← Chapters

ယွဲ့ဝေဝေ ။

Vol. 12 Ch. 155

ယွဲ့ဝေဝေ ။

Vol. 12 Ch. 155

အပြာရောင်နေမင်းလျှို့ဝှက်နယ်မြေအတွင်းရှိ နတ်ဆိုးသားရဲများသည် ရှေးဟောင်းသားရဲ မျိုးဆက်သွေးအချို့ကိုလက်ခံရယူထားကြရာ၊ ဤမြင်းများသည်လည်း ခြွင်းချက်မရှိပေ။

'' ......... မဟုတ်ဘူး ''

မိုးကုပ်စက်ဝိုင်း၏ အဆုံးဆီမှ ထောင်နှင့် ချီသော မြင်းများသည် မျက်စိတစ်မှိတ် အတွင်း လင်းယွန်ရှေ့သို့ ရောက်ရှိ လာခဲ့သည်။

တက်လာသော ဖုန်မှုန့်များအောက်တွင် မြင်းထောင်ပေါင်းများစွာသည် ရှေ့သို့ ချီတက် လာလျက်၊ အရာရာကို ဝါးမြိုသွားနေလေပြီ။

'' ................ ''

သူတို့၏ ဟောက်သံများကြောင့် လူအုပ်ကြီး၏ သွေးများ အဆက်မပြတ် ဆူပွက် သွားသည်။

ဤအခြေ အနေ အောက်တွင် လင်းယွန် သည်လည်း ရှောင်တိမ်းရန် လမ်းမရှိချေ။ လေထဲသို့ ပျံတက်သွား လျှင်ပင် သူ့အား ဤမြင်းများ၏ ဆွဲချခြင်းကို ခံရမည် ဖြစ်သည်။

လင်းယွန်က မျက်လုံးများ မှိတ်ထားလိုက်ပြီး၊ မြင်းအုပ်ကြီး ရောက်ရှိလာမည့် အချိန်ကို လည်ဆင်းခံလိုက်မိ၏။

'' ဟီး.......... ဟီ ဟီ ''

ရုတ်တရက် နဂါးသွေးမြင်းထံမှ ဟောက်သံအနည်းငယ်ထွက်လာခဲ့ပြီးနောက်၊ သူ့ကို မျိုချတော့မည့် မြင်းအုပ်ကြီးသည် ချက်ချင်းရှဲလျက် ကျော်ဖြတ် သွားလေသည်။

နှလုံးသားများ တုန်ယင် နေခဲ့ပြီး ခွာသံများဖြတ်ကျော် နေဆဲ အသံကြောင့် မျက်လုံးများ ဖွင့်ကြည့် လိုက်ရာ၊ လှောင်ပြောင် နေသော မျက်ဝန်း တစ်စုံဖြင့်၊ နဂါးသွေးမြင်းက လင်းယွန်အား ကြည့်နေခဲ့လေသည်။

'' မြင်းမိုက်.......''

နဂါးသွေးမြင်း၏ အထင်သေးသော အမူအယာမျက်နှာကြီးအား သူ့မျက်နှာရှေ့မှ တွန်း ဖယ်လိုက်ကာ လင်းယွန်က အောင့်သက်သက်ပြုံးလိုက်မိ၏။

'' ခ လောက်ခွပ်............ခလောက်ခွပ် ''

သိုင်းသမားလူအုပ်ကြီးမှာ မြင်းအုပ်ကြီး ပြိုဆင်းလာမှုကြောင့် အများအပြား လွင့်စင် ထွက်ပြေး ကြရပြီး၊ ကျိုးပဲ့ဒဏ်ရာ ရကုန် လေသည်။

'' .... ခ လောက် ခွပ်၊ လောက်ခွပ် ခလောက်ခွပ် ''

