လက်ထပ်မယ်
Vol. 142 Ch. 1981
ယန်ကိုးပါးကောင်းကင်ဧကရာဇ်နှင့် ချီဟုန်တို့သည် ကျန်းရီကို ကောင်းကင်စိတ်အာရုံနှင့် အာရုံခံလိုက်ကြ၏။ သို့သော် သူ့ကို အကြိမ်အနည်းငယ် အာရုံခံပြီးနောက်တွင်ပင် မည်သည့်ပြဿနာကိုမှ ရှာမတွေ့ပေ။ ကျန်းရီ၏ ခန္ဓာကိုယ်က အလွန်ကောင်းကာ ပြီးပြည့်စုံနေသည်။ အဘယ်ကြောင့် သူ ကလေးမရနိုင်ကြောင်းကိုမူ ဗဟုသုတ ပြည့်စုံကြွယ်ဝပြီး ဉာဏ်ပညာကြီးသော ယန်ကိုးပါးကောင်းကင်ဧကရာဇ်ပင် နားမလည်နိုင်ချေ။
ကျန်းရီ၏ ခန္ဓာကိုယ်နှင့် ပတ်သတ်၍ မည်သည့်ပြဿနာမှမရှိရာ နတ်သမားတော်အား သွားရှာလျှင်လည်း အကျိုးရှိမည် မဟုတ်ပေ။ ထို့ပြင် ကမ္ဘာဦးကောင်းကင်ဘုံ၌လည်း နတ်သမားတော်များ မရှိပါ။ ထိပ်တန်း အဂ္ဂိရတ်ပညာရှင်များသာ ရှိသည်။ ကျန်းရီကဲ့သို့ စွမ်းအားကြီးသူတစ်ယောက်က မည်သို့ မကျန်းမမာ ဖြစ်နိုင်မည်နည်း။ သူ အဆိပ်ခတ်ခံရလျှင်လည်း သာမန်အဆိပ်ဆိုပါက အားသုံး၍ ထုတ်ပစ်နိုင်သည်။ အကယ်၍ အဆိပ်ပြင်းဆိုလျှင်မူ နတ်သမားတော်လည်း သူ့ကို ကယ်နိုင်မည် မဟုတ်ပါ။
ယန်ကိုးပါးကောင်းကင်ဧကရာဇ်ပင် ပြဿနာကို မရှာနိုင်လျှင် မည်သူမှ ရှာနိုင်မည် မဟုတ်ချေ။ သားသမီးတာဝန် မကျေပွန်ခြင်းတွင် မကျေပွန်ပုံ သုံးမျိုးရှိသည်။ ထိုအထဲတွင် မျိုးဆက်မချန်ခဲ့နိုင်ခြင်းမှာ အဆိုးဆုံး ဖြစ်ပေသည်။ သူသာ မျိုးဆက်မချန်နိုင်လျှင် ရီဖျောင်ဖျောင်၊ ရီချန်နှင့် အခြားသူများ အလွန်စိတ်ပျက်သွားလောက်သည် မဟုတ်လော။
‘ငါ့ခန္ဓာကိုယ်က ဘာဖြစ်နေတာလဲ။ ဘာလို့ ငါက ကလေးမရနိုင်တာလဲ’
တစ်ခဏမျှ တွေးတောပြီးနောက် ကျန်းရီ ခေါင်းကိုက်လာ၏။ လတ်တလောတွင် သူ ထိုကိစ္စကို ဘေးဖယ်ထားရပေဦးမည်။ နောင်မှ မိုးမြေဝိညာဉ်ဆေးပင်များ ရှာနိုင်၊ မရှာနိုင် သို့မဟုတ် ပညာရှင်အချို့နှင့် တွေ့နိုင်၊ မတွေ့နိုင် ကြည့်ရပေမည်။
ကျန်းရီ၏လက်ထဲရှိ ကောင်းကင်ရတနာက လင်းလက်လာ၏။ ထို့နောက် သူ အနီရောင် ဓားမြှောင်တစ်ချောင်းကို ထုတ်လိုက်သည်။ ၎င်းက ကောင်းကင်ဘုံခုံရုံးထဲတွင် ဖွက်ထားသည့် မီးနဂါးဓား၏ နောက်ဆုံး အစိတ်အပိုင်းပင်။ ကျန်းရီက ကောင်းကင်ဘုံခုံရုံးကို ရထားပြီဖြစ်ရာ ထိုအစိတ်အပိုင်းမှာလည်း သူ့လက်ထဲ ရောက်လာပေသည်။
ရွှီး...
ထိုအစိတ်အပိုင်းက တမလွန်ဘုံအရှိန်အဝါ၏ ထိန်းချုပ်မှုကို မခံခဲ့ရပါ။ ထို့ကြောင့် ၎င်းသည် ထွက်ပေါ်လာသည်နှင့် စတင်တုန်ခါလာ၏။ မီးနဂါးဓားလည်း တောက်ပစွာ လင်းလက်လာသည်။ ကျန်းရီ လက်ကို ဖြေပေးလိုက်ရာ အနီရောင် ဓားမြှောင်က မီးနဂါးဓားဆီ ချက်ချင်း ပျံထွက်သွားပြီး မီးနဂါးဓားထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။ မီးနဂါးဓားပေါ်တွင် နဂါးပုံတစ်ပုံ ထပ်ပေါ်လာ၏။ ၎င်း၏ အရှိန်အဝါကလည်း ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာသည်။ ၎င်းသည် ကမ္ဘာဦးဝိညာဉ်ရတနာနှင့် လုံးဝ ယှဉ်နိုင်နေပြီဖြစ်သည်။
ရွှီး...
တံဆိပ်စာလုံး ဒါဇင်ကျော် ထွက်ပေါ်လာပြီး ကျန်းရီ၏ စိတ်ဝိညာဉ်ထဲ ဝင်သွား၏။ အမည်မဲ့ကျင့်စဉ်၏ အဆင့်အသစ် ထွက်ပေါ်လာသည်။ ကျန်းရီ ခါးသက်သက် ပြုံးလိုက်၏။ သူ အမည်မဲ့ကျင့်စဉ်၏ သတ္တမအဆင့်ကိုပင် မကျင့်ကြံနိုင်သေးချေ။ ထိုအဋ္ဌမအဆင့် ပေါ်လာလျှင်ပင် အသုံးဝင်မည် မဟုတ်ပေ။
“မင်း အမည်မဲ့ကျင့်စဉ်ကို ကျင့်ကြံစရာ မလိုပါဘူး...”
ယန်ကိုးပါးကောင်းကင်ဧကရာဇ်က အိုးတိုးအမ်းတမ်းနှင့် ပြောလိုက်သည်။
“ကျန်းရီ... အမည်မဲ့ကျင့်စဉ်ရဲ့ နောက်ဆုံးသုံးဆင့်မှာ ပြဿနာတွေ ရှိနေတယ်။ အရင်တုန်းက ငါလည်း ဖန်သာဖန်တီးခဲ့တာ၊ မကျင့်ကြံဖူးဘူး။ အဲ့တော့ ကျင့်စဉ်က မှန်လား၊ မှားလား မသိဘူး။ မကြာသေးခင်တုန်းက ငါ မင်းရဲ့အခြေအနေကို ကြည့်ပြီး သုံးသပ်ကြည့်တော့ ပြဿနာကြီးတစ်ခုကို သွားရှာတွေ့တယ်။ ဒီတော့.. မင်း အမည်မဲ့ကျင့်စဉ်ရဲ့ နောက်ဆုံးသုံးဆင့်ကို ကျင့်စရာမလိုဘူး။ မင်း ကျင့်ချင်ရင်လည်း ကိုယ့်ဘာသာ ဖြည့်စွက်ပြင်ဆင်ပြီး ကျင့်မှရမယ်”
“ပြဿနာတစ်ခု ရှိနေတာလား”
ကျန်းရီ၏ နဖူးပေါ်တွင် အရေးအကြောင်း သုံးကြောင်း ထွက်ပေါ်လာ၏။ အမည်မဲ့ကျင့်စဉ်နှင့် ပတ်သတ်၍ အမှန်ပင် ပြဿနာတစ်ခု ရှိနေသည်လော။ နောက်ဆုံးသုံးဆင့်ကို ကျင့်လိုလျှင် မိမိဘာသာ ဖြည့်စွက်ပြင်ဆင်ရမည်လော။ သူက မည်သို့ ဖြည့်စွက်ပြင်ဆင်နိုင်မည်နည်း။ ထိုသို့လုပ်ရန်လည်း သူ့တွင် အချိန်မရှိပေ။ တမလွန်ဘုံဧကရာဇ်က ပြန်ထွက်ပေါ်လာတော့မည်ဖြစ်သည်။
ယန်ကိုးပါးကောင်းကင်ဧကရာဇ်က သက်ပြင်းသဲ့သဲ့ချ၍ ပြော၏။
“ကျန်းရီ... ငါ့မှာ ဝိညာဉ်စွမ်းအား အများကြီးမကျန်တော့ဘူး။ ငါ ကျန်တဲ့အဆင့်တွေကို ပြန်ပြင်ပေးနိုင်မှာ မဟုတ်ဘူး။ အဲ့တော့ အကုန်လုံးကို မင်းဘာသာပဲ အဖြေရှာရမယ်။ ငါ့ ဝိညာဉ်အပိုင်းအစ လွင့်ပြယ်မသွားခင် မင်း အဲ့ကျင့်စဉ်ကို ပြီးပြည့်စုံအောင် လုပ်နိုင်ရင် ငါ အသေဖြောင့်ပါပြီ”
“ကျွန်တော်...”
ကျန်းရီသည် ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ တစ်ဝက်ဖောက်မြင်နိုင်နေသော ဝိညာဉ်အပိုင်းအစကို ကြည့်ကာ မည်သို့ ပြန်ပြောလိုက်ရမည်မသိ ဖြစ်သွားသည်။ ထို့ကြောင့် သူ ခါးသက်သက်သာ ပြုံးလိုက်ရသည်။
“ကျွန်တော် အကောင်းဆုံး ကြိုးစားမှာပါ”
ထို့နောက် ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဝိညာဉ်အပိုင်းအစက မီးနဂါးဓားထဲ ဝင်ရောက်ပျောက်ကွယ်သွား၏။ ချီဟုန်၏ မျက်လုံးများလည်း ပျောက်ကွယ်သွားသည်။ ပြီးမှ ကျန်းရီ မီးနဂါးဓားကို သူနှင့်အတူ ယူသွားလိုက်လေသည်။
***
ကောင်းကင်မိစ္ဆာဘုံထဲတွင် လဝက်မျှ နေပြီးနောက် ကျန်းရီ ခရီးပြန်စရ၏။ သို့သော် ဤတစ်ခေါက်တွင် သူတစ်ယောက်တည်း မဟုတ်ပေ။ သူ ရီဖျောင်ဖျောင်၊ ရီချန်၊ ယဉ်ရို့ပင်း၊ စုလောရွှယ်၊ မိုယောင်အာနှင့် ကျန်းရှောင်နူတို့ကို ခေါ်သွားသည်။ သိမ်းငှက်ဘုရင်လေး၊ စစ်ထူရီရှောင်၊ ကျန်ဝူရွှမ်းနှင့် အခြားသူများကိုလည်း ခေါ်သွားသည်။ သို့သော် ချမ်ဝမ်ကွမ်းကမူ ကောင်းကင်မိစ္ဆာဘုံတွင် နေခဲ့သည်။ သူသည် ကျင့်ကြံရေးတွင် စိတ်မဝင်စားပေ။
ကျန်ဝူရွှမ်းနှင့် အခြားသူများသည် ကောင်းကင်ဘုံခုံရုံးထဲရှိ ကမ္ဘာဦးဆန်းကြယ်နယ်မြေထဲ ဝင်နေကြ၏။ ထိုဆန်းကြယ်နယ်မြေက အပြင်မှ ကမ္ဘာဦးဆန်းကြယ်နယ်မြေများနှင့် များစွာမကွာခြားပေ။ ထိုနေရာတွင် ကျင့်ကြံရန် များစွာပိုလွယ်ကူပေသည်။
ထုံစံအတိုင်းပင် ကျန်းရီသည် ဤတစ်ခေါက်တွင်လည်း ထျန်းဖုန့်ဧရာဇ်ကို ခေါ်လာသည်။ ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက် ပါလာလျှင် အရာများစွာက ပို၍ လွယ်သွားနိုင်ပေသည်။ ဤတစ်ခေါက်၌ ကျန်းရီသည် ဖုန့်နီကိုပင် ခေါ်လာ၏။ ထျန်းဖုန့်ဧကရာဇ်ထွက်ရန် အဆင်မပြေချိန်များတွင် သူမ ထွက်နိုင်ပေသည်။
ကောင်းကင်ဘုံခုံရုံးသည် အာကာသထဲတွင် ခပ်ဖြည်းဖြည်း ပျံသန်းနေ၏။ ကျန်းရီသည် သတ္တု၊ ရေနှင့် မြေ အရင်းအမြစ်များကို မည်သည့်နေရာတွင် သွားရှာရမည်ကို မသိချေ။ သူ တစ်ခဏမျှ တွေးတောပြီးနောက် ကောင်းကင်ဘုံခုံရုံးကို ချီလင်းဧကရီ ပိုင်ဆိုင်သော ကြားမှတ်တစ်ခုဆီသို့ ပျံသန်းသွားစေလိုက်သည်။ သူ ဟယ်နုန်ယင်းနှင့် ဆက်သွယ်ကာ မိုးမြေအရင်းအမြစ်များကို မည်သည့်နေရာများတွင် သွားရှာရမည်ဖြစ်ကြောင်း မေးလိုလေသည်။
ကျန်းရီသည် ကောင်းကင်ဘုံခုံရုံးထဲရှိ ကမ္ဘာဦးဆန်းကြယ်နယ်မြေထဲဝင်၍ ကျန်းရှောင်နူ၊ သိမ်းငှက်ဘုရင်လေးနှင့် အခြားသူများနှင့်အတူ ကျင့်ကြံကာ လျှပ်စီးက သတ္တုကို ဖန်တီးနိုင်သော အကြောင်းကို လေ့လာနေလိုက်သည်။
အတိတ်မှ ကောင်းကင်ဧကရာဇ်တစ်ပါးသည် သူ၏ ဆန်းကြယ်စွမ်းရည်တစ်ခုကို သုံး၍ ဤဆန်းကြယ်နယ်မြေကို ကောင်းကင်ဘုံခုံရုံးထဲ ထည့်ခဲ့ခြင်းဖြစ်သည်။ ဤနယ်မြေက ကန္တာရတစ်ခု ဖြစ်ပြီး အထဲတွင် အနှစ်သာရကိုးမျိုး ရှိသည်ဟု ပြောကြသည်။ ဤဆန်းကြယ်နယ်မြေမှာ ကပ်လောကထဲရှိ ထိပ်တန်းအကျဆုံး ဆန်းကြယ်နယ်မြေများထဲမှ တစ်ခုပင်။
သာမန်ဆန်းကြယ်နယ်မြေများကို မျိုးနွယ်ကြီးများက သိမ်းပိုက်ထားကြသည်။ မိုးပြာမဟာဧကရာဇ်၊ ရူးသွပ်မဟာဧကရာဇ်၊ ယန်မဟာဧကရာဇ်နှင့် ချီလင်းဧကရီတို့ကလည်း ကမ္ဘာဦးဆန်းကြယ်နယ်မြေတစ်ခုစီကို သိမ်းပိုက်ထားကြသည်။ သို့သော် မျိုးနွယ်များတွင် လူများစွာရှိသည်ဖြစ်ရာ လူတစ်ယောက်လျှင် ထိုဆန်းကြယ်နယ်မြေများထဲ၌ အချိန်အကန့်အသတ်နှင့်သာ နေခွင့်ရပေသည်။
ကျန်းရီဘက်မှ အခြေအနေကမူ ကွဲပြား၏။ ကောင်းကင်ဘုံခုံရုံးထဲတွင် လူအနည်းငယ်သာ ရှိသည်။ ထို့ကြောင့် ကျန်းရီသည် သူတို့အားလုံးကို ကမ္ဘာဦးဆန်းကြယ်နယ်မြေထဲ၌ အချိန်အကန့်အသတ်မရှိ နေခွင့်ပေး၍ အနှစ်သာရများကို လေ့လာခွင့် ပေးနိုင်ပေသည်။
ကောင်းကင်ဘုံခုံရုံးထဲတွင် ဝိညာဉ်ဆေးပင်များလည်း ကြောက်မက်ဖွယ်ပမာဏနှင့် ရှိနေသည်။ ဤဆန်းကြယ်နယ်မြေထဲတွင် ကောင်းကင်စွမ်းအား ကျင့်ကြံခြင်းမှာလည်း လွန်စွာလျင်မြန်လေသည်။
ထို့ကြောင့်...
