ချိုးဖျက်ခြင်းနှင့် ဖွဲ့စည်းခြင်း။
Vol. 12 Ch. 157
လင်းယွန်သည် ချောက်ကမ်းပါးကို တွေ့မြင်လိုက်သည်နှင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်ပြီး မဆိုင်းမတွ ခုန်ဆင်း လိုက်သည်။
ကောင်းကင်မီးလျှံတောင်ထိပ်မှပင် ရှေးဟောင်းဓားသေတ္တာအားကိုးဖြင့် ခုန်ချရဲခဲ့သည်ဖြစ်ရာ ထူးထွေကြောက်ရွံ့ သွားခြင်း မရှိခဲ့ပေ။
သို့သော် လေထုထဲရောက်သည်နှင့် သူ့ရွေးချယ်မှုကို ချက်ချင်း နောင်တရ သွားသည်။
ချိုင့်ဝှမ်းကြီးမှာ ဤမျှလောက် မရိုးရှင်းခဲ့ပေ၊ အေးစက်သောလေများမှာ အဘက်ဘက်မှ တိုက်ခတ်လာပြီး၊ ထိုလေလှိုင်းတစ်ခုစီတွင် ထက်ရှသော အေးစက်စက် အငွေ့အသက်များ ပါရှိနေကာ၊ ယင်းသည် နက်နဲတစ်ပိုင်း သိုင်းသမား တစ်ယောက်၏ တိုက်ခိုက်လာ သကဲ့သို့ ခံစားလိုက်ရသည်။
တဟုန်းဟုန်းတိုက်ခတ်နေသော လေစီးကြောင်းအတိုင်း သူ့ခန္ဓာကိုယ်ကို စီးမျောလိုက်ပါခဲ့သော်လည်း ထက်ရှသော လေလှိုင်းများကြောင့် တုန်လှုပ်ချောက်ချား သွားသည်။
လေလှိုင်းလုံးများက သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသည့် အချိန်တိုင်းတွင် အပိုင်း အစများ အဖြစ် ပိုင်းဖြတ်ခံရတော့မည် ဟုပင် ယူဆလိုက်မိသည်။
“ အေး......အေးတယ် ”
ယွဲ့ဝေဝေက လင်းယွန်၏ လည်ပင်းကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်ပြီး သူမ၏ မျက်နှာတစ်ပြင်လုံး ဖြူဖျော့ခဲ့ကာ၊ နှုတ်ခမ်းများ ခရမ်းရောင် ပြောင်းသွားသည်။
ခန္ဓာကိုယ်တစ်ခုလုံး အေးစက်လာပြီး၊ မျက်လုံးများတွင် ပုံမှန်ရှိနေကြ ထက်မြသော ရဲ့ဝံ့မှုများအစား ကြောက်ရွံ့မှုများဖြင့် အစားထိုးလာသည်။
မိုးကြိုးလျှပ်စီးခန္ဓာကိုယ်ဖြင့် လေလှိုင်းများ၏ လှီးဖြတ်မှုများကို ခုခံကာကွယ်ကာ၊ တစ်ဆက်တည်းမှာပင် ဒါန်တမ်အတွင်းရှိ ခရမ်းရောင်ပန်းပွင့်ထံမှ စွမ်းအင် များအား ထုတ်ယူလိုက်ရာ၊ သူ့ခန္ဓာကိုယ် ထဲသို့ စိမ့်ဝင်နေသော အေးစက်စက် လေလှိုင်းများကို ဖယ်ထုတ် တားဆီး လိုက်နိုင်သည်။
