မဟာချင်အင်ပါယာ။
Vol. 13 Ch. 173
မြင်ကွင်းများ ပျောက်ကွယ်သွားသည်နှင့် စကားလုံး နှစ်လုံး ထွက်ပေါ်လာသည်။
ဤဝါးမြှောင်နှင့် ပတ်သက်၍ တစ်စုံတစ်ရာ ကွဲပြားကြောင်း ခံစားမိသည်။
သို့သော် လင်းယွန်က ထိုအတွေးကို နောက်သို့ တွန်းပို့လိုက်ကာ၊ 'ရူရ်'များကို အလွတ်ကျက်ရန် ကြိုးစားခဲ့သည်။ တစ်ချိန်ချိန် သူ့အတွက် အသုံးတည့်လာ နိုင်ပေမည်။
ဤအခွင့်အရေးကို ဆုပ်ကိုင်ကာ သူ၏ ခွန်အားကို တိုးမြှင့်နိုင်ပေမည်။
မျက်လုံးများကို မှိတ်လိုက်ပြီး၊ အိုင်းရစ်ဓားသုတ္တန်ကို စတင် ဖြန့်ကျက် လိုက်၏။
သန့်စင်ထားသော ခရမ်းရောင် ဝိညာဉ်စွမ်းအင်များမှာ ဒီရေလှိုင်းများကဲ့သို့ အပ်စိုက်မှတ်များ မှတဆင့် ဖြတ်သန်းသွားသည်။ စွမ်းအင်စက်ဝန်း တစ်ကြိမ်ပြီး မြောက်ပြီးနောက်၊ ခရမ်းရောင် ပန်းပွင့်ပေါ်ရှိ ခပ်မှိန်မှိန်မီးတောက်များမှာ တစ်ဖန် တောက်လောင်လာသည်။
မီးတောက်များ အပြည့်အဝ လောင်ကျွမ်း လာသည်နှင့် မျက်လုံးများ ဖွင့်လိုက်သော်လည်း၊ ခရမ်းရောင်ရေခဲမီးတောက်မှာ အသက်ဝင်လာခြင်း မရှိပေ။ ထို့ကြောင့် မီးတောက်များ မငြိမ်းစေရန် ဝိညာဉ်စွမ်းအင်များ ထပ်မံ အားဖြည့် ပေးနေရသည်။
ရက်အနည်းငယ် အကြာတွင် 'ရူရ်'များကို ရေးထွင်းရန်အတွက် ခရမ်းရောင်ရေခဲမီးတောက်ကို မွေးမြူနေခဲ့သည်။ နေ့နှင့် ညအတွင်း အရာအားလုံးကို လျစ်လျူရှုပြီး ထိုရှေးဦးကျမ်း အပေါ်တွင် အပြည့်အဝ အာရုံစိုက် ထားမိ၏။
ရက်အနည်းငယ် ကြာသည်အထိ ကန္တာရအတွင်းရှိ နှင်းမုန်တိုင်းများမှာ အဆက်မပြတ် တိုက်ခတ်နေခဲ့ပြီး၊ မီးဖိုဘေးတွင် လီဝူယုမှာ စကားပြောလျက် အိပ်ပျော်သွားပြန်သည်။ နှင်းမြေပေါ်တွင် ရေးထွင်းထားသော ရှေးဟောင်းအက္ခရာ များစွာ ရှိသည်။ ၎င်းတို့မှာ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဖော်ထုတ်ထားနိုင်ခဲ့သော စကားလုံးများ ဖြစ်သည်။