သိမ်းငှက်ဘုရင်လေး၊ ကျန်းရှောင်နူ၊ ကျန်ဝူရွှမ်းနှင့် အခြားသူများ အနှစ်သာရတစ်ခုကို သိမြင်နားလည်သွားလျှင် သူတို့၏စွမ်းရည်များက များစွာတိုးတက်သွားပေလိမ့်မည်။ အကယ်၍ ကျန်ဝူရွှမ်း၊ ဟွမ်ဖူထောင်ထျန်းနှင့် အခြားသူများက အုပ်ချုပ်သူအဆင့်သို့ တက်လှမ်းလိုလျှင်လည်း တက်လှမ်းရန် အလွန်လွယ်ကူမည်ဖြစ်သည်။
ကျန်းရီသည် ကန္တာရထဲရှိ ကျောက်တောင်ထွတ်တစ်ခုပေါ်တွင် တင်ပျဉ်ခွေထိုင်နေ၏။ သူသည် ဆန်းကြယ်နယ်မြေထဲ ဝင်လာပြီးသည်နှင့် ရင်ခုန်မြန်လာခဲ့သည်။ ဤထဲတွင် အနှစ်သာရကို လေ့လာလျှင် သိမြင်နားလည်သွားနိုင်ခြေရှိပေသည်။
သို့သော်...
ကျန်းရီ၏ ရင်ထဲတွင် စိုးရိမ်မှုများ ပြည့်နေသည်။ သူ စိတ်မငြိမ်နိုင်ပေ။ လျှပ်စီးအနှစ်သာရကို အထွတ်အထိပ်အဆင့်အထိ မသိမြင်မနားလည်နိုင်ပါက စိတ်ထဲတွင် အမြဲ တနုံ့နုံ့ ဖြစ်နေရပေလိမ့်မည်။ ထို့ကြောင့် အရင်ဆုံး လျှပ်စီးအနှစ်သာရကိုသာ အထွတ်အထိပ်အဆင့်အထိ ရောက်အောင်သာ ကြိုစားရမည်ဖြစ်သည်။
ကောင်းကင်ဘုံခုံရုံးသည် ကမ္ဘာဦးကောင်းကင်ဘုံသို့ ဖြည်းဖြည်းချင်း ပျံသန်းနေသည်။ လမ်းတစ်လျှောက်တွင် သူတို့ ကင်းလှည့်တပ်များစွာနှင့် တွေ့ခဲ့ရသည်။ သို့သော် ကျန်းရီက ကောင်းကင်ဘုံခုံရုံးကို ရသွားပြီဆိုသော သတင်းက ကမ္ဘာဦးကောင်းကင်ဘုံတွင် ပျံ့နှံ့နေပြီဖြစ်သည်။ မိုးပြာမဟာဧကရာဇ်ပင် ကျန်းရီကို မည်သို့မှ မလုပ်နိုင်ချေ။ သို့ဖြစ်ရာ မည်သည့်ကင်းလှည့်တပ်က သူ့ကို ရန်စဝံ့မည်နည်း။
“ကျွန်မ နားလည်သွားပြီ၊ နားလည်သွားပြီ။ ကျွန်မ အဲ့အနှစ်သာရရဲ့ အခြေခံတွေကို သိသွားပြီ”
ကောင်းကင်ဘုံခုံရုံးထဲ ရောက်ပြီးနောက် ခုနစ်ရက်မြောက်နေ့တွင် ကန္တာရထဲ သဲဝါဝါများကြားတွင် တင်ပျဉ်ခွေထိုင်နေသော ကျန်းရှောင်နူက ရုတ်တရက် ထအော်လိုက်လေသည်။ ဆန်းကြယ်နယ်မြေထဲရှိ အားလုံး နိုးလာကြသည်။
“ရှောင်နူလား”
ကျန်းရီ အတန်ငယ် မှင်တက်သွား၏။ ကောင်းကင်ဘုံခုံရုံးထဲ လူများစွာ ဝင်လာခဲ့သည်။ ထိုလူများထဲတွင် အနှစ်သာရတစ်ခုကို အရင်ဆုံးနားလည်သွားမည့်သူက ကျန်းရှောင်နူ ဖြစ်နေလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။
ကျန်းရီ ရုတ်ခြည်း ဝမ်းသာအားရဖြစ်သွားပြီး ပြောလိုက်သည်။
“ရှောင်နူက အရမ်းအထင်ကြီးစရာ ကောင်းတာပဲ။ မြန်မြန် အဲ့အနှစ်သာရကို ဆက်လေ့လာလိုက်။ မင်း အုပ်ချုပ်သူအဆင့်ကို တက်နိုင်ရင် ငါ မင်းကို ကမ္ဘာဦးဝိညာဉ်ရတနာတစ်ခု ပေးမယ်”
“အာ...”
သိမ်းငှက်ဘုရင်လေး၊ ကျန်ဝူရွှမ်း၊ ဟွမ်ဖူထောင်ထျန်း၊ စစ်ထူရီရှောင်နှင့် အခြားသူများ၏ မျက်ဝန်းများ အရောင်လက်သွား၏။ ယခုတွင် ကျန်းရီက အာဏာရှင်တစ်ယောက် ဖြစ်နေပေပြီ။ ကောင်းကင်ဘုံခုံရုံးထဲတွင်လည်း ကမ္ဘာဦးဝိညာဉ်ရတနာများစွာ ရှိသည်။
ကျန်းရီသည် အားလုံးက သူ့ကို အရောင်လက်နေသော မျက်ဝန်းများနှင့် ကြည့်နေသည်ကို မြင်လိုက်သောအခါ မျက်လုံးပင့်၍ ပြောလိုက်၏။
“ကျွန်တော့်ကို အဲ့လို မကြည့်ကြပါနဲ့။ ဘယ်သူပဲဖြစ်ဖြစ် ဧကရာဇ်တစ်ပိုင်းအဆင့်ကို တက်နိုင်ရင် ကျွန်တော် ကမ္ဘာဦးဝိညာဉ်ရတနာတစ်ခု ပေးမယ်။ ဒါပေမဲ့ ကောင်းကင်ဘုံခုံရုံးထဲမှာ ကမ္ဘာဦးဝိညာဉ်ရတနာတွေ အများကြီး မရှိဘူး။ အဲ့တော့ အရင် အဆင့်တက်နိုင်တဲ့သူ အရင်ရမှာပဲ”
ဟွမ်ဖူထောင်ထျန်းက နှာခေါင်းကို ပွတ်၍ ပြန်ပြောလိုက်သည်။
“ကျန်းရီ.. အဲ့ဒါက မတရားဘူး။ ညီမလေးရှောင်နူကျတော့ အုပ်ချုပ်သူအဆင့်ကို တက်နိုင်တာနဲ့ ကမ္ဘာဦးဝိညာဉ်ရတနာ ရပြီးတော့ ငါတို့ကျ ဧကရာဇ်တစ်ပိုင်းအဆင့်ကို တက်နိုင်မှတဲ့လား”
“ဟားဟားဟား...”
ကျန်းရီ ကျယ်လောင်စွာ ရယ်လိုက်သည်။
“သူက ကျွန်တော့်ညီမလေးပဲ။ အစ်ကိုတို့လည်း လိင်ပြောင်းပြီး ကျွန်တော့်ညီမလေး ဖြစ်လာပါလား။ အဲ့ဒါဆို တစ်ယောက်တစ်ခုစီ ပေးမယ်”
ကျန်းရှောင်နူသည် ကျန်းရီ၏ စကားကြောင့် မျက်ဝန်းများ အရောင်လက်သွား၏။ သို့သော် သူမ တစ်ခဏမျှ တွေးတောကာ ကျန်းရီထံ အသံပို့လွှတ်လိုက်လေသည်။
“သခင်လေး... ရှောင်နူ ကမ္ဘာဦးကောင်းကင်ရတနာ မလိုချင်ပါဘူး။ ရှောင်နူ သခင်လေးရဲ့ ညီမလေးလည်း မဖြစ်ချင်ဘူး။ ရှောင်နူ လိုချင်တာကို သခင်လေး သိပါတယ်”
“ကောင်းပြီ”
ကျန်းရီသည် ကျန်းရှောင်နူ၏ ငံ့လင့်နေသော မျက်ဝန်းများကို ကြည့်ကာ သူမကို မငြင်းနိုင်တော့ပေ။ သူ ခေါင်းညိတ်ကာ အသံပြန်ပို့လွှတ်လိုက်သည်။
“မင်း အုပ်ချုပ်သူအဆင့်ကို ရောက်သွားရင် သခင်လေး မင်းကို လက်ထပ်မယ်”
ကျန်းရှောင်နူ ပြုံးသွား၏။ သူမ၏အပြုံးတွင် မျက်ရည်စများ ပါနေသည်။ နှစ်ပေါင်းများစွာ စောင့်ခဲ့ပြီးနောက်တွင် သူမကြားလိုသော စကားကို ကြားလိုက်ရပေပြီ။
***
အခန်း(၁၉၈၂) ဧကရာဇ်
ကောင်းကင်ဘုံခုံရုံးက ကမ္ဘာဦးကောင်းကင်ဘုံသို့ ဖြည်းဖြည်းချင်း ပျံသန်းလာနေသည်ဆိုသော သတင်းက ကမ္ဘာဦးကောင်းကင်ဘုံတစ်ခွင်လုံးတွင် လျင်မြန်စွာ ပျံ့နှံ့သွား၏။ မကြာခင်မှာပင် ကမ္ဘာဦးကောင်းကင်ဘုံတစ်ခွင်လုံး အုတ်အော်သောင်းနင်းဖြစ်သွားသည်။ ကျန်းရီက ကမ္ဘာဦးကောင်းကင်ဘုံတွင် ထပ်မံ ပြဿနာရှာတော့မည်လော။
အသူရာတောင်တွင် ဖြစ်ခဲ့သော ကိစ္စက အလွန်ကြီးသည်။ ထို့ကြောင့် ယင်းသတင်းကို ဖုံးဖိ၍ မရပေ။ မျိုးနွယ်ကြီးအားလုံးက သူတို့၏ ကိုယ်စားပြုများကို စေလွှတ်ခဲ့သည်။ နောက်ပိုင်းတွင် မိုးပြာမဟာဧကရာဇ်သည် သူနှင့်အတူ လူတစ်စုကို ခေါ်သွားခဲ့၏။ ထိုကဲ့သို့သော် သတင်းမျိုးမှာ ဖုံးဖိထား၍ မရနိုင်ဘဲ တောမီးကဲ့သို့ ပျံ့နှံ့သွားလေသည်။
လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့၏ လုပ်ရပ်များအကြောင်းကိုလည်း ခွမ်ဟူနှင့် ယန်ချီတို့က သတင်းဖြန့်ခဲ့သည်။ ထို့ကြောင့် မျိုးနွယ်သုံးခု၏ နှစ်သောင်းချီသော သမိုင်းကြောင်းများလည်း အဖြန့်ခံရသည်။ အဘယ်ကြောင့် ထိုမျိုးနွယ်သုံးခုက ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဖိနှိပ်မှုကို ခံခဲ့ရကြောင်းများလည်း ပျံ့နှံ့သွားသည်။
ထို့ပြင် ဤတစ်ခေါက်တွင် လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့က အလွန်ရက်စက်ခဲ့၏။ ကမ္ဘာဦးကောင်းကင်ဘုံထဲမှ မျိုးနွယ်ကြီးအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေကြသည်။ သို့သော် လင်းဖေးရှန်းနှင့် ဧကရာဇ်ငယ်ရွေတို့သည် ပြန်ရောက်လျင်ရောက်ချင်း ကောင်းကင်ကြယ်စုဘုံသို့သာ တန်းပြန်သွားကြသည်။ ထို့ကြောင့် ကမ္ဘာဦးကောင်းကင်ဘုံတွင် ဖြစ်ပျက်နေသည်များကို သူမတို့ မသိကြပေ။
တစ်ဘက်တွင်မူ ကျန်းရီ၏ ဂုဏ်သတင်းက ကမ္ဘာဦးကောင်းကင်ဘုံတွင် စတင်ပြောင်းလဲလာသည်။ မျိုးနွယ်ကြီးအချို့ကလည်း မီးလောင်ရာလေပင့်သည်။ ဥပမာပြရသော် ဟယ်မျိုးနွယ်နှင့် ယန်ကိုးပါးစစ်တပ်တို့ဖြစ်သည်။
အရေးအကြီးဆုံးမှာ ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဝိညာဉ်အပိုင်းအစက ရှိနေသေးသည်ဟု ကျန်းရီက ပြောခဲ့ခြင်းပင်။
ထိုသတင်းက လူသားမျိုးနွယ်တစ်ခုလုံးကို စိတ်လှုပ်ရှားသွားစေ၏။ လူသားမျိုးနွယ်၏ သမိုင်းတွင် ယန်ကိုးပါးကောင်းကင်ဧကရာဇ်က စွမ်းအားအကြီးဆုံး ကောင်းကင်ဧကရာဇ်ဖြစ်သည်။ သူ့ ဝိညာဉ်အပိုင်းအစက ရှိနေသေးသည်။ ထို့ကြောင့် လူသားမျိုးနွယ်သည် ကျောထောက်နောက်ခံတစ်ခုကို ရှာတွေ့ကာ ကြည်လင်သော ကောင်းကင်ကို မြင်လိုက်ရသလို ခံစားသွားရပေသည်။
ယန်ကိုးပါးကောင်းကင်ဧကရာဇ် ရှိနေသေးရာ ကျန်းရီ၏ အဆင့်အတန်းမှာ လုံးဝပြောင်းလဲသွားသည်။ မူလတွင် ကျန်းရီက နတ်ဆိုးတစ်ကောင်ဖြစ်ခဲ့သည်။ ယခုတွင်မူ ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဝိညာဉ်အပိုင်းအစ ရှိနေသေးရာ ကျန်းရီမှာ မည်သို့ နတ်ဆိုးတစ်ကောင် ဖြစ်နိုင်တော့မည်နည်း။ မဟုတ်လျှင် ယန်ကိုးပါးကောင်းကင်ဧကရာဇ်ကို အမြင်ကန်းနေသူဟု စွပ်စွဲသလို ဖြစ်မသွားသလော။
ယန်ကိုးပါးကောင်းကင်ဧကရာဇ်သည် လူသားမျိုးနွယ်၏ ကာကွယ်သူ၊ လူသားမျိုးနွယ်၏ ခေါင်းဆောင်ဖြစ်ရာ မည်သို့ အမြင်ကန်းနေမည်နည်း။ ထို့ကြောင့် ကျန်းရီ၏ ယခင်မှ ဂုဏ်သတင်းများက မှားနေခြင်းသာဖြစ်မည်။ တစ်ယောက်ယောက် ရည်ရွယ်ချက်ရှိရှိ သတင်းမှားများ ဖြန့်နေခြင်းသာ ဖြစ်ပေမည်။
အသူရာတောင်ထိပ်မှ ကျန်းရီနှင့် မိုးပြာမဟာဧကရာဇ်တို့၏ သဘောတူညီချက်ကလည်း ကမ္ဘာဦးကောင်းကင်ဘုံတစ်ခွင်လုံးတွင် ပျံ့နှံ့နေပြီဖြစ်သည်။ ကျန်းရီ၏ တောင်းဆိုချက် သုံးချက်က မိုးပြာမဟာဧကရာဇ်အတွက် တရားလွန်သည်ဟု ထင်ရသော်လည်း လူသားမျိုးနွယ်၏ အမြင်မှ ကြည့်မည်ဆိုလျှင် အလွန်မျှတကာ လူသားမျိုးနွယ်အတွက်ပင် အကျိုးရှိစေသေးသည်။