မြင်းအုပ်အတွင်းရှိ မြင်းတစ်ကောင်ချင်း စီတွင် ရှေးဟောင်း မျိုးဆက် သွေးများ ပါ၀င် သောကြောင့်၊ ၎င်းတို့၏ ခွာများဖြင့် အနင်း ခံရ ပါက၊ မည်သူ မဆို လွင့်စင်သွားပြီး မြင်းအုပ် အတွင်း ကျသွားနိုင်ကာ၊ သေခြင်း တရား သည်သာ ၎င်းတို့အား စောင့်ကြိုနေမည် ဖြစ်သည်။

ခဏချင်းမှာပင် ကမ္ဘာပျက်မတက် နာကျင်အော်ဟစ်သံများ ဆူညံပွက်လောရိုက် ကုန်ကြလေသည်။

" ဒီမြင်းတွေ ရူးသွားပြီလား မြန်မြန်ပြေး... "

" ငါ့ ခြေထောက် ... ငါ့ခြေထောက် ကျိုး သွားပြီ "

" သောက်ပဲဟေ့ ဒီမြင်းတွေက ဘယ်က လာတာလဲ။ ”

ဓားနန်းတော်၏ တပည့် များမှာ၊ ထိတ်လန့်သွား ကြ သော်လည်း ဤသို့သော ပရမ်းပတာ ကြားတွင် သူတို့ကိုယ် သူတို့ ကာကွယ် နိုင်ခဲ့ ကြသည်။

" ဓားနန်းတော်ရဲ့ တပည့်တွေ ဘယ်မှာလဲ "

ဘိုင်လိရွှမ်က အော်ဟစ်လိုက်ပြီး ဓားတစ်စင်းကဲ့သို့ နက်မှောင်စူးရှသော အလင်းတန်းကို ထုတ်လွှတ်လိုက်သည်။

သိုင်းဝိညာဉ်၊ အရိပ်ဓား။

သိုင်းဝိညာဉ်သည် သိုင်း သမားများ အတွက် နောက်ဆုံးအားကိုးရာဖြစ်ပြီး၊ နောက်ဆုံး အခိုက် အတန့် အထိ မည်သူမျှ ထုတ်မဖော်ချင် ကြပေ။

ဤသို့သော အခြေအနေအနေ၌ ဘိုင်လိရွှမ်သည် သူ၏ သိုင်းဝိညာဉ်ကို ထုတ်ဖော် လိုက်ခြင်းဖြင့် မည်သည့်အရွေ့ကို ဖော်ဆောင်နေသည်ကို သိချင်နေခဲ့ကြ၏။

" ငါတို့ဒီမှာ....."

ဓားနန်းတော်၏ တပည့်များသည် ကောင်းကင်သို့ ခုန်တက်လိုက်ကြကာ ဘိုင်လိရွှမ်ဆီသို့ အဘက်ဘက်မှ ဦးတည်တိုးဝင် သွားကြသည်။

" ဖွဲ့ စည်း ပုံ......"

ဘိုင်လိရွှမ်၏ ခံစားချက်မဲ့ ရေရွတ်လိုက် သံနှင့်အတူ၊ နောက်အခိုက် အတန့်တွင် ဓားနန်းတော် တပည့်များ အားလုံး၏ ဓားရောင်ဝါများ ပေါင်းစည်း သွားသည်။

ထို့နောက်တွင် အနက်ရောင် ဓားရိပ်ကြီး ထံသို့ ထပ်မံအားဖြည့် လိုက်ကြပြီး စူးရှသော အလင်းတန်းများ ပေါက်ကွဲ ထွက်ပေါ် လာကာ၊ မြင်းအုပ်ကြီးအား ချက်ချင်းပင် အပိုင်းပိုင်းခွဲ ပစ်လိုက်လေသည်။

ခဏအကြာတွင် ဓားနန်းတော် အဖွဲ့မှာ၊ ရှေ့တူရှုသို့ သွားရာ လမ်းကို ထိုးဖောက် လိုက်နိုင် သော်လည်း၊ သူတို့မြင်ကွင်းဆီ၌ လင်းယွန်နှင့် မိန်းမပျို၏ အရိပ်အယောင်ကိုပင် မတွေ့ရတော့ပေ။

" သေစမ်း.....နှစ်ယောက်လုံး လွတ်သွားပြီ ....."

