ရှန်ရှင်း နယ်မြေ၏ ပဉ္စမ အဆင့်။
Vol. 12 Ch. 160
ယင်လေစီးကြောင်းမှာ နှစ်ပေါင်းများစွာ ကြာသည်အထိ အအေးဓာတ် များကို ထုတ်လွှတ် ထားနိုင်သော၊ လေစီးကြောင်းမျိုး ဖြစ်ကာ ၎င်း၏ အသိပ်အသည်းဆုံး နေရာတွင် တစ်စုံတစ်ဦးပင် ခြေမချနိုင်သော တားမြစ်ဇုန်တစ်ခု ဖြစ်လာခဲ့သည်။
သို့သော် ယခုအချိန်တွင် ထိုတားမြစ်ဇုန် အတွင်းတွင် ကောင်းကင်၌ ပျံဝဲနေသော ပုံရိပ်တစ်ရိပ် ရှိနေသည်။ သူ့အနီးသို့ ထက်ရှသော လေစီးကြောင်းများမှာ အဆက်မပြတ် တိုးဝင်နေခဲ့သည်။
ယင်းစွမ်းအင်များမှာ ရိုင်းစိုင်း ကြမ်းတမ်းနေခဲ့ကာ၊ နက်နဲသိုင်းသမား တစ်ယောက်ကိုပင်အပိုင်းပိုင်း ခုတ်ဖြတ်ပစ်နိုင် လေပြီ။
သို့သော် ၎င်းလေစီးကြောင်းသည် ထိုလူရိပ်အား ထိခိုက်အောင် စွမ်းဆောင်နိုင်မှု မရှိခဲ့ပဲ၊ ယင်းအစား၊ သူ၏ စုပ်ယူနိုင်မှုကြောင့် ပတ်ဝန်းကျင်ရှိ ထိုလေစီးကြောင်းကို ပိုမို ပါးလွှာသွားစေသည်။
သဘာဝအတိုင်းဆိုပါက ထိုလူရိပ်မှာ လင်းယွန်ဖြစ်ပြီး၊ အချိန်ကြာလာသည် နှင့်အမျှ ပတ်ဝန်းကျင်ရှိ ယင်စွမ်းအင်များကို စုပ်ယူလိုက်ပြီးနောက် မျက်လုံးများ ပွင့်လာခဲ့သည်။
'' ရွှီး......ဝုန်း ''
ခန္ဓာကိုယ်မှ ထက်ရှသော အရှိန်အဝါများ ထွက်ပေါ်လာပြီးနောက် သူ၏ ကျင့်ကြံမှုသည် ရှန်ရှင်းစတုတ္ထအဆင့် အထွတ်အထိပ်သို့ ရုတ်တရက် ရောက်ရှိသွားသည်။
သို့သော်၊ ထိုအရှိန်အဝါ စွမ်းအားသည်ပင် သွေးတိမ်ဂိုဏ်း၏ နက်နဲတပိုင်း အကြီးအကဲ အရှိန်အဝါထက် မည်သည့်နည်းဖြင့်မျှ ယုတ်လျော့မည် မဟုတ်ကြောင်း သိရှိလိုက်သည်။ ဤခန္ဓာကိုယ်ကို ရရှိပြီးနောက်၊ ၎င်း၏ အခြေခံ အုတ်မြစ်သည် ထိုမျှ နက်ရှိုင်းကျစ်လစ် လာလိမ့်မည်ဟု မမျှော်လင့်ထား မိချေ။
တစ်ချိန်တည်းမှာပင် ဒါန်တမ်အတွင်းရှိခရမ်းရောင်ပန်းပွင်သည် ပွင့်ချပ်နှစ်ဆယ့်လေးချပ် အထိ တိုးပွားလာခဲ့ပြီး၊ ထိုပန်းပွင့်သည် ကောက်ကြောင်းမျှသာ မဟုတ်တော့ပဲ၊ ယင်းအစား ထက်ရှသော ဝိညာဉ်စွမ်းအင်များဖြင့် ဖုံးလွှမ်းတောက်ပ နေခဲ့သည်။