တမလွန်ဘုံမျိုးနွယ်က အလွန်စွမ်းအားကြီးသည်။ တမလွန်ဘုံဧကရာဇ်ကလည်း ပြန်ထွက်ပေါ်လာတော့မည်။ လူသားမျိုးနွယ်က အချိန်မရွေး ရှင်းပစ်ခံရနိုင်နေသည်။ ကျန်းရီက ခွမ်ဟူနှင့် အခြားသူများကို အကြိမ်များစွာ လွှတ်ပေးခဲ့သည်။ ထို့ပြင် တမလွန်ဘုံမျိုးနွယ်ကို ရှင်းပစ်ပြီးသည်နှင့် မိုးပြာမဟာဧကရာဇ်အား ကောင်းကင်ဧကရာဇ်နေရာ ပေးမည်ဟုပင် ပြောခဲ့သေးသည်။ သူ၏ သဘောထားကြီးမှုကို သာမန်လူများက အမှန်ပင် မယှဉ်နိုင်ချေ။
ထိုသို့ပြောခဲ့သူက ကျန်းရီမဟုတ်ဘဲ အခြားတစ်ယောက်ဆိုပါက၊ မိုးပြာမဟာဧကရာဇ်အား ပလ္လင်ပေးမည်ဟု ပြောခဲ့ကြသော ယန်မဟာဧကရာဇ်နှင့် ရူးသွပ်မဟာဧကရာဇ်တို့ ဆိုလျှင်ပင် လောကကြီးက ရယ်သာ ရယ်ကြပေလိမ့်မည်။ သို့သော် ကျန်းရီမှာ ကောင်းကင်ဧကရာဇ်၏ ဆက်ခံသူဖြစ်သည်။ ထို့ပြင် ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဝိညာဉ်အပိုင်းအစကလည်း ရှိနေသေးသည်။ ထို့ကြောင့် သူ့စကားများမှာ အလွန်ယုံချင်စရာကောင်းပေသည်။ ယင်းတို့အပြင် ကျန်းရီသည် ကောင်းကင်ဘုံခုံရုံးနှင့် ကောင်းကင်ဧကရာဇ်၏ နတ်ဘုရားလက်နက်ကို ရထားသည်။ ယင်းတို့မှာ ကောင်းကင်ဧကရာဇ်၏ ကိုယ်စားပြုအရာများပင်။
ကောင်းကင်ဧကရာဇ်တစ်ပါး ဖြစ်လာရန် လူတစ်ယောက်သည် အရင်ဆုံး ပြိုင်ဘက်ကင်း တိုက်ခိုက်စွမ်းအားကို ပိုင်ဆိုင်ရမည်။ ထို့နောက် ကောင်းကင်ဧကရာဇ် နတ်ဘုရားလက်နက်နှင့် ကောင်းကင်ဘုံခုံရုံးကို ပိုင်ရမည်။ နောက်ဆုံးအနေဖြင့် မျိုးနွယ်ကြီးအားလုံး လက်ခံလာအောင် စည်းရုံးနိုင်ရမည်ဖြစ်သည်။
လောကထဲတွင် မိုးပြာမဟာဧကရာဇ်၏ တိုက်ခိုက်စွမ်းအားက ပြိုင်ဘက်ကင်းဖြစ်သည်။ သို့သော် သူ့တွင် ကောင်းကင်ဧကရာဇ် နတ်ဘုရားလက်နက်နှင့် ကောင်းကင်ဘုံခုံရုံး မရှိပေ။ ထို့ကြောင့် သူက လူသားမဟာမိတ်၏ ခေါင်းဆောင် ဖြစ်နိုင်သော်လည်း ကောင်းကင်ဧကရာဇ်၏ ပလ္လင်ပေါ်တွင်တော့ ထိုင်နိုင်မည် မဟုတ်ချေ။ သူသည် လောကကြီးကို ယာယီ အမိန့်ပေးနိုင်သော်လည်း မျိုးနွယ်ကြီးများက ရေရှည်လက်ခံမည် မဟုတ်ပေ။
ယခုတွင် ကျန်းရီထံ၌ ကောင်းကင်ဧကရာဇ် နတ်ဘုရားလက်နက်၊ ကောင်းကင်ဘုံခုံရုံးနှင့် ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ထောက်ခံမှုတို့ ရှိနေသည်။ ကျန်းရီ၏ တိုက်ခိုက်စွမ်းအားကလည်း အလွန်ကြီးနေပြီဖြစ်သည်။ သူက မိုးပြာမဟာဧကရာဇ်၏ အဆင့်သို့ မရောက်သေးသော်လည်း သူ့အသက်မှာ အလွန်ငယ်သေးကြောင်းကို ထည့်မတွက်၍ မဖြစ်ချေ။
အနာဂတ်တွင် ကျန်းရီက အကန့်အသတ်မရှိ တိုးတက်လာနိုင်သေးသည်။ ထို့ပြင် လက်ရှိတွင် ယန်ကိုးပါးကောင်းကင်ဧကရာဇ် ထွက်လာပြီး ကျန်းရီကို ပလ္လင်ယူခိုင်းလျှင် မည်သူက ဆန့်ကျင်ဝံ့ပါမည်နည်း။
သို့သော် ကျန်းရီသည် အားလုံး၏ အရှေ့တွင် မိုးပြာမဟာဧကရာဇ်အား ကောင်းကင်ဧကရာဇ်နေရာ ပေးမည်ဟု ပြောခဲ့သည်။ ယင်းမှာ မည်သို့သော သဘောထားကြီးမှုမျိုးနည်း။ အကယ်၍ ကျန်းရီက ကြောင်သူတော်တစ်ယောက်သာ မဟုတ်လျှင် လူသားမျိုးနွယ်ကို အမှန်တကယ် အရေးထားသူတစ်ယောက် ဖြစ်ပေလိမ့်မည်။
ဤတစ်ကြိမ်တွင် ကျန်းရီသည် ကမ္ဘာဦးကောင်းကင်ဘုံဆီသို့ ပေါ်ပေါ်ထင်ထင် ပျံသန်းလာနေ၏။ ထို့ကြောင့် မျိုးနွယ်ကြီးများသည် ကျန်းရီက ကမ္ဘာဦးကောင်းကင်ဘုံသို့လာ၍ သူ့အင်အား လာထူထောင်ခြင်းဖြစ်မည်ဟု သံသယရှိနေကြသည်။
ကျန်းရီသည် အသူရာတောင်ပေါ်တွင် ကိုယ်ပိုင်စစ်တပ်တစ်တပ် ထောင်မည်ဟု ပြောခဲ့သည်။ ဤတစ်ကြိမ်တွင် သူက ကမ္ဘာဦးကောင်းကင်ဘုံသို့ ခန့်ခန့်ညားညား လာနေရာ မျိုးနွယ်ကြီးများ၏ အမြင်တွင် သူက ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ အမည်ကို သုံး၍ လက်အောက်ခံများ စုဆောင်းတော့မည်ဟု မြင်ခြင်းမှာ သဘာဝကျပေသည်။
ထို့ကြောင့် မျိုးနွယ်ကြီးများစွာသည် ကျန်းရီက ကိုယ်ပိုင်အလံထူသည်နှင့် သူ့ထံ လက်အောက်ခံရမည်လော၊ မခံဘဲနေရမည်လောကို လျှို့ဝှက် ဆွေးနွေးလာကြ၏။ ကျန်းရီ၏ လက်အောက်တွင် လက်အောက်ခံများ၊ တပ်သားများ များစွာ မရှိသေးပေ။ သို့ဖြစ်ရာ သူ့ထံ အစကတည်းက လက်အောက်ခံသူများက အရေးကြီးရာထူးများကို ရနိုင်သည်။ ကောင်းကင်ဘုံခုံရုံးထဲမှ ရတနာများနှင့် အရင်းအမြစ်များကိုလည်း ဝေစုရနိုင်ခြေ ရှိပေသည်။
အကယ်၍ ကျန်းရီသာ အမှန်တကယ် အလံထူလိုလျှင် အရင်ဆုံး လက်အောက်ခံမည့် အဖွဲ့မှာ ယန်ကိုးပါးစစ်တပ် ဖြစ်ပေလိမ့်မည်။ အတိတ်တွင် ယန်ကိုးပါးစစ်တပ်က ကောင်းကင်ဧကရာဇ်၏ ကိုယ်ပိုင်စစ်တပ် ဖြစ်ခဲ့သည်။ ယခု ကောင်းကင်ဧကရာဇ်၏ ဝိညာဉ်အပိုင်းအစက ရှိနေသေးရာ ယန်ကိုးပါးစစ်တပ်က မည်သို့ သူ့လက်အောက်သို့ မဝင်ဘဲ ရှိမည်နည်း။
ဆိုရလျှင်...
ကောင်းကင်ဘုရင်ဝေ၊ ကောင်းကင်ဘုရင်ယွင်နှင့် ဟယ်နုန်ယင်းတို့က ကမ္ဘာဦးကောင်းကင်ဘုံ အပြင်ဘက်သို့ ရောက်နေကြပြီဖြစ်သည်။ သူတို့သည် ကျန်းရီ ရောက်လာမည်ကို စောင့်နေကြခြင်း ဖြစ်ပေသည်။
ယန်ကိုးပါးစစ်တပ်မှာ အမြဲ ကျန်းရီ၏ဘက်က ဖြစ်ခဲ့သည်။ ယခင်တွင် ကျန်းရီ၏ တိုက်ခိုက်စွမ်းအားက မကြီးခဲ့ပေ။ ထို့ပြင် ကောင်းကင်ဧကရာဇ်၏ ဝိညာဉ်အပိုင်းအစ ရှိနေသေးသည့် သတင်းမှာလည်း ပျံ့နှံ့မသွားသေးပေ။ ထို့ကြောင့် ကောင်းကင်ဘုရင်ဝေတို့သည် သူတို့၏ ရပ်တည်ချက်ကို ပေါ်ပေါ်ထင်ထင် ထုတ်မပြခဲ့ခြင်း ဖြစ်သည်။
ယခုတွင် ကျန်းရီက မိုးပြာမဟာဧကရာဇ်နှင့်ပင် သဘောတူညီချက်တစ်ခု ယူနိုင်လိုက်ပြီဖြစ်၏။ ကောင်းကင်ဧကရာဇ်၏ ဝိညာဉ်အပိုင်းအစကလည်း ရှိနေသေးသည်။ သို့ဖြစ်ရာ ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ဝေတို့ မည်သို့ ထွက်မကြိုဘဲ နေနိုင်မည်နည်း။
“တင်ပြပါတယ်...”
ဆန်းကြယ်နယ်မြေတစ်ခုထဲရှိ နန်းတော်တစ်ခုထဲတွင် သတင်းပို့သမားတစ်ယောက်က လျင်မြန်စွာ တင်ပြလိုက်၏။
“ကောင်းကင်ဘုံခုံရုံးက ဒီဆန်းကြယ်နယ်မြေနဲ့ သိပ်မကွာတော့ပါဘူး။ သူတို့ တစ်နာရီအတွင်း ရောက်လာပါတော့မယ်”
“သွားကြစို့”
ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့ အဓိပ္ပာယ်ပါပါ အကြည့်ချင်းဖလှယ်လိုက်ကြပြီး ထရပ်ကာ အပြင်သို့ လျှောက်ထွက်သွားလိုက်ကြသည်။ ဟယ်နုန်ယင်း၏ မျက်ဝန်းများလည်း အတန်ငယ် လင်းလက်လာသည်။ သူမတို့ နောက်ဆုံးခွဲခွာခဲ့ချိန်က ကျန်းရီသည် မကြာခင်တွင် ပြန်ဆုံမည်ဟု ပြောခဲ့သည်။ သို့သော် ဤမျှမြန်မြန် ပြန်ဆုံရလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ။
ကောင်းကင်ဘုရင်ဝေ၊ ကောင်းကင်ဘုရင်ယွင်နှင့် ဟယ်နုန်ယင်းတို့ သုံးယောက်သည် တပ်သား ထောင်ဂဏန်း အနည်းငယ်ကို ဦးဆောင်၍ ဆန်းကြယ်နယ်မြေအပြင်သို့ ပျံထွက်လိုက်ကြ၏။ သူတို့သည် အာကာသဟင်းလင်းပြင်ထဲတွင် ရပ်ကာ တိတ်တဆိတ် စောင့်ဆိုင်းနေလိုက်ကြလေသည်။
တစ်နာရီကြာပြီးနောက် အဝေးမှနေ၍ မြို့ကြီးတစ်မြို့ ပျံသန်းလာ၏။ ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့သည် ၎င်းကို ကြည့်၍ အတန်ငယ် စိတ်လှုပ်ရှားသွားကြသည်။ ကောင်းကင်ဘုံခုံရုံးက နီးကပ်လာသောအခါ သူတို့နှစ်ယောက် ဒူးတစ်ဘက်ထောက်လိုက်ကြ၏။ ထို့နောက် ကောင်းကင်ဘုရင်ဝေက အော်ပြောသည်။
“ယန်ကိုးပါးစစ်တပ်ရဲ့ ခေါင်းဆောင် ဝေပင်းပင်း ကောင်းကင်ဧကရာဇ်ကို လာရောက်ကြိုဆိုပါတယ်။ ကောင်းကင်ဧကရာဇ် ကျွန်တော်တို့ကို ဆင့်ခေါ်ပေးဖို့ တောင်းဆိုပါတယ်”
ရွှီး...
ကောင်းကင်ဘုံခုံရုံးက လင်းလက်လာ၏။ ကောင်းကင်ဘုရင်ဝေ၊ ကောင်းကင်ဘုရင်ယွင်နှင့် ဟယ်နုန်ယင်းတို့ နေရာမှ ပျောက်ကွယ်သွားကြပြီး ကောင်းကင်ဘုံခုံရုံးထဲရှိ ခန်းမတစ်ခုထဲတွင် ပြန်ပေါ်လာကြလေသည်။
“ကျန်းရီ...”
ဟယ်နုန်ယင်း လှည့်ပတ်ကြည့်လိုက်ရာ ကျန်းရီက သူမကို ပြုံး၍ကြည့်နေကြောင်း မြင်လိုက်ရ၏။ ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့မှာမူ ကျန်းရီကို မြင်သည်နှင့် ထပ်မံဒူးထောက်၍ ပြောလိုက်ကြသည်။
“နှုတ်ခွန်းဆက်ပါတယ် အရှင်ငယ်”
“ထကြပါ”
ကျန်းရီ အတန်ငယ် ခေါင်းဆတ်လိုက်၏။ ထိုနှစ်ယောက်က သူ့ကို လာကြိုလိမ့်မည်ဖြစ်ကြောင်း သူ မျှော်လင့်ထားပြီးဖြစ်သည်။ သူ အားလုံးကို ထိုင်ရန် လက်ဟန်ပြလိုက်၏။ သို့သော် ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့က ထမလာကြပေ။ ကောင်းကင်ဘုရင်ဝေသည် ကျန်းရီကို အရောင်လက်နေသော မျက်ဝန်းများနှင့် ကြည့်ကာ မေးလိုက်သည်။
“အရှင်ငယ်.. ကောင်းကင်ဧကရာဇ် ဒီမှာ ရှိပါသလား”
ရွှီး...
ကျန်းရီ၏ လက်ထဲတွင် မီးနဂါးဓား ထွက်ပေါ်လာ၏။ ထို့နောက် ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဝိညာဉ်အပိုင်းအစ ထွက်လာသည်။ သူ့ဝိညာဉ်ပုံရိပ်တွင် အားကောင်းသော အရှိန်အဝါ မရှိပါ။ သို့သော် သူက ဤအတိုင်း ရပ်နေရုံနှင့်ပင် ကောင်းကင်ဘုရင်ဝေ၊ ကောင်းကင်ဘုရင်ယွင်နှင့် ဟယ်နုန်ယင်းတို့ ကြီးမားသော ဖိအားတစ်ခုကို ခံစားလိုက်ကြရပေသည်။
ဒုတ်...