သို့သော် ယွဲ့ဝေဝေမှာမူ မျက်လုံးများ ဖွင့်နိုင်ခြင်း မရှိတော့ပဲ၊ သူမ၏ နှုတ်ခမ်းများမှာ ခရမ်းရောင်အငွေ့များ ရစ်သိုင်းလျက် အေးခဲတုန်ယင်လာသည်။
လက်ရှိအခြေအနေများအရ တစ်စုံတစ်ရာသော နည်းလမ်းများကို အသေအလဲစဉ်းစားနေရ၏။
မိုးကြိုးလျှပ်စီး ခန္ဓာ ကိုယ်မှာ၊ လတ်တလော ပြဿနာများကို ဖြေရှင်းပေး နိုင်သော်လည်း၊ ရရှိလာသော ပြတ်ရှရာ များအရ မကြာခင် သူ၏ အကန့် အသတ်သို့ ရောက်ရှိ သွားကာ၊ အပိုင်းပိုင်း ဖြတ်တောက် အသတ်ခံရနိုင် ပေမည်။
ထို့ပြင် သူ့ရင်ခွင်ထဲ၌ ယွဲ့ဝေဝေသည် သတိလစ် အေးခဲနေခဲ့ကာ၊ လေလှိုင်းများ အန္တရာယ်မှ လွတ်မြောက် လျှင်ပင်၊ ၎င်းအအေး ဒဏ်ကြောင့် သေဆုံးသွားနိုင်သည်။
ဓားသေတ္တာအားကိုးဖြင့် ချောက်ကမ်းပါး ပေါ်မှ ခုန်ချ ဖို့ရန် ဆုံးဖြတ်မိ သည်မှာ မဆင်မခြင် နိုင်သော မိုက်မဲမှုတစ်ခုသာ ဖြစ်လေပြီ၊ သေဆုံး တရားအား ကြောက်ရွံ့ခြင်း မရှိသော်လည်း၊ သူနှင့်အတူ တစ်စုံ တစ်ယောက်အား ဆွဲခေါ် သွားမိသည့် အဖြစ်သည် လင်းယွန်အား မသက်မသာ ဖြစ်လာစေသည်။
ထို့ကြောင့်ပင် သူ့ထံ၌ ရှင်သန်လိုမှု ဗီဇများ ဝင်ရောက်လာပြီး သွားများကို ကြိတ်ကာ လွတ်မြောက်ရန် နည်းလမ်းကို ရှာဖွေလိုက်မိသည်။
ဝှစ် ဝှစ် ဝှစ်။
လေစီးကြောင်းအတွင်းမှ ရုန်ထွက်ရန် ကြိုးစားမိသော်လည်း အထက်ထက် ပိတ်ဆို့ထားသော ထက်ရှသည့် လေစောင်း များကြောင့်၊ အနည်းငယ်မျှပင် လွတ်မြောက်အောင် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ချေ။
အနက်ပိုင်းသို့ ကျဆင်းလာသည် နှင့်အမျှ လေလှိုင်းများစွာသည် သူ့ခန္ဓာကိုယ်ကို ပို၍ ဖိနှိပ်လာခဲ့ရာ၊ သွေးအန်လုနီးပါး ဖြစ်လာစေသည်။
ခန္ဓာကိုယ် အတွင်းမှ ခရမ်းရောင် အလင်းများက၊ လျင်မြန်စွာ လျော့ပါး လိုက်လာပြီး၊ မိုးကြိုးလျှပ်စီး ခန္ဓာကိုယ် သည်လည်း ကြာရှည်ခံ တော့မည် မဟုတ်ကြောင်း လက္ခဏာများ ပြသလာသည်။
" လာ ခဲ့ စမ်း......"
