ယင်-လေစီးကြောင်း။
Vol. 12 Ch. 156
စီရွှယ်ယီ၏ အကြည့်သည် ထူးဆန်းလှသော်လည်း သူ့စကားနောက်ကွယ်တွင် ဖုံးကွယ်ထားသော အဓိပ္ပါယ်များလောက် အံသြစရာမရှိခဲ့ပေ။ ယွဲ့ဝေဝေနှင့် ပါတ်သတ်သော လျှို့ဝှက်ချက်များကို သူက သိထားပုံ ရလေသည်။
" ပြေး....မင်းက သူ့ပြိုင်ဘက်မဟုတ်ဘူး ”
-ဟုဆိုကာ လင်းယွန်၏ လည်ပင်းကို ချိတ်ထားသော လက်တစ်စုံကိုဖြုတ်ချပြီး၊ ရင်ခွင်ထဲမှ ညင်သာစွာ လျှောချသွားခဲ့သည်။ တစ်ဆက်တည်းမှာပင် လင်းယွန်ကို လက်တစ်ဖက်တည်းဖြင့် ဆုပ်ကိုင်လိုက်ပြီး စီရွှယ်ယီကို ကျော်ဖြတ်ရန်အတွက် ကောင်းကင်သို့ ခုန်တက်လိုက်သည်။
ယွဲ့ဝေဝေ၏ ပျော့ပျောင်းသော လက်ဖဝါးဆီမှ အားပြင်းသောဆုပ်ကိုင်မှုကို ခံစားလိုက်ရသောအခါ အံ့သြသွားမိသည်။ သူမက သူ့ကို လေထဲတွင် အလွယ်တကူ ပင့်မြှောက်ထား နိုင်ခဲ့လေသည်။
လေထဲတွင် လွင့်နေသော ပန်းများကဲ့သို့ ပျံတက်သွားပြီး၊ သူတို့နှစ်ဦးကို ပျော့ပျောင်းသော စွမ်းအင်များက သိုင်းခြုံထား၏။
( သိပ်ကောင်းတဲ့ ရွေ့လျားမှုနည်းစနစ်ပဲ။ )
လင်းယွန်က ယွဲ့ဝေဝေ၏ ရွေ့လျားမှုနည်းစနစ်ကို အံ့ဩနေစဉ် အဆုံးမရှိ လှိုင်းထန်နေသော မြစ်တစ်စင်းသည် ရုတ်တရက် ဟန့်တား ထွက်ပေါ်လာ လေသည်။
" လ ၏ ရောင် ပြန် အရိပ် .... "
လတစ်စင်းသည် ရေထဲ၌ အရိပ်ထင်ဟပ်လာကာ ယွဲ့ဝေဝေနှင့် လင်းယွန်တို့အား မြူမှုန်များနှင့်အတူ ပိတ်ဆို့ထား လိုက်တော့သည်။
ဤဖြစ်စဉ်သည် စီရွှယ်ယီမှ သူ၏ သိုင်းဝိညာဉ်ကို ဆင့်ခေါ်လိုက်ခြင်းကြောင့် ထွက်ပေါ်လာသော သဘာဝဖြစ်စဉ်တစ်ခုဖြစ်လေသည်။
လင်းယွန်က တုန်လှုပ်ခြောက်ခြားသွား၏။
( ဒါက ဘယ်လို သိုင်းဝိညာဉ်မျိုးလဲ၊ )
၎င်းကို မှတ်တမ်းများတွင်သာ သူမြင်ခဲ့ဖူးပေသည်။ သဘာဝဖြစ်စဉ်တစ်ခုအား ထုတ်ဖော်နိုင်သော သိုင်းဝိညာဉ်သည် မြင့်မားသောစွမ်းရည်များ၏ လက္ခဏာတစ်ခု ဖြစ်သည်။ တချိန်လုံးနိမ့်ကျစွာ ငြိမ်သက်နေခဲ့သော စီရွှယ်ယီသည် ဤမျှအားကောင်းလိမ့်မည်ဟု မမျှော်လင့်ထားမိပေ။
" ရတနာကို ချန်ထားခဲ့လိုက်ပါ မင်းအတွက် ငါအရာရာကို ခက်ခဲစေမှာ မဟုတ်ဘူး။"
စီရွှယ်ယီ၏ အသံသည် မြူခိုးများအတွင်းနေရာအနှံမှ ထွက်ပေါ် ပဲ့တင်ထပ် လာသည်။
" အိပ်မက် မက်မနေနဲ့....."
