ကလေးတစ်ယောက်
Vol. 142 Ch. 1980
ကောင်းကင်မိစ္ဘာဘုံ...
ကျန်းရီသည် ဟယ်နုန်ယင်းနှင့် ယွင်ပင်းတို့ကို ကြားမှတ်တစ်ခုသို့ ပို့ပေးပြီးနောက် ကောင်းကင်ဘုံခုံရုံးကို ထိန်းချုပ်၍ အဆိပ်နတ်ဆိုးမြေရိုင်းဆီသို့ သွားလိုက်၏။ ထို့နောက် ကောင်းကင်ဘုံခုံရုံးကို သိမ်းကာ ကောင်းကင်မိစ္ဆာဘုံထဲ ဝင်လိုက်သည်။ ကောင်းကင်ဘုံခုံရုံးကို ကောင်းကင်ရတနာဖြစ်သော ပုလဲလုံးထဲတွင် သိမ်းနိုင်သည်။ ၎င်းပုလဲက ထိပ်တန်းအဆင့် လေဟာနယ်နတ်ဘုရားအသုံးအဆောင်တစ်ခုပင်။
ကျန်းရီ ပြန်လာမှုက အားလုံးကို ဝမ်းသာသွားစေ၏။ ကျန်းရီမရှိလျှင် ရီဖျောင်ဖျောင်၊ ရီချန်၊ စုလောရွှယ်နှင့် အခြားသူများသည် စိတ်မသက်မသာ ခံစားကြရသည်။ ယခုတွင် သူ ပြန်လာပြီဖြစ်ရာ သူတို့ ပို၍ စိတ်အေးသွားကြပေသည်။
ကျန်းရီသည် ယန်ကိုးပါးကောင်းကင်ဧကရာဇ်နှင့် ချီဟုန်ထံသို့ ချက်ချင်း သတင်းသွားတင်ပြလို၏။ သို့သော် ရီဖျောင်ဖျောင်က သူ့ကို ဆွဲထားသည်။ သူမသည် သူ့ကို မီးနဂါးဓားပင် မပေးချေ။ အရင်ဆုံး စုလောရွှယ်၊ ရီချန်၊ အခြားသူများနှင့်အတူသာ အချိန်ကုန်ဆုံးစေလေသည်။
လက်ထဲတွင် ကောင်းကင်ဘုံခုံရုံး ရှိနေပြီဖြစ်ရာ ကျန်းရီ ပို၍ စိတ်အေးနေသည်။ သူ အလျင်မလိုပေ။ ကောင်းကင်ဘုံခုံရုံးက အလွန်စွမ်းအားကြီးသည်။ ယခု သူ အပြည့်အဝ လုံခြုံနေပေပြီ။ မိုးပြာမဟာဧကရာဇ်နှင့် အခြားသူများ သူ့ကို အတူလာတိုက်လျှင်ပင် သူ နှစ်နှစ်လောက် တောင့်ခံထားနိုင်ပေလိမ့်မည်။
ကောင်းကင်ဘုံခုံရုံးက ကြယ်တာရာစွမ်းအားကို နှစ်တစ်သောင်းကျော် စုပ်ယူခဲ့သည်။ ၎င်းတွင် စွမ်းအားမည်မျှ ရှိနေပြီနည်း။ ကျန်းရီ တွေး၍ပင် မကြည့်နိုင်ချေ။
