← Chapters

ဘယ်သူ တိုက်ဝံ့လဲ။

Vol. 12 Ch. 165

ဘယ်သူ တိုက်ဝံ့လဲ။

Vol. 12 Ch. 165

မင်ယီ၏ ဦးဆောင်မှု အောက်တွင် သက်တံရောင်နန်းဆောင် ဂိုဏ်းသားများမှာ ဖုန်မှုန့်များအတွင်း ထောင်ပေါင်းများစွာ ထွက်ပေါ်လာခဲ့ လေသည်။

ထိုအထဲမှ ရွှေရောင်ချပ်ဝတ် တန်ဆာများကို ဝတ်ဆင်ထားသော သိုင်းသမား နှစ်ရာကျော်မှာ လင်းယွန်၏ ရှေ့တွင် ဒိုင်းကာတစ်ခု အဖြစ် ဖွဲ့တည်လိုက်ကာ၊ သွေးတိမ်ဂိုဏ်းနှင့် ရွှေမီးတောက်ဂိုဏ်း၏ သေမင်းတပ်ဖွဲ့များကို ရင်ဆိုင်လိုက်၏။

တစ်ချိန်တည်းမှာပင် ဓားရှည်များကို ဆွဲထုတ်လိုက်ကြသည်နှင့် သူတို့၏ ဓားများမှ အေးစက်သော အလင်းရောင်များ တောက်ပစွာ ထွက်ပေါ်လာ လေသည်။ ဓားတိုင်းသည် အလယ်အလတ် တော်ဝင်လက်နက်များဖြစ်ကြောင်း တွေ့ရှိ လိုက်ရပေ၏။

အလယ်တန်းအဆင့် တော်ဝင် လက်နက်ပေါင်း နှစ်ရာကျော်ကို လင်းယွန်အား ကာကွယ်ပေးလိုသော ဓားနံရံ တစ်ခုအဖြစ် ဖွဲ့စည်းလိုက်သည်။

“ အိုး .....ကြောက်စရာကောင်းတဲ့ ဓားအရှိန်အဝါတွေ ”

" ကျွတ်... ကျွတ် ဂိုဏ်းတွေရဲ့ ကြွယ်ဝမှုက ထိတ်လန့်စရာပါလား "

"ဒါကို ငါမြင်တာ မှားနေတာလား၊ ထိပ်တန်း အလယ်အလတ် အဆင့် တော်ဝင် လက်နက် နှစ်ရာကျော်၊ အို့ ငါ့ကောင်းကင် ... သက်တံရောင် နန်းဆောင်ဂိုဏ်း ရဲ့ အုတ်မြစ်က ဘယ်လောက်ထိ ကြောက်စရာ ကောင်းလိုက်လဲ…”

၎င်းတို့သည် အပြာရောင်နေမင်းနိုင်ငံ၏ အာဏာရှင် ဂိုဏ်းသုံးဂိုဏ်းအနက်မှ တစ်ခုဖြစ်သော်လည်း သူ၏အင်အားကို ရွှေမီးတောက်ဂိုဏ်းနှင့် သွေးတိမ်ဂိုဏ်းထက် နိမ့်ကျသော ပုံရိပ်ကို ဆောင်ယူထား ကြသည်။

ထိုဂိုဏ်းသုံး ဂိုဏ်း၏ အင်အားများ အရ အဆင့် သတ်မှတ်ချက် များတွင် သွေးတိမ်ဂိုဏ်းနှင့် ရွှေမီးတောက်ဂိုဏ်းပြီးနောက် သက်တံရောင် နန်းဆောင်ဂိုဏ်း ဖြစ်သင့်ပေ သည်ဟု လူတိုင်းက ယူဆခဲ့ကြ၏။ ထို့ကြောင့် ယနေ့ မြင်ကွင်းမှာ သူတို့ကို ထိတ်လန့်သွား စေခဲ့သည်။