တစ်ချိန်တည်းမှာပင် ခရမ်းရောင်ပန်းပွင့်တွင် နူးညံ့ သိမ်မွေ့မှုနှင့် ကြမ်းတမ်း မာကြောမှု ကဲ့သို့သော၊ ဆန့်ကျင်ဘက် သဘာဝနှစ်မျိုးကို ပိုင်ဆိုင်ထားပြီး၊ ၎င်းပန်းပွင့်မှာ လှုပ်သည်ဆိုရုံမျှ လှုပ်လိုက်ရုံဖြင့်၊ သူ့သွေးကြောများအတွင်း ဝိညာဉ်စွမ်းအင်များ အော်ဟစ် ရုန်းကြွ လာခဲ့သည်။
“ ဒီဓားသုတ္တန်က စတုတ္ထအဆင့်ကို ရောက်ပြီးတဲ့နောက် လိပ်တစ်ကောင်လို နှေးကွေးလာ သလိုပဲ..…”
လင်းယွန်က စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချ လိုက်သည်။
အဆုံးတွင်၊ ကောင်းကင်ဘုံဖျက်ဆီးခြင်းနည်းစနစ်သည် ရှေးဟောင်း တားမြစ် နည်းစနစ်တစ်ခုမှ ဆင်းသက်လာသော မပြည့်စုံသည့် လျှို့ဝှက် နည်းစနစ်တစ်ခုပင် ဖြစ်သည်။ ထို့ကြောင့် ဓားသုတ္တန်ကို ကနဦး၌ ကြီးထွားလာစေပြီးနောက်၊ ပဉ္စမနေ့တွင် နှေးကွေးလာခြင်း ဖြစ်ပေမည်။
သို့သော်၊ ကျင့်ကြံမှုအဆင့်သည်မူ လွန်ခဲ့သော ငါးရက်အတွင်း အရှိန်အဟုန်ဖြင့် မြင့်တက်လာပြီး ရှန်ရှင်းနယ်မြေ၏ ပဉ္စမအဆင့်သို့ ရောက်ရှိရန် အရိပ်အယောင်များ ပြသလာခဲ့ပြီ ဖြစ်သည်။ သူသာ အမှတ်မမှားပါက ရှန်းရှန်း စတုတ္ထအဆင့်သို့ ရောက်ရှိ ထားခဲ့သည်မှာ တစ်လခွဲမျှသာ ရှိပေသေးသည်။ ထိုကဲ့သို့သော အောင်မြင်မှုမျိုးကို ယင်စွမ်းအင်များအား စုပ်ယူသန့်စင်ခြင်းဖြင့် အောင်မြင်မှု ရခဲ့ကြောင်း ဖွင့်ဟပြောဆိုမိပါက၊ မည်သူမျှ ယုံမည် မဟုတ်ပေ။
“ နင့်ရဲ့ ဓားသုတ္တန်က မတိုးတက် နိုင်တော့ဖူး မဟုတ်လား”
ကောင်းကင်ယံအတွင်းမှ ယွဲ့ဝေဝေသည် သူ့လက်ထဲရှိ ယပ်တောင်ကို ညင်သာစွာ ခတ်ယူလိုက်ပြီး၊ ထက်ရှသော လေစီးကြောင်းအတွင်း သူ့တစ်ကိုယ်စာ အကာအရံတစ်ခု ဖန်တီးလိုက်ကာ၊ လင်းယွန်ဆီသို့ ခုန်ဆင်းလာလေသည်။
ဒဏ်ရာမှ ပြန်လည် သက်သာလာချိန်မှ စ၍ တစ်စုံတစ်ရာကို ရှာဖွေရန် ချိုင့်ဝှမ်းအနှံ့ လှည့်ပတ်ကြည့်ရှု နေခဲ့ခြင်း ဖြစ်သည်။