ကောင်းကင်ဘုရင်ဝေ၊ ကောင်းကင်ဘုရင်ယွင်နှင့် ဟယ်နုန်ယင်းတို့ ကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ ရိုရိုသေသေ ဦးညွှတ်လိုက်ကြသည်။ ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့ ခံစားချက်အပြည့်နှင့် ပြောလိုက်ကြလေသည်။
“အရှင့်ရဲ့ လက်အောက်ခံတွေ အရှင့်ကို အရိုအသေပေးပါတယ်”
ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဝိညာဉ်အပိုင်းအစသာ ကျန်တော့သော်လည်း ၎င်းမှာ ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဝိညာဉ်အပိုင်းအစ ဖြစ်ကြောင်း ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့ အလွန်သေချာပေသည်။ မည်သူကမှ ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ အရှိန်အဝါကို တုပနိုင်မည် မဟုတ်ပါ။ မည်သူကမှလည်း တုပဝံ့မည် မဟုတ်ပါ။
“ထကြပါ”
ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ခပ်ဖွဖွ ခေါင်းညိတ်၏။ ထို့နောက် သူ ကျန်းရီကို ကြည့်ကာ ပြောလိုက်သည်။
“ငါ့ရဲ့ ဝိညာဉ်အပိုင်းအစမှာ ဝိညာဉ်စွမ်းအား အများကြီးမကျန်တော့ဘူး။ အခုကစပြီး မင်းတို့ ကျန်းရီရဲ့ အမိန့်တွေကို နားထောင်ကြ”
ထို့နောက် ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဝိညာဉ်အပိုင်းအစသည် မီးနဂါးဓားထဲ ပြန်ဝင်ရောက်ပျောက်ကွယ်သွားသည်။ ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့ ထပ်မံ ဦးညွှတ်လိုက်ကြပြန်သည်။ ပြီးမှ သူတို့ စိတ်လှုပ်ရှားစွာ ပြောလိုက်ကြသည်။
“ကျွန်တော်တို့ ကောင်းကင်ဧကရာဇ်ရဲ့ အမိန့်ကို နာခံပါမယ်”
“အားလုံး ထကြပါ”
ကျန်းရီ ထပ်မံ၍ ထခိုင်းရ၏။ ဤတစ်ကြိမ်တွင် ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့ ဆက်၍ ဒူးထောက်မနေဝံ့ကြတော့ပေ။ ကျန်းရီသည် ဟယ်နုန်ယင်းကို ကြည့်လိုက်၏။ ထိုအခါ ဟယ်နုန်ယင်းက သူ့အတွက် လက်ဖက်ရည်ငှဲ့ပေးလိုက်သည်။ ကျန်းရီသည် လက်ဖက်ရည်တစ်ငုံ သောက်လိုက်ပြီးနောက် စကားပြောလိုက်လေသည်။
“ကမ္ဘာဦးကောင်းကင်ဘုံ၊ ကောင်ကင်ကြယ်စုဘုံနဲ့ ကောင်းကင်စကြဝဠာဘုံတွေမှာ အခြေအနေ ဘယ်လိုရှိပါသလဲ။ မိုးပြာမဟာဧကရာဇ်ကရော အခု ဘယ်မှာလဲ”
“အကုန်လုံးက အရင်က အတိုင်းပါပဲ”
ကော်းကင်ဘုရင်ဝေက ပြန်ဖြေသည်။
“မိုးပြမဟာဧကရာဇ်က ပြန်မလာသေးပါဘူး။ သူ လေ့ကျင့်ဖို့ မိုးကြိုးလျှပ်စီးလမ်းကြောင်းနဲ့ မီးမိစ္ဆာပင်လယ်ကို သွားတာထင်တယ်။ တောဆိတ်ရသေ့ကြီးနဲ့ ဧကရာဇ်ရွေတို့ကတော့ ကောင်းကင်ကြယ်စုဘုံကို ပြန်သွားကြပါပြီ။ ရူးသွပ်မဟာဧကရာဇ်၊ ယန်မဟာဧကရာဇ်နဲ့ တခြားသူတွေကတော့ ကောင်းကင်စကြဝဠာဘုံကို ပြန်သွားကြတယ်။ မသေမျိုးတစ်ပိုင်း ရသေ့ကြီးကလည်း ဘာမှ မလုပ်သေးဘူး။ တမလွန်ဘုံမျိုးနွယ်ကလည်း တိတ်ဆိတ်နေပါတယ်”
“အရှင်ငယ်...”
ကောင်းကင်ဘုရင်ယွင်က လက်ဆုပ်၍ ဝင်ပြောသည်။
“ဒီတစ်ခေါက် အရှင်ငယ် ပြန်လာတာ လှုပ်ရှားဖို့ပါလား။ အရှင်ငယ်သာ အရှေ့တိုးချင်တယ်ဆိုရင် ကျုပ်တို့က သေချာပေါက် အရှင်ငယ်ကို ပံ့ပိုးကူညီပေးမှာပါ။ ကမ္ဘာဦးကောင်းကင်ဘုံထဲက မျိုးနွယ်တွေအများကြီးကလည်း အရှင်ငယ့်ဆီမှာ လက်အောက်ခံချင်နေကြတယ်လို့ ကျုပ် ထင်ပါတယ်။ အရှင်ငယ်က ဖြောင့်မတ်မှန်ကန်တယ် မဟုတ်လား”
***
အခန်း(၁၉၈၃) သခင်လေး
“မဟုတ်ဘူး...”
ကျန်းရီက ခေါင်းခါ၍ ပြန်ပြောလိုက်၏။
“အခု အချိန်မကျသေးဘူး။ ကျွန်တော့်ရဲ့ တိုက်ခိုက်စွမ်းအားက ဧကရာဇ်အဆင့်ကို မရောက်သေးဘူး။ အဲ့တော့ တစ်စင်ထောင်လို့ ဘာအကျိုးမှ ရှိမှာ မဟုတ်ဘး။ ဒီတစ်ခေါက် ကျွန်တာ် ပြန်လာခဲ့တာ ကိုယ်ရေးကိုယ်တာကိစ္စလေးတွေ လုပ်စရာရှိလို့ပါ”
ယခုက အချိန်မကျသေးပေ။
ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့၏ မျက်နှာများပေါ်တွင် ခါးသက်သက် အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။ သို့သော် သေချာတွေးတောပြီးနောက် ကျန်းရီက မှန်ကြောင်း သူတို့ နားလည်သွားကြသည်။ ကျန်းရီက ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားများနှင့် ယှဉ်တိုက်နိုင်သော တိုက်ခိုက်စွမ်းအားကို မပိုင်ဆိုင်သေးပေ။ ယခု သူ တစ်စင်ထောင်မည်ဆိုလျှင် ခေါင်းဆောင်က အသုံးမကျပါက စစ်တပ်တစ်တပ်လုံး ပင်ပန်းရပေလိမ့်မည်။
ထို့ပြင် တောထဲရှိ အမြင်ဆုံး သစ်ပင်က လေအတိုက်ခံရဆုံးဖြစ်သည်။
ကျန်းရီက ကောင်းကင်ဧကရာဇ်၏ ဆက်ခံသူပင်။ ထို့ကြောင့် သူက တမလွန်ဘုံဧကရာဇ်၏ နံပါတ်တစ်ရန်သူ ဖြစ်နေသည်။ ယင်းအပြင် ကျန်းရီနှင့် စာရင်းရှင်းလိုသော လူသားများလည်း အများအပြား ရှိနေပေသည်။ ကျန်းရီက ကောင်းကင်ဘုံခုံရုံးရှိနေ၍ မသေလောက်သော်လည်း သူ့ထံ လက်အောက်ခံလိုက်သူအားလုံးမှာတော့ သေရနိုင်သည်။
ဟယ်နုန်ယင်းသည် ကျန်းရီအတွက် လက်ဖက်ရည်တစ်ခွက် ထပ်ငှဲ့ပေးလိုက်ပြီး သူ့ဘေးတွင် ဝင်ထိုင်ကာ မေးလိုက်၏။
“ကျန်းရီ... အခု ရှင် ဒီကို ဘာလာလုပ်တာလဲ”
ကျန်းရီက အလေးအနက် ပြန်ပြော၏။
“ကိုယ် မိုးမြေအရင်းအမြစ်တွေ လာရှာတာ။ သစ်သားအရင်းအမြစ်၊ သတ္တုအရင်းအမြ်စ၊ မြေအရင်းအမြစ်၊ မီးအရင်းအမြစ်တို့လိုပေါ့။ အဲ့ဒါတွေအကြောင်းကို နုန်ယင်း သိထားလား”
“မိုးမြေအရင်းအမြစ်တွေလား”
ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့ အကြည့်ချင်းဖလှယ်လိုက်ကြပြီး ခပ်ဖွဖွ ခေါင်းခါလိုက်ကြ၏။ ဟယ်နုန်ယင်းကလည်း တစ်ခဏမျှ တွေးတောကာ သက်ပြင်းချလိုက်သည်။
“ကျွန်မတို့က အဲ့အရင်းအမြစ်တွေအကြောင်းကို ဒဏ္ဍာရီတွေပဲ ကြားခဲ့ဖူးတာ။ တိကျတဲ့ သတင်းအချက်အလက်တွေ မရှိဘူး”
“စုံစမ်းကြည့်လိုက်ပါ”
ကျန်းရီ အမိန့်ပေးလိုက်သည်။
“ကျွန်တော် ခင်ဗျားတို့ကိုပဲ ဒုက္ခပေးရတော့မှာပဲ။ အန္တရာယ်နေရာတွေ အကြောင်း စုံစမ်းနိုင်ရင် အကောင်းဆုံးပဲ။ အန္တရာယ်ပိုများလေ၊ ပိုကောင်းလေပဲ။ အဲ.... ခွင့်ပြုချက်မရဘဲနဲ့တော့ အဲ့နေရာတွေထဲ လူလွှတ် မစုံစမ်းပါနဲ့။ ကျွန်တော်တို့ ကောလာဟလ အမျိုးမျိုးကိုပဲ စုံစမ်းပြီး တစ်ခုချင်း ကောက်ချက်ဆွဲကြည့်တာပေါ့”
မိစ္ဆာချောက်နက်က အန္တရာယ်များသောနေရာတစ်ခုဖြစ်သည်။ ထို့ပြင် လူများသည် မိုးမြေအရင်းအမြစ်များကို မသိကြ၍ မသေချာနိုင်ခဲ့ပေ။ ထို့ကြောင့် မည်သူကမှ မိစ္ဆာချောက်နက်အောက်တွင် မီးအရင်းအမြစ်ရှိကြောင်းကို မသိခဲ့ကြခြင်းဖြစ်သည်။
ကျန်းရီ၏ စကားက သုံးယောက်စလုံးကို အမှတ်ရသွားစေ၏။ ကောင်းကင်ဘုရင်ဝေက တစ်ခဏမျှ တွေးတောကာ ပြောလိုက်လေသည်။
“အဲ့လိုဆို ရေဘုံမှာ အရမ်းအန္တရာယ်များတဲ့ နေရာတစ်ခုတော့ ရှိပါတယ်။ အဲ့နေရာထဲမှာ ရေနတ်ဘုရားတစ်ပါး ရှိတယ်လို့ ပြောကြတယ်။ အထဲကို ဝင်တဲ့သူတိုင်း ရေနတ်ဘုရား စားတာကို ခံရမယ်တဲ့။ တစ်ခါတုန်းက ကောင်းကင်ဘုံရဲ့ မျိုးနွယ်ကြီးတွေက စုံစမ်းဖို့ အုပ်ချုပ်သူအဆင့် သိုင်းသမားတွေကို စေလွှတ်ခဲ့ကြတယ်။ နောက်ဆုံးတော့ တစ်ယောက်မှ ပြန်မလာနိုင်ခဲ့ကြဘူး။ အဲ့နောက်ပိုင်း ဘယ်သူမှ မစုံစမ်းရဲကြတော့ဘူး”
“ရေဘုံလား။ ရှားယွီက ရေဘုံက မဟုတ်လား”
ကျန်းရီသည် ရှားယွီကို အမှတ်ရသွား၍ မေးလိုက်၏။
“အခု ရှားယွီ ဘယ်မှာ ရှိနေလဲ။ ကမ္ဘာဦးကောင်းကင်ဘုံမှာလား ကောင်းကင်စကြဝဠာဘုံမှာလား”
“ကောင်းကင်စကြဝဠာဘုံမှာ...”
ဟယ်နုန်ယင်းက ရှင်းပြသည်။
“မိုးပြာမဟာဧကရာဇ်က သူ့ကို မိုးပြာမဟာဧကရာဇ်စစ်တပ်ကို ဦးဆောင်ခိုင်းဖို့ ကောင်းကင်စကြဝဠာဘုံဆီ ပြန်ခိုင်းလိုက်တာ။ မိုးပြာမဟာဧကရာဇ်လည်း မသေမျိုးတစ်ပိုင်း ရသေ့ကြီးနဲ့ ပတ်သတ်ပြီး စိုးရိမ်နေပုံပဲ။ အဲ့ဒါကြောင့် သူက စစ်တပ်ကို ရှားယွီကို ဦးဆောင်ခိုင်းတာ”
“အဲ့လိုကိုး...”