ဤအခြေအနေတွင် လင်းယွန်က လေလှိုင်းများကို လက်သီးဖြင့် ထိုးခွဲရန် ဆုံးဖြတ်လိုက်သည်။
ဒါန်တမ်အတွင်းရှိ ဓားကျိုးပေါ်မှ ငွေဖြူရောင် အလင်းသည် သူ၏ လက်သီးအား စူးရှသော အလင်းများ နှင့်အတူ ဖုံးအုပ် သွားသည်။
လက်သီးနှင့် ဓား၏ ပေါင်းစပ်မှု။
လက်သီးထံမှ ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်လာပြီး လှိုင်းလုံးကြီးများကို ထိုးခွဲပစ်လိုက်ရာ၊ ပတ်ဝန်းကျင် လေထု အတွင်း၌ ကြီးမားသော အပေါက်ကြီး တစ်ခု ဖြစ်ပေါ် လာစေကာ၊ သက်ရောက် နေသော ဖိအား များမှာ အနည်းငယ် ပေါ့ပါးသွားသည်ကို ခံစားလိုက်ရပြီးနောက်၊ ဓားသေတ္တာပေါ်ရှိ ခရမ်းရောင် ရေခဲစာကလေးကို အသက်သွင်း လိုက်သည်။
ခရမ်းရောင်ရေခဲစာကလေးသည် ၎င်း၏ အတောင်ပံများကို ခတ်လိုက်ကာ လင်းယွန်၏ ပြုတ်ကျနေသောအရှိန်အဟုန်ကို တုန့်ခနဲ့ ရပ်တန့်သွားစေကာ၊ လေထဲ၌ ပျံဝဲနိုင်စေခဲ့သည်။
" ကောင်းတယ် ငှက်ကလေး...... "
လေလှိုင်းများမှာ ခဏတာမျှသာ အက်ကွဲသွားခြင်း ဖြစ်သောကြောင့် သူ့တွင် ဖြုန်းတီးစရာ အချိန်မရှိပေ။
ပျော့ပျောင်းသော စွမ်းအင်များကို ခြေဖဝါးသို့ ပို့လွှတ်လိုက်ကာ၊ လေဟာနယ် အက်ကွဲကြောင်းအတိုင်း လေထုအား စောင့်နင်းလျက် ချောက်ကမ်းပါး နံရံဆီသို့ လေဟုန်စီး တိုးဝင်လိုက်သည်။
ဝှစ်။
ကမ်းပါးနံရံရှိ ကျောက်ကမူစွန်းကို လှမ်းဆွဲလိုက်မိသည်နှင့် လေဟာနယ် အက်ကွဲကြောင်းမှာ ပုံမှန်အတိုင်း ပြန်လည် ပိတ်ဆို့ သွားကာ၊ လင်းယွန်အား နောက်တစ်ကြိမ် လေစီးကြောင်း ထဲသို့ ဆွဲငင်လိုက် သဖြင့်၊ နီးစပ်ရာ လှိုဏ်ဂူ အတွင်းထဲသို့ ချက်ချင်း ပြေးဝင်လိုက်ရသည်။
ဝင်လိုက်သည်နှင့် တပြိုင်နက် သူ့နောက်မှ ထက်ရှသော လေလှိုင်းများမှာ လှိုဏ်ဂူဝအား အရှိန်အဟုန်ပြင်းစွာ ရိုက်ခတ်သွားလေသည်။
" ဟူး...... သေလု သေခင်ပါလား "
လင်းယွန်က စိုးရိမ်သောအကြည့်ဖြင့် ယွဲဝေဝေကို သယ်ဆောင်လာကာ ဂူအတွင်းပိုင်း ဆီသို့ နက်ရှိုင်းစွာ တိုးဝင် လာခဲ့သည်။
သို့သော် ခဏအကြာတွင် လှိုဏ်ဂူသည် အဆုံးသတ်သွားခဲ့ပြီး၊ မာကျောသော ကျောက်နံရံကြီးအား တွေ့မြင်လိုက်ရသည်။