လင်းယွန်းက ခေါင်းညိတ်ရင်း
“ ဟုတ်တယ် စတုတ္ထအဆင့်ကို ရောက်ပြီးနောက် တိုးတက်မှုက နှေးကွေးလာတယ်၊ ယင်စွမ်းအင်ကို ဘယ်လောက်ပဲ ဝါးမျိုနေပါစေ ပြောင်းလဲမှု လုံးဝမရှိတော့ဘူး။”
“ ဒါက အံ့သြစရာတော့ မဟုတ်ပါဘူး၊ ဓားသုတ္တန်က ရွှေခေတ်ကနေ ဆင်းသက်လာတဲ့ နည်းစနစ်တစ်ခုပဲ၊ သူ့စွမ်းအားက နင့်စိတ်ကူးထက် ကျော်လွန်နေတယ်၊ ငါးရက်အတွင်း စတုတ္ထအဆင့်အထိ ကျင့်ကြံနိုင်ခဲ့တာကိုက ကြောက်စရာ ကောင်းနေပါပြီ၊ နင့်ရဲ့ ဝိညာဉ်စွမ်းအင်တွေက ဘယ်လောက်များ သိပ်သည်း နေသလဲဆိုရင်၊ အပြာရောင်နေမင်းနိုင်ငံမှာ ရှိတဲ့ နက်နဲတပိုင်း သိုင်းသများတွေတောင် နင့်ရဲ့ ပြိုင်ဘက် ဖြစ်လာနိုင်မှာ မဟုတ်ဘူးဆိုတာ ငါပြောနိုင်တယ် ''
ယွဲ့ဝေဝေက လင်းယွန်အား စစ်ဆေးကြည့်ပြီးနောက်၊ သုံးသပ် ပေးလာသည်။
" ဒီလောက်ပဲလား မဟာချင်အင်ပါယာ တစ်ခုလုံးက အထက်တန်းစားတွေနဲ့ ဆိုရင်ရော ဘယ်လိုနေလဲ။"
အပြာရောင်နေမင်းနိုင်ငံမှာ လင်းယွန်၏ မျက်လုံးထဲ၌ မရှိတော့ပေ။ ဘိုင်လိရွှမ် နှင့် စီရွှယ်ယီ ကဲ့သို့သော မဟာချင်အင်ပါယာ၏ ပါရမီရှင်များသည်သာ သူ၏ စိတ်ဝင်စားမှုနှင့် ထိုက်တန်ပေမည်။
ယွဲ့ဝေဝေက မျက်လုံးများကို မှေးစင်းလျှက် ခဏမျှ ငြိမ်သက်သွားပြီးနောက်၊
“ မဟာချင်အင်ယာရဲ့မျိုးဆက်တူတွေထဲမှာဆိုရင် ထူးချွန်တယ်လို့ ယူဆလို့ ရပါတယ် ''
“ ဒါကို ချီးကျူးတဲ့ အနေနဲ့ ငါမှတ်ယူ လိုက်မယ်”
“ ဟဲဟဲဟဲ၊ ယင်မူလရင်းမြစ်ကို စည်းတံဆိပ်ခတ်ထားတာ ငါ တွေ့ခဲ့တယ်၊ နင် ကြည့်ချင်လား "
ယွဲ့ဝေဝေက လင်းယွန်ကို ကြည့်ကာ မေးလိုက်သည်။
“ ငါ စဉ်းစားကြည့်ဦးမယ် ”
လင်းယွန်က ပြန်ဖြေလိုက်ပြီး ယင်းစွမ်းအင်များ ထွက်ပေါ်နေရာ အရင်းအမြစ်ဆီသို့ မျှော်ကြည့်လိုက်သည်။
စည်းတံဆိပ် ပျက်စီးလာခြင်းကြောင့် လေထုထဲသို့ ယင်မူလစွမ်းအင်များ ယိုစိမ့်ပေါင်းစပ်သွားခြင်း ဖြစ်ရပေမည်။