ယွဲ့ဝေဝေက အေးစက်စွာ အော်ဟစ်လိုက်ပြီး သူမလက်ထဲရှိ ယပ်တောင်ကို မြှောက်လိုက်သည်။
'' ဝှီး............ ''
မြစ်အတွင်းမှ လှိုင်းများ လှိမ့်တက်လာပြီး၊ တစ်လုံးပေါ် တစ်လုံးဆင့်ကာ၊ အဆက်မပြတ် တုန်ခါသွားလျက်၊ ယွဲ့ဝေဝေမှာ ဤသဘာဝဖြစ်စဉ်ကို ဖြတ်ကျော်ရန် ကြိုးစားနေပုံရသည်။
စီရွှယ်ယီက အလျင်လိုချင်း မရှိခဲ့ပဲ၊ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ကောင်းကင်၌ လတစ်စင်း လင်းရှင်းစွာ ထွက်ပေါ်လာသည်။
'' .............. ''
ထိုလတစ်စင်း ထွက်ပေါ်လာသည်နှင့် ကြောက်စရာကောင်းသော သဏ္ဍာန်မဲ့ စွမ်းအားတစ်ခုသည် လင်းယွန်နှင့် ယွဲ့ဝေဝေတို့ကို ဖုံးအုပ်သွားကာ သူတို့နှစ်ဦးအား မြေပြင်ပေါ်သို့ တွန်းပို့ ချုပ်နှောင်လာသည်။
" ခဏလောက် သည်းခံပါ "
ယွဲ့ဝေဝေက လင်းယွန်လက်ကို လွှတ်လိုက်ပြီး သူမ၏ ဘယ်လက်ကို ဖွင့်လိုက်သည်။ သူ့လက်ဖဝါးပေါ်တွင် နက်ကြုပ်သော အရှိန်အဝါများနှင့်အတူ အနက်ရောင် နှင်းဆီပန်းတစ်ပွင့် ပွင့်အာလာသည်။
တစ်ချိန်တည်းမှာပင် ထိုပန်းပွင့်ထံမှ အဆုံးအစမဲ့သော အနက်ရောင် ရောင်ခြည်တန်းများ ထွက်ပေါ်လာပြီး၊ 'လ'ထံမှထွက်လာသော ဖိအားများကို လျော့ချပေး ခဲ့သည်။
“ ပန်းတွေ ပွင့်ပြီး ညှိုးနွမ်းနေတဲ့ ရနံ့နဲ့ အတူ…”
ယွဲ့ဝေဝေ၏ အော်ဟစ်သံ ဆုံးသည်နှင့် အနက်ရောင်ပန်းပွင့်ထံမှ ပုံမှန်မဟုတ်သော ပန်းရနံ့များ ထွက်ပေါ်လာကာ၊ မြစ်ကို ဖြတ်ကျော်ဖုံးလွှမ်း သွားလေသည်။
'' ............... ''
သို့သော် ထိုပန်းရနံ့သည် ချက်ချင်းပင် မြူမှုန်များအတွင်း ရောနှောသွားပြီး၊ ပျောက်ကွယ်နေသော စီရွှယ်ယီ၏ပုံရိပ်ကို ထွက်ပေါ်လာစေသည်။ စီရွှယ်ယီက သူ့လက်ထဲရှိ ယပ်ယောင်ကို ခတ်လိုက်ကာ ပန်းရနံ့များကို တွန်းထုတ်လိုက်သည်။
သူတို့နှစ်ဦးသည် သိုင်းဝိဉာဉ်များကို ထုတ်ဖော်တိုက်ခိုက်ခဲ့ကြပြီး ၎င်းတို့ထံမှ ထွက်ပေါ်လာသော ရုန်းရင်းဆန်ခတ်မှုများမှာ လင်းယွန်ကို ထိတ်လန့်သွားစေခဲ့သည်။
“ သခင်လေးစီ ရေညှိနှင်းဆီရဲ့ ရနံ့ကို ခံစားကြည့်ပါ”
-ဟု ယွဲ့ဝေဝေက ပြုံးလျက် ရေရွတ်လိုက်ကာ လင်းယွန်အား ဆုပ်ကိုင်လျက် ပျောက်ကွယ်သွားသည်။
စီရွှယ်ယီ၏ မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်များ ထွက်ပေါ်လာပြီး၊ မည်မျှ ကြိုးစားသည်ဖြစ်စေ ပတ်ဝန်းကျင်ရှိ ပန်းရနံ့များကို မဖယ်ရှားနိုင်ခဲ့ပဲ၊ သူ၏ သိုင်းဝိညာဉ်ဆီမှ ဖန်တီးထားသော သဘာဝဖြစ်စဉ်သည် ပန်းရနံ့နှင့် ဆန့်ကျင်ဘက် ဖြစ်နေပုံ ရသည်။ ထို့ကြောင့် လင်းယွန်တို့ နှစ်ယောက်သား ထွက်ခွာသွားသည်ကို ရပ်ကြည့်နေခဲ့ ရလေသည်။