ထက်ရှသော လေလှိုင်းများမှာ ပတ်ဝန်းကျင် ကျောက်နံရံများကို အားဖြည့်ပေး ထားသော ကြောင့် ၎င်းနံရံများသည် လေးနက်သော သံများ ကဲ့သို့ မာကျောလှပေရာ၊ လင်းယွန်၏ ခွန်အားဖြင့် ထိုးဖောက်ထွက်ရန် မဖြစ်နိုင်ပေ။
ယွဲ့ဝေဝေအား အသာအယာ ပွေ့ချလိုက်ပြီး၊ စစ်ဆေးကြည့် လိုက်သည်။ ယွဲ့ဝေဝေမှာ အေးစက်သော လေများကြောင့် ခန္ဓာကိုယ် တစ်ခုလုံး တောင့်တင်းနေကာ၊ မျက်တောင်မွှေး များတွင် ရေခဲလွှာများ ဖုံးလွှမ်းနေခဲ့သည်။
သူ့အတွက်မူ မီးလျှံအမြုတေများကို စုပ်ယူ သန့်စင်ဖူးသည် ဖြစ်ရာ၊ အေးစက်စက် လေလှိုင်း များကို သဘာဝအရ ခုခံနိုင်ခဲ့သည်။
သို့သော် ယွဲ့ဝေဝေသည် သူနှင့် မတူညီနိုင်ပေ။ ချိုင့်ဝှမ်းအတွင်းသို့ ခုန်ဆင်း လိုက်ချိန်မှစကာ၊ အေးစက်သော အငွေအသက် များက၊ သူမ၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စိမ့်ဝင်နေပြီး၊ ရိုးတွင်းခြင်ဆီ ထိတိုင် တိုးဝင် အေးခဲစေသည်ကြောင့်၊ အသက်ရှင်သန်ခွင့်ကို ခြိမ်းခြောက်နေခဲ့ လေပြီ။
လင်းယွန်က ယွဲ့ဝေဝေကို မြေကြီး ပေါ်သို့ ထိုင်လျက် အနေ အထားဖြင့် ထိန်းမတ် လိုက်ပြီး၊ သူ့လက်ဖဝါးကို ပခုံးပေါ် တင်လိုက်ကာ၊ ယန်သန့်စင်ခြင်း နည်းစနစ်ကို ဖြန့်ဝေ လိုက်သည်။
ဒါန်တမ်အတွင်းတွင် ရွှေရောင်မုန်တိုင်း နေရာ၌ အိုင်းရစ်ဓားသုတ္တန်နှင့် သက်ဆိုင်သော ခရမ်းရောင်ပန်းပွင့်က အစားထိုးသွားခဲ့သည်မှာ ကြာနှင့်လေပြီ။
သို့သော် ယခုအချိန်တွင် အဆိုပါ ခရမ်းရောင်ပန်းပွင်ကို လွန်စွာထိခိုက်စေသည့် ယန်သန့်စင်ခြင်း နည်းစနစ်ဟောင်းကို ပြန်လည် ဖြန့်ဝေခဲ့ရသည်။
ခရမ်းရောင်ပန်းပွင့်မှာ တဖြည်းဖြည်း မှိန်ဖျော့လာပြီး၊ ရွှေရောင်မုန်တိုင်းသင်္ကေတမှာ ပို၍ အားကောင်းလာကာ အစားထိုးရန် အားယူနေခဲ့သည်။
ယင်းအချိန်သည် အလွန်ပင် အရေးကြီး လှကာ အကယ်၍ ယန်သန့်စင်ခြင်း နည်းစနစ်ကို ဆက်လက်ကျင့် သုံး နေပါက၊ ပထမ အဆင့် ဖွဲ့တည်ထားနိုင်သော ခရမ်းရောင် ပန်းပွင့်သည် ပြိုလဲ သွားမည် ဖြစ်သည်။
သို့သော် လင်းယွန်သည် ယွဲ့ဝေဝေကို ကယ်တင်ဖို့ရန်အတွက် တွေဝေခြင်း အလျင်း ကင်းကာ၊ ဤလမ်းကို ဆက်လျှောက်လာ မိသည်။