မြေပြင်ပေါ်တွင် ပြေးလွှားနေသော ရုန်းများသည် အသက်ရှင်နေသကဲ့သို့ တုန်ခါနေသည်။ ၎င်း'ရူရ်'တစ်ခုစီတွင် သီးခြား ဖြစ်တည်ဟန်များ လွှမ်းမိုးနေကာ၊ တစ်ခုနှင့် တစ်ခု ဆက်နွယ်မှု မရှိကြချေ။
လင်းယွန်က 'ရူရ်'များကို ကြည့်လျှက် သူ့မေးစေ့ကို ပွတ်ကာ၊
" ငါးရက်ကြာပြီးတဲ့နောက် ဒီ'ရူရ်'တွေကို ငါရေးထွင်းနိုင်ပြီ၊ ဒါပေမယ့် သူတို့ကြားကဆက်နွယ်မှုကို မဖော်ထုတ်နိုင်ရင် အသုံးမဝင်နိုင်ဘူး... ''
'' ဒါပေမယ့် အဂ္ဂရတ်ပညာရှင်က သူ့စိတ်ထဲမှာပဲ ဒီရုန်းတွေကို ရေထွင်းခဲ့ပုံပဲ၊ ခဲပြားပေါ်မှာ ရေးမထိုးခင် ဒီ'ရူရ်'တွေကို ပုံသဏ္ဍာန်ဖွဲ့စည်းပြီး ပေါင်းစည်းလိုက်တာ ဖြစ်မယ်။ ''
ရူရ်တစ်ခု ရေးထွင်းရန်ပင် ဝိညာဉ်စွမ်းအင် များစွာ ကုန်ခမ်းရသည်ဖြစ်ရာ ထိုသို့ပေါင်းစည်းရန်မူ ထင်သလောက် မလွယ်ကူပေ။
“ ဆက်သွားမယ်.....…”
လေထဲ၌ ရူရ်များကို ရေးထွင်းလိုက်ပြီး၊ ပေါင်းစည်းရန်အတွက် ၎င်းတို့ကို ရွှေ့ရန် ကြိုးပမ်းသော အခါတွင် ရူရ်များမှာ ချက်ချင်း ပြိုကွဲသွားသည်။
" ကြည့်ရတာ မခိုင်မာဘူး၊ ငါတစ်ခုခု လွတ်သွားခဲ့ပုံပဲ... ''
လက်ချောင်းများတွင် ဓားရောင်ဝါများ ထုတ်ဖော်လိုက်ပြီး မြေပြင်ပေါ်ရှိ ရူရ်များကို ဖျက်ဆီး ပစ်လိုက်ကာ၊ ဝါးမြှောင်ကို ပြန်ထုတ်ယူလျက်၊ ခရမ်းရောင်ရေခဲမီးတောက်ကို နောက်တစ်ကြိမ် လောင်းထည့်လိုက်၏။
အမွှေးတိုင်လောင်ကျွမ်းချိန် တစ်ဝက်ခန့် အကြာတွင် ဝါးမြှောင်မှာ နဖူးထံသို့ ပျံတက်လာကာ၊ တူညီသော မြင်ကွင်းများ ထပ်ပေါ်လာသည်။ အဆောင်ရတနာများ သန့်စင်သည့်အခန်းထဲရှိ လေထုထဲတွင် 'ရူရ်'များကို မျောလွင့်လျက် တွေ့မြင်လိုက်ရသည်။
ဤအကြိမ်၌ အဂ္ဂိရတ်ဆရာ၏ လက်ချောင်းများထိပ်တွင် ဖျတ်ခနဲ ဖျတ်ခနဲ ပျောက်ကွယ်သွားသော အလင်းတစ်စကို သတိထား မိလိုက်သည်။
" မီးတောက်....."