“ အကိုကြီး၊ ငါတို့ သူတို့ကို ဘယ်မှာမှ ရှာမတွေ့ တော့ဘူး”

သူတို့အားလုံး တွန့်ဆုတ်ခြင်းများဖြင့် ပြည့်နေခဲ့သည်။

" စီရွှယ်ယီကို တစ်ယောက်ယောက် တွေ့မိလား။ "

ဘိုင်လိရွှမ် က ပတ်ဝန်းကျင်ကို လှည့်ပါတ်ကြည့်လိုက်ပြီး မေးမြန်းလိုက်သည်။

“ ငါတို့ မတွေ့မိဖူး၊ အစ်ကိုကြီးက ဒီလင်းယွန်နဲ့တိုက်ခိုက်နေတုန်းမှာပဲ သူထွက်သွားတာ ”

" ဟမ် ယုံနိုင်စရာမရှိတဲ့ လူယုတ်မာကောင်.... ''

ဘိုင်လိရွှမ်၏ မျက်နှာသည် မည်းမှောင်သွား၏။ စီရွှယ်ယီကသာ နောက်ပြန်လှည့်ခဲ့မည် ဆိုပါလျှင်၊ လင်းယွန်သည် မကောင်းဆိုးရွားမကို ကယ်တင်သွားနိုင်မည် မဟုတ်ပေ။

လင်းယွန်က ချောင်ကျသောတောင်တစ်လုံးပေါ်တွင် ရပ်နားလျက်၊ မောပန်းနွမ်းနယ် နေခဲ့သည်။ ပတ်ဝန်းကျင်ကို လှည့်ပါတ်ကြည့်လိုက်ပြီး၊ သူ့ရင်ခွင်ထဲမှ မိန်းမပျိုနှင့် နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်နေမိကြသည်။ သူမ၏ မျက်လုံးများသည် ကြယ်တာရာနှစ်စင်းကဲ့သို့ တဖျပ်ဖျပ်ခတ်နေခဲ့ပြီး၊ စွဲမက်ဖွယ် ကောင်းလွန်းလှကာ၊ လင်းယွန်၏ အာရုံကို စွဲဆောင်သွားခဲ့သည်။

ဤအကွာအဝေးအတွင်း၌ လင်းယွန်၏ မျက်နှာသည် ရဲတွတ်သွားခဲ့သည်ကြောင့်၊ သူ၏ခေါင်းကို ပြန်လည်မြှောက်ယူလိုက်ကာ၊

" မင်း အခု တစ်ယောက်တည်း လမ်းလျှောက်နိုင်ပြီလား ''

"ငါ မရသေးဖူး.... "

မိန်းမပျိုသည် လင်းယွန်ကို ဝမ်းနည်းအားငယ်စွာ မော့ကြည့်လျက်မှ ပြန်ဖြေလာသည်။

" ဒါက မဟုတ်ဘူး၊ ငါ....… ဝေါ့ ”

လင်းယွန်က နာကျင်ရှက်ရွံ့စွာ ပြုံးလိုက်ပြီး၊ စကားမဆုံးခင် ပါးစပ်ထောင့်မှ သွေးများ စီးကျလာကာ၊ အနည်းငယ် တုန်ယင်သွားလေသည်။

ထိုမြင်ကွင်းကြောင့် သူမ၏မျက်နှာမှာ ပြောင်းလဲသွားခဲ့ပြီး၊ လင်းယွန်၏ လည်ပင်းပေါ်မှ လက်ကို ဖြေလျှော့လျက် ညင်သာစွာ ခုန်ဆင်းလိုက်လေသည်။

တစ်ဆက်တည်းမှာပင် လင်းယွန်က မြေပြင်ပေါ်သို့ ဒူးတစ်ဖက်ထောက်ကာ အသက်ကိုခက်ခဲစွာ ရှူသွင်းလိုက် ရလေသည်။ ဓားသေတ္တာအောက်ဆီမှ သွေးများစီးကျလာပြီး၊ ဝတ်ရုံစကို ဆေးဆိုးထားသကဲ့သို့ သူ့ခန္ဓာကိုယ်၌ သွေးစများ စီးကပ်နေခဲ့သည်။