ကျန်းရီ လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
“ပြန်သွားပြီး ကိုယ့်ဘာသာပဲ အရင်ဆုံး သတင်းအချက်အလက် စုဆောင်းလိုက်ကြပါ။ အသေးစိတ်ကျလေ၊ ပိုကောင်းလေပဲ။ ကျွန်တော် လောလောဆယ် ကမ္ဘာဦးကောင်းကင်ဘုံထဲ မဝင်သေးဘူး။ မဟုတ်ရင် ကမ္ဘာဦးကောင်းကင်ဘုံက ရုတ်ရုတ်သဲသဲ ဖြစ်သွားလိမ့်မယ်။ ကျွန်တော် ဒီမှာပဲ သတင်းစောင့်နေပါမယ်”
ကျန်းရီအတွက် ကောလာဟလတစ်ခုတည်းနှင့် ကောက်ချက်ချရန် ခက်သည်။ သို့ဖြင့် ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့ ထွက်သွားကြသည်။ ကျန်းရီသည် ဟယ်နုန်ယင်းကိုတော့ ချက်ချင်း ပြန်မသွားစေပါ။ သူတို့နှစ်ယောက် လတစ်ဝက်ကျော် ကွဲကွာနေခဲ့ရသည်။ သူ ဟယ်နုန်ယင်း၏ ကျန်းမာရေးကို စိုးရိမ်ပြီး သူမနှင့်အတူ အချိန်တစ်ခု ကုန်ဆုံးနေလိုပေသည်။
***
ကောင်းကင်ဘုံခုံရုံးသည် ကမ္ဘာဦးကောင်းကင်ဘုံအပြင်ဘက်တွင် ရပ်တန့်နေသော်လည်း မည်သည်ကိုမှ မလုပ်ပေ။ ထို့ကြောင့် ကမ္ဘာဦးကောင်းကင်ဘုံထဲမှ မျိုးနွယ်များ အံ့ဩနေကြသည်။
မျိုးနွယ်များစွာသည် ကျန်းရီက ကိုယ်ပိုင်အလံထူ၍ တစ်စင်ထောင်တော့မည်ဟု တွေးထားခဲ့ကြ၏။ သူတို့သည် မူလတွင် လက်အောက်ခံလိုခဲ့သော်လည်း ယခု ကျန်းရီက မလှုပ်ရှာ မည်သို့လုပ်ရမည်မသိ ဖြစ်ကုန်ကြသည်။ သို့သော် မျိုးနွယ်အချို့မှာမူ ကောင်းကင်ဘုရင်ဝေကို လျှို့ဝှက်ဆက်သွယ်၍ သူတို့၏ သစ္စာစောင့်သိမှုကို ပြထားကြပြီးဖြစ်ပေသည်။
မျိုးနွယ်အများစုက ခြံစည်းရိုးခွထိုင်မည့်သူများ ဖြစ်ကြသည်။ သူတို့သည် မည်သည့်ဘက်တွင်မှ လက်အောက်မခံလိုကြဘဲ နှစ်ဘက်လုံးကို မျက်နှာလုပ်မည်ဖြစ်သည်။ ထိုမှ မိုးပြာမဟာဧကရာဇ် နိုင်သည်ဖြစ်စေ၊ ကျန်းရီ နိုင်သည်ဖြစ်စေ သူတို့ အကျိုးအမြတ်ရမည်ဖြစ်သည်။ အနည်းဆုံးတော့ သူတို့ ဖိနှိပ်ခံရလိမ့်မည် မဟုတ်ချေ။
ကောင်းကင်ဘုရင်ဝေသည် သစ္စာလာခံသူများကို အတည်မှတ်ယူမထားပါ။ သူ့ကို လာဆက်သွယ်သည့် မျိုးနွယ်ရှိလျှင် လက်ခံထားလိုက်သည်သာ။ ထိုမျိုးနွယ်က စိတ်ရင်းအမှန်နှင့်ဖြစ်သည် ဟုတ်စေ၊ မဟုတ်စေ အရင်ဆုံး သူတို့အားလုံးကို လက်ခံထားမည်ဖြစ်သည်။ နောက်ကျမှ သူတို့၏ သစ္စာစောင့်သိမှုကို သူ ဖြည်းဖြည်းချင်း စမ်းသပ်နိုင်ပေသည်။
ကောင်းကင်ဘုရင်ဝေသည် ထိုမျိုးနွယ်များကို အသုံးချကာ မိုးမြေအရင်းအမြစ်များအကြောင်း စုံစမ်းလိုက်သည်။ ဟယ်နုန်ယင်းကလည်း ကောင်းကင်ဘုံခုံရုံးထဲတွင် နေ့တစ်ဝက် နေပြီးနောက် ပြန်လာခဲ့သည်။ သူမသည် ဟယ်မျိုးနွယ်၏ သတင်းကွန်ယက်ကို အသုံးပြု၍ စုံစမ်းပေသည်။
သုံးရက်ကြာပြီးနောက် ကောင်းကင်ဘုရင်ဝေနှင့် ဟယ်နုန်ယင်းတို့ နေရာသုံးနေရာကို ရှာတွေ့သွား၏။ ထိုနေရာသုံးနေရာစလုံးက ကန့်သတ်နေရာများ ဖြစ်သည်။ ထိုနေရာများတွင် မိုးမြေအရင်းအမြစ်များ ရှိနိုင်ကြောင်း ကောလာဟလ အမျိုးမျိုး ရှိနေပေသည်။
ထိုနေရာသုံးခုထဲမှ တစ်ခုမှာ ကမ္ဘာဦးကောင်းကင်ဘုံရှိ လျှိုဒေသဖြစ်သည်။ ထိုဒေသထဲတွင် ဧရာမတွင်းကြီးတစ်တွင်း ရှိသည်။ ထိုတွင်းနှင့် ကီလိုမီတာငါးထောင် ပတ်လည်အတွင်းတွင် မြေဆွဲအားက ကြောက်မက်ဖွယ်ကောင်းသည်။ ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားများပင် ၎င်းအနီးသို့ ပျံမသွားနိုင်ကြပေ။ မိုးပြာမဟာဧကရာဇ်သည် ထိုနေရာသို့ တစ်ကြိမ် သွားစုံစမ်းခဲ့ဖူး၏။ သို့သော် စုံစမ်းပြီးနောက် သူ ထိုအကြောင်းကို များစွာမပြောခဲ့ပေ။ လူတိုင်း ထိုတွင်းထဲ မဆင်းရန်သာ ပြောခဲ့သည်။
မိုးပြာမဟာဧကရာဇ်မှလွဲ၍ ထိုတွင်းထဲသို့ ဆင်းသွားသူများထဲတွင် မည်သူမှ ပြန်တက်မလာနိုင်ခဲ့ပေ။ ထို့ကြောင့် ကမ္ဘာဦးကောင်းကင်ဘုံတွင် ကန့်သတ်နေရာတစ်ခု ဖြစ်လာခဲ့သည်။
‘ကြောက်စရာကောင်းတဲ့ မြေဆွဲအား... မြေအရင်းအမြစ်များ ဖြစ်နေမလား’
ကျန်းရီ အတွေးနက်သွား၏။ မိုးမြေအရင်းအမြစ်အားလုံးက အလွန်စွမ်းအားကြီးကြသည်။ ၎င်းတို့တွင် ကိုယ်ပိုင်စွမ်းရည်များ ရှိကြသည်။ မီးအရင်းအမြစ်က ဤလောကထဲရှိ ကြောက်စရာအကောင်းဆုံး မီးတောက်များဖြစ်သည်။ ရေခဲအရင်းအမြစ်မှာလည်း ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားများကိုပင် အေးခဲပစ်နိုင်သည်။ သစ်သားအရင်းအမြစ်မှာ အသက်စွမ်းအားကို စုပ်ယူနိုင်သည်။ ထို့ကြောင့် မြေအရင်းအမြစ်က ကြောက်မက်ဖွယ် မြေဆွဲအားကို ပိုင်ဆိုင်ထားလောက်သည်ဟု တွေးခြင်းမှာ မလွန်ချေ။ အကျိုးအကြောင်းညီသည်။
‘အရင်ဆုံး အဲ့တွင်းကို တစ်ချက်သွားကြည့်ကြည့်တာပေါ့’
ကျန်းရီ တစ်ခဏမျှ တွေးတောလိုက်၏။ လျှိုဒေသသို့ သွားရန် အလွန်မြန်သည်။ သူတို့ ယန်ကိုးပါးမြို့မှနေ၍ တည်နေရာပြောင်းရွှေ့သွားနိုင်သည်။ လက်ရှိတွင် ကမ္ဘာဦးကောင်းကင်ဘုံထဲ၌ ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားများ ရှိမနေပါ။ ရှိနေလျှင်ပင် ကျန်းရီ မကြောက်ပါ။ ကောင်းကင်ရတနာကို ကိုင်ထားလျှင် ကောင်းကင်ဘုံခုံရုံးထဲ အချိန်မရွေး ပြန်ဝင်နိုင်သည်။ ထိုအခါ မိုးပြာမဟာဧကရာဇ်လည်း မည်သို့မှ လုပ်နိုင်မည် မဟုတ်ပေ။ ထို့ပြင် ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဝိညာဉ်အပိုင်းအစနှင့် ချီဟုန်တို့လည်း ရှိနေသေးသည်။ ထျန်းဖုန့်ဧကရာဇ်လည်း ရှိသည်။ ထို့ကြောင့် မိုးပြာမဟာဧကရာဇ် ရောက်လာလျှင်ပင် သူ ဘာလုပ်နိုင်မည်နည်း။
“သွားကြစို့”
ကျန်းရီသည် ကောင်းကင်ဘုရင်ဝေနှင့် ဟယ်နုန်ယင်းတို့ကို ခေါ်၍ ကောင်းကင်ဘုံခုံရုံး အပြင်သို့ တည်နေရာပြောင်းရွှေ့လိုက်၏။ ထို့နောက် ကောင်းကင်ဘုံခုံရုံးကို ကောင်းကင်ရတနာထဲ ထည့်သိမ်းလိုက်ပြီး ဆန်းကြယ်နယ်မြေသို့သွား၍ ထိုနယ်မြေထဲရှိ တည်နေရာပြောင်းရွှေ့အစီအရင်ကို သုံးကာ ယန်ကိုးပါးမြို့သို့ တည်နေရာပြောင်းရွှေ့သွားလိုက်ကြလေသည်။
ရွှီး...
ကျန်းရီ ယန်ကိုးပါးမြို့ထဲတွင် ထွက်ပေါ်လာသောအခါ ယန်ကိုးပါးစစ်တပ်နှင့် မြို့ကို စောင့်ကြပ်နေကြသော ကောင်းကင်ဘုရင်ခုနစ်ပါးစလုံး ဒူးတစ်ဘက်ထောက်ကာ အော်ပြောလိုက်ကြသည်။
“အရှင်ငယ်ကို နှုတ်ခွန်းဆက်ပါတယ်”
ကျန်းရီသည် ရင်းနှီးသော ယန်ကိုးပါးမြို့နှင့် ဒူးထောက်နေသော ယန်ကိုးပါးစစ်တပ်ကို ကြည့်ရင်း သူ ယန်ကိုးပါးမြို့သို့ ပထမဆုံး လာခဲ့ချိန်ကို ရုတ်တရက် ပြန်အမှတ်ရသွား၏။ ထိုစဉ်က သူ တောက်နူ၏ သတ်ဖြတ်မှုကို ခံရမလိုပင် ဖြစ်ခဲ့သည်။ အန္တရာယ်များကလည်း ပတ်လည်ဝိုင်းနေခဲ့သည်။ သူ အချိန်မရွေး အသတ်ခံရမလို ဖြစ်ခဲ့ပေသည်။ ယခုတွင်မူ သူက ယန်ကိုးပါးစစ်တပ်၏ ခေါင်းဆောင် ဖြစ်နေပေပြီ။ ထိုအကြောင်းကို တွေးမိသောအခါ သူ သက်ပြင်းချမိလေသည်။
“အားလုံးပဲ ထကြပါ”
ယန်ကိုးပါးစစ်တပ် တစ်တပ်လုံးက ဒူးထောက်နေခြင်းကို ကြည့်လျှင် ကောင်းကင်ဘုရင်ဝေတို့က ကျန်းရီထံတွင် လက်အောက်ခံရန် ဆုံးဖြတ်လိုက်ပြီးဖြစ်ကြောင်း ထင်ရှားသည်။ ယန်ကိုးပါးမြို့ထဲ၌ မျိုးနွယ်အသီးသီးမှ သူလျှိုများ ရှိနေကြသည်။ ထို့ကြောင့် ယန်ကိုးပါးစစ်တပ်က ဤသို့လုပ်ခြင်းမှာ မိုးပြာမဟာဧကရာဇ်၏ မျက်နှာကို ဖြတ်ရိုက်လိုက်သလိုပင် ဖြစ်သည်။ သူတို့သည် ကျန်းရီနောက်သို့လိုက်ရန် ဆုံဖြတ်ပြီးသွားပေပြီ။
သို့သော် ကျန်းရီ ဟိတ်ဟန်မထုတ်နိုင်ဘဲ သူ့ပခုံးထက်မှ ဝန်ထုပ်ဝန်ပိုးက ပိုလေးလာသည်ဟုသာ ခံစားလိုက်ရသည်။ သူ့အသက်က သူ့လက်ထဲတွင် မရှိတော့ပေ။ သူသေသွားသည်နှင့် လူများစွာ ဒုက္ခတွေ့ရပေလိမ့်မည်။
“ကောင်းကင်ဘုရင်တို့ကို နှုတ်ဆက်ပါတယ်”
ကျန်းရီသည် ယန်ကိုးပါးမြို့ကို စောင့်ကြပ်နေသော ကောင်းကင်ဘုရင်အချို့ကို နှုတ်ဆက်လိုက်၏။ ကောင်းကင်ဘုရင်မူကို တွေ့သောအခါတွင်မူ သူ့မျက်ဝန်းများ အတန်ငယ် ကျဉ်းသွားသည်။ ကောင်းကင်ဘုရင်မူက တောက်မျိုးနွယ်၏ လက်ပါးစေပင်။ ကြည့်ရသည်မှာ ကျန်းရီ အခွင့်အရေးရှာ၍ ကောင်းကင်ဘုရင်ဝေအား ကောင်းကင်ဘုရင်မူကို ကိုင်တွယ်လိုက်ဖို့ ခိုင်းရမည်ပုံပင်။ အနည်းဆုံးတော့ ကောင်းကင်ဘုရင်မူကို ယန်ကိုးပါးစစ်တပ်ထဲမှ မောင်းထုတ်ရပေမည်။
ကောင်းကင်ဘုရင်မူသည် ကျန်းရီ၏ အကြည့်ကို တွေ့သောအခါ မျက်နှာဖြူဖျော့သွား၏။ ကျန်းရီ၏ အကြည့်မှနေ၍ သူ့အနာဂတ်ကို သိလိုက်ရပြီဖြစ်သည်။ ယခင်တွင် ကျန်းရီ တောက်နူတို့၏ သတ်ဖြတ်မှုကို ခံရမလို ဖြစ်ခဲ့ရခြင်းမှာ မူမျိုးနွယ်က ကူညီပေးခဲ့၍ဖြစ်သည်။
“သွားကြစို့”
ကျန်းရီသည် ယန်ကိုးပါးမြို့ထဲတွင် ကြာရှည်မနေလိုပေ။ လတ်တလောတွင် သူ မြောက်ကြွမြောက်ကြွ ဖြစ်နေ၍ မဖြစ်ပါ။ သိုသိုသိပ်သိပ်နေနိုင်လျှင် အကောင်းဆုံးဖြစ်သည်။ သူ ကောင်းကင်ဘုရင်ဝေ၊ ကောင်းကင်ဘုရင်ယွင်နှင့် ဟယ်နုန်ယင်းတို့ကို ခေါ်၍ တည်နေရာပြောင်းရွှေ့အစီအရင်ထဲ ဝင်ကာ လျှိုဒေသဆီ တည်နေရာပြောင်းရွှေ့သွားလိုက်လေသည်။
“ဂရုစိုက်သွားပါ အရှင်ငယ်”
တည်နေရာပြောင်းရွှေ့အစီအရင် လင်းလက်လာ၏။ ကောင်းကင်ဘုရင်များသည် မြို့ထဲရှိ ယန်ကိုးပါးစစ်တပ်ကို ဦးဆောင်၍ ထပ်မံဒူးထောက်လိုက်ကြသည်။ သူတို့၏ အသံများကလည်း မြို့ထဲတွင် အချိန်အတော်ကြာအောင် ပဲ့တင်ထပ်သွားလေသည်။
***
အခန်း(၁၉၈၄) တွင်းကြီး
လျှိုဒေသက ကမ္ဘာဦးကောင်းကင်ဘုံ၏ အလယ်ပိုင်းတွင် တည်ရှိသည်။ ထိုနေရာသည် ကမ္ဘာဦးကောင်းကင်ဘုံထဲတွင် ကစဉ့်ကလျားအရှိဆုံး နေရာဖြစ်သည်။ မျိုးနွယ်ကြီးများ မကြာခဏ ရှင်းပစ်ခံရသည်။ တစ်ညအတွင်း မျိုးနွယ်များ၏ ခေါင်းဆောင်များ ပြောင်းသွားခြင်းမှာ ပုံမှန်သာ ဖြစ်ပေသည်။
သို့သော် လျှိုဒေသသည် သခင်က မပြောင်းခဲ့သည်မှာ နှစ်ရာဂဏန်း အနည်းငယ် ရှိခဲ့ပေပြီ။ အဘယ်ကြောင့်ဆိုသော် လျှိုမျိုးနွယ်မှာ အခြေခိုင်သည့် မျိုးနွယ်ကြီးတစ်ခု ဖြစ်နေ၍ပင်။ သူတို့မျိုးနွယ်ကို ယန်မဟာဧကရာဇ်က ကျောထောက်နောက်ခံ ပေးထားသည်။ သို့ဖြစ်ရာ မည်သည့်မျိုးနွယ်ကမှ လျှိုမျိုးနွယ်ကို မထိဝံ့ကြပေ။
လျှိုမျိုးနွယ်တွင် ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက် ရှိခဲ့သည်။ ထို့ကြောင့် လျှိုဒေသ၏ မြို့တော်ကို လျှိုဧကရာဇ်မြို့ဟု ခေါ်သည်။ ဤအခိုက်တွင် လျှိုဧကရာဇ်မြို့၏ မြို့ရင်ပြင်ထဲတွင် လျှိုမျိုးနွယ်၏ ခေါင်းဆောင်ဖြစ်သော လျှိုရူဖုန်းက မြို့ထဲရှိ အရေးကြီးပုဂ္ဂိုလ်တစ်စုကို ဦးဆောင်ကာ တည်နေရာပြောင်းရွှေ့အစီအရင်တစ်ခုကို စောင့်ကြပ်နေကြသည်။ သူတို့၏ မျက်နှာများပေါ်တွင် လေးစားမှုများ ပြည့်နှက်နေကြပေသည်။
ယန်ကိုးပါးမြို့ထဲတွင် လျှိုမျိုးနွယ်မှ သူလျှိုများရှိကြသည်။ သူတို့က သတင်းလှမ်းပို့ထားပြီဖြစ်သည်။ လျှိုရူဖုန်းက ယန်မဟာဧကရာဇ်၏ လက်အောက်ခံတစ်ယောက် ဖြစ်သော်လည်း ယခုတွင် ကျန်းရီ၏ အဆင့်အတန်းမှာ အဘယ်နည်း။ သူ ကျန်းရီကို မည်သို့ အပြစ်ပြုဝံ့မည်နည်း။
ရွှီး...