ဝိညာဉ်စွမ်းအင်တွင် အသွင်သဏ္ဍာန် မရှိသည်ဖြစ်ရာ၊ ခန္ဓာကိုယ်ပြင်ပ၌ ကြာရှည်စွာ မတည်ရှိနိုင်ပေ။ သို့သော် သန့်စင်ထားသော မီးတောက်များမူ ခြားနားသည့် ရလာဒ်တစ်ခု ဖြစ်လာပေမည်။ ခန္ဓာကိုယ်ပြင်ပ လေဟာနယ်ထဲတွင် အချိန်အတော်ကြာ လောင်ကျွမ်းနေနိုင်ဆဲပင်။
'' ငါ တွေ့ ပြီ ..... ''
ဝါးမြှောင်ကို ပြန်လည် ဖမ်းယူလိုက်ပြီး၊ မျက်လုံးများ ဖွင့်ကာ အကန့်အသတ်မဲ့ ယုံကြည်မှုများဖြင့် လင်းလက်လာ လေသည်။
'' ဝှစ် ..... ဝှစ် ဝှစ် ''
ရှုပ်ထွေးသော ရူရ် များမှာ မြေပြင်ပေါ်တွင် နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။ ယခုအချိန်၌ ရူရ်တိုင်းတွင် အသက်ဝင်နေသော မီးတောက်များ တောက်လောင်နေ၏။
" ဒါပဲ..... ငါ့ရဲ့ ခရမ်းရောင်ရေခဲမီးတောက်က ရူရ်တွေကို ရှင်သန်ဖို့ ပိုမို လွယ်ကူသလိုပဲ "
လင်းယွန်က လက်ညှိုးဖြင့် အသာပုတ်လိုက်ရာ၊ စတင်စုစည်းလာပြီး ပုံသဏ္ဍာန်တစ်ခု ဖြစ်ပေါ်လာသည်။
“ ကြည့်ရတာ ဒီရူရ်တွေက အခြေခံအုတ်မြစ်ဖြစ်ပုံပဲ၊ ပုံသဏ္ဍာန် ဖြစ်တည်လာဖို့ လိုအပ်နေသေးတယ်၊ ဒါမှပဲ ငါက အဆောင်ရတနာတွေကို ရိုက်နှိပ်နိုင်မှာ။ "
ထို့ထက် ပို၍ သူမသိနိုင်ချေ။ မြင်လိုက်ရသော မြင်ကွင်းမှာ သေးငယ်သည့် အစိတ်အပိုင်းလေး မျှသာ ဖြစ်ပေသည်။
" ဓားနန်းတော်ကို မဝင်ခင် ရူရ်တွေနဲ့ ရင်းနှီးအောင် လုပ်ကြရအောင်။"
မြေပြင်ပေါ်ရှိ အသက်ဝင်နေသော ရှေးဟောင်း အက္ခရာများကို ရှင်းလင်းပြီး စခန်းချရာသို့ ပြန်သွားခဲ့သည်။
နောက်သုံးရက်အကြာတွင် လင်းယွန်နှင့် လီဝူယုတို့သည် မြောက်ပိုင်းကန္တာရမှ ထွက်လာနိုင်ပြီး ကောင်းကင်ဘုံချင်နိုင်ငံသို့ ရောက်ရှိ လာကြသည်။ ကောင်းကင်ဘုံချင်နိုင်ငံသည် မဟာချင် အင်ပါယာ၏ အလယ်ဗဟိုဖြစ်ပြီး ထင်ရှားသော ဂိုဏ်းများနှင့် မိသားစုများ နေထိုင်ရာ နေရာဖြစ်သည်။
ဤမြို့တော်၏ အကျယ်အဝန်းမှာ အပြာရောင်နေမင်း နိုင်ငံပေါင်း ဆယ်နိုင်ငံထက်ပင် ကျယ်ပြော လှပေသည်။
မြို့တော်နယ်နိမိတ်အား တွေ့မြင်လိုက်သည်နှင့် နှစ်ယောက်သား အရှိန်ကို မြှင့်လိုက်ကြသည်။ သို့သော် မြို့တော်သို့ ရောက်ရှိရန် နောက်ထပ် ငါးရက်ကြာမျှ ခရီးဆက်လာ ခဲ့ရသည်။