ယန်သန့်စင်ခြင်း နည်းစနစ်၏ ဦးဆောင်မှုအောက်၌ ရွှေရောင် ဝိညာဉ်စွမ်းအင် များသည် ယွဲ့ဝေဝေခန္ဓာကိုယ် အတွင်းရှိ အအေးဓာတ်များကို တွန်းထုတ်နေခဲ့သည်။
'' .............. ''
သူ၏ ဒါန်တမ်အတွင်းထံမှ ပြတ်သားသော အက်ကွဲသံတစ်သံ ထွက်ပေါ်လာပြီးနောက်၊ ခရမ်းရောင် ပန်းပွင့်မှာ ကြေမွှသွားသည်။ ထိုသို့ အက်ကွဲသွားသော နေရာတွင် ရွှေရောင်မီးတောက်များ ထပ်မံဖြစ်ပေါ်လာသည်။
'' ............. ''
နာရီအနည်းငယ် အကြာတွင် ယွဲ့ဝေဝေ၏ ခန္ဓာကိုယ်မှ အေးစက်သော အခိုးအငွေ့များ ထွက်လာခဲ့ပြီး၊ တစ်ချိန်တည်းမှာပင်၊ အသားအရေသည် သွေးရောင်များ လွှမ်းတက်လာလေသည်။
စိတ်ချရသော အခြေအနေ ရောက်သည်နှင့် စွမ်းအင်ဖြန့်ဝေခြင်းကို ရပ်တန့်လိုက်ကာ၊ သိုလှောင်အိတ်အတွင်းမှ မီးလျှံကျောက်တုံး အချို့ကို အလင်းရောင်ရရန်အတွက် ထုတ်ယူလိုက်ပြီး၊ ယွဲ့ဝေဝေ၏ ဘေးတစ်နေရာ၌ ချထားလိုက်သည်။
၎င်းမီးလျှံကျောက်တုံးသည် လတ်တလော အအေးဓာတ်ကို ဖယ်ရှားနိုင်မည့်အပြင်၊ အလင်းရောင် အရင်းအမြစ် အဖြစ်လည်း အသုံးပြုနိုင်သည်။ လှိုဏ်ဂူအတွင်း အနည်းငယ် နွေးထွေးလာသည်နှင့် ဂူဝသို့ လျှောက်သွားလိုက်ကာ၊ ချောက်ကမ်းပါးအတွင်းရှိ လေစီးကြောင်းအား ငေးကြည့်နေမိသည်။
သူ့အနေနှင့် အခြားသော ထွက်ပေါက်များကို ရှာဖွေရန် လိုအပ်နေခဲ့ပြီး၊ ဤနေရာတွင် ပိတ်မိနေဖို့ရန် ဆန္ဒမရှိသော်လည်း၊ လမ်းကြောင်းတစ်စုံတစ်ရာကိုမျှ ရှာမတွေ့သည်ကြောင့် မကြာမီ စိတ်ပျက်သွားခဲ့သည်။
'' ဒီ လေစီးကြောင်းတွေ ထဲကို ဖြတ်သွားမှ ရမယ့်ပုံပဲ... ''
လေစီးကြောင်းတစ်လျှောက် မျှော်ကြည့်လိုက်ရာ၊ တဟုန်ထိုး လှိုင်းထနေသော လေပြင်းများကြောင့် ကျောရိုးအနှံ့ အေးစက်သွားသည်။
လင်းယွန်က ခေါင်းကို ခါယမ်းလိုက်ကာ လှိုဏ်ဂူအတွင်းသို့ ပြန်လာခဲ့သည်။ ယွဲ့ဝေဝေ သည် နှစ်ခြိုက်စွာ အိပ်ပျော်နေသေးသဖြင့် ခပ်လှမ်းလှမ်းတွင် ထိုင်ချလျက်၊ ရှန်ရှင်းဆေးလုံးများကို ထုတ်ယူကာ ခရမ်းရောင်ပန်းပွင့်ကို ပြန်လည်ဖွဲ့တည်ရန် ကြိုးစားလိုက်သည်။
" အိုင်းရစ်ဓားသုတ္တန်က ပျက်သွားပြီဆိုတော့၊ဒါကို ပြန်ရအောင် ကြိုးစား ကြည့်ရအောင်။ "