ရီဖျောင်ဖျောင်၊ ရီချန်၊ ချမ်ဝမ်ကွမ်း၊ အခြားသူများနှင့်အတူ ကျန်းရီ စားသောက်ပွဲတစ်ပွဲ ကျင်းပခဲ့သည်။ ချမ်ဝမ်ကွမ်းသည် ကောင်းကင်မိစ္ဆာဘုံထဲမှ အခြေအနေများကို တင်ပြသည်။ ပြဿနာကြီးကြီးမားမား မရှိချေ။ ချမ်ဝမ်ကွမ်း၊ ရီဖျောင်ဖျောင်နှင့် သိမ်းငှက်ဘုရင်လေးတို့ ရှိနေရာ မည်သူက မည်သို့မှ မလုပ်ဝံ့ကြပေ။
စိတ်ကြိုက် စားသောက်ပြီးနောက် အားလုံးသည် ကျန်းရီနှင့် သူ့ချစ်ဇနီးများအတွက် အချိန်ပေးရန် တစ်ယောက်ပြီးတစ်ယောက် အလိုက်တသိ ထွက်သွားကြသည်။ ကွဲကွာနေရခြင်းက ချစ်ခြင်းမေတ္တာကို တိုးပွားစေ၏။ ကျန်းရီသည် သူ့ကို လွမ်းဆွတ်စွာ ကြည့်နေကြသည့် ဇနီးများကို ကြည့်လိုက်၏။ သူမတို့၏ အလွမ်းကို ဖြေပေးရန် သူ သူမတို့အား တစ်ယောက်ချင်း အစားခွံ့လိုက်သည်။
ထို့နောက် အချီအနည်းငယ် ‘ရင်းနှီး’ပြီးနောက် ကျန်းရီသည် သူ့ဇနီးများနားမှ ထွက်ခဲ့သည်။ သူ အခန်းထဲမှ ထွက်လာသောအခါ ရီဖျောင်ဖျောင်က တစ်ယောက်တည်း ထိုင်နေသည်ကို တွေ့လိုက်၏။ ကျန်းရီ အပြစ်ရှိသလို ခံစားလိုက်ရပြီး မြန်မြန်လျှောက်သွားကာ ရီဖျောင်ဖျောင်၏လက်ကို ကိုင်၍ ပြောလိုက်သည်။
“အမေ... သား တာဝန်မကျေပါဘူး။ သား အမေ့အတွက် အချိန်မပေးနိုင်ခဲ့ဘူး။ အမေ အရမ်းအထီးကျန်နေရပြီ”
“အမေ အဆင်ပြေပါတယ်။ ချန်အာ၊ လောရွှယ်နဲ့ တခြားသူတွေကိုသာ နေ့တိုင်း အဖော်ပြုပေးလိုက်ပါ”
ရီဖျောင်ဖျောင်က ခေါင်းခါသည်။ ထို့နောက် သူမ တစ်စုံတစ်ခုကို တွေးကာ အလေးအနေက် ပြောလိုက်လေသည်။
“ရှောင်ရီ... အမေက အထီးကျန်နေတယ်လို့ သားထင်ရင် အမေ့ကို မြေးတစ်ယောက် ပေးပေါ့။ သားမှာက လူသားမျိုးနွယ်ကို ကာကွယ်ရမဲ့တာဝန် ရှိတယ်။ တကယ်လို့ သားမှာ အချိန်မရှိလည်း အမေ မြေးလေးတစ်ယောက် ရထားရင် အထီးကျန်တော့မှာ မဟုတ်ဘူး”
“မြေးလား”
ကျန်းရီ အတန်ငယ် မှင်တက်သွား၏။ သူက အမြဲအလုပ်များနေခဲ့၍ အလွန်အရေးကြီးသော အရာတစ်ခုကို လျစ်လျူရှုထားခဲ့မိသည်။
ကလေး...