တံတိုင်းကြီးများမှာ အမြင့်မီတာ သုံးဆယ်ကျော်ရှိပြီး သတ္တုဖြင့် ပြုလုပ်ထားကာ၊ နက်နဲသိုင်းသမား ပင်လျှင် တံတိုင်းများကို ပြိုခွဲရန် မဖြစ်နိုင်ပေ။
" နောက်ဆုံးတော့ ငါတို့ ဒီကိုရောက်ပြီ။ အထဲဝင်ရအောင် ''
လီဝူယု၏ မျက်နှာတွင် အပြုံးတစ်ပွင့် ထွက်ပေါ်လာသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း လင်းယွန်နှင့် ခရီးသွားလာရသည်မှာ အခက်အခဲ မရှိခဲ့ပေ။ ဤလင်းယွန်သည်တစ်ယောက်တည်း ခရီးသွားလာခြင်းတွင် အတွေ့အကြုံ ရှိရမည်ဟုပင် မှန်းဆခဲ့ပြီး၊ ၎င်း၏ ခွန်အားမှာ ထင်သလောက် မရိုးရှင်းနိုင်ပေ။
လင်းယွန်က ခေါင်းကိုငုံ့ကာ နဂါးသွေးမြင်းပေါ်မှ ဆင်းပြီး၊ မြို့တံခါးဆီသို့ ဦးတည်သွားလိုက်သည်။
မြို့တံခါးဝတွင် လူအုပ်ကြီးမှာ ဝင်ရောက်ရန်အတွက် တန်းစီနေ ကြကာ၊ လမ်းများပေါ်တွင် နတ်ဆိုးသားရဲများကို စီးနင်းလျက် တဖွဲဖွဲ ရောက်ရှိလာ ကြသည်။
" လင်းယွန်၊ ငါတို့ ဒီမှာ....."
လင်းယွန်က မြို့တံခါးကို ဦးတည်နေစဉ်မှာပင် ညင်သာသော ခေါ်သံကို ကြားလိုက်ရသည်။ ထိုအသံဆီသို့ ခေါင်းကို လှည့်ကြည့်လိုက် သည်နှင့် ရှင်းယန်ကို ပြုံးလျက် တွေ့မြင်လိုက်ရသည်။
ရှင်းယန်အနီးတွင် လူငယ်အချို့ စုဝေးနေခဲ့ကြပြီး၊ လင်းယွန်တို့ဆီ လှမ်းကြည့် နေခဲ့သည်။
“ စီနီယာအစ်မရှင်းယန် …”
လင်းယွန်က ရှင်းယန်ဘေးရှိ လူငယ်များကို စစ်ဆေးနေချိန်တွင် လီဝူယုက ရှင်းယန်ကို မြင်ပြီး ရွှင်မြူးသွား၏။ လင်းယွန်က အပြုံးတစ်ပွင့်ဖြင့် နဂါးသွေးမြင်း နှင့်အတူ လျှောက်လာခဲ့သည်။
လီဝူယုနှင့် လင်းယွန်ကို စောင့်ဆိုင်း နေခဲ့ပြီးနောက်၊ ရှင်းယန်က ပြုံးပြကာ၊
"မင်းတို့နှစ်ယောက် နောက်ကျနေပြီ။ မင်းတို့တွေ ပေါ်မလာရင် ငါ မင်းတို့ကို လိုက်ရှာမလို့ပဲ "
လင်းယွန်က တောင်းပန်သော အပြုံးဖြင့်၊
" မင်းကို စောင့်ခိုင်းမိခဲ့ရတာ စိတ်မကောင်းပါဘူး"
“ အဆင်ပြေပါတယ်.... မိတ်ဆက်ပေးမယ်၊ သူတို့တွေကတော့ ငါရွေးချယ်ထားတဲ့ သူတွေပဲ၊ ငါနဲ့ အတူ ဓားနန်းတော်ရဲ့ ဌာနခွဲကို လိုက်လာကြ၊ မင်းတို့တွေရဲ့ မြို့ဝင်ခွင့်ကို ထပ်ဖြေဖို့ မလိုတော့ဘူး”
ရှင်းယန်က ပြုံးပြလိုက်၏။ သူမဘေးရှိလူငယ်များက သူတို့ကိုယ် သူတို့ မိတ်ဆက်လာသည်။
" ငါက ဟန် ပင်း...."