သူ့၌ ရှန်ရှင်းဆေးလုံးပေါင်း (၂၀,၀၀၀)နီးပါး ရှိသည်ဖြစ်ရာ၊ အရင်းအမြစ် ပြတ်လပ်သွားရန် ပူပန်ခြင်း မရှိခဲ့ချေ။ ရှန်ရှင်းဆေးလုံးများထံမှ စွမ်းအင်များကို စုပ်ယူမိသည်နှင့်အမျှ ကုန်ဆုံးသွားသော ဝိညာဉ်စွမ်းအင်များမှာ ပြန်လည် အားဖြည့်စ ပြုလာသည်။
ရွှေရောင်မုန်းတိုင်းသင်္ကေတရှိရာ သူ့ဒါန်တမ်အတွင်းတွင်၊ ဝိညာဉ်စွမ်းအင်များ ပြန်လည် ပြည့်လျှံလာပြီးနောက် အိုင်းရစ်ဓားသုတ္တန်ကို ပြောင်းလဲဖြန့်ကျက် လိုက်၏။
အိုင်းရစ်ဓားသုတ္တန် နည်းစနစ်၏ ဦးဆောင်မှုအောက်တွင် မိုးကြိုးလျှပ်စီးခန္ဓာကိုယ်၏ အစွမ်းထက်သော ကုသနိုင်စွမ်းများသည် လင်းယွန်၏ ဒဏ်ရာ များစွာအား ပြန်လည်သက်သာလာ စေသည်။
သို့သော် ခရမ်းရောင်ပန်းပွင့်ကို ဖွဲ့တည်ရန် ကြိုးစားမိသောအခါတွင် အကြိမ်ကြိမ် ပြိုပျက်နေခဲ့သည်ကြောင့် ထိတ်လန့်စ ပြုလာခဲ့သည်။ ရှန်ရှင်းဆေး အလုံးပေါင်း တစ်ရာကျော်ကို စားသုံးပြီးနောက်တွင်ပင်၊ သူ၏ ရွှေရောင်မုန်တိုင်း သင်္ကေတသည် ခရမ်းရောင်ပန်းပွင့် အဖြစ်သို့ ပြောင်းလဲရန်ငြင်းဆန် နေလေသည်။
'' ဘာလဲ ..... ဒါက တစ်ကြိမ် ချိုးဖျက်မိတာနဲ့ နောက်တစ်ကြိမ် ကျင့်ကြံလို့ မရနိုင်တော့ဖူးလား... ''
အိုင်းရစ်ဓားသုတ္တန်သည် ဓားသမားများအတွက် အံဝင်ခွင်ကျ ဖြစ်စေသော စွမ်းအင်ကျင့်ကြံခြင်း နည်းစနစ်တစ်ခု ဖြစ်သည်။ ယင်းနှင့်ဆင်တူသော နည်းစနစ်များကို ရှာဖွေရန်ပင် လွယ်ကူမည် မဟုတ်ပေ။
ထို့ထက် အရေးအကြီးသည်မှာ၊ အိုင်းရစ်ဓားသုတ္တန်သည် မြင့်မြတ်သောခရမ်းရောင်မီးရေခဲကို သန့်စင်ရန်အတွက် တစ်ခုတည်းသော နည်းစနစ် ဖြစ်ပေသည်။
ဓားသူတော်စင်၏အမွေကို ဆက်ခံမှုအပေါ်တွင် ကံကြမ္မာက မျက်နှာသာ ပေးခဲ့ပုံ မရပေ။ နာရီအနည်းငယ် ကြာသည်အထိ ဆက်လက် ကြိုးစားနေမိသည် ဖြစ်ရာ၊ သူ၏ခန္ဓာကိုယ်အတွင်း၌ အကန့်အသတ်မရှိသော ဝိညာဉ်စွမ်းအင်များဖြင့် ပြည့်နှက်လာပြီး၊ အဆင့်ချိုးဖြတ်လိုသော အရိပ်အယောင်များပင် ပြသလာ ခဲ့လေသည်။ သို့သော် ခရမ်းရောင်ပန်းပွင့်ကိုမူ ဖွဲ့တည်နိုင်ခြင်း မရှိတော့ပေ။
( ဘာပဲဖြစ်ဖြစ် ရှန်ရှင်းဆေးလုံးတွေကိုတော့ ဖြုန်းတီးရာ မရောက်ခဲ့ပါဖူး.... )
ကူကယ်ရာမဲ့စွာဖြင့် သူ့ကိုယ်သူ နှစ်သိမ့်နေစဉ်၊ ယွဲ့ဝေဝေ၏ အသံကြောင့် မျက်လုံးများ ဖွင့်ကြည့်လိုက် လေသည်။