မိန်းမငယ်၏ အပြောင်အပျက် အမူအယာများပျောက်ကွယ်သွားပြီး၊ လေးနက်သောအမူအယာများ အစားထိုး ဝင်ရောက်လာကာ၊လင်းယွန်၏ ဒဏ်ရာများကို စစ်ဆေးနေလျှက်မှ သူမ၏ နှုတ်ခမ်းများပေါ်သို့ လက်ဖဝါးများကို အုပ်တင်လိုက်သည်။

“ မင်းမှာ အရင်ကတည်းက ဒဏ်ရာတွေ ရထားတာပဲ…”

လင်းယွန်သည် နတ်ဘုရားပုံရိပ်ယောင်ဓားနှင့် မိုးကြိုးလက်ခုပ်သံငါးပါးကို ထုတ်ဖော်ကာ၊ ရာပေါင်းများစွာသော သိုင်းသမားများကို ခုခံရင်ဆိုင်ရာ၌ ဒဏ်ရာအနည်းငယ် ရရှိထားခဲ့သော်လည်း၊ ကြာပန်းစင်မြင့်ပေါ်တွင် ၎င်းအား လျစ်လျူရှု ထားခဲ့ရသည်။

လူများမျက်စိရှေ့တွင် အားနည်းနေပုံ ပြသမိပါက ချက်ချင်းပင် တိုက်ခိုက်လာ ကြပေလိမ့်မည်။ ထို့ပြင် ၎င်းဒဏ်ရာများသည် မပြင်းထန်လှကာ၊ မိုးကြိုးလျှပ်စီးခန္ဓာကိုယ်ကိုအောင်မြင်နိုင်ပြီးနောက် အချိန်တစ်ခုအတွင်း သဘာဝအတိုင်း ပြန်လည်ကောင်းမွန်လာ နိုင်လေသည်။

သို့သော် မိန်းမပျို၏ ရုတ်တရက် အသွင်အပြင်သည် သူ့စည်းချက်အား အနှောင့်အယှက် ဖြစ်စေခဲ့သည်။ ကနဦးတွင်လျှို့ဝှက်နယ်မြေအတွင်းမှ ထွက်ခွာလိုသော်လည်း နောက်ဆုံးတွင် ကောင်းကင်ဘုံဓားနန်းတော်ကို ရင်ဆိုင်လိုက်ရသည်။

လင်းယွန်က တုန့်ပြန်ပြောဆိုချင်း မပြုတော့ပဲ၊ မျက်လုံးများကို မှိတ်ထားပြီး ခြေထောက်နှစ်ဖက်ကို ချိတ်ကာ ထိုင်ချလိုက်သည်၊ မိုးကြိုးလျှပ်စီးခန္ဓာကိုယ်ကို ကန့်သတ်ချက်အထိ ဖြန့်ကျက်လိုက်သည်နှင့် ခရမ်းရောင်အခိုးအငွေ့များနှင့်အတူ၊ တောက်ပသော အလင်းလွှာများ လွှမ်းခြုံလာလေသည်။ သူ၏ ဒဏ်ရာများသည် အရှိန်အဟုန်ဖြင့် ပြန်လည်ကောင်းမွန်လာခဲ့ပြီး၊ ခဏအကြာတွင် လင်းယွန်၏ မျက်လုံးများ ပြန်ပွင့်လာ ခဲ့လေသည်။

" ငါ....အခုအဆင်ပြေပြီ "

လင်းယွန်က ပြုံးပြီး မိန်းမပျိုကို နှစ်သိမ့်ပေးလိုက်သည်။ သို့သော် ပါးစပ်ကို မပိတ်နိုင်ခင်မှာပင်၊ မိန်းမပျိုက ဆေးလုံးတစ်လုံးကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်လေသည်။