နောက်ဆုံးတွင် တည်နေရာပြောင်းရွှေ့အစီအရင် လင်းလက်လာပြီး လူလေးယောက် ထွက်ပေါ်လာသည်။ ခံ့ညားသော အသက်လတ်ပိုင်း အမျိုးသားတစ်ယောက်ဖြစ်သည့် လျှိုရူဖုန်းသည် လူလေးယောက်ထဲတွင် အလယ်၌ ရပ်နေသည့် ကျန်းရီကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။
ကျန်းရီက အုပ်ချုပ်သူအဆင့် သိုင်းသမားတစ်ယောက်ကဲ့သို့သာ ထင်ရသော်လည်း ကျန်းရီ၏ အရှိန်အဝါမှာ ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်၏ အရှိန်အဝါထက် မနိမ့်ပေ။ တစ်ချက်ကြည့်လိုက်ရုံနှင့် သူက ထူးကဲကြောင်း သိနိုင်ပေသည်။
“လျှိုရူဖုန်း သခင်လေးကျန်း၊ ကောင်းကင်ဘုရင်နှစ်ပါးနဲ့ သခင်မလေးနုန်ယင်းတို့ကို ကြိုဆိုပါတယ်”
လျှိုရူဖုန်းသည် လူတစ်စုကို ဦးဆောင်ကာ ကျန်းရီကို ကြိုဆိုလိုက်၏။ သူ ကျန်းရီကို ‘သခင်လေး’ဟု ခေါ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူက ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက် ဖြစ်နေ၍ပင်။ ကျန်းရီက အပေါ်ယံတွင်သာ ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်နှင့် တူသည်။ ထို့ပြင် လျှိုရူဖုန်းက ယန်မဟာဧကရာဇ်၏ လက်အောက်ခံဖြစ်၏။ ထို့ကြောင့် သူ များစွာ မျက်နှာလိုမျက်နှာရ မပြောလိုက်ခြင်းပင်။ သို့သော် ‘ကြိုဆိုပါတယ်’ဟူသော စကားကပင် ကျန်းရီအား လေးစားမှု ပြသခြင်း ဖြစ်နေပေပြီ။
“နှုတ်ခွန်းဆက်ပါတယ် အရှင်လျှို”
ကျန်းရီသည်လည်း မယဉ်မကျေး၊ မရိုင်းမပြ ပုံမှန်သာ ပြန်ပြောလိုက်သည်။ သူ ခေါင်းဆတ်ကာ ဆက်ပြောသည်။
“ဒီတစ်ခေါက် ကျွန်တော် လျှိုဒေသထဲမှာ ဘာမှလုပ်မှာ မဟုတ်ပါဘူး။ အရှင်လျှို ကျွန်တော့်ကြောင့် မစိုးရိမ်ပါနဲ့။ ကျွန်တော်တို့က တွင်းကြီးဆီ သွားမလို့ပါ”
“တွင်းကြီးလား”
လျှိုရူဖုန်းနှင့် လျှိုဒေသမှ အရေးကြီးပုဂ္ဂိုလ်တစ်စု အတန်ငယ် အံ့အားသင့်သွားကြ၏။ ကျန်းရီထံတွင် ပိုကောင်းသည့်လုပ်စရာများ မရှိတော့သည်လော။ တွင်းကြီးမှာ မိုးပြာမဟာဧကရာဇ်ပင် မဝင်ဝံ့သောနေရာဖြစ်သည်။ ကျန်းရီက သူ ပြန်မလာနိုင်တော့မည်ကို မကြောက်သည်လော။
လျှိုရူဖုန်းသည် တစ်ခဏမျှ တွေးတော၍ ကျန်းရီကို သတိပေးလိုက်၏။
“သခင်လေးကျန်း... အဲ့တွင်းက အရမ်းအန္တရာယ်များပါတယ်။ ကျုပ်တို့ လျှိုမျိုးနွယ်က ဧကရာဇ်တစ်ပိုင်းအဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်လည်း အဲ့တွင်းထဲကို ဆင်းခဲ့ဖူးတယ်။ ဒါပေမဲ့ သူ ပြန်မလာနိုင်ခဲ့ဘူး။ မိုးပြာမဟာဧကရာဇ် ဆင်းခဲ့တုန်းကလည်း သူ သိပ်အနက်ကြီး မဆင်းနိုင်ဘူးလို့ ပြောခဲ့တယ်။ သခင်လေးကျန်း... ကျေးဇူးပြုပြီး ပြန်စဉ်းစားပါဦး”
“အင်းပါ.. ကျွန်တော် နားလည်ပါတယ်။ တည်နေရာပြောင်းရွှေ့အစီအရင်ကိုသာ နှိုးလိုက်ပါ။ အရမ်းအန္တရာယ်များနေရင် ကျွန်တော် အနက်ကြီးဆင်းမှာ မဟုတ်ပါဘူး”
ကျန်းရီ လေဖြုန်းမနေလိုပေ။ ထို့ကြောင့် လျှိုရူဖုန်းသည် ကျန်းရီကို ဖျောင်းဖျရန် ဆက်ကြိုးစားမနေတော့ဘဲ တည်နေရာပြောင်းရွှေ့အစီအရင်တစ်ခုဆီသို့သာ ခေါ်သွားလိုက်သည်။ လျှိုရူဖုန်းကိုယ်တိုင် ဦးဆောင်လျက် ကျန်းရီ၊ ကောင်းကင်ဘုရင်ဝေနှင့် အခြားသူများ တည်နေရာပြောင်းရွှေ့သွားကြလေသည်။
“အဲ့ကျန်းရီက ရူးနေတာလား။ ဒါမှမဟုတ် အသက်ရှင်ရတာ ပင်ပန်းလာတာလား”
“ဟုတ်တယ်.. ဒါပေမဲ့ သူ တွင်းထဲဆင်းသွားပြီး ပြန်ထွက်မလာတော့လည်း ကောင်းတာပဲ”
“ပေါက်ကရတွေ ပြောမနေကြနဲ့။ သူက ကောင်းကင်ဧကရာဇ်ရဲ့ ဆက်ခံသူပဲ။ သူ့အဆင့်အတန်းက ဘာဖြစ်ဖြစ် အနည်းဆုံးတော့ ကျုပ်တို့က တမလွန်ဘုံကို ဆန့်ကျင်တဲ့နေရာမှာ တစ်ဘက်တည်းပဲ”
“တကယ်လို့ လူတစ်ယောက်က အရမ်းစိတ်လိုက်မာန်ပါ လုပ်တတ်ရင် ငယ်ငယ်ရွယ်ရွယ်နဲ့ သေဖို့များတယ်...”
ကျန်းရီ၊ လျှိုရူဖုန်းနှင့် အခြားသူများ ထွက်သွားသည်နှင့် လျှိုဧကရာဇ်မြို့ထဲတွင် အုတ်အော်သောင်းနင်းဖြစ်သွားသည်။ လူများစွာသည် ကျန်းရီအကြောင်းကို ပြောလာကြသည်။ အချို့သည် ကျန်းရီတစ်ယောက် တွင်းကြီးထဲမှ ပြန်ထွက်မလာနိုင်ပါစေနှင့်ဟု မျှော်လင့်ကြပြီး အချို့မှာ ကျန်းရီ သေသွားမည်ကို စိုးရိမ်နေကြသည်။ ထိုတွင်းကြီးက လူများစွာကို သတ်ခဲ့ပြီးပြီ မဟုတ်ပါလား။
လျှိုရူဖုန်းသည် ကျန်းရီတို့ကို လျှိုဒေသထဲရှိ မြို့ငယ်တစ်မြို့သို့ ခေါ်သွား၏။ ထို့နောက် သူတို့ မြို့ထဲမှ ထွက်ကာ တောင်ဘက်သို့ ဦးတည်ပျံသန်းသွားကြသည်။ ခြောက်နာရီကြာ ပျံသန်းပြီးနောက် သူတို့ လွင်ပြင်လွတ်တစ်ခုဆီသို့ ရောက်သွားကြ၏။ လျှိုရူဖုန်းက ရပ်လိုက်ပြီး အရှေ့ကို ညွှန်ပြ၍ ပြောလိုက်၏။
“သခင်လေးကျန်း၊ ကောင်းကင်ဘုရင်နှစ်ပါးနဲ့ သခင်မလေးနုန်ယင်းတို့.. အရှေ့က တွင်းကြီးပါပဲ။ သခင်လေးတို့ ဂရုစိုက်ကြပါ”
“ကျေးဇူးအများကြီးတင်ပါတယ် အရှင်လျှို။ ကျွန်တော်တို့က တစ်ချက်သွားကြည့်ရုံပါ။ အရှင်လျှို ပြန်သွားလိုက်ပါတော့”
ကျန်းရီက ခေါင်းဆတ်၍ ကောင်းကင်ဘုရင်ဝေတို့နှင့် အကြည့်ချင်းဖလှယ်လိုက်၏။ ထို့နောက် သူတို့လေးယောက် အရှေ့သို့ ပျံသန်းသွားပြီး လျှိုရူဖုန်း၏ မြင်ကွင်းထဲမှနေ၍ လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။
“တစ်ယောက်ယောက် လာစမ်း”
ကျန်းရီတို့ ထွက်သွားပြီးနောက် လျှိုရူဖုန်းက ရုတ်တရက် အော်ပြောလိုက်၏။ အဝေးမှနေ၍ လူတစ်ယောက်သည် တစ္ဆေတစ်ကောင်အလား ပျံသန်းလာ၏။ ထိုသူသည် လက်ဆုပ်ကာ ပြောလိုက်သည်။
“မျိုးနွယ်ခေါင်းဆောင်”
“ကျန်းရီ၊ ကောင်းကင်ဘုရင်ဝေ၊ ကောင်းကင်ဘုရင်ယွင်နဲ့ ဟယ်နုန်ယင်းတို့က တွင်းကြီးထဲ ဆင်းကြတော့မယ်။ အဲ့သတင်းကို ယန်မဟာဧကရာဇ်ဆီ ချက်ချင်းပို့လိုက်”
ထိုလူက လျှိုမျိုးနွယ်မှ ထောက်လှမ်းရေးတပ်မှူးတစ်ယောက် ဖြစ်လောက်သည်။ သူသည် အုပ်ချုပ်သူအဆင့်ဖြစ်သည်။ လျှိုရူဖုန်း၏ အမိန့်ကို ကြားသောအခါ သူ တုံ့ဆိုင်းစွာ ပြန်မေးလိုက်သည်။
“ကျွန်တော်တို့က ကျန်းရီကို သတ်ဖို့ ထောင်ချောက်ဆင်တော့မှာလား”
“ထောင်ချောက်လား၊ ဘာထောင်ချောက်လဲ။ လျှိုမျိုးနွယ်က ကျန်းရီကို ထောင်ချောက်ဆင်နိုင်လိမ့်မယ်လို့ မင်းထင်လား”
လျှိုရူဖုန်းသည် မျက်လုံးပြူးကာ ပြောလိုက်၏။
“ငါတို့က သတင်းပို့ဖို့ပဲ တာဝန်ရှိတယ်။ အထက်ကလူတွေက သူတို့ကိစ္စ သူတို့လုပ်ကြလိမ့်မယ်။ အမိန့်မရဘဲ မျိုးနွယ်ထဲက ဘယ်သူမှ မလှုပ်ရှားရဘူး”
“ဟုတ်ကဲ့ပါ”
ထောက်လှမ်းရေးတပ်မှူး ခပ်သွက်သွက် ပြန်ထွက်သွား၏။ သို့သော် လျှိုရူဖုန်းက မပြန်သေးပေ။ သူ အနီးရှိ တောင်ထိပ်တစ်ခုပေါ်တွင် တင်ပျဉ်ခွေထိုင်နေလိုက်သည်။ ပထမဆုံး သူ ကျန်းရီတို့ ပြန်ထွက်လာမည်ကို စောင့်လိုသည်။ ဒုတိယအနေနှင့် သူ ကျန်းရီတို့ကို စောင့်ကြည့်ထားလိုသည်။ အကယ်၍ ယန်မဟာဧကရာဇ်နှင့် အခြားသူများက လှုပ်ရှားမည်ဆိုလျှင် သူ သူတို့နှင့် ပူးပေါင်းမည်ဖြစ်သည်။
***
“ဒီက မြေဆွဲအားက တကယ်ကို အရမ်းအားကောင်းတာပဲ”
ကျန်းရီတို့သည် ကီလိုမီတာငါးရာကျော် ပျံသန်းပြီးနောက် မြေဆွဲအားက အဆတစ်သောင်း ပိုအားကောင်းလာသည်ကို ခံစားလိုက်ရ၏။ အရှေ့သို့ ရောက်လာလေ၊ မြေဆွဲအားက ပိုအားကောင်းလာပင်။ နောက်ထပ် ကီလိုမီတာငါးရာ ပျံသန်းပြီးနောက်တွင် သူတို့လေးယောက် ဆက်မပျံသန်းနိုင်တော့ဘဲ ပြေး၍သာ သွားကြရတော့သည်။
မြေမျက်နှာသွင်ပြင်လည်း စတင်ပြောင်းလဲလာသည်။ ချိုင့်ဝှမ်းတစ်ခုလို ဖြစ်လာသည်။ သူတို့ အရှေ့သို့ ဆက်ပြေးလေ၊ မြေမျက်နှာက ပိုနိမ့်လာလေပင်။ မြေမျက်နှာသွင်ပြင်မှာ ဧရာမ သတ္တုဒယ်ကြီးတစ်ခုနှင့် တူပေသည်။
“တွင်းကြီး...”
ကီလိုမီတာထောင်ကျော် ပြေးပြီးနောက် ကျန်းရီတို့လေးယောက်သည် သူတို့အရှေ့မှ ဧရာမတွင်းနက်ကြီးတစ်တွင်းကို တွေ့လိုက်ရ၏။ တွင်းကြီးက ကီလိုမီတာငါးရာ ကျယ်သည်။ အဝေးမှကြည့်လျှင် ၎င်းသည် မိစ္ဆာကြီးတစ်ကောင်၏ ပါးစပ်နှင့်တူသည်။ ကြောက်မက်ဖွယ်ပင်။
“ဟုတ်ပြီ... အနားကို ကပ်မသွားကြနဲ့။ ဒီမှာပဲ နေခဲ့ကြပါ”
ကျန်းရီသည် တစ်ခဏမျှ တွေးတော၍ ပြောလိုက်၏။ ဤနေရာမှ မြေဆွဲအားက အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ သူတို့ ပြေးသွားလျှင်ပင် သူတို့၏အမြန်နှုန်းကို မြှင့်တင်နိုင်မည် မဟုတ်ပါ။ ဆက်လျှောက်သွားလျှင်လည်း တွင်းထဲ လျှောကျသွားမည့် အန္တရာယ်ရှိပေသည်။
“အရှင်ငယ်...”
ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့ စိုးရိမ်သွားကြ၏။ ဟယ်နုန်ယင်းကလည်း စိတ်လှုပ်ရှားစွာ ကျန်းရီ၏လက်ကို ဆုပ်ကိုင်လိုက်သည်။ ကျန်းရီက သူတို့ကို ကြည့်၍ ပြောလေသည်။
“ဘာလို့လဲ။ ခင်ဗျားတို့က ကျွန်တော်နဲ့အတူ လိုက်ဆင်းချင်လို့လား။ ကျွန်တော့်မှာက ကောင်းကင်ဘုံခုံရုံးရှိတယ်။ ဘယ်နေရာကိုမဆို သွားနိုင်တယ်။ ခင်ဗျားတို့ ကျွန်တော့်နောက်က လိုက်လာရင် ပိုအန္တရာယ်များတာပဲ ရှိလိမ့်မယ်”
ဟယ်နုန်ယင်းသည် တစ်ခဏမျှ တွေးတော၍ ပြန်ပြော၏။
“ကျန်းရီ... ကျွန်မ ရှင်နဲ့အတူ လိုက်ခဲ့မယ်။ အခြေအနေမဟန်ရင် ရှင် ကျွန်မကို ကောင်းကင်ဘုံခုံရုံးထဲ ထည့်လိုက်ပေါ့။ ကျွန်မ ကောင်းကင်ဘုံခုံရုံးထဲ ဝင်နေရင် အန္တရာယ်ကြုံရမှာတဲ့လား”
ကျန်းရီ မျက်လုံးပင့်လိုက်၏။ သူ ဟယ်နုန်ယင်းနှင့် ပြိုင်မငြင်းနို်ငပေ။ ထို့ပြင် အမှန်လည်း အခြေအနေမဟန်တော့လျှင် သူမကို ကောင်းကင်ဘုံခုံရုံးထဲ ထည့်ထားနိုင်သည်။ သူ ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့ကို ကြည့်ကာ ပြောလိုက်သည်။
“ဒီမှာစောင့်နေကြပါ။ တကယ်လို့ ကျွန်တော် ဆယ်ရက်အတွင်း ပြန်ထွက်မလာရင် ခင်ဗျားတို့ ယန်ကိုးပါးမြို့ကို ပြန်ပြီး ကိုယ့်ကိစ္စတွေကိုယ် လုပ်ကြပါ။ ကျွန်တော် သေမှာ မဟုတ်ပါဘူး”
“ကောင်းပါပြီ...”
ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့ ကူကယ်ရာမဲ့စွာ ခေါင်းညိတ်လိုက်ကြသည်။ ကျန်းရီသည် တွင်းကြီးဆီသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်သည်။ တွင်းဝသို့ ရောက်သောအခါတွင် သူ ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်၍ အောက်ဘက်ကို အာရုံခံကြည့်လိုက်၏။ သို့သော် တွင်းအောက်ခြေအထိ မမြင်နိုင်ပေ။ သူ မည်သည်ကိုမှလည်း ရှာမတွေ့ပေ။
ရွှီး...
ကျန်းရီ မီးနဂါးဓားကို ထုတ်လိုက်၏။ ထိုစဉ် ယန်ကိုးပါးကောင်းကင်ဧကရာဇ်က အသံပို့လွှတ်လာသည်။
“ဟုတ်တယ်... အဲ့တွင်းထဲမှာ မြေအရင်းအမြစ်ရှိလောက်တယ်။ ငါ အောက်ဘက်က အသက်အရှိန်အဝါတချို့ကို အာရုံခံမိနေတယ်။ ကြည့်ရတာ မြေအရင်းအမြစ်က ထူးဆန်းတဲ့သက်ရှိတချို့ကို မွေးထုတ်ထားတဲ့ပုံပဲ။ မင်း အောက်ကို မဆင်းခင် လျှပ်စီးက မြေကို ဖန်တီးနိုင်တဲ့ အကြောင်းကို သိမြင်နားလည်အောင် လုပ်ထားတာ ပိုကောင်းလိမ့်မယ်”
“ဟုတ်ကဲ့ပါ”
ကျန်းရီသည် တစ်ခဏမျှ တွေးတော၍ သတိထားရန် ဆုံးဖြတ်လိုက်သည်။ သူ နောက်ပြန်ဆုတ်လိုက်ပြီး ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့ကိုပင် ကီလိုမီတာထောင်ဂဏန်း အနည်းငယ်အထိ ခေါ်သွားလိုက်၏။ ထို့နောက် သူ ကောင်းကင်ဘုံခုံရုံးကို ထုတ်ကာ ကောင်းကင်ဘုရင်ဝေ၊ ကောင်းကင်ဘုရင်ယွင်နှင့် ဟယ်နုန်ယင်းတို့ကို ကောင်းကင်ဘုံခုံရုံးထဲရှိ ကမ္ဘာဦးဆန်းကြယ်နယ်မြေထဲ ပို့ထားလိုက်၏။ သူလည်း ထိုဆန်းကြယ်နယ်မြေထဲ လိုက်ဝင်လိုက်ပေသည်။
ကျန်းရီသည် တွင်းကြီးထဲ မဆင်းခင် လျှပ်စီးက မြေကို ဖန်တီးနိုင်သည့် အကြောင်းကို ရက်အနည်းငယ် လေ့လာရန် ဆုံးဖြတ်ထားသည်။
“အာ...”
လျှိုရူဖုန်းသည် ကျန်းရီတို့ ပြန်ဆုတ်လာသည်ကို ကြည့်နေ၏။ ထို့နောက် ကျန်းရီက မြို့တစ်မြို့ကို ထုတ်၍ အားလုံးကို မြို့ထဲထည့်လိုက်သည်ကို မြင်သောအခါ သူ နားမလည်နိုင်စွာ မျက်တောင်ပုတ်ခတ်လိုက်သည်။ ကျန်းရီက ဘာလုပ်နေခြင်းနည်း။ သူတို့က တွင်းကြီးဆီလာခဲ့သော်လည်း ဆင်းမသွားသေးသည်လော။ သူက ကြွားဝါရန် ကောင်းကင်ဘုံခုံရုံးကို ထုတ်ပြခြင်းလော။
လျှိုရူဖုန်း အနားသို့ မသွားဝံ့ပေ။ ထွက်လည်း မသွားဝံ့ပါ။ ထို့ကြောင့် တိတ်တဆိတ်သာ စောင့်နေလိုက်ရသည်။
နေ့တစ်ဝက်ကြာပြီးသည်အထိ ကျန်းရီက ဘာမှ မလုပ်သေးပေ။ ထောက်လှမ်းရေးတပ်မှူးသာ ပြန်ရောက်လာသည်။ သူ လက်ဆုပ်ကာ အသံပို့လွှတ်လိုက်လေသည်။
“ယန်မဟာဧကရာဇ်က အကြောင်းပြန်ပါတယ်။ မသေမျိုးတစ်ပိုင်းမျိုးနွယ်နဲ့ တောဆိတ်မျိုးနွယ်က လူတွေ လျှို့ဝှက်ပြီး ထွက်သွားပြီတဲ့။ သူက မျိုးနွယ်ခေါင်းဆောင်ကို ကျန်းရီကို သေချာစောင့်ကြည့်ထားဖို့လည်း မှာလိုက်ပါတယ်။ တကယ်လို့ ကျန်းရီ တွင်းထဲ ဆင်းသွားရင် သူ့ဆီ ချက်ချင်း အကြောင်းကြားပါတဲ့”
***
အခန်း(၁၉၈၅) မရိုးရှင်းနိုင်
ကမ္ဘာဦးဆန်းကြယ်နယ်မြေထဲတွင် ကျန်းရီသည် နတ်ဘုရားသစ်ရွက်ကို လက်တွင်ကိုင်ကာ လေ့လာနေ၏။ ထို့ကြောင့် သူ့ သိမြင်နားလည်နိုင်စွမ်းက ကြောက်မက်ဖွယ် လျင်မြန်နေသည်။
ကောင်းကင်မိစ္ဆာဘုံမှ ကမ္ဘာဦးကောင်းကင်ဘုံသို့ လာရာလမ်းတွင် ကျန်းရီသည် လျှပ်စီးက သတ္တုကို ဖန်တီးနိုင်ခြင်း အကြောင်းကို သိမြင်နားလည်ခဲ့ပြီးဖြစ်သည်။ ဤ ကမ္ဘာဦးဆန်းကြယ်နယ်မြေထဲမှ သိမြင်နားလည်နိုင်စွမ်းမှာ အလွန်လျင်မြန်ပေသည်။ ကျန်းရှောင်နူ၊ သိမ်းငှက်ဘုရင်လေး၊ ကျန်ဝူရွှမ်းနှင့် အခြားသူများသည် ဤနယ်မြေထဲမှ ပြန်မထွက်လိုကြတော့ပေ။
သုံးရက်...
ကျန်းရီသည် ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့ကို အပြင်ပြန်ထုတ်လိုက်၏။ သူတို့က အလွန်အိုနေကြပြီဖြစ်သည်။ သူတို့သည် နောက်ဆုံးအဆင့်ကို မတက်လှမ်းနိုင်ရာ ဤဘဝတွင် ဧကရာဇ်အဆင့်သို့ ရောက်နိုင်တော့မည် မဟုတ်ပေ။ ယန်ကိုးပါးစစ်တပ်ကလည်း ကမ္ဘာဦးဆန်းကြယ်နယ်မြေတစ်ခုကို ပိုင်ဆိုင်ထားပါသည်။ သို့သော် ကောင်းကင်ဘုရင် သုံးဆယ့်ခြောက်ပါးလုံးသည် ဧကရာဇ်အဆင့်သို့ တက်နိုင်မည့် မျှော်လင့်ချက် မရှိချေ။
ကျန်းရီ ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့ကို အပြင်ထုတ်လိုက်ခြင်းမှာ အပြင်မှ အခြေအနေကို စောင့်ကြည့်ခိုင်းထားရန် ဖြစ်သည်။ သူသည် သူတို့နှစ်ယောက်ကို ကျောက်စိမ်းအဆောင်တစ်ခုလည်း ပေးထားသည်။ အကယ်၍ အပြင်တွင် တစ်ခုခု ဖြစ်လာပါက သူတို့ ကျောက်စိမ်းအဆောင်ကို ချိုးလိုက်သည်နှင့် သူက ချက်ချင်း သိရမည်ဖြစ်သည်။
ယခုတွင် ကောင်းကင်ဘုံခုံရုံးထဲ၌ ကျန်းရီ၏ တစ်မိသားစုလုံး ရှိနေ၏။ မည်သူကမှ ကောင်းကင်ဘုံခုံရုံးထဲ ထိုးဖောက်ဝင်ရောက် မလာနိုင်လောက်သော်လည်း သတိထားခြင်းက ပိုကောင်းပေသည်။
ငါးရက်...
ကျန်းရီသည် လျှပ်စီးက မြေကို ဖန်တီးနိုင်သည့် အကြောင်းကို နားလည်သွားပြီဖြစ်သည်။ ထို့ကြောင့် သူ ဆက်တုံ့ဆိုင်းမနေတော့ဘဲ အပြင်ထွက်ကာ ကောင်းကင်ဘုံခုံရုံးကို သိမ်းလိုက်၏။ ထို့နောက် ကောင်းကင်ဘုရင်ဝေနှင့် ကောင်းကင်ဘုရင်ယွင်တို့ကို သူ့အား ဆယ်ရက် စောင့်ခိုင်းလိုက်သည်။ ဆယ်ရက်ပြည့်၍မှ သူ ပြန်မလာလျှင် တွင်းထဲ၌ တစ်စုံတစ်ခုကြောင့် နှောင့်နှေးနေခြင်းဖြစ်မည်။ သို့ဖြစ်လျှင် ကောင်းကင်ဘုရင်ဝေတို့ ယန်ကိုးပါးမြို့သို့ ပြန်ကာ လုပ်စရာရှိသည်များကို လုပ်နိုင်သည်။ သူ့အကြောင်းကို အရေးစိုက်နေရန် မလိုပေ။ အဘယ်ကြောင့်ဆိုသော် သူတို့ အရေးစိုက်လျှင်လည်း တွင်းထဲ ဆင်းလာကူရန် မည်သို့မှ တတ်နိုင်မည် မဟုတ်၍ ဖြစ်သည်။
ကျန်းရီသည် မှာစရာရှိသည်များကို မှာကြားပြီးနောက် မီးနဂါးဓားကို ထုတ်ကာ တွင်းကြီးဆီသို့ ပြေးသွားလိုက်၏။ တွင်းဝသို့ ရောက်သောအခါ သူ ထျန်းဖုန့်ဧကရာဇ်ကို အပြင်ထုတ်လိုက်၏။ ထို့နောက် သူတို့နှစ်ယောက် တွင်းထဲ ခုန်ဆင်းလိုက်ကြလေသည်။
“အာ...”
တွင်းထဲ ခုန်ချလိုက်သည်နှင့် မြေဆွဲအားက ထပ်မံ တိုးလာကြောင်း ကျန်းရီ သိလိုက်ရ၏။ သူနှင့် ထျန်းဖုန့်ဧကရာဇ်တို့သည် အမြောက်စာနှစ်လုံးအလား အောက်ဘက်သို့ ကျဆင်းသွားပေသည်။
ကီလိုမီတာတစ်ထောင်...
ကျန်းရီတို့နှစ်ယောက် ပို၍ လျင်မြန်စွာ ကျဆင်းလာသည်။ ကျန်းရီ ခန္ဓာကိုယ်ထဲတွင် မိုးမြေစွမ်းအား လှည့်ပတ်လိုက်၏။ သူ့ရုပ်ခန္ဓာက ဧကရာဇ်အဆင့်သို့ ရောက်သွားသည်။ ထိုအခိုက်တွင် မြေဆွဲအားက ကြောက်မက်ဖွယ်ကောင်းနေသည်။ သူတို့ အလွန့် အလွန် လျင်မြန်သော နှုန်းနှင့် ကျဆင်းနေကြသည်။ ကျန်းရီ သတိလက်လွတ် မဖြစ်ဝံ့ပေ။ သူ ပြုတ်ကျမှုကြောင့် ကျေမွ သေမသွားလိုချေ။
“ဒီတွင်းကြီးက ဘယ်လောက်နက်တာလဲ”
ကျန်းရီနှင့် ထျန်းဖုန့်ဧကရာဇ်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ သူတို့နှစ်ယောက်စလုံး၏ မျက်နှာထားများ တည်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ယခုတွင် ထျန်းဖုန့်ဧကရာဇ်ပင် မပျံနိုင်တော့၍ပင်။ သူတို့ အောက်ဘက်တွင် မြေအရင်းအမြစ်ကို မစုပ်ယူနိုင်လျှင် သို့မဟုတ် မြေအရင်းအမြစ်ကို စုပ်ယူပြီးသော်လည်း မြေဆွဲအားက ပျောက်မသွားလျှင် သူတို့နှစ်ယောက် အထက်ကို မည်သို့ ပြန်တက်နိုင်ပါမည်နည်း။
‘ကောင်းကင်ဘုံခုံရုံးက ဒီကမြေဆွဲအားကို ခံနိုင်ပါစေလို့ပဲ မျှော်လင့်ရတော့မှာပဲ’
ဤအခြေအနေတွင် ကျန်းရီသည် ရွေးချယ်စရာမရှိတော့ဘဲ ကောင်းကင်ဘုံခုံရုံးကိုသာ မှီခိုရပေတော့မည်။ သူနှင့် ထျန်းဖုန့်ဧကရာဇ်တို့ လျင်မြန်စွာ ဆက်ကျဆင်းနေကြသည်။ ကီလိုမီတာထောင်ကျော် ကျဆင်းပြီးသည်ပင် အောက်ခြေသို့ မရောက်သေးသဖြင့် သူတို့နှစ်ယောက် တုန်လှုပ်နေကြပေသည်။
“သတိထား... ငါတို့ အောက်ခြေကို ရောက်တော့မယ်။ အောက်မှာ ပိုးကောင်တွေ အများကြီးရှိတယ်”
ယန်ကိုးပါးကောင်းကင်ဧကရာဇ်က ရုတ်တရက် သတိပေးလာ၏။ ကျန်းရီနှင့် ထျန်းဖုန့်ဧကရာဇ်တို့ တစ်ယောက်ကိုတစ်ယောက် အသံပို့လွှတ်လိုက်ကြသည်။ သူတို့နှစ်ယောက်စလုံး ကောင်းကင်စွမ်းအား လှည့်ပတ်လိုက်ကြပြီး ကောင်းကင်စိတ်အာရုံ ထုတ်လွှတ်ကာ အောက်ဘက်ကို လျင်မြန်စွာ အာရုံခံလိုက်ကြလေသည်။
မျှော်လင့်ထားသကဲ့သို့ပင်...