ထိပ်တန်း အလယ်အလတ်အဆင့် လက်နက်ပေါင်း နှစ်ရာကျော်ဖြင့် ရင်ဆိုင်ရပါက၊ နက်နဲသိုင်းသမား များပင်လျှင် ကြောက်ရွံ့ထိတ်လန့်သွားမည် ဖြစ်သည်။

" အစ်ကိုမင် မင်းက ဘာလို့ ဒီကို ရောက်လာရတာလဲ"

လင်းယွန်က မင်ယီကို စူးစိုက် အကဲခတ်လိုက်၏။

“ ငါက ပင်မဂိုဏ်းကို မပြန်ခင်မှာ မင်းရဲ့သတင်းကို ကြားတာနဲ့ အမြန်လာခဲ့တာပဲ၊ လျှို့ဝှက်နယ်မြေမှာ မင်းကို မကူညီနိုင်ပေမယ့်၊ ဒီမှာတော့ မဟုတ်ဖူး၊ ဒါက အပြာရောင်နေမင်းနိုင်ငံပဲ၊ ဒီမြို့မှာ မင်းကို ဘယ်သူမှ မထိနိုင်အောင် ငါ ... အာမခံနိုင်တယ် ”

မင်ယီက မဆိုင်းမတွ ပြန်ဖြေလာသည်။

'' သခင်လေးလင်း၊ သခင်ငယ်က မင်းကို ကြာပန်းပလ္လင်မှာ ကူညီပေးချင်ပေမယ့် အဲဒါကို ငါ... တားလိုက်မိတယ်၊ အဲဒီအတွက် တောင်းပန်ပါတယ်။ "

မီးခိုးရောင်ဝတ် အကြီးအကဲက လင်းယွန်ကို တောင်းပန်ပြီး ခေါင်းညိတ်ပြလိုက်သည်။

“ အဲ့ဒါက အရေးမကြီးပါဘူး၊ ငါကိုယ်တိုင် မင်းတို့ကို အရှုပ်ထဲ မခေါ်ချင်လို့ပါ၊ ဒါကလည်း မင်းတို့နဲ့ ခွဲခွာဖို့ ရွေးချယ်ခဲ့ရတဲ့ အကြောင်းရင်းပဲ ”

လင်းယွန်က ပြုံးပြကာ ရှင်းပြလိုက်သည်။

" မင်ယီ ... မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ လျှို့ဝှက်နယ်မြေထဲမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ မင်း သိထားသင့် ပါတယ်။ ဒီလင်းယွန်က သူ့ကိုယ်သူ ငါတို့ဂိုဏ်း တွေနဲ့ ရန်သူဖြစ်အောင် လုပ်ထားပြီး၊ ငါတို့ကြားက ဒီအငြိုးအတေးကို ဘယ်သူမှ ဖြေရှင်းပေးနိုင်မှာ မဟုတ်ဘူး။”

မိန်ဇီယာက အံကြိတ်လျှက် အော်ဟစ်လိုက်သည်။

ရွှေမီးတောက်ဂိုဏ်းကို အပြာရောင်နေမင်းနိုင်ငံအတွင်း မည်သူမျှ မိုက်ကြေး ခွဲဝံ့ခြင်း မရှိချေ။ သို့သော် လင်းယွန် မှာမူ ၎င်းတို့အားအကြိမ်ကြိမ် အရှက်ရ စေခဲ့၏။

ထို့ကြောင့် ဂိုဏ်းနှစ်ဂိုဏ်းက တူညီသော ဆုံးဖြတ်ချက်များကို မျှဝေခဲ့ကာ၊ လင်းယွန်ကို သတ်ပစ်ရန် အားစိုက်လာခဲ့ခြင်း ဖြစ်သည်။