“ အဟဲ၊ ဒါနဲ့မှ မင်းအဆင်ပြေပါလိမ့်မယ်၊ မင်းက နတ်ဆိုးကျင့်ကြံမှုနည်းစနစ်တွေကို မကျင့်ကြံတာကြောင့်၊ ဒဏ်ရာတွေကနေ ပြန်ကောင်းလာဖို့ မင်းရဲ့ခန္ဓာကိုယ်ကို အတင်းအကြပ် အားကိုးရင် ဖုံးကွယ်ထားတဲ့ဒဏ်ရာတွေကို ချန်ထားခဲ့ မိလိမ့်မယ်။ "

လင်းယွန်က ခေတ္တမျှ အံ့အားသင့်သွားသည်ကြောင့်၊ ဤအမည်မသိသော ဆေးလုံးကို မျိုချဝံ့ခြင်း မရှိခဲ့ပေ။

" ဆေးလုံးကို မျိုချဖို့အတွက် မင်းက ငါ့ကို လိုအပ်လား "

မိန်းမငယ်က သူ့နှုတ်ခမ်းအား စုထော်လိုက်ပြီး လင်းယွန်၏ နှုတ်ခမ်းဆီသို့ တိုးကပ်လာခဲ့သည်ကြောင့်၊ လင်းယွန်က ကမန်းကတမ်း မျိုချလိုက်ရသည်။

ခဏအကြာတွင် အေးစက်သော စွမ်းအင်များသည် သူ့ခန္ဓာကိုယ်အတွင်း အရည်ပျော်သွားပြီး သွေးကြောများမှတဆင့် စီးဆင်းသွားတော့သည်။

" ဘာလို့ ငါ့ကို ကယ်ခဲ့တာလဲ"

မိန်းမငယ်က လင်းယွန်ကို အလေးအနက်ထား ကြည့်ကာ မေးလိုက်သည်။ လင်းယွန်ကမူ မိန်းမငယ်အား မကြည့်ဝံ့ချေ။ ဤမိန်းမငယ်နှင့် မျက်လုံးချင်းစုံမိပါက သူ့အတွေးများ ရိုင်းစိုင်းသွား ပေလိမ့်မည်။

(သူမကို ဘာကြောင့် ကယ်တင်ခဲ့တာလဲ...)

ဘိုင်လိရွှမ်၏ ဓားကိုမြင်လိုက်သည်နှင့် တစ်ခုတည်းသော အရာမှာ ဤနေရာမှ လှည့်ထွက်သွားရန်သာ ဖြစ်သော်လည်း၊ သူ့နှလုံးသားသည် ငြင်းဆန်နေခဲ့သည်။

" ဘာလို့လဲဆိုတော့၊ မင်းထွက်သွားပြီးတဲ့နောက် နက်ရှိုင်းတဲ့ ခံစားချက်တစ်ခု ဖြစ်တည်လာတယ်၊ ငါ့ဘဝမှာ အရာတော်တော်များကို မှတ်မိစရာ မလိုပေမယ့်၊ မင်းကိုတော့ ငါမမေ့ဖူး၊ ဒါကြောင့် မင်းကို မသေစေချင်ခဲ့တာပဲ..."

လင်းယွန်က ရိုးရိုးသားသား ပြန်ဖြေသည်။ တစ်ချိန်တုန်းက မြစ်ကမ်းပါးပေါ်ရှိ မိန်းမပျိုလေး၏ အပြုံးသည် မမေ့နိုင်သော မြင်ကွင်းတစ်ခုဖြစ်သည်။ သူမ၏ အလှတရားသည်အပြစ်ကင်းစင်လွန်းလှကာ သဘာဝတရားကြီးနှင့် လိုက်ဖက်လှပေသည်။

အကယ်၍ သူသာ မလှုပ်မရှားဖြစ်ခဲ့လျှင် ထိုအလှတရားသည် ဘိုင်လိရွှမ်၏ဓားချက်အောက်တွင် ပျောက်ကွယ်သွားမည်ဖြစ်သည်။ ထိုအပြုံးကို သူဘယ်တော့မှ တွေ့ရတော့မည် မဟုတ်ပေ။

“ ငါ မင်းကို မယုံဘူး....."