ကျန်းရီတွင် ဇနီးအချို့ရှိပြီး သူမတို့နှင့် လက်ထပ်ထားသည်မှာလည်း နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ ထိုမျှ ကြာပြီးသည်ပင် အဘယ်ကြောင့် သူက ကလေးမရရသေးသနည်း။
ဇနီးတစ်ယောက်တည်း ရှိလျှင် ဇနီး၏ ပြဿနာ ဖြစ်နိုင်သည်။ သို့သော် ကျန်းမာရေးကောင်းသည့် ဇနီးများ ရှိနေပြီး ဇနီးတစ်ယောက်ကမှ ကိုယ်ဝန်မရသေးရာ ပြဿနာက ကျန်းရီထံတွင် ရှိနေခြင်းသာ ဖြစ်မည်။
ယခု ကျန်းရီ တွေးကြည့်ခါမှ ရီချန်နှင့် အခြားသူများသည် ထိုအကြောင်းကို အတန်ငယ် ပြောဆိုခဲ့ကြပုံပင်။ သူမတို့ သူ့အား မပြောခဲ့ခြင်းမှာမူ သူ မျက်နှာမပျက်ရစေရန် ဖြစ်နိုင်သည်။ ကျန်းရီသည် ယခင်တွင် ကလေးယူရန်လည်း စိတ်မကူးခဲ့ပါ။ သူ့အချိန်က အဖိုးတန်းပြီး သူသည်လည်း အချိန်မရွေး သေသွားနိုင်ခဲ့သည် မဟုတ်ပါလား။ ထို့ကြောင့် သူ ကလေးမယူဝံ့ခဲ့ပေ။
လက်ရှိတွင်မူ ပြဿနာကြီးတစ်ခုကို ကျန်းရီ သိသွားပေပြီ။ ကလေးယူခြင်းမှာ ကျန်းမျိုးရိုးကို ဆက်နိုင်ရေးသာမက သူ့ဇနီးအားလုံးအတွက် မျှော်လင့်ချက်လည်း ဖြစ်သည်။ ထို့ပြင် ကလေးတစ်ယောက် ရလာလျှင် ရီဖျောင်ဖျောင်လည်း အထီးကျန်နေတော့မည် မဟုတ်ချေ။
‘ဘာမှားသွားတာလဲ’
ကျန်းရီသည် သူ့ခန္ဓာကိုယ်က ကောင်းမွန်ပြီး သာမန်ယောက်ျားများနှင့် မကွာကြောင်းကို သိ၏။ သူ၏ ကောင်းမွန်သောခန္ဓာကိုယ် အခြေအနေကြောင့် အိပ်ရာထက်တွင် အခြားယောက်ျားများထက်ပင် ပိုကြာနိုင်သေးသည်။ သို့ဖြစ်ရာ အဘယ်ကြောင့် သူ သူ့ဇနီးများကို ကိုယ်ဝန်ရသွားအောင် မစွမ်းဆောင်နိုင်ရသနည်း။
ကျန်းရီ၏ စွမ်းအားအဆင့်တွင် နာဖျားမှုမျိုး မဖြစ်နိုင်တော့ပါ။ သူ့တွင် နတ်ဘုရားသစ်ရွက်လည်း ရှိသည်။ သူ့ခြေထောက် ကျိုးသွားလျှင်ပင်၊ သူ့ယောက်ျားအင်္ဂါ ကျိုးသွားလျှင်ပင် ပြန်ကုသနိုင်သည်။ အဘယ်ကြောင့် သူက မိန်းမများကို ကိုယ်ဝန်ရအောင် မလုပ်နိုင်ရသနည်း။
ကျန်းရီသည် ထိုအကြောင်းကို ရီဖျောင်ဖျောင်အား မမေးနိုင်ပေ။ သူ ရီဖျောင်ဖျောင်ကို တစ်ခဏမျှ အဖော်ပြုပေးပြီးနောက် သူမထံမှ မီးနဂါးဓား ယူလိုက်သည်။ ထို့နောက် လျှို့ဝှက်ခန်းတစ်ခန်းထဲ ဝင်သွားလိုက်လေသည်။
ရွှီး...
ကျန်းရီ မီးနဂါးဓားထဲ ကောင်းကင်စွမ်းအား ထည့်သွင်းလိုက်၏။ မကြာခင်မှာပင် အခန်းထဲ၌ အဖြူရောင်ဝိညာဉ်တစ်ခု ထွက်ပေါ်လာသည်။ ချီဟုန်ကလည်း မျက်ဝန်းတစ်စုံ ပြသလိုက်သည်။
“ဟားဟားဟား...”