လင်းယွန်နှင့် ယွဲ့ဝေဝေသည် စီရွှယ်ယီကို ဖြတ်ကျော်ပျံသန်းပြီးနောက်၊ မြေပြင်ပေါ်သို့ ဆင်းသက်လာသောအခါတွင် ယွဲ့ဝေဝေ၏ မျက်နှာမှာ ဖြူဖျော့လျက် နူတ်ခမ်းထက် သွေးစများ ထွက်ပေါ်လာသည်။
" ဒီတစ်ခါတော့ ငါတကယ် မလှုပ်ရှားနိုင်တော့ဘူး"
ယွဲ့ဝေဝေက ခါးသီးသော အပြုံးဖြင့် မျက်လုံးများကို မှိတ်ထားလိုက်သည်။ သို့သော် လင်းယွန်က စိတ်ရှုပ်ထွေးစွာဖြင့် သူမကို အကဲခတ်လိုက်သည်။ သူမသည် ရုတ်တရက် သန်မာလာပြီး၊ တစ်ချိန်တည်းမှာပင် အလွန်အားနည်းနေပုံ ရသည်။
ဝှစ် ။
အနောက်နားဆီမှ လေတိုးသံများထွက်ပေါ်လာသည်ကြောင့် ယွဲ့ဝေဝေအား ပွေ့ချီလိုက်ကာ၊ ချက်ချင်း ပြေးထွက်သွား လိုက်သည်။ ကောင်းကင်ရတနာဖြင့် စီရွှယ်ယီအား ဟန့်တားနိုင်သော်လည်း မတော်တဆမှုများဖြစ်ပေါ်လာမည်ကို မလိုလားခဲ့ချေ။
စီရွှယ်ယီမှာ သူ၏ သိုင်းဝိညာဉ်တွင် ဒဏ်ရာအချို့ ရရှိခဲ့သော်လည်း ဆေးလုံးတစ်လုံးကို သောက်ယူလိုက်ပြီး လင်းယွန်နောက်သို့ ထပ်ချပ်မကွာ လိုက်ပါလာသည်။
'' ဝုန်း......... ''
ရုတ်တရက် တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော လေလှိုင်းများသည် တဝုန်းဝုန်းရိုက်ခတ်အော်မြည်ကာ၊ ရှေ့၌ ထွက်ပေါ်လာသည်ကြောင့် လင်းယွန်က ချောက်ကမ်းပါးစွန်း၌ ရပ်တန့်လိုက်ရပြီး၊ အက်သွားသည့် အနက်ရောင် လေဟာနယ်ကို လှမ်းကြည့်လိုက်မိသည်။
ဝှစ် ဝှစ် ဝှစ်။
လေတိုးသံများနှင့်အတူ စီရွှယ်ယီက လျင်မြန်စွာ ရွေ့လျားလာပြီး၊ နောက်ဆက်တွဲ ပုံရိပ်များကို လေထဲ၌ ချန်ထားရစ်ခဲ့သည်။ နောက်အခိုက်အတန့်တွင် လင်းယွန်ကို ချောက်ကမ်းပါး အစွန်း၌ ရပ်လျက် လှမ်းမြင်လိုက်ရသည်ကြောင့် အရှိန်ကို ထပ်မံမြှင့်ယူလိုက်သည်။
သို့သော် လင်းယွန်သည် ယွဲ့ဝေဝေကို ပွေ့ကာ၊ ချောက်ကမ်းပါးပေါ်မှ ခုန်ဆင်းသွားသည် ဖြစ်ရာ၊ သူ့နှုတ်ခမ်းများ တုန်ယင်သွားလေသည်။
" ..... ဒီလူက ယင်လေစီးကြောင်းထဲကို ခုန်ဆင်းဖို့ သတ္တိရှိတယ်လား"
စီရွှယ်ယီက ထိတ်လန့်စွာ ရေရွတ်လိုက်သည်။
ယင် လေစီးကြောင်း။
အပြာရောင်နေမင်း လျှို့ဝှက်နယ်မြေအတွင်းရှိ တားမြစ်ဇုန်။