" လျှို့ဝှက်နယ်မြေအတွင်းမှာ ဘာတွေဖြစ်ခဲ့လဲ ဆိုတာ ငါမသိဘူး။ လင်းယွန်က သက်တံရောင်ဂိုဏ်းရဲ့ မိတ်ဆွေ တစ်ဦးပဲ၊ ငါ့အသက်ကို လောင်းကြေး ထပ်ရမယ် ဆိုရင်တောင် သူ ဒီကနေ ဘေးကင်းစွာ ထွက်သွားရမှာ သေချာတယ် "

မင်ယီက လေးနက်သော အသံဖြင့် ပြန်ဖြေလိုက်သည်။

တမဟုတ်ချင်းမှာပင် လေထုသည် ကြမ်းရှ လေးပင်လာခဲ့၏။ အာဏာရှင် ဂိုဏ်းသုံးဂိုဏ်းမှာ ၎င်းတို့၏ ဆုံးဖြတ်ချက်များကို ပြောင်းလဲမည် မဟုတ်ကြောင်း ထင်ရှားလှပေသည်။

တိုက်ပွဲ တစ်ခုမှသည် စစ်ပွဲတစ်ခု အဖြစ်သို့ ပြောင်းလဲ သွားမည် ဖြစ်သည်။ ထိုအခင်း အကျင်းကို ကြည့်ရှုနေခဲ့သော လူအုပ်ကြီးမှာ များစွာ စိတ်လှုပ်ရှားလာ ကြ၏။

" ဂိုဏ်းသုံးဂိုဏ်းကြား စစ်ပွဲဖြစ်ရတဲ့ အကြောင်းရင်းက လင်းယွန် ဖြစ်လိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မမျှော်လင့်ထားမိဘူး။"

" ဂိုဏ်းတွေ စစ်ပွဲဖြစ်လာရင် အပြာရောင် နေမင်းနိုင်ငံက ပရမ်းပတာ ဖြစ်လာလိမ့်မယ်။ ဒီစစ်ပွဲဟာ အနည်းဆုံး ဆယ်စုနှစ် တစ်စုအထိ ကြာသွားနိုင်တယ်။”

" လင်းယွန်ကို မိစ္ဆာသုံးဖော်ကတောင် ရှင်သန်ဖို့အတွက် တောင်းပန်ရတာကို မမြင် ဖူးလား။ သူက သာမာန် ရှန်ရှင်း သိုင်းသမား တစ်ယောက် မဟုတ်ဘူး၊ နတ်ဆိုး တစ်ကောင်ပဲ၊ ဒီနေရာမှာ ဘိုင်လိရွှမ်ဆိုရင် ဒီလူတွေ လောက်နဲ့ သူ့ကို သတ်ဖို့ မလုံ လောက်ဘူး။ ငါဘာကို ဆိုလိုတာလဲ မင်းသိလား "

" မင်းပြောနေတာက လင်းယွန်က ဘိုင်လိရွှမ်လိုပဲ သန်မာတယ်လို့ ပြောချင် တာလား "

“ မဟုတ်ဘူး၊ သူ့ရဲ့ အခြေခံအုတ်မြစ်က သိပ်မခိုင်မာဘူး။ ဒါပေမယ့် သူက ဘိုင်လိရွှမ်နဲ့ အခုချိန်မှာ မယှဥ်နိုင်ပေမယ့်၊ အမြဲ ဒီလို ဖြစ်နေမယ်လို့ မင်းထင်လား၊ ဒီလင်းယွန်က မဟာချင်အင်ပါယာမှာ အရွယ်မရောက်သေးတဲ့ နတ်ဆိုးတစ်ကောင်ပဲ....''