ချီဟုန်သည် ကျန်းရီကို ကြည့်၍ ရယ်လိုက်၏။
“ဝူမင်... အဲ့ကောင်လေးက တကယ်ကို အစွမ်းအစ ရှိတာပဲ။ သူက ကောင်းကင်ဘုံခုံရုံးကို ပြန်ယူလာပြီ”
ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ခေါင်းညိတ်၍ ပြောသည်။
“မဆိုးဘူး။ သူက ငါ့ကို စိတ်မပျက်စေခဲ့ဘူး။ ကျန်းရီ... မင်းကို တစ်ယောက်တည်း အန္တရာယ်တောထဲ သွားခိုင်းခဲ့တဲ့အတွက် ငါ့ကို အပြစ်မတင်ဘူး မဟုတ်လား”
“ကျွန်တော် မဝံ့ရဲပါဘူး”
ကျန်းရီသည် ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ သဘောကောင်းကို နားလည်၏။ သူ တစ်ခဏမျှ စောင့်ကာ အသူရာတောင်တွင် ဖြစ်ခဲ့သည့်အရာအားလုံးကို ပြန်ပြောပြလိုက်သည်။ သူသည် မိမိ၏ အတွေးများကို မဖော်ပြဘဲ အချက်အလက်များကို အပြင်လူတစ်ယောက်အဖြစ်သာ ရှင်းပြလိုက်လေသည်။
ယန်ကိုးပါးကောင်းကင်ဧကရာဇ်သည် အားလုံးကို နားထောင်ပြီးနောက် အတွေးနက်သွား၏။ ထိုစဉ် ချီဟုန်၏ ဒေါသသံ ထွက်ပေါ်လာသည်။
“အဲ့မျိုးနွယ်သုံးခုက မပြောင်းလဲသေးဘူး။ သူတို့ရဲ့ မျိုးဆက်သစ်တွေကလည်း မကောင်းတဲ့ကောင်တွေပဲ။ သူတို့က တောဆိတ်မသေမျိုးမိစ္ဆာသွေးကို ဖန်တီးရဲသေးတယ်ပေါ့လေ။ ပြီးတော့ နှလုံးညှို့မျိုးနွယ်... ဟားဟား.. အရင်တုန်းက သူတို့က မျိုးနွယ်ကြီးတွေက မိန်းကလေးတွေကိုပဲ ညှို့ခဲ့ကြတာ။ အခုတော့ ယောက်ျားတွေကိုပါ ညှို့နေပြီပေါ့လေ။ နောက်ဆုံးက မသေမျိုးတစ်ပိုင်းမျိုးနွယ်။ သူတို့က အနာဂတ်ကို ခန့်မှန်းနိုင်တာတဲ့လား။ အဲ့မသေမျိုးတစ်ပိုင်း ရသေ့ကြီးဆိုတဲ့ ကောင်က သူသေတော့မှာကိုရော ခန့်မှန်းနိုင်လား”
ချီဟုန်သည် တစ်ခဏမျှ စကားစရပ်ပြီးနောက် ဆက်ပြောသည်။
“မျိုးနွယ်သုံးခုက စောပြီးရော၊ နောက်ကျပြီးရော ထွက်လာတာ မဟုတ်ဘူး။ အချိန်ကိုက် ထွက်လာတာပဲ။ ဝူမင်ရဲ့ ဝိညာဉ်အပိုင်းအစ ရှိနေသေးတာကို သိတာတောင် သူတို့ ပြန်ဆုတ်မသွားကြဘူး။ အဲ့ဒါက ပြဿနာကြီးပဲ။ ငါ့အမြင်ကတော့... မသေမျိုးတစ်ပိုင်း ရသေ့ကြီးက တမလွန်ဘုံဧကရာဇ် ပြန်ဝင်စားတာထင်တယ်။ အဲ့မိုးပြာမဟာဧကရာဇ်က တုံးလွန်းတယ်။ သူက မသေမျိုးတစ်ပိုင်း ရသေ့ကြီးကို လွယ်လွယ် ယုံခဲ့တာပဲ”
ယန်ကိုးပါးကောင်းကင်ဧကရာဇ်က လက်ဝှေ့ယမ်း၍ ဝင်ပြော၏။