ယင်လေစီးကြောင်းသည် လျှို့ဝှက်နယ်မြေအတွင်းရှိ တားမြစ်ဇုန်များထဲမှ တစ်ခုဖြစ်သည်။ ချောက်ကမ်းပါး၏ အောက်ခြေတွင် ထက်ရှသောလေပြင်းများဖြင့် တိုက်ခတ်နေခဲ့ရာ၊ အကယ်၍ တစ်စုံတစ်ယောက်သည်သာ ပြုတ်ကျခဲ့ပါလျှင် သေချာပေါက် သေခြင်းတရားကို တွေ့ကြုံရပေမည်။
တနည်းအားဖြင့်ဆိုသော် ထိုသို့သော နေရာများကို မရဏဇုန်ဟုလည်း ခေါ်ဆိုကြသည်။ ယင်လေစီးကြောင်း၏ အနက်ရှိုင်းဆုံးနေရာတွင် ထူးခြားသော ရင်းမြစ်တစ်ခု ရှိသည်ဟု ဆိုကြပြီး ၎င်းတွင် တိကျသော သတင်းအရင်းအမြစ် မရှိချေ။
စီရွှယ်ယီက သက်ပြင်းချလိုက်ပြီး ချောက်ကမ်းပါးစွန်ကို ငုံ့ကြည့်နေစဥ်မှာပင် ဓားအလင်းများသိုင်းခြုံကာ ဘိုင်လိရွှမ် ဆင်းသက်လာသည်။ စီရွှယ်ယီက ဘိုင်လိရွှမ်ဆီသို့ လှည့်ကြည့်လိုက်ပြီး၊
'' မင်းရောက်လာ ပြီလား "
" ဟမ် .... မင်းရဲ့ လနတ်ဆိုးသိုင်းဝိညာဉ်ကိုထုတ်လွှတ်ပြီးနောက်၊ မင်းကို ရှာမတွေ့ရင် ငါ မိုက်မဲလွန်းရာ ကျနေလိမ့်မယ်။ "
ဘိုင်လိရွှမ်က စီရွှယ်ယီကို အလိုမကျဟန်ဖြင့် ကြည့်လိုက်ပြီး၊
“သူတို့ ဘယ်မှာလဲ”
“ ခုန်ဆင်း သွားပြီ...''
စီရွှယ်ယီက ယပ်တောင်ကို ချောက်ကမ်းပါး အစွန်းဆီ ညွှန်ပြလိုက်သည်။
" ယင် လေစီးကြောင်း "
တဝုန်းဝုန်း တိုက်ခတ်နေသော လေစီးကြောင်းကို ကြည့်ကာ၊ ဘိုင်လိရွှမ်၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားသည်။ ဤလေစီးကြောင်း အတွင်းရှိ မည်သူ မဆို သေချာပေါက် သေဆုံးရပေမည်။
အရေးအကြီးဆုံးမှာ ယွဲ့ဝေဝေမှ လုယူသွားခဲ့သော နက်နဲသိုင်းနည်းစနစ်နှင့် အမွေခံရတနာများ ဆုံးရှုံးသွားခြင်း ဖြစ်သည်။
ခဏကြာမျှ ငြိမ်သက်သွားပြီးနောက် ဘိုင်လိရွှမ်က၊
'' မင်းသာ ငါ့နဲ့ လက်တွဲဖို့ ဆန္ဒရှိတယ်ဆိုရင် ဒီကောင်က ယင်လေစီးကြောင်းထဲကို ခုန်ဆင်းဖို့ အခွင့်အရေးတောင် ရမှာမဟုတ်ဘူး ''
“ ဟားဟားဟား.......မင်းက ရတနာကို လက်ဝါးကြီးအုပ်ဖို့ စိတ်ကူးမရှိသလိုပဲ၊ ဘယ်လိုတောင် ဒီလိုစကားမျိုး ပြောထွက်ရတာလဲ၊ ဒီရတနာမှာ ခေတ်တစ်ခေတ်ရဲ့ အထွတ်အထိပ် သဘောတရားတွေပါရှိပြီး၊ တာအိုစည်းချက်က ဘယ်လောက်အထိ တန်ဖိုးရှိတယ်ဆိုတာ ငါတို့နှစ်ယောက်လုံး သိပါတယ်။”
ဘိုလိရွှမ်က ဒေါသများ ဆူပွက်လာသော်လည်း စီရွှယ်ယီကို ခွန့်တုန့်ပြန်စရာစကားမရှိချေ။
“ ဒါပေမဲ့ သူသေတာက မင်းအတွက် အကျိုးရှိပါတယ်၊ ဒီလိုမှမဟုတ်ရင် သူကြီးလာရင် မင်းရဲ့ နတ်ဆိုးဖြစ်လာမှာ သေချာတယ်၊ မင်းမသိခင်မှာ မင်းရဲ့ဓားကို အပိုင်းပိုင်းချိုးပစ်နေတဲ့ တစ်စုံတစ်ယောက်နဲ့ မတိုက်ခိုက်ချင်ဖူး မဟုတ်လား.....''