(ရှေးဟောင်းဂိုဏ်းကြီးသည် ထိုယင်မူလအရင်းအမြစ်ကို အဘယ်ကြောင့် စည်းတံဆိပ် ခတ်ထား လေသနည်း။ )
လင်းယွန်မှာ သူ့ကိုယ်သူ သန်မာလာစေရန် ယင်စွမ်းအင်ကို စုပ်ယူချင်ရုံသာ ဖြစ်ပြီး၊ ထိုစည်းတံဆိပ်ကို ထိရန် ရည်ရွယ်ချက် မရှိပေ။
ဓားသူတော်စင်၏ အမွေခံနယ်မြေရှိ နတ်ဆိုးအလောင်းကောင်များမှာ၊ နှစ်ပေါင်းများစွာ သေဆုံးနေခဲ့သည့်တိုင်အောင် ထိုအလောင်းများဆီမှ စိမ့်ထွက်နေသော ရောင်ဝါများသည် ကြောက်မက်ဖွယ် ကောင်းလှနေဆဲပင် ဖြစ်သည်။ ထို့ကြောင့် မည်သို့သော စည်းတံဆိပ်များမဆို ၎င်းနတ်ဆိုး အလောင်းကောင်များ ဖြင့်လည်း ဆက်စပ်နေနိုင် ပေမည်။
“ မေ့လိုက်ကြစို့၊ ရှေးဟောင်းဂိုဏ်းရဲ့ စည်းတံဆိပ်ကို မထိရအောင်။ ”
လင်းယွန်၏ ပြတ်သားသော ဆုံးဖြတ်ချက်ကြောင့် ယွဲ့ဝေဝေမှာ အံသြသွားသည်။
" ဒါပေမယ့် နင့်ရဲ့ ကျင့်ကြံမှု နည်းစနစ်အရ၊ ယင်မူလ ရင်းမြစ်ကို ....မဝါးမျိုမချင်း၊ ရပ်တန့်နေမှာကို ငါကြောက်မိတယ်။"
ယွဲ့ဝေဝေ၏ စကားများသည် မှန်ကန်သော ဆွဲဆောင်မှုများ ဖြစ်လေသည်။ သို့သော် လင်းယွန်က ခိုင်မာစွာ ခေါင်းယမ်း ပြလိုက်ပြီး။
“ အရေးမကြီး တော့ပါဘူး၊ ငါးရက်အတွင်း ငါ့ရဲ့ ခွန်အားတွေ တိုးလာတာနဲ့တင်၊ လုံလောက် နေပါပြီ ”
" အွမ်.... နင်က ပျင်းစရာကောင်းလိုက်တာ၊ အခုတော့ ငါတို့က ဒီမှာ ဘာလုပ်ရမှာလဲ "
ယွဲ့ဝေဝေက ခေါင်းမော့ပြီး ရေရွတ်လိုက်သည်ကြောင့် လင်းယွန်က ပြုံးလိုက်၏။
ယင်လေစီးကြောင်းမှာ သူတို့နှစ်ဦးအတွက် ပြဿနာတစ်ခု မဟုတ်တော့သော်လည်း ဤလျှို့ဝှက်နယ်မြေမှ ထွက်ခွာသွားလိုခြင်း မရှိသေးချေ။ လျှို့ဝှက်နယ်မြေ၏ ထွက်ပေါက်နေရာ၌ ရှန်ရှင်း သိုင်းသမားများစွာအပြင်၊ ဘိုင်လိရွှမ်နှင့် စီရွှယ်ယီတို့ ရှိနေနိုင် ပေမည်။
“ မင်း စိတ်ဝင်စားရင် ငါ့မှာ မျောက်ဝိုင်ရှိတယ် ...."
လင်းယွန်က သိုလှောင်အိတ်အတွင်းမှ မျောက်ဝိုင်ပုလင်းကို ထုတ်ယူလိုက်ပြီး၊ ယွဲ့ဝေဝေကို ကြည့်လိုက်သည်။
" အိုး မျောက်ဝိုင်လား....."