“သက်သေမရှိဘဲနဲ့ ခန့်မှန်းတာတွေ မလုပ်နဲ့။ ကျန်းရီ... နောက်ကျရင် မင်း အဲ့လူသုံးယောက်နဲ့ တွေ့ရမဲ့ အခွင့်အရေး ရလာလိမ့်မယ်။ အခု ငါက ဝိညာဉ်အပိုင်းအစတစ်ခုပဲ ဆိုပေမဲ့ တမလွန်ဘုံဧကရာဇ်ရဲ့ အရှိန်အဝါကို အရမ်းရင်းနှီးတယ်။ ငါ တစ်ချက်ကြည့်လိုက်တာနဲ့ ပြောနိုင်လိမ့်မယ်။ ဒီတစ်ခေါက် မင်းလုပ်ခဲ့တာ မှန်တယ်။ မင်း မျိုးနွယ်နှစ်ခုက မျိုးဆက်သစ်တွေကို မသတ်ခဲ့ဘူး။ အဲ့တော့ ကမ္ဘာဦးကောင်းကင်ဘုံထဲက မျိုးနွယ်ကြီးတွေ သတိထားလာလိမ့်မယ်”
ကျန်းရီ ဦးညွှတ်ကာ ပြန်ပြောလိုက်သည်။
“ကောင်းကင်ဧကရာဇ်၊ အရှင်ချီဟုန်... ကျွန်တော် လျှပ်စီးအနှစ်သာရကို အပြည့်အဝ နားလည်သွားတဲ့အထိ ကောင်းကင်မိစ္ဆာဘုံထဲမှာပဲ ကျင့်ကြံနေဖို့ စိတ်ကူးထားပါတယ်။ ပြီးရင် ဧကရာဇ်အဆင့်ကို တက်လှမ်းနိုင်မဲ့ နည်းလမ်းကို စဉ်းစားမှာပါ။ ကျွန်တော် ဧကရာဇ်အဆင့်ကို ရောက်မှ အပြင်ပြန်ထွက်ချင်ပါတယ်။ အရှင်တို့ ဘယ်လိုသဘောရပါသလဲ”
“ဟင့်အင်း...”
ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ငြင်းလိုက်၏။
“မင်း ကျင့်ကြံချင်ရင် ကောင်းကင်ဘုံခုံရုံးထဲမှာ ကျင့်ကြံ။ ကောင်းကင်ဘုံခုံရုံးရဲ့ ခံစစ်တွေက ဘယ်လောက် စွမ်းအားကြီးလဲ မင်းလည်း သိမှာပါ။ ပြီးတော့ အဲ့ဒါက ကြယ်တာရာစွမ်းအားကို နှစ်တစ်သောင်းကျော် စုပ်ယူထားတာ။ တမလွန်ဘုံဧကရာဇ်က လာတိုက်မယ်ဆိုရင်တောင် သူ ကောင်းကင်ဘုံခုံရုံးထဲ ဖောက်ဝင်နိုင်ဖို့ အနည်းဆုံး နှစ်ဝက်လောက် လိုလိမ့်မယ်။ အဲ့တော့ မင်းကောင်းကင်ဘုံခုံရုံးထဲမှာ ကျင့်ကြံတာက ပိုလုံခြုံတယ်။ ကောင်းကင်ဘုံခုံရုံးထဲမှာ ကမ္ဘာဦးဆန်းကြယ်နယ်မြေတစ်ခုလည်း ရှိတယ်။ မင်း အဲ့ထဲမှာ ကျင့်ကြံရင် ကျင့်ကြံနှုန်း ပိုမြန်လိမ့်မယ်”
“ကျွန်တော် အဲ့ဒါကို သိပါတယ်”
ကျန်းရီသည် ကောင်းကင်ဘုံခုံရုံးကို ရရှိပြီးဖြစ်၍ ၎င်း၏အခြေအနေကို အလွန်ရှင်းလင်းစွာသိ၏။ သို့သော် သူ အတန်ငယ် နားမလည်နိုင်ဟန်ဖြင့် ပြောလိုက်သည်။
“ကျွန်တော်လည်း ကောင်းကင်ဘုံခုံရုံးထဲမှာပဲ ကျင့်ကြံဖို့ စိတ်ကူးထားတာပါ။ ကောင်းကင်ဘုံခုံရုံးကို နဂါးတောင်ကြား အပြင်ဘက်မှာ ထားနိုင်တယ် မဟုတ်လား။ ကျွန်တော်က ကောင်းကင်ဘုံခုံရုံးကို လောကတစ်ခွင်လုံးကို ခေါ်သွားရမှာလား”