စီရွှယ်ယီက ခပ်ဟဟ ရေရွတ်လိုက်သည်။
ထိုစကားကြောင့် ဘိုင်လိရွှမ်၏ မျက်နှာမှာမည်းမှောင်သွားသည်။ လင်းယွန်ကိုင်လိုက်သည်နှင့် ဓားများမှာ အပိုင်းအစများအဖြစ် ကွဲအက်သွားသော မြင်ကွင်းကို ပြန်မြင်ယောင် လိုက်မိသည်။
သူအလိုရှိပါက လင်းယွန်ကို အလွယ်တကူ သတ်နိုင်သော်လည်း ထိုထူးဆန်းသော မြင်ကွင်းကြောင့် အံသြနေခဲ့ရာမှ၊ လင်းယွန်က လူတိုင်းရှေ့၌ပင် သူ့အား လက်သီးဖြင့် ထိုးကာ ထွက်ပြေးသွားခဲ့သည်။ လျှို့ဝှက်နယ်မြေပွင့်ပြီးနောက် ဤသတင်းသည် နေရာအနှံ့ ပြန့်နှံ့ပေတော့မည်။
" သူ မသေခဲ့ရင် ....."
ဘိုင်လိရွှမ်က ယင်လေစီးကြောင်းထဲသို့ မျက်လုံးများ မှေးစင်းလျက် ငုံ့ကြည့်လိုက်သည်။
“ အင်း၊ အဲဒါက မင်းရဲ့ စိုးရိမ်စရာပဲ၊ ကောင်းကင်ဘုံဓားနန်းတော်ဂိုဏ်းရဲ့ ပါရမီရှင်တစ်ယောက်က ယင်လေစီးကြောင်းကို စူးစမ်းကြည့်နိုင်မလားဆိုတာ အမှန်တကယ် သိချင်မိပါတယ်၊ ဘယ်သူသိမလဲ၊ ယင်လေစီးကြောင်းကို ဖြေရှင်းနိုင်ပြီး မင်းအတွက် အခွင့်အလမ်းကောင်းကို ရှာတွေ့နိုင်မလားဆိုတာကို တော့.... "
ဘိုင်လိရွှမ်မှာ ခုန်ချဖို့ရန် ယုံကြည်ချက် မရှိသည်ကို သိရှိထားရာ၊ စီရွှယ်ယီက ရယ်ဟဟဖြင့် ပြောလိုက်သည်။
" ငါတို့ အတူတူ လုပ်ဆောင်ရင် မဖြစ်နိုင်စရာမရှိပါဘူး "
စီရွှယ်ယီ၏ စကားတိုင်းသည် ဘိုင်လိရွှမ်နှလုံးသားကို ဓားဖြင့် ထိုးနေသကဲ့သို့ နာကျင်လှစေသည်၊ လင်းယွန်သည်သာ ကြီးပြင်းလာပါက၊ သူ၏ နတ်ဆိုးဖြစ်မည်မှာ သေချာပေသည်။
" မင်းနောက်ကို လိုက်သေဖို့ စိတ်မဝင်စားဘူး... "
စီရွှယ်ယီက နုတ်ခမ်းတွန့်ရုံ ပြုံးလိုက်ပြီး၊ ငြင်းဆန်ကာ ထွက်ခွာသွားခဲ့သည်။
အဆုံးစွန်သော အင်အားဖြင့်ပင်၊ ဤကိစ္စနှင့် ပတ်သက်၍ သူလုပ်နိုင်သော အရာမရှိခဲ့ပေ။ ထို့နောက် ဘိုင်လိရွှမ်သည် ယင်လေ စီးကြောင်းအား နောက်ဆုံးအကြိမ် အဖြစ် ငုံ့ကြည့် လိုက်ကာ အံကြိတ်လျက် ထွက်ခွာသွားတော့သည်။
***