" ..... ဘိုင် ယု"
" ....... ကျန်း ယီ "
လူငယ်သုံးဦးမှာ လင်းယွန်နှင့် လီဝူယုတို့အား နှစ်လိုဖွယ် ပြုံးပြလိုက်ပြီး၊ နောက်ဆုံးတွင် သူတို့သည် ဓားနန်းတော်ရှိ ရှင်းယန်၏ အဖွဲ့ခွဲအောက်တွင် ရှိနေမည် ဖြစ်သဖြင့် ဆက်ဆံရေးကောင်း တစ်ခုကို တည်ဆောက်ထားလိုဟန် ရှိလေသည်။
နောက်ဆုံးတစ်ယောက်ဖြစ်သော လီရွှမ်ရှင်းကမူ အနည်ငယ်သာ ပြုံးပြပြီး၊ လင်းယွန်ကို စိတ်ဝင်တစားဖြင့် စိုက်ကြည့်လာ၏။ သူက၊
“ မင်းက လင်းယွန်ပဲ ဖြစ်ရမယ် မဟုတ်လား။စီနီယာ အစ်မရှင်းယန်ပြောတဲ့ ရှန်ရှင်းပဉ္စမအဆင့်နဲ့ မပြည့်စုံတဲ့ ဓားရည်ရွယ်ချက်ကို ဆုပ်ကိုင် ထားနိုင်တဲ့ တစ်ယောက်ဆိုတာ၊ ငါတို့ ဓားနန်းတော်ထဲရောက်ရင် အနာဂတ်မှာ ငါ့ကို ဂရုစိုက်ပေးပါ။"
“ မင်းက ငါ့ကို မြှောက်ပင့်နေတာလား။ မင်းရဲ့ ကျင့်ကြံမှုက သတ္တမအဆင့်မှာ ရှိနေတာပဲ ”
လင်းယွန်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
"ငါတို့အားလုံးက ရှန်ရှင်း နယ်ပယ်ထဲမှာ ရှိနေတာလေ၊ လုံလောက်တဲ့ အရင်းအမြစ်တွေ ရှိနေသရွေ့ ဒါဟာ ပြဿနာ မဟုတ်ပါဘူး။”
လီရွှမ်ရှင်းက သူ့မျက်လုံးများတွင် မာနများ စွန်းထင်းလာပြီး ပြန်ဖြေ လိုက်သည်။ သို့သော် သူစကားနှင့် သူ့အမူအယာမှာ အပ်စပ်မှု မရှိပေ။ အသက် ဆယ့်ခြောက်နှစ်တွင် ရှန်ရှင်းနယ်မြေ၏ သတ္တမအဆင့်သို့ ခြေချနိုင်သည်မှာ အမှန်တကယ်ပင် အရည်အချင်း ရှိသူ ဖြစ်ကြောင်း သိသာလှပေသည်။
“ အားလုံးက တစ်ယောက်နဲ့ တစ်ယောက် သိကြပြီဆိုတော့ သွားလိုက်ကြရအောင်၊ နောက်ကျနေပြီ၊ အခွင့်အရေးကို ဆုံးရှုံးသွားရင် ဒုက္ခဖြစ်လိမ့်မယ်”
ရှင်းယန် က ပြုံးပြီး ရှေ့မှ ဦးဆောင်သွားသည်။ ကြော့ရှင်းသော သူ့ဟန်အမူအယာကြောင့် လူတော်တော်များများက ရှင်းယန်ကို တရှိုက်မက်မက် ငေးမောလာ ကြသည်။
" မင်းတို့ ဂရုစိုက်ကြ...လမ်းမပျောက်စေနဲ့၊ မြို့တော်ကို ငါက တစ်ခေါက်လောက် ရောက်ဖူးထားတော့ လွယ်လွယ်နဲ့ လမ်းပျောက်မှာ မဟုတ်ဖူး ”