အနီးနားရှိ သိုင်းသမားများမှာ တစ်ယောက်တစ်ပေါက် ဝေဖန်လာ ကြသည်။ လင်းယွန်သည် မွန်းစတားတစ်ကောင် ဖြစ်လာရန် အလားအလာရှိသည်ကို လူတိုင်း တွေးသိနိုင်၏။

အနာဂတ်တွင်၊ လင်းယွန်၏အမည်မှာ ဘိုင်လိရွှမ်ကဲ့သို့ပင် မဟာချင်အင်ပါယာ အနှံ့ ပျံ့နှံ့ လာနိုင်ပေမည်။

မွန်းစတား။

ယင်းသည် နှစ်ရာဂဏန်းအတွင်း တစ်ကြိမ်သာ မြင်တွေ့ရနိုင်သော အရည်အချင်း ရှိသူမျိုးကို ဆိုလိုသည်။

ဘိုင်လိရွှမ်ကဲ့သို့သော တစ်စုံတစ်ယောက်သည် ဤသို့သော အရည်အချင်းမျိုးကို ပိုင်ဆိုင်ထားကာ၊ သူနှင့် ယှဉ်နိုင်သော ဒုတိယလူ ရှိတော့မည် မဟုတ်ပေ။

သို့သော် သူတို့ မျက်စိရှေ့မှာတင် လင်းယွန်က နတ်ဆိုးတစ်ကောင်အဖြစ် ပေါက်ဖွားနိုင်သည့် အလားအလာ ရှိနေသည်။

မင်ယီ၏ ရုတ်တရက် ဝင်ရောက်စွက်ဖက်မှုကြောင့် အခြေအနေမှာ ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်ခဲ့ရသည်။ လင်းယွန်ကို သတ်ပစ်လိုပါက သက်တံရောင် နန်းဆောင်ဂိုဏ်းဖြင့် စစ်ခင်း ရပေမည်။

သို့မဟုတ်ပါက ယနေ့မှစ၍ ဂိုဏ်းနှစ်ဂိုဏ်း၏ ဂုဏ်သတင်းမှာ ပျက်သုဉ်း သွားမည့် အလားအလာ ရှိသည်။

အချိန်အတော်ကြာသည်အထိ ရွန်းတူနှင့် မိန်ဇီယာမှာ ခက်ခဲသော အနေအထားဖြင့် ငြိမ်သက်နေကြသည်။ သူတို့နှစ်ယောက်မှာ လင်းယွန်ကို လွတ်မြောက်ခွင့် ပေးရန် ဆန္ဒမရှိ ကြချေ။

" အဟက်၊ မိန်ဇီယာနဲ့ ရွှန်းတူ မင်းတို့နှစ်ယောက်က ငါထင်ထားတာထက် ပိုဆိုးတဲ့အမှိုက်တွေပဲ ”

သူတို့၏ အမူအရာများကို မြင်သောအခါတွင် လင်းယွန်က စိတ်ပျက်လက်ပျက် လှောင်ပြောင်လိုက်သည်။

ခြေထောက်ပေါ် ရပ်တည်ရန် သူက တွန့်ဆုတ်နေမည် မဟုတ်ပေ။ ကျင့်ကြံသူများအတွက် အရာရာကို ရင်ဆိုင်ရဲသော သတ္တိဖြင့် ပြတ်ပြတ်သားသား ရှိသင့်လေသည်။

"မင်း ကောက်ကျစ်တဲ့ကောင်..... သတ္တိရှိရင် ထွက်လာစမ်း၊ မင်ယီနောက်မှာ ပုန်းကွယ် မနေနဲ့ ''

ဒေါသတကြီး ပြန်လည် အော်ဟစ်လာသောမိန်ဇီယာ၏ စကားကြောင့် လင်းယွန်က နှာခေါင်းကို ပွတ်ကာ စဉ်းစားလိုက် မိ၏။

" မင်းက ယောက်ျားဆိုရင် ယောက်ျားလိုရင်ဆိုင်ပါ "

ရွှန်းတူက အံကြိတ်လိုက်ကာ၊ စူးစူးရဲဲရဲ လှမ်းကြည့် လိုက်ပြန်သည်။

'' ဒါပေါ့ ငါက ယောက်ျားတစ်ယောက်ပဲ၊ ဒါကို မင်းတို့လို အမှိုက်နှစ်စက ဘာများ တက်နိုင်မှာလဲ.... ''