ယွဲ့ဝေဝေ၏ မျက်လုံးများ တောက်ပလာကာ၊ လှုပ်ရှားမှုအနည်းငယ်ဖြင့် လင်းယွန်ဆီသို့ ခုန်ဆင်းပြီး၊ ဝိုင်ပုလင်းကို ဆွဲယူ ဖွင့်ချလိုက်သည်။ အဖုံးပွင့်သွားသည်နှင့် သင်းပျံ့သောရနံ့ မှာ ဟုန်းခနဲ့ ထွက်ပေါ်လာကာ၊ လန်းဆန်းတက်ကြွ လာလေတော့သည်။
“ ဒါ..... ဒါက တကယ့် ဒဏ္ဍာရီလာ မျောက်ဝိုင်ပဲ၊ ရှားပါးတယ်...... ချက်ရခက်ခဲတယ်၊ အသန်မာဆုံး ဝိုင်သခင်တွေတောင် တုပ ချက်ယူလို့ မရဘူး။ ''
ဝိုင်ပုလင်းကို မြှောက်လိုက်ပြီး ချက်ချင်းမော့သောက်နေသော ယွဲ့ဝေဝေကြောင့်၊ ခွက်များကို ထုတ်ယူနေသည့် လင်းယွန်မှာ အံ့အားသင့်သွားကာ၊ ပြုံးကြည့် နေလိုက်သည်။
"ဒီမှာ......"
ယွဲ့ဝေဝေ၏ မျက်နှာမှာ နီရဲသွားပြီး၊ ရင်သပ် ရှုမောဖွယ် ကောင်းသော အလှများ ပွင့်လန်းလာသည်ကြောင့်၊ လင်းယွန်အား အာခေါင်များ ခြောက်ကပ်လာစေသည် ဖြစ်ရာ၊ ဝိုင်ပုလင်းကို ဆွဲယူပြီး တစ်ကျိုက်မော့ချ လိုက်ရသည်။
ခဏအကြာတွင် သူတို့ နှစ်ယောက် လက်ထဲရှိ မျောက်ဝိုင်ပုလင်းမှာ တစ်စက်မျှ မကျန်ခဲ့တော့ပေ။ မျောက်ဝိုင်ကို တစ်ကြိမ်သောက်ပြီးနောက် လင်းယွန်က ၎င်းကို ခံနိုင်ရည် ရှိနေခဲ့သည်။
တစ်ချိန်တည်းမှာပင် မျောက်ဝိုင်၏ အကူအညီဖြင့် သူ၏ကျင့်ကြံမှုအဆင့်သည် ရှန်ရှင်းစတုတ္ထအဆင့် အတားအဆီးကို ဖြတ်ကျော်ကာ နောက်ဆုံးအတားအဆီးကို ထိတွေ့လာခဲ့၏။ ၎င်းသည် အံသြစရာမဟုတ်ပေ၊ လွန်ခဲ့သော ရက်အနည်းငယ်ကပင်၊ ယင်စွမ်းအင်ကို စုပ်ယူခြင်းဖြင့်၊ သူ၏ ကျင့်ကြံမှုကို စတုတ္ထအဆင့် အထွတ်အထိပ်သို့ ရောက်စေခဲ့သည်။ ပဉ္စမအဆင့်ကို ခြေချနိုင်ရန် သူ့အတွက် အချိန်တစ်ခုသာ လိုအပ်နေခဲ့ခြင်း ဖြစ်သည်။
ဒွါရခွန်နှစ်ပါးထဲမှ ပါးစပ်၊ နှာခေါင်းနှင့် နှလုံးသာ သန့်စင်ရန် ကျန်ရှိပေတော့သည်ဖြစ်ရာ၊ ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ပါးစပ်ပေါက်ကို သန့်စင်ရန် ရွေးချယ်လိုက်သည်။ ထို့နောက်တွင် ပါးစပ်ပေါက်မှတဆင့် အကန့်အသတ်မဲ့ ဝိညာဉ်စွမ်းအင်များ ရုတ်တရက် ကန်ထွက်လာတော့၏။