" ဒါက ဘယ်နေရာလဲ"
ယွဲ့ဝေဝေက စိတ်ရှုပ်ထွေးစွာဖြင့် လှိုဏ်ဂူအတွင်း လှည့်ပတ်ကြည့်သည်။
“ လုံခြုံတဲ့နေရာတစ်ခုလို့ ထင်တာပဲ၊ ဒါပေမယ့် ထက်ရှတဲ့ လေလှိုင်းတွေကြောင့် အပြင်ထွက်ဖို့ ခက်ခဲနေသေးတယ်”
-ဟု လင်းယွန်က ပြန်ဖြေလိုက်သည်။
" ထက်ရှတဲ့လေတွေ......ငါတို့ ယင်လေစီးကြောင်းထဲ ခုန်ချခဲ့တာတောင် မသေသေးဘူးလား၊ ငါတို့တော်တော် ကံကောင်းခဲ့ပုံရတယ်”
လက်နှစ်ဖက်ကို ဆန့်တန်း ရိုက်ခါလိုက်ပြီး၊ ယွဲ့ဝေဝေ၏ မျက်နှာပေါ်တွင် အပြုံးတစ်ပွင့် ဖြစ်ပေါ်လာကာ၊ စိတ်ပျက်အားငယ်နေသော ကြောက်ရွံ့မှုများ ရှိမနေတော့ပေ။
" ယင်လေစီးကြောင်း...... ဒီနေရာကို ယင်လေစီးကြောင်းလို့ ခေါ်တယ်လား "
" ဟမ် ...... နင် မသိဘူးလား....အိုး အဲဒါက အဓိပ္ပာယ်ရှိတယ်၊ ဒီနေရာကသာ ယင်လေစီးကြောင်း ဆိုတာကို သိရင်၊ နင်....ခုန်ချမှာ မဟုတ်ဘူး၊ ဒါက လျှို့ဝှက်နယ်မြေအတွင်းမှာရှိတဲ့ မရဏဇုန်ပဲ၊ ချိုင့်ဝှမ်းအောက်ခြေမှာ ချိတ်ပိတ်ထားတဲ့ ယင်မူလ ရင်းမြစ် တစ်ခုရှိတယ်၊ အဲ့ဒီတံဆိပ်က ပျက်စီးသွားပြီး ဒီဖြစ်စဉ်ကို ဖြစ်ပေါ်လာစေတာ ”
“ မင်းကို ဆွဲခေါ်လာမိလို့ တောင်းပန်ပါတယ်…”
" ဟဲဟဲ ဒါက နင့် အပြစ် မဟုတ်ပါဘူး၊ စီရွှယ်ယီက ငါတို့ကို ဖမ်းမိသွားရင် သေမှာပါပဲ၊ နေဦး....နင် နင် ငါ့ခန္ဓာကိုယ်ထဲက အအေးဓာတ်ကို ဘယ်လိုဖယ်ထုတ် လိုက်တာလဲ "
ရုတ်တရက် သတိထား မိသွားဟန်ဖြင့်၊ ယွဲ့ဝေဝေက မျက်လုံးပြူးပြီး မေးလိုက်သည်။
“ ဒီလောက်လည်း မဟုတ်ပါဘူး…”
“ အအေးဒဏ်ကို ငါ့ခန္ဓာကိုယ်က မခံနိုင်ဖူး၊ ငါငယ်ငယ်တုန်းက အအေးဒဏ်ကြောင့် သေလုမျောပါး အဖြစ်အပျက်တွေ ဖြစ်ခဲ့ဖူးတယ်၊ အခု အချိန်အထိ အအေးစွမ်းအင်က ငါ့အသက်ကို နုတ်ယူနိုင်ဆဲပဲ၊…....အိုး ငါ့ကိုကယ်ဖို့ နင့်ရဲ့ နည်းစနစ်ကို ချိုးဖျက်လိုက်တာလား။ ''
ယွဲ့ဝေဝေ၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားပြီးနောက်၊ လင်းယွန်၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များမှာ၊ ယခင်ကထက် သိသိသာသာ ပြောင်းလဲသွားသည်ကို ခံစားလိုက်နိုင်ခဲ့သည်။
" အင်းဟုတ်တယ် မင်းသေတာကို ငါမမြင်ချင်ဘူး "
