနေသေးသည်။ ကျန်းရီကလည်း မိုးပြာမဟာဧကရာဇ်ကို ယှဉ်နိုင်သောအင်အား မရှိသေးပေ။ သူ ကောင်းကင်ဘုံခုံရုံးကို ထိန်းချုပ်၍ ကမ္ဘာဦးကောင်းကင်ဘုံထဲ တိုက်ရိုက်ပျံဝင်ကာ သူမကို လက်ထပ်နိုင်မည်လော။
ထို့ပြင် ဟယ်နုန်ယင်းသည် ချီလင်းဧကရီ၏ မွေးစားမြေး ဖြစ်သဖြင့် ကျန်းရီနှင့်အတူ ကမ္ဘာဦးကောင်းကင်ဘုံထဲ ဝင်သွား၍ မဖြစ်ပေ။ ထို့ကြောင့် သူမတို့နှစ်ယောက် ယာယီခွဲခွာရန်သာ ရှိတော့သည်။ သူမ တွေးတောပြီးနောက် မျက်ဝန်းများထဲမှ တုံ့ဆိုင်းမှုများ ပျောက်ကွယ်သွား၏။ သူမ ကျန်းရီကို ကြည့်ကာ ခေါင်းညိတ်၍ ပြောလိုက်သည်။
“အရင်ဆုံး ကမ္ဘာဦးကောင်းကင်ဘုံကို ပြန်သွားတာပေါ့။ ကျန်းရီ... ကျွန်မ ရှင်ပြန်လာတာကို စောင့်နေမယ်”
ကျန်းရီလည်း လေးလံစွာ ခေါင်းညိတ်ကာ ပြန်ပြောလိုက်လေသည်။
“မစိုးရိမ်ပါနဲ့။ ကိုယ် သေချာပေါက် ပြန်လာမှာပါ။ ပြီးတော့ အဲ့နေ့ကလည်း သိပ်ဝေးမှာ မဟုတ်ပါဘူး”
***