ကျန်းရီတို့ အောက်ခြေသို့ ရောက်တော့ပေမည်။ အောက်ခြေက အလွန်ကျယ်ဝန်းသည်။ ကျန်းရီနှင့် ထျန်းဖုန့်ဧကရာဇ်တို့၏ ကောင်းကင်စိတ်အာရုံများက ပတ်ပတ်လည်ကို အာရုံခံလိုက်ကြ၏။ ထို့နောက် သူတို့ မျက်နှာရှုံသွားကြကာ အတန်ငယ် ရွံမိသွားကြသည်။
အောက်ဘက်တွင် မည်းမှောင်နေပြီး မြေပြင်က အပြန့်မဟုတ်ပါ။ ကျန်းရီသည် မြေအရင်းအမြစ်ကို အာရုံမခံမိပေ။ အောက်ဘက်တွင် မြေပြင်၌ တွားသွားနေကြသော မရေမတွက်နိုင်သည့် ပိုးကောင်များမှလွဲ၍ အခြားမည်သည့်အရာမှ မရှိချေ။
ထိုပိုးကောင်များက မကြီးကြပါ။ လက်တစ်ဝါးစာလောက်သာ ရှိသည်။ ၎င်းတို့၏ ဦးခေါင်းက ကိုယ်ထက် အတန်ငယ်ပိုကြီး၏။ ခေါင်းမှာ လက်နှစ်ချောင်းစာ ရှိပြီး ကိုယ်မှာ လက်တစ်ချောင်းစာသာရှည်သည်။
ပိုးကောင်များ၏ တစ်ကိုယ်လုံးက အနက်ရောင်ဖြစ်သည်။ ၎င်းတို့၏ ကျောပေါ်တွင် ဆူးချွန်များ ရှိကြသည်။ ၎င်းတို့၏ ဦးခေါင်းမှာ တြိဂံပုံ ဖြစ်ပြီး ၎င်းတို့၏ သွားများက မည်းနက်နေကြသည်။ သို့သော် အစွယ်လေးချောင်းမှတော့ ရွှေရောင်ဖြစ်ပေသည်။ ၎င်းတို့၏ မျက်ဝန်းများကလည်း ရွှေရောင်တောက်ပနေကြသည်။ ထိုအစွယ်လေးချောင်းသည် ကျန်းရီနှင့် ထျန်းဖုန့်ဧကရာဇ်တို့ကို ကြက်သီးများ ထသွားစေပေသည်။
“အရိုးစုတွေ...”
ကျန်းရီနှင့် ထျန်းဖုန့်ဧကရာဇ်တို့သည် ပိုးကောင်များအောက်တွင် အရိုးစုများစွာ ရှိနေကြောင်းကိုလည်း သိလိုက်ရ၏။ ထိုအရိုးစုများက တွင်းထဲသို့ ဆင်းလာခဲ့သူများ၊ မတော်တဆ ပြုတ်ကျခဲ့သူများ၏ အရိုးစုများ ဖြစ်နိုင်သည်။ ထိုအရိုးစုများထဲတွင် လျှိုရူဖုန်း၏ ဘိုးဘေးပင် ပါနိုင်သည်။
“ကျား...”
အောက်သို့ မရောက်ခင်တွင် ထျန်းဖုန့်ဧကရာဇ်က တိုက်ခိုက်လိုက်သည်။ သူ လက်ဝါးချက်တစ်ချက် ရိုက်ထုတ်ကာ အောက်ဘက်မှ ပိုးကောင်များကို ဖိသတ်ရန် ကြိုးစားလိုက်၏။ တစ်ချိန်တည်းမှာပင် ပြန်ကန်အားကို အသုံးချကာ သူတို့၏ ကျဆင်းနှုန်းကို လျှော့ချလိုက်လေသည်။
ဝုန်း...
မြေပြင်က အတန်ငယ် တုန်ခါသွား၏။ သို့သော် အောက်သို့ နစ်ဝင်မသွားပေ။ ကျန်းရီနှင့် ထျန်းဖုန့်ဧကရာဇ်တို့မှာမူ ပြန်ကန်အားကြောင့် ကျဆင်းနှုန်း နှေးသွားကြသည်။ သို့သော် အောက်မှ ပိုးကောင်များက အနည်းငယ်ပင် ထိခိုက်မသွားကြပါ။ ဆိုရလျှင် ၎င်းတို့၏ အရေပြားပင် ပွန်းပဲ့ မသွားချေ။
‘အဲ့ဒါ ဘယ်လိုပိုးကောင်မျိုးတွေလဲ။ ဘာလို့ အဲ့လောက် ခံနိုင်ရည် ကောင်းကြတာလဲ။ ပြီးတော့ ဒီက မြေပြင်ကလည်း အရမ်းမာတယ်လား’
ကျန်းရီနှင့် ထျန်းဖုန့်ဧကရာဇ်တို့ တုန်လှုပ်သွားကြသည်။ ဧကရာဇ်အဆင့် စွမ်းအားကြီး သိုင်းသမားတစ်ယောက်၏ လက်ဝါးချက်ကပင် ထိုပိုးကောင်များကို ထိခို်ကသွားအောင် မလုပ်နိုင်သည်လော။
“ရေခဲအရင်းအမြစ်”
ကျန်းရီ မစွန့်စားဝံ့ပါ။ ထို့ကြောင့် ရေခဲအရင်းအမြစ်ကို ထုတ်၍ အောက်ဘက်သို့ ပစ်ချလိုက်သည်။
ရေခဲအရင်းအမြစ် ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင်က စတင်အေးခဲလာ၏။ ကျန်းရီနှင့် ထျန်းဖုန့်ဧကရာဇ်တို့ပင် အေးခဲသွားသည်။ သို့သော် သူတို့နှစ်ယောက်၏ ကျဆင်းအားက ကြီးလွန်းသဖြင့် သူတို့ ရေခဲထုကို ဖောက်ဆင်းသွားသည်။ ရေခဲထုကို မီတာအနည်းငယ် ဖောက်ပြီးမှ သူတို့ ရပ်တန့်သွားကြပေသည်။
“ဟုတ်ပြီ...”
အောက်ဘက်မှ ပိုးကောင်အားလုံး အေးခဲသွားသည်။ ကျန်းရီ အတန်ငယ် စိတ်သက်သာရာရသွား၏။ ထို့နောက် သူသည် အအေးဓာတ်ကြောင့် တုန်ယင်နေသော ထျန်းဖုန့်ဧကရာဇ်ကို ကြည့်ကာ အသံပို့လွှတ်လိုက်လေသည်။
“ခင်ဗျား ကောင်းကင်ဘုံခုံရုံးထဲ ဝင်နေလိုက်ပါလား။ ကျွန်တော်က မီးထုတ်ပြီး အဲ့ပိုးကောင်တွေကို မီးရှို့သတ်ပစ်နိုင်တယ်”
“ကောင်းပါပြီ”
ထျန်းဖုန့်ဧကရာဇ်သည် ရေခဲအရင်းအမြစ်ကို တောင့်မခံနိုင်ပေ။ ထို့ပြင် မီးအရင်းအမြစ် ထွက်လာလျှင်လည်း သူ ခံစားရပေလိမ့်မည်။ ကျန်းရီ၏ လက်ထဲတွင် ကောင်းကင်ရတနာ ထွက်ပေါ်လာ၏။ သူ ထျန်းဖုန့်ဧကရာဇ်ကို အထဲထည့်ရန် လုပ်လိုက်သည်။ သို့သော် သူ့ကို တုန်လှုပ်သွားစေသော အရာတစ်ခု ဖြစ်လာပေသည်။ ကောင်းကင်ရတနာက တောက်ပလာသော်လည်း သူ ထျန်းဖုန့်ဧကရာဇ်ကို အထဲမထည့်နိုင်ချေ။
“ဘာဖြစ်နေတာလဲ”
ကျန်းရီ ကောင်းကင်ရတနာထဲ ကောင်းကင်စွမ်းအား ထပ်မံထည့်သွင်းလိုက်၏။ ကောင်းကင်ရတနာကို တောက်ပလာသည်။ သို့သော် သုံးမရပေ။ ထိုစဉ် မီးနဂါးဓားထဲရှိ ယန်ကိုးပါးကောင်းကင်ဧကရာဇ်၏ ဝိညာဉ်အပိုင်းအစက အသံပို့လွှတ်လာ၏။
“မင်း ဆက်ကြိုးစားကြည့်မနေနဲ့တော့။ ဒီနေရာမှာ သဘာဝအစီအရင်တစ်ခု ရှိနေတယ်။ ဒီနေရာက လေထုက အရမ်းခိုင်မာတယ်။ အပြင်ကထက် အဆတစ်သောင်းလောက် ပိုခိုင်မာတယ်။ မင်း လေဟာနယ်နတ်ဘုရားအသုံးအဆောင်တွေကို သုံးနိုင်မှာ မဟုတ်ဘူး။ ကောင်းကင်ဘုံခုံရုံးကလည်း လေဟာနယ်နတ်ဘုရားအသုံးအဆောင် တစ်ခုပဲ မဟုတ်လား။ ကောင်လေး... မင်း သတိထားပါ။ ဒီနေရာက မရိုးရှင်းဘူး”
“ဟုတ်...”
ယန်ကိုးပါးကောင်းကင်ဧကရာဇ်ကပင် မရိုးရှင်းဟု ပြောနေလျှင် အနေရာက သေချာပေါက် ရိုးရှင်းလိမ့်မည် မဟုတ်ချေ။ ထျန်းဖုန့်ဧကရာဇ်က ဤနေရာတွင် ရှိနေရာ ကျန်းရီ မီးအရင်းအမြစ်ကို ထုတ်မသုံးဝံ့ပေ။ ထျန်းဖုန့်ဧကရာဇ်က မီးအရင်းအမြစ်ကို တောင့်ခံနိုင်လိမ့်မည် မဟုတ်ပါ။
ခက်...ခက်...ခက်...
အောက်ဘက်မှနေ၍ အသံလေးများ ထွက်ပေါ်လာ၏။ ကျန်းရီနှင့် ထျန်းဖုန့်ဧကရာဇ်တို့ ကောင်းကင်စိတ်အာရုံနှင့် အာရုံခံကြည့်ပြီးနောက် ထပ်မံ တုန်လှုပ်သွားကြသည်။ ထိုပိုးကောင်များက လှုပ်ရှားနေကပေသည်။ ၎င်းတို့ကို ပါးစပ်တလှုပ်လှုပ်နှင့် ရေခဲထုကို ကိုက်ဝါးကာ အထက်သို့ လျင်မြန်စွာ တက်လာနေကြသည်။
“အသက်နွယ်”
သစ်သားအရင်းအမြစ်ထဲတွင် အသက်နွယ်ရှိသည်။ ထိုအခိုက်တွင် ၎င်းက ကျန်းရီ၏ နဝမမြောက်ကြယ်စက်လုံးထဲတွင် ရှိနေသည်။ ကျန်းရီ လက်ဆန့်တန်းလိုက်ရာ အသက်နွယ် ထွက်ပေါ်လာသည်။ ၎င်းသည် အောက်မှနေ၍ အထက်သို့ တက်လာသော ပိုးကောင်များကို ရစ်ပစ်သွားလိုက်လေသည်။
အသက်နွယ်၏ ထိုးဖောက်နိုင်စွမ်းက ကြောက်မက်ဖွယ်ပင်။ ၎င်းသည် ရေခဲထုကို အလွယ်တကူ ထိုးဖောက်သွား၏။
အသက်နွယ်မှာ အမှန်ပင် အစွမ်းထက်ပေသည်။
အထက်သို့ တက်လာသော ပိုးကောင်များ အသက်နွယ်၏ ရစ်ပတ်မှုကို ခံလိုက်ကြရ၏။ ၎င်းတို့၏ အသက်စွမ်းအားများ လျင်မြန်စွာ စုပ်ယူခံရကာ ၎င်းတို့ သေသွားကြသည်။
ခက်...ခက်...ခက်...
မရေမတွက်နိုင်သော ပိုးကောင်များက အဝေးမှနေ၍ လျင်မြန်စွာ လာနေကြ၏။ ၎င်းတို့သည် ရေခဲထုကို ဖောက်ကာ ကျန်းရီတို့နှစ်ယောက်ဆီ တက်လာနေကြသည်။ ကျန်းရီ မချင့်မရဲ ဖြစ်သွားသည်။ အသက်နွယ်က ပိုးကောင်များကို တစ်ကောင်ချင်းသာ သတ်နိုင်သည်။ ၎င်းတို့အားလုံးကို တစ်ပြိုင်တည်း မသတ်နိုင်ချေ။ ထို့ကြောင့် ပိုးကောင်အားလုံး ရေခဲထုကို ဖောက်လာလျှင် သူ ၎င်းတို့ကို မည်သို့ တားရမည်နည်း။
“ရေခဲအရင်းအမြစ်”
ကျန်းရီသည် သူနှင့် ထျန်းဖုန့်ဧကရာဇ်ကို ရေခဲထုထဲတွင် ချိပ်ပိတ်ရန် ရေခဲအရင်းအမြစ်ကိုသာ ထပ်မံ ထုတ်လိုက်ရသည်။ ထို့နောက် အသက်နွယ်ကို ပိုးကောင်တစ်ကောင်စီ၏ အသက်စွမ်းအားကို စုပ်ယူစေလိုက်လေသည်။
ထျန်းဖုန့်ဧကရာဇ်မှာ အေးခဲသွား၍ မလှုပ်ရှားနိုင်တော့ပေ။ ထို့ကြောင့် သူက မကူညီနိုင်ရုံသာမက ဝန်ထုပ်ဝန်ပိုးပင် ဖြစ်လာသည်။ ကျန်းရီ ကောင်းကင်စိတ်အာရုံထုတ်၍ ထပ်မံ အာရုံခံကြည့်လိုက်သည်။ ဤနေရာတွင် ကောင်းကင်စိတ်အာရုံခံကလည်း ဖိနှိပ်ခံထားရသည်။ သူ ကီလိုမီတာသုံးဆယ်ပတ်လည်အတွင်းသာ အာရုံခံနိုင်ပေသည်။
ထိုကီလိုမီတာသုံးဆယ်ပတ်လည်အတွင်းတွင် ပိုကောင်နက်များ ပြည့်နှက်နေသည်။ အဝေးမှ ထပ်လာနေသော ပိုးကောင်များလည်း ရှိသည်။ ထို့ကြောင့် ကျန်းရီ ပို၍ စိတ်လှုပ်ရှားလာလေသည်။
“မင်းရဲ့ ကောင်းကင်ဝါးမျိုသားရဲကို ထုတ်ကြည့်ပါလား။ သူ ဘာလုပ်နိုင်မလဲ ကြည့်တာပေါ့”
ယန်ကိုးပါးကောင်းကင်ဧကရာဇ်က အသံပို့လွှတ်လိုက်၏။ ကျန်းရီ ရင်ခုန်သွားသည်။ ကောင်းကင်ဝါးမျိုသားရဲက သဲဝါပိုးကောင်များကို ထိန်းချုပ်နိုင်ခဲ့သည်။ အကယ်၍ ၎င်းသာ ဤနေရာရှိ ပိုးကောင်များကို ထိန်းချုပ်နိုင်မည်ဆိုလျှင် အခြေအနေက ပြီးပြည့်စုံသွားပေလိမ့်မည်။