လီရွှမ်ရှင်းက လူတိုင်းကို သတိပေးဟန်ဖြင့်၊ ရှေ့မှ ဦးဆောင်သွားကာ ရှင်းယန်နှင့်အတူ ယှဥ်လျှက် လျှောက်သွားပြီး ရင်းနှီးရန် ကြိုးစားလေသည်။
“ ဒီလူက ရှန်ရှင်း သတ္တမအဆင့်မှာ ရှိတာနဲ့ပဲ၊ ပိုပြီး ကြီးမြတ်တယ်လို့ သူ့ကိုယ်သူ ထင်နေတာလား...…”
လီရွှမ်ရှင်းက အစောပိုင်းတွင် မောက်မာစွာ ပြုမူခဲ့ပြီး မပြည့်စုံသော ဓားရည်ရွယ်ချက်ကို ဆုပ်ကိုင်ထားနိုင်သော လင်းယွန်မှ လွဲ၍ လူတိုင်းကို လျစ်လျူရှုခဲ့သည်။ ဤအဖွဲ့၏ ဒုခေါင်းဆောင် ကဲ့သို့ ပြုမူခဲ့ဟန်မှာ လီဝူယုကို စိတ်ပျက်သွား စေလေသည်။
လင်းယွန်က လီဝူယု၏ စကားကို တုန့်ပြန်ခြင်း မပြုပဲ၊ နဂါးသွေးမြင်းကို ဆွဲခေါ်ကာ အပြုံးဖြင့် ဆက်လျှောက်လာခဲ့သည်။
မြို့တော်၏ နေရာတိုင်းတွင် လူငယ်များဖြင့် ပြည့်နှက် စည်ကားနေ၏။ နာရီဝက်ခန့် အကြာတွင် ရှင်းယန်က ကြီးမားသော အဆောက်အအုံကြီးကို လက်ညှိုးထိုးပြကာ၊
“ ငါတို့ရောက်ခါနီးပြီ။ အဲဒါက ဓားနန်းတော်ရဲ့ ဌာနခွဲပဲ၊ တပည့်သစ်တွေ စုဆောင်းတဲ့ နေရာပါ။ ”
ဝင်ပေါက်၏ အဓိက အကာအရံ ကြီးသည်ပင် အလျားမီတာ သုံးရာကျော်နှင့် အနံမီတာ နှစ်ရာခန့် ရှိသည်။ တံခါးဝတွင် ဓားနန်းတော်၏ အမည်ကို နဖူးစည်း အဖြစ် ရေးထိုးထားသည်။
နဖူးစည်း၏ အလယ်တွင် ထက်ရှသော အရှိန်အဝါများ ထွက်ပေါ်နေသည့် ဓားရောင်ဝါ တစ်စင်းကို အဝေးကပင် တွေ့မြင်နိုင်သည်။ ထိုဓားရောင်ဝါသည် အလွန်သိပ်သည်းလှသဖြင့် မီတာတစ်ထောင်အကွာမှပင် ပြတ်သားစွာ တွေ့မြင်နိုင်ပေမည်။
“ ဒါက ဓားနန်းတော်ရဲ့ အသင်္ချေဓားပဲ ”
လီဝူယုက စိတ်လှုပ်ရှားစွာဖြင့် လင်းယွန်ကိုရှင်းပြလိုက်သည်။
“ ဓားနန်းတော်ကို တည်ထောင်ခဲ့တဲ့ ဘိုးဘေးဂျင်ဝူမင်က ဖန်တီးခဲ့တာလို့ ကောလဟာလတွေရှိခဲ့ဖူးတယ်၊ ဒါက ပုံစံငယ်တစ်ခုပါ အစစ်အမှန် အသင်္ချေဓားပုံစံက အနန္တချောက်ကမ်းပါးမှာပဲ ရှိလိမ့်မယ်.... ”
နဖူးစည်းအားကြည့်ကာ လင်းယွန်၏ နှလုံးခုန်သံများ ကျယ်လောင်လာလေသည်။ သူ့ရွေးချယ်မှုမှာ မှန်ကန်သော ရွေးချယ်မှု ဖြစ်ပုံရသည်။ ဤပုံကြမ်းတစ်ခုတည်းမှပင် ဓားနန်းတော်၏ အုတ်မြစ်ကို မြင်နိုင်ပေမည်။
***