ဓားသုတ္တန်ကိုဖြန့်ဝေလိုက်ပြီး ကျင့်ကြံမှုကို တည်ငြိမ်လာစေရန် လေးနာရီကြာ ထိန်းကျောင်းပြီးနောက် ပါးစပ်ကိုဖွင့်ကာ အသက်ပြင်းပြင်း ရှူလိုက်ရသည်။ ပါးစပ်အပေါက်ကို သန့်စင်ထားခြင်းဖြင့် လေထုထဲမှ စွမ်းအင်များကို စုပ်ယူနိုင်မည် ဖြစ်သည်။ ကျင့်ကြံမှု လမ်းကြောင်းတစ်လျှောက် တဖြည်းဖြည်း တိုးတက် လာသည်နှင့်အမျှ၊ သူ၏ သေမျိုးခန္ဓာကိုယ်ကို ဖြည်းညှင်းစွာ အရေခွံလဲ လာနိုင်ခဲ့သည်။
ခြေထောက်ကို လှုပ်ခါမည်အပြုတွင် ယွဲ့ဝေဝေမှာ သူ၏ပေါင်ပေါ်၌ နှစ်ခြိုက်စွာ အိပ်ပျော်နေသည်ကို သတိပြုမိ လိုက်သည်။ အသက်ရှူသံနှင့်အတူ သူမ နှုတ်ခမ်းများသည် စည်းချက်ညီစွာဖြင့် အနည်းငယ်လှုပ်ခါနေပြီး၊ မျက်နှာပေါ်၌ ရှားပါးသော ငြိမ်သက်မှုများ ဖြစ်တည်နေလေသည်။
ယွဲ့ဝေဝေသည် သူမ၏ အပြုအမူများမှ တစ်ဆင့် ဆွဲဆောင်မှုအချို့ကို ပေးလေ့ရှိသည်။ ထို့ပြင် သူမကို တိုက်ရိုက် မကြည့်ဝံ့စေသော အလှတရားကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ၊ နောက်ထပ် အနည်းငယ်သာ စိုက်ကြည့်မိပါက ချောက်ထဲသို့ ပြုတ်ကျတော့ မည်ကို သူကြောက်မိသည်။
မကောင်းဆိုးရွားမဟု ခေါ်ဆိုကြသော စီရွှယ်ယီနှင့် ဘိုင်လိရွှမ်တို့သည်၊ သူမ၏ လက်ရှိရုပ်သွင်ကို မြင်ဖူးခဲ့ခြင်း၊ မရှိသောကြောင့် ဖြစ်ပေမည်။
ခဏတာငြိမ်သက်သွားပြီးနောက်၊ လင်းယွန်က သူ့လက်ကို ဆန့်ထုတ်ကာ သူမ၏မျက်နှာမှ ဆံပင်များကို သပ်တင်ပေးလိုက်သည်။
သို့သော် ရုတ်တရက်၊ ယွဲ့ဝေဝေ၏ မျက်လုံးများ ပွင့်လာပြီး လင်းယွန်၏ လက်ကို အံ့အားသင့်စွာ ဖမ်းယူလိုက်ပြီး၊ လက်ညှိုးကို ငုံကိုက်ထား လိုက်သည်။ သူမ၏ မျက်နှာပေါ်ရှိ အပြုံးမှာ ပို၍သက်ဝင်လာပြီး လင်းယွန်အား စိုက်ကြည့်လာ၏။ အပြုံးမပျက်ဖြင့် သူတို့နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် မျက်လုံးချင်းစုံ ကြည့်လိုက်ပြီး ငြိမ်သက်သွား ကြတော့သည်။
ယွဲ့ဝေဝေက သူ့လက်ကို လွှတ်ပေးလိုက်သည်ကြောင့် လက်ကို ချက်ချင်း ပြန်ဆွဲယူ ထုတ် လိုက်သည်။
“ အစ်ကိုကြီးယွန်၊ နင်က မျောက်ဝိုင်ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခဲ့တာပဲ၊ ... အံ့သြစရာတော့ မရှိပါဘူး၊ ဒီတော့ နင့်မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေပုံပဲ ...."