စကားဆုံးသည်နှင့် လင်းယွန်က ပြုံးလိုက်ကာ ရွှေရောင်သိုင်းသမား အကာအရံအတွင်းမှ ခုန်ထွက် လိုက်သည်။ အမှိုက်နှစ်စသည် သူ့အား အကာအရံ အတွင်းမှ ထွက်လာစေရန် ကြိုးစားနေကြမှန်း သိထားသော်လည်း တွေဝေခြင်း မရှိခဲ့ပေ။

မိန်ဇီယာနှင့် ရွှမ်းတူမှာ လင်းယွန်၏ မိုက်မဲမှုကြောင့် အံ့အားသင့် သွားကြသည်။ တစ်ဆက်တည်းမှာပင် အချင်းချင်း မျက်လုံးချင်းစုံ လိုက်သွားပြီး၊ ကောက်ကျစ်စွာ ပြုံးရယ် လိုက်လေသည်။

'' သူ့ကို..... သတ် ''

'' သတ်............. ''

"လင်းယွန် ......"

မင်ယီက စိုးရိမ်တကြီး လှမ်းအော် ဟန့်တားလိုက်သော်လည်း လင်းယွန်က သူ့လက်ကိုဝှေ့ယမ်းပြီး ပြုံးရယ်လိုက်ကာ၊

" အစ်ကိုမင်၊ စိတ်မပူပါနဲ့၊ ငါ့ခရီးက အလကား မဖြစ်ပါဘူး။ မင်းလို သူငယ်ချင်း တစ်ယောက်ကို ရခဲ့တာက တန်ဖိုးရှိပါတယ်။ အဲ့ဒါကြောင့် မင်းအတွက် ငါလက်ဆောင်တစ်ခု ပေးပါရစေ။ "

'' .............. ''

သေမင်းတပ်သား နှစ်ရာထံမှ သတ်ဖြတ်ခြင်း ရောင်ဝါမှာ ပေါက်ကွဲလာသည်။ သူတို့၏ သတ်ဖြတ်လိုသော ရည်ရွယ်ချက်များသည် လင်းယွန်ဆီသို့ ဦးတည်သွားကာ လှိုင်းလုံးကြီး တစ်ခုကဲ့သို့ တဟုန်ထိုး ပြေးဝင်သွား လေသည်။

" အချိန်ကောင်းပဲ..... "

ထိုဆန္ဒ ထွက်ပေါ်လာသည်နှင့် လင်းယွန်၏ မျက်နှာမှာ အေးစက်သွားပြီး၊ လက်ကိုဝှေ့ယမ်းလျက် မှော်ရတနာကို ထုတ်ယူလိုက်ကာ ဝိညာဉ်စွမ်းအင်များကို ပို့လွှတ် အသက်သွင်း လိုက်၏။

ယခုအခါတွင် သူ၏ အိုင်းရစ်ဓားသုတ္တန်မှာ စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ၊ ဓားသူတော်စင်၏ ဓားရည်ရွယ်ချက်သည် အံ့သြစရာ ကောင်းလောက်အောင်ပင် အစွမ်းထက် လာနိုင်ပေမည်။

ထို့နောက်တွင် ဓားသေတ္တာကို ထမ်းပိုးထားသော မီးခိုးရောင်ဝတ် ဓားသမား တစ်ယောက်မှာ လင်းယွန်၏ ရှေ့၌ ထွက်ပေါ်လာ လေသည်။ ထိုဓားသမားက သူနှင့် မီတာတစ်ရာ မျှသာ ကွာဝေးတော့သည့် သေမင်းတပ်သား နှစ်ရာထံသို့ တစ်ချက်မျှပင် လှည့်မကြည့်ခဲ့ပဲ၊ ဓားအလင်းဖြင့် ပစ်လွှတ်လိုက် လေသည်။