“ဟုတ်တယ်.. ငါတို့ လောကပတ်ရမှာ”
ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ခပ်ရေးရေးပြုံး၍ ပြန်ပြောသည်။
“ငါက မင်းရဲ့ ထူးဆန်းတဲ့ကြယ်စက်လုံးအကြောင်းကို အများကြီး မသိပေမဲ့ မင်း အပြင်သွားပြီး မိုးမြေရဲ့ ဓာတ်ကြီးငါးပါးဖြစ်တဲ့ သတ္တု၊ သစ်သား၊ ရေ၊ မီးနဲ့ မြေ အရင်းအမြစ်တွေကို ထပ်သွားရှာသင့်တယ်လို့ ထင်တယ်။ အဲ့ဒါတွေက မင်းအတွက် အများကြီး အကျိုးဖြစ်စေလိမ့်မယ်”
“မိုးမြေအရင်းအမြစ်တွေလား”
ကျန်းရီ အတန်ငယ် မှင်တက်သွားသည်။ ထိုမိုးမြေအရင်းအမြစ်များက အမှန်ပင် ကောင်းသောအရာများဖြစ်သည်။ ဥပမာအားဖြင့် သူ ရရှိခဲ့သော သစ်သားအရင်းအမြစ်က သူ့ကို အသက်နွယ် ပေးပေသည်။ သူ ၎င်းဖြင့် ရန်သူ၏ အသက်စွမ်းအားကို အလွယ်တကူ စုပ်ယူနိုင်သည်။ သူသာ မီးအရင်းအမြစ်၊ ရေခဲအရင်းအမြစ်နှင့် သစ်သားအရင်းအမြစ်တို့ကို သုံးလိုက်မည်ဆိုလျှင် ဧကရာဇ်အဆင့်အောက်၌ ပြိုင်ဘက်ကင်း ဖြစ်သွားပေလိမ့်မည်။
“ကောင်းပါပြီ”
ကောင်းကင်ဘုံခုံရုံးနှင့်ဆိုလျှင် ကျန်းရီ သွားလိုရာ သွားနိုင်သည်။ သူ တမလွန်ဘုံသို့ သွားရမည်ဆိုလျှင်ပင် မကြောက်ပါ။ တမလွန်ဘုံဧကရာဇ်ပင် ကောင်းကင်ဘုံခုံရုံးထဲ ဖောက်ဝင်နိုင်ရန် အနည်းဆုံး အချိန်နှစ်တစ်ဝက် လိုမည်ဖြစ်သည်။ သူ ကောင်းကင်ဘုံခုံရုံးထဲ၌ ရှိနေလျှင် မိုးပြာမဟာဧကရာဇ်တို့ကလည်း သူ့ကို ဘာမျှလုပ်နိုင်မည် မဟုတ်ပါ။ ထို့ကြောင့် သူသွားရာနေရာတိုင်းတွင် အန္တရာယ်ရှိမည် မဟုတ်ချေ။ ထို့ကြောင့် ကျင့်ကြံရင်း မိုးမြေအရင်းအမြစ်များကို လိုက်ရှာရန်မှာ မဆိုးသောအကြံပင်။
အရေးအကြီးဆုံးမှာ ဤတစ်ကြိမ်တွင် ကျန်းရီ ရီချန်နှင့် အခြားသူများကို သူနှင့်အတူ ခေါ်သွားနိုင်ခြင်းပင်။ ဤလောကထဲတွင် ကောင်းကင်ဘုံခုံရုံးထက် ပိုလုံခြုံသောနေရာ ရှိပါမည်လော။
ရီချန်တို့အကြောင်းကို တွေးမိသောအခါ ကျန်းရီ ရင်ခုန်မြန်သွားသည်။ သူ အိုးတိုးအမ်းတမ်းနှင့် ပြောလိုက်သည်။
“ကောင်းကင်ဧကရာဇ်၊ အရှင်ချီဟုန်... ကျွန်တော့်ခန္ဓာကိုယ်နဲ့ ပတ်သတ်ပြီး ပြဿနာတစ်ခု ရှိနေခဲ့တာ ကျွန်တော် သိလိုက်ရတယ်။ ကျွန်တော် ကလေးမရနိုင်ဘူး။ အဲ့ဒါ အရှင်တို့ တစ်ချက်လောက် ကြည့်ပေးလို့ရမလား”
***