ယွဲ့ဝေဝေက လင်းယွန်ကို ပြုံးပြုံးလေးဖြင့် ကြည့်နေခဲ့သော်လည်း၊ ဒေါသထွက်လာသော မိန်းမငယ်တစ်ယောက် ကဲ့သို့ ပြစ်တင် ဝေဖန်လိုက်သည်။
လင်းယွန်က ကူကယ်ရာမဲ့ဟန်ဖြင့် ပြုံးလိုက်သည်။ ဖြေရှင်းချက်များသည် ဤအခြေအနေမှ ရုန်းမထွက်နိုင်သည်ကို သိနှင့်နေခဲ့ကာ၊ တိတ်ဆိတ်နေခြင်းဖြင့် ခေါင်းစဉ်ပြောင်းရန် ဆုံးဖြတ်လိုက်၏။
“ ဒါက ဘာလဲဆိုတာ မင်းသိနိုင်မလား ”
လင်းယွန်က သူ့ခါးတွင် ချိတ်ဆွဲထားသော ဝါးမြှောင်ကို ဖြုတ်ယူကာ ပြသလိုက်သည်။
“ ..... ငါ အဲဒါကို တစ်ချက်လောက် ကြည့်ရအောင်။”
လွယ်လင့်တကူ လှမ်းယူလိုက်သော်လည်း၊ ဝါးမြှောင်၏ အလေးချိန်ကြောင့် ချက်ချင်းပင် သူမ၏မျက်နှာမှာ ပြောင်းလဲသွားသည်။
[ “ အချိန်တွေက မီးတွေလိုပဲ...…'' ]
'' .......ဒါက အချိန်စွမ်းအားတွေပါရှိတဲ့ ရတနာတစ်ခုပဲ၊ ဒါကို ဆေးမီးဖိုထဲက ရှာတွေ့ခဲ့တာ မဟုတ်လား”
“ အင်း.....ဟုတ်တယ် ”
“..... သူတို့ မမှားဖူးပဲ၊ ရှေးခေတ်ဆေးပညာရှင်တွေက လျှို့ဝှက်နက်နဲတဲ့ စွမ်းရည်တွေကို ပိုင်ဆိုင်ထား ကြတာကြောင့်၊ ဆေးလုံးတွေ သန့်စင်ရာမှာ အချိန်ရဲ့ စွမ်းအားကိုတောင် ထုတ်ယူ အသုံးချနိုင်တယ်ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်နေခဲ့တယ်၊ ဒါက တစ်ကယ်ပဲကိုး၊ ဒါနဲ့ ပါတ်သတ်လို့ ငါပြောနိုင်တာက ဒီလောက်ပဲ ရှိပါတယ် အစ်ကိုကြီးယွန်.....''