မိန်းမငယ်မှာ မျက်လုံးများမှိတ်လျက် ကြေနပ်သွားသလို ပြုံးလိုက်သည်။ လင်းယွန်က ထပ်မံ ရှင်းပြခြင်း မပြုတော့ပဲ၊

"မင်းရဲ့ဒဏ်ရာတွေက ပိုကောင်းလာပုံရတယ်"

-ဟု ပြန်မေးလိုက်သည်။

မိန်းမငယ်၏ မျက်နှာမှာ သွေးရောင်လွှမ်းလာသည်ကြောင့် လှုပ်ရှားနိုင်လောက်အောင် ပြန်လည် ကောင်းမွန်လာသည်ဟုပင် သံသယရှိခဲ့သည်။

" .. အိုး ငါ့ဗိုက်တွေ...."

မိန်းမငယ်က သူ့ဝမ်းဗိုက်ဆီသို့ တင်းတင်းဆုပ်ကိုင်လိုက်ပြီး နာကျင်သော အမူအရာဖြင့် လင်းယွန်ကို ခိုးကြည့်လိုက်သည်။ သူမ၏ သရုပ်ဆောင်နေသော အမူအယာသည် ဆွဲဆောင်မှုရှိလှပေရာ၊ သူ့နှလုံးသားထဲတွင် သဘောကျဟန်ဖြင့် ပြုံးလိုက်မိသည်။ ဘိုင်လိရွှမ်ထံမှ ရတနာများကိုပင် လုယူနိုင်သူ တစ်ဦးအတွက်၊ ဤမျှပျော့ညံ့မည် မဟုတ်ပေ။ သူ့စိုးရိမ်မှုသည် အနည်းငယ်တော့ လွန်သွားနိုင်သည်။

“ ဒီနေရာက မလုံခြုံဖူး၊ တစ်စုံတစ်ယောက်က လျှို့ဝှက်နယ်မြေရဲ့ ထွက်ပေါက်ကို သေချာစောင့်ကြပ်ထားလိမ့်မယ်၊ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့အတွက် ပုန်းဖို့နေရာရှာရမယ်၊ ငါတို့ နှစ်ယောက် သီးသန့် ပုန်းကြမလား…”

လင်းယွန်က အပျက်အစီးနယ်မြေအား လှည့်ပတ်ကြည့်လိုက်ကာ ပုန်းအောင်းရန် နေရာများ ရှာဖွေနေခဲ့သည်။

လိုက်လံဖမ်းဆီးသူများကို ဖယ်ရှားနိုင်ခဲ့သော်လည်း၊ သူတို့ ဆက်ပြေးဖို့ရန် လိုပေသေးသည်။

အနည်းဆုံးတော့ သူတို့၏ အထွတ်အထိပ်ခွန်အားကို ပြန်လည် ရလာသည်အထိ ပုန်းအောင်းနေရ ပေဦးမည်။

မိန်းမငယ်၏ နာကျင်သော အမူအရာသည် အတုအယောင်မဟုတ်ခဲ့ပဲ၊ ခါးကို ကိုင်ထားသော လက်ချောင်းများကြားမှ သွေးများ စီးကျလာသည်။

“ အခုပဲ ငါ့နောက်ကို လိုက်ခဲ့ ”

လင်းယွန်က သက်ပြင်းချ လိုက်သည်။ သူ့စကားကို ပြန်ရုတ်သိမ်းကာ မိန်းမငယ်ကို ပွေ့ချီလိုက်သည်။

" ဟီး မနာတော့ဘူး ”

အမျိုးသမီးငယ်က လင်းယွန်၏ လည်ပင်းကို သိုင်းဖက်လိုက်ပြီး အနိုင်ရသွားသော ကလေးတစ်ယောက်လို လိမ္မာပါးနပ်သော အပြုံးဖြင့် ဆိုလိုက်သည်။