လင်းယွန်က ပေါ့ပေါ့ပါးပါးပင် ပြုံးကာ ပြော လိုက်သည်။ နောက်ထပ် အခွင့်အရေးရလျှင်ပင်၊ တူညီသော ရွေးချယ်မှုကိုသာ ပြုလုပ်မိပေမည်။
" ဟဲဟဲ၊ အဲဒီ စကားကိုတော့ ငါအကြိုက်ဆုံးပဲ "
ယွဲ့ဝေဝေ၏ မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ပွင့် ထွက်ပေါ်လာသည်။
“ ငါ့အသက်က ကျင့်ကြံမှု နည်းစနစ်တွေထက် ပိုတန်ဖိုးရှိတယ် ငါသာ သေဆုံးခဲ့ရင် နင်က ယင်လေစီးကြောင်း ကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ "
" အိုး... မင်းမှာ နည်းလမ်းရှိတယ်လား "
" ဘာလို့ အလျင်လိုနေရတာလဲ...အစ်ကိုကြီးယွန်ရဲ့ အိုင်းရစ်ဓားသုတ္တန်ကို ပြန်ရအောင် ငါကူညီပေးမယ်၊ စွမ်းအင်ကျင့်ကြံခြင်း န နည်းစနစ်တွေကို နောက်ပြန်ဆုတ် စေတာက ကြီးမားတဲ့ တားမြစ်ချက်တစ်ခုပဲ၊ ဒါပေမယ့် ချိုးဖျက်ပြီး ပြန်ဖွဲ့စည်းနိုင်ရင် သဘာဝအတိုင်း အခွင့်အရေးအချို့ ရှိလာမှာပါ။”
ယွဲ့ဝေဝေက အဆင့်မြင့် ကျောက်တုံးများကို ထုတ်ယူကာ ကောင်းကင်တွင် ပျံဝဲစေလိုက်သည်။ တစ်ချိန်တည်းမှာပင်၊ သူ၏လက်များကို လိပ်ပြာများကဲ့သို့ လေထုထဲ၌ 'က'ခုန်စေပြီးနောက် အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများကို ပြန့်ကျဲသွားစေကာ၊ ထူးဆန်းသော ခင်းကျင်းမှုတစ်ခုအဖြစ် စတင်ပြောင်းလဲ လာသည်။
အကြမ်းဖျင်း ရေတွက်ကြည့် ရမည်ဆိုပါလျှင် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး အနည်းဆုံး (၃၀၀၀)ခန့် ရှိနိုင်ပေမည်။
လင်းယွန်က ဤမြင်ကွင်းကို ကြည့်ကာ အံ့သြသွားမိသည်။ ထောင်နှင့်ချီသော အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများကို သူမနှင့်အတူ သယ်ဆောင်လာနိုင်သည်မှာ ယွဲ့ဝေဝေ၏ နောက်ခံကို ပို၍ တွေးမိလာ စေသည်။
" ဒါ ဘာလဲ......"
'' ယင်-ယန်ဆက်နွယ်မှုမှော်အခင်းအကျင်းတစ်ခုပဲ၊ ငါ့ရဲ့ကျင့်ကြံမှုနည်းစနစ်က ကိုးကြိမ် ချိုးဖျက်ဖို့ လိုအပ်တယ်၊ တနည်းအားဖြင့် မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကို ကိုးကြိမ်ပြုပြီး နောက်မှသာ၊ ပြီးပြည့်စုံတယ်လို့ ယူဆနိုင်တယ်၊ ဒီ မှော်အခင်းအကျင်းက အဲ့ဒီ ဖြစ်စဉ်တွေအတွက် မရှိမဖြစ်ပါပဲ ”
***