ယွဲ့ဝေဝေက ပြုံးလျက် ဝါးမြှောင်ကို လင်းယွင်ထံ ပြန်ပေးလာခဲ့ရာ၊ ခေါင်းညိတ်လျက် ပြန်လည် သိမ်းယူလိုက်သည်။
“ ငါတို့ ထွက်သွားဖို့ အချိန်တန်ပြီ၊ အခုချိန် မထွက်ခွာဘူးဆိုရင် လျှို့ဝှက်နယ်မြေထဲမှာ ပိတ်မိပြီး၊ နောက်ထပ် ဆယ်စုနှစ်တစ်စု ကြာတဲ့အထိ စောင့်ရလိမ့်မယ်။”
ကောင်းကင်ဖျက်ဆီးခြင်း နည်းစနစ်ကို ဖြန့်ဝေလိုက်ပြီးနောက်၊ ယွဲ့ဝေဝေကို ပွေ့ချီကာ၊ ယင်လေစီးကြောင်းထဲသို့ ခုန်တက်သွား လိုက်သည်။ တစ်ချိန်တည်းမှာပင် ခရမ်းရောင် ပန်းကြီးတစ်ပွင့်သည် လေထဲ၌ထွက်ပေါ်လာပြီး၊ သူတို့နှစ်ဦးကို ဖုံးအုပ်သွားကာ၊ အနီးနားရှိထက်ရှသော လေလှိုင်းများကို ဝါးမြိုလိုက်တော့သည်။
" ငါတို့ နောက်ဆုံးတော့ ထွက်လာနိုင် သွားပြီ"
ကမ်းပါးပေါ်ရောက်သည်နှင့် ယွဲ့ဝေဝေက ရင်ခွင်ထဲမှ ခုန်ထွက်လိုက်ပြီး၊ အပျင်းကြောဆန့်ကာ ရေရွတ်လိုက်၏။
" ထွက်ပေါက်ကို သွားရအောင်"
သူတို့နှစ်ဦးသား ၎င်းတို့၏ ရွေ့လျားမှုနည်းစနစ်များကို ထုတ်ဖော်ပျံသန်း လာခဲ့သည်။
ထွက်ပေါက်ဝန်းကျင်တွင် မည်သူမျှ မရှိတော့သည့်အပြင် လူတစ်ဦးလွတ်သာရုံ အက်ကွဲကြောင်းများသာ ကျန်ရှိနေတော့သည်။ လျှို့ဝှက်နယ်မြေမှာ မကြာခင် ပိတ်ပေတော့မည် ဖြစ်ရာ၊ နှစ်ဦးသား တုံ့ဆိုင်းခြင်းမရှိ တိုးထွက်လိုက်လေသည်။
ပြင်ပကမ္ဘာတွင် များပြားလှသော လူအုပ်ကြီးမှာ ပျောက်ကွယ်သွားခဲ့သည် သာမက၊ သွေးတိမ်ဂိုဏ်း၊ သက်တံရောင်နန်းဆောင်ဂိုဏ်းနှင့် ရွှေမီးတောက်ဂိုဏ်း၏ တပည့်များသည်၊ မျိုးနွယ်စုလေးစုနှင့် ဂိုဏ်းကြီးလေးဂိုဏ်းမှ တပည့်များ နှင့်အတူ၊ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။
နှစ်ယောက်သား တိတ်ဆိတ်နေသော မြေပြင်သို့ ခြေချလိုက်ပြီး ပတ်ဝန်းကျင်ကို လှည့်ပါတ် အကဲခတ်လိုက်၏။
" အစ်ကိုကြီးယွန်၊ ငါ အရင်သွားနှင့် လိုက်မယ်၊ မင်းငါ့ကို တကယ်ချစ်ရင် မင်းရဲ့အိမ်ထောင်ဖက်အတွက် လက်ဆောင်တွေကို ပြင်ဆင်ဖို့ မမေ့ပါနဲ့။ "
ယွဲ့ဝေဝေ၏ မျက်နှာသည် ပြုံးရွှင်နေခဲ့ပြီး၊ လင်းယွန်က မတုံ့ပြန်နိုင်မီ အဝေးသို့ ရောက်ရှိသွားပြီ ဖြစ်သည်။ သူမအနေနှင့် ပြဿနာများ အတွင်းသို့ ဆွဲခေါ် မလိုသောကြောင့် အလျင်စလို ထွက်သွားနှင့်သည်ကို လင်းယွန်က နားလည်လိုက်သည်။ သို့သော် ၎င်းသည် အတွေးလွန် မိခြင်းလည်း ဖြစ်နိုင်ပေမည်။
ရုတ်တရက် တစ်စုံတစ်ခုအား သတိရသွားကာ၊ စိုးရိမ်တကြီးဖြင့် ပတ်ဝန်းကျင်ကို လှည့်ပါတ်ကြည့်ပြီးနောက် လင်းယွန်၏ မျက်နှာမှာ မည်းမှောင်လာတော့သည်။
'' နဂါးလေး။ ''
***