တမဟုတ်ချင်းမှာပင် ကြောက်မက်ဖွယ် ကောင်းလှသော ဓားရောင်ဝါကြီး ထွက်ပေါ်လာကာ၊ ရှေ့တန်းမှ ပြေးဝင်လာသော သေမင်းတပ်သားများကို ဖြတ်သန်းသွားပြီးနောက် အဆုံးအစမရှိ ပြန့်ကား သွားလေသည်။ ရုတ်တရက် ပေါက်ကွဲသံများ နှင့်အတူ ဆုံမှတ်ရင်ပြင်တစ်ခုလုံး လှုပ်ခါသွား တော့သည်။

''ဗုန်း.... ဗုန်း ဗုန်း ''

မီးရှူးမီးပန်းများကဲ့သို့ ကြက်သွေးရောင် ပန်းပွင့်များ တဖွားဖွား ပွင့်ထွက်လာပြီးနောက်၊ မီတာငါးရာအတွင်း သွေးမိုးများ အဆက်မပြတ် ကျဆင်းလာ ခဲ့လေသည်။

'' ခရစ်... ''

မှော်ရတနာ ပေါ်ရှိ အက်ကွဲကြောင်းမှာ ထိဆက်သွားပြီးနောက် အဆောင်ရတနာ တစ်ခုလုံးကို ကြေမွှသွားစေသည်။ အခွင့်အရေး သုံးကြိမ်စလုံးကို အသုံးပြုလိုက်သည်ကြောင့် ဤမှော်ရတနာမှာ အဆုံးသတ် သွားခဲ့ပေ၏။

အချိန်နှင့် အာကာသ အတားအဆီးကို ဖြတ်ကျော် လာဟန်ရှိသော ဓားတစ်လက်သည် လေထုအား ဆုပ်ဖြဲလျက် ဤကမ္ဘာကြီးပေါ်သို့ ဆင်းသက် လာခဲ့သည်။

ထို့နောက်တွင် ၎င်းဓားသည် မီးခိုးရောင် ဓားသမားနှင့် ပေါင်းစပ်ပြီးနောက် လင်းယွန်အား စိုက်ကြည့်လာ တော့၏။

ဟင်းလင်းပြင်မှာ ရုတ်တရက် ရပ်တန့် အေးခဲသွားခဲ့ပြီး၊ သူ့ခန္ဓာကိုယ် ပေါ်ရှိ ဓားတစ်လက်သည်သာ တောက်လောင် လှုပ်ခတ်နေလေသည်။ ထိုဓားသမားက လင်းယွန်အား ကြည့်ကာ ပြုံးလျက်ဖြင့်၊

“ နှမျောစရာပဲ… မင်းရဲ့ နောက်ဆုံးအခွင့်အရေးကို ဒီလောက် မြန်မြန် သုံးပစ် လိမ့်မယ်လို့ မထင်ခဲ့မိဘူး။ ပြီးတော့ ဒါက အကောင်းဘက်က ကြည့်ရင် မင်းအတွက် အခွင့်အရေးပဲ၊ သေခြင်းနဲ့ ရှင်ခြင်းကို အကြိမ်ကြိမ် ဖြတ်သန်းနိုင်မှသာ ပိုမို ကြီးထွားလာ နိုင်လိမ့်မယ်... ''

-ဟု ရေရွတ်လိုက်ပြီး၊ ကောင်းကင်ထက်မှ နေ၍ လင်းယွန်အား ပြုံးကြည့်နေလျက်ဖြင့် ပျောက်ကွယ်သွားခဲ့သည်။

လင်းယွန်က၊ တိုက်ပွဲကွင်းပြင်ထံသို့ ငေးကြည့်ကာ သက်ပြင်းချ လိုက်မိ၏။

“ ဒါက ...မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့တာလား…”

ရပ်တန့်နေခဲ့သော လေဟာနယ်မှာ ပြန်လည် စီးမျောလာပြီးနောက် သွေးစက်များ တဖွဲဖွဲ ရွာကျ လာခဲ့လေသည်။

***

All Chapters