ရုတ်တရက် လင်းယွန်၏ အတွေးသည် နဂါးသွေးမြင်းဆီသို့ ရောက်ရှိသွားကာ၊ ၎င်း၏ လုံခြုံရေးအတွက် အနည်းငယ် စိုးရိမ်နေမိသည်။ ဤမျှကြီးမားသော ရုန်းရင်းဆန်ခတ်မှုကို ဖန်တီးပြီးနောက် နဂါးသွေးမြင်းသည် ဘေးကင်းစွာ ပြန်လာနိုင်မည်ဟု တစ်ထစ်ချ မယုံကြည်ရဲချေ။

" ဒါနဲ့ မင့်နာမည် ဘယ်လိုခေါ်လဲ "

မိန်းမငယ်က စူးစမ်းလိုစိတ်ဖြင့် မျက်လုံးများ တဖျပ်ဖျပ်ခတ်လျက် လင်းယွန်ကို မော့ကြည့်မေးမြန်းလိုက်သည်။

ထိုနေ့၌ ပေါ့ပေါ့ပါးပါး တီးခတ်ပေးခဲ့သော ပုလွေသံသည် သူမ၏အသက်ကို ဤမျှအရေးကြီးသော အခိုက်အတန့်တွင် ကယ်တင်ပေးလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

သည့်အပြင် ယင်းလူငယ်လေး ပေးခဲ့သော အကြောင်းပြချက်သည် ယုံကြည်ဖွယ် မရှိသော်လည်း ၎င်းသည်ပင် ပို၍ ပျော်စရာကောင်းလှပေသည်။

“လင်းယွန် ”

" နာမည်ကောင်းပဲ၊ ငါက ယွဲ့ဝေဝေပါ၊ ယွဲ့က လမင်းကြီးကို ကိုယ်စားပြုပြီး၊ ဝေက ရေညှိနှင်းဆီပွင့်တွေ ဝေ နေတယ်လို့ အဓိပ္ပါယ်ရတယ် "

"ရေ ညှိ နှင်း ဆီ .....ဒီလို ပန်းမျိုးရှိတာလား "

လင်းယွန်က တအံ့တသြ မေးယူလိုက်ရသည်။ သူ၏ အမူအယာကြောင့် ယွဲ့ဝေဝေကသဘောကျစွာ ရယ်မောလိုက်ပြီး၊

“ ဟဲဟဲ၊ အဲဒါ သဘာဝအတိုင်း ရှိပါတယ် ငါတို့ထွက်သွားပြီးရင် မင်းကို နည်းနည်းလောက်ပေးလို့ရတယ်”

သူတို့နှစ်ယောက် စကားစမြည် ပြောလာကြသော်လည်း အများစုမှာ ယွဲ့ဝေဝေက မေးပြီး၊ လင်းယွန်က ပြန်ဖြေခြင်း ဖြစ်သည်။ စကားဖောင်ဖွဲ့နေစဉ်မှာပင် လင်းယွန်၏ မျက်နှာသည် ရုတ်တရက် ပြောင်းလဲသွားပြီး လမ်းလျှောက်ခြင်းကို ရပ်တန့်လိုက်သည်။

" ဘာဖြစ်တာလဲ "

ယွဲ့ဝေဝေက ခေါင်းမော့လိုက်ပြီး၊ ရှေ့သို့လှမ်းကြည့်လိုက်ရာ၊ အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်သည် ယပ်တောင်တစ်ချောင်းကို ခတ်လျက်၊ လက်တစ်ဖက်ကို နောက်ပစ်ကာ တောင်စောင်းတွင် ရပ်စောင့်နေခဲ့လေသည်။

စီရွှယ်ယီ။

စီရွှယ်ယီက မျက်ခုံးပင့်ကာ အံ့သြသောအမူအရာဖြင့် လင်းယွန်ကို လှမ်းကြည့်ပြီ၊

" ညီငယ်လေးလင်း၊ မင်းက လမ်းမှာတွေ့တဲ့ဘယ်သူ့ကိုမဆို ကယ်တင်ဖို့ တကယ်ပဲ၊ သတ္တိရှိတယ်လား..."